Saturday, September 5, 2026

ချစ်တပည့်ရယ်


❝ ချစ်တပည့်ရယ် ❞
      ( မနှင်းဆီ )

ဒီနေ့ ဆရာမလေး အသစ် ရောက်မည့် သတင်းကို ကြားသိနေသော အဋ္ဌမတန်းကျောင်းသား/သူလေးများ အာလုံးက စိတ်ဝင်စားနေကြသည်။

“မင်္ဂလာပါဆရာမ...”

“အေးအေး... မင်္ဂလာပါကွယ်။ ထိုင်နိုင်ကြပါပြီ”

တစ်ခန်းလုံး မတ်တတ်ရပ်ကာ လက်အုပ်ချီ၍ နှုတ်ဆက်အပြီး ဆရာမလေးက ထိုင်ခိုင်းလိုက်သည်။ ဆရာမလေးသည် အသက် ငယ်ငယ်လေး။ ဘွဲ့ရခါစ ဖြစ်တဲ့အတွက် ကျောင်းသူတွေထက် အနည်းငယ်သာ ကြီးပါသည်လို့ ထင်ရပါသည်။ သဘောကောင်းကြောင်း၊ စေတနာထားကြောင်း၊ သတင်းကောင်းတွေ ဂုဏ်ပုဒ်တွေကိုလည်း ကြိုတင် ကြားထားပြီးပြီ။

“ဒီကနေ့ ဆရာမ သင်မယ့်အကြောင်းအရာကတော့ မာလ်တီ မီဒီယာ အကြောင်းပဲဖြစ်တယ်”

မာလ်တီမီဒီယာနှင့် ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြပုံကို အတန်းသားအားလုံးက စိတ်ဝင်စားစွာ နားထောင်နေပါသည်။ ဆရာ မလေးက IT နှင့် နည်းပညာသင်ကြားရေးအကြောင်း မရှင်းပြခင်မှာ ကွန်ပျူတာ အစိတ်အပိုင်းအကြောင်းလေး ရှင်းပြပါသည်။ ကွန်ပျူတာ တစ်လုံးဝယ်မယ် ဆိုရင်တောင် ပြည့်ပြည့်စုံစုံပါလာရအောင်၊ သိထား ရအောင်ပေါ့။

မဖွံ့ဖြိုးသေးသော တောရွာ ဆိုတော့ လျှပ်စစ်မီး မရှိတာက တစ်ကြောင်းမို့ Computer ကို လက်တွေ့ မသင်ပြနိုင်ပေ။ သင်ချင်နေသော ဆရာမလေးက Computer ပုံစံကို ကျောက်သင်ပုန်းမှာ မြေဖြူဖြင့် ဆွဲပြပါသည်။

“ကဲ တပည့်တို့ရေ- ဒီပုံက ဘာပုံလို့ ထင်ပါသလဲကွယ်။ ဆရာမကို ပြောပြပါကွယ်...”

ဆရာမငယ်ငယ်လေးကို ဘယ်လို စရမလဲဆိုတာ အကြံရသွားတဲ့ ရဲဇော် တစ်ယောက် “တီဗွီပါ ဆရာမ” ဟုပြောလိုက်သောအခါ အားလုံးက ဝါးခနဲ ပွဲကျသွားသည်။ ဆရာမလေး၏ မျက်နှာ ပန်းရောင် ပြေးသွားကြောင်းသိလိုက်ရပါပြီ။ ဆရာမ စိတ်ဆိုးနေမှန်း သိတော့ တချို့မှာလည်း မျက်နှာပိုးသတ်လိုက်ကြသည်။ အရယ် ရပ်သွားကြသည်။

••••• ••••• •••••

နောက်တစ်နေ့။

ဆရာမလေး ကျောင်းသားအားလုံးထဲမှ ရွေးပြီး၊ မောင်ရဲဇော် ကိုမှ ခေါ်လိုက်ပါသည်။

“မင်း မနေ့က ဆရာမ သင်လိုက်တဲ့ စာတွေထဲမှာ ဘာတွေများ မှတ်မိသလဲကွယ်။ မင်း သိသလောက်ပြောပြပါလားကွာ”

“စာတွေက တောထဲမှာ စပါးသွားရှာနေကြတယ်ဆရာမ”

ဆရာမ ဒေါသနှင့်အတူ ရဲဇော်ကို လက်ထဲမှာ အသင့်ရှိနေသော ကြိမ်လုံးဖြင့်...

ရဲဇော် မျက်နှာတွင် မျက်ရည်မိုးတွေ ရွာနေပါပြီ။ မောင်ရဲဇော် မင်း ဘာလို့ ငိုရတာလဲ။ မင်း ယောက်ျားတစ်ယောက် မဟုတ်ဘူးလာ။ မင်းမှာ အပြစ်ရှိလို့ ဆရာမက ဆုံးမတာ မင်းက ငိုစရာလားကွာ။

••••• ••••• •••••

ရဲဇော် ကျောင်းမတက်တာ ကြာနေပြီ။

ကျောင်းပဲ ထွက်သွားလေသလား။

စိတ်ထဲမှာ မနေနိုင်တော့... ။ ငါကတော့ ကောင်းစေချင်လို့ ဆိုဆုံးမတာ ငါပဲ လွန်သွားတာလား။ မမေးဘဲ ပစ်ထားချင်ပါရဲ့။ ဒါပေမဲ့ မနေနိုင်။

ကျောင်းအဆင်း ရဲဇော်အိမ် ဝင်မေးဖို့ ဆုံးဖြတ်လိုက်သည်။

“ဆရာမ မနေ့က ရဲဇော် ဆီက စာတစ်စောင် ဆရာမ အတွက် ရောက်လာပါတယ် ဆရာမ...။ သမီး ဆရာမကို ပေးမလို့ပါ”

အိမ်နီးချင်း တပည့်တစ်ယောက်က စာတစ်စောင် လှမ်းပေးလိုက်သည်။

     သို့
     ဆရာမ... သား ဆရာမကို ဒီစာနဲ့အတူ နှုတ်ဆက်ခဲ့ပါတယ် ဆရာမ။
     ဆရာမ ဒီစာ ဖတ်နေချိန်မှာ ကျွန်တော်ဟာ ကျွန်တော်ရဲ့အဖေ တာဝန်ကျတဲ့ တောင်ပေါ်ဒေသကို ရောက်နေပါပြီ။
     ဆရာမရဲ့ကျေးဇူးကြောင့် ဒီကျောင်းမှာ ကျွန်တော်ဟာ အတန်း မော်နီတာ ဖြစ်ပြီး အဆင့် ၁ ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဆရာမကျေးဇူးကို သား မမေ့ပါဘူး။ ဆရာမ ရိုက်တဲ့နေ့က ငိုတာဟာလည်း ဆရာမ ရိုက်လို့ ငိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မိသားစု ပြောင်းရတော့မယ် ဆိုတာကို သိလို့ ရောပြီး ငိုမိတာပါ ဆရာမ ...။
               တပည့် ရဲဇော်

••••• ••••• •••••

ဆရာမလေး အမြင်တွေ မှုန်ဝါးသွားပါပြီ။ ကျောင်းမှန်ပြတင်းပေါက်ကနေ မြင်နေရတာတော့ ... မိုးသက်လေတွေတိုက်ခတ်လို့ နေနေသည်။ ငှက်ကလေးတွေလည်း မိုးရေကြားမှ ပြေးပြေးလွှားလွှား ပျံသန်းလို့ နေနေကြသည်။

အပြင်ဘက်မှာလည်း မိုးက ဘယ်အငြိုးနဲ့များ သဲကြီးမဲကြီး ရွာနေပါလိမ့်။

ဆရာမလေး ရင်ထဲမှာလည်း ဒဏ်ရာများစွာနဲ့ နှလုံးသားထဲက ရှိုက်သံလေးတွေကတော့ အပြင်ဘက်က မိုးခြိမ်းသံတို့နဲ့အတူ ရောလို့ပါလား ။

▢  မနှင်းဆီ
📖 မဟေသီ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၁၆

No comments:

Post a Comment