❝ ငန်းပြားတိုက ထချခြင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
မြက်ထုံးထမ်း ထမ်းပိုးကြိတ်သံ ကျိုးကျိုးကျွံကျွံဖြင့် မြက်ရိတ်ပြီး ပြန်လာသူများ၊ မြက်ထုံးဖျား၊ မြက်မြိတ်များနှင့် စောင်ရန်းတန်းကို တိုက်ပွတ်သံ တရှဲရှဲ တဗျင်းဗျင်းဖြင့် မြက်ထုံးရွက်သူများ ပြန်လာကြပြီ။ နေကို မော့ကြည့်ရန် မလို။ အနည်းဆုံး ဆွမ်းခံပြန်ချိန်သို့ ရောက်နေပြီ။ သို့အတွက် ရီးဆေးရိုးက အလိုက်တသိ ပြော၏။
“ဟေ့ကောင်တွေ... နေမပူလို့ စောသေးတယ် ထင်မနေကြနဲ့နော်။ သွားစရာရှိတာ သွားကြ”
“အိုဗျာ .. ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ခဲ့ပါ့မယ်”
စိန်လှမောင်က ရိုးရိုးစင်းစင်းပြောငြား ညွန့်စိုးက ‘အကျ’ ကောက်၏။
“ခင်ဗျားက ဘဆေးရိုးကို ကပြုတ်ပင်အောက် ရောက်အောင် ပို့ပြီးမှ ပြန်မယ် ပြောတာပေါ့လေ”
“အေးကွာ.. မြေပုံကလေးတော့ ထင်ထင်ရှားရှား ဖြစ်အောင် မို့မို့ကလေး ဖို့ပေးကြပါဟ”
ကျော်ဇင်ဦးက ပင့်ပေးသောအခါ ရီးဆေးရိုး ထရပ်၏။
ကပြုတ်ပင်မှာ သုသာန်ရှိ သရက်ပင်တစ်ပင်၏ အမည် ဖြစ်သည့်အတွက် သူ့ကို အသေခိုင်းနေကြသော လူငယ်များကို ငုံ့ကြည့်၏။
“ဂန်းမသားတွေ နင်တို့ ကူတာက တစ်မတ်ဖိုး၊ ငါ့ကို အသေခိုင်းတာက ငါးကျပ်ဖိုး၊ သွားကြကွာ”
အဆဲကလေးဖြင့် ငေါက်ငမ်းမာန်မဲသည်။ အဆဲ ခံရသူများ အလိုပြည့်သွားသည့်အတွက် ကျယ်လောင်စွာ ရယ်မောကြသည်။
“သလို မဟုတ်ပါဘူးဗျာ၊ စောင်ရန်းတန်း ပြီးသွားပေမဲ့ ဘာလေးညာလေး ကပ်ဖို့ လိုသေးလို့ပါ”
စောင်ရန်းတန်းကို တစ်ထွာခန့် နောက်သို့ ဆုတ်ထားငြား ကလေးတွေ တက်မဆော့အောင် ‘သန်းခက်’ အနည်းအပါး ကပ်ထားရန် လိုနေပေသေးသည်။ သန်းခက်တွင် ဆူးပါသည်။ အသားမာသည်။ ထို့အတွက် အရံအတားဖြစ်သည်။ စိန်လှမောင်က ဟိုတစ်ခက် သည်တစ်ခက် ပြန့်ကျဲနေသော သန်းခက်များကို လိုက်လံစုဆောင်းငြား ရီးဆေးရိုး လက်မခံ။
“ဒါလောက်များ မျက်စိမှိတ်ပြီး ကာတောင် ရသဟ”
“တံခါးတိုင်လည်း စိုက်ရဦးမှာ မဟုတ်လား ဘရ”
ကျော်ဇင်ဦးက နောက်တစ်ဆင့် တက်လာသော အခါ ရီးဆေးရိုး မငြင်းနိုင်။ ဓားကိုင် ကျင်လည်သူများသည် ဝင်းခြံတိုင်အတွက် သစ်ကိုင်းကြီးများကို ဓားဖြင့် ခွဲပေးကြ၊ ခြမ်းပေးကြသည်။ ထိုပေါက်ခြမ်းများတွင် အပေါက် လေး ပေါက်ဖောက်ပေးရမည် ဆိုပြန်သည့် အတွက် အထက်သားကြီးများသည် ဓားဖြင့်ပင် အပေါက်လေး ဖောက်ပေးထားကြ၏။ တံခါးတိုင်ဟု ဆိုသော်လည်း ရီးဆေးရိုးမှာ တံခါး မတပ်ဆင်နိုင်ပါ။ အပေါက်ပါသည့် ‘ပေါက်ခြမ်းတိုင်’ နှစ်တိုင်ကို အဝင်ဝ၌ ဝဲယာစိုက်ကာ အပေါက်လေးပေါက်၌ ဝါးလုံး ထိုးပြီး ထမ်းရွက်ခြောက်များဖြင့် ပိတ်ဆို့ရုံသာ တတ်နိုင်၏။ ကျော်ဇင်ဦးနှင့် ညွန့်ဦးတို့ တစ်ယောက် တစ် တိုင်စီတူးကြသည်တွင် ရီးဆေးရိုး ဆေးလိပ်ညှိသည်။ နေပူထဲရှိ မြေပြင်ပေါ်မှာပင် ပြားပြားကြီးထိုင်ကာ ဆေးလိပ်ဖွာသည်။
“ဘ ငန်းပြားက အသွားထက် အမင်းက လေးနေတာပါကလား၊ အသစ်ကလေးများ ဝယ်ပါတော့”
ငုံးငုံးတိုင်နေသော ငန်းပြားကို မြှောက်ကာ မြှောက်ကာတူးရင်း ကျော်ဇင်ဦး ပြောသည်တွင် “အောင်မာ... နှယ်နှယ်ရရ ငန်းပြား မှတ်သလား၊ တော်လှန်ရေး ငန်းပြားဟ”
ဂုဏ်ယူသံဖြင့် ဆိုသည်။
“တော်လှန်ရေးငန်းပြား၊ ဟုတ်လား ဘ”
မြက်ထမ်းချကာ လှမ်းမေးသူမှာ မျိုးသိမ်းနိုင် ဖြစ်သည်။ သူသည်လည်း ရီးဆေးရိုး၏မြေး မောင်ကိုကြီးနှင့် ရွယ်တူ ဖြစ်သည့်အတွက် မောင်ကိုကြီးတို့ နည်းတူ ‘ဘ’ ဟု ခေါ်သူ တစ်ဦးပင်။
“ဒါပေါ့ကွာ မကြာခဏ ပြောဖူးပါတယ်။ ငါရယ်၊ ပိတ်စရယ်၊ သာဒွန်းရယ် ဂျပန်စစ်တပ် ချောဆွဲတဲ့ နောက်ကို လှည်းနဲ့ လိုက်လိုက်ပို့ကြရတာကိုး၊ အေးလေ သည်ရွာက ဂျပန်ချောဆွဲ မခံရဖူးတဲ့ လှည်း မရှိပါဘူး”
“ကြားဖူးပေမဲ့ ငန်းပြား မပါသေးဘူး ဘရ”
“သလိုကွ”
••••• ••••• •••••
လေယာဉ်ပျံသည် ရမ်းဘိုကုန်းရွာပေါ်သို့ မကြာခဏ အနိမ့်ဆင်းကာ ဖြတ်ကျော် ပျံသန်းသွား၏။ လေယာဉ်ပျံ ခေါင်းပေါ်က ဖြတ်သန်းသွားတိုင်း ရီးကျီးဒန်သည် အငယ်ကောင် ဘညိန်း၏ ခေါင်းကို လက်ဝါးဖြင့် အုပ်ထား၏။ ဣတိပိသောကို နှုတ်ဖျားမှ မချ။ မကြာခဏလည်း တောင်မြောက်လေးပါးကို မျက်စိသူငယ် ကြည့်၏။ ရီးဆေးရိုးကို လည်းကောင်း၊ နွားနှစ်ကောင်ကို လည်းကောင်း မမြင်ရချေ။ ကြည့်လေရာအရပ်တွင် ကိုယ်ချည်းတုံး (ကိုယ်တုံးလုံး) နှင့် ဂျပန်စစ်သား။ လက်တစ်ဝါးစာ အဝတ်ကလေး ဖုံးထားသည့် ဖင်ဟောင်းလောင်းနှင့် ဂျပန်။ အဝတ်စုတ် ချုပ်နေသော ဂျပန်စစ်သား။ တုံးလုံးပက်လက် ဂျပန်စစ်သား။ အရိပ် ကောင်းရာ တလင်းတိုက် တစ်ခုလုံး ဂျပန်စစ်သားချည်း။
တလင်းသိမ်းပြီ၊ သင်္ကြန်ရနံ့သည်ပင် မွှေးစပြုပြီ။ သို့ဖြစ်ငြား ကိုဆေးရိုး၊ မကျီးဒန်မှအစ မည်သူမျှ ရွာထဲသို့ မဝင်ကြသေးပေ။ ရွာထဲရှိ အိမ်အားလုံးမှာ အမိုးတွေကို အချို့ တစ်ဝက်တစ်ပျက်။ အချို့ လုံးဝဖျက် ထားရချိန်ကိုး။
အမိုးတွေ လှန်ထားရမည်ဟု ဆယ်အိမ်မှူး ရာအိမ်မှူးက အမိန့်မပေး။ ဂျပန်စစ်တပ်ကလည်း အမိန့် မပေးချေ။ အမိုးရှိတဲ့ အိမ်မှသာ မဟုတ်ဘူး၊ ခေါင်မိုး ပါတဲ့ လှည်း၊ အမိုးချုပ်ထားတဲ့ ရထား (မြင်းလှည်း) ကိုတောင် လေယာဉ်ပျံက စက်သေနတ်နဲ့ ပစ်သတဲ့။ တစ်ယောက်စကား တစ်ယောက်နားဖြင့် အမိုးဖွင့်ထားကြခြင်းပင်။
စလင်းချောင်း မြောက်ဘက်ရှိ ဖောင်တော်ဦးဘုရား၊ ငါးမျက်နှာဘုရားနှင့် စလင်းမြို့အဝင်ရှိ ကုသိနာရုံဘုရားများ ဗုံးကြဲခံရပြီးကတည်းက ချွေးတပ် ဆွဲ ရပ်သွားသည်။ ညဉ့်အမှောင်အောက်တွင် ကြီးမားသော ဂျပန်စစ်တပ်များ ညစဉ်ညတိုင်း ဆုတ်ခွာသံကိုသာ ကြားရ၏။
ကိုဆေးရိုးနှင့် ရမ်းဘိုကုန်းရွာသား ယောက်ျားများမှာ ဓားလှံဆွဲလျက် ဆုတ်ခွာလာသော ထိုစစ်တပ်ကို သွားရောက် ချောင်းနေကြရသဖြင့် ကောင်းစွာ မအိပ်ကြရ။ ခြေကုန်လက်ပန်းကျကာ မှောင်ရိပ်ချုံထဲသို့ ချုံခိုကျန်ရစ်ခဲ့သည့် ဂျပန်စစ်တပ်အတွက် ပြန်လမ်း မရှိချေ။ ယနေ့စစ်တပ်ကား နောက်ဆုံးတပ်ဖြစ်ဟန်ရှိသည်။ လှည်းသံတညံညံဖြင့် ဆုတ်ခွာလာရာ ကြက်ဦးတွန်ချိန်တွင် အဆုတ်ရပ်သည်။ ဒုက္ခိတများ၊ သူနာများ တင်ထားသည့် နွားလှည်းများသည် တာလမ်းဘေးသို့ ဖဲ့ဆင်းသည်။
“အကျိုးတော့နည်းပြီဟေ့၊ တို့ရွာနားမှာ နေခိုတော့မယ်ဟ”
ကိုဆေးရိုး အထိတ်တလန့် ရေရွတ်ကာ နောက်ကြောင်း ပြန်ဆောင့်သည်။ တလင်းထဲသို့ ရောက်လျှင် ရောက်ချင်း နွားနှစ်ကောင်ကို ပြေးဖြုတ်သည်။
“ကျီးဒန်ရေ၊ ငပုတွေ ရောက်လာတော့မယ်ဟ။ ရေဘူးပေး၊ ရေဘူး၊ အဲ အဲ... လွယ်အိတ်ပါပေး”
ငပု ဟူသည် ဖက်ဆစ်အရိုင်းအစိုင်းတွေဟု ကျီးဒန် နားလည်သည်။ ကျီးလန့်စာစား ကာလဖြစ်သည့် အတွက် အထူး နှိုးနေရန် မလို။ အသံပေးရုံဖြင့် မကျီးဒန် နိုးသည်။ ချက်ချင်း လူးလဲထသည်။ ထဘီရင်ရှားဖြင့် ဘူးသီးခြောက်ကို ရေဖြည့်သည်။ ဆေးတောင်းထဲမှ ဆေးလိပ်၊ ကြိုးတန်းတွင် ချိတ်ထားသည့် ငှက်ပျောဖီးများကို လွယ်အိတ်ထဲ ထည့်သည်။
“ကြက်ဖကြီး မတွန်နိုင်အောင် ပြာနဲ့ ပက်ထားဟ၊ ကြက်သားအုပ်မကို ချုံထဲပို့ပြီး ဆောင်းနဲ့ အုပ်ထား”
အပြေးလာပို့သော ရေဘူးကို ယူ၊ လွယ်အိတ်ကို လွယ်ရာက ကိုဆေးရိုး အပြေးအလွှား မှာကြား၏။
“ထမင်းကြမ်းခဲနဲ့ ထညက် (ထန်းလျက်) ကလေး ယူထားဦးလေ”
“နေပေစေ၊ မယူတော့ဘူး၊ ငါ ကိုင်းတောထဲမှာ ရှိမယ်”
နှင်တံမပါ ရှေ့ကနွားကို ကြိုးဖျားဖြင့် ရိုက်နှင်ကာ နောက် နွားကို ဆွဲခေါ်ပြီး မလင်းတလင်း မှောင်ရိပ်ထဲသို့ ကိုဆေးရိုး တိုးဝင်ပျောက်ကွယ်သွားလေတော့၏။ ကိုယ့်နွားကို ကိုယ့်တလင်းထဲမှာ ချည်မထားမှု၊ သဘောတူညီမှု စသည်၊ ငွေကြေးစသည့် တစ်စုံတစ်ရာမျှ မပါရှိဘဲ ပစ်သ,တ်စားလျှင် ငုတ်တုတ်ခံရမည် စိုးသဖြင့် လယ်သမားများ နွားဆွဲကာ ပြေးကြခြင်း ဖြစ်၏။ ကိုဆေးရိုးတို့ ပြေး၍ မကြာမီ ဂျပန်စစ်သားများ ရောက်လာကြသည်။ အရံအတားအဖြစ် ‘ အရေတည်’ လုပ်ထားသည့် စောင်ရန်းတန်းများကို နင်းဖြို ဝင်လာကြခြင်းဖြစ်၏။
အနောက်ဘက် တလင်းမှ မစိန်ပွင့်သည် ကြက်များကို ကုန်အောင် မဝှက်ပါ။ သရက်ကိုင်းပေါ်မှ တွန်နေသည့် ကြက်တစ်ကောင်ကို တစ်စုံတစ်ယောက်က ဝါးလုံးဖြင့် ရိုက်ချသည်။
“သူခိုး …. သူခိုး”
မစိန်ပွင့် အော်ဟစ်ကာ တဲအပြင်သို့ ပြေးအထွက်တွင် ‘ခူးရား’ အော်သံနှင့်အတူ လက်ဝါးကြီး တစ်ခုက မျက်နှာဆီကို ရိုက်သဖြင့် တဲထဲသို့ ပြန်ဝင်ပြေးရ၏။ မစိန်ပွင့် နည်းတူပင် မိကြွယ်ဦး မှာလည်း ဝက်မကြီး တစ်ကောင် သ,တ်စားခံလိုက်ရသည်။ ဂျပန်စစ်သားများသည် မိုးမလင်းမီ အပြေးအလွှား ချက်ပြုတ်စားသောက်ကြသည်။ သစ်တုံးရှည်ကို အလျားလိုက် ထွင်းထားသော ‘နွားစာခေါင်း’ တွေထဲ ဆင်းပြီး ကိုယ်ချည်းတုံး ရေချိုးကြ၊ အဝတ်လျှော်ကြသည်။ မကျီးဒန် မကြည့်ရဲပါ။ တိရစ္ဆာန်တွေဟု မျက်နှာလွဲကာ ပြောမိငြား ကျယ်ကျယ် မဆိုရဲပါ။
နေခြည်တက်လာပြီ။ လေယာဉ်ပျံတွေ လာပြီ။ အမြင့်ကြီးမှ လာသည်က လာ။ နိမ့်နိမ့်ကလေး ဆင်းပြီး ကြည့်သည့် လေယာဉ်ပျံက ကြည့်။ မကျီးဒန်မှာ ကလေးကြီးကို သိမ်းဖက်ထားရာက ကလေးငယ်၏ ခေါင်းကို လက်ဝါး အုပ်ထားရသည်။ နေမထွက်မီက သားရဲမင်းရဲ စီးခဲ့သော ဂျပန်စစ်သားများ ငြိမ်သက်သွားပြီ။ သရက်ပင် အရိပ်အောက်မှ မထွက်ကြတော့။
မကျီးဒန်မှာ ကြက်နှစ်ကောင်ကို သွားကြည့်ချင်သည်။ မြွေနှင့် တွေ့မည် စိုးသည်။ သို့ရာတွင် မြွေထက် ဆိုးသော ဂျပန်စစ်သားကို ကြောက်သည့်အတွက် မသွားရဲ။ သူတို့ မျက်လုံးတွေက တစ်စုံတစ်ရာ ကြောက်ရွံ့ မသင်္ကာခြင်းကို ပြနေသည်။ သူ့စကားကို ကိုယ် နားမလည်၊ ကိုယ့်စကားကို သူ နားမလည်ဖြင့် အသားလွတ် ပါးရိုက်ခံရသော ဒုက္ခ။
တလင်းပြင် ပြောင်ပြောင်တွင် စီတန်း အိပ်နေကြပုံမှာ အလောင်းတွေ ပုံထားသည်နှင့် တူတော့၏။ မကျီးဒန်သည် သရက်ပင်တွေ လဲပြိုကုန်ပြီး အိပ်နေသော ဂျပန်စစ်သားတွေကို လေယာဉ်ပျံက မြင်သွားပါစေဟု ဆုတောင်းသည်။ ဆုတောင်းပြီးမှ ကိုယ်နှင့် ကလေးတွေရော တစ်ရွာလုံးပါ ဒုက္ခရောက်မှာပါကလား တွေးမိသဖြင့် ခုနက ဆုတောင်းကို ပြန်လည် ဘွာခတ်ရသည်။
နေချိုသည်နှင့် ဂျပန်စစ်သားတွေ ခရီးဆက်ရန် ပြင်ဆင်ကြသည်။ ထိုအခါ မကျီးဒန် ဝမ်းသာသည်။ သို့သော် ဝမ်းသာ၍မျှ မဆုံးမီ ဂျပန်စစ်သားသည် တဲထဲ ဝင်မွှေတော့သည်။ ယူငင်စရာ လုယက်စရာ ဟုတ်ဟုတ်ညားညား မရှိ။ နောက်ဆုံးတွင်မှ ဖာစုတ်၏ အောက်ဆုံးတွင် သရက်ထည်ထဘီကို သွားတွေ့သည်။
မကျီးဒန်တွင် ရှိသော ထဘီများအနက် အကောင်းဆုံးနှင့် အသစ်ဆုံး ထဘီ၊ ထိုအရာကိုမှ ဂျပန်စစ်သား မျက်စိကျသည်။ ထဘီကို ပခုံးပေါ်တင်လိုက်သည်ကို မြင်လျှင်မြင်ချင်း မကျီးဒန် ပြေးသွားသည်။
“မာစတာ၊ ဒါ မိန်းမထမိန် (ထဘီ) ပခုံးပေါ် မတင်ရဘူး၊ ပြန်ပေးပါ”
“အား ကောင်းဒက၊ ကောင်းဒက”
မကျီးဒန် ထပ်ပြောသည်။ ဂျပန်စစ်သားမှာလည်း သူ့ တတ်မြောက်ထားသည့် တစ်လုံးတည်းသော မြန်မာစကားကိုသာ ပြန်ပြော၏။ မကျီးဒန် ဆက်လိုက်ပြီး ဆက်တောင်းရ ကောင်းနိုး၊ လက်လွှတ်လိုက်ရ ကောင်းနိုး ချီတုံချတုံ ဖြစ်နေစဉ် ငှက်စုန်းထိုးသံ တစ်သံကို ကြားရ၏။
“ကျီးဒန်ရေ၊ နင့်ယောက်ျားတော့ နွားတွေနဲ့ ပါသွားပြီဟေ့”
ဟယ်ခနဲ ဖြစ်ကာ နွားတဲသို့ မကျီးဒန် ပြေးသည်။ သုံးလေးလှမ်း လှမ်းပြီးမှ တဲအဝသို့ ပြေးလာရသည်။ ကလေးနှစ်ယောက်ချည်း ထားပစ်ခဲ့၍ မဖြစ်။
“မစိန်ပွင့်ရေ မစိန်ပွင့်၊ ကိုဆေးရိုး ပါသွားပြီ ကြားလို့ ငါ လိုက်ချေဦးမယ်၊ ကလေးတွေ ကြည့်လိုက်စမ်းပါဟေ့”
“သွား သွား၊ နင့်ယောက်ျားချည်း မဟုတ်ဘူး၊ ပိတ်စနဲ့ သာဒွန်းလည်း မိသွားသတဲ့”
မကျီးဒန် တဲထဲဝင်ပြီး အင်္ကျီတစ်ထည် ယူသည်။ ဝတ်သည်က နည်းပြီး ကြိုးတန်းတွင် တင်ထားသည်က များသော၊ တစ်ထည်တည်းသော အင်္ကျီကောင်း။ နောက်ထပ် ဘာများ လိုဦးမလဲ မကျီးဒန် စဉ်းစားနေစဉ် မစိန်ပွင့် ကူးလာ၏။
“သူတို့ကိုက ကံဆိုးတာပါအေ၊ မြောက်ဘက် မြောက်ဘက်လို့ အော်တဲ့လူက ‘ကိုင်းတောထဲကို ဂျပန် တွေ မြောက်ဘက်က ဝင်လာပြီ’ ပြောတာကို မြောက်ဘက် ပြေးရမယ် ထင်ပြီး အပြေးမှာ သူခိုးရှိရာကို အထုပ်အပိုးနဲ့ ဝင်မိလျက်သား ဖြစ်သွားတော့တာပေါ့အေ”
မကျီးဒန် ပြေးသည်။ နှစ်ဖာလုံသာသာခန့် ဝေးကွာမည့် နေရာရှိ ဗိုလ်တဲသို့ ပြေးလာသည်။ ဗိုလ်တဲသို့ ရောက်တော့မှ ကိုယ့်နှယ် အပူသည်များ ရာချီပြီး ရှိနေကြောင်း သိရသည်။ မျက်ရည်စမ်းစမ်းဖြင့် မှာကြားနေသည့် မအေများ၊ နှမ အစ်မများ၊ မယားများ။ ဂျပန် စစ်သားများသည် နွားမရှိဘဲ လှည်းချည်း ရှိသည်ဆိုကာ ချမ်းသာမပေး။ လှည်းများကို လယ်သမားများ ထမ်းဆွဲဆွဲနည်းဖြင့် ဆွဲယူလာကာ ဖမ်းမိနွားများကို အတင်းခိုင်းတော့သည်။ မိုင်ပေါင်း မည်မျှအထိ လိုက်ရမည်နည်း မသိပါ။ မည်သည့်မြို့ မည်သည့်ရွာ ရောက်လျှင် ပြန်ရမည်နည်း မသိပါ။
မကျီးဒန်မှာ ကိုဆေးရိုးကို မနည်း ရှာရသည်။ တွေ့သောအခါ အင်္ကျီကိုသာ လှမ်းပေးမိသည်။ ပြောစရာ စကားရှာမတွေ့။ ရှိုက်ကြီးတငင် ငိုယိုခြင်းဖြင့်သာ အချိန်ကုန်သည်။ ကိုဆေးရိုး၊ ကိုပိတ်စတို့မှာ တောက် တခေါက်ခေါက်ဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၍ မဆုံးကြတော့ပေ။
“ကဲ.. ပြီးတာ ပြီးပစေကွာ၊ တို့သုံးယောက် မကွဲအောင်သာ သတိထားပေတော့”
ကိုသာဒွန်း သတိပေးမှ တောက်အခေါက်ရပ်သည်။ အခြားလှည်း ကြားမဝင်နိုင်အောင် ကပ်ပြီး စီထားသည်။
နေနီတစ်ခြမ်းသည် စလင်းချောင်းအနောက်ဘက်ကမ်း၌ မြုပ်ဝင်သွားချိန်။ ထိုအချိန်တွင် ရှည်လျားထူထဲသော ဖုန်လုံးကြီးသည် တောင်ဘက်သို့ တရွေ့ရွေ့ ဦးတည်သွားလေပြီ။ ကိုဆေးရိုး၏ လှည်းပေါ်တွင် ပါလာသည့် စစ်သား ခြောက်ယောက်မှာ ဒဏ်ရာပြင်းထန်သူများ၊ အပြင်းအထန် ဖျားနာသူများ၊ အသည်းအသန် ဖျားနေသူများ ဖြစ်ရမည်ဟု ကိုဆေးရိုး ခန့်မှန်းသည်။ ကိုဆေးရိုးတို့မှာ ရှေ့တွင် ဂျပန်စစ်သား မည်မျှ များသည်ကို မသိ။ နောက်တွင်မူ လှည်း အစီး ငါးဆယ်ခန့် ပါသည်ကိုသာ သိသည်။ တာလမ်း ဝဲယာတွင်လည်း ဂျပန်စစ်သားတွေ ပါနေသေးသည်။ မည်မျှဟု မခန့်မှန်းတတ်။ မည်သို့ ဖောက်ထွက်မည်နည်း။ မဖြစ်နိုင်။
ကြံစည်ရင်း၊ တွေးတောရင်းဖြင့်ပင် ကိုဆေးရိုးတို့ လှည်းသည် စလင်းမြို့၏ အပြင်ဘက်သို့ ရောက်လာပြီ။ ရှေ့က ခြေကျင်စစ်သားတွေ မရပ်နားသေးသရွေ့ လှည်းတွေလည်း မရပ်ရ။ လှည်းသမားများမှာ အပေါ့အပါးကိစ္စကို လှည်းမှာပင် ဆောင်ရွက်ကာ ပါလာသော ရေဘူးကို မော့။ ပါလာသည့် အရာကို စားနိုင်၏။ နွားများသော်မူ နားလည်း မနားရ၊ ရေလည်း မသောက်ရ။ ကိုဆေးရိုး စာနာငြား ဂျပန်စစ်သားများ မသိပါ။ စာလည်း မစာနာပါ။ နွားတွေ နှေးလာလျှင် ‘ဟေးဘိရုမာ’ အော်ကာ လှံစွပ်ကြီး ဝဲလာတော့သည်။ နွားတွေကို မရိုက်ချင်သော်လည်း ကိုယ်မသေချင်သေးသဖြင့် ရိုက်ရသည်။ ဤသို့ဖြင့် မုန်းချောင်းကမ်းပါးသို့ရောက်ချိန်တွင် ရောင်နီရောင်စကို မြင်ရသည်။ ကိုဆေးရိုးတို့ လှည်းငါးစီးမှာ ရွာထဲအထိ မောင်းဝင်လာကာ ထနောင်းပင်ရိပ်တွင် ရပ်ရသည်။ ကောက်ရိုးပုံ မရှိ။ လှည်းပေါ်တွင် ခင်းထားသည့် ကောက်ရိုး အနည်းငယ်ကို ယူကာ ချကျွေးပြီး ထိုးအိပ်တော့သည်။ အိပ်သော်ငြား ကိုဆေးရိုးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ချေ။ သို့သော် ကိုပိတ်စ နှိုးတော့မှ ထထိုင်မိသည်။
“မွဲလိုက်တဲ့ ရွာကွာ၊ တို့ရွာက အိမ်တွေ စုတ်တယ် ဆိုတာ ဒီရွာက အိမ်တွေက အပျော့ပေါ့။ ကောက်ရိုး တစ်ပုံ မရှိဘူး။ စပါး ‘စည့်’ တစ်ခု၊ ပုတ်တစ်လုံး မတွေ့ဘူး”
“ဘာရွာတဲ့တုံးကွ”
“ကန်ကုန်း ဆိုလားကွာ၊ ဟိုတဲထဲက မိန်းမက ပြောတော့ ပြောတယ်။ ဖျားနေဟန် တူပါတယ်။ မပီမသနဲ့ ကလေးနှစ်ယောက်ကတော့ သေများ သေပြီလား မသိဘူးဟ”
ကိုပိတ်စ မေးငေါ့ ပြရာဘက်တွင် တဲတစ်လုံးရှိ၏။ မိုးထားကာထားသည့် ထန်းရွက်များမှာ နှစ်နှင့်ချီ ကြာပြီဖြစ်သဖြင့် ရိုးတံများသာ ကျန်တော့သည်။ ထန်းရွက်ရိုးတံများဖြင့် မိုးထားသော တဲမှာ မြေစိုက်တဲ ဖြစ်ကာ ရှေ့သို့ အတော်ကြီး ငိုက်ကျယိုင်နဲ့နေ၏။ ကိုဆေးရိုးတို့ သာလျှင် မဟုတ်။ ဂျပန်စစ်သားများ အတွက်လည်း နှာခေါင်းရှုံ့စရာဖြစ်၏။ ရွာထဲတွင် လုယက်သတ်ဖြတ် စားသောက်စရာ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ တစ်ကောင်တစ်မြီးမျှ မရှိ။ တစ်ရွာလုံးတွင် ယောက်ျားဟူ၍ ဖျားနာနေသည့် အဘိုးအို သုံးယောက်သာ ရှိသည်။
ထိုရွာတွင် လုယက်စရာ မရှိတော့မှ ဂျပန်စစ်သားများသည် သူတို့တွင် ပါလာသည့် ‘ခြေအိတ်ဆန်’ များကို ထုတ်ချက်ကြသည်။ သူတို့ ချက်စားကြငြား မြန်မာ လှည်းသမားများကို မကျွေးပါ။ ကိုဆေးရိုးတို့မှာ ငှက်ပျောနှစ်ဖီးစီနှင့် ရေဘူးတစ်လုံးစီ ပါလာသောကြောင့်သာ တော်တော့သည်။
နွားများမှာ အစာ မစားရသဖြင့် ဝမ်းဗိုက်များ ဟောက်ပက်ချိုင့်နေသည်။ သို့ဆိုက ထိုနွားများသည် ယနေ့ည ခရီးပြင်း နှင်နိုင်ကြပါဦးမည်လား။ ကိုဆေးရိုးမှာ နွားတွေကို ကြည့်ကာ ရင်လေးနေသည်။
တစ်နေ ဝင်ဦးတော့မည်။ ဂျပန်စစ်သားများ လှုပ်လှုပ်ရွရွ ပြင်ဆင်ကြပြီ။ ကိုဆေးရိုးတို့ လှည်းများပေါ်သို့ စစ်သားနာများ ရောက်လာကြပြီ။ ကိုဆေးရိုး၏ လှည်းပေါ်သို့ သုံးယောက်သာ ရောက်လာတော့သည်။ ကျန်သုံးယောက် မည်သည့်နေရာသို့ ရောက်သွားပြီနည်း။ မည်သို့ဖြစ်စေ၊ လှည်းပေါ့သွားပြီ။
ကိုဆေးရိုးမှာ ဝမ်းသာအားရ လှည်းတပ်သည်။ အကြိုအကြားမှ လှည်းများ အလျှိုအလျှို ထွက်လာကြပြီ။ ကိုဆေးရိုးတို့ လှည်းသုံးစီးနှင့် အခြား နှစ်စီးမှာ မမောင်းရသေး။ ကိုဆေးရိုး စောင်းငဲ့ကြည့်သည်။ လှံစွပ်ကြီး တဝဲဝဲဖြင့် မကြာခဏ ဆဲရေးခဲ့သော ဂျပန်စစ်သားသည် ရိုးတံကျဲ တဲထဲသို့ ဝင်သွား၏။ တဲထဲမှ စူးစူးဝါးဝါး အော်သံကြောင့် ကိုပိတ်စ ဆင်းပြေး၏။ ကိုဆေးရိုးလည်း ဘုမသိ ဘမသိ ပြေးဆင်း၏။
“ဟေ့ကောင်တွေ ကိုယ်နဲ့ ဘာဆိုင်လို့တုံး၊ သေကုန်တော့မှာပဲ”
ကိုသာဒွန်း အော်နေစဉ်မှာပင် တဲထဲသို့ ကိုဆေးရိုး ရောက်သွားသည်။ ဂျပန်စစ်သားနှင့် ကိုပိတ်စ လုံးထွေးနေသည်။ ကိုဆေးရိုးသည် တဲအဝင်ဝမှ ဆွဲမိဆွဲရာ ဆွဲယူမိသည့် အရာဖြင့် ရိုက်ချလိုက်သည်။ သေချာစေရန် နောက်ထပ် နှစ်ချက် ရိုက်ပြီး ပြေးထွက်လာသည်။ လှည်းကို မောင်းမိမောင်းရာ တရကြမ်း မောင်းသည်။ သေနတ်သံများ အသံထွက်မျိုးစုံဖြင့် ထွက်ပေါ်လာသည်။
••••• ••••• •••••
“တဲထဲက ဂျပန်စစ်သားကို တွေ့သွားတဲ့ တခြား ကောင်တွေက ငါတို့ နောက်ကို လိုက်ပစ်တယ် ထင်တာကိုးကွ။ နွားတွေ အစာ မစားရသေးပါကလား ဆိုတာတွေ ဘာမှ သတိမရတော့ဘူး။ အတင်း မောင်းတာပဲဟေ့၊ သေနတ်သံတွေ မကြားရလည်း မောင်းတုန်းပဲဟေ့”
“ဘယ်တော့မှ ရပ်သတုံး ဘ”
“နွားနှစ်ကောင် မပြေးနိုင်တော့မှ အမောင်း ရပ်မိတော့သကွာ၊ လက်စသတ်တော့ ငါ ကြားရတဲ့ သေနတ်သံတွေက”
ဤမျှ ပြောမှဖြင့် အာခြောက်ရပေတော့မည်။ မန်ကျည်းပင်အောက်ရှိ ရေနွေးအိုးနှင့်ပန်းကန်ကို ပြေးယူသည်။
“ငါတို့ကို လိုက်ပစ်တာ မဟုတ်ဘူးလကွ၊ ငါတို့ မြန်မာပြောက်ကျားတွေက လာတိုက်တာ ဆိုကိုးကွ။ ဒါလည်း ချက်ချင်း မသိပါဘူး၊ နောက်မှ သိရတာပါ”
“ဦးပိတ်စနဲ့ ဘသာဒွန်းတို့ကော”
မြက်ထမ်းဖြင့် နောက်ဆုံး ရောက်လာသူ၏ အမေး။
“ယောင်တောင်ပေါင်တောင်နဲ့ မောင်းလိုက်လာကြတာပေါ့ကွာ၊ ဘယ်နေမတုံး”
“ဘတို့ လှည်းပေါ်က ဂျပန်စစ်သား လူနာတွေကော”
ရီးဆေးရိုး စဉ်းစား၏။
“အေးကွ၊ မင်းတို့မေးမှ ငါ သတိရတယ်။ သူ့ဘာသာသူ ကျကျန်ခဲ့သလား၊ ငါ ကန်ချပစ်ခဲ့မိသလား၊ အေးဟ... မမှတ်မိတော့ဘူး”
“ကဲ .. ပြီးသွားပါပြီဗျား”
စိန်လှမောင်သည် စိုက်ပြီးသွားသည့် တိုင်နှစ်တိုင်ကို ကြည့်ရင်း လက်ဝါးနှစ်ဖက် ရိုက်ခတ် ဖုန်ခါရာက ပြောသည်။ ပြောအပြီးတွင် ရီးဆေးရိုး ရှေ့တွင် လာထိုင်ရာက “ကျုပ်တို့ လုပ်လို့ မပြီးမချင်း ဇာတ်လမ်းက မဆုံးသေးဘူး။ ဟော … အခု ဆုံးလည်း ဆုံးရော၊ အရေးကြီးတဲ့ ငန်းပြားအကြောင်း မပါဘူး” ဆို၏။
ရီးဆေးရိုးသည် သွားဖုံးကြီးတွေ ပေါ်အောင် ပြုံး၏။
“တဲစုတ် အဝင်ဝက ငါ ဆွဲယူပြီး မုဒိမ်းကောင်ရဲ့ နောက်စေ့ကို သုံးချက် ဆက်ရိုက်တာဟာ ရိုးရိုးတုတ် မဟုတ်ဘဲ ငန်းပြား ဖြစ်နေတာ အိမ်ပြန်ရောက်မှ သိသကွာ၊ အံ့ရောဟေ့ ... လမ်းမှာ ကျမကျန်ခဲ့ဘူး။ အိမ်ရောက်အောင်ပါလာတာ၊ အဲသည် ငန်းပြားပါပဲ မောင်တို့ရာ”
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment