❝ ဆေးခါးကြီး ❞
▢ အယ်ကော်
လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့။ အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရတတ်တယ်တဲ့။ ဇာတ်ထဲက စကားတွေလေ။ ဟုတ်တယ်။ ဒါမျိုး အုန်းစိန့် ဘဝမှာ ပက်ပင်းကြီး တိုးနေပေါ့။ ကိုယ့်အတွက်၊ ကိုယ့်သားသမီးအတွက် ပူလိုက်ရတဲ့ အပူတွေများ ဒါတွေပြေလည်ဖို့အတွက် ရှာကြည့်တယ်။ မတတ်သာတဲ့အဆုံး ဒီလူ့ကိုပဲ သွားမြင်တယ်။ ဟုတ်တယ်။ ဒီလူနဲ့ ဆက်ဆံရတော့မယ်။ သူနဲ့ဆုံလိုက်ရင် သူ့ဆီက ထွက်လာတဲ့ အနံ့အသက်ကို အုန်းစိန် လန့်တယ်။ ဘယ်လို အနံ့မျိုးလဲလို့ အုန်းစိန် သရုပ် မခွဲတတ်။ တိရစ္ဆာန်တစ်ကောင်ကောင် အနံ့အသက်မျိုးလိုလို ထင်ရတယ်။ ရေမိုး မချိုးဘူးလား ဆိုတော့ ချိုးတာပဲ။ သူ ရေချိုးပုံက ခန္ဓာကိုယ်ကို ရေဆွတ်တာပဲ ရှိတယ်။ ချေး (ဂျီး) တွန်းတာတို့ ဘာတို့ ရှိတာ မဟုတ်ဘူး။ ဆပ်ပြာ တိုက်ဖို့ဆိုတာ ဝေလာဝေး။ ဆပ်ပြာ ဆိုတဲ့ စကားကိုတောင် သူ ကြားမှ ကြားဖူးရဲ့လား မသိ ထင်ရတယ်။
သူဝတ်တဲ့ အဝတ်အထည်လည်း ကြည့်ဦးလေ။ များများစားစား ရှိတာမှ မဟုတ်ဘဲ။ ပုဆိုးနှစ်ထည် ရှိတယ်။ အင်္ကျီက စွပ်ကျယ် တစ်ထည်၊ တက်ထရွန်လက်ရှည် ရှပ်အင်္ကျီတစ်ထည်၊ နောက် စစ်အင်္ကျီတစ်ထည်။ ဒါပဲ။ ဒါတွေက သူ့ပိုက်ဆံနဲ့ ဝယ်တာ မဟုတ်ဘူး။ သူများဆီက ပေးတာ။ သူ့လယ်ပိုင်ရှင်မ သားဆီက။ ရှိနေတဲ့ အဝတ်တွေဟာ လက်နှီးစုတ်လို ညစ်ထေးနေကြတယ်။ တက်ထရွန်အဖြူဟာ အဖြူလို့ မထင်ရတော့ဘူး။ ဖားဥရော၊ ချေး (ဂျီး) ရော လိမ်းကျံ စွန်းထင်းနေတာ။
ဒီအဝတ်တွေဟာ သူ့ အတွက် သုံးရာသီလုံး အသုံးပြုခံရတဲ့ အဝတ်အထည်တွေရယ်။ နွေရာသီ ဆိုရင် ကိစ္စမရှိဘူး၊ ဆောင်းတွင်းမှာလည်း ဒါပဲ။
အုန်းစိန်တို့ဒေသက တောထူထူ၊ တောင်ထပ်ထပ် ဒေသ။ ဒါကြောင့် ဆောင်း ရာသီဟာ ရေခဲလုနီးနီး အေး တယ်။ တောင်ချိုင့်ကြားတွေမှာဆို ရေဒီယိုတောင်မှ အသံ မမြည်တဲ့ နေရာတွေရှိတယ်။ ဒီလို အေးတဲ့ ဒေသမှာ ဒီလူဟာ သူ့ရှိတာလေးနဲ့ နေနိုင်တာလည်း အံ့ဖွယ်တစ်ပါးပဲ။
သူက လယ်ကွင်းပြင်ရှိ လယ်တဲဟောင်းတွေမှာ စခန်းချတယ်။ သူ့လယ်ပိုင်ဆီက အလုပ်ပြီးရင် ကျွဲကျောင်းတယ်။ သူ့လယ်ပိုင်ရှင် ကျွဲရော၊ အခြားက ကျွဲတွေကိုပါ စုပေါင်းကျောင်းတာ။ သူ လက်ခံကျောင်းပေးရတဲ့ ကျွဲတွေက ကျွဲဆိုးတွေ များတယ်။ ကျွဲဆိုးကိုမှ ကျောင်းချင်တဲ့လူ၊ ဈေးလည်း ပိုရတာပေါ့။ တလင်းသိမ်းပြီးနောက် ကျွဲတစ်အုပ်နဲ့ နေပါလေရော တစ်နွေလုံး။
ကျွဲကို စောင့်အိပ်ရတယ်။ လူအန္တရာယ်၊ ကျား အန္တရာယ်ကို စောင့်အိပ်ရတယ်။ စောင့်မအိပ်ဘဲပျောက်သွားရင် ကျောင်းတဲ့သူ လျော်ပေတော့။ ဒါကြောင့် စောင့်အိပ်ရတယ်။
အအေးလွန်ကဲတဲ့ ဒီလို ဆောင်းရာသီမှာ သူ နေကြာ စောင်စုတ်တစ်ထည်နဲ့ အိပ် တယ်။ “ကိုအောင်မြကျော်ကြီး မချမ်းဘူးလား” မေးရင် “ချမ်းဖို့ စောင်မှ မရှိတာ၊ ဘာနဲ့ ချမ်းမလဲ” တဲ့လေ။ ကြည့်တော့။
ဒီလူပြောတာ အစက ရယ်စရာလို့ အုန်းစိန် ထင်ခဲ့တယ်။ နောက်ပြီးတော့မှ သူ ပြောတာလည်း ဟုတ်တုတ် တုတ်ပဲလို့ တွေးပြုံးမိတယ်။
သူအိပ်မယ့် နေရာကို ကောက်ရိုး ခင်းတယ်။ ဒီအပေါ်က သပေါ့ဖျာစုတ်လေး ခင်းတယ်။ အိပ်ရာရှေ့နားမှာတော့ ထင်းတုံးကြီးတွေ မီးစွဲလို့။ ဒီလို အိပ်တာ။ ဒါဟာ သူအိပ်နေကျ ပုံစံ။
မိုးတွင်းဆိုရင် တဲပေါ် မှာ အိပ်တယ်။ လယ်ထွန်ယက်လို့ မိုးစိုရွဲလာရင် တဲအောက်က မီးစွဲထားတဲ့ ထင်းတုံးကြီးမှာ မီးကင်တယ်။ ပုဆိုး၊ အင်္ကျီတွေကို ခြောက်အောင် ကျပ်တင်မယ်။
နွေဘက်မှာ ဆိုရင်တော့ အဝတ်အစားက ချွေးတွေနစ်လို့။ တစ်ခါတစ်ခါမှ လျှော်ဖွပ်တာ ရှိတယ်။ အဝတ်ကို ရေထဲနှစ်၊ ဗြိဗြိနဲ့ဆောင့်၊ ပြီးရင် နေလှန်း၊ ပြီးရော။ ဒါ သူ့လျှော်ဖွပ်နည်း။
ဒီလိုပုံစံနည်းနဲ့ နေထိုင်သူ၊ ဒီလူ့ဆီက ထွက်လာတဲ့ အနံ့အသက်ကို စိတ်မှန်းနဲ့ ကြည့်တောင်မှ အတော့်ကို အော်ဂလီဆန်ချင်စရာပဲ။ နောက်တစ်ချက် ရှိသေး တယ်။ ဒါက အနံ့အသက် မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ရဲ့ မသတီချင်စရာပုံ။
လူက ဂင်တိုတို၊ လက်ပြင်ကုန်းကုန်း။ ရာသီဥတု ဒဏ်ကို အမြဲတစေ ခံနေရတဲ့လူ ဆိုတော့ အသားအရေဟာ ကြေးနီရောင် ထနေတယ်။ သူလမ်းသွားရင် ဘယ်ခြေထောက် ဆာတာဆာတာနဲ့ရယ်။ သူဝတ်တဲ့ ပုဆိုးက ခွေးချေးသိမ်း ဝတ်တတ်တယ်။ အလုပ်လုပ်တော့မှ ပုဆိုးကို ဒူးခေါင်းလောက် ပင့်ဝတ်တတ်တာ။
ပုဆိုးကို ခွေးချေးသိမ်း ဝတ်တာလည်း အကြောင်းရှိ ပြန်တယ်။ သူ့ရဲ့ ဘယ်ခြေခုံမှာ ခူနာစို ရှိနေလို့။ ဒီအနာ ဒဏ်ကြောင့် ခြေခုံဟာ လိပ်ခုံးလို မို့မို့ရို့ရို့ဖြစ်နေတယ်။ အနာက ဟပြဲလန်နေပြီး ခူနာစိုကြောင့် အရေပြားဟာ သမင်ဖြူလို ဖြစ်နေတယ်။
အဲဒီအနာဟာ ခြေသလုံး ထိတောင် ပြန့်နေပြီလေ။ ဒီ အနာရှိပေမဲ့ သူက အနာ ရှိတယ်လို့ကို မထင်ပါဘူး။ နာကျင်တဲ့ အရိပ်အယောင် လည်း မတွေ့ရဘူး။ ဆောင်း တွင်းမှာ နှင်းကြောင့် ပွရောင်းကြီး ဖြစ်နေတတ်တယ်။ မိုးတွင်း ပိုဆိုး။ အနာကို မျှော့တွယ်လို့ သွေးတွေ တစီးစီးနဲ့။
အဲဒီလိုအခါမျိုးမှာ အိမ်ကိုရောက်လာရင် သူ ထိုင်တဲ့ နေရာကို ခြေမချရဲ ဖြစ်ရ တယ်။ မလာပါနဲ့ ပြောရမှာ လည်း ခပ်ခက်ခက်ရယ်။ အနာကြောင့် ရွံရတာက လည်း တစ်ခု၊ အနံ့အသက် ဆိုးဆိုးရွားရွား နံတာလည်း တစ်ခုကြောင့် အုန်းစိန် အဖို့ အတော်ကို ကသိကအောက် ဖြစ်ရတယ်။
နွေရာသီမှာ အနာက ခြောက်နေတတ်တယ်။ အနာကို ဖုန်တွေ အလူးလူးလုပ်ထားတယ်။ သူ့ခြေထောက် ကြည့်လိုက်၊ စစ်သုံးခြေအိတ် စွပ်ထားသလို ဖြစ်နေတတ်တယ်။ ဒီအနာ ရှိတယ်လို့ သူ့ ပါးစပ်က တစ်ခါမှ မပြောခဲ့ဘူး။ ထော့နဲ့ထော့နဲ့ သွားရုံမှ အပ အခြား နာကျင်ကိုက်ခဲတယ်ဆိုတဲ့ ညည်းတွားသံ မကြားရဘူး။ အနာကို ဆေးဝါး ကုသရေးအတွက် ဘယ်တုန်းကမှ သူ ကြိုးပမ်းမှု မရှိဘူး။ မြစ်ချင်းပြီး တောဆေး တောင်ဆေး ကိုတောင် သူ မသုံးဖူးဘူး။ ပြောရလျှင်တော့ သူ့ခန္ဓာကိုယ်မှာ ဘာရောဂါမှ မရှိသလိုမျိုး။ တစ်ခါတစ်ရံ ဖျားနာ၊ ကိုယ်ပူ၊ ခေါင်းကိုက်တာမျိုးမှာလည်း ဘာဆေးဝါးမှ မသုံးဘူး။
ကိုယ်ပူ ၁ဝ၁ ဒီဂရီ၊ ၁၀၂ ဒီဂရီ ရှိရင်လည်း သူ့ အလုပ်ကို လုပ်မြဲလုပ်လို့။ ပါးစပ်ကတော့ မပီမသလေး ညည်းပြီးတော့ ...။
“ကိုအောင်မြကျော် ရယ် ဆေးလေးဝါးလေး ဝယ်စားပါဦးလား”
“အလကားပါကွာ၊ ကောင်းသွားမှာပါ၊ ဆေးစားတာ အကျင့်ပါတယ် မဟုတ်ဘူး၊ များသွားရင် အကုရ ခက်တတ်တယ်”
အဲဒီလို ပြောရခက်သူ။ သူ့ခန္ဓာကိုယ်ဓာတ်ခံက တစ်မျိုး ထင်ပါရဲ့။ ဘယ်လောက် ဖျားဖျား ရေချိုးချင် ရေချိုးတယ်၊ စားချင်တာ စားတယ်။ ကိုယ်ပူတက်လာရင် နေ့တိုင်းစားတာထက် ပိုစားတတ်ပြန်ရော။
အိမ်ကလူကျတော့ ဒီလို မဟုတ်ပြန်ဘူး။ ကျန်းမာ တယ်ဆိုတာလည်း ပြောမနေနဲ့။ “တို့က ဘယ်တုန်းကမှ ဖျားတယ်၊ နာတယ် ရှိပါဘူး။ ဖျားရင် နှာစေးတာလောက်ပဲ။ မင်းတို့ကျတော့ ဖြစ်လိုက်ရတဲ့ ရောဂါ၊ စားလိုက်ရတဲ့ဆေး” ဆိုပြီး ပြောတာ ကြားယောင်နေမိတယ်။
ကျန်းမာပါတယ်လို့ သူ့ ကိုယ်သူ ယုံကြည်နေတဲ့လူ ကြီးလေ။ တစ်ခါ ဖျားတာနဲ့ မထ , နိုင်တော့ဘူး။ ဟိုလို ဒီလိုကု ကိုယ်ပူမကျ။ ချောင်းဆိုးတာလည်း လွန်ရော။ ရွာမှာ ရှိတဲ့ ဆရာနဲ့ ကုရင်းကုရင်း ဆေးထိုးတာက အနာဖြစ်၊ တင်ပါးတစ်ခုလုံး ပုပ်ပွလာ။ ဒီအနာ ကောင်းဖို့ရော၊ ချောင်းဆိုးပျောက်ဖို့ပါ ကုသရင်း ရှိတာလေးတွေ ကုန်ပါရောလား။
ရင်းနှီးစားသောက်နေတဲ့ ငွေတွေ ကုန်၊ ရှိတဲ့လှေ ကိုပါ ရောင်းလိုက်ရ။ လှေ ဆိုလို့ ဒီလှေကပဲ အုန်းစိန်တို့ရဲ့ လယ်၊ အုန်းစိန်တို့ရဲ့ ကိုင်း ပေါ့။ ဒီလှေ တစ်စီးနဲ့ လင်မယားနှစ်ယောက် အတူစီးပြီး ရှာကြဖွေကြတာ။ အခု ထမင်းရှင် လှေကိုပါ ရောင်းလိုက်ရတဲ့အထိ။
နောက်တော့ ငွေလည်း ကုန်၊ လူလည်း ဆုံးဘဝ။ အုန်းစိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ လုပ်ဖို့ ကိုင်ဖို့အတွက် အခက်အခဲ ကြုံရင် သွားလေသူကို သတိရလိုက်၊ တမ်းတလိုက်။
အုန်းစိန့် အပေါ်မှာ လင် ကောင်းသားကောင်း ပီသစွာ ပေါင်းသင်းခဲ့သူ ဆိုတော့ ကျေးဇူးတရားကို ကိုကျော်ဇံ မရှိတဲ့ နောက်မှာ ပိုသိလာခဲ့ရတယ်။ ကိုကျော်ဇံရဲ့ ရိုးသားမှု၊ ကြိုးစားမှု၊ သားမယား အပေါ်မှာ ချစ်ခင်မြတ်နိုးမှ ဒါတွေကို တွေးရင်း အုန်းစိန် ရင်မှာ မချိအောင် တမ်းတလာရပြန်တယ်လေ။
“ကျောင်းဆောက်မယ်” ဆိုတဲ့ အတိတ်နဲ့ ထီထိုးတော့ တစ်ထောင်ဆု ပေါက်တယ်။ တစ်ပြားမှ မစားဘဲ ကျောင်းလှူပစ်တယ်။ ကျောင်းသံဃာစင်မျက်နှာကြက် တစ်ခု ပြီးသွားတယ်။ ဒီလို လင်ယောက်ျားရယ်ပါ။
“လှူစရာ မရှိဘူးကွာ၊ လုပ်အားလှူမယ်” ဆိုပြီးတော့ ငါးရွာသား စုပေါင်းဘုရားပွဲမှာ ရေလှူတဲ့သူ။ ဘုရားရှိရာ တောင်ပေါ်အထိ အခေါက်ခေါက် ခပ်တင်ပြီး ကာယ လုပ်အားအလှူ ပေးလှူသူ။
သူ ပြောမိတဲ့ စကားကို ပြောတဲ့အတိုင်း လုပ်ခဲ့သူ။ ဒီ လူကို အုန်းစိန် လက်လွှတ် ဆုံးရှုံးခံလိုက်ရပြီးနောက် အခုတော့ သိုက်မြုံထဲက ပျံ မထွက်နိုင်သေးတဲ့ သမီးလေးတစ်ယောက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ သားနှစ်ယောက်ကတော့ အတောင်အလက် စုံပြီ။
လက်ထဲမှာ လှေ ရှိသေးရင်တော့ အသီးအနှံတွေကို အကြွေးယူပြီး သွားနေကျနေရာတွေဆီ သွားရောင်းချရင် ဖြစ်နိုင်တာကို အုန်းစိန်သိတယ်။ အုန်းစိန်တို့ ဒေသမှာ လှေတစ်စီးနဲ့ ဝမ်းစာရှာဖွေနေကြသူချည်းပဲ မဟုတ်လားလေ။
ဒီလို အခက်အခဲ ရှိနေချိန်မှာ အုန်းစိန် မရွေးချယ်ချင်တဲ့ ရွေးချယ်မှု တစ်ခုကို ရွေးချယ်လိုက်ရတယ်။ ဒီ ရွေးချယ်မှုကို ကိုကျော်ဇံ သိ ရင် တမလွန်ဘဝက ဘယ် လောက် ခံပြင်း ဒေါသထွက် နေမယ်ကို ခန့်မှန်းကာ စိတ်မကောင်းဖြစ်မိတယ်။
“အုန်းစိန် နင် တော်တော် အသုံးမကျပါလား” ဆိုတဲ့ ကိုကျော်ဇံ အသံက အုန်းစိန်ကို သရဲသဘက်လို ခြောက်လှန့်နေတယ်။ နောက်ဆုံးတော့ အောင်မြကျော်ဆီ ချဉ်းကပ်ပြီး ကိုကျော်ဇံ ကြိုက်မယ် မဟုတ်မှန်းသိတဲ့ အလုပ်ကို ရွေးချယ်လိုက်ရတယ်။
အောင်မြကျော်ဆီက ကျွဲနို့ကို ယူတယ်။ ဒါကို ပြန်ရောင်းတယ်။ နို့ဆိုတာက တစ်ကျပ်နဲ့ ဝယ်၊ တစ်ကျပ်နဲ့ ပြန်ရောင်းလည်း ကိုယ့်အတွက် တစ်ကျပ် ကျန်တဲ့ ရောင်းကုန်မျိုး မဟုတ်လား။
ဒီလူ ကျောင်းတဲ့ ကျွဲအုပ်ထဲမှာ နို့ကောင်းတဲ့ ကျွဲမတွေ ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံနဲ့ ရေရောလို့ကတော့ မသိသာဘူးလို့ အုန်းစိန် တွက်မိတယ်။ တစ်ခုရှိတာက ဒီလို မသမာတဲ့ အလုပ်ကို ကိုကျော်ဇံ မကြိုက်ဘူး။ ရောင်းတယ် ဆိုတာ အမြတ်ရဖို့လုပ်တာ မှန်ပေမဲ့ မတော်မတရား အမြတ် ရှာတာမျိုးကို ဘယ်တုန်းကမှ လုပ်ခဲ့ဖူးသူ မဟုတ်ဘူး။
“လူဆင်းရဲပေမဲ့ စာရိတ္တ မဆင်းရဲဖို့ အရေးကြီးတယ် အုန်းစိန်” ဆိုတဲ့ စကားက အုန်းစိမ်း နို့ရောင်းချရေးကို ကြီးမားစွာ ဆွံ့အ,စေတယ်။ နောက်တော့လည်း ရိုးသွား တာပဲလေ။ လုပ်ခါစမှာ လက်တွန့်ပေမဲ့ ကျင့်သားရ လာတဲ့အခါ ရိုးအီသွားတော့ တယ်။
ဒီလိုနဲ့ အုန်းစိန်ဟာ အောင်မြကျော်ရဲ့ နို့ဖောက်သည် ဖြစ်လာခဲ့တယ်။ ဒါဟာ ရေနစ်ချိန်မှာ ဖမ်းဆုပ်မိတဲ့ ကောက်ရိုး တစ်မျှင်ပေါ့။အောင်မြကျော်က ငွေရေး ကြေးရေး စကားပြောသူ မဟုတ်။ အုန်းစိန် ပြောသမျှ ခေါင်းညိတ်သူသာဖြစ်သည်။ ဒါကတော့ အုန်းစိန်နဲ့ မှ မဟုတ်ဘူး၊ အခြားသူတွေ အပေါ်မှာလည်း ဒီအတိုင်းပဲ။ လှပန်းဖြူနဲ့ လှပန်းခိုင် ညီအစ်မနှစ်ယောက်ကလည်း မုဆိုးမရယ်။ သူတို့ အောင်မြကျော် ဆီက ငွေချေးတာ ပြန်ပေးတာလည်းရှိ၊ ပြန်မပေးတာလည်းရှိဆိုတာ အုန်းစိန် သိသားပဲ။
ဒီလူဟာ ဘယ်တော့မှ အလုပ်လက်မဲ့ ရှိတတ်သူ မဟုတ်ဘူး။ သုံးရာသီလုံး အလုပ်ရှိတယ်။ ရတဲ့ ငွေက တော့ သူများဆီမှာ ပြန့်ကျဲ သွားတတ်ပါရော။
သူ့အတွက် ပုဆိုးတစ်ထည် ဝယ်မဝတ်ဖူးဘူး။ ဖိနပ်တစ်ရန် ဝယ်မစီးဖူးဘူး။ နွေရာသီ ကျွဲကျောင်းခိုက်မှာ သူ့ထမင်းသူ ချက်စားတယ်။ ထမင်းတစ်အိုးချက်၊ ခရမ်းသီးဆို ခရမ်းသီးတစ်ခု ဒါမှမဟုတ် နောက်တစ်ခုခု။ ငါးတွေ ဘာတွေ ဝယ်မစားဘူး။ ကျွဲနို့နဲ့ စားတဲ့အခါ စားတယ်။ အတော့်ကို ခံနိုင်ရည်ရှိတဲ့ ပါးစပ်ပဲလို့ အုန်းစိန် အံ့သြရတယ်။
ဝယ်သုံးတာ တစ်ခုပဲ ရှိတယ်။ ဆေးတံသောက်ဖို့ ဆေးရွက်ကြီးရယ်။ သူ ဆေးတံ ကြိုက်တာလည်း ပြောမနေနဲ့လေ။ အိပ်ချိန်၊ စားချိန်လောက်ပဲ သူ့ပါးစပ်နဲ့ ဆေးတံပြတ်တာ။ နို့မဟုတ်ရင်တော့ အမေမွေးကတည်းက ပါးစပ်မှာ တပ်ပါလာတယ် ထင်လောက်တဲ့အထိ ပါးစပ်မှာ ဆေးတံ မြဲတယ်။ ဒီဆေးတံအတွက်တော့ သူ ငွေကုန်ခံတယ်။ ကုန်ကျစရိတ်က ဒါပဲ ရှိတာ။
သူ့ခန္ဓာကိုယ် အတ္တဘောရဲ့ ညှီစို့စို့အနံ့၊ ဆေးရွက်ကြီးနံ့၊ ဆေးတံချေးနံ့။ အတော့်ကို အခံရ ခက်တဲ့ အနံ့ရယ်လေ။ ဒီလို မစားမသောက်ဘဲ စုဆောင်းတဲ့ ငွေတွေက အတော် များများစားစား ရှိမယ် ထင်ရတယ်။ အထင်ခံရရုံလောက်ပဲ။ လက်ထဲ သိပ်မရှိဘူး။ လာချေးရင် ပေးလိုက်တာပဲ။ တစ်ခုပြောစရာရှိတာက သူ့ အပြောကို ခံနိုင်ဖို့ လိုတယ်။
“ကိုအောင်မြကျော်ရယ် ငွေလေးဘာလေး လွယ်မလား” ဆိုလာရင် သူ့ပါးစပ်က ပေါက်တတ်ကရ ထွက်ချင်ထွက်လာတတ်တယ်။ ဒါကိုခံနိုင်ဖို့ လိုတယ်။ ချေးတဲ့ငွေကို ပြန်ရရင် သူအတော် ပျော်တယ်။ မရရင်တော့ တိုင်းသိပြည်သိ ဖြစ်ရတတ် တယ်။ ဘယ်သူက ဘယ် လောက် ဘုံးပစ်တယ်ပေါ့။
ငွေကြေးကို သူ့အတွက်သာ မသုံးတာ သူများအတွက် တော့ သုံးတတ်တယ် ။ အလှူအတန်း လုပ်ရင် သူ ပါဝင်တာပဲ။ ရပ်ရွာမှာ ဆင်းရဲသူတွေ ရှင်ပြုအလှူ အထမြောက်အောင် ထောက်ပံ့တယ်။ မသာ အသုဘဆိုလည်း ဒီလူ ကူညီတတ်တယ်။ မိုးကြိုးကျော်လမ်းမှာ ဆုံးသွားတဲ့ ဒိုင်းနက်မယားတုန်းက သောင်းကျော်အထိ အကုန်ခံ ကူညီတယ်။
ကေသီစိုး မင်္ဂလာဆောင်တုန်းက သူ့ကို ဖိတ်တယ်။ ဖိတ်တာက တစ်ခုတ်တရ ဖိတ်တာမျိုး မဟုတ်။ “ဦးကြီး ဦးကြီးရဲ့မြေး မင်္ဂလာဆောင်မယ်၊ လာခဲ့ပါ ဦး” ဒါလောက်ပဲ။ လမ်းမှာ ဆုံမိလို့ ပြောတဲ့စကား။
သူ သွားတယ်။ သွားဆို သူ့မြေးတော်တယ်လို့ ယူဆ တာကိုး။ မြေးတော်တယ်ဆို တာက ကေသီစိုးအဘွားနဲ့ သူ့မိန်းမနဲ့ ညီအစ်မအရင်း ခေါက်ခေါက်ကြီး မဟုတ် လား။ သူ့မိန်းမ သိန်းလှဦး က အဲဒီ မိသားစုမှာ အကြီးဆုံးလေ။
သိန်းလှဦးနဲ့ သူ ညားခဲ့တာ ဟုတ်တယ်။ ညားပြီးကလေး တစ်ယောက်ရတယ်။ နောက် ဒီကလေးကြောင့် ကွဲသွားကြတယ်။ ဖြစ်ပုံက သိန်းလှဦးမှာ ပထမ အိမ်ထောင် ဆုံးတယ်။ ကလေး တစ်ယောက် ကျန်ခဲ့တယ်။ သိန်းလှဦးက နတ်လိုလို၊ စုန်းလိုလို ဖြစ်နေတယ်။
အောင်မြကျော်တို့ကလည်း သူ့ဆရာနဲ့ နယ်လှည့်လာကြတယ်။ သူ့ဆရာက မှော်ဆရာ၊ ဆေးရာ။ သူနဲ့ မောင်တူက တပည့်တွေ ။ ဒီမှာ သိန်းလှဦးကို ဆေးကုသ၊ ရွာထဲမှာ ဆက်လက် နေထိုင်ကြတယ်။ ဆရာက တစ်ဖက်ကမ်းက ရွာမှာ မိန်းမရတယ်။ ဒီဆရာမှာ မယားကြီး ရှိတယ်။ အခုရ တာ မယားငယ်။ ဆရာက မယားငယ်ရတော့ သူ့တပည့် နှစ်ယောက်ကိုလည်း မိန်းမ ပေးစားလိုက်တယ်။ သူက သိန်းလှဦးနဲ့၊ မောင်တူက ရွှေခိုင်ဖြူနဲ့။
သိန်းလှဦးနဲ့ ကလေး တစ်ယောက်ရပြီးနောက် စကားများကြတယ်။ ကလေးကိစ္စ။ ဒီကလေးဟာ သူ့ကလေး မဟုတ်ဘူး။ သူ့ လှည်းကျိုးထမ်းတာ ဖြစ် ကုန်ရော။ ဖြစ်ပုံက သူ့ ဆရာ။ ဆရာက မှော်ဆရာ၊ ဆေးဆရာ။ မဖွယ်မရာဆေး တွေထိုး မြှူဆွယ်၊ ဒီလိုနဲ့ လူနာနဲ့ ဆရာ၊ ဆရာနဲ့ လူနာ ဇာတ်ရှုပ်ကုန်ရော။ ဒါကို သိလို့ သိန်းလှဦးနဲ့ ကွာလိုက် တယ်။ နေရပ်ရင်းကိုလည်း မပြန်တော့ဘူး။ ဒီရပ်၊ ဒီ ဒေသမှာပဲ ဇာတ်မြှုပ်နေတော့တယ်။
မြေးမင်္ဂလာဆောင် အဘိုး သွားရမယ်ပေါ့။ သူ့ လယ်ပိုင်ရှင်မဆီက လုပ်ခငွေ တောင်းတယ်။ ဟိုက တစ်ဝက်လောက် ပေးလိုက်တယ်။ ပေးရင် ပေးသလောက် အရည်မရ၊ အဖတ်မရ ဖြစ်တတ်လွန်းလို့ ချင့်ပေးလိုက်တာ။ ငွေငါးထောင်။ ငွေဖလားထဲ ငွေစက္ကူအထပ်လိုက် ထည့် လိုက်တယ်။ လက်ဖွဲ့လက်ခံ သူတွေ မျက်လုံးပြူးရော။ သူ့ထက် ပိုရင်းတဲ့ ဆွေမျိုးတွေတောင် ငါးထောင် မဖွဲ့ဘူး။ သူက လက်ဆုပ်လက်ကိုင် ဘာမှ ရှိတာ မဟုတ်၊ လက်နဲ့ ကြွက်သားပဲ ရှိသူ။ ငါးထောင် လက်ဖွဲ့ထားသူဖြစ်လို့ သူ့ကို နေရာပေးရတော့တယ်။ သီးသန့်။ ကေသီစိုးအဖေတို့က ကောင်းကောင်းပြုစုတယ်။ အဲဒီနေ့က လူမှန်းသူမှန်း မသိအောင် သူ မူးသွားတယ်။
အောင်မြကျော် ဆိုတာ ဒီလိုလူ။ ငွေကြေးကို သုံးမှ သုံးတတ်ရဲ့လား သံသယဖြစ် စရာပေပဲ။
သူဟာ လယ်ယာထွန်ယက်မယ်၊ ရိတ်သိမ်းမယ်၊ ကျွဲကျောင်းမယ်။ ဒီအလုပ် တွေက ရမှ ငွေထင်သလား မသိ။ လယ်ယာလုပ်ငန်းမှာ ကျွမ်းကျင်သူတို့ ထုံးစံ လယ်ယာသုံး ကိရိယာတွေလုပ်တတ်တာပဲ။ ခမောက်၊ တောင်း၊ ပုတ်၊ ဖျာ၊ ဘယ်ဟာလာလာ ရက်တတ်တယ်။ ဒါတွေ ရက်ပြီး ရောင်းလည်း ငွေရမှာပဲ၊ မလုပ်ဘူး။ လုပ်ပေးပါ ဆိုရင် လုပ်ပေးတယ်။ ငွေပေးရင် “ငါ့ကို ဦးငအံလို မသန်မစွမ်း အဘိုးကြီး ထင်နေလား” လုပ်ရော။
“မဟုတ်ဘူး၊ ဦးလေး လိုရာသုံးလို့ ရတာပေါ့”
“လိုရာသုံးဖို့ မင်းပေးမှလား၊ ငါက ကောင်းကောင်းမွန်မွန်လည်း ကူညီရသေး၊ ငါ့ကိုလာကြောတယ်။ နောက် ဒါမျိုး လာမလုပ်နဲ့” ဆိုပြီး ကောလွှတ်တယ်။ ဟုတ်တယ်။ သူဟာ ပုတ်တို့၊ ဖျာတို့ကို ကျွဲထိုင်ကျောင်းရင်း ရက်တယ်။ ဒါကို တောင်းသူ ရှိရင် ပေးလိုက်ရော။ ရောင်းလား ချလား မလုပ်ဘူး။
ဒီလူ့ကို ခပ်ပေါပေါ၊ ခပ်ကြောင်ကြောင် ဆိုလို့လည်း မရ၊ လိမ္မာတယ်။ သူ့စိတ်ကူး နဲ့သူ နေတတ်တယ်။ ကျွဲနဲ့ ဖက်ပြိုင်ပြီး နေပေမဲ့ ရွာထဲ ရောက်သွားရင် ဟိုသတင်း ဒီသတင်းကိုလည်း စိတ်ဝင် စားတဲ့လူမျိုး။ ကိုအောင်မြ ကျော်နဲ့ ဘာဆိုင်လို့လဲ သွားမပြောနဲ့။
“ဒီဟာ ငါနဲ့ မဆိုင်ရင် မင်းအမေနဲ့ ငါနဲ့ ဆိုင်သလား” လို့ ပြန်မေးရော။
ဒီလူ့ပါးစပ်ကို လန့်ကြသလို ဒီလူ့လက်ကိုလည်း လန့်ကြတယ်။ သိန်းလှဦးနဲ့ ညားနေတုန်းကပေါ့။ သိန်းလှဦး ဥယျာဉ်နဲ့ ဒေါ်ဖွားမယ် ဥယျာဉ် နယ်နိမိတ်ကိစ္စ အငြင်းအခုံ ဖြစ်ကြတယ်။ ဘကြီးစံကျော်ထွန်းကို ခေါ် ဖြေရှင်းကြတယ်။ ပြေတော့ ပြေလည်သွားတယ်။ သိန်း လှဦးက ဘကြီးဘက် လိုက် တယ်လိုလို ပြောတယ်။ ဒါနဲ့ ဒီလူဟာ ဘကြီးစံကျော်ထွန်း သူတို့ အိမ်ရှေ့က ဖြတ်အသွားမှာ ထွက်ရိုက်လိုက်တယ်။ တုံးခနဲ လဲရော။
ရွာက လူတွေက ဒီကောင် လူပါးဝတယ် ဘာညာပေါ့။ တို့ဘကြီး၊ တို့ဦးကြီး၊ တို့အဘိုး၊ တို့အဘကို ရိုက်တဲ့ကောင်ဆိုပြီး ရိုက်မယ်၊ ချမယ်နဲ့ ပွက်လောရိုက်နေ တယ်။
“ဟေ့လူတွေ၊ အပြင်မှာ ရုတ်ရုတ် လုပ်မနေကြနဲ့၊ အောင်မြကျော် ဘယ်လို ကောင်ဆိုတာ နောက်ထပ် သိချင်သေးရင် လာခဲ့ကြလေ” ဒီလို စိန်ခေါ်လိုက်တယ်။ အာကျယ်နေတဲ့ ကောင် ဘယ်ကို ဘယ်လို ရောက်သွားတယ် မသိဘူး။ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတယ်။ သူ ဘယ်မှ မပြေးဘူး။ သူ ရိုက်တယ်၊ ကြိုက်သလို ပုံစံနဲ့ နေတယ်။ ဘကြီး မိသားစုကလည်း ဘာမှ ဆက်မလုပ်ရဲဘူး။ သူ့မှာ ဒီလို လက်ရဲဇက်ရဲ ရာဇဝင် ရှိနေတော့ ဒါကို လည်း လန့်တယ်။ အုန်းစိန် ဟာ ဒီလူကြီးနဲ့ မတတ်သာ လို့ ဆက်ဆံနေရတယ်။ သူ့ကို မသတီဘူး။ ရွံတယ်၊ သူပြောတဲ့ စကားတွေကိုလည်း လန့် တယ်။ ကျီးလန့်စာစား ဆက်ဆံနေရတဲ့ အနေအထား။
အုန်းစိန် ထင်တဲ့အတိုင်း သွားပုပ်လေလွင့် ပြောသံတွေလည်း ထွက်လာတယ်။ မနက်ဝေလီဝေလင်း နှင်းမကွဲခင် နို့ယူသွားတာကို အောင်မြကျော်နဲ့ သွားအိပ်နေသလိုလို။ ဒါနဲ့ ယူနေကျ နို့ကို မယူတော့ဘူး နေလိုက်တယ်။ နေအတော်မြင့်မှ အလုပ်က မည်မည်ရရ ရှိတာမဟုတ်တော့ ငတ်ပေါက်တိုးမယ်၊ လူဆိုတာ ဒီလိုပြောတတ်တာပဲလို့ ကိုယ့်စိတ်ကို ဖြေပြီးသွားတယ်။ အောင်မြကျော် ကျွဲခြံကို ရောက်သွားတော့...
“ကောင်မ ဘယ်လင်နဲ့ အိပ်လို့ ဒီလောက်တောင် နောက်ကျလာရတာလဲ”
“ဟာ ကိုအောင်မြကျော် ကလည်း မဟုတ်မဟတ်တွေ”
“ဟာမနေနဲ့၊ ငါ့ကျွဲတွေ ထောင်မှူးချောင်းဘက် ရောက်သွားပြီ။ သူများပဲခင်း ဝင်စားရင် ဘယ်လိုလုပ်မလဲ၊ အခု နင့်စောင့်နေတာ”
“ကျွန်မက နို့မယူတော့ဘူးလားလို့”
“ဘာဖြစ်လို့လဲ၊ သိန်း ထီပေါက်လို့လား၊ လင် အသစ်ရလို့လား”
အုန်းစိန် အဖြေရခက်နေတယ်။ ကိုယ့်အဖြစ်ကို ကိုယ်ဝမ်းနည်းသလိုလည်း ရှိတယ်။
“လူတွေက နင်နဲ့ ငါ့ကို သမုတ်နေကြပြီ မဟုတ်လား”
အုန်းစိန် အံ့သြသွားရတယ်။ အုန်းစိန် ဒီတစ်ခါ ခေါင်းညိတ် အဖြေပေးလိုက်တယ်။
“ငါ သိတာပေါ့ဟ။ မုဆိုးမတွေဆိုရင် ငါနဲ့ ပေးစား နေကျပဲ။ ဒါအဆန်းမှ မဟုတ်တာ။ တစ်ရွာလုံးက မုဆိုးမတွေ ငါ့မယားချည်းပဲ”
“မဆန်းလို့ ရမလားတော့”
“ယော်...ဒါဆို နင်နဲ့ငါ ညားနေကြလို့လား၊ ပြောစမ်းပါဦး။ လူဆိုတာ မဟုတ်က ဟုတ်က ပြောတာကို သိပ်မြိန်နေကြတယ် အုန်းစိန်၊ သိရဲ့လား။ ဒါကို နင်က အဟုတ်လုပ်ပြီး လက်ခံမနေနဲ့။ ကဲပါဟ၊ သူတို့ပြောသလို နင်က ငါ့ကို ကြိုက်နေလို့လား”
“စိတ်ညစ်ရတဲ့ အထဲ ကိုအောင်မြကျော်က”
“မကြိုက်ဘူး မဟုတ်လား၊ ပြီးပြီပေါ့။ ကောင်းပြီ၊ နင်ကကြိုက်တယ်ပဲထား၊ ငါကကော နင့်ကို ပြန်ကြိုက်မလား။ ကောင်းပြီ၊ ငါက ကြိုက်ရင်ကော နင်က ပြန် ကြိုက်မလား”
“တော်ပြီ တော်ပြီ”
“မကြိုက်ဘူး မဟုတ်လား၊ ဒါဆို ပြီးတာပဲ”
နောက်တော့လည်း ဒီလူကြီးပြောတဲ့အတိုင်း ကိုယ် ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုတာ ဆုပ်ကိုင်ထားလိုက် တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကျွဲ ကျောင်းရာသီ တစ်ခုလုံး နို့ ရောင်းတယ်။ ဥယျာဉ်တွေထဲမှာ ပေါင်းရှင်းတယ်။ ဒီလို လုပ်ကိုင်ရင်း အချိန်ကုန်သွားတယ်။
မဆိုစလောက်ကလေး လက်ထဲရောက်တော့ ဒါလေးနဲ့ အောက်ပိုင်း သွားမယ် စိတ်ကူးထားတယ်။ လှေ တစ်စင်းငှား၊ အကြွေးနည်း နည်းပါးပါးယူ၊ ဒါလေးနဲ့ သွားမယ်။ အောက်ပိုင်းရွာ အချို့ဟာ အုန်းစိန်တို့ ဖောက်သည်တွေ ဖြစ်တယ်။ သူများနဲ့ အပြိုင်ရောင်းလည်း ကြောက်စရာ မရှိဘူးဆိုတာ စိတ်ချပြီးသားရယ်။
ဒီစိတ်ကူးကလေးကိုသိမ်းထုပ်ထားတယ်။ ဒီအချိန်မှာ အုန်းစိန်တို့ ငါးရွာသား ဘုရားပွဲ ကျင်းပပါရော။ ဘုရားပွဲ ပြီးရင် အောက်ပိုင်း ဆင်းမယ်၊ သားကြီးကို ခေါ် သွားမယ်၊ သားအကြီးက သူ့ မိန်းမရွာမှာ။ သူ့မိန်းမတို့ဆီမှာက အလုပ်ပါးတယ်။ ဒီမှာက အလုပ် တစ်ခု မဟုတ် တစ်ခု ရှိနေတတ်တယ်။
အဖေဖြစ်သူက သူ သဘောမကျတဲ့ ကောင်မလေးကို ယူရကောင်းလားဆိုတာ တစ်ချက်၊ ရှင်မပြုရသေးဘဲ မိန်းမယူရလားဆိုတာ တစ်ချက်ကြောင့် အိမ်နား အကပ်မခံ။ အခု အဖေလည်း ဆုံးပြီဖြစ်လို့ မအေအနား ကပ်လာတယ်။ မအေ မှာလည်း ဘာမှ မရှိ၊ သားမှာလည်း ဘာမှ မရှိတဲ့ ကြားက သားအမိ အတူတူ အလုပ်လုပ်ကြမယ် ဆုံးဖြတ်ချက်ချလို့။
ဘုရားပွဲ အလယ်နေ့ညမှာ ပြဿနာတက်ကြရော။ ဟိုဘက်ကမ်းရွာ ကောင်လေး တွေက ဒီရွာက ကောင်လေး တွေနဲ့ ရန်ဖြစ်ကြတယ်။ ဒီရွာ က ကောင်မလေးတွေကို ဟိုဘက်ကမ်းရွာက ကောင် လေးတွေက စ,ရာက စကား များပြီး ရန်ဖြစ်ကြတာ။
အုန်းစိန့်သားက လူကြီး လုပ်ပြီး ဖျန်ဖြေတယ်။ ဒါကို ဟိုကောင်တွေက ချတယ်။ ဒီရွာက ကောင်တွေ ပြန်လုပ်တော့ ဟိုဘက်က တစ်ယောက် ဆန်အိတ်လို ဖြစ်သွားတယ်။
ရန်ဖြစ်ပြီး ပြေးကြ၊ ရှောင်ကြနဲ့။ အုန်းစိန့်သားက သူလုပ်တာ မဟုတ်၊ သူ ပြေး စရာမလို ပုံစံနဲ့ ခေါင်းကဒဏ်ရာကို ပွဲခင်းက ဆေးခန်းမှာ သွားပြတယ်။ ဘာပြော ကောင်းမလဲ၊ လက်သည်ရပြီ ဆိုပြီး ဖမ်း၊ ခြောက်ပေါက်ထဲ ထည့်ခံလိုက်ရရော။
ဟိုဘက်က ဒဏ်ရာရ လူနာက အပြင်းအထန်ဖြစ်လို့ ချက်ချင်း ဆေးရုံတင်ရတယ်။ ဒီကိစ္စမှာ ငါးရံ့ပြာလူးဖြစ်ရသူက အုန်းစိန်။ သားကြီး ခြောက်ပေါက်က ထွက်နိုင်ရေး အတွက် ရှာရဖွေရတယ်။ လက်ထဲ မဆိုစလောက် ရှိတာနဲ့ မရဘူး။ အတော်များများ လိုနေတယ်။ ဘယ်က ရမလဲ။ ခေါင်းမီးလောင်ပြီပေါ့။
ရွာထဲက တစ်ရာ နှစ်ဆယ်တိုးနဲ့ ဆွဲယူလို့ ဘယ်သူက ပေးမလဲ။ အုန်းစိန်မှာက လက်ဆုပ်လက်ကိုင် ပြစရာ တစ်ခုမှ ရှိတာ မဟုတ်ဘဲလေ။ ဒါနဲ့ အုန်းစိန် လက်ဝဲလက်ယာကို ကြည့်တယ်။ ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာရေပြင်။
နောက်တော့ အောင်မြကျော်ဆီ ဦးတိုက်ရတော့တယ်။
“ငါကြားထားပြီးပါပြီ အုန်းစိန်ရာ”
"ကျွန်မသား သိပ်နုံတယ်၊ အ,တယ်။ သူများတွေ ထွက်ပြေးသွားတယ်။ သူ့ကျတော့ သူနဲ့ ဖြစ်တာ မဟုတ်ဘူးဆိုပြီး မပြေးဘူး၊ ဒီမှာ ခံရတာ”
“ဒါကို နင် နုံတယ်၊ အ,တယ် ဒီလိုလား”
“ဟုတ်တယ်လေ”
“ဒီမှာ အုန်းစိန်၊ နင့်သား မနုံဘူးဟ၊ လူအ,လည်း မဟုတ်ဘူး။ သူမှ မဟုတ်တာ ဘာလို့ ပြေးရမှာလဲ။ ပြေးတဲ့ ကောင်တွေ၊ ကိုယ်လုပ်တာ ကိုယ်မခံရတဲ့ ကောင်တွေ ၊ အလကားကောင်တွေ”
“ဒါတွေထားပါတော့လေ၊ လောလောဆယ် ငွေနည်းနည်း လွယ်မလားလို့”
“နင်ကလည်း ငါ့ကို ကျော်ဇံမှတ်နေပြီလား မသိဘူး”
“အရေးထဲ ရှင်က တစ်မျိုး”
“အင်း...လက်ထဲမှာ မရှိဘူး။ သူများဆီမှာ ရှိတယ်။ သွားပြောရဦးမယ်”
“ကျေးဇူးရှင်ကြီးရယ် ကြံပေးစမ်းပါဦး”
“ဒီမှာ အုန်းစိန်၊ နင့်သားကို ငါ သဘောကျတယ်။ ဒါကြောင့် ငါ ရှာပေးမှာ။ ဒီကောင့် စိတ်ဓာတ်မျိုး ရှားတယ်။ မဟုတ်ရင် မဟုတ်ဘူး၊ မဟုတ်တာကို ဟုတ်တယ်လို့ စွဲချက်တင်ပြီး စက်တိုင်ပို့လည်းပို့ တက်မယ့်လူမျိုး”
အုန်းစိန် နားမလည်တော့။ ဘာပြောပြော သူ့သား ကိစ္စ အဆင်ပြေဖို့ရယ်၊ လူနာကို ဆေးဖိုးဝါးခ ပေးကမ်းရဖို့ ရယ် ဒီအတွက် အရေးတကြီး လိုအပ်နေတယ်။
အုန်းစိန့် စိတ်ထဲမှာ အောင်မြကျော်ဆိုတာ လူတော၊ သူတောထဲမှာ နေသူ မဟုတ်၊ ညစ်ပတ်ဟောင်စော် နေသူ၊ ခူနာစိုရောဂါသည် ဆိုတာတွေကိုလည်း သူ မစဉ်းစားနိုင်တော့။
သူ့သားအတွက် အဆင်ပြေဖို့ရယ် ...။
ဒီနောက် ရှေ့ဆက် လျှောက်ရမယ့် ခရီးရယ် ...။
▢ အယ်ကော်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂၀၁၈
No comments:
Post a Comment