Sunday, September 13, 2026

လွမ်းစရာ့အိမ်

❝ လွမ်းစရာ့အိမ် ❞
     ( ဖိုးလမင်း )

နေခြည် လင်းလက်သော နံနက်ခင်း တစ်ခုတွင် ဖြစ်သည်။

“ဟဲ့ ဝေဠု၊ ဒါတွေက ဘာလုပ်ဖို့လဲ”

မအိက မျက်ကလဲဆန်ပျာ မေးလိုက်သည်။

ဝေဠုသည် သူ သယ်ပိုးလာသော ပစ္စည်းများကို ဝုန်းခနဲ ပစ်ချလိုက်သည်။

“ဟူး ... မောလိုက်တာဟာ”

မအိ အမေးကို မဖြေအားသေး။ ဝေဠု နောက်က ထွန်းထွန်း ရောက်လာသည်။

“အလိုတော် ဒီတစ်ယောက်ကလည်း ဘယ်က အစုတ်ပလုတ်တွေ သယ်လာ ပြန်တာလဲ။ နင်တို့ ဘာလုပ်ကြမလို့လဲဟင်”

“ဟာဗျာ မမအိ ကလည်း နေပါဦး ခဏ။ မောရတဲ့ အထဲ”

“ဟဲ့ မောတာ အသာထားဦး။ နင်တို့ ဒီအစုတ်ပလုတ်တွေနဲ့ ဘာလုပ်ကြမယ် ဆိုတာ အရင် ပြောကြစမ်း”

ဝေဠုနှင့် ထွန်းထွန်း တစ်ယောက် တစ်မျက်နှာ ကြည့်လိုက်ကြသည်။ မအိက နှစ်ယောက် မျက်နှာကို တစ်လှည့်စီ နားမလည်စွာ ကြည့်မိသည်။

“အဟမ်း အဟမ်း ဒီလိုပါဟာ ဒါတွေဟာ။ နင် ပြောသလို အစုတ် ပလုတ်တွေ မဟုတ်ပါဘူး။ မရှိမဖြစ်တဲ့ ပစ္စည်းတွေပါ”

“ဟုတ်ပါတယ် မမအိ။ မရှိမဖြစ် ပစ္စည်းတွေပဲ”

ဝေဠု၏ နိဒါန်းစကားကို ထွန်းထွန်းက ကြားဖြတ် ထောက်ခံလိုက်သည်။

“ဟဲ့ ဒါတွေဟာ လမ်းထိပ် အမှိုက်ပုံထဲက ဟာတွေပဲ။ သူများတွေ အိမ်မှာ ရှုပ်လို့ လာပစ်ထားကြတာ။ ဘယ်လိုလုပ် မရှိမဖြစ် ရမှာလဲ”

မအိက မျက်လုံးပြူးပြီး မေးကလေး ထိုး၍ မေးလိုက်သည်။ သူ တအံ့တသြ ရှိ၏။

ဝေဠု နည်းနည်းတော့ အောက်သွားသည်။ သို့သော် ရှင်းမှ ဖြစ်မည့် ကိစ္စ ဖြစ်သဖြင့် ရှင်းရလေတော့သည်။

“အင်း နင်ပြောသလို အမှိုက်ပုံထဲက ကောက်လာတာတော့ မှန်တယ်။ ဒါပေမဲ့ တကယ်တမ်း လူသားတွေ အတွက် မရှိမဖြစ်တဲ့ အရာကို ဒီပစ္စည်းတွေနဲ့ ငါတို့ ဖန်တီးကြမလို့ပဲ”

“အလိုလေလေး နင့်စကားက တယ် မြင့်လှပါလား။ ငါတောင် မလိုက်နိုင်တော့ဘူး”

မအိ မျက်လုံးကလေး ပို၍ ပြူးဝိုင်းသွား၏။ ဝေဠု ခပ်တည်တည် မျက်နှာပိုးသတ်ပြီး ထွန်းထွန်းကို တစ်ချက်ကြည့်သည်။

“အင်း နားလည်အောင် ပြောရရင်တော့ အရှည်ကြီးပဲ မအိရေ။ ကဲ ဟေ့ကောင် ထွန်းထွန်း မင်းပဲ လိုရင်းကို ခပ်တိုတို ရှင်းပြလိုက်ကွာ”

ထွန်းထွန်းက လည်ချောင်း တစ်ချက် ရှင်းပြီးမှ စကားစ၏။

“ဒီလိုပါ မမအိ၊ လူတွေ အတွက် ပထမ စားဖို့ လိုတယ်၊ ဒုတိယ ဝတ်ဖို့ လိုတယ်၊ တတိယ နေဖို့ လိုတယ် မဟုတ်လား။ ကျွန်တော်တို့ … အခု … တတိယ လိုအပ်ချက် ဖြစ်တဲ့ နေစရာ အိမ်ဆောက်ကြမလို့ပါ”

“ဘာ အိမ်ဆောက်ကြမယ် ဟုတ်လား”

မအိ ရင်ဘတ်ကို လက်နှင့် ဖိ၍မေးသည်။

“ဟုတ်ပါတယ် မမအိ၊ အခု ကျွန်တော်တို့ အပင်ပန်းခံပြီး သယ်လာတဲ့ ပစ္စည်းတွေဟာ အိမ်ဆောက်ပစ္စည်းတွေပါပဲဗျာ”

“အလိုတော် … အမှိုက်ပုံထဲက အစုတ်ပလုတ်တွေကနေ ဘယ်လိုလုပ် အိမ်ဆောက်ပစ္စည်း ဖြစ်သွားရပြန်တာလဲ ပေါက်ပေါက်ရှာရှာ”

မအိ မျက်ကလဲဆန်ပျာ ပြောပြန်သည်။ သူ့စကားကို ဝေဠု မကြိုက်။ ချက်ချင်း ပြန်ချေသည်။

“နင် ဒီလို မပြောနဲ့ မအိ။ ဒီနေ့ခေတ်မှာ အမှိုက်ဆိုတာ မရှိဘူး။ ဘယ် အရာမဆို သုံးတတ်ရင် ပြန်အသုံးဝင်တယ်။ ဥပမာ ဘီယာဘူးခွံကို ကလေး အာဟာရမှုန့် ပြန်ထည့်လို့ ရတယ်။ နင်တို့ ငါတို့ ဒါကို စားပြီး ကြီးလာရတာ နင်မေ့သွားပြီလား”

ဝေဠုစကား မှန်နေ၍ မအိ ငြိမ်သွားရသည်။ ထွန်းထွန်း နှင့် ဝေဠုတို့က သူတို့ သယ်ပိုးလာသော ပစ္စည်းများကို နေရာချကြသည်။ တိုင်က တိုင်နေရာ ထား၊ အမိုးအကာက အမိုးအကာ သပ်သပ်၊ အခင်းကိုတော့ ထပ်ရှာရဦးမည်။ အိမ်က ဖျာစုတ်ပဲဖြစ်ဖြစ် ပြန်ဆွဲ တန်ဆွဲရမည်။

“ကဲ နင်တို့ ပြောတာ ဟုတ်ပါပြီတဲ့။ ဒါတွေနဲ့ ဘယ်မှာ အိမ်ဆောက်ကြမှာလဲ”

မအိ မနေနိုင်၊ ထပ်၍ စပ်စုပြန်သည်။

“မြို့သစ်မှာလေ”  

“ဘယ်မှာ”

“မြို့သစ်မှာ၊ ဒါ မြို့သစ်ပဲ။ ဒို့ အကွက် ဖော်ထားကြတာ”

ဝေဠုတို့ အိမ်ရာကွက် ဖော်ထားသည့် မြို့သစ်ကား သရက်ပင်ကြီး အောက်တွင် အရိပ်ကောင်းလှချေသည်။ စောစောက သူနှင့် ထွန်းထွန်းတို့ နှစ်ယောက် တံမြက်စည်း လှည်းထားသဖြင့် မြေပြင်မှာ ပြောင်ရှင်း နေပေသည်။

မအိ အံ့အားသင့်သွားရ၏။ ဝေဠုနှင့် ထွန်းထွန်းတို့ ကဲ့သို့ ခေတ်နှင့် အမီ မလိုက်နိုင်သည့် အတွက်လည်း နည်းနည်း ရှက်သွားသည်။

“နေဦး နေဦး။ ငါ သဲသဲကို သွားခေါ်လိုက်ဦးမယ်”

“အေး ခေါ်ခေါ် နင့်ဘာသာနင် သဲသဲ ပဲ ခေါ်ခေါ်၊ ကျဲကျဲ ပဲ ခေါ်ခေါ်။ ငါတို့က ဆောက်စရာရှိတာ ဆောက်ရမှာပဲ”

အိအိနှင့် သဲသဲတို့ ရောက်လာချိန်တွင်ကား ဝေဠုနှင့် ထွန်းထွန်းတို့၏ အိမ်နှစ်လုံးမှာ တိုင်ထူပြီး အမိုးမိုးပြီး ဖြစ်နေကြလေပြီ။

ဝေဠုက မျက်နှာစာ နေရာကောင်းတွင် နေရာယူထားသည်။ အရှေ့ဘက်သို့ မျက်နှာမူထားသည်။ သူနှင့် ကပ်လျက်တွင် ထွန်းထွန်း၏ အိမ်။

ဝေဠု၏ အိမ်မှာ အပျံစား ဖြစ်၏။ အမှိုက်ပုံက ရလာသော ဝါးအတိုအစ တို့ကို တိုင်ထူထား၏။ ချိုးလာသော ကုက္ကိုကိုင်းကို အမိုး မိုးထား၏။ မပြီးသေး၊ ဆက်ရန် ကျန်သေးသည်။ အကာ၊ အခင်း၊ အိမ်မှာ ဖျာစုတ် ပြန်ရှာရဦးမည်။ ပြီး ကားဂိုဒေါင်။

“ဟဲ့ ဝေဠု ငါလည်း အိမ်ဆောက်မယ်”

“အေး ငါလည်း ဆောက်မယ်”

မအိနှင့် သဲသဲတို့ သံပြိုင်နီးပါး ပြောလိုက်ကြသည်။ ကိုယ့်အိမ်အတွက် ကိုယ် ခေါင်းငုံ့၍ လုံးပန်းနေကြသော ထွန်းထွန်း နှင့် ဝေဠုတို့ နှစ်ယောက်သား ခေါင်းထောင်လာကြသည်။

“ဘယ်မှာ ဆောက်မှာလဲ”

“ငါက ဒီမှာ” 

“ငါလည်း ဒီနားမှာ”

“အဲဒီနေရာတွေမှာ ဆောက်လို့ မရဘူး”

“ဘာဖြစ်လို့လဲ”

“ကားအဝင်အထွက် ရှိတယ်လေ။ ဒီဘက်မှာ ကားဂိုဒေါင် ဆောက်မလို့”  

“ဒါဆိုရင် ဒီဘက်နေရာမှာ ကော”  

“အေး လွတ်တယ်၊ ဆောက်”

မအိနှင့် သဲသဲတို့ နေရာရွေးကြသည်။

“မအိ နင်က ဒီဘက်အကွက်ကို ယူ။ ငါက ဝေဠုနဲ့ မျက်နှာချင်းဆိုင် အကွက်ကို ယူမယ်”

“ကောင်းတယ်တော့ ထောင့်ကွက်ကလေး”

“အေး ယူယူ၊ ငါ့ အကွက်ထဲမှာ သရက်ပင် ပါတယ်နော်။ နင်တို့နဲ့ မဆိုင်ဘူး”

မအိ ကလည်း သူ့တွက်ကိန်းနှင့် သူ ဖြစ်သည်။

မိန်းကလေး နှစ်ယောက်သား မြေကွက် ရပြန်တော့လည်း အိမ်ဆောက်ဖို့ ခက်နေပြန်သည်။ မရှိမဖြစ် အိမ်ဆောက်ပစ္စည်းကို ဘယ်လို ရှာရမည် မသိ။ ပြီး ဘယ်လို ဆောက်ရမည်လည်း မသိ။ ဝေဠုနှင့် ထွန်းထွန်းတို့ အိမ်နှစ်လုံးကား ထိုးထိုးထောင်ထောင် ဖြစ်စပြုချေပြီ။

မအိ ဆံပင်ထဲသို့ လက်ငါးချောင်း ထိုးပြီး ကုတ်ဖိလိုက်၏။ ဈေးသည် ဉာဏ်ကား ကုတ်ပေးလိုက်မှ နိုးထ လာလေသည်။

“ဒီမယ် ဝေဠု”

“ဘာလဲဟ”

“ငါတို့ အိမ်ကို နင်တို့ ဆောက်ပေးပါလား”

“ဟာ နင်တို့ ဘာသာ နင်တို့ ဆောက်ကြပါဟာ။ ဒီမှာ အလုပ်ရှုပ်ရတဲ့ အထဲ”

“လုပ်ပါဟာ၊ ငါတို့က မိန်းကလေး ဆိုတော့ ရောင်းတာ ဝယ်တာပဲ တတ်တာ။ နင်တို့လို အိမ်တို့၊ တိုက်တို့ မဆောက်တတ်ဘူးဟ”

မအိ ညည်းညည်းညူညူ ပြောသည်။

“ဟုတ်ပါတယ်ဟာ။ နင်တို့ ဆောက်ပေးပါနော်နော်”

သဲသဲ ကပါ ထပ်၍ တိုက်တွန်းသည်။ ဤတွင် ထွန်းထွန်း ချက်ခနဲ အကြံရသွားသည်။

“ဒီလို လုပ်ကြရအောင် ကိုဝေဠု။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ နှစ်ယောက် ပူးပေါင်းပြီး မမအိ နဲ့ မသဲသဲ တို့ရဲ့ အိမ်တွေကို ကန်ထရိုက်ယူပြီး ဆောက်ကြရရင် မကောင်းဘူးလား” 

ဝေဠုမျက်နှာ ဝင်းခနဲ လက်သွားသည်။

“အေး ဟုတ်တယ်။ ဒါဆိုရင် နင်တို့မှာ ပိုက်ဆံရှိလား“

“ရှိတယ်”  

သံပြိုင်။

မအိ စကတ်အိတ်ကို ပုတ်ပြသည်။ ချိုးချိုးချွတ်ချွတ် အသံမြည်သွား၏။ သဲသဲက နှိုက်ထုတ်ပြီး လက်ဝါးပေါ် ဖြန့်ပြလိုက်သေးသည်။ ကြွေပန်းကန်စေ့ကလေးများ အဖွေးသား။

“အေး၊ ကောင်းပြီ။ ဒါဆိုရင် ဒို့ ဆောက်ပေးမယ်”

ကန်ထရိုက်တာများနှင့် အိမ်ပိုင်ရှင်များ ဈေးညှိကြသည်။ အချိန်ညှိကြသည်။ မနက် ထမင်းမစားမီ အပြီး။

စာချုပ် ချုပ်ကြသည်။ စရန်ပေးကြသည်။

ဝေဠုနှင့် ထွန်းထွန်းတို့ လမ်းထိပ် အမှိုက်ပုံဆီသို့ အိမ်ဆောက်ပစ္စည်း ရှာရန် တစ်ခေါက် ပြန်သွားကြ၏။ ဝါးတို ဝါးစကို မွှေနှောက်ရှာကြ၏။ ဓနိစုတ်များ၊ စက္ကူပုံးများ ကောက်ကြ၏။ ကုက္ကိုကိုင်းအနိမ့်များ ချိုးကြ၏။ သူတို့ ပြန်ရောက်ချိန်တွင်ကား သရက်ပင်ရင်း မြေတလင်းတွင် မအိ နှင့် သဲသဲ သာ မကတော့။ ပြုံးချို ပါ ရောက်နေလေ၏။

“ကိုဝေဠု ကျွန်တော်လည်း အိမ်ဆောက်မယ်ဗျာ”

အိမ်ရောဂါကား မိန်းကလေးနှစ်ယောက်ထံမှ တစ်ဆင့် ပြုံးချို ထံ ကူး စက်နေလေပြီတည်း။

“ဟေ မင်းက ဘယ်မှာ ဆောက်မှာလဲ”

“ဒီမြို့သစ်မှာပဲပေါ့ဗျာ”

“ဟာ ဒါမှ ပြဿနာပဲ။ အိမ်ရာကွက် ဖော်တုန်းက မင်း မရှိတော့ မင်းအတွက် ထည့်မထားဘူးကွ။ မင်းက စောစောမှ မလာပဲ”

“အမေက သူ ဈေးသွားတုန်း ငရုတ်သီးတစ်ဆုံ ထောင်းထားဆိုလို့ ညက်အောင် ထောင်းနေရသေးလို့ပါဗျာ။ လုပ်ပါဗျာ ကိုဝေဠုကလည်း၊ ဒီဘက်နားလေးမှာ ကျွန်တော် ဆောက်မယ်ဗျာ”

ပြုံးချိုက ဝေဠုအိမ် ဘေးမှ လွတ်နေသော နေရာကို ညွှန်ပြသည်။

“ဟ အဲဒီနေရာက ငါ့ကားဂိုဒေါင်နဲ့ ပန်းခြံ နေရာကွ”

“ဒါဆို ဒီသရက်ပင်ရင်းမှာကော”

“အမယ် အမယ် မလုပ်ပါနဲ့။ အဲဒီမှာ ငါလက်ဖက်ရည်ဆိုင် ဖွင့်မလို့”

မအိ ခပ်ပြတ်ပြတ် ဟန့်လိုက်သည်။

“ဒါဆို ဒီနေရာ ဆောက်မယ်ဗျာ” 

“အဲဒါ လမ်းနယ်မြေကွ။ ကျူးကျော်လို့ မရဘူး”

ထွန်းထွန်းက ကြားဝင် ကန့်ကွက်ပြန်၏။

“ကဲပါဟယ်၊ နင်တို့ကလည်း သူလည်း ပါချင်တာပေါ့ဟဲ့။ ကဲ ပြုံးချို လာ နင် ငါ့ဒီဘက် ဘေးက ကပ်ဆောက်။ အကြီးကြီးတော့ ဆောက်လို့ မရဘူးနော်။ သေးသေးပဲဆောက်”

နောက်ဆုံး သဲသဲက ဖဲ့ပေးသဖြင့် ပြုံးချို နေရာရသွားသည်။ မြေကွက်ရပြီ ဆိုတာနှင့် အိမ်ဆောက်ဖို့ လုံးပန်းရတော့သည်။ ဘယ်လို ဆောက်မလဲ။ ဘာနှင့် ဆောက်မလဲ။ ပုံစံ၊ ပစ္စည်း။

အိမ်ဆောက်ပစ္စည်းအတွက် လမ်းထိပ်က အမှိုက်ပုံဆီသို့ သူ ပြေး၏။ မကျန်၊ ဘာမှ မကျန်။ ဝေဠုတို့ သယ်သွားကြပြီ။ ကုက္ကိုပင်ဆီသို့လည်း သူ ရောက်လိုက်သေး၏။ လက်လှမ်းမီရာ အနိမ့်ကိုင်းများ မရှိတော့။

သရက်ပင် အောက်က မြို့သစ်တွင်ကား အိမ်လေးလုံး အပြိုင် ဆောက်နေကြလေသည်။ ပြုံးချို ဘေးမှသာ ရပ်ကြည့်နေရ၏။ ရင်ထဲမှာ ကလိကလိ ထနေသည်။ အိမ်ဆောက်ပစ္စည်း ဘယ်လို ရှာရပါ့။ ပစ္စည်း ရှိရင် ငါလည်း သူတို့ လောက်တော့ ဆောက်တတ်ပါရဲ့။

ပြုံးချို စိတ်ဆင်းရဲသည်။ အများ သူ ငါ အိမ်ကိုယ်စီ ရှိသွားချိန်တွင် သူ့မှာ နားခိုရာ မဲ့ချေ၏။ ကံခေလှပါလား။

ဝေဠုက သူ ဆောက်ထားသည့် အိမ်ကလေးထဲ ဝင်ထိုင်လိုက်သည်။  နေရာထိုင် ဖျာစုတ်ကလေးနှင့် ဆိုတော့ တုံးလုံးပက်လက်လည်း လှဲလို့ ရသည်။

မအိက သူ့အိမ်ဘေး သရက်ပင်ရင်းတွင် လက်ဖက်ရည်ဆိုင် ဖွင့်သည်။ လက်ဖက်ရည်ဆိုင်တွင် ကက်ဆက်ဖွင့်သည်။

“ကိုကိုနဲ့ ပဲ နေမယ် စိတ်ကူးတယ် ဒန့်ဒန်ဒန်”

သဲသဲက သူ့အိမ်က တီဗွီကို အောက်စက်နှင့် တွဲဖွင့်ပြီး ထွန်းထွန်းကို ခေါ် ပြသည်။ ဗီဒီယိုကား အလကား ကြည့်ရ၏။ သို့သော် နေကြာစေ့ ဝယ်စားရသည်။

ပြုံးချို တော်တော် အခံရ ခက်၏။ မြေ ရှိပြန်တော့လည်း အိမ်မဆောက်နိုင်လို့ လူရာ မဝင်။ လောကကြီးက အခက်သားပါကလား။ ခုနေ မင်္ဂလာစုံတွဲ ပေါက်လို့ ကတော့ သူတို့ထက် သာတဲ့ မြင့်တဲ့ အထပ်တင်တိုက် ဆောက်ပစ်လိုက်မည်အမှန်။

ရုတ်ခနဲ စိတ်ကူးဉာဏ် တစ်ချက် ဝင်းလက်သွားသည်။ ညာလက်မကို သွားစွယ်ဖြင့် ခပ်ဖွဖွလေး ကိုက်ပြီး ဆက် စဉ်းစား၏။ ဟုတ်ပြီ၊ အဲဒါ တကယ့် အကြံကောင်းပဲ။ လူဆိုတာ ကံမြင့်လာတာ မမြင်ရပေမဲ့ ဉာဏ်ပွင့်လာရင်တော့ အထင်ကရပါပဲ။

ပြုံးချို အိမ်ဘက်သို့ ခပ်သုတ်သုတ် အိမ်ပေါ်သို့ ပြန်ခဲ့၏။ အမေ့ အရိပ်အခြည်ကို ချောင်းကြည့်သည်။ မရှိ။ ဈေးက ပြန်မရောက်သေး။ အဘွား အသံလည်း မကြားရ၊ အိပ်နေလောက်သည်။

အဆင်ချောလှ၏။ ပထမ အခြေကို နှဲ့ကြည့်သည်။ မြေမှာ မစိုက်။ တင်ရုံ တင်ထား၏။ သူ့တွင် ရှိသမျှ အင်အား အကုန် သုံး၍ မကြည့်သည်။ မနိုင်။ ခဏနေဦး၊ ညာဘက်လက်မကို သွားစွယ်ဖြင့် ခပ်ဖွဖွလေး ကိုက်ပြီး စဉ်းစားပြန်သည်။ ထွက်စမ်း၊ ထွက်စမ်း၊ ဉာဏ်။

အား သိပြီ သံတူးရွင်း။ အိမ်ခြေရင်း ခန်းထောင့်မှာ နံရံနား ကပ်ပြီး လှဲထားသည်။ ခြေသံ မကြားရအောင် အိမ်ပေါ်သို့ တက်ရ၏။ သံတူးရွင်းကို အသံ မမြည်အောင် ကောက်ရ၏။ ခြေသံ မကြားအောင် ပြန်ဆင်းရ၏။ လုံးဝ အသံတိတ်။

တိုင်ခြေကို သံတူးရွင်းဖြင့် ကလော်လိုက်သည်။ နည်းနည်း ရွေ့သွား၏။ နောက်တစ်ချက် အားစိုက်ပြီး ကလော်လိုက်သည်။ တုံးလုံး လဲကျသွားလေသည်။ အပေါ်မှ ရေများ ဖိတ်စဉ်ကုန်သည်။ ပစ္စည်းပစ္စယ တချို့ ထွက်ကျကုန်သည်။ ကိစ္စ မရှိ။ ရေပါဖို့ မလို။ ပစ္စည်းပါဖို့ မလို။ အိမ်ပါဖို့သာ လိုသည်။

အပင်ပန်းခံ အားစိုက်ပြီး တဖြည်းဖြည်းချင်း ကလော်လိုက်၊ တွန်းလိုက်၊ ဆွဲလိုက်ဖြင့် သရက်ပင်မြို့သစ် အိမ်ရာစခန်းသို့ ပြုံးချို၏ အိမ်ကလေး ရောက်လာလေ၏။

အားလုံး အံ့အားသင့်ကုန်ကြရသည်။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး မအိ၏ ကက်ဆက်သံတွင် ငြိမ့်နေသော ဝေဠု ငေါက်ခနဲ ထလိုက်မိသည် ကက်ဆက်သံလည်း အော်တိုပိတ်သွား၏။ ထွန်းထွန်း နှင့် သဲသဲ ကန်ထရိုက်အိမ်ထဲမှ လုထွက်လိုက်မိရာ ကန်ထရိုက်အိမ် ပြိုကျသွား၏။ ကိစ္စမရှိ နောက်မှ ပြန်ဆောက်မည်။

လောလောဆယ်တွင် သူတို့ ပြုံးချိုကို ဝိုင်းကူကြလေသည်။ တစ်လျှောက်လုံး တုံးလုံးပက်လက် တရွတ်တိုက် ပါလာခဲ့ရသော အိမ်ကလေးသည် ကလေးများ၏ လက်တွင် ပြန်ထောင်သွားလေသည်။ ပြုံးချို ရထားသော အကွက်ထဲတွင် နေသားတကျ နေရာရသွားလေသည်။

သရက်ပင်မြို့သစ်အိမ်ရာစခန်းနေ အိမ်ထောင်စု အားလုံးသည် ပြုံးချို၏ ထူးဆန်းသော အိမ်ကလေး သူတို့ မြို့သစ်ထဲ ရောက်ရှိလာသည့် အတွက် အလွန် ဝမ်းသာအယ်လဲ ရှိကြသည်။

ကိုယ့်အိမ်ကို ကိုယ် ဂရုမစိုက်အား၊ ကက်ဆက် မဖွင့်အား၊ တီဗွီ မကြည့်အား၊ ပြုံးချို၏ အိမ်နားတွင်သာ ဝိုင်းနေမိကြသည်။

ပြုံးချိုသည် အိမ်ပေါ်သို့ အခန့်သား တက်ထိုင်၏။ စင်စစ် အခန့်သားတော့ မထိုင်နိုင်။ ခပ်ငုံ့ငုံ့သာ ထိုင်ရ၏။ ခေါင်း မလွတ်၍ ဖြစ်သည်။

“အဟမ်း အင်း လောကမှာ ဒီလို အိမ်ကြီးရခိုင်နဲ့ နေနိုင်တယ် ဆိုတာ နည်းတဲ့ ကုသိုလ်ကံ မဟုတ်ပေဘူး။ အင်း ပြောရရင်တော့ ကံကော၊ ဉာဏ်ကော၊ ဝီရိယကော ဆိုပါတော့လေ”

ပြုံးချို အာလောက်သံဖြင့် ဆိုမိန့်လေ၏။ ဝေဠု၊ ထွန်းထွန်း၊ မအိ နှင့် သဲသဲတို့ အားလုံး ပါးစပ် အဟောင်းသား၊ မျက်လုံး အပြူးသား၊ ခြေမလှုပ်၊ လက်မလှုပ် ငေးနေမိကြတော့သည်။

ကြာကြာ မငေးလိုက်ရ။ ပြုံးချို၏ မိခင်သည် အိမ်နီးချင်း မိန်းမဖော် တစ်ယောက်နှင့် စကား တတွတ်တွတ် ပြောရင်း ဈေးက ပြန်လာလေ၏။ သရက်ပင်မြို့သစ် အိမ်ရာစခန်းသို့ အရောက်တွင် လက်ဆွဲခြင်းသည် ဖုတ်ခနဲ ပြုတ်ကျသွားလေ၏။ ရွှေရင်ကို လက်စုံ ဖိလိုက်ရသောကြောင့် ဖြစ်၏။

“အမယ်လေးလေး ဒုက္ခပါပဲ။ မြတ်စွာဘုရား ကယ်တော်မူပါ။ အမေ နန်ကရိုင်းမယ်တော်ကြီး မျက်မာန်တော် ရှပါရော့မယ်။ ဘုရား ဘုရား၊ ဟဲ့ ပြုံးချို လာခဲ့စမ်း။ ဆော့စရာ ဒီလောက်တောင် ရှားသလားဟဲ့။ ကဲဟာ ကဲဟာ”

ပြုံးချိုကား သူ့မိခင်၏ လက်ဝါးရိုက်ချက်များ အောက်ဝယ် အားခနဲ၊ ဝါးခနဲ အော်ငိုရင်း မျက်ရည်များကို ပါးပြင်ပေါ်သို့ ညှစ်၍ ညှစ်၍ ချနေရလေတော့သည်။

ဝေဠု၊ ထွန်းထွန်း၊ မအိနှင့် သဲသဲတို့ကား ပြုံးချို၏ လွမ်းမျက်ရည်များကို မကြည့်ရက်သည့် အလား ကျည်ကွယ်၊ မျက်ကွယ်တွင် နေရာယူထားကြလေသတည်း။

▢  ဖိုးလမင်း
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      မေလ၊ ၁၉၉၄ ခုနှစ်


No comments:

Post a Comment