Wednesday, September 9, 2026

ဂဠုန်တောင်ပံ ဖြန့်ကြက်လ

❝ ဂဠုန်တောင်ပံ ဖြန့်ကြက်လ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“လာကွာ ထိုင်ကွာ၊ အေး ... မသိတဲ့လူက သိတဲ့လူကို အော်ငေါက်ပြီး လက်သီးလက်မောင်းတန်း၊ သဟောက် သဟန့် လုပ်တာကို သိတဲ့လူက ရယ်တယ်၊ သနားတယ်။ အဲသည်လို ပြုံးစေ့ပြုံးစေ့နဲ့ ကျိတ်ပြီးပြုံးနေတာဖြစ်လို့လည်း ရှက်ရမှန်း မသိကြတော့ဘူးလား”

ရီးဆေးရိုးသည် ကုပ်ချောင်းချောင်း ချဉ်းကပ်လာသော ငကြွက်နှင့် သောင်းလှိုင်အား နှုတ်ဆက်လိုက်ပြီးနောက် သူ့ ပြောလက်စ စကားကို ဆက်သည်။

“ဂဠုန်ဆရာစံထတော့ ငါတို့တောင် လူလား မမြောက်တမြောက် ရှိသေးတာကလားကွ။ အေး ... နည်းနည်း စားနိုင်သောက်နိုင် လူကတော့ ထမခြောက် (ထမင်းခြောက်) ထုပ် တစ်ဖက်၊ အဝတ်ထုပ် တစ်ဖက် ဆွဲပြီး ချုံကောင်းကောင်းထဲ ဝင်တိုးတော့တာကလား”

“ချုံထဲက မြွေမကိုက်ဘူးလားဟင်”

ကတ်သီးကတ်သတ် ခင်မောင်လေး အမေးကြောင့် လူငယ်များ ဝါးခနဲ ရယ်ကြ၏။ ရီးဆေးရိုးလည်း ညိုညစ်ညစ် သွားဖုံးတွေ ပေါ်အောင် ပြုံးလိုက်ရသည်။

“စိန်အုတ်ရ ရေနွေးထည့်ပါဟ၊ သောက်ကြလဟ”

လှမ်းပြောပြန်ပြီးမှ သူ့စကားကို ဆက်၏။

“ချုံဆိုတာက မင်းတို့ အခု မြင်ဖူးတဲ့ ချုံမျိုး မဟုတ်ဘူးကွ။ ကနေ့ မင်းတို့ ပြောပြောနေတဲ့ ချုံကို တို့မျက်စိထဲမှာ ချုံလို့ မမြင်ဘူး။ ငါတို့ခေတ်တုန်းက ချုံဆိုတာ ကသစ်ပင်ကြီးတွေကို နွယ်ပင်တွေ ရုံတက်ပြီး ဖြစ်လာတဲ့ ချုံကလား။ ကျွဲတွေ၊ နွားတွေ၊ လှည်းတွေပါ သွင်းထားနိုင်တယ်။ အိုကွာ ကြက်တွန်သံ၊ ခွေးဟောင်သံ၊ ကလေးငိုသံ မကြားလို့ ကတော့၊ မီးခိုးမထွက်လို့ကတော့ သည်ချုံထဲမှာ လူလေးငါးရာ ပုန်းနေပါကလား မသိအောင် ကြီးသဟေ့”

“အမယ်လေးလေး”

ကြင်မောင် အော်သည်။ နီးစပ်သော အသွင်သဏ္ဌာန်ကို ရှာဖွေရန် လည်တံဆန့်ငြား၊ ချောင်းကမ်းပါးရှိ ပြည်ပန်းညိုပင်ကိုသာ သစ်ပင်အဖြစ် မြင်ရသည်။

“နောက်တစ်ခုကလည်း သည်ရွာရဲ့ အနေအထားကွ။ အဲသည်တုန်းက ရမ်းဘိုကုန်းရွာဟာ အခု ချောင်းလယ်ကောင်လောက်မှာ ဟုတ်ပလား။ အဲသည် ရမ်းဘိုကုန်းရွာက တောင်ဘက်ကို ထွက်လာတဲ့အခါ ကွမ်းခြံတွေ တောင်တွေကို လွန်လာတော့မှ လှည်းလမ်း၊ အဲလှည်းလမ်း ဘေးမှာ သာဒွန်းဝမြောင်း၊ အဲသည် မြောင်းကို ကျော်သွားပြန်ရင် သစ်ပင်ကြီးတွေ၊ ချုံကြီးတွေ။ အဲသည်က လွန်တော့မှ ဘုရားဝိုင်းနဲ့ ကျောင်းဝိုင်းကို ရောက်တာကလား”

လူငယ်တို့၏ မျက်စိ၌ မထင်သာ မမြင်သာနိုင်ငြား ရီးဆေးရိုး၏ အာရုံတွင်မူ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်နှင့် သစ်ကြီးဝါးကြီးအောက်၌ အေးချမ်းစွာ နစ်မြုပ်နေခဲ့သည့် ရမ်းဘိုကုန်းရွာသည် ထင်းခနဲ ပေါ်လာလေ၏။

အရာအားလုံးတို့ လှပနေသော လောကရင်ခွင်မှ မောင်ဆေးရိုး။ ငွေနှင်းမှုန်နှင့် ရွှေဥရွှေသီးတို့ ပနံတင့်နေသော ဆောင်းလ။ အခြားသူတို့ ခိုက်ခိုက်တုန် ချမ်းငြား မောင်ဆေးရိုး မချမ်း။ တုတ်ခိုင်သော လက်မောင်းကြီးတွေ ကွေးပြီး ရင်ဘတ်ပေါ် ကပ်ထားရုံဖြင့် နွေးထွေးပြီး သူ့အာရုံတွင် အချိန်မီ စပါးရိတ်ရန်၊ လက်စမသတ်သေးသော ပြောင်းခင်းကို အမြန်ရိတ် ရန်၊ ဤသည်မှတစ်ပါး သူမသိ။ သူ့အဖေ ဦးကျန်ကြီး မည်သည့်အတွက် ဓားသွေးနေသနည်း။ စံအေးအဖေ၊ ကံရအဖေတို့နှင့် ခေါင်းချင်းဆိုင်ကာ မည်သည့် အရာတွေ ပြောဆိုနေကြသနည်း။ မည်သည်တို့ကို တိုင်ပင် ဆွေးနွေးကြသနည်း။ မောင်ဆေးရိုး မသိချင်ပါ။ စိတ်လည်း မဝင်စားပါ။ မောင်ဆေးရိုး စိတ်ဝင်စားသော အရာမှာ ရွာထဲမှ ‘မဒီ’ ကလေးတွေ ဖြစ်၏။ ဖြစ်သော်ငြား မည်သူမည်ဝါ သတ်သတ်မှတ်မှတ် မဟုတ်။ အားလုံးကို သူသဘောကျသည်။ အားလုံးသည် လှ၍ အားလုံးမှာ သဘောကျစရာ ကောင်းသည် မဟုတ်လား။ သို့သော် မောင်ဆေးရိုး မသိချင်သော အရာနှင့် မောင်ဆေးရိုး စိတ်မဝင်စားသော အရာတို့သည် မောင်ဆေးရိုးထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေ၏။ ရောက်လာချိန်မှာ မွန်းတိမ်းစသာသာ။

တံစဉ်ကို ပခုံးချိတ်လျက် မောင်ဆေးရိုး လယ်ကွက်ထဲမှ တက်လာသည်။ ကြည်စင်သော ကောင်းကင်ပြာသည် မိုးအတွက် မကြောင့်ကြနှင့် နှစ်သိမ့်နေသယောင် ရှိ၏။ မြောင်းပေါင်ဘေး သရက်ပင်အုပ် အောက်တွင် အမေ ရှိသည်။ အဖေ ရှိသည်။ ထို့ပြင် ထမင်းထုပ်ရှိသည်။ သို့ကြောင့် မြောင်းပေါင်ကွေ့ကို ဖြတ်တက်သည်။ အမေနှင့် အဖေတို့ ရှိနေမည့်နေရာကို မျှော်ကြည့်သည်။ ဖွေးဖွေးလက်သော အရာတစ်ခုကို ထင်းခနဲ မြင်ရသည်။

သည်မှာဖြင့် ကောက်ခြေတောင် မပြတ်သေးဘူး။ နာနတ်သီး ဘာလာလုပ်တာပါလိမ့်။ အတွေးဖြင့် မောင်ဆေးရိုး သွက်သွက်လှမ်းသည်။ သူ လှမ်းမြင်ရသော အရာမှာ မောင်ဆေးရိုးတို့ လုပ်သော လယ်၏ ပိုင်ရှင် ချစ်တီးယား နာနတ်သီးဖြစ်၏။ သူ၏ ဖြူဖွေးသော အဝတ်သည် မြောင်းပေါင်ကိုလည်း အုပ်၏။ အသားမွဲခြောက် အဝတ်နွမ်းညစ်သော ဒေါ်ကြွယ်စိုး ကိုလည်း ဖုံး၏။ တစ်တိုင် အဝေးမှပင် မြင်သာသော ချစ်တီး၊ သူသည် သွားအဖွေးသားဖြင့် မောင်ဆေးရိုးကို နှုတ်ဆက်၏။

“ကန်ကလေး၊ မောလာဒလား"

“ဟား၊ မောတာပေါ့ဗျ။ ခင်ဗျားတို့လို ထိုင်နေရတာမှ မဟုတ်တာ”

ချစ်တီး ရယ်ပြန်သည်။

“ဇဘားရိတ်တာ ကုန်းပြီးလား”

“မကုန်သေးပါဘူးဗျာ၊ ၃၊ ၄ ရက်စာတော့ ကျန်ဦး ထင်ပါ့။ အမေ ထမင်းဆာလှပြီဗျာ၊ နာနတ်သီး စားခဲ့ပြီးပြီလား”

မောင်ဆေးရိုး အလုပ်များလှသည်။ ချစ်တီးနှင့် စကားပြောရာက အမေ့ကို လှမ်းပြောသည်။ အမေ့ကို ပြောရာက ချစ်တီးကို ပြောရပြန်သည်။

“စားခဲ့ပြီး၊ ကန်ကလေး စား”

“ဟဲ့ ... နင့်အဖေ လာတော့မယ့်ဟာပဲ၊ စောင့်ပါဦး” 

ဒေါ်ကြွယ်စိုးသည် ထမင်းထုပ်ကို ဖြေနေရာက လည်ပင်းရှည်ရင်း ပြောသည်။ ဦးကျန်ကြီး ရိတ်နေသည့် ကျင်းလယ်များမှာ မြောင်းတစ်ဖက်တွင် ရှိနေသည်။

“လာနေပါပြီ အမေရ၊ အဖေ့ဖို့ ဦးချထားပြီး ခူးပေးစမ်းပါ”

ရေနံဝနေသော နှီးခမောက်ကြီးတစ်လုံး ကိုင်းပင်များကြားမှ ရွေ့လျားလာသည် ထင်ရ၏။ စင်စစ် ခမောက် ဆောင်းထားသော အင်္ကျီချွတ်နှင့် ဦးကျန်ကြီး သာ ဖြစ်ပေ၏။

“ဟေ့.. လူလေး၊ ဆာပြီလားကွ”

ရွှင်ရွှင်ပျပျ တက်လာခဲ့ငြား သရက်ပင် ပင်စည် အကွယ်ရှိ နာနတ်သီးကို မြင်သည့် ခဏဝယ်၊ ဦးကျန်ကြီး စိုးရိမ်ထိတ်လန့် အသွင်သို့ ပြောင်း၏။

“ဟင် နာနတ်သီး”

“ဝုတ်တယ် ဝူးကျန်ကြီး၊ သူဌေး လွှတ်လိုက်တယ်။ အခါမကောင်းဘူး”

ဦးကျန်ကြီး လက်မြှောက်ပြီး ဟန့်တားသည်။

“ဒါတွေ ပြောမနေနဲ့ နာနတ်သီး၊ မင်းတို့ ပြောစရာရှိရင် မင်းတို့ တိုက်ကို ငါလာခဲ့မယ်။ အခါ မကောင်းဘူး၊ ပြန်တော့”

“ကျေးဇူးတင်တယ် အစ်ကိုရာ၊ အခါမကောင်းတဲ့ အတွက် စပါး”

ဦးကျန်ကြီးမှာ ရွှေလှိုင်းအိများ ဝန်းရံထားသည့် ဝန်းကျင်ပတ်ချာကို မျက်စိကစားနေရာက လှုပ်လှုပ်ရှားရှားဖြစ်သည်။

“တယ်လျှာရှည်တာပဲ။ သွား ... သွား ငါ လာခဲ့မယ်”

ချစ်တီးစာရေးလေးအား စကားဆက်ခွင့် မပေး၊ အတင်း တွန်းလွှတ်သည်။ လွှတ်ရသည့် အကြောင်းရင်းမှာ ရိုးပြတ်များ၊ ကောက်ပင်များနှင့် လယ်ကန်သင်း အတိုင်း တရွေ့ရွေ့လာနေသည့် လယ်သမားများကြောင့် ဖြစ်ပေသည်။

ချစ်တီးယား၏ ထင်ရှားသော အဝတ်သည် သူ၏ သေမင်းများကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ သို့အတွက် တံစဉ်ဆွဲ၊ ဓားဆွဲ၊ ပုစွန်လုံးကျစ်စာခဲ ကောက်လျက် ချစ်တီးထံ ဦးတည်လာကြသည်။ ကျွဲနွား၊ အိမ်၊ ထွန်တုံး ထွန်သန်ပါမက ကောက်ရိုးပုံကိုပါ သိမ်းယူပြီး လယ်သမားများ၏ မျက်ရည်ပင်လယ်ဝေအောင် လုပ်ခဲ့သော ချစ်တီးမှာ အဘယ် ချစ်တီးနည်း။ လယ်သမားများ မသိပါ။ နဖူးတွင် ပြာသုတ်၊ အပြောက်ကလေးတို့ကာ၊ ဒိုတီပါးလွှာလွှာကလေး မလုံမလဲ ဝတ်ဆင်ထားသည့် ချစ်တီး ဟုသာ သိသည်။ ဦးကျန် ကြီးတို့ လယ်ပွဲမှာ ချစ်တီး ရောက်နေသဟေ့။ တစ် ယောက်စကား တစ်ယောက်နားဖြင့် ကြားရသည်။ တလူလူ လွင့်နေသည့် ဖြူဆွဆွအဝတ်။

“လယ်သမား ဂဠုန်တွေက သာယာဝတီဘက်၊ သရက်ဘက်မှာ ဂေါ်ရာတပ်တွေကို တိုက်တာ မြင်မကောင်းဘူး ဆိုပဲ”

သည်သတင်းကြောင့် ခေါင်းထောင် နားစွင့်ခဲ့သော လယ်သမားများသည် ယခု နာနတ်သီးကို ဝန်းရံလာကြပြီ။ ဤသည်ကို နာနတ်သီး မမြင်။ ဦးကျန်ကြီး မြင်သည်။ သို့အတွက် မြင်သာ ထင်သာသော မြောင်းပေါင်ပေါ်မှ ကိုင်းတောဘက်ဆီ တွန်းချပေးလိုက်ခြင်း ဖြစ်သည်။ နာနတ်သီး ဆင်းသွားသော်ငြား ဦးကျန်ကြီး စိတ်မချသေး။

“ဟာ.. မဖြစ်သေးပါဘူး။ ငါ လိုက်ပို့ဦးမှာပါ”

ရေရွတ်ပြီး မြောင်းပေါင် တစ်ဖက်ဘေးသို့ ပြေးဆင်း သွားလေသည်။ မောင်ဆေးရိုးသည် ထမင်းစားလျက် ကျန်ရစ်၏။ သူလည်း အစသော် အမှတ်မဲ့။

“နင့်အဖေ မြင်ပေလို့၊ နင့်အဖေ မမြင်ရင် နာနတ်သီး သေတယ်”

အမေပြောမှ ဟိုဟိုသည်သည် ကြည့်မိသည်။ စု၍ စု၍ လာသော လူအုပ်။ ဝန်းရံပြီး ချဉ်းကပ်လာသော လူများ။ သရက်ပင်ရိပ် မြောင်းပေါင်ပေါ်သို့ လွှားခနဲ လူငါးယောက် ရောက်လာသည်။ ငှက်ကြီးတောင်ဓားနှင့် ဓားမ ကိုင်ထားသူများ။

“ချစ်တီးကုလား … ချစ်တီးကုလား ဘယ်ရောက်သွားတုံး”

မေးလည်း မေးသည်။ ဝန်းကျင်ပတ်ချာ ဗောက်ခွေးတော၊ သန်သတ်ချုံ၊ ကြောင်ပန်းချုံ၊ ခွေးလှေးယားချုံ၊ ကလိန်ချုံများကို ဓားဖြင့် လိုက်လံခုတ်ကြသည်။ ထိုးဆွကြသည်။ မောင်ဆေးရိုးသည် ထမင်းဇလုံ ကိုင်လျက် ထရပ်သည်တွင် အမေက ပခုံးကို ဖိထား၏။

“စား ... လူလေးစား၊ ကိုယ့်ထမင်း ကိုယ်စား”

“ချစ်တီးကု,လားကို ဘယ်မှာ ဝှက်ထားသလဲ၊ မှန်မှန်ပြောစမ်း”

“ပြန်သွားပါပြီကော”

ငေါက်ငေါက်ငမ်းငမ်း မေးသံများကို ဒေါ်ကြွယ်စိုးကမူ ထီမထင်လေဟန် ပြောင်းဖူးဖက် ဆေးလိပ်ကြီး အငေါ့သားဖြင့် အေးဆေးစွာ ဖြေ၏။

“မှန်မှန်ပြောနော်”

“ခုလောက်ရှိ တာလမ်းပေါ် ရောက်လို့ ရထား တစ်စင်းစင်းနဲ့ ပါသွားရောပေါ့တော်”

များသည်ထက် များလာသော လူအုပ်ကြီးသည် လယ်ကွက်ထဲသို့ ပြိုဆင်းသွားသည်။ တာလမ်းဘက်သို့ အော်ဟစ်ပြေးလွှားသည်။ ချစ်တီးစာရေး နာနတ်သီးမှာ အမှန်ပင် တောင်မှ လာသော မြင်းလှည်းတစ်စီး စီးလျက် ထွက်ပြေးလွတ်မြောက်သွားလေပြီ။ ဦးကျန်ကြီးမှာ ဆာလည်း ဆာ၊ တာဝန်လည်း ပြီးသဖြင့် သရက်ပင်ရိပ်သို့ ပြန်လာသောအခါ ဓားကိုင်၊ တံစဉ်ကိုင် လူနှစ်ဆယ်ခန့်နှင့် ဆုံမိရသေးသည်။

“ဟေ့ .. ဟိုချစ်တီးစုတ်ကို ဘယ်မှာထားခဲ့လဲ”

“ပြန်သွားပြီ”

“ဘာလာလုပ်တာတုံး”

“အခါမကောင်းလို့ စပါး စောစောပို့ပါ လာပြောတာလေ”

“ချုံထဲမှာတင် ရိုက်သ,တ်လိုက်ပါတော့လား”

ဦးကျန်ကြီးသည် မြောင်းပေါင်ခြေရင်း လယ်ကွက်တွင်းရှိ သုံးလေးတောင် နက်သော ရေတွင်းကလေးမှ ရေခပ်ပြီး တက်လာ၏။ သူသည် နှီးရေပုံးကို မချသေးဘဲ ဒေါသမိုးဆင်နေသူများကို လှည့်ပတ် အကဲခတ်၏။

“ကျုပ်လည်း သူနဲ့ လိုက်သွားရင်းက ခင်ဗျားတို့ ပြောသလိုပဲ၊ ဒီချစ်တီးကို သ,တ်ပစ်ရင်ကောင်းမလား စဉ်းစားတယ်”

“ဘာစဉ်းစားစရာလိုသေးလို့တုံး၊ ငါတို့ လယ်သမားတွေကို ဒုက္ခပေးတဲ့ကောင်တွေ သ,တ်ပစ်လိုက်ရင် အေးတာပဲ”

“ဒါပေမဲ့ ကျုပ် စဉ်းစားတယ်။ ဒီချစ်တီးက ချစ်တီးသူဌေးရဲ့စာရေး၊ သူ့ကို သ,တ်လိုက်လည်း လူသ,တ်မှုပဲ အဖတ်တင်မယ်။ ချစ်တီးလက်ထဲက လယ်ဟာ ကျုပ်လက်ထဲ ပြန်မရောက်ဘူး၊ အဲဒါ စဉ်းစားမိလို့ မသတ်တာ”

“တစ်ယောက်သေလည်း အေးတာပေါ့”

ပြောသူရှိငြား ဦးကျန်ကြီး စကားကို အလေးအနက်ထားဟန်ရှိသူက များပြားသည်။ ဒေါသမျက်နှာများသည် လေးနက်တည်ငြိမ်မှုဘက်သို့ ပြောင်းသွားကြသည်။

ဦးကျန်ကြီး ထမင်းထိုင်စားပြီ။ ဓားကိုင်၊ တံစဉ်ကိုင်များသည် တွေဝေ မျက်လုံးများဖြင့် အလျှိုအလျှို ဆင်းသွားကြလေသည်။ သူတို့ ဆင်းသွားငြား ဒေါ်ကြွယ်စိုး အကြောက် မပြေပေ။ တောင်မြောက်လေးပါးကို မျက်လုံးပြူးကြီးဖြင့် ကြည့်နေ၏။

“သူတို့က နာနတ်သီးကို ဘာပြုလို့ သ,တ်ချင်ရတာတုံးဟင်”

မောင်ဆေးရိုး၏ မေးသံကြားမှသာ သူတို့ရှေ့တွင် သူတို့သား ရှိနေပါကလားဟု သတိရကြ၏။

“နာနတ်သီးတို့ ချစ်တီးတွေက ပုလိပ်တွေ သူကြီးတွေ ခေါ်လာပြီး လယ်သမားတွေရဲ့ စပါး၊ လှည်း၊ နွား၊ ထွန်တုံး ထွန်သန်ကအစ နေစရာအိမ်ပါ မကျန်အောင် အကြွေးနဲ့ သိမ်းလို့ပေါ့”

“ဪ ဪ ဩော်”

ဆိုသည့်ခဏဝယ် ခုတင်ကြီးစုဘက်တွင် ချစ်တီးများက လယ်သမား၏ အိမ်ကို ဖျက်ယူနေကြပုံကို မြင်ယောင်လာသည်။ ရွာထဲက လယ်သမားနှစ်ဦးလည်း လယ်အသိမ်းခံရရုံဖြင့် ကြွေးမကျေသည့်အတွက် လှည်းနှင့် နွားပါ သိမ်းယူပုံကို တစ်ဆက်တည်း မြင်သည်။ တစ်အိမ်က ငတောက်တို့ အဖေ့အိမ်။ နောက် တစ်အိမ်မှာ မိသေးတာတို့အိမ်။

ငတောက်တို့ အမေသည် ပုလိပ်ကို ပြေးပြီး ရှိခိုးလိုက်၊ ချစ်တီးထံ ပြေးပြီး ဒူးဖက်လျက် မျက်ရည်ရွှဲဖြင့် တောင်းပန်နေပုံသည် မောင်ဆေးရိုး ရင်ထဲ၌ အသစ်ပေါ်ပေါက်လှုပ်ရှား၏။

“အရာကြီးရယ်၊ ကြွေးကို မကျေမချင်း ဆပ်ပါ့မယ်။ သည်နွားကလေး တစ်ရှဉ်းတော့ ချမ်းသာပေးကြပါ။ ဒါလေးမှ မရှိရင် ခြေလက်ရိုက်ချိုးသလို ဖြစ်မှာပါတော်”

အမေကြီး၊ အဒေါ်ကြီး စသည်ဖြင့် အလွန် ယဉ်ကျေးမြဲ ချစ်တီးများသည် ယခုအခါ၌ နားမပါကြပြီ။ တွန်းဖယ်ပြီး ကန်ကြိုးကို ဖြေသည်။

“ဟေ့ ငါ့နွားတွေ မထိနဲ့”

“ငတောက်၊ ဟဲ့... လူလေး လူလေး”

ငတောက်သည် သစ်ပင်ချိုင်သော ငါးပိဿာစီး ဓားမကြီး ကိုင်မြှောက်လျက် ပြေးလာသည်။ ပြေးလာငြား ချစ်တီးများထံ မရောက်။ ငတောက် နည်းတူ ပြေးလာသည့် ပုလိပ်တစ်ယောက်၏ သေနတ်ဒင်ဖြင့် ခတ်ဆောင့်ခံလိုက်ရသည်။ ငတောက် တခြား၊ ဓား တခြား လွင့်သွားသည်။ တစ်ပြိုင်နက်တည်း ချစ်တီး သိမ်းခံရသော မိသေးတာတို့ အိမ်မှာလည်း အိမ်ခွံသာ ကျန်တော့သည်။ လှည်း နွား ထွန်တုံး ထွန်သန် ထယ် ပေါက်ပြား ငန်းပြားတို့ဖြင့် ကြွေးမကျေ။ သို့အတွက် လင်ပန်းကို ဆွဲချသည်။ ကျောက်ကာဆွမ်းအုပ်၊ မှန်။ သည်အထိ ဖြစ်နေခါမှ မိသေးတာ သိဟန် တူသည်။

“နွားမကြီးဟာ အမေတို့ဥစ္စာ မဟုတ်ဘူး။ ကျုပ်ဟာ ကျုပ်ဟာ၊ ကျုပ်ကို အမေကြီး ခမဲပေးထားတာ”

မိသေးတာသည် အရူးသဖွယ် အော်သည်။ ချစ်တီး လက်ထဲက နွား ‘ကန်ကြိုး’ ကို အတင်း ဝင်လုသည်။ ချစ်တီးက တွန်းပစ်သည်။ မိသေးတာ ယိုင်သွားသော်လည်း ကန်ကြိုးကို မလွှတ်။ ချစ်တီးက ပါးရိုက်သည်။ မိသေးတာ ခေါင်းလည်ထွက်ကာ သွေးပုပ်တွေ စီးကျ၏။ ကန်ကြိုးကိုမူ မလွှတ်။ ဤသို့ဖြင့် ချစ်တီး ကန်ကျောက် ရိုက်နှက်နေသည့် ကြားက မြေပြင်မှာ တရွတ်တိုက်လျက် ပါသွားလေ၏။ ပုလိပ် ဆိုလျှင် ရဲရဲ မကြည့်ဝံ့သော ရွာသူများ၏ မျက်ခွက်တွင် မျက်ရည်ပြည့်လာသည်။ တစေ့တစောင်း ချောင်းကြည့်နေသော ရွာသားများ၏ ရင်တွင်း၌ မခံချင်စိတ်များ အလိပ်လိုက် တက်သည်။

“ဟေ့ ခွေးကု,လား၊ ခုလွှတ်၊ နိုင့်ထက်စီးနင်း မလုပ်နဲ့ ခုလွှတ်”

အော်ဟစ်သံများ ပြိုင်တူထွက်လျက် တဲကြို တဲကြားမှ တုတ် ဓားကိုင် လူအုပ်ကြီး ပြိုဆင်းလာသည်။ ချစ်တီးခမျာ မထင်မှတ်သော အဖြစ်။ သို့ကြောင့် “ဆပ်... ဆပ်.. ဘရားဆပ်” အော်ကာ ပုလိပ်များထံ ပြေးကပ်ကြ၏။ မိုးပေါ်ထောင်၍ သေနတ်နှစ်ချက် ဖောက်လိုက်မှ လူအုပ်ကြီး ပြိုကွဲ၏။ သို့သော် မိသေးတာ၏ ခမဲနွားမကြီး လွတ်မြောက်သွားပြီ။ မိသေးတာသည် နွားမကြီး၏ လည်ပင်းကို ဖက်၊ ဟီးလေးခိုလျက် တောအုပ်ထဲသို့ လိုက်ပါသွားလေ၏။

မိသေးတာနှင့် နွားမကြီး လွတ်သွားသဖြင့် ဖြစ်ပေါ်သော ဝမ်းသာမှုသည် ရမ်းဘိုကုန်းရွာသူ ရွာသားများ၏ ရင်၌ တာရှည် မတည်။ ပြေးနိုင်သော နွားမကြီးအစား မပြေးနိုင်သော အိမ်ကို ဖျက်ယူကြလေ၏။

“ပုလိပ်တော်မင်းတို့ရယ်၊ မြန်မာအချင်းချင်း ညှာတာပါဦးရှင်၊ ကိုယ်ချင်းစာကြပါဦး။ ကျွန်မတို့ ဘယ်မှာ နေရမတုံးရှင့်၊ ခွေးလို ဝက်လို သစ်ပင်အောက်မှာ နေကြရတော့မလားရှင်”

“ဪ၊ ဪ ဪ” ဆိုသည့် ခဏ၌ မောင်ဆေးရိုး၏ စိတ်အာရုံ၌ ထင်လာသည့် အရုပ်များကြောင့် မောင်ဆေးရိုး လက်သီးဆုပ်၏။ အံကိုကြိတ်၏။ “ဒါကြောင့် လယ်သမားတွေ ဝိုင်းလာကြတာပါကလား” ရင်တွင်း၌ ညည်းရာမှ လွှတ်ခနဲ ထွက်သွား၏။

“ဒါနဲ့များ အဖေရာ၊ သူ့ဘာသာသူ သေသေပေါ့။ ဘာပြုလို့ ကယ်ဆယ်ရသလဲလို့”

ဦးကျန်ကြီးမှာ ယခုမှ ထမင်းစတင်စားသည်။ မောင်ဆေးရိုး၏ အမေးကို ရုတ်တရက် မဖြေ။ ရွှေရောင် ရိုးပြတ်တောကို စူးစူးကြီး ငေးကြည့်နေပြီးမှ ဖြေသည်။

“ဝိုင်းလာတဲ့လူတွေ တစ်ယောက်တစ်ချက် ဖနောင့်နဲ့ ပေါက်ဦး သည်ချစ်တီး သေတယ်။ ဒါပေမဲ့ ဘယ်သူ့ လက်ချက်လဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အေး... ချစ်တီးတိုက်မှာတော့ နာနတ်သီး ဘယ်သွားလဲ၊ မောင်ကျန်ကြီး ဆီ သွားတယ်။ ဒီအခါမှာ ဂတ်က ငကျန်ကြီး လာခဲ့၊ နာနတ်သီးကို ဘယ်သူ သ,တ်သလဲ။ မသိပါဘူး၊ အဲသည် မသိပါဘူးကနေပြီး ကျွန်တော်သ,တ်ပါတယ် မပြောမချင်း ဒုက္ခမီးကြီး တောက်တော့မှာပဲ သားရေ”

မောင်ဆေးရိုး တောက်ခေါက်သည်။

“အေး… အဲဒါနဲ့ ပြီးမယ် ထင်သလား”

အမေဒေါ်ကြွယ်စိုး၏ အဖြည့်အစွက်စကား။

“နာနတ်သီးကို ငကျန်ကြီးသ,တ်ရာမှာ ကြံရာပါ အဖြစ် မသင်္ကာဘူးဆိုပြီး ငါ့သားကို လာမခေါ်ဘူးလို့ ဘယ်သူမျှ မပြောနိုင်ဘူး။ ငါ့သားသာ အဖမ်းခံရရင်တော့ ရှိတဲ့ လှည်း၊ နွား ပြောင်တော့မှပဲ လွတ်မယ်”

ဤအခါတွင်ကား မောင်ဆေးရိုးမှာ သက်ပြင်း ရှိုက်နေမိတော့၏။

“ဒီမယ် လူလေး၊ အဖေ ပြောမယ်။ စောစောက အဖေ ပြောလိုက်သလိုပေါ့၊ သည်နာနတ်သီးကို သ,တ်လိုက်လို့ အိမ်တွေ၊ နွားတွေ၊ စပါးတွေ ပြန်မလာဘူး လူလေး။ သူတို့တိုက်က မီးခံသေတ္တာထဲမှာ စာချုပ်တွေ စာရင်းတွေ ရှိနေတာကလား။ အဲဒါကြောင့် ဒီချစ်တီး သေရင် နောက် ချစ်တီးတစ်ယောက်က စာရင်းဇယားတွေ လှန်ကြည့်ပြီး လုပ်မှာပဲ”

“ချစ်တီးတိုက်ကို ဝင်စီးမယ် အဖေ”

ဦးကျန်ကြီး လေးကန်စွာ ခေါင်းညိတ်သော်လည်း လက်ဝါးကာလျက် ဟန့်တားဟန်ပြု၏။

“အဲဒါက တစ်ကဏ္ဍပေါ့ကွာ၊ အဖေ ပြောချင်တာကတော့ သ,တ်လိုက်ပါလား သ,တ်လိုက်ပါလား။ ဒေါသ အလျောက် ပြောပြော နေကြတယ်။ သို့ပေမဲ့ လူတစ်ယောက်ရဲ့အသက်ဟာ ဖြစ်ခဲတယ်။ သ,တ်မိရင်လည်း နောင်ဘဝ အသာထားဦး၊ လက်ငင်းဘဝမှာကို အပြစ်က လွတ်ခဲတယ် လူကလေး”

အဖေ့အသံသည် မောင်ဆေးရိုး၏ ညာနားမှ ဝင်၍ ဘယ်နားမှ ထွက်၏။ မောင်ဆေးရိုး၏ အာရုံတွင်ကား ခုတင်ကြီးစုမှ မြင်ကွင်း၊ မိသေးတာ၊ ငတောက်တို့၏ အိမ်များမှ မြင်ကွင်းများကသာ ကြီးစိုးနေလေ၏။

“အဘဥစ္စာက ချုံကြီးတွေ အကြောင်းနေရာက ဘယ်လိုလုပ်ပြီး ဂဠုန်ဆရာစံနဲ့ ချစ်တီးအကြောင်း ရောက်သွားတာတုန်း ဘရ”

ခင်မောင်လေးက ဖြတ်မေးမှ ရီးဆေးရိုး၏ အနိဋ္ဌာရုံများ ပြယ်သည်။ မျက်တောင်ကို ပုတ်ခတ် လုပ်နိုင်သည်။

“ဂဠုန်ကို စိတ်ဆောင်နေလို့ဟေ့၊ အင်း... နေပါဦး၊ ငါ့စကား ဘယ်က စတာပါလိမ့်၊ အဲ ဟုတ်ပြီ၊ ကျော်ဇင်ဦးက ဂဠုန်စီမံချက်နဲ့ ဂဠုန်ဆရာစံကို ဘူးလုံး နားမထွင်း ရောပြီး ပြောရာက စတာ။ အေး... ဟုတ်တယ်၊ အဲဒါကြောင့် မသိရင် အသာနေကွ ဟုတ်လား ကျော်ဇင်ဦး၊ ဂဠုန်စီမံချက်ဆိုတာ ပေါ်လာတော့ ငါတောင် မြစ်ရနေပြီ ဟုတ်ပြီလား”

စကားကို ကလနားသတ်လိုက်ငြား ရီးဆေးရိုး ရင်တွင်းတွင်မူ ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား အရေးတော်ပုံ ပဲ့တင်ကြီးက ဟိန်းညံနေဆဲသာ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment