Saturday, September 26, 2026

ခေါက်ဆွဲ


❝ ခေါက်ဆွဲ ❞ 
 ▢ နန်းနေနွယ်

ကျွန်မက ပြင်စလူမြို့နယ်ခွဲထဲ မှာရှိတဲ့ရွာတစ်ရွာက အ လ က (ခွဲ) ကျောင်းမှာ တာဝန်ကျနေတာ။ အဲဒီ ရွာမှာက ခရစ်ယာန်ဘာသာဝင်၊ ကရင်လူမျိုးတွေ အများဆုံး နေထိုင်ကြတယ်။ ဗမာလို လည်လည်ပတ်ပတ် မပြောတတ်ဘူး။ ကျွန်မက ပထမတန်း ကလေးလေးတွေကို သင်ရတော့ ပိုဆိုးတာပေါ့။ သူတို့လေးတွေက ဗမာစကားကို လုံးစေ့ပတ်စေ့ မပြောတတ်ဘူးလေ။ သူတို့တွေ ပြောတဲ့ ဗမာစကားကို ကျွန်မ နားမလည်တဲ့ အခါတွေ ရှိတယ်။ ကျွန်မက သူတို့ကို စာကျက်ခိုင်းရင် “ဆရာမ အသားလွတ်လား၊ အကြည့်လား” တဲ့။ အစကတော့ ဘာကို ပြောမှန်း မသိဘူး။ အနေကြာမှပဲ သိတော့တယ်။ ကြည့်ပြီး ဖတ်တာနဲ့ အလွတ် (မကြည့်ဘဲ) ဖတ်တာကို ပြောတာ။ ကျက်တာနဲ့ ဖတ်တာ ကိုလည်း ကွဲကွဲပြားပြား မသိကြဘူး။ 

ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်လို့ ပြောလို့ မသိဘူး။ ရေးစာအုပ်၊ ဖတ်စာအုပ်လို့ ပြောရတယ်။ ကျွန်မ ပြောတဲ့ စကားကို သူတို့တွေ သေသေချာချာ နားမလည်ဘူး။ ကျွန်မကလည်း ကရင်လို မတတ်လေတော့ ခက်သားပေါ့။ ဆရာမစကား ကလေးတွေ နားမလည်၊ ကလေးတွေစကား ဆရာမ နားမလည်နဲ့ အခက်ကို တွေ့လို့။ 

မုန့်တီကို လူတိုင်း သိကြမှာပေါ့နော်။ အဲဒီ မုန့်တီကို ကျွန်မတို့ အရပ်ဒေသမှာက မုန့်ဟင်းခါးလို့ ခေါ်ကြတယ်။ မုန့်ဟင်းခါးရောင်းတဲ့ သူက ခေါက်ဆွဲ (ညှပ်ခေါက်ဆွဲ) ပါ တွဲရောင်းလေ့ရှိတယ်။ ညှပ်ခေါက်ဆွဲ ဆိုတာက ဆန်ကို ရေစိမ်၊ မုန့်ကြိတ်နဲ့ ကြိတ်ပြီး ရလာတဲ့ မုန့်ရည်ကို လုပ်ရတာ။ ကျွန်မတို့ ဆီမှာတော့ ခေါက်ဆွဲ လို့ပဲ အလွယ်တကူ ခေါ်ကြတယ်။

တစ်နေ့တော့ ကျွန်မ သူငယ်ချင်းနှစ်ယောက် ခရီးသွားစရာ ရှိတာနဲ့ အိပ်ရာ စောစော ထကြရတယ်။ သင်္ဘောက အစောကြီး စီးရမှာလေ။ အဆာပြေလည်း စားရဦးမှာ ဆိုတော့ စောစော ထရတာပေါ့။ အဆာပြေ စားစရာကလည်း မုန့်ဟင်းခါးခေါက်ဆွဲပဲ ရှိတာ။ ခေါက်ဆွဲစားမယ် ဆိုပြီး ခေါင်းရင်းခန်းကိုလာ၊ စာကျက်တဲ့ တတိယတန်းကလေး တစ်ယောက်ကို ခေါ်ပြီး ခေါက်ဆွဲ ၁ဝဝ ဖိုးစီ ၂ ထုပ် ဝယ်လာခဲ့လို့ ခိုင်းလိုက်တယ်။ တော်တော်ကြာတော့ အဲဒီ ကလေးလေး ပြန်ရောက်လာတယ်။ လက်ထဲမှာလည်း ခေါက်ဆွဲထုပ်လေး ၂ ထုပ် ကိုင်လို့။ ဪ ... မုန့်စားမယ့်သူကတော့ ဘယ်လို နေတယ် မသိ။ ကျွန်မကတော့ ဟားတိုက်ပြီးတော့ ရယ်လိုက်မိတယ်။ သူ ဝယ်လာတဲ့ ခေါက်ဆွဲထုပ်က ဂျုံခေါက်ဆွဲ (အစိမ်း) နှစ်ထုပ် ဖြစ်နေလို့ပေါ့။ ကြုံဖူးပေါင်ဂုဏ်ထူးဆောင်ပါပဲ။ 

 ▢  နန်းနေနွယ်
📖 ရယ်စရာ မဂ္ဂဇင်း 
      ဇန်နဝါရီ ၊ ၂၀၁၅

No comments:

Post a Comment