❝ ဖုံးတုန်းလုံးတုန်းမှာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
နှင်းငွေ့ မသမ်း၊ နှင်းနံ့ မကြုံသေး။ သို့ဖြစ်ငြား စပါးနှံ နုနုဥဥကလေးတွေမှာတော့ နှင်းဥကလေးတွေ ခိုနေသည်။
ရီးဆေးရိုးသည် ငါ့ဟာ မဟုတ်၊ အနတ္တ ဟူ၍ ဆင်ခြင်နေမိငြား ဝမ်းသာမိသည်။ ပီတိအလှကို မလွန်ဆန်နိုင်။ သူ ပီတိဖြစ်အောင်လည်း စပါးပင်တွေက လှသည်။ လေပြည်ကလေးသည်ပင် စပါးပင်တွေ ယိမ်းနွဲ့ဟန်ချီစေရန် မတတ်နိုင်ပြီ။ အနှံများ ပြူသည်က ပြူ၊ ငိုက်သည်က ငိုက်ကြပြီ မဟုတ်လား။ လေးလံစ ပြုပြီကိုး။ စပါးဖုံး အမြှေးပါးအောက်က နို့ရည်ခဲ စပါးစေ့ကလေးတွေကို မြင်ရသည်က ရီးဆေးရိုး အတွက် ကြည်နူးစရာကောင်းချေသည်။ ထိုအခါ ရွှင်လန်းမိသည်။ ကြည်လင်အားရ ခံစားမိသည်။
စပါးပင်တိုင်းသည် ကြည့်၍ မဝ။ ကြည့်ပြီးရင်း ကြည့်ချင်စရာကောင်းသည်။ တစ်ပင်ပြီး တစ်ပင် ငုံ့ ငိုက်ပြီး ကြည့်လာစဉ် ခြေသလုံးကို ပဲရွက်တွေက ပွတ်သည်။ တိုင်ထောင်ပဲရွက်က ချောမွေ့သည်။ ပဲလွန်းရွက်မှာမူ အမွေး ကလေးတွေနှင့် ယားကျိကျိ။ သို့စဉ်မှာပင် ရီးဆေးရိုး တုံ့ခနဲဖြစ်၏။ တအားစိုင်းနှင်နေသော ‘နွားပြေး’ ကို နဖားကြိုး ဆွဲခံလိုက်ရသောနှယ် တုံ့ရပ်သည်။ စိုးရိမ်စိတ်သည် မျက်နှာပြင်ပေါ် ရောက် လာ၏။ အမြင်အာရုံဝယ် နှင်းသီးကလေးတွေ တွဲလွဲ ခိုနေသော စပါးနှံဖူးဖူးကလေး။
“ဘာကြောင့် နှင်းစက်သီးရသလဲ၊ ညတုန်းက မြူဆိုင်းလို့များလား။ သည်လိုဆိုရင် မိုးရွာနိုင်တယ်”
အတွေးသည် အားမထုတ် မကြိုးပမ်းရဘဲ ဝင်လာသည်။
“အင်း ... မိုးရွာရင်တော့ ခပ်ကောင်းကောင်းပဲ၊ ရေတစ်အိုးမိုးတစ်ပေါက် မဟုတ်လား”
မိုးကို လိုလားသောအတွေးသည် စင်စစ်အားဖြင့် တာမရှည်။
‘ဒါပေမဲ့ အားကြီးရွာပြီး ရက်ရှည်ဆွဲနေရင်တော့’ ဟူသည့် စိုးရိမ်တွေးဝင်လာသောကြောင့်တည်း။
‘လယ်နက်’ တွေထဲက ကောက်ပင်တွေမှာ ကောင်းလှသည်။ သမားရိုးကျ အိုးပစ်မကွဲအောင် ထသော သန်သောမျိုးမဟုတ်။ သက်တမ်းစပါး။ စပါးထွက်ရေးသာ အဓိကထားသော စပါး။ သို့ပါလျက် သန်လှသည်။ သည်သန်မာထွားကျိုင်းသော ကောက်ပင်သည် အနှံငိုက်ငိုက်ဖြင့် လေးလံနေပြီ။ သည်အခိုက်တွင် မိုးကြီး ရက်ရှည် ရွာပါက လဲတော့ခွေတော့မည်။ စပါးနှံတွေ ရေစိမ်ခံရတော့မည်။ ကျွမ်းကျင်သော စိတ်ရှည်သည့် ကောက်ရိတ်သမားကို အထူးနှုန်းဖြင့် ‘ခေါ်ကောက်’ အရိတ်ခိုင်းရတော့မည်။
သည်နှယ် တစ်သီကြီး အတွေးများ ဆင့်ဆက် ပွားသော် မိုးကို ရီးဆေးရိုး မလိုလားချင်ပြီ။ မိုးရေ ဖျန်းရုံကလေး ဖျန်းသွားပြီး သာယာမြဲသာယာ၊ ကြည်လင်မြဲ ကြည်လင်မည်ဆိုပါက ရွာပါမိုး။ သို့သော် အိလေးမဆွဲပါနှင့်မိုး။
ကောက်ပင်များကြားက ‘စွက်’ ခနဲ အသံတစ်သံ။ ငါးပွက်သည်လော၊ ဖားခုန်ချသည်လော မသိပါ။ မသိငြား ရီးဆေးရိုး၏အာရုံသည် လယ်ကွက်ထဲရှိ ‘အောင်ရေ’ ဘက်သို့ ရောက်သွားပြန်သည်။ ‘ရေနေ’ သည် အလောတော် ဖြစ်၏။ သည်ရေခန်းပြီး ခြေနင်းခံချိန်နှင့် မောင်းညိုချိန်သည် အခန့်သင့်ဖြစ်မည်။
ဤသို့ဆိုလျှင် ‘အထက်ရေ’ အခြေအနေ မည်သို့ ရှိသနည်း။ ရီးဆေးရိုး ‘လယ်ပွဲ’ ၏ အထက်ဘက်တွင် လယ်ပွဲပေါင်း ၂ဝ ခန့်ရှိသည်။ သည်လယ်များမှ ပိုလျှံ ရေထုတ်ရန် ‘လဝါ’ သီးခြားမရှိ။ အောက်လယ်ပွဲများသို့ ကန်သင်းတစ်ခုပြီးတစ်ခု၊ လယ်တစ်ကွက်ပြီးတစ်ကွက် ဖြတ်သန်းစီးထွက်၏။ လယ်ပွဲတစ်ပွဲမှ တစ်ပွဲသို့ ပိုလျှံရေများ စီးသွား၏။ တကူးတကန့် ရေသွင်းရန် မလို။
မြောင်းလက်တံအောက်မှ ငုပ်လျှိုးပြီး ‘ထန်းသား ပြွန်’ တစ်လုံး မြှုပ်ထားသည်။ အထက်လယ်ပွဲမှ ရေသည် ဤထန်းသားပြွန်မှ လာမြဲ ဖြစ်၏။ သို့သော် ထန်းသားပြွန်သည် လယ်ကွက် သုံးကွက်အကျော် တွင်ရှိ၏။ ကောက်ပင်တွေ ကွယ်နေ၍ မမြင်ရ။ ပြွန်ကို မမြင်ရစေကာမူ လယ်ကွက်တွင်းမှရေသည် ရှင် သန်စီးဆင်းနေ၏။ ‘ကတွတ်ပေါက်’ ကို မြှင့်ထားရာ ကတွတ်ပေါက်မှ ကျော်ကျနေ၏။ လယ်ကွက်တိုင်းရှိ ကတွတ်ပေါက်များကို မြှင့်ထားသောကြောင့် ရေကျသံ တိုးတိုးမျှင်မျှင်သည် လယ်ပွဲ၏ တေးနှယ်ဖြစ်တော့သည်။
ထိပ်ဆုံးမှ လယ်ပွဲက ရေမဖြတ်မချင်း တသွင်သွင် စီးနေလေ့ရှိသောရေ ။ ယခု မစီးတော့ပြီ။ ကတွတ်ပေါက်ကို မကျော်တော့။ ရီးဆေးရိုး ရှည်ရှည်ဝေးဝေး မတွေးအား။ ဦးစွာလုပ်ရမည့်အလုပ်ကို ချက်ချင်းလုပ်မည်။ ညောင်ပင်အောက်သို့ ပြန်ပြေးလာကာ ငန်းပြားကို ယူသည်။ အောက်ဆုံးလယ်ကွက်ရှိ ကတွတ်ပေါက်ကို အသေပိတ်လိုက်တော့သည်။ အောက်လယ်ကလူ လာရောက်မဖောက်နိုင်စေရန် ထူထူမြင့်မြင့် ဖို့သည်။ ဆူးခက်တွေ၊ ထန်းလက်ခြောက်တွေပါ ထပ်ဆင့်အုံလိုက်သေးသည်။
••••• ••••• •••••
၂
“ဟ.. ဘယ်လိုဖြစ်တာတုံး”
နံနက်က ရီးဆေးရိုး လယ်ပြင်သို့လာခဲ့စဉ်က မြောင်းမကြီးထဲတွင် ရေရှိသည်။ လာရိုးလာစဉ် ပြည့်ပြည့်ဝဝ လာနေသည်။ ရီးဆေးရိုးသည် လယ်ကြားမြောင်းကို လက်ဝဲဘက်မှာထားပြီး လျှောက်လိုက်၊ ဖြတ်ကျော်လိုက်၊ လက်ယာဘက်မှာထားပြီး လျှောက်လိုက်ဖြင့် လာခဲ့စဉ်ကလည်း လယ်ကြားမြောင်းထဲတွင် ရေအပြည့်။ အစိုက်နောက်ကျသူများမှအပ ရေ လိုသူ မရှိချိန် ဖြစ်သည်။ သို့ကြောင့် ‘ဝါတာကွပ်’ မှ လာသမျှရေဖြင့်ပင် လယ်ကြားမြောင်း ပြည့်နေသည်။ ဆည်ရင်းမှ ရေဖြတ်မည့်ရက်သည် အနည်းဆုံး ၇ ရက် လိုပါသေးလျက် ယခု ဘယ်လို ဖြစ်ရသနည်း။ ငန်းပြားရိုးပေါ် လက်တစ်ဖက်တင်၊ လက်တစ်ဖက် ခါးထောက်လျက် မြောင်းခွက်ပက်လက်ကြီးကို ရီးဆေးရိုး ငေးနေမိသည်။ ရွှံ့မည်းမည်းများသည် ရီးဆေးရိုးကို ဝမ်းပန်းတနည်း ကြည့်နေကြသည်။
“ဗျို ရီးဆေးရိုး”
လယ်ကြားမြောင်း ခြားထားသော မြောက်ဘက် လယ်ပွဲမှ ကိုဘအုန်း ဖြစ်သည်။ ခွေးလှေးယား ချုံ အကွယ်မှ ငန်းပြားထမ်းလျက် ထွက်လာသည်။ သူ့ နောက်တွင် သူ့သား ချက်ကြီး ဓားမကြီးကို ခါးတွင် ထိုးထားရာ လမ်းလျှောက်တိုင်း ဓားက လှုပ်ယမ်းသည်။ ဓားလှုပ်တိုင်း ပုဆိုးက တို၍ တို၍ တက်နေသည်။
“ဘယ်လိုဖြစ်တာတုံးဗျ”
“ဘာ ဘယ်လိုဖြစ်ရမှာတုံးကွ၊ မင့်ဟာက အရင်းမရှိ အဖျားမရှိ”
ကိုဘအုန်းသည် အဖြေမပေး၊ တစ်ဖက်မြောင်း ပေါင်တွင် ဆောင့်ကြောင့်ထိုင်သည်။ ဒူးနှစ်လုံးပေါ် လက်နှစ်ဖက်တင်လျက် ရွှံ့နှင့် မည်းမည်းကျန်နေခဲ့သော မြောင်းခွက်ကို ငုံ့ကြည့်နေ၏။
“ဘယ်လိုဖြစ်ရမှာတုံးဗျ၊ သည်အတိုင်းသာဆိုရင် ကျုပ်ရဲ့ နှမ်းခင်းကျွတ် လယ်ကလေးတွေ နွားရိတ် ကျွေးရတော့မှာပဲ”
“သာလောက်တောင်ပဲလားဟ”
“သာပေါ့ဗျာ၊ ဆယ့်လေး ငါးရက်စာလောက် ရေ လိုသေးတယ်ဗျ။ အေးလေ ဆယ့်လေး ငါးရက် မရတောင် နောက်ထပ် ၇ ရက်လောက် ရေဝဝ သောက်ရရင် မဆိုးပါဘူး”
ရီးဆေးရိုး ခပ်ဆိုင်းဆိုင်း လုပ်နေပြီးမှ ထင်မြင်ချက်ပေး၏။
“အထက်က ဖြတ်တာ မဟုတ်ဘဲ မြောင်းကျိုးတာ များဖြစ်မလားပဲ”
“ဟုတ်မယ် မထင်ပါဘူးဗျာ၊ သည်အချိန်ကြီးမှာ ဘယ်သူက လာပြီး မြောင်းချိုးရမယ်လို့”
ထိုအခါ ချက်ကြီးက ဝင်ပြော၏။
“ဘကြီး ပြောတာ ဖြစ်နိုင်တယ်အဖေ”
“မင်းက ဘာသိလို့ ဖြစ်နိုင်ရပြန်တာတုံး”
ကိုဘအုန်းက မျက်လုံးလှန်ကြည့်ရာက သဘော မကျသဖြင့် ဆစ်ပိုင်း၏။
“ကုလားပဲ စောစောကြဲချင်တဲ့လူတွေနဲ့ ငရုတ်သမားတွေ၊ ရေယူတာ ဖြစ်ရမယ်”
“တော်စမ်းကွာ”
ကိုဘအုန်း မျက်နှာလွှဲလျက် မနှစ်မြို့ဟန်ပြလိုက်ပြီးမှ “ဒါလောက်ရေတွေ ပေါင်းလန်နေတဲ့ဥစ္စာ” ဟု စကားကို အဆုံးသတ်၏။
“မင်းကလည်း ကလေးကို မာန်ဖို့ပဲ စိတ်ကူးနေတာကလား”
ရီးဆေးရိုးက ညည်းညည်းတွားတွား ပြောသောအခါ ကိုဘအုန်း သုန်မှုန်ပြေလျော့သဖြင့် ရီးဆေးရိုး ဆက်ပြော၏။
“မင်း စဉ်းစားကြည့်၊ ကုလားပဲ စောစောကြဲချင်တဲ့ မြေဟာ ဘယ်လို မြေလဲ၊ ရေမတက်လို့ ဆိုတဲ့မြေကွက် ကွ။ ဟော ကုလားပဲ ကြဲဖို့ ရေလိုတဲ့အခါကျတော့ မြောင်းကို ပင်းပြီး”
“မလိုပါဘူးဗျာ၊ စက်နဲ့ တင်မှာပေါ့”
ကိုဘအုန်း၏ ကြားဖြတ်စကား။ ရီးဆေးရိုး မျက်လုံးပြူးမျက်ဆန်ပြူးကြည့်ကာ “မင့်ဖေကလွှား” ဟု ဆဲရေးသည်။ ဆောင့်ကြောင့်ထိုင်လိုက်ရာက ပုဆိုးစကို စုလုံးလျက် အဖုလုံးကြီးဖြစ်အောင် ထိုးသွင်းပြီးမှ ဆက်၏။
“မင့်ဘိုးအေ ဒီဇယ်ဆီ ရှားလွန်းလို့၊ တော်ရုံတန်ရုံ လူ ရေစုပ်စက် မငှားနိုင်ဘူး။ အဲဒါကြောင့် ပိုက်ဆံ မကုန်တဲ့ လမ်းကို လိုက်တာ”
ကိုဘအုန်းသဘောပေါက်ဟန်ရှိ၏။ ခေါင်းညိတ်၏။
“မင်းပဲ စဉ်းစားကြည့်ပေါ့၊ တရားဝင် ‘ဝါတာကွတ်’ နဲ့ပေးတဲ့ ရေ။ ပြွန်ပိုနဲ့ ပေးတဲ့ ရေ။ အဲဒီ ရေ မတက်တဲ့ လယ်ကို ရေတင်ချင်တယ်၊ ဘယ်လိုလုပ်မလဲ”
“မြောင်းမကြီး ပင်းမှာပေါ့ ဘကြီးရ”
ချက်ကြီး၏ ထောက်ခံချက်ကို ရီးဆေးရိုးက သူ့ ပေါင်သူ လက်ဝါးဖြင့်ပုတ်လျက် ကောင်းချီးပေးသည်။ သို့တစေ ကိုဘအုန်း လက်မခံချင်။
“မြောင်းလျှောက်တွေ၊ မြောင်းအင်စပက်တော်တွေ ဘယ်သွားထားမလဲ၊ ကဲ”
“အ ပါ့ ဘအုန်းရာ”
ရီးဆေးရိုး တဟားဟားရယ်သည်။ သရော် လှောင်ပြောင်သောရယ်သံ ဆုံးမှ “မင်း မယုံရင် အထက်ဘက်ကို တက်သွား၊ ဆည်ရင်းက ရေဖြတ်တာဖြစ်ဖို့ထက် မြောင်းမကြီးကိုပိတ်ပြီး ရေသွင်းနေဖို့က ပိုများတယ်” ဆို၏။
“သည်လိုဆို မြောင်းလျှောက်တွေကိုပါ အဲသည်မှာ တွေ့ နေမလား
" “တွေ့ ချင်လည်း တွေ့ မှာပေါ့ကွာ။ သူတို့လည်း၊ ပျို့ ဟော ကိုကြီးအုန်းတို့ပါကလား”
ရီးဆေးရိုး၏ စကားထဲသို့ ဝင်ရောက်ရော လျှောက်လာသူမှာ ကိုထွန်းလှိုင် ဖြစ်၏။ ရီးဆေးရိုး၏ အထက် လယ်ပွဲမှ ကိုထွန်းလှိုင်။
“မြောင်းရေ ဘယ်အချိန်က ပြတ်သွားတာတုံးဗျ”
ဆက်လက်မေးမြန်းရင်း ရောက်လာသည်။
“မနက်တုန်းက ငါ လယ်ပြင်ကို အလာမှာ မြောင်းကြီးထဲမှာရော လယ်ကြားမြောင်းတွေမှာပါ အောတိုက် နေတာပါ မောင်ရာ၊ ခုနတုန်းကမှ လယ်ထဲ လျှောက်ကြည့်ရင်း ‘ရေသေ’ နေတာမြင်လို့ မြောင်းထဲလာ ကြည့်တော့မှ ရေမရှိတာ သိတော့သဗျား”
“ပါတော ပိတ်ကရော”
ထွန်းလှိုင်က မောသံဖြင့်ဆိုသည်။
“မင်းက ကိစ္စမရှိပါဘူးကွာ၊ ဘအုန်းသာ”
“ဘယ်နှယ်ကိစ္စမရှိရမှာတုံး၊ ကျုပ် လယ်သုံးကွက် တစ်ကျိပ်စိုက်လောက်က ရေငတ်လယ်တွေဗျ။ တစ်နေ့ထက် ပိုပြီး ရေမနေတဲ့ ကုန်းလယ်တွေဗျ။ နောက်ထပ် ၁၅ ရက်လောက် ရေသောက်ရမှ ဖြစ်မှာ”
“ဒါဆိုရင် ငါပြောသလို မြောင်းပိတ်ပြီး ရေတင် နေတာဖြစ်လိုဖြစ်ငြား အထက်တက်ကြပါလားကွာ၊ အဲ .. တကယ့်ကို ရေပြတ်တာဆိုရင်တော့”
“ခက်တယ်ဗျာ”
“ညည်းမနေနဲ့၊ ထ ထ”
ထွန်းလှိုင်သည် ထကား ထရပ်ပါ၏။ အညည်းအတွားမူ မရပ်သေး။
“မြောင်းပေါင်တွေက စည်းကမ်းမရှိတော့ဘူး။ တစ်နေရာက ပင်းလိုက်ရင် အဲသည် ပျက်နေတဲ့နေရာတွေက ကျိုးကရော။ ‘ပင်းတား’ ကို ဖျက်လိုက်ပေမယ့် သူ့အထက်က ကျိုးတဲ့နေရာက ကောင်းမလာဘူး”
ကိုဘအုန်းသည် ထွန်းလှိုင်အား တစ်လှည့်၊ ရီးဆေးရိုးအားတစ်လှည့် မျက်စိသူငယ်ဖြင့်ကြည့်နေရာက “ကျုပ်လယ် ဘယ့်နှယ်လုပ်မလဲ” မေးသည်။
“ထွန်းလှိုင်သာ အရေးကြီးတာပါကွာ၊ မင်းက အနားမှာ အိုင်ကြီး ရှိနေသားပဲ”
“ရှိပေမယ့် ခင်ဗျားလည်း ခုနက ပြောတယ် မဟုတ်လား။ ဒီဇယ်ဆီက ငယ်ထိပ်တက်ကပ်နေတာ။ ဘာနဲ့ သွားပြီး ရေစုပ်မတုံး”
ရီးဆေးရိုး ရှုံမဲ့ပြီး ခေါင်းယမ်း၏။
“တယ်ခက်တဲ့ကောင်ပါကလား၊ ‘ခနွှဲ’ နဲ့တင်ပေါ့ဟ”
“ခနွဲ မရဘူးဗျ၊ ဝါးတစ်ရိုက်ကျော်ကျော် ဝေးတာကြီး”
ရီးဆေးရိုးမှာ လက်လျှော့ရမည်သို့ ဖြစ်သွား၏။ သို့ရာတွင် သူ့မျက်နှာသည် ချက်ချင်း ဝင်းလက်လာ၏။ “ခူနင်းပြီး သွင်းပေါ့ကွာ” အားပါးတရပြော၏။
“ခူ ဟုတ်လား”
“ဘကြီး၊ ခူ ဆိုတာ ဘောက်ဖတ်လားဟင်”
စိတ်ညစ်သော်ငြား ရီးဆေးရိုး ရယ်မောနေမိလေသည်။
••••• ••••• •••••
၃
ရီးဆေးရိုး၏ မှတ်ဉာဏ်ထဲတွင် ကိုရင်ဘဝတုန်းက ကျက်ခဲ့ရသော စာများ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ မှတ်မိသည် ထင်ငြား ပါးစပ်မှ ထွက်မလာ။ ခါးပိုက်ထောင်ထဲမှ ဆေးလိပ်တိုကို ထုတ်ပြီး မီးညှိသည်။
“ထွန်ကိုင်း ထွန်သန်၊ မကျန် စုရုံး၊ ထွန်တုံး ထွန်ပိုး၊ ကြိုးနှင့် ကျွဲနွား၊ အစုံထားလျက်၊ ရှေ့ဖျား ထွန်မြဲ၊ ပစ်ကြဲမယုတ်၊ ပျိုးနုတ် ကောက်စိုက်၊ ရေတိုက်ရေသွင်း၊ ခူနင်းမောင်းထည့်၊ မှည့်လျှင်တို့၍၊ ရိတ်ပြီး၍တုံ၊ နယ်သွေ့ လှန်းရ ဤသို့စသား”
ရှေ့ဆက်၍ မရတော့ပါ။ သို့ဖြစ်ငြား ရီးဆေးရိုး ဝမ်းသာသည်။ သူ ရွတ်ဆိုချင်သည်မှာလည်းသည် ‘ခူနင်း’ ပင် မဟုတ်လား။ ဘကြီးဖုန်း၏ ရေငတ်နေသော ‘သာဒွန်းဝမြောင်းသောက်’ လယ်ကြီးသည် အာထဲရုံ၌ ဘွားခနဲ ပေါ်လာသည်။ အနှံတွေက ထွက်စ၊ သည်အခိုက်တွင် ရေပြတ်သွားသော သာဒွန်းဝ မြောင်း။ ရင်ထုသူက ထု၊ ငိုသူက ငို၊ မှိုင်သူက မှိုင်။
“ကျန်ကြီးရေ၊ သူတကာတွေ အကြံမရခင် တို့က မြန်မြန်ထက်ထက် လုပ်ကြစို့ဟေ့”
ကိုဆေးရိုး၏အဖ ဦးကျန်ကြီး သည်ပင် အစိတ် အရွယ်သာ ရှိသေး၏။ ထိုအချိန်က ကိုဆေးရိုး အသက်မှာ ရှိလှမှ ခြောက်နှစ်။ ပုဆိုးကွင်းသိုင်းလျက် အဖေ့ပုဆိုး ဆွဲကာ နှပ်တရှုံ့ရှုံ့ဖြင့် လိုက်ပါသွားရသော လယ်ပြင်တောကြီး။ ဘကြီးဖုန်း လယ်ဘေးတွင် လမ်းဌာနက တူးသော တာကျင်းများရှိသည်။ ရှိငြား ရေက စပ်စပ်ကလေး။ ခနွှဲဖြင့် တစ်မနက်ပင် ပက်ရန် မလို။ သည်ဘက် တာကျင်းများတွင် ရေမဖြစ်စလောက်သာ ရှိငြား တာလမ်း ဟိုဘက်ရှိ တာကျင်းများတွင် ရေတွေ လျှံနေသည်။ ခနွှဲဖြင့် ပို့ရန်မလွယ်။ မဖြစ်။ ကိုဆေးရိုးကား ရေပက်ဖို့သွားတာ ငမန်းစွယ်၊ သံသပ်၊ ပုဆိန်တွေက ဘာလုပ်ဖို့ပါလိမ့် တွေးလျက်ပါသွားသည်။ ကိုဆေးရိုး နားမလည်လည်း မလည်စရာပင်။ ဘကြီးဖုန်းနှင့် ဦးကျန်ကြီးတို့သည် ထန်းပင်တစ်ပင် ကို လှဲသည်။ တာလမ်း၏ ခါးလယ်နှင့် တိုင်းပြီး ဖြတ်သည်။ ထန်းတုံးကို ထက်ခြမ်းခွဲပြီး ဖြတ်သည်။ အလယ်အူသားတွေ ထုတ်ပစ်ပြီးနောက် တာလမ်းပေါ် ကန့်လန့်ဖြတ် တင်လိုက်သည်။
“အဖေ ဘာလုပ်မလို့လဲ”
ရေရှိသည့် ဘက်တွင် တိုင်စိုက်ပြီးသည်အထိ ကိုဆေးရိုး သဘော မပေါက်သေး။
“ခူဆိုတာ အဲဒါပေါ့ သားရဲ့၊ အဖေတို့ ‘ခူမောင်း’ နင်းမလို့”
ထန်းသား ရေတံလျှောက်တွင် စိုက်ထားသော တိုင်နှင့် တန်းကိုအားပြုလျက် ဘကြီးဖုန်းနှင့် ဦးကျန်ကြီးတို့ အဖျားပေါ်တက်နင်းသည်။ ရေတံလျှောက် အဖျားပိုင်းသည် ရေထဲတွင် နစ်သွား၏။ နင်းထားသော ခြေထောက်များ ရေထဲသို့ ရောက်သွား၏။ ရေတံလျှောက် အဖျားသည် မြင့်တက်သွားကာ တာလမ်း ဟိုဘက်သို့ ရေတွေ ဝေါခနဲ ရောက်သွားတော့သည်။ ထန်းသားခေါင်း ‘ရေတံလျှောက်’ ကြီးမှာ လေးလံလွန်း၏။ ယောက်ျားသားနှစ်ယောက်မှာ ခြေသလုံး ကြွက်သားကြီးတွေ အမြှောင်းလိုက် ထလာ အောင် အားစိုက်ရ၏။ ချွေးသည် ကျောပြင်၊ ရင်ဘတ် စသော အသားပြင်မှာသာ ယိုသည် မဟုတ်၊ ဆံပင်ဖုံး နေသော ဦးရေဖျား ကပါ စိမ့်ကျသည်။
အမေကြီးထွေးတို့ သားအမိ ထမင်းပို့ ရောက်လာ သောအခါ ‘ခနွှဲ’ ပါလာသည်။ သို့သော် ရေပက်ခွက်ကား သံပုံးမဟုတ်၊ သစ်စေးကျံထားသော ‘နှီးခံတောင်း’ ကြီးဖြစ်သည်။ ဘကြီးဖုန်းနှင့် ဦးကျန်ကြီးတို့ ရုတ်တရက် ထမင်းမစားနိုင်သေး။ သူတို့ မစားနိုင်စေကာမူ အမေထွေး သားအမိကား ထဘီတိုတိုဝတ်လျက် ခနွှဲ ထိုးကြပြီ။ ခူမောင်းနင်းသူ နှစ်ယောက်မှာလည်း ထမင်းစားပြီးနောက် ဆေးလိပ်ကိုယ်စီဖြင့် တစ်အောင့်သာ ကျောခင်းနိုင်သည်။ ထွက်ပြူစ ကောက်ပင်များအတွက်၊ တမန်းပြင် ပင်ကြား မဟမီ ရေပေးရန် အရေးကြီးသည်။ တစ်အောင့်တစ်နား ကျောခင်းပြီးနောက် ဆက်ပြီး ခူနင်းသည်။ ပါးစပ်တွေ ကိုယ်စီဟ လာငြား မနားကြ။ မှောင်ရိပ်ဖုံးလာလည်း မနား။ လ ထွက်လာလည်း မနား။ ရေတံလျှောက် အဖျား နစ် စရာ ရေ မရှိတော့မှသာ ရပ်လိုက်ကြသည်။
ထိုအချိန်ဝယ် ကိုဆေးရိုးမှာ တာလမ်းဘေး မြက်ဖုတ်ပေါ်တွင် ကွေးကွေးကလေး အိပ်ပျော်နေပြီဖြစ်သဖြင့် သူ့အဖေနှင့် သူ့အဘိုးဝမ်းကွဲတို့ မည်သည့် အချိန်၌ အိမ်ပြန်ကြသည်ကို မသိလိုက်တော့ပေ။
••••• ••••• •••••
“ငါမှတ်မိသမျှ ‘ခူ’ ကတော့ အဲဒါပဲကွ။ ဆန်ဖွပ်တဲ့ မောင်းက မောင်းတုံးလို နိမ့်လိုက်မြင့်လိုက်ဖြစ်သွားလို့ မောင်း ခေါ်တာပဲကွ”
သူ့ကိုယ်တွေ့ ‘ခူ’ ကို အဆုံးသတ်ရင်းက မီးသေ နေသော ဆေးလိပ်ထိပ်ကို ချိုးချိုးချွတ်ချွတ်မြည်အောင် ထိုးသိပ်လိုက်ရာက မီးခတ်ကို ခြစ်သည်။
“အလေးကြီးနေမှာပါဗျာ”
ကိုဘအုန်း ညည်းသည်တွင် ရီးဆေးရိုး ထရပ်သည်။
“မင့်အဖေကလွှား၊ ထန်းသားနဲ့ လုပ်ထားတဲ့ ရေ တံလျှောက်ပဲကွ၊ လေးသလား မေးမနေနဲ့၊ လေးမှာပဲ။ ပင်ပန်းသလား မမေးနဲ့၊ ပင်ပန်းမှာပဲ”
“ပင်ပန်း ပင်ပန်း ဘကြီးရာ၊ သည်နည်းပဲ ရှိတော့ရင် သည်နည်းပဲ လုပ်ရမှာပေါ့။ သည်လိုမှ မလုပ်ရင် ပျက်စီးမှာက အနည်းဆုံး စပါးတစ်ရာ့ငါးဆယ်ဗျ”
ချက်ကြီးကား လူငယ်ပီပီ ထက်သန်၏။ တက်ကြွ၏။ ရီးဆေးရိုးမှာလည်း သည်ထက်သန် တက်ကြွမှုများ ကူးစက်ရွှင်လန်းသွား၏။
“ဒါပေါ့ကွ၊ ပင်ပန်းမှာပဲ၊ မဖြစ်နိုင်ပါဘူး ညည်းနေမယ့်အစား မဖြစ်ဖြစ်အောင် လုပ်ရမှာပေါ့”
ထိုသို့ ပြောရာက ကိုဘအုန်းကို ငုံ့ကြည့်သည်။
“ကဲ ဘအုန်း၊ ကလေးကတောင် ဒါလောက် စိတ်သန်နေရင် မင်းက မှိုင်မနေပါနဲ့ကွာ”
“မမှိုင်ပါဘူးဗျာ”
“ဒါပေမဲ့ ‘အထက်ရေ’ ဖြတ်လို့ ပြတ်တာထက် စည်းကမ်းမဲ့တဲ့လူတွေ မြောင်းမကြီးကို ‘ပင်း’ တာ ဖြစ်ဖို့ များပါတယ်ကွာ၊ တက်ပြီး ကြည့်လိုက်ပါဦး”
ကိုဘအုန်းသားအဖအား တိုက်တွန်း အပြီးတွင် ထွန်းလှိုင်ကို လှမ်းကြည့်သည်။ ထွန်းလှိုင်မှာ တစ်ခေါ် သာသာ အဝေးသို့ ရောက်သွားပြီး ငန်းပြားထမ်းလျက်၊ ဓားမခါးထိုးလျက် ထွက်သွားပုံမှာ မြောင်းညာသို့ တက်မည့်ပုံဖြစ်သည်။
“အင်း ရေဖြတ်တာ မဖြစ်ပါစေနဲ့၊ ပြတ်တာပဲ ဖြစ်ပါစေ”
အောက်ဆုံး လယ်ကွက်သို့ လှမ်းကြည့်သည်။ ဗျိုင်းတစ်အုပ်ကို မြင်ရသည်။ ဗျိုင်း အဘယ်ကြောင့် ကျရသနည်း။ ဆူးခက်အုပ်၊ ထန်းရွက် ဖုံးထားခဲ့သည့် ကတွတ်ပေါက်ပင် ပေါက်သလော၊ ကျိုးသလော။ မဖြစ်သေး၊ သွားဦးမှ၊ ကြည့်ဦးမှ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုးပေါင်းချုပ်
No comments:
Post a Comment