❝ ခံစားမှု သီအိုရီ ❞
( စံလှမောင် - တောင်ကုတ် )
“ဘာ.... အသက် ငါးဆယ်ကျော်ပြီ။ နင်မို့ တွေ့တတ်တယ် ခင်ခင်နုရယ် ဒီလို အဘိုးကြီးကို။ အဖေတစ်ခု သမီးတစ်ခု ဖြစ်ရတာနဲ့ပဲ အလျှော့ပေးလိုက်ရလား။ တော်ကြာ လင်ယောက်ျားအဖြစ် အားကိုးရမယ် မှတ်တယ်၊ လူအိုတွေ ပြုစုရတာနဲ့တင် ဒုက္ခတွေ တိုးနေဦးမယ်။ ကျောင်းဆရာမစစ်စစ်က သူနာပြုဆရာမဘဝကို နေ့ချင်းညချင်း ကူးသွားလိမ့်မယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်နဲ့လေး ဆိုတာမျိုးပေါ့။ ဒီမှာ ခင်ခင်နု... နင်နဲ့ ငါ တစ်ကျောင်းတည်းမှာ တတွဲတွဲနဲ့ ညီအစ်မလို ခင်နေကြတာတောင် ငါ့ကို စောစောစီးစီး မတိုင်ပင်ခဲ့ဘူး။ ဘယ်သူ့စကားကို နားယောင်သွားတာလဲ။ နင်က အသက် လေးဆယ်တောင် မပြည့်သေးဘူး။ ဘယ်လို မျက်စိနဲ့များ ကြည့်ပြီး ရွေးခဲ့တာလဲဟယ်... ။ အဲ... ဒါနဲ့ နင့်လူက ဘယ်ကလဲ”
“ကံဆိပ်ကပါ အစ်မ”
“ဟင် .. ကံဆိပ်က ဘယ်သူလဲ”
“ကိုထွန်းအေးပါ”
“အယ်... ကိုထွန်းအေးလား။ တို့အမျိုးပဲ။ ကောင်းတယ် ကောင်းတယ်။ ကိုထွန်းအေးက ရိုးလည်း ရိုးတယ်။ စိတ်ကောင်းလည်း ရှိတယ်။ ရုပ်လည်း ချောတယ်။ နေအောင် အတိုင်းပဲ။ လူပျိုကြီး ဆိုပေမယ့် မရတတ်လို့ မဟုတ် ခင်ခင်နု၊ မရတတ်လို့ မဟုတ်။ အဖေ အမေတွေ မရှိကတည်းက ညီတွေ၊ နှမတွေကို ညှာပြီး အနစ်နာခံနေခဲ့တာ။ သူ့ကို လိုချင်တဲ့ ကောင်မတွေ ဝိုင်းဝိုင်းလည်လို့။ ခုတော့ ညီတွေ၊ နှမတွေလည်း ကိုယ့်အိမ်တွေနဲ့ ကိုယ် ဖြစ်ကုန်ကြပြီ။ နင် ကုသိုလ် ကောင်းတယ်လို့မှတ် ခင်ခင်နု။ ကိုထွန်းအေးမှာ အပြစ်ဆိုလို့ ဘာတစ်ခုမှ ပြောစရာ မရှိဘူး။ လူရိုး၊ လူအေး၊ အသောက်အစားလည်း ကင်းတယ်။ ရပ်ရေး၊ ရွာရေး၊ သာရေး၊ နာရေးတွေမှာ သူ မပါရင် မပြီးဘူး။ ငါ့အဖေ ဆေးရုံတက်တုန်းက ဆိုရင် သူပဲ အနီးကပ် နေ့နေ့ညည စောင့်ရှောက်ခဲ့တယ်။ သားသမီးတွေထက် အားကိုးရတယ်လို့ အဖေက တဖွဖွ ပြောနေလေရဲ့။ တို့အဖေနဲ့ ညီအစ်ကို တော်တယ်လေ။ နင့်အဖေကိုလည်း သူ့မိဘလို သဘောထားမှာပါ။ နင် ဒီလို လူမျိုးရတာ ကံကောင်းတယ်မှတ်။ နင် အပျိုကြီး လုပ်ရကျိုး နပ်တယ် ခင်ခင်နု။ ကိုထွန်းအေးလည်း ဒီအတိုင်းပဲ။ အေး... ဆုံပဲ ဆုံတတ်လေတယ်ကွယ် နင်တို့ နဖူးစာကတော့...။
▢ စံလှမောင် (တောင်ကုတ်)
📖 မဟေသီ မဂ္ဂဇင်း
ဩဂုတ်လ ၊ ၂၀၁၇
No comments:
Post a Comment