❝ ပလွေသံ ဗုံသံ တညံညံဖြင့် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
တောင်မှ မြောက်သို့ စီးနေသောရေ။ အနောက်အရပ်မှ အရှေ့အရပ်သို့ စီးဆင်းနေသောရေ။ လှုပ်ရှားပုံချင်း မတူ၊ အရောင်အသွေးလည်း ကွဲပြားသည်။ တောင်မှ မြောက်သို့ စီးဆင်းနေသည့် မုန်းမြောင်းရေမှာ ငါးဆေးရည်။ ဥမင်လိုဏ်ခေါင်းဖြင့် ဖြတ်သန်းလျက် အရှေ့အရပ်သို့ စီးဆင်းသော လင်းဇင်းမြောင်းရေကား သနပ်ခါးရည်။
ဥမင်လိုဏ်ခေါင်းအဝ ‘တုတ်’ ရေသည် ဝဲကတော့ကြီး ထိုးနေ၏။ အမြှုပ်များ၊ အမှိုက်များသည် ရီးဆေးရိုး ကြည့်နေဆဲမှာပင် ကတော့တွင်း သက်ဆင်း ပျောက်ကွယ်သွားကြလေ၏။
လေချွန်သံ ကြားရသည်။ စောင်းညင်းခတ်သံ ကြားရသည်။ ဗုံသေး၊ ဗုံလတ် တီးသံများလည်း ပါဝင်သည်။ အခြားမှ မလာ။ သည်တုတ်ထဲသို့ ရေဝင်ရာမှ ဖြစ်ပေါ်လာသည်။
“ရီးဆေးရိုး ငါးမျှားမလို့လားဗျ”
ရီးဆေးရိုး လန့်ဖျပ် ထခုန်၏။ တစ်ရွာတည်းသား မျိုးသိန်းနိုင် ဖြစ်သည်။ ပုံက ပုပုကွကွ၊ သည်အထဲတွင် ဝဖီးနေသည့်အတွက် နက်မှောင်နေသော အသားရောင်နှင့် တွဲလိုက်သောအခါ နွားနက်ပေါက် တစ်ကောင်နှင့် တူနေတော့သည်။
“မင်းဖေကလွှား ငါးမျှားရမှာလား ငနာကလေးရ”
ဆဲသော်လည်း မျိုးသိန်းနိုင် မနာ။ သွားတဖြဲဖြဲဖြင့် “သိပါဘူးဗျာ၊ ရီးဆေးရိုးကို ကျုပ်တို့ ကြည့်နေတာ ကြာပြီ၊ ဒါလောက်အကြာကြီး အကဲခတ်နေပုံ ထောက်ရင် ငါးမျှားဖို့ လေ့လာနေတာပဲ ဖြစ်ရမယ်လို့” ဟု ဆို၏။
“ဘယ်ကောင်တွေတုံးကွ”
မေးရင်းက ရီးဆေးရိုး လှမ်းကြည့်သည်။ မလှမ်းမကမ်းရှိ ကင်ပွန်းခါးပင် အောက်တွင် မိုးမင်းနှင့် ထွန်းအေး၊ ညွန့်ဦး၊ အောင်ထူးတို့ကို ထိုင်သူထိုင်၊ ထသူ ထလျက် မြင်ရသည်။
အောင်ထူးက မည်းသော ကျောပြင်ကြီးကို ပုဆိုးဖြင့် လွှားကာ ပုဆိုးနားဖြင့် နဖူးစည်းထားသည်။ မိုးမင်းကမူ ပုဆိုးပိုကို သုံးမြှောင့်ချိုးကာ ခေါင်းပေါင်းထားသည်။ ညွန့်ဦးက ပုဆိုးကို ခြုံထား၏။ သည် ပုဆိုးခြုံထဲ၌ ငှက်လော ကြက်လော တစ်ခုခု ပါမည်။
ထွန်းအေးက ပုဆိုးကို ကျောပြောင် ပခုံးပေါ်တင်ကာ ဓားမတို တစ်ချောင်း ကိုင်ထားသည်။ သူတို့ ရီးဆေးရိုး ဘက်သို့ ခြေလှမ်း စတင်ချိန်တွင် မျိုးသိန်းနိုင် အမေး ဆက်ပြန်လေသည်။
“ဒါလောက် အကြာကြီး ဘာထိုင်လုပ်နေတာတုံး ဟင် အရီး”
“စိတ်မကောင်းလို့ပါကွာ”
ရီးဆေးရိုး၌ မြေးတွေက တစ်လှေကြီး၊ သည် တစ်လှေကြီးကို မျိုးသိန်းနိုင်တို့ သိငြား တစ်လှေကြီးမှ ပေါက်ပွားသော မြစ်များကိုမူ မသိနိုင်တော့ပြီ။ သည် တစ်လှေကြီးပင် နာမကျန်းသလော။ တစ်လှေကြီး ပေါက်တွေပင် တစ်စုံတစ်ခု ဖြစ်ချေသလော။
“ဘယ်သူ ဘာဖြစ်လို့တုံး အရီးရ”
လက်တစ်လှမ်း အကွာသို့ ဝင်ထိုင်ရင်း ရီးဆေးရိုး မျက်နှာကိုကြည့်၏။
“ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး။ ဒီမုန်းမြောင်း ဖောက်တုန်းက ဟာတွေ သတိရလို့ စိတ်မကောင်းတာပါ”
မျိုးသိန်းနိုင်တို့ လူမှန်း သိချိန်ဝယ် သည်မြောင်းကြီးသည် တငြိမ့်ငြိမ့် စီးဆင်းနေပြီ။ ဝါတာကွတ်များ တဝေါဝေါ ထွက်နေသည်။ ဝါ မဖြစ်ပါ၊ ရှုံးပါသည် အော်နေပါလျက်က ဝါ မစိုက်လျှင် နှမ်းကြဲရန် ရေ မပေးဟူသည့် အချိန်ကျမှ လူဖြစ်လာရသည့် မျိုးသိန်းနိုင်။
“အဖေတို့ ပြောသံတောင် မကြားဖူးဘူး အရီးရေ”
“မင်းအဖေမှ မမွေးသေးတာ၊ သိမလားဟ ကောင်ရ။ ငါ ဒီ ‘တုတ်’ ကို မြင်တော့မှ ညောင်ပင်ဝိုင်းက မယ်ရှင်ကို သတိရလို့ပါ။ မယ်ရှင်က သာဒွန်းနဲ့ သမီးရည်းစားကွ”
••••• ••••• •••••
လင်းရောင်ဖြူ သာသာပဲ ရှိသေးသည်။ နော့နော့ကလေး သုတ်ဖြူးပေးသော လေသည် ကိုဆေးရိုး ကိုယ်ပေါ်မှ ချွေးသီးချွေးပေါက်များ ပျောက်သွားအောင် မစွမ်းဆောင်နိုင်ပါ။ ကိုဆေးရိုး၏ ဝဲနှင့် ယာတွင် ထန်းခေါက်တောင်း နှစ်လုံးရှိသည်။ တောင်းထဲ၌ မြေကြီး အပြည့်။ ထန်းခေါက်တောင်းကို ထန်းလျှော် အပြားကြီးများဖြင့် ရက်လုပ်ထား၏။ တောင်းတစ်တောင်း၏ မြေဝင် ပမာဏမှာ မြေတူးကု,လားများ၏ မြေသယ်ခြင်းတောင်းနှင့် ထပ်တူပင်။
အူလီယာကု,လားများသည် တစ်ယောက်က မြေ ပေါက်ပြီး ထည့်ပေး၏။ နှစ်ယောက်က သယ်သည့် အနက် ပထမ တစ်ယောက်က တူးနေသည့်နေရာမှ ခြင်းဖြင့် ထည့်ပြီး ခေါင်းရွက်ကာ သယ်လာ၏။ ခရီး တစ်ဝက် အရောက်တွင် ခြင်းကိုင်ပြီး အသင့် စောင့်နေသူထံ မြေခြင်းကို လွှဲပေးသည်။ ခြင်းအလွတ်ကို ယူပြီး နောက်ကြောင်း ပြန်လှည့်သည်။ ကိုဆေးရိုးနှင့် ကိုသာဒွန်းကား အူလီယာကု,လားများနှင့် ယှဉ်လျှင် လူ တစ်ယောက် လျော့သည်။ သယ်သော မြေမှာမူ သူတို့ထက် ပိုသည်။ တစ်ခေါက် ပို့ပြီးတိုင်း ပို့ပြီးတိုင်း ကိုဆေးရိုးတို့က တစ်တောင်း ပိုသောကြောင့်တည်း။ မြန်မာယောက်ျားများသည် ခေါင်းဖြင့် မရွက်ပါ။ ပခုံး ဖြင့်သာ ထမ်းသည်။ သို့အတွက် ကိုဆေးရိုးလည်း မြန်မာယောက်ျား ဖြစ်သောကြောင့် ထမ်းသည်။ ရွက်ခြင်းမှာ မိန်းမအလုပ်ပေကိုး။
ထမ်းနိုင်ရန်အတွက် ထန်းလျှော်တောင်းတွင် ရှည်လျားသော ကွင်းကြီး တပ်ဆင်ထားသည်။ ကွပ်ထားသော အနားတွင် ထိုကွင်းကို တပ်လျှင် သုံးလေးခေါက် သယ်ခါမျှဖြင့် ပြုတ်ထွက်မည်။ သို့အတွက် ဖင်က သိုင်းပြီး ကိုယ်ထည်နှင့် တစ်ဆက်တည်း ရက်လုပ်ထားသော ကွင်းများ ဖြစ်သည်။ ထိုတောင်း နှစ်တောင်းကို ထမ်းပိုးလျှိုပြီး ကိုဆေးရိုး သယ်သည်။ မြေပေါက်ပေးသူက ကိုသာဒွန်း။ ကိုသာဒွန်း သိလေသလော၊ မသိသလော။ သို့သော် ကိုဆေးရိုးကား သိနေသည်။ သိနေသဖြင့် ပြောရကောင်းနိုး၊ မပြောရ ကောင်းနိုး ချိန်ဆသည်။
“ဟေ့ကောင် ပြည့်ပြီလေကွာ၊ ဘာငေးနေတုံး”
ငေါက်သံကြောင့် ကိုဆေးရိုး အငေးပြယ်၏။
ပြောရ ကောင်းနိုး၊ မပြောရ ကောင်းနိုး တစ်ချက် ကြည့်ရင်း မြေတောင်းကွင်းကို ထမ်းပိုးလျှို၏။ ထမ်းပိုး အောက်သို့ လူရောက်သည်အထိ ကိုဆေးရိုး မျက်လုံးများက ကိုသာဒွန်း ထံမှာ။
“ဘာပြောစရာ ရှိလို့တုံးဟ”
ကိုဆေးရိုး မကြားချင်ယောင် ဆောင်ကာ ထမ်းထွက်ခဲ့သည်။ သူ မြေဖို့ပေးရသည့် နေရာက ကန့်လန့်ဖြတ် ဥမင်ကို အုတ်ဖြင့် စီသည်။ အုတ်ကို မိန်းမတွေက ခေါင်းဖြင့် ရွက်ပြီး သယ်ပို့ရသည်။ အုတ်သယ်ခမှာ အုတ်ချပ် တစ်ရာလျှင် တစ်ပြား။ အုတ်သယ်သူ မိန်းမ ကြီး၊ ငယ်၊ ရွယ်၊ လတ်များသည် အများအားဖြင့် အင်္ကျီမပါ၊ ထဘီရင်ရှားက များသည်။ များသော အမျိုးသမီးတွေထဲတွင် ကိုသာဒွန်း၏ မယ်ရှင်လည်း ပါသည်။ အုတ်စီ ပြီးသွားသည့် ဥမင်ကို မြေဖို့သူများမှာ အူလီယာ၊ မြန်မာ စုံလင်ရောထွေးနေ၏။ သည်အထဲ တွင် ‘မူရသီး’ ပါသည်။ မည်သည့် အရပ်မှ ရောက် လာပြီး မြေတူးသည်၊ မြေသယ်သည် မသိသော အူလီယာ များစွာအနက်မှ တစ်ယောက်။ သည်မြောင်းကြီး ဧရာဝတီမြစ်သို့ ပေါက်သွားလျှင် ဘယ်သောင်ကမ်းသို့ သွားကြမည် မသိသော မြေတူးကု,လားများစွာ အနက်မှ တစ်ယောက်သာဖြစ်၏။
မူရသီးသည် နှစ်ကြာညောင်းသော မန်ကျည်းသီးအအို၏ အသားနှယ် ညိုမှောင်နေ၏။ အဝတ်ဟူ၍ မြေကြီးရောင် ဒိုတီသာ စည်းထားသည်။ သို့သော် သူသည် မယ်ရှင်တို့ ခေါင်းတုန်တုန် လည်တုန်တုန်ဖြင့် အုတ်ခဲ ရွက်လာလျှင် ခြင်းတောင်းကို တန်းလန်းဆွဲလျက် ရပ်ကြည့်နေလေ့ရှိသည်။ အစပြုသည်မှာ ဤမျှသာ ဖြစ်သည်။ ဘယ်လောက် မွဲမွဲ၊ ဘယ်လောက်ပဲ ငတ်ငတ် သည်ခြေသလုံးအိမ်တိုင်ကို မြန်မာမများ အရောဝင်လိမ့်မည် မဟုတ်ဟု ကိုဆေးရိုး ယုံကြည်သည်။ သို့သော် မဖွားလှ၊ သံကို သံချေးတက်သူ မဖွားလှက အရောဝင်သည်။ မူရသီး လာပေးသော ဟင်းကို လက်ခံသည်။ မူရသီး လာမပေးလျှင် သွားတောင်းသည်။ ရလာလျှင် မယ်ရှင်ကို ဝေမျှသည်။
“ယူပါအေ့.. စားပါအေ၊ ညည်းဖို့ပါ ပိုပေးလိုက်တာ”
မြန်မာမကလေးသည် ငြင်းဆန်၏။ သူ့ထမင်း ထဲသို့ အတင်း ထည့်ပေးသော ဟင်းစဟင်းန ပေကျံနေသည့် ထမင်းစေ့များကို လွှင့်မပစ်နိုင်။ စားမိ ဝါးမိသည်။ မယ်ရှင်တွင် လျှာမပါလျှင် ကောင်းလေစွ။ တစ်နေ့လာလည်း ငရုတ်သီးထောင်း၊ နောက်တစ်နေ့လာလည်း ငရုတ်သီးထောင်းနှင့် ငါးပိဖုတ်။ ဆယ်ကွေ့ တစ်ကွေ့မှာမှ ချဉ်ပေါင်ဖူးထောင်း စားနိုင်သော မယ်ရှင်သည် ဤသို့ဖြင့် သံချေး တက်ခဲ့လေသည်။
ကိုဆေးရိုးသည် မဖွားလှကို သ,တ်ချင်၏။ စိတ်က သ,တ်ချင်ငြား အလုပ်သိမ်းပြီး အိမ်ပြန်ရောက်ချိန်တွင် မလှုပ်နိုင်တော့ပြီ။ အခြား ယောက်ျားသားများ တစ်မူးမျှသာ ရချိန်တွင် ကိုဆေးရိုးက ဆယ်ပြား ရသော်ငြား အားခွန်သာမက မာန်များပါ မြေကျင်းထဲ၌ ကျန်ခဲ့ပြီ။ ထိုအခါ သံကို သံချေးတက်သည့် မဖွားလှ ထံ သွားရောက် မသ,တ်နိုင်တော့ပါ။
မြောင်းဖောက်လုပ်သည့် နေရာတွင် လူ့လုပ်အားသာလျှင် ရှိသည်။ ကြည့်လေရာတွင် ဖွေးဖွေး မလှုပ်။ မည်းမည်း လှုပ်သည်။ လယ်သမားများ၊ လယ်ကူလီများနှင့် မြေတူးကု,လားများ ဖြစ်သည်။
အုတ်သယ်သူ၊ ဝါတာကွတ် ပန်းရန်ကိုင်သူ၊ မြေတူးသူ မြေသယ်သူများဖြင့် ပျားပန်းခပ်နေသော သည်လူအုပ်ကြီးထဲတွင် မယ်ရှင့် အဖြစ်ကို မည်သူမျှ သတိမထားမိကြ။ ကိုဆေးရိုးသာ သတိထားပြီး စောင့်ကြည့်သည်။
မယ်ရှင်နှင့် မူရသီးတို့၏ တစ်နေ့တခြား ဆက်ဆံရေး ရင်းနှီးလာပုံကို အကဲခတ်ရင်း ရင်မောသည်။ မူရသီးတို့သည် နေ့လယ်နေ့ခင်း တစ်ရေးတစ်မော မအိပ်။ မအိပ်သော်ငြား သူတို့၏ ဝင်ငွေသည် လွန်ရော ကျွံရော တစ်ယောက်လျှင် သုံးပဲထက် မပိုနိုင်။ သို့ပါလျက် မယ်ရှင့် ပါးတွင် သင်းကြူကြူပေါင်ဒါ ရောက်လာသည်။ ကြီးငယ်ပျိုအို မိန်းမများနည်းတူ ထဘီရင်ရှားဖြင့် မြေမသယ်။ သရက်ထည်အင်္ကျီ ဝတ်သည်။ သည်အကြောင်းကို သူငယ်ချင်း သာဒွန်း သိပါစ။ သည်အခြေအနေကို ကိုသာဒွန်း ရိပ်မိပါစ။ ကိုဆေးရိုး ရင်ထဲတွင် တနုံ့နုံ့ ခံစားနေရသည်။
“သူသိမှာပါ၊ သွားပြောမိမှ အနာပေါ် တုတ်ကျ ဖြစ်နေရင် အခက်”
ထိုနှယ် စဉ်းစားမိလျှင် မပြောရေးက အသာရ၏။
“မဟုတ်သေးပါဘူး၊ သည်ကောင်က ခပ်နုံနုံရယ်၊ သိချင်မှ သိမှာ၊ ရိပ်မိချင်မှ ရိပ်မိမှာ”
ထိုအတွေးဖြင့်ပင် တောင်းလွတ်များ ထမ်းလျှိုလျက် ကိုသာဒွန်း ဘေးသို့ ပြန်ရောက်လာ၏။ ကိုသာဒွန်းက မြေကြီးခဲတွေ မပြီး ထည့်၏။ ကိုဆေးရိုးက ကျင်းထိပ်တွင် အမောဖြေရင်း စကားစ၏။
“ဟေ့ကောင်… မင်းစမူလေး ဘာဖြစ်နေတုံး သိလား”
စမူကလေးဟူသည် မယ်ရှင်ကို ပြောကြောင်း ကိုသာဒွန်း သိတန်ရာပါ၏။ သို့ပါလျက်နှင့် ကိုသာဒွန်း မော့မကြည့်။ “ဘာဖြစ်လို့တုံး” ကုန်းကုန်းကြီး အနေအထား မပျက် ပြန်မေး၏။
“မင်းဘာမှ မသိဘူးလား”
“ဘာသိရမှာတုံး”
ယခုအထိ ခါးမဆန့်သေး။
“တယ်လေ... ကျောကြီးကို ဖနောင့်စာ ကျွေးလိုက်ရ”
မွေးညင်းပေါက်များထဲမှ စမ်းရေစိမ့်သကဲ့သို့ ချွေးရည်တွေ စိမ့်ထွက်နေသော ကျောပြင်ကြီးသည် ပြားလည်း ပြား၏။ ကြွက်သား အမြှောင်းကြီးတွေ ကုန်း၍ကုန်း၍ ထလာပုံမှာ လှိုင်းလုံးကြီးများ ဒေါမာန် ဝင်လာပြီသို့။
“မယ်ရှင် ဘာဖြစ်လို့တုံး"
ခါးဆန့်ကာမေးသော မျက်နှာတွင် ချွေးပေါက်ကြီးတွေနှင့် မြေမှုန့်သာ ရှိ၏။ သောက မရှိ။
“မြေတူးကု,လားနဲ့ ကြိုက်နေတာ နင်မသိဘူးလားဟ နွားရ”
“ဟဲ... ဟဲ... ဟဲ”
“အောင်မယ်၊ ရယ်များတောင် ရယ်နေသေးသဗျာ့။ ဒါ ရယ်စရာ မဟုတ်ဘူး သာဒွန်းရ၊ နွားရ”
တောင်းထဲတွင် မြေကြီး ပြည့်ပြီမို့ ကိုဆေးရိုး ထ ရပ်၏။ ကိုသာဒွန်းလည်း ပေါက်ပြားကို ကောက်ကိုင်သည်။ မဲဇလီကု,လား ဆရာ လာမလုပ်ရန် ကြိုတင် ကာကွယ်ထားခြင်းဖြစ်ပေ၏။
“ကြားတယ် သူငယ်ချင်း၊ ကြားလို့ မေးတယ်။ မဖွားလှ တစ်ယောက်တည်း တစ်ဘီးတည်း လိမ့်ပြီး ကု,လားကို ညာစားနေတာတဲ့”
“မင်း ယုံသလား၊ အခု အင်္ကျီဝတ်ပြီး အုတ်ခဲ သယ်နေပြီကွ”
“ဒါလည်း ငါ စဉ်းစားကြည့်မိတယ်၊ ငါ့မှာ တစ်နေ့ ဆယ်ပြား ရတယ်။ နင်တို့မှာ ဆင်းရဲလှတယ်ဟာ ရော့... တစ်ပဲ ဝေးလို့ တစ်ပြား မပေးနိုင်ဘူး သူငယ်ချင်း။ ခက်တယ်ကွာ ငါ မပေးနိုင်ဘူး”
"မေတ္တာတရားမှာ ပေးနိုင်တာ၊ မပေးနိုင်တာ မရှိပါဘူးကွာ”
ကိုသာဒွန်း ခေါင်းငိုက်စိုက် ကျနေသည်။ ကိုဆေးရိုးလည်း မကျေမချမ်းဖြင့် မြေတောင်း နှစ်တောင်းကို ထမ်းပိုး လျှိုသည်။ ထိုအခါတွင်မှ ခြောက်ကပ် အက်ကွဲသံကြီးဖြင့် ကိုသာဒွန်း ပြောသည်။
“မေတ္တာနဲ့ လူမှာ ဗိုက်ပါတယ်ကွာ၊ ဝမ်းဗိုက်၊ ဝမ်းဗိုက်”
မျိုးစောင့်တရားကို ဖျက်ဆီးသူမှာ မွဲငတ်ခြင်းနှင့် မသိနားမလည်ခြင်းဖြစ်ကြောင်းကို ရီးဆေးရိုး သတိ ထားမိချင်မှ ထားမိမည် ဖြစ်သော်လည်း အဟောင်းသည် သစ်၏။ မျက်နှာသည် အလွန် အိုမင်း၏။ လင်းဇင်းဆည်မြောင်းသောက် လယ်ပွဲများဘက်မှ လေပြည် သုတ်၏။ ရီးဆေးရိုး မျက်နှာ လန်းမလာပါ။
“ဒါနဲ့ အရီးရာ မူရသီးရဲ့ သားသမီး မြေးမြစ်တွေ အကုန်လုံးဟာ သူတို့ကိုယ် သူတို့ ကု,လား ဆိုတာတောင် သိမှ သိကြရဲ့လား။ ဘုန်းကြီး ဝတ်သူဝတ်၊ သီလရှင် ဖြစ်သူဖြစ်နဲ့ အမျိုးတိမ် သွားပါပြီကောလား အရီး”
လူငယ်ကလေးများမှာ ‘ထောက်’ ရန် စကား ရှာမတွေ့။ သူတို့ နားမလည်သော ဘာသာစကားကို ရီးဆေးရိုး ပြောနေပါတကား။
“အေး... မယ်ရှင်ကို သတိရတော့မှ ကိုယ့်အနီး အနားပတ်ဝန်းကျင်ကို သတိပြုတော့ကလား၊ ဟား... မယ်ရှင်ကလေးတွေ၊ မယ်ရှင်ကြီးတွေ၊ မယ်ရှင်လတ် တွေ။ ဒါပေမဲ့ စားရမဲ့သောက်ရမဲ့ မဟုတ်ဘူး။ ဝတ်တု စားတု ဂုဏ်တု ဂုဏ်ပြိုင်နဲ့ ရေနံချောင်းကို ကုန်ကူး သလိုလို၊ မင်းဘူးနဲ့ ကုန်ကူး သလိုလို”
လူငယ်ကလေးတွေ ပို၍ ငြိမ်သည်။ နှုတ်ခမ်းများ ကို လက်ညှိုးထောင်ပြီး ကပ်ခြင်းဖြင့် အချင်းချင်းသတိပေးကြသည်။
“အေးလေ ဘယ်သူ ဘယ်ဝါရယ်လို့ နာမည်နာမ ထုတ်ပြောရရင် ကိုယ့်ပေါင် ကိုယ် လှန်ထောင်းသလို ဖြစ်တော့မှာပဲ၊ တော်ပါပြီကွာ”
ထိုအခါတွင်ကား မျိုးသိန်းနိုင်တို့ ရင်အေးရပြီ။ တို့မပြောလည်း သူ သိနေသားပဲ ဟူသည့် သဘောဖြင့် အချင်းချင်း ကြည့်ကာ ခေါင်းဆတ်ကြ၏။ ရီးဆေးရိုး သည် ရီဝေစွာ ထရပ်ပြီး မြက်ထုံးကို ကိုင်သဖြင့် ထွန်းထွန်းအေးက အလိုက်တသိ ပင့်ပေး၏။ တုတ် ထဲသို့ ရေဝဲလှည့်သံ စည်လွင်လာချိန်တွင် ရီးဆေးရိုးသည် ဝေးသထက် ဝေးမှုန် သွားခဲ့ချေပြီ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment