Sunday, September 6, 2026

ကိုယ့်ဒုက္ခနဲ့ကိုယ် ၊ သူ့ဒုက္ခနဲ့သူ


❝ ကိုယ့်ဒုက္ခနဲ့ကိုယ် ၊ သူ့ဒုက္ခနဲ့သူ❞
   ( ဌေးအောင်စိန် - အင်းမ )

ဖုတ်လုံး၊ ဖုန်လုံးကြီးများသည် အလိပ်လိုက် အလိပ်လိုက် ထောင်းထောင်းထနေ၏။ ကားသည် ဖုတ်လုံး၊ ဖုန်လုံးကြီးများထဲသို့ တိုးဝင်လိုက်တိုင်း ကျွန်တော်တို့မှာ အသက်ရှူမှား၍ အသက်ထွက်မတတ် တစ်ဆို့သွားသည်။ ရှေ့ခန်းမှ ဒု-ဦးစီး နှစ်ဦးနှင့် ဒရိုင်ဘာတို့ ကတော့ နည်းနည်းသက်သာပေဦးမည်။ ဘေးမှန်ကို အလုံပိတ်ထား၍ ရသေးသည်။ သို့သော်လည်း နောက်ခန်းမှ ဝင်လာသော ဖုန်များက ရှေ့ခန်းဆီသို့ ကူးသွားသောကြောင့် သူတို့လည်း သက်သာရာ မရနိုင်ကြ။ ရှေ့ခန်းတွင် ဒရိုင်ဘာနှင့် အရာရှိငယ်နှစ်ဦး၊ နောက်ခန်းတွင် ကျွန်တော်တို့ စာရေး လေးဦး၊ စုစုပေါင်း ခုနစ်ဦးစလုံး ကားပေါ်တွင် မျောက်ဖြူကြီးများကဲ့သို့ ဖြစ်နေကြတော့သည်။

••••• ••••• •••••

သည်လမ်းခရီးကို ကျွန်တော်တို့ မသွားလိုကြ။ ဖုတ်ထူသည်။ ဖုန်ထသည်။ သို့သော်လည်း တာဝန်အရ ထွက်ခဲ့ကြရ၏။ ယခု ထွက်ခဲ့ရသော ခရီးမှာ ဦးစီးမှူး ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးရမည် ဖြစ်သော်လည်း ဒု-ဦးစီး နှစ်ဦးကို တာဝန်လွှဲသဖြင့် ဦးသက်ခိုင်နှင့် ဦးစိုးတို့မှာ မသွားချင်၊ သွားချင် အောက်ညစ်ညစ်ဖြင့် ထွက်လာခဲ့ရလေသည်။

စာရေးဝန်ထမ်း ကျွန်တော်တို့ အဖို့၊ မည်သူ ထွက်ထွက် နောက်တော်ပါးမှ ခစားရစမြဲမို့ ဤခရီးမျိုးများမှာ ရိုးအီနေပေပြီ။ ယခင် ချောကား အဖြစ် ဟိုင်းလပ်ကားများနှင့် သွားရလျှင် ဖုတ်ခိုး၊ ဖုန်ခိုး သက်သာစေရန် ကျွန်တော်တို့က ကားခေါင်မိုးပေါ်တက်စီး လိုက်ပါ ကြသည်။ ယခု ရုံးမှ ဦးစီး စီးသည့် မာဇဒါဂျစ် ဖြစ်သဖြင့် အမိုးပေါ်က စီး၍ မရ။ နောက်ခန်းတွင် မွန်းမွန်းကျပ်ကျပ် မွန်မွန်ထူထူဖြင့် လိုက်ပါခဲ့ကြရသည်။

••••• ••••• •••••

နံနက်မြို့မှ ထွက်ခါစ ကတ္တရာလမ်းမကြီးပေါ်တွင် ရှိုးကျ မိုးကျ သက်သောင့်သက်သာဖြင့် ထွက်လာခဲ့ကြသည်။

ရှေ့ခန်းမှ ဒု-ဦးစီး နှစ်ဦး ပြောဆိုသံကို ကြားနေရ၏။

“ကိုစိုးရေ ခုမှပဲ မာဇဒါဂျစ်ခေါင်းခန်းက စီးဖူးတော့တယ်”

“ကိုသက်ခိုင်ကလည်းဗျာ၊ ပရိုမိုးရှင်း ဖြေထားတာပဲ။ ရာထူး တက်ရင် ဖင်ချေးတက်အောင် စီးတော့၊ ဟား ဟား ဟား”

သူတို့နှစ်ဦးမှာ ရယ်ကာ မောကာဖြင့် ပြောနေသော်လည်း ကျွန်တော်တို့ နောက်မှ လေးဦးမှာ ငြိမ်ချက်သားကောင်းကောင်းဖြင့် လိုက်ပါကြရတော့သည်။

••••• ••••• •••••

ညနေအပြန်တွင် ဖုန်ထူသော မြေလမ်းနှင့် ကတ္တရာလမ်းဆုံ၌ ကားကို ခေတ္တရပ်၍ ဖုန်ခါကြရတော့သည်။ မျောက်ဖြူကြီးများ ဖြစ်နေသော လူများသာမက မော်တော်ကားကိုပါ ဖုန်ခါကြရသည်။ မြို့သို့ ရောက်ရန် ကတ္တရာလမ်းပေါ် ခုနစ်မိုင်ခန့် ဆက်မောင်းရဦးမည်။ ညနေစောင်းအချိန်ဖြစ်၍ အကျည်းတန်လှချိန်ဖြစ်၏။ ဖုန်များ သန့်စင် ပြီးစီးသောအခါ ဒု-ဦးစီး နှစ်ဦးလည်း ဟန်ပါပါဖြင့် ကားခေါင်းခန်းတွင် နေကာမျက်မှန်များကို ရှိုးကျကျတပ်ကာ နေရာယူ၍ ပွဲသွား ကြော့ကြော့၊ ပွဲပြန်မော့မော့ ဖြစ်နေကြလေသည်။ ပွဲခင်းထဲက ကိစ္စ၊ ပွဲခင်းထဲမှာပင် ထားခဲ့ကြ၏။

မြို့နှင့် နီးလာချေပြီ။ လမ်းဘေး တစ်နေရာတွင် ကိုယ်ပိုင်စလွန်းကား တစ်စီး ပျက်နေသည်ကို လှမ်းမြင်လိုက်ရ၏။ ဦးစီး၏ ကားဖြစ်သည်။ ဦးစီး ဂေါက်ဖ်ရိုက်၍ အပြန်တွင် ကားပျက်နေခြင်း ဖြစ်မည်။ ကားစက်ဖုံးကို ဖွင့်၍ ကိုယ်တိုင် ပြင်နေသောကြောင့် ကျွန်တော်တို့ ကားကို မမြင်နိုင်။ ဤတွင် ကိုသက်ခိုင်က ကိုစိုးကို တိုးတိုး ပြောလိုက်သည်။

“ဟေ့လူ ကိုစိုး၊ ဟိုမှာ ဦးစီး”

ကိုစိုးက ဦးသက်ခိုင်ကို ပြန်ပြောလိုက်သည်။

“အသာနေစမ်းပါဗျာ။ ကဲ... ဒရိုင်ဘာရေ မြန်မြန်သာမောင်း”

“မကောင်းဘူး ထင်တယ်”

“သူလည်း သူ့ဒုက္ခနဲ့သူ နေဦးမှပေါ့ဗျ”

▢ ဌေးအောင်စိန် (အင်းမ)
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     အောက်တိုဘာ ၊ ၂၀၁၇

No comments:

Post a Comment