Monday, September 14, 2026

ကြယ်ငါးကောက်သူများ


❝ ကြယ်ငါးကောက်သူများ ❞
             ( ရဲကျော် )

“ဆရာ၊ ဆရာ့စားပွဲပေါ်မှာ ဖိတ်စာတစ်စောင် တင်ထားတယ်ဆရာ။ လာပို့တဲ့ သူက ရန်ကုန်က လို့တော့ ပြောတာပဲ။ ကျွန်တော်လည်း သေချာ မမေးလိုက်မိဘူး”

တပည့်ကလေး မောင်နိုင်ထူး၏ ပြောသံကြောင့် နောင်သော် တစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ ဝါထွက်ပြီ ဆိုကတည်းက ဒီလို ဖိတ်စာတွေက မကြာခဏ လာနေကျ မဟုတ်ပါလား။ ရန်ကုန်က ဆိုတော့ ဆေးကျောင်းတူတူ တက်တုန်းက သူငယ်ချင်း တစ်ယောက် ဖိတ်တာပဲဖြစ်ဖို့ များသည်။ သူငယ်ချင်းတွေကတော့ စွံကုန်ပြီ။ မိမိသာ လူပျိုကြီးတစ်ပိုင်း ဖြစ်မှန်းမသိ ဖြစ်နေပြီ။ နောင်သော် မိမိ အဖြစ်ကို တွေးပြီး သဘောကျစွာ ပြုံးမိသည်။ အပြာနုရောင် စာအိတ်ကလေးကို စားပွဲပေါ်မှာ အခန့်သား တွေ့ရသည်။ စာအိတ်ကို ဖောက်လိုက်သည်။ ပန်းရောင်ဖျော့ဖျော့ ဖိတ်စာကလေးထက်က ရွှေအိုရောင် ရေးထိုးထားသည့် စာလုံးလေးတွေကို မြင်လိုက်ရချိန်မှာတော့ သူ့နှလုံးသားမှ ခပ်ယဲ့ယဲ့ မျှော်လင့်ချက် တစ်ခုသည် ကမ္ဘာတစ်ဖက်ဆီသို့ လွင့်သွားလေပြီဖြစ်မှန်း သူသိလိုက်ရပါသည်။

“မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ...
ဗိုလ်ကြီး ရဲမင်းထူးနှင့် Dr သီတာနွယ်”

ဖိတ်စာကလေးက လှပစွာ တောက်ပြောင်နေသည်။ ခမ်းနားလှသည်။ လူကုံထံ အသိုင်းအဝိုင်းတွေ၏ မင်္ဂလာဖိတ်စာမျိုး အဖြစ်သာ တွေ့ရလေ့ ရှိသော ဖိတ်စာကလေးသည် နယ်မြို့လေး တစ်မြို့၏ လက်ထောက် ဆရာဝန်လေး တစ်ယောက်ကို လှောင်ပြုံး ပြုံးနေသလား ထင်မှတ်ရသည်။

“ဪ...နွယ်ရေ၊ မင်း လိုချင်တဲ့ ဘဝမျိုးမှာ မင်းရဲ့ ကြီးမား လှပါတယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ တစ်ပုံတစ်ပင်နဲ့ မင်း ပျော်နိုင်ပါစေ”

“မောင် ဖြစ်ချင်သလို မထင်မရှားဘဝနဲ့တော့ နွယ့်ဘဝကို မဖြတ်သန်းနိုင်ဘူးမောင်”

နွယ့် စကားသံတွေကို သူ့ နားထဲမှာ ပြန်ကြားမိသည်။ ဘဝ အခြေအနေတွေ မတူခဲ့တော့ သူနှင့် နွယ်က ရည်ရွယ်ချက်တွေ၊ ခံယူချက်တွေ မတူခဲ့။ မတူညီခြင်းတွေ၏ အဆုံး သတ်က သူတို့ နှစ်ဦးကို အခုလို ထာဝရ ဝေးကွာစေသော အဖြစ်ကို ရောက်စေခဲ့သည်။

လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က ပထမနှစ် စာသင်ခန်းထဲမှာ နွယ် ဆိုသော မိန်းမချောလေး တစ်ယောက်နှင့် သူ ရင်းနှီးခဲ့ရသည်။ မျက်လုံးကလေး ဝိုင်းစက်ကာ နှာတံ ချွန်ချွန်ကလေးနှင့် သွားတက်ကလေး ပေါ်အောင် ပြုံးပြတတ်သော နွယ့်ကို သူ ရင်ခုန်ခဲ့မိသည်။ တိတ်တခိုး စွဲလမ်းခဲ့သည်။ ချစ်ခဲ့ရသည်။ နွယ်တို့ မိသားစုက ချမ်းသာသည်။ သူတို့က ဆင်းရဲသည် မဟုတ်သော်လည်း နွယ့်ဘဝနှင့် ယှဉ်လျှင်တော့ ကွာခြားလွန်းပါသည်။ ဖွင့်ပြောဖို့ ကြံရွယ်မိတိုင်း ခဏခဏ သူ နောက်ဆုတ်မိခဲ့သည်။ နွယ်က စိတ်ရင်းကောင်းသည်။ သနားတတ်သည်။ မောက်မောက်မာမာ ဝင့်ကြွား၍ မနေတတ်။ နွယ်နှင့် ပတ်သက်မိသော သူ့အဖြစ်မှာသာ တစ်နေ့တခြား အချစ်စိတ်တွေ တိုးပွားလာခဲ့ရသည်။ နွယ် ကလည်း ရိပ်မိပါသည်။

ဒီလိုနှင့် အဆုံးမှာတော့ သူ အားတင်းပြီး ဖွင့်ပြောခဲ့မိသည်။ နွယ်နှင့် ပတ်သက်သမျှ သူ့ ခံစားချက် အားလုံးတို့ကို သူ ဖွင့်ပြောပြခဲ့သည်။ နွယ်က သူ့အချစ်ကို လက်ခံခဲ့သည်။ တတိယနှစ် အစမှာ သူတို့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ထိုအချိန်က ရည်ရွယ်ချက်တွေ၊ ခံယူချက်တွေ ဆိုတာကို သူ မစဉ်းစားမိခဲ့ပါ။ အချိန်တန်လျှင် ဘွဲ့ရဖို့ပဲ သူ တွေးမိခဲ့သည်။ နွယ် လည်း သူ့လိုပဲ ဖြစ်ခဲ့မည်။ တကယ်တော့ သူ့အဖြစ်က “ချစ်နေရလျှင် ပြီးရော” ဆိုတာမျိုး ဖြစ်ခဲ့သည်။ နွယ်က သူ့ကို မောင်လို့ ခေါ်သည်။ နွယ့်လက်က လေးကို တွဲရင်း ကျောင်းဝန်းထဲ လျှောက်ခဲ့ရသော အချိန်တို့သည် သူ့ဘဝ၏ အပျော်ရွှင်ရဆုံး အခိုက်အတန့်များ ဖြစ်ခဲ့ဖူးပါသည်။ နွယ့် နှုတ်ခမ်းပါးဆီမှ မောင် ဆိုသော အသံလေးကို သူ တပ်မက်စွာ အမြဲ ကြားချင်ခဲ့မိသည်။

“မောင် အလုပ်သင် ဆရာဝန်ပြီးမှ နွယ်တို့ အကြောင်းကို မိဘတွေကို ဖွင့်ပြောကြရအောင်နော်။ ဒီ ကြားထဲတော့ အသိမပေး ထားချင်သေးဘူး”

နွယ်၏ တောင်းဆိုချက်ကို သူ လိုလိုလားလားပင် လက်ခံခဲ့ပါသည်။ နွယ့်အချစ်ကို ရခဲ့ခြင်းကပင် သူ့အတွက် ကံကောင်းခြင်းလက်ဆောင် တစ်ခု မဟုတ်ပါလား။ နွယ်နှင့် သူ့ ကြားမှာ တစ်ခါတစ်ရံ ချစ်သူတို့ သဘာဝ စိတ်ကောက်စိတ် ဆိုးမိကြတာလေးမျိုးကမှ လွဲ၍ ကြီးကြီးမားမား ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါ။ သူ့ ဘက်က နွယ့်အပေါ် စောင့်ထိန်းခဲ့သလို နွယ့်ဘက်ကလည်း နားလည်မှု ပြည့်ဝခဲ့သည်။ သူငယ်ချင်းတွေ ကြားမှာပင် သူတို့ နှစ်ယောက်၏ အချစ်က စံပြဖြစ်ခဲ့သည်။

နွယ်ရော သူပါ နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲကြီးကို အောင်မြင်စွာဖြတ် ကျော်နိုင်ခဲ့ကြသည်။ အလုပ်သင် ဆရာဝန်ဘဝ တစ်နှစ်တာလုံး ပင်ပန်းရသော်လည်း နွယ်ရော သူပါ ပျော်ခဲ့ရသည်။ နာမည်လေးတွေ ရှေ့မှာ ဒေါက်တာကလေး တပ်၍ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ခေါ်ရင်း သဘော အကျကြီး ကျခဲ့ကြရပါသည်။

ဒါတွေဟာ မုန်တိုင်း တစ်ခု အစမပြုခင် လာတတ်သော လေပြည်ညင်းလေးတွေ ဖြစ်မှန်းတော့ သူရော နွယ်ရော မသိနိုင်ခဲ့ကြပါ။

နွယ့် ရည်ရွယ်ချက်တွေကို နွယ်က ပြောပြသည်။

“နွယ်ကလေ အထူးကု ဆရာဝန်မကြီး ဖြစ်ချင်တာ။ ရန်ကုန်မှာပဲ အခြေချပြီး အောင်မြင်အောင် ကြိုးစားမှာ။ နယ်ဘက် ထွက်ဖို့တော့ နွယ် စိတ်မပါဘူး။ ဖေဖေတို့ ကလည်း စိတ်မချဘူးမောင်။ မောင့်ကိုလည်း နွယ့် လိုပဲ ဖြစ်စေချင်တယ်။ နွယ်နဲ့ တူတူ ကြိုးစားရအောင်နော်”

နွယ်၏ စကားတွေကို နားထောင်ရင်း တစ်ခါမျှ လေးနက်စွာ မစဉ်းစားခဲ့မိသော အတွေးတွေ သူ့ဆီ ရောက်လာသည်။

“သား အမေကတော့ မင်း တတ်တဲ့ ပညာနဲ့ အမေတို့ ဒေသကို ပြန် အကျိုးပြုစေချင်တာပါပဲ။ သားကို ကိုယ့်ဒေသက အားကိုးရတဲ့ ဆရာဝန်ကောင်း တစ်ယောက် ဖြစ်စေချင်တာ အမေ့ဆန္ဒပါပဲ”

အမေ့စကားတွေကို သူ ပြန်ကြားမိသည်။ ခွေးရူးကိုက်ခံရတာကို အမှုမဲ့အမှတ်မဲ့ ဂရုမစိုက်ဘဲ နေခဲ့မိသော အဖေ့အဖြစ်က သေခြင်းတရား၏ ခေါ်ဆောင်ရာ နောက်ကို လိုက်ပါသွားခဲ့ရသည်။ ထိုအချိန်က ဆေးပညာ ဗဟုသုတရှိသူ တစ်ယောက်သာ သူတို့ မိသားစု၊ သူတို့ ပတ်ဝန်းကျင်မှာ ရှိခဲ့ပါလျှင်၊ အဖေ့ကို ဆေးရုံချက် ချင်းလွှတ်ပြီး အရေးပေါ် ကာကွယ်ဆေး ချက်ချင်း ထိုးခိုင်းခဲ့ပါလျှင် သူ ချစ်ရသော ဖေဖေသည် သူတို့နှင့် သေကွဲကွဲခဲ့ရမည် မဟုတ်ပါ။ သူတို့အိမ် ပတ်ဝန်းကျင်က လူတချို့၏ သူ့အပေါ် မျှော်လင့်တကြီးနှင့် ကြည့်ခဲ့ကြသည့် မျက်ဝန်းအချို့ကို သူ မြင်ယောင်မိသည်။ အမေ့၏ ဆန္ဒကို သူဖြည့်ဆည်းပေးချင်သည်။ ရန်ကုန်မှာ ဆက်နေပြီး သူ့ဘဝ သူကျောင်းလျှင်ရော အမေက အပြစ်တင်ရက်မည် မဟုတ်ပါ။ သူ အခုလို ဆရာဝန်ဘွဲ့လေး ရဖို့ အမေ ဘယ်လောက် ကြိုးစား ရုန်းကန်ခဲ့ရသည်၊ သူ့ဆွေမျိုးတွေက ဘယ်လို ထောက်ပံ့ခဲ့ရသည်ကို သူ နားလည်သည်။ နောက်ထပ် ဘွဲ့တွေ ယူဖို့ဆို အချိန်တွေ၊ ငွေတွေ ထပ်၍ ရင်းနှီးရမည်။ သူ့မိသားစုကို သူ အားနာသည်။ သူတစ်ယောက်တည်း အဆင်ပြေဖို့ အမေတို့ကို ထပ်မပင်ပန်းစေချင်။ ဘယ်သူတွေအတွက် သူ ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့သည် ဆိုသည်ကို မေ့၍ မဖြစ်ပါ။ သူတို့ နယ်လေးအတွက် သူ လမင်းကြီး မဖြစ်လျှင် နေပါစေ၊ မှောင်မိုက်ချိန်မှာ အလင်းပေးနိုင်သည့် ကြယ်ကလေး တစ်စင်း ဖြစ်ခွင့်ရလျှင် ကျေနပ်ပါပြီ။ ဒါပေမဲ့ သူ့ ခံစားချက်တို့က မတင်မကျ။ နွယ့်ကိုလည်း မဆုံးရှုံးချင်ပါ။

နွယ်က သူ့စကား အတိုင်း သူ့မိဘတွေနှင့် မိတ်ဆက်ပေးသည်။ သူ့ဖေဖေက ထမင်းဖိတ် ကျွေးချင်သည် ဆို၍ နွယ်တို့ အိမ်သို့ ရောက်ခဲ့ရသည်။ နွယ့်ဖေဖေနှင့် စကား ပြောရင်း နွယ်တို့ မိသားစုနှင့် သူ့ အကြား ခံယူချက်ချင်း ဝေးကွာလှသော အဖြစ်ကို သူ သိရှိခဲ့ရသည်။ နွယ့် ဖေဖေ၏ စကားလုံးတိုင်းကို သူ ဆန့်ကျင်မိခဲ့သည်။ နွယ့်ဖေဖေက နွယ့်ကို သူနှင့် သဘောမတူနိုင်ကြောင်း အပြတ်ပြောခဲ့သည်။ သမီး တစ်ယောက်ကို အမြင့်ပျံစေချင်သည့် ဖခင် တစ်ယောက်၏ မေတ္တာကို သူ နားလည်နိုင်ပါသော်လည်း နွယ့်ဖေဖေက သူ့ကို “တက်မပါတော့တဲ့ လှေတစ်စင်းလို လူ တစ်ယောက်” အဖြစ် စွပ်စွဲခဲ့သည်။

နွယ့် မျက်ဝန်းအစုံသည် မျက်ရည်တို့ ရစ်သိုင်းလျက် သူ့ကို တစ်စုံတစ်ခု တောင်းဆိုနေမှန်း သူ သိသော်လည်း ဘယ်လိုမှ သူ မပြင်ဆင်နိုင်ပါ။

နွယ်ကတော့ သူ့ကို စိတ်ပျက်သွားပုံရသည်။

“မောင် ဖြစ်ချင်သလို မထင်မရှား ဘဝနဲ့တော့ နွယ့် ဘဝကို မဖြတ်သန်းနိုင်ဘူး မောင်။ နွယ် စိတ်ကူးထားတဲ့ ဘဝမျိုးမှာ မောင်မှ မနေချင်တော့ နွယ်တို့ လမ်းခွဲကြတာ အကောင်းဆုံးပါပဲ”

နွယ့်စကားတို့ကို သူ ဘာမျှ မတုံ့ပြန်နိုင်ခဲ့ပါ။ နွယ် လှည့်ထွက်သွားတာတောင် သူ နှုတ်မဆက်ဖြစ်ခဲ့။ အခုတော့ သူတို့နှစ်ဦး၏ ဘဝက ‘ပြဒါးတစ်လမ်း၊ သံတစ်လမ်း’ နှင့် ဝေးခဲ့ရပြီ။

“မထင်မရှားဘဝလို့ နွယ် စွပ်စွဲချင်လည်း ရှိပါစေတော့။ ရေများရာ မိုးထပ် မရွာချင်တာ မောင့်ဆန္ဒပါ။ နွယ် ခံယူထားတဲ့ ရည်ရွယ်ချက်တွေ၊ ခံယူချက်တွေတော့ မောင်မထားခဲ့မိဘူးလေ နွယ်ရယ်။ အစစအရာရာ နိမ့်ကျနေသေးတဲ့ မောင်တို့ ဒေသကို ပြန်သွားချင်တဲ့ မောင့်ကို တက် မရှိတော့တဲ့ လှေတစ်စင်းရယ်လို့ နွယ်တို့ အသိုင်းအဝိုင်းက ထင်ချင်လည်း ထင်နိုင်ပါတယ်။ မင်း ရောက်ချင်ပါတယ်ဆိုတဲ့ အမြင့်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့ ပျံပေဦးတော့ နွယ်”

နွယ့်ဘဝ ကောင်းစားပါစေ ဆိုသည့် စိတ်ချည်း သက်သက် စွန့်လွှတ်ခဲ့တာ မဟုတ်ပေမဲ့ သူ့ ဆုံးဖြတ်ချက်ကြောင့် နွယ့်ဘဝ တိုးတက်မြင့်မားသထက် မြင့်မားလာတာကိုသာ မြင်ချင်မိသည်။ နွယ့်ဘဝက အစ ကတည်းက ကောင်းခဲ့ပြီးသားမို့ အနှောင်း ကလည်း သေချာမည်ဟု သူ ယုံကြည်ပါသည်။ နွယ်နှင့် သူတို့ နှစ်ယောက်၏ လမ်းခွဲက ကတ္တီပါလမ်းခွဲလည်း မဆန်ခဲ့သလို ခယောင်းလမ်းခွဲလည်း မဟုတ်ခဲ့ပြန်။ တကယ်တော့ လျှောက်ရမည့် လမ်းချင်းမတူ တော့၍ လမ်းဆုံ တစ်ခုမှာ ကျေနပ်နာကျင်စွာ ခွဲခွာခဲ့ရခြင်းမျိုး ဖြစ်ပါသည်။ ပြန်ဆုံဖို့တော့ မမျှော်လင့်နိုင်ခဲ့ပါ။

“ဆရာ ဆရာ”

“ဟေ”

“ဘာတွေ တွေးနေတာလဲ ဆရာရယ်၊ ဖိတ်စာကြီး ကိုင်ပြီး တွေးနေလိုက်တာများ ကျွန်တော်ဖြင့် မနည်း ခေါ်ယူရတယ်”

“ဘာမှ မဟုတ်ပါဘူးကွာ၊ ဒီလိုပဲ ရောက်တတ်ရာ ရာပါ။ ဘာကိစ္စလဲ ပြောလေ”

“ဟိုဘက်ခန်းမှာ ကလေးလူနာအသစ် ရောက်လို့ ဆရာ လာကြည့်ပေးပါဦး”

နောင်သော် လိုက်သွားပြီး ကြည့်တော့ ကလေးက အစာအဆိပ်သင့်ထားတဲ့ လက္ခဏာ ပြနေတာမို့ လူနာရှင်တွေကို သေချာ မေးမြန်းပြီး လိုအပ်တဲ့ အရေးပေါ် ကုသမှုတွေ ပေးရသည်။ စိတ်ချရသည့် အနေအထားရောက်မှ သူနာပြု ဆရာမလေးကို စောင့်ကြည့်ပေးဖို့ မှာကြားရသည်။ တခြားအခန်းက လူနာတွေကို သူ ဆက်ကြည့်ရဦးမည်။

“ဆရာ ဆရာ”

နောက်မှ ခေါ်သံကြား၍ သူ့ခြေလှမ်းတို့ ရပ်တန့်သွားသည်။

“ဟို ကလေးလေး အခြေအနေ ဘယ်လို နေသေးလဲ သိချင်လို့ပါ ဆရာ”

အမောတကော မေးလာသည့် ကျောင်းဆရာမလေးကို တွေ့ရသည်။

“မစိုးရိမ်ရတော့ပါဘူး ဆရာမ၊ ကလေးက ကောင်းသွားပါပြီ”

“တော်သေးတာပေါ့ ဆရာရယ်၊ ကျွန်မဖြင့် စိုးရိမ်လိုက်ရတာ”

“ဒါနဲ့ ဆရာမက”

“ကျွန်မက အဲဒီကလေးရဲ့ အတန်းပိုင်ဆရာမပါ။ ဒီ မြို့မှာ ရုံးကိစ္စရှိလို့ ရောက်နေတာလေ။ ကလေးကို လိုက်ပို့တဲ့ သူတွေက အကြောင်းကြားလို့ အခုမှ ချက်ချင်းလာရတာ ဆရာ”

“ဩော် ကလေးက ဟိုဘက် အခန်းမှာပါ။ ကျွန်တော် လူနာ ကြည့်စရာလေးတွေ ရှိလို့ ခွင့်ပြုပါဦး” 

“ဟုတ်ကဲ့၊ ကျေးဇူးပါဆရာ”

နောင်သော် တခြား အခန်းမှ လူနာတွေကို ကြည့်ပေးပြီး ခုနက ကလေးဆီသို့ ပြန်သွားကြည့်မိသည်။ အခန်းဝမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် အခန်းထဲ မဝင်သေးဘဲ ခေတ္တ ရပ်ကြည့်မိသည်။ ဆရာမလေးသည် ကလေး၏ လူနာခုတင်ဘေးမှာ ထိုင်ရင်း ယပ်ခတ် ပေးနေသည်။ ကလေး၏ နဖူးမှ ချွေးစေးတို့ကို ညင်သာစွာ သုတ်ပေးနေသည်။ သားသမီး တစ်ယောက်အတွက် ပူပန်နေသည့် မိခင်တစ်ယောက်၏ မျက်နှာမျိုးကို သူ ရင်းနှီးပြီးသားဖြစ်ပါသည်။

နောင်သော် အနားသို့ လျှောက်သွားလိုက်ရင်း ...

“စိတ်မပူနဲ့ ဆရာမ၊ ကောင်းသွားပါပြီ”

“ဒီကလေးကို စိတ်လည်း ပူတယ်၊ သနားလည်း သနားမိတယ်။ ကလေးကာ အမေ မရှိတော့ဘူး။ အဖေ ဖြစ်သူနဲ့ နေရတာ။ သူ့အဖေက မနက်မိုးလင်းတာနဲ့ မြစ်ဝ ဘက်သွားပြီး လှေတစ်စင်းနဲ့ ပိုက်ကွန်ပစ်တာ ဆရာ။ ဒီ မနက် သူ့အဖေက ထမင်းပဲ ချက်သွားပြီး ငါးဖမ်း ထွက်သွားတော့ ကလေးက ကျောင်းသွားခါနီး ထမင်းစားဖို့ ဟင်း မရှိတာနဲ့ အိမ်ဘေးက အုန်းတုံးအဆွေးမှာ ပေါက်နေတဲ့ မှိုကို ချက်ပြီး စားသတဲ့ ဆရာ။ သူ့အိမ်နီးချင်း အဒေါ်ကြီး ပြောပြလို့ သိရတာ”

“ရွာမှာတော့ အဲလိုပဲ အများစုက တံငါသည် ဆိုတော့ မနက်မိုးလင်းတာနဲ့ ယောက်ျားရော၊ မိန်းမရော မြစ်ထဲဆင်းကြတာ။ အိမ်မှာတော့ ထမင်းလေး ဟင်းလေး ဖြစ်သလိုပဲ ချက်ခဲ့ကြတာ။ ကလေးတွေကလည်း ဖြစ်သလို စားပြီး ကျောင်းလာတာ”

စိတ်မကောင်းစွာ ပြောနေသည့် ဆရာမလေး၏ စကားတို့ကို သူ သေချာနားထောင်မိသည်။ ထိုတံငါရွာကလေးက ကလေးတွေ အကြောင်း နားထောင်မိရင်း သူ့ ရင်ထဲ မကောင်း။ ဆရာမလေးက ဆက်ပြောသည်။

“ဒီကလေးဆို အရမ်း သနားဖို့ ကောင်းတာပေါ့ ။ အဖေဖြစ်သူကလည်း သားကို စိတ်မချပေမဲ့ ဝမ်းရေး တစ်ဖက် ရှိနေပြန်တော့ ဘယ်လိုလုပ် သူ့သားကို ဂရုစိုက်နိုင်ပါ့မလဲ ဆရာရယ်”

သူ ဆို့နင့် ကြေကွဲရပါသည်။ အမေ ဖြစ်သူက ဆုံး၊ ရှိသည့် အဖေက ဂရုမစိုက်နိုင်လေတော့ ကလေးခမျာ ဟင်း မရှိ၍ မှိုကို ချက်စားရင်း အစာ အဆိပ်သင့်ရသည်။

“ဒီကလေးလည်း ဒီနှစ် လေးတန်းလေ ဆရာ။ နောက်နှစ်ဆို သူလည်း မြစ်ထဲဆင်း ငါးဖမ်းပေါ့။ ဒါတောင် သူ့အဖေက ဒီနှစ် ကတည်းက ကျောင်းထုတ်ချင်တာ။ ကျွန်မတို့က လေးတန်း အောင်တဲ့အထိ မဖြစ်မနေ ထားရမယ် ဆိုလို့ ထားတာ”

နွယ်တို့ မိသားစုသာ ဒီလို ဘဝမျိုးတွေကို မြင်တွေ့ရပါလျှင် မည်သို့ ဆောင်ရွက်မည်နည်း။ ရိုးရိုးဆရာဝန်ဘွဲ့ကလေးနှင့် လက်ထောက်ဆရာဝန် အဖြစ် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သော သူ့ကို နွယ့်ဖေဖေက တက်မပါတော့တဲ့ လှေလိုလူဟု ပြောခဲ့သည်။ ဒီလို စတုတ္ထတန်းပင် အောင်ရန် မနည်း နေရရှာသော မောင်ထွန်းမြတ်ကလေးကို နွယ့်ဖေဖေ မည်သို့ ပြောလေမည်နည်း။

လူတိုင်းလူတိုင်းတွင် သူတို့ ဘဝနှင့် ဆိုင်သော ရည်ရွယ်ချက်များစွာ ရှိကြပေလိမ့်မည်။ အထူးကုဆရာဝန်ကြီး ဖြစ်လိုသည်က နွယ့် ရည်မှန်းချက်ဖြစ်သည်။ လက်ထောက်ဆရာဝန်ကလေးဘဝသည် ကျွန်တော့်ရည်မှန်းချက် ဖြစ်ခဲ့သည်။ တစ်နေ့တာ ငါးကောင်ရေ များများရဖို့က မောင်ထွန်းမြတ်ဖခင်၏ ရည်မှန်းချက်ဖြစ်မည်။ မနက်စာ ကို ဟင်းလေးတစ်ခွက်နှင့် စားချင်ခဲ့သော လိုအင်ဆန္ဒသည် မောင်ထွန်းမြတ်ကလေး၏ ထိုမနက်တာ ရည်ရွယ်ချက်ကလေး ဖြစ်ခဲ့သည် မဟုတ်ပါလား။ တကယ်တော့ ရည် မှန်းချက်အချို့သည် ဘဝပေး အခြေအနေနှင့်လည်း တိုက်ရိုက် အချိုးကျနေပေသည်။

နွယ့်ဖေဖေကို သိစေချင်ပါသည်။

ဆရာမလေးက ဆက်ပြောသည်။

“ကျွန်မလည်း မောင်ထွန်းမြတ် ဆေးရုံတက်ရတယ် ပြောတော့ အတော် စိတ်ပူမိသွားတာ။ မနက်က ကျွန်မ လာတော့တောင် လှေဆိပ်မှာ ရေချိုးနေတဲ့ သူ့ကို တွေ့လိုက်မိသေးတယ်။ ရုတ်တရက်ကြီး ဆိုတော့ ကျွန်မလည်း လန့်သွားတာပဲ။ ပညာရေးမှူးဆီ ခွင့်တောင်းပြီး ချက်ချင်း လာခဲ့တာ။ ဒီရောက်တော့ ဘာမှမဖြစ်လို့ တော်သေးတယ်။ ဆရာ့ကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး”

“ရပါတယ် ဆရာမရယ်” ဟု သူ အားနာစွာ ပြောလိုက်သည်။

“သားလေးရယ်၊ နောက်နေ့ကျ ဟင်းမရှိရင် ဆရာမကို ပြောနော်၊ ဆရာမ ကျွေးမှာပေါ့”

အိပ်ပျော်နေသည့် ကလေးကို ပြောရင်း ဆရာမလေးခမျာ မျက်ရည်ဝဲလာ သည်။ သူမ အသံတို့ ဆို့နင့် ကြေကွဲနေသည်မှာ သိသာလှပါသည်။ ဆရာမလေးကို အကဲခတ်မိသည်။ အသားက မဖြူလွန်း မညိုလွန်း၊ လှသည်ဟု မဆိုနိုင်သော်လည်း အတန် ကြည့်ကောင်းသည်။ မပြင်မဆင် ခြယ်သထားသော ပါးပြင်ထက်က ပါးကွက်ကျားတို့မှာ တချို့နေရာက မျက်ရည်ကြောင့် ပျက်လျက် ရှိနေသည်။ အဆွေးဓာတ်ခံရှိသော မျက်ဝန်းများနှင့် မျက်နှာခပ်သွယ်သွယ်က စာနာသနားတတ်သူမှန်း သိသာသည်။ လက်ဖမိုးများက နေလောင်ထားဟန်ရှိသဖြင့် အတန်ညိုနေသည်။

“ဒါနဲ့ ဆရာမက အဲဒီရွာသူပဲလား”

“မဟုတ်ပါဘူး ဆရာ၊ ကျွန်မက ဒီမြို့ပေါ်ကပါပဲ။ ဘွဲ့ရပြီးတော့ အမေနဲ့အတူ ဈေးကူရောင်းရင်း နှစ်နှစ် လောက်ကြာတော့ ဘွဲ့ရတွေကို ကျောင်းဆရာမအလုပ် ခေါ်တာနဲ့ ဝင်လျှောက်ရင်း လုပ်ဖြစ်သွားတာ။ အခု ရွာလေးမှာ တာဝန်ကျတာ သုံးနှစ်ရှိပြီ။ မြို့နဲ့က ဝေးတော့ နေ့ချင်းပြန်တော့ ကျောင်းတက်လို့ အဆင်မပြေဘူး။ သင်္ဘောနဲ့ တစ်နာရီခွဲလောက်တော့ သွားရတယ်။ ကုန်း လမ်းက ချောင်းတွေ ဖြတ်ရတော့ အဆင်မပြေဘူး။ အိမ် ကိုတော့ နှစ်ပတ်တစ်ခါ၊ တစ်ခါတလေတော့လည်း တစ်လတစ်ခါ လခထုတ်တဲ့ ရက်မျိုးပဲ ပြန်ဖြစ်တယ်”

“အဆင်ရော ပြေရဲ့လား ဆရာမ၊ နေရေးစားရေးကရော”

နောင်သော် စိတ်ဝင်တစား မေးမိသည်။

“စ,ရောက်ခါစတုန်း က သိပ်စိတ်ညစ်မိတယ်။ နေရေး၊ စားရေးမှ အဆင်မပြေတာ ဆရာရယ်။ နောက်တော့ ရွာမှာ တာဝန်ကျတဲ့ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ကလေး ဆောက်ပေးတယ်။ စားတာကတော့ အိမ်ပြန်လာရင် အိမ်က အမေ ကြော်လှော် ပေးတာလေးရယ်၊ ဘဲဥလေး ကြက်ဥလေး ဝယ်သွားတာပေါ့။ တံငါရွာ ဆိုတော့ ငါးတော့ ပေါပါတယ်။ ဝယ်တောင် မစားရဘူး။ အတင်းကို အလကား ပေးကြတာ”

သူမ၏ မျက်နှာက ကြည်လင်လာသည်။ ပီတိ အရှိန်ကြောင့်ထင်ပါရဲ့။

“ကြာတော့လည်း ငါး မြင်ရင် မုန်းလာတော့တာပါပဲ။ တစ်ခုပဲ၊ ဟင်းသီးဟင်းရွက်တော့ နည်းနည်း ရှားတယ်။ ကျွန်မဖြင့် အမေ့အိမ် ပြန်ရောက်ရင် အသီးအရွက်တွေပဲ စားတာ။ အမေကတောင် ညည်း သက်သတ်လွတ် ကျင့်နေတာလား မေးယူတဲ့အထိ ဆရာရေ”

သူမ မျက်နှာ ရွှင်လန်းလာသည်။

“ရေကလည်း မကူးတတ်တော့ အမေက သက်ကယ်အင်္ကျီ ဝယ်ပေးလိုက်တယ်။ ကျွန်မမှာ ရေလမ်းခရီး ဆိုတာနဲ့ သွားလေရာ အဲဒါကြီး ဝတ်ပြီး ကိုးရိုးကားရားနဲ့”

သူမ ရယ်မောရင်း ဆက်ပြောသည်။

“ရွာမှာက လေး,ငါးနှစ် ကလေးတောင် ရေကူးတတ်နေပြီ ဆိုတော့ အဲဒါကြီး ဝတ်ထားတဲ့ ကျွန်မမှာ လူထူးဆန်း ကို ဖြစ်လို့။ ရောက်ခါစကတော့ အိမ်အရမ်း ပြန်ချင်တာ။ ညနေစောင်းတာနဲ့ ငိုရတာ အမော။ အိမ်မှာဆို ညနေ စောင်းတာနဲ့ ထမင်းလေး စားပြီး တီဗွီလေး ကြည့်ရုံပဲလေ။ ဒီမှာက ဘာမှ မရှိတော့ ရောက်စက မနေတတ်ဘူး။ သတိရလိုက် ငိုလိုက်ပဲ။ တစ်မနက်လုံး၊ တစ်နေ့ခင်းလုံးက စာသင်နေရတာ ဆိုတော့ မငိုအားဘူး။ အဲတော့ ညနေစာင်းတာနဲ့ ငိုပြီပဲ။ တခြား ဆရာမတွေလည်း ရှိတော့ ကျွန်မလေ ခိုးခိုး ငိုရတာ။ သူတို့လည်း အတူတူပါပဲ။ အိမ်ကို သတိရတော့ ငိုကြတာပါပဲ”

“နောက်တော့လည်း ကလေးတွေကို သံယောဇဉ် ဖြစ်သွားတာ။ သူတို့လေးတွေက ကျွန်မတို့ကို သိပ်ခင် တွယ်ကြတာ။ အများစုက ဆင်းရဲကြတယ်။ တချို့ဆို တစ်ညလုံး ငါးရွေးပြီး မနက် ကျောင်းလာတက်ရတော့ ကျောင်းမှာ ငိုက်တာပေါ့ ။ မဆူရက်ပါဘူး ဆရာရယ်။ ထမင်းတစ်လုတ် စားရဖို့ သူတို့ဘဝတွေ ဘယ်လောက် ခက်ခဲတယ် ဆိုတာ မြင်တော့ ကျွန်မတို့ ကြုံနေရတဲ့ အခက်အခဲတွေက မပြောပတော့ပါဘူး”

ဆရာမလေးက မမောနိုင်မပန်းနိုင် ဆက်ပြောသည်။

“ကျွန်မ အလုပ်လျှောက်တော့ အမေက တားသေးတယ်။ တားမရတဲ့ အဆုံးမလို့သာ အမေက ခွင့်ပြုခဲ့တာ။ အဲဒီရွာမှာ စ,တာဝန်ကျတော့ ငါ မှားသွားပြီလားဆိုပြီး တွေး မိတာ။ အိမ်မှာ နေရတဲ့ အခြေအနေနဲ့က အရမ်းကွာတာကိုး။ ဒီတော့ ဝမ်းနည်းတာပေါ့။ နောက်တော့ ကလေးတွေနဲ့ အနေကြာလာတော့ ကလေးတွေရဲ့ဘဝ၊ သူတို့မိဘတွေရဲ့ ဘဝ၊ သူတို့ ရွာလေးရဲ့ အခြေအနေကို နားလည်စာနာတတ်လာတယ်။ စာမတတ် ပညာမတတ်လို့ ဘဝအဆိပ်တွေ ထပ်မသင့်စေချင်တော့ဘူး။ သူတို့ကလေးတွေရဲ့ အသိုက်အမြုံလေးတွေ ဒီ့ထက်ပို မြင့်မားလာဖို့ ကျွန်မတို့မှာလည်း တာဝန်ရှိတယ်လို့ ခံစားလာမိတယ်။ သူတို့လေးတွေကို ထိန်းကျောင်းရင်း စာသင်ပေးနေရတာကိုပဲ ကျွန်မဖြင့် တွေးတိုင်း သိပ်ဂုဏ်ယူမိတယ်”

ဆရာမလေး၏ မျက်ဝန်းတွေက တောက်ပနေပါရော့လား။

“ကျောင်းတုန်းက သူငယ်ချင်းတွေကတော့ တချို့ဆို တက္ကသိုလ်က ကျူတာဆရာမတွေ၊ တချို့က သူနာပြုဆရာမတွေ၊ တချို့ကလည်း ဘဝတူ ဆရာမလေးတွေ စုံလို့ပါပဲ။ တစ်ခါတလေများ သူတို့နဲ့ တွေ့လို့ နင် ဘာလုပ်နေသလဲ ခိုင်လို့ မေးလာရင် ကျွန်မကတော့ မူလတန်းပြ ဆရာမလေးလေလို့ ဖြေမိတာပဲ။ အဲလို ဖြေမိလို့ တစ်ခါမှ သိမ်ငယ်စိတ်လည်း မဖြစ်မိပါဘူး။ ပိုပြီးတောင် ဂုဏ်ယူမိသေးတယ်။ လိုအပ်သူတွေ အတွက် လုပ်နိုင်သလောက် လုပ်ပေးခွင့်ရနေတာကိုကပဲ ကျေနပ်စရာပါ ဆရာ၊ ကျွန်မ တော့ အဲဒီလို ခံယူမိတာပါပဲ”

ဟန်ဆောင်ခြင်း အလျှင်း မရှိသော သူမ၏ ဟန်ပန်က သူမ စကားတွေကို ပိုမို အသက်ဝင်စေသည်။

“ဒါနဲ့ ဆရာမ နာမည်က ခိုင်ပါတာလား”

“ဟင်- ဆရာက ဘယ်လိုသိ”

“ခုနက ဆရာမ စကားထဲမှာ ကြားလိုက်မိလို့ပါ”

“ဟုတ်ပါတယ် ဆရာ။ ကျွန်မနာမည်က ခိုင်နွယ်ဦး ပါဆရာ”

“ဪ”

နွယ်တောထဲကကို သူ မလွတ်နိုင်ပါ။ နွယ်ချင်း တူပေမဲ့ သူတို့ ရစ်ပတ်နှောင်တွယ်မိသော ဘဝချင်းက ခြားနားလှသည်။

“ကျွန်တော့်နာမည်က နောင်သော်ပါ။ ဒီဆေးရုံက လက်ထောက်ဆရာဝန်ပါ။ ဒီနယ် ဇာတိပါပဲ။ မခိုင်နွယ်ဦး ကိုတော့ လေးစားမိပါပြီဗျာ”

“ခိုင်လို့ပဲ ခေါ်လို့ရပါတယ် ဆရာ” 

“ဟုတ်ပါပြီဗျာ။ ခိုင့်ကို ကျွန်တော် တကယ် ချီးကျူးမိပါတယ်”

ပန်းကလေးတွေ ဝေဖို့၊ မွှေးဖို့ ခိုင်တို့က အရင်းခံ မဟုတ်ပါလား။

“နောက် ဆုံဖြစ်ကြဦးမှာပေါ့ဗျာ။ တာဝန်ကလေး ရှိလို့ ခွင့်ပြုပါဦး။ လမ်းမှာ တွေ့တော့ နှုတ်ဆက်ပေါ့”

သူ နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ခိုင့် အကြောင်း စဉ်းစားရင်း နွယ့်ကို သတိရမိသည်။ သို့သော် လွမ်းဆွတ်ခြင်း မဟုတ်ပါ။ နွယ်က ဆိုင်သူ ရှိလေပြီပဲ။ နွယ်နှင့်များ ကြုံခဲ့သည် ရှိသော် ခိုင် ဆိုသော ဆရာမလေး တစ်ယောက် အကြောင်း ပြောပြချင်မိသည်။

“မောင့်ကို နွယ် စွပ်စွဲသလိုပဲ အညတရ မထင်မရှားနဲ့ ဘဝလို့ ပြောရက်လေဦးမလား။ တကယ်တော့ နွယ်ရေ မင်း ပြောသလို မောင်တို့ဟာ အညတရတွေပါ။ တခုတ်တရ မှတ်တမ်းတင်ဖို့ ဘယ်သူမှ သတိမရခဲ့ကြတဲ့ အညတရတွေရယ်ပါ။ အစစအရာရာ အဆင်ပြေနေတဲ့ အရပ်ကို စွန့် ခွာပြီး လိုအပ်ချက်တွေ များလွန်းတဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့နေမိတဲ့ မထင်မရှား ဘဝပိုင်ရှင်တွေရယ်ပါ။ ကိုယ် ကုပေးလိုက်လို့ အသက်ရှင်သန်ခွင့် ရသွားတဲ့ လူနာတွေရဲ့ ရိုးသားတဲ့ အပြုံးတွေက မောင့် ဆီမှာတော့ ဟန်ဆောင်ခြင်း အလျှင်း မရှိတာ သေချာပါတယ် နွယ်။ မောင်တော့ အဲဒီ အပြုံးတွေထဲမှာ ပျော်မိနေတော့တာပါပဲ။ မြစ်ကမ်းနံဘေး တဲစုတ်ကလေးဆီက မှိုဆိပ်သင့်တဲ့ ကလေးငယ် တစ်ယောက်ကို သွေးမတော်သားမစပ် ဆရာမလေး တစ်ယောက်က မိခင်အရင်းလို စိတ်ပူပန်နေတာမျိုး မင်းကြုံဖူးပါလေမလား။ အရာရာကို ငွေကြေးတွေ၊ ဘွဲ့ထူးတွေ၊ ဂုဏ်ထူးတွေနဲ့ပဲ ဆုံးဖြတ်တတ်ကြသူတွေရဲ့ အသိုင်းအဝိုင်းမှာတော့ ဒီအဖြစ်အပျက်တွေဟာ ပုံပြင်တွေပဲ ဖြစ်ချင် ဖြစ်နေလိမ့်မယ် နွယ်။ ကိုယ်တို့ အတွက်တော့ ရင်နဲ့ အမျှ ခံစားခဲ့ရတာ အမှန်ပါပဲ နွယ်”

“နွယ်ရေ တကယ်တော့ မောင်တို့၊ ခိုင်တို့တွေဟာ တက်မရှိတော့တဲ့ လှေကလေးတွေ မဟုတ်ပါဘူး။ မောင်တို့ဟာ ကမ်းခြေမှာ သောင်တင်နေတဲ့ ကြယ်ငါးလေးတွေကို ရေထဲမှာ ကူးခပ်နေစေချင်ရုံ ဆန္ဒသက်သက်နဲ့ ရသလောက် ကောက်ပြီး ပြန်လွှတ်ပေးနေချင်တဲ့ ကြယ်ငါးကောက်သူ တွေသာ ဖြစ်ကြပါတယ်”

“မင်းကတော့ ကြယ်တွေ ကို ခူးဆွတ်နိုင်ပါစေ နွယ်”

▢  ရဲကျော်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၈

No comments:

Post a Comment