❝ မတူညီသော သက်ရောက်မှု ❞
▢ မြတ်ကိုကို ( ရုက္ခ )
မောင် ဝဋ်လည်နေပြီ ထင်ပါတယ် မေနှင်းရယ်။ ဟုတ်ပါ တယ်လေ။ မောင် တကယ်ကို ဝဋ်လည်တာပါ။ သည့်ထက် ရှင်းအောင် ပြောရရင် မေနှင်းရဲ့ ဝဋ်တွေ မောင် လည်နေပါပြီကွယ်။ မေနှင်း တုန်းကလည်း အခု မောင့်လိုပဲ ခံစားရလိမ့်မယ်ဆိုတာ ပစ္စက္ခ အခြေအနေတစ်ရပ်မှာတော့ နူးညံ့သိမ်မွေ့စွာ မောင် ကိုယ်ချင်းစာလို့ ရသွားပါပြီကွယ်။
ဒါပေမဲ့ မေနှင်းရယ်၊ အချိန်တွေကို နောက်ပြန်ဆုတ်ခိုင်းလို့မှ မရကောင်းတာမျိုးဘဲလေ။ အပြစ်ရှိသူကို လက်ညှိုးထိုးစတမ်း ဆိုရင် ကိုယ့်ကိုယ်ကိုယ်က လွဲပြီး တခြားသူ လက်ညှိုး ထိုးစရာ မရှိခဲ့ပါဘူးကွယ်။ ဒါ အမှန်တရား တစ်ခုပဲပေါ့။
▭ အတိတ်၏ အရိပ်များ
လွန်လေခဲ့ပြီးသော ဆယ်စု နှစ် သုံးစုနီးပါးလောက်ဆီတုန်းက အများသူငါတွေလို မမနဲ့ မောင်လေး ဇာတ်လမ်းတွဲထဲမှာ “ဘုန်းသက်ကျော်နဲ့ မေနှင်းကြည်” တို့ မမ...မောင်လေး စုံတွဲကလည်း ရိုးရှင်းစွာ ပါဝင်ခဲ့သည်။
ထိုကာလများတွင် ဘုန်း သက်ကျော်က ရီဂျင်နယ်ဒုတိယနှစ် ကျောင်းသားတစ်ယောက်၊ မေနှင်းကြည်က မဟာသိပ္ပံ အတွက် စာတမ်းပြုစုဆဲ ကျောင်းသူရင့်ရင့်တစ်ပိုင်း၊ ကျူတာပေါက်စတစ်ပိုင်း။ ထို့ထက်ပို၍ မိသားစုချင်း၊ ပတ် ဝန်းကျင်ချင်း၊ အသိုင်းအဝိုင်းချင်း၊ နီးစပ်မှုကြောင့် သူတို့နှစ်ဦးရဲ့ မမနဲ့ မောင်လေး ဇာတ်လမ်းမှာ ပန်းခင်းသောလမ်းထက် ဖဲမွေ့ရာနှင့် ရွှေကောာပမာ ဖြစ်ခဲ့ရသည်။ သူတို့နှစ်ယောက် အိမ်ထောင်ကျတော့ ဘုန်းသက်ကျော်က နှစ်ဆယ့်နှစ်နှစ်၊ မေနှင်းကြည်က နှစ်ဆယ့်ရှစ်နှစ်၊ အသက် ကွာခြားချက် ခြောက်နှစ် ဆိုတာ ပျိုမျစ်နုနယ်တုန်း အချိန်တွင်တော့ ဘာမှ မသိသာခဲ့ရိုး အမှန်ပင်။
ခုလိုမျိုးတွေ ဖြစ်ပျက်ခဲ့ရ တာဟာလည်း ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အိမ်ထောင်ရှင်ယောက်ျားသားတွေရဲ့ ဒါမှမဟုတ် အိမ်ထောင်ရှင်မ တချို့တွေရဲ့ မပျက်ယွင်းသော မူတစ်ခုကြောင့်ပဲလားတော့ မသိ။ ဘုန်းသက်ကျော် တစ်ယောက် တိုးတက် ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းထဲ သေသေသပ်သပ် တိုးဝင်စီးမျောခဲ့ပါသည်။ ထို့ ကြောင့်ပင်လျှင် ထိုထိုကုန် သော ကိစ္စမျိုးတို့သည် အိပ်မက် မဟုတ်ဘဲ ရိုးရှင်းလှစွာ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ရပါလေသည်။
အိမ်ထောင်ကျစဉ် မေနှင်း ကြည်မှာ ပီဘိ သရုပ်ပြ ဆရာမ တစ်ယောက် ဖြစ် နေခဲ့ပြီ။ ကုမ္ပဏီများ ခေတ်တစ်ခေတ် ထချိန်ဖြစ်၍ ဘုန်းသက်ကျော် သည်လည်း သူငယ်ချင်း တစ်ယောက်နှင့် တွဲပြီး ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား တည်ထောင်ခဲ့သည်။
သူတို့နှစ်ယောက်၏ အိမ် ထောင်သက်တမ်း ငါးနှစ်အတွင်း သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်။ ထိုအချိန်ကာလသည် သူတို့အတွက် အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး ဆိုသည်မှာ ပြော စရာ မလိုလောက်အောင် ရွှေရောင်လွှမ်းသော နေ့ရက်များသာ ဖြစ်ခဲ့ပါ၏။ သို့သော် အနာဂတ်ကိုတော့ဖြင့်လျှင် သူသူကိုယ်ကိုယ် ကြိုတင်မြင်နိုင်စွမ်း မရှိသည်မှာ သဘာဝကျပါသည်။ ထို့ကြောင့်...
ဘာလိုလိုနှင့် သူတို့နှစ်ဦး၏ အိမ်ထောင်သက်တမ်းသည် ကား ငွေရတုသို့ပင် တိုင်ခဲ့လေပြီ။
▭ နှောင်းကာလမှ အတွေးပုံရိပ်များ
မေနှင်း တစ်ခု သတိထားနေမိခဲ့သည်မှာ ပြောင်းလဲလာ သော ဇရာနှင့် အချိန်တို့ တိုက်ရိုက်အချိုးကျမှုကိုပင်ဖြစ်သည်။ ခုတစ်လော မောင် တစ်ယောက် မူသိပ်မမှန်ချင်ပေ။ သည် အသက်အရွယ်၌ မောင်သည် ရင့်ကျက်သည့် အသွင်သဏ္ဌာန် ဆန်နေသင့်သည်ဟု မေနှင်း ထင်သည်။ ယခုတော့ မဟုတ်။ အောင်မြင်နေပြီ ဖြစ်သော ကုမ္ပဏီကို အစထား၍ တကယ်ပင် အလုပ်များသည်လား။ အလုပ်များချင်ဟန်ဆောင်နေသည်လားတော့ဖြင့် ပြောရခက်လှပါသည်။ မောင် အိမ် သိပ်မကပ်တော့ပါ။
ထို့ထက်ပို၍ မောင့်ရဲ့ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံများကလည်း ခေတ်လူငယ်လေး တစ်ဦးနှယ်။ မောင်သည် ဘဝ၌ အပူအပင်ဆိုသည့် ဘာသာရပ်အား မကြုံ၊ မဆုံ၊ မကြားခဲ့ဖူးရသည့်အလျောက် တကယ်လည်း ရှိရင်းစွဲအသက်ထက် လတ်ဆတ်နုပျိုကာ ခေတ်ပေါ် လူငယ်လေးတစ်ဦးနှင့် မခြားပါ။ မိမိမှာသာ ...
ဟုတ်ပေလိမ့်မည်။ အသက်ကွာခြားသော အိမ်ထောင်ရှင်တွေ၏ ကောင်းကျိုး ဆိုးပြစ်ကို မေနှင်း မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ။ အိမ်ထောင်တစ်ခုမှာ ယောက်ျားက အသက်ကြီးပြီး မိန်းမက အသက်ငယ်လျှင် တော်ပေသေးဟု ထင်ရကောင်းမည်။ ယခု မိမိတို့က ပြောင်းပြန်။ ကွာခြားသည့် အသက်ပမာဏမှာ ခြောက်နှစ်။ ထိုခြောက်နှစ်သည် သိပ်ပြောပလောက်စရာ ဂဏန်းအရေအတွက် မဟုတ်စေကာမူ အိမ်ထောင့်တာဝန် ဝတ္တရား၊ အလုပ်တာဝန် ဝတ္တရားများနှင့် အခြားဗာဟီရများကို နှစ်ပေါင်းနှစ်ဆယ်ကျော် ထမ်းရွက်လာခဲ့ရသော ယခု အသက် ငါးဆယ်စွန်းစအရွယ် မေနှင်း အဖို့ မောင့်အတွက် ရင်လှိုက်ဖိုစရာ မြင်ကွင်းသည် ငယ်ချစ်တည်းဟူသည့် အကြည့်ဖြင့် ကြည့်၍ မြင်ရသော သံယောဇဉ် မှ လွဲပြီး ကျန်တာ ဘာတစ်ခုမျှ ဟုတ်ဟုတ်ငြားငြား မရှိတော့ပါ။
ထို့ပြင် အသက်အပိုင်း အခြားအားဖြင့် လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်၌ ဖြစ်လေ့ဖြစ်ထရှိသော အိမ်ထောင်ရှင်မတွေ၏ မပျက်ယွင်းသည့် မူဘောင်ထဲသို့ မေနှင်းလည်း ငြင်းဆန်ခြင်း မပြုနိုင်စွာ ခေါင်းလျှိုဝင်ခဲ့ရသည်။ ၎င်းအသက်အရွယ် အပိုင်းအခြားတွင် ရင်သွေး မွေးဖွားခဲ့ဖူးသော မိခင်တို့သည် လူတိုင်း မဟုတ်စေကာမူ ဗိုက်ခေါက်က ထူလာ၏။ အဝလွန်လာ၏။ လည်ကုပ်က အစ်လာ၏။ ခန္ဓာကိုယ်တစ်ဝှမ်း မလိုလား အပ်သော အဆီပိုတို့ တပျော်တပါး လာရောက်စုဝေးကုန်ကြသည်ပင်လျှင် နောက်ဆုံးပေါ် ကပ်ရောဂါဆန်း တစ်ခုလို ဖြစ်နေခဲ့သည်။ ထို့ထက်ပို၍ အရွယ် အကျမြန်သော မိန်းမအမျိုး အစားထဲ မေနှင်းက အဆစ် အနေဖြင့် ပါလိုက်သေးသည်။ ဇရာ အန်တုလို့ မရနိုင်ပါတဲ့။ မှန်လွန်းလှသည့် စကားတစ်ရပ်ပင်။
အဆိုပါ သတင်းကြားခါစက ရော်ရမ်း၍ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာသဖြင့် ထူးထူးထွေထွေ အံ့ဩခြင်းတော့ အလျှင်းမဖြစ်ခဲ့ပါ။ သို့သော် အတန်ငယ် တုန်လှုပ်သွားမိရ တာ အမှန်။ မောင်သည် မေနှင်းကို မငဲ့ကွက်ရင်နေပါစေ။ သားနှင့် သမီး မျက်နှာကိုတော့ ထောက်ထားစေချင်သည်။ မိသားစု ဆိုသည့် ဝေါဟာရ၏ အနက် အဓိပ္ပာယ်အား မောင် သေသေချာချာ ဘာသာပြန်သင့်သည် မဟုတ်လား။ ဒါပေမဲ့-
သမီးကြီးပင်လျှင် ဟောက်စ် ဆင်းနေရပြီ။ ဆရာဝန်ပေါက်စနလေး ဖြစ်လို့ နေပြီး သားငယ်သည် မနှစ်ကပဲ ဥပဒေဘွဲ့ကို ယူခဲ့ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရှေ့နေ ကောင်းတစ်ယောက် ဖြစ်ရန် ဝါယမစိုက်ထုတ်မှုကို အစွမ်းကုန် မြှင့်တင်နေချိန် ဖြစ်သည်။ ဒီလို အချိန်အခါမျိုး၌ ဒီလို အပြုအမူမျိုးကို မောင်သည် မပြုရစကောင်းပါ။ မောင့်ကို ငယ်လင်ငယ်မယားမို့ မောင့်အကြောင်း ယဉ်ပါးစွာဖြင့် မေနှင်း နားလည်ပေးနိုင်ကောင်း ပေးနိုင်ငြားသော် လည်း ကျန်လူများတို့သည် မေနှင်း မဟုတ်ကြပါ။
မောင့်ကို မေနှင်း ထိုကိစ္စနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပဲ မေးသည်။ မောင်သည်လည်း မခြွင်းမချန်ပဲ ပြန်ဖြေသည့် အပြင် တိကျပြတ်သားသော စကားတို့အား ဆိုပါသေးသည်။ ထို့အတွက်ကြောင့် မောင့်အား ကျေးဇူးတင်ရပါ၏။ မောင် ပြောသည်မှာ “မေနှင်းကို မောင် ချစ်နေဆဲပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ရွှန်းလဲ့နဲ့က...” မောင့်အသံတို့ တိမ်ဝင်သွားသည်။ နောက်ဆုံးတော့ အလိုမတူပါဘဲလျက် အလိုတူခဲ့ရသူ တစ်ဦးပမာ လောကဓံနှင့် မေနှင်း တစ်သားတည်း ကျခဲ့ရပြီပဲလေ။
အားယူ၍ ဆက်ပြောရသော လေသံမျိုးဖြင့် “မောင့်ကို နားလည်ချင်တဲ့ ပုံစံမျိုးနဲ့သာ နားလည်လိုက်ပါ။ ဒါပေမဲ့ မေနှင်းကို မောင်ဘယ်တော့မှ ကွာရှင်းမှာ မဟုတ်ပါဘူး” ဆိုသော ကျွဲကူးရေပါ စကားမျိုးဖြင့် ထိုကိစ္စကို မောင် အနားသတ်ခဲ့သည်။
မောင် စွန့်ခွာသွားသော အဲသည် အချိန်ကာလကတည်းက စိတ္တဇရက်စွဲတွေထဲမှာ ဂနာမငြိမ်တဲ့ နှလုံးသားဟာ တည်ငြိမ်မှုကင်းမဲ့လွန်းလှသည်။ သွေး သားအလိုဆန္ဒအရ မဟုတ်ပေမယ့် မိသားစုဆိုတဲ့ လှုံ့ဆော်စိတ်နဲ့ သား၊ သမီးတွေအတွက် မောင့်ကို မေနှင်း လိုအပ်နေဆဲပါ။ ဒါပေမဲ့ မောင်ရယ်...
တစ်လကို တစ်ခါ၊ ဒါမှ မဟုတ် နှစ်ခါ မောင် အိမ်ကို
လာတဲ့ အခါမျိုးမှာ မောင့်ကို ဧည်သည် တစ်ယောက်လို ဆက်ဆံရတဲ့ အခါတိုင်း၊ ဟန်ဆောင်ပန်ဆောင်နဲ့ သွေ့သွေ့ ခြောက်ခြောက် ပြုံးရယ်ပြရတဲ့ အခါတိုင်း မေနှင်း နှလုံးသားတွေ ဘယ်လောက်အထိ နာကျင် ခံခက် ကွဲအက်ရသလဲ ဆိုတာ မောင် နားလည်နိုင်ပါ့မလား။ စိုသောလက် မခြောက်စေချင်တာထက် မောင့်မျက်နှာကိုပဲ ထာဝရမြင်တွေ့ခွင့် ရှိချင်ခဲ့သူပါ မောင်။
သမီးကြီးသည် မောင်နှင့် ရွှန်းလဲ့တို့ ထဲထဲဝင်ဝင် ပတ်သက်ပြီး နှစ်နှစ် အကြာတွင် နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့ ထွက်ခွာသွားခဲ့ကာ သားငယ် သာလျှင် အမေအနား ကျန်ရစ်သည်။ မေနှင်းလည်း ကျန်းမာရေး အခြေအနေကြောင့် အလုပ်မှ နားလိုက်ရသည်။ မကြာခင်ပင် သားငယ်သည် ရှမ်းပြည်နယ်ဘက်၌ တာဝန်ထမ်းဆောင်ရန် ပိုစတင်ကျလာသဖြင့် မေနှင်း အနားမှ ဖယ်ကြဉ်သွားရပြန်လေသည်။ ထို့ကြောင့်ပင် ညီမ အပျိုကြီးကို အိမ်ခေါ်ထားကာ အဖော်ပြုနေခဲ့ရသည်။ အားလုံးက သည်လိုအနေအထားမျိုးနှင့် ပတ်သက်၍ ဘယ်လိုနည်းနှင့်မှ မကျေနပ်ကြ။ မောင့်အသိုင်းအဝိုင်းဘက်က ပိုဆိုးသည်။ မောင် ဒီလို လုပ်သွားသည်ကို သူတို့ လုံးလုံးမနှစ်မြို့၊ သို့သော် သူတို့ခမျာတွေလည်း မေနှင်းကို နှစ်သိမ့်အားပေးရုံအပြင် ဘာမှ ပို၍ မတတ်စွမ်းနိုင်ခဲ့ကြပါ။
▭ အတိတ်အား ပြန်လည်ဆန်းစစ်ခြင်း
ခုချိန်ခုခါမှာတော့ ဘာမှ မတတ်နိုင်ပြီး လူတွင် ပါ၍ နွားကျားကိုက်သည် ဟုသာ သုံးနှုန်းရပေလိမ့်မည်။ သူက သွားပြီး ဆတ်ဆတ်ဆော့ဆော့ နေခဲ့မိသည်လေ။ အကယ်စင်စစ်မူ မေနှင်းကို သူ သိပ်ချစ်ပါသည်။ သို့သော် ဇရာ ကိုတော့ဖြင့် သူ မချစ်နိုင်ခဲ့ပြီ။ ဒီနေရာမှာ တရားသဘောအား သူခေတ္တ မေ့ထားချင်သည်။ နားမလည်၍ မဟုတ်။ နားလည်ပါ၏။ အသိခေါက်ခက် အဝင်နက်နေခြင်းမျိုးဟုသာ ဆိုရပေလိမ့်မည်ဖြစ်သည်။ ထိုသည်ပင်လျှင် သူ၏ အားနည်းချက်လေလား မပြောတတ်ပါ။
သေချာစွာ စေ့စေ့စပ်စပ် တွေးကြည့်လျှင် မေနှင်းတို့ ဘက်က သူ့အား ဒီ့ထက်စုတ်ပြတ်သတ်သော စကားလုံးတို့ဖြင့် ထိုးနှက်တိုက်ခိုက်သင့်ပါ၏။ သူသည်လည်း ဤနှယ် ထိုက်တန်ပါပေ၏။ သို့သော် သူတို့တစ်တွေသည်ကား ပညာတတများ ပီသစွာ သိမ်ဖျင်းသော စကားတို့ကို မဆိုဘဲ မျက်လုံးအကြည့်၊ ဟန်ပန်အမူအရာများဖြင့်သာ သရုပ်ဆောင်လေ့ရှိကြသည်။ ဤသည်မှာ ပို၍ပင်
ခံရခက်လှပါ၏။ ထို့ကြောင့်ပင် မေနှင်းထံ သူသည် နောက်ပိုင်း၌ အရောက်အပေါက် မရှိသလောက်ဖြစ်သွားခဲ့ရသည်။
ရွှန်းလဲ့နှင့် သူ တစ်အိုးတစ်အိမ် ထူထောင်လိုက်ချိန်၌ ရွှန်းလဲ့ အသက်သည် သမီးကြီး ထက်ပင် တစ်နှစ်ကျော်ကျော် ငယ်နေသေးသည်။ သူနှင့် ရွှန်းလဲ့ ကျတော့ နှစ်ဆယ့်ခြောက်နှစ်ခန့် ကွာသည်။ ထိုအသက်အရွယ် ကွာခြားမှုသည် တစ်ချိန်၌ သူ့အား သံသရာဘီး တစ်ပတ် ပြန် လည်လာလိမ့်မည်ဟုတော့ဖြင့် စိုးစဉ်းမျှပင် မတွေးခဲ့မိရိုး အမှန်ပါ။
ယင်းအချိန်တို့သည် အချို ပေါ် သကာဆင့်နေသည့် ကာလများ မဟုတ်လား။ လူတွေ၏ အကြည့် အထေ့အငေါ့ အတင်း အဖျင်းတွေဖြင့် ရင်းခဲ့ရသောကြောင့် အချိန်ကို တန်ဖိုးရှိအောင်သာ တွေဝေခြင်းကင်းကင်း သူ အသုံးချတော့သည်။ မေနှင်းနှင့် သားသမီးများ အကြောင်း ခေါင်းထဲ ဝင်လာပါက သူသက်ပြင်းရှည်ကြီးကိုသာ စိတ်ပါလက်ပါ မှုတ်ထုတ်ရစမြဲ၊ သို့သော် သူ ဘာမှစွမ်းစွမ်းတမံ မတတ်နိုင်ခဲ့ပါ။ တစ်ခုခု လုပ်ပေးသင့်သည် မှန်သော်လည်း သူ၏ အပြုအမူတို့သည် မေနှင်းတို့ သားအမိတစ်တွေအတွက် အေးစက်ဆွံ့အ ထုံထိုင်းသလို ဖြစ်နေခဲ့ရသည်။
မေနှင်း ဆုံးတော့ ငါးဆယ့် ကိုးနှစ်၊ ခြောက်ဆယ်သက်တမ်းကိုတောင် မဖြတ်သန်းလိုက်ရရှာ။ သူ့အမေ ဈာပနအတွက် သမီးကြီး နိုင်ငံခြားမှ ခွင့်ဖြင့် ပြန်လာသည်။ သူ့ကို မြင်တော့ မျက်လုံးဖြင့်သာ အဖေဟု ခေါ် ဟန်ပြုပြီး စကားဟဟ မပြောပါ။ သားငယ်ကမူ မခေါ်မဖြစ် ခေါ်ရသော “အဖေ” ဟု မှိုင်းမှိုင်းရီရီ ပုံသဏ္ဌာန်ဖြင့် ခေါ်သည်။ သားငယ်က ယောက်ျားလေးမို့ ဖခင်အပေါ်၌ ယောက်ျားချင်း ကိုယ်ချင်းစာပြီး တာဝန်အရ မဖြစ်မနေ ခေါ်လိုက်ရသည့် “အဖေ” လည်း ဖြစ်ပုံရသည်။ မည်သို့ပင်ဖြစ်စေ သူကျေနပ်ပါသည်။
သူနှင့်ရွှန်းလဲ့ အိမ်ထောင် သက် ငါးနှစ်၌ မေနှင်း၏ ဝဋ်ကြွေးတို့ နိဂုံးချုပ်သွားခဲ့ချေပြီ။ မေနှင်း နှင့်အတူ နေခဲ့သည့် လက်ထက်ပွား အိမ်နှင့် ခြံအား စာချုပ်စာတမ်းဖြင့် အပြီးတိုင် သားနှင့် သမီးထံ စနစ်တကျ လွှဲပြောင်းပေးလိုက်သည်။ ဖခင်တစ်ယောက် ပီသပြလိုက်ခြင်းသာဖြစ်ကာ တခြား ပြေရာပြေကြောင်း၊ ပေါ့ရာပေါ့ကြောင်း မျှော်လင့်ချက်မျိုးတော့ မဟုတ်ခဲ့ပါပေ။
လှည်းလမ်းကြောင်းသည် လှည်းဘီးနှင့် တစ်ထပ်တည်း ကျခဲ့ရပြီကို မေနှင်းဆုံးပြီး ဆယ်စုနှစ် တစ်စုအကြာ၌ ထိတ်လန့်တုန်လှုပ်စွာ လက်မခံနိုင်သော်ငြား ငြင်းဆန်ခွင့် မရှိတော့ဘဲ သူလက်သင့်ခံလိုက်ရတော့ သည်။ ထို ဆယ်စုနှစ် တစ်စု အတွင်း သူ့ဘဝသည်လည်း ကျွမ်းထိုးမှောက်ခုံနှင့် ကမောကကမတို့ ပြွမ်းတီးလျက် တိမ်ဖုံးလနှယ် အမှောင်ကမ္ဘာ၏ ဝင်္ကပါထဲ၌ တဝဲလည်လည် ဖြစ်ခဲ့ရပါသေးသည်။
စီးပွားရေး၌ လူယုံသတ် သဖြင့် ထောင်တွေတန်းတွေထိ ရောက်မသွားတာပင် ကံကောင်းသည်ဟု ဆိုရမည်။ ရုပ်ကို ပြုပြင်ပြောင်းလဲပေးနိုင်သော စေတသိက်တို့ ညှိုးချုံးကုန်ကြလေသည့်အခါ အသက်ခြောက်ဆယ်စွန်းစွန်း သူ့အဖို့ ခုနစ်ဆယ်ကျော်လားဟု ထင်မှတ်မှား လောက်၏။ ဒီမှာပင် နောက်ထပ် အချိုးအကွေ့တစ်ခုက ရွှန်းလဲ့ သည် သူ့အား ဝဋ်လည်စေရန် အလို့ငှာ စေညွှန်းသည့်အလား အိမ်သို့ အဝင်အထွက် ရှိခဲ့ဖူးသော ယခင် ကုမ္ပဏီမှ တပည့် ဝန်ထမ်းဟောင်း တစ်ယောက် နောက် ကောက်ကောက်ပါ အောင် လိုက်သွားခဲ့ခြင်းပင်ဖြစ် သည်။
ရွှန်းလဲ့ကို သူ ရွှေပေါ်မြတင် ထားခဲ့ပါသည်။ လိုလေသေး မရှိစေရပါ။ သူနှင့် ရွှန်းလဲ့တို့၏ ပတ်သက်မှုသည် သွေးသားဆန္ဒ တောင်းဆိုမှုအရ စံနှုန်းတစ်ခုဖြင့် ဖလှယ်ခြင်းဆိုင်ရာ နိယာမကို ကျင့်သုံးခဲ့သလိုမျိုးတော့ အောက်တန်းမကျခဲ့ပါ။ သူ့ဘက်က လိုအပ်ချက်ကို ကိုယ်က ဖြည့်ဆည်းပေးသလို၊ ကိုယ့်ဘက်က လိုအပ်ချက်ကိုလည်း သူက ဖြည့်ဆည်းပေးမှုမျိုးဖြင့် အချစ်ပါသည်၊ မပါသည်ကို ရေးတေးတေးမျှပင် အဓိပ္ပာယ် မဖွင့်ဆိုနိုင်ခဲ့ရပါဘဲလျက် အခိုက်အတန့်အနေအထား တစ်ရပ်၌ သူတို့၏ အိမ်ထောင်သက်တမ်း မြဲခဲ့ရသည်။ ထိုမြဲမြံသော အိမ်ထောင်သက်သည် သံယောဇဉ်တည်း ဟူသော နှောင်ကြိုးကိုတော့ဖြင့်လျှင် ခိုင်ကျည်ပေလိမ့်မည်ဟု သူလုံးဝ ယုံကြည်ခဲ့မိသည်။
သို့ရာတွင်ကား ပကတိ အခြေအနေတွင်မူ သူ့အား ရွှန်းလဲ့သည် အပြီးတိုင် စွန့်ခွာသွားခဲ့လေပြီ။ ဟိုး လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူ့လို အတွေးမျိုးလည်း ရွှန်းလဲ့ တွေးမိသွားပုံရသည်။ ထို့ပြင် ပိုင်ဆိုင်မှု...။ ဟုတ်သည်။ ယခုခေတ်တွင် အားကိုးသူ သုံးတောင်ဝတ် တချို့တို့အတွက် တစ်စုံတစ်ရာ ပိုင်ဆိုင်မှုသည် မဖြစ်မနေ အရေးပါလိမ့်မည် ဖြစ်ပေသည်။
▭ ပစ္စုပ္ပန်ကာလ၏ အလွမ်းဝေဒနာပုံရိပ်
ယခုမူ သူ့တွင် ငှား၍ နေရ သည့်အိမ်၌ မဖြစ်ညစ်ကျယ်ဆိုရုံလေး။ မရှိလျှင် မနေတတ်သော ဇိမ်ခံပစ္စည်းအချို့မှ လွဲလျှင် တခြားလက်ညှိုးထိုးပြစရာ လောက်လောက်လားလား မရှိ။ ဖြစ်နိုင်သည်မှာ ရွှန်းလဲ့၏ နောက်လူသည် သူ၏ လက်ရှိ အနေအထားထက် အစစအရာရာ (သို့တည်းမဟုတ်) တချို့ သော အရာတို့၌ သာလွန်၍ ဟုသာ သူ ကျေကျေနပ်နပ်ကြီး နားလည်ပေးလိုက်သည်။
တော်ပါသေးသည်။ သူနှင့် ရွှန်းလဲ့တို့၏ အိမ်ထောင်သက်တမ်းတစ်လျှောက် မတိုင်ပင်ရပါဘဲ နားလည်မှုဖြင့် ရရှိလာ သော ကံကောင်းခြင်းတစ်ရပ်မှာ သားသမီးရတနာ မထွန်းကားခဲ့ခြင်းပင်။ ထို့ကြောင့် တော်သေးသည်ဟု သူ ပြောခြင်းဖြစ်သည်။ တွေးရင်း၌ သမီးနှင့် သားတို့၏ မျက်နှာများကို ဖျတ်ခနဲ မြင်ယောင်မိသည်။ ၎င်းနောက်တွင်ကား မေနှင်း၏ မျက်နှာ...။ အတိတ်တစ္ဆေတို့သည် သူ့အား စိတ်တိုင်းကျစွာ ထာဝရခြောက်လှန့်နေတော့မည်လား။
▭ နိဂုံး
မောင် ဝဋ်လည်နေပါပြီ မေနှင်းရယ်။ ဟုတ်တယ်။ မောင်လေ မေနှင်းရဲ့ဝဋ်တွေ လည်နေပြီဆိုတာ သိပ်ကို ကျိန်းသေလွန်းလှပါတယ်။ အလှည့်ဆိုတာ ရှိရစမြဲပါ။ ဒါဟာ မပျက်ယွင်းတဲ့ လောကနိယာမတရားပဲပေါ့။ ခုတော့ အရာအားလုံး အနားသတ်မဲ့စွာ ပြီးဆုံးသွားခဲ့ရပါပြီ မေနှင်းရယ်။ ခွင့်မလွှတ်ထိုက်သူကို ခွင့်လွှတ်ဖို့ မတောင်းဆိုရက်ပါဘူးကွယ်။ တောင်းဆိုဖို့လည်း မသင့်ပါဘူးလေ။ တကယ်တော့ ခုလိုအချိန် ခုလိုအခါမျိုးမှာ မေနှင်းကို မောင်တမ်းတ လွမ်းဆွတ်နေမိတာကိုက တစ်ဆိတ် လွန်လွန်းနေပါပြီ မေနှင်းရယ်...။
▢ မြတ်ကိုကို (ရုက္ခ)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၇
No comments:
Post a Comment