❝ အောင်ရေ ❞
( စာကလေး - မော်ကျွန်း )
ကျုပ်တို့ မိသားစုလို ဘယ်သူကိုမှ မခံစားစေချင်ဘူး။ ဘယ်သူကိုမှ ကျုပ်တို့လို မပူလောင်စေချင်ပါဘူး။ အခုလိုမျိုး နွေရာသီမှာ ကျုပ်တို့ကို လောင်ခဲ့တဲ့ မီးက ဘယ်မီးနဲ့မှ မတူတဲ့မီး။ ရှို့မီးလည်း မဟုတ်သလို တို့မီးလည်း မဟုတ်တဲ့ တောမီးပမာ ကူးစက်ပျံ့နှံ့လွယ်တဲ့မီးပဲ။ ဒါကို ကျုပ် မျက်ခြည်ပြတ်ပြီး ကိုယ်တိုင် ပေါ့ဆခဲ့လို့သာ မလောင်သင့်ဘဲ လောင်ခဲ့ရတဲ့ ပေါ့ဆမီးပဲ ဆိုပါတော့။
နွေရာသီရောက်ရင် ဖွင့်လေ့ရှိတတ်တဲ့ ဦးထွန်းရွှေရဲ့ မီးသတိပြုသီချင်းကို ကိုယ့်လူတို့လည်း ကြားဖူးကြမယ် ထင်တယ်။ အဲဒီသီချင်းထဲက ‘ မလောင်ခင် တားနိုင်ဖို့ရာ ’ ဆိုတဲ့ စာသားလေးကို ကြားရတိုင်း ကျုပ်ရင်နာလို့ မဆုံးနိုင်ဘူး။ ပြီးတော့ ထုတဲ့ ဥသျှစ်လည်း ကွဲရသလို ခံတဲ့ ဥသျှစ်လည်း ကွဲခဲ့ရတဲ့ ဒီအဖြစ်ဆိုးကို ကွက်ကွက်ကွင်းကွင်း မြင်လာရသလိုပဲ။ တကယ်တော့ ကျုပ်တို့ မိသားစုလေးကို လောင်ခဲ့တဲ့ မီးက ဦးထွန်းရွှေရဲ့ မီးသတိပြု သီချင်းထဲကလို မြင်နိုင်တဲ့ အပြင်မီး မဟုတ်ဘဲ မမြင်နိုင်တဲ့ အတွင်းမီး တစ်ခုက စခဲ့တယ်ဆိုတာကိုတော့ ပူလောင်လွန်းတဲ့ ဝေဒနာတွေနဲ့ ရင်ဆိုင်ခံစားရတော့မှသာ ဂဃနဏ သိရတော့တာပဲလေ။
••••• ••••• •••••
၁။
ဖြစ်ချင်လာတော့ စပါးဈေးမြောက်တဲ့နှစ်မှာ နွေရော မိုးပါ နှစ်ရာသီစလုံး ကျုပ်လယ်က မှန်းထားတာ နဲ့ ပိုပြီး အထွက်ကောင်းတယ်။ ရေမိုး မြေဆီဩဇာ စတဲ့ ကျုပ်ဘက်က အကျွေးအမွေး အပြုအစု ကောင်းတာလည်း ပါသလို ကံကြမ္မာရဲ့ အထောက်အပံ့ ကောင်းတာလည်း ပါမှာပေါ့။ ဒီတော့လည်း နဂိုကတည်းက ကြွေးမြီရယ်လို့ ကြီးကြီးမားမား မရှိတဲ့ ကျုပ်တို့ မိသားစုအဖို့ အရပ်စကားနဲ့ ပြောရရင် တစ်နှစ်တည်းနဲ့ ထောင်တက် သွားတယ်လို့ ပြောရမှာပေါ့။
အရင်းအနှီး နုတ်ပြီး ပိုလျှံသမျှ စပါးကို ကျီထဲ သွင်းထားပြီး ကြိုက်ဈေးအရမှာ ထုတ်လိုက်တော့ ကျုပ်ရဲ့ အမြတ်အစွန်းက တစ်ဆ နှစ်ဆ ဖြစ်သွားတယ်။ ဒီလိုနဲ့ လက်ထဲမှာ ငွေက အထုပ်လိုက် ဆုပ်မိထားပြီဆိုတော့ ကျုပ် ဒီအတိုင်း မထားချင်ဘူးလေ။ မရှိဝမ်းစာ ရှိတန်ဆာဆိုတဲ့ သဘောနဲ့ ငွေကြေးလည်း မပျောက်ပျက်ရအောင်ဆိုပြီး ကျုပ်မိန်းမ မိဂျမ်းကို အရင်ကထက် နည်းနည်း ပိုတုတ်တဲ့ ကြိုးကြီးတစ်ကုံး ထပ်လုပ်ပေးဖြစ်တယ်။ သမီး အငယ်မလေးကိုလည်း သူ့နားက နားကွင်းအသေးလေးကို ဖြုတ်သိမ်းပြီး နောက်ထပ် ခေတ်ပေါ်ဒီဇိုင်းနဲ့ နားဆွဲ တစ်ရန် ထပ်လုပ်ပေးလိုက်တယ်။ ဟုတ်တယ်လေ၊ ရွှေ ဆိုတဲ့ အမျိုးက မမြတ်ရင် သာရှိမယ် ငွေကြေးအရတော့ မပျောက်ပျက်တာ အသေအချာပဲ မဟုတ်လား။
ခက်တာက ဟိုကောင်ပဲ။ ဟိုကောင်ဆိုတာက ကျုပ်သား လူပျိုဖြစ်စ ဖိုးတာကို ပြောတာပါ။ လူပျိုသာ ဆိုတာပါ အသက်က အခုမှ ဆယ့် ခြောက်ကျော်ပြီး ဆယ့်ခုနစ်ထဲ ဝင်စရှိသေးတာ။ ဘယ်စကားပြောလို့ ဘယ်ရောက်မှန်းတောင် သိသေးတဲ့ကောင် မဟုတ်ဘူး။ အခု အဲဒီကောင်က တစ်စခန်းထနေတော့ ခက်သားလား။
ကြည့်လေ၊ ကျုပ်တို့ လင်မယားက စပါးရောင်းပြီးကတည်းက သူ့အတွက် စဉ်းစားထားတာက တစ်မျိုးလေ။ အရွယ်လေးလည်း ရောက်လာတော့ အများနည်းတူ ဝတ်ချင်စားချင်မှာပဲ ဆိုပြီး နိုင်ငံခြားဖြစ် လက်ပတ်နာရီ လေးကောင်းကောင်းတစ်လုံးလောက်နဲ့ လူတောထဲ တင့်တောင့်တင့်တယ် သွားရလာရအောင် ရွှေသားလက်စွပ်ကလေး တစ်ကွင်းလောက် လုပ် ဆင်ပေးဖို့ စီစဉ်ထားတာ။ ဒီအတွက် ကုန်လည်း ကုန်ပါစေပေါ့။
ကျုပ်တို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် စစ်ပေါက်ပေါက် ဒီနှစ်ယောက် ရှိတာ။ ကျုပ်တို့ လင်မယား လယ်ထဲချောင်းထဲ နေပူမိုး ရွာမရှောင် ကုန်းခဲ့ရုန်းခဲ့တယ် ဆိုတာလည်း အသေအချာ တွေးရင် သူတို့အတွက်ပဲ မဟုတ်လား။ ဒါပေမဲ့ ခုတော့ ဒီကောင်က ကျုပ်တို့ လင်မယားရဲ့ အစီအစဉ်ကို လုံးလုံး ဆန့်ကျင်တယ်။ သူ ဖြစ်ချင်တာ လိုချင်တာ တစ်ခုကိုပဲ အရေးဆိုနေတော့တာ။
ဒီကောင်က နာရီလည်း မပတ်ချင်ဘူးတဲ့။ လက်စွပ်လည်း မဝတ်ချင်ဘူးတဲ့။ အဲဒီ ငြင်းဆိုမှုတွေရဲ့နောက်မှာ တောင်းဆိုမှုက တစ်ခါတည်း ကပ်ပါပြီးသား။ ဘာတဲ့၊ သူ့ကို ရွာထဲက ချက်ကြီးတို့၊ ထိပ်နီတို့လို မှန်သားပြင်ပါတဲ့ လက်ပွတ်ဖုန်း တစ်လုံးသာ ဝယ်ပေးပါတဲ့လေ။ အမေ လုပ်သူက မိန်းမသားပီပီ သဘောမကျဘူးပေါ့။ ပြီးတော့ သူ ဝယ်ခိုင်းတဲ့ ဖုန်း ဆိုတာက သိန်းနဲ့ ချီပြီးတော့လည်း ပေးရဦးမယ်။ ပြီးတော့ စက်ပစ္စည်း ဝယ်ပြီးတဲ့နေ့ အဖိုးဆုံးတယ်ပေါ့။ ရွှေ ဆိုတာက ပေါင်စားစား ရောင်းစားစား အဖိုးမဆုံးဘူးပေါ့။ ဝတ်စားသွားရင် လူတောထဲမှာလည်း တင့်တယ်တယ်ပေါ့။ ဒီလို အကြောင်းပြချက်တွေနဲ့ သူ့သားရဲ့ ဆန္ဒကို ကန့်ကွက်တယ်။
ခက်တာက ကျုပ်ပဲ။
မွေးထားတဲ့ နှစ်ယောက်ထဲမှာ ယောက်ျားလေးလည်း ဖြစ်တဲ့ ဒီကောင့်ကို ကျုပ်က ပိုပြီး အလေးသာတယ်။ ဒီကောင် ကလည်း သူ့အမေနဲ့ ယှဉ်ရင် အစစ ပိုပြီး အလိုလိုက်တတ်တဲ့ ကျုပ်ကို ပိုပြီး ချစ်သယောင်ပြပြီး အပူကပ်တတ်တာ ငယ်ငယ်ကတည်းက အကျင့်။ ပြီးတော့ ဒီကောင့် စကားတွေကလည်း ဒီဖုန်းတစ်လုံးကို ဝယ်ပေးဖြစ်အောင်ကို ကျိုးကြောင်း ဆီလျော်နေတော့ မငြင်းသာတဲ့ အခြေအနေမျိုးပဲ။
တကယ်တော့ မိဘ တစ်ယောက် လုပ်နေတဲ့ ကျုပ်က ဝယ်မပေးနိုင်ဘူးပြောလည်း ဒီကောင် ကျုပ်ကို စိတ်ကောက်ရုံထက် မပိုပါ ဘူး။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် က ငွေကြေးအဆင်ပြေနေတာရယ်၊ အလိုလိုက်ချင်တဲ့စိတ်ရယ်၊ ရွယ်တူတန်းတူတွေရဲ့ ကြားမှာ မျက်နှာမငယ်ရအောင် ဆိုတဲ့ စိတ်ရယ် ပေါင်းပြီး ကျုပ်ကိုယ်တိုင် ကောင်းကောင်းနားမလည်တဲ့ ပစ္စည်း တစ်ခုကို အလိုလိုက်ပြီး ဝယ်ပေးလိုက်မိတယ်ပဲ ဆိုပါတော့။
အဲဒီ အချိန်တုန်းက တော့ ကျုပ် နေတဲ့ ဝန်းကျင်နဲ့ ပြန်ယှဉ်ကြည့်ရင် ကျုပ်မမှားဘူးလို့ ထင်ခဲ့တာပဲ။ ဟုတ်တယ်လေ၊ ရွာတောင်ပိုင်းက ကုန်ခြောက်ဆိုင်ပိုင်ရှင် မဘုမ ရဲ့သား ထိပ်နီတို့၊ ပြီးတော့ ရွာလယ်က လူပျိုကြီးသူဌေး ကိုတင်မောင်ရဲ့ မွေးစားသား သံချောင်းတို့ ကစပြီး ကာလသားသမီးတွေရဲ့ လက်ထဲမှာ ဒီပစ္စည်းလေးတွေ ကိုင်ကိုင် သွားတာ ကျုပ်တွေ့နေရတာကြာပြီပဲ။
တစ်ခါတလေ အညာမှာ နေတဲ့ ကျုပ်အစ်မဆီ ဖုန်းလေးဘာလေး ဆက်ချင်ရင်တောင်မှ ဒီကလေးတွေကို လုပ်ခိုင်းပြီး ဆက်ခဲ့ဖူးသေးတာ။ လက်တစ်ဝါးစာလောက်ရှိတဲ့ ဟာလေးထဲက ထွက်လာတဲ့ အသံကို နားစွင့်ရင်းက အံ့သြခြင်းတွေဖြစ်ခဲ့ရသေးတာလေ။ ဟိုအရင်ကတော့ အညာမှာနေတဲ့ ကျုပ် အစ်မဆီ မာကြောင်းသာကြောင်းလေး ဖုန်းဆက်ချင်ရင် တစ်ရွာလုံးမှာ တစ်လုံးတည်းရှိတဲ့ အုပ်ချုပ်ရေးမှူးရဲ့ အိမ်က ကြိုးတန်းလန်းနဲ့ ဖုန်းဆီ ပြေးရတာပဲ။ ဆယ့်ငါးမိနစ်လောက် မာကြောင်းသာကြောင်း ပြောပြီးရင် အုပ်ချုပ်ရေးမှူးကတော်ရဲ့ လက်ထဲ ငွေလေးငါးရာလောက်တော့ ထည့်ခဲ့ရစမြဲပေါ့။
ခုများတော့လည်း အင်း ခေတ်တွေများ ပြောပါတယ်။
အပြောင်းအလဲ မြန် လိုက်ပုံများ ဝါဆို၊ ဝါခေါင် မှာ ချောင်းရေများ တက်သလို ကြည့်ရင်းကြည့်ရင်း ကမ်းတိုက်လာတဲ့အတိုင်းပါပဲ။
••••• ••••• •••••
၂။
ကျုပ်ကသာ လျှော့တွက်နေတာ။ ရွာက အလယ်တန်းကျောင်းမှာ ခုနစ်တန်း အထိ ရောက်အောင်တောင် မနည်းသင်ခဲ့ရတဲ့ ကျုပ်သားက ခေတ်ကိုတော့ အမီလိုက်နိုင်သား ပြောရမယ်။ ဖုန်း ဝယ်ပေးပြီး ဘာမှမကြာလိုက်ဘူး၊ အကုန်လုပ်တတ်သွားတဲ့ ကျုပ်သား ဆီကနေ ကျုပ် နားမလည်တဲ့ စကားအဆန်းတွေ ခဏခဏ ကြားကြားနေ ရတော့တာပဲ။ ကြားပါများတော့ ကျုပ် နားထဲစွဲပြီး မှတ်မိနေတဲ့အထိပဲ။
စာပြာတဲ့၊ ဘယ်လို စာလည်းတော့ ကျုပ် လည်း မသိဘူး။ ပြီးတော့ ဗိုက်ဘာတဲ့၊ ယူတုတဲ့၊ ပြီးတော့ ဖေ့ဘုတ် ဆိုတာလည်း ကြားရရဲ့။ မဆင်ဂျာ ဆိုတာလည်း ကြားရသေးရဲ့။ ပြီးတော့ ဒေါင်းလုပ်တယ် ဆိုလား ဘာဆိုလား။ ကျုပ် မကြားဖူးခဲ့တဲ့ စကားတွေ စုံပွနေတာပါပဲ။ ရသမျှ အချိန်မှာ ဖုန်းမှန်ပြားလေးပေါ် လက်ညှိုးတစ်ချောင်းတင်ပြီး တကုပ်ကုပ်နဲ့ ပွတ်ကာသပ်ကာ အလုပ်ရှုပ်နေတတ်တဲ့ ဒီကောင့်ကို ကြည့်ပြီး ကျုပ်စိတ်ထဲ ဝယ်ပေးမိတာ မှားပြီဆိုတဲ့ အတွေးမျိုး တစ်ခါမှကို မပေါ်ခဲ့ဖူးပါဘူး။
ဟိုကောင် ထိပ်နီတို့လိုပဲ ငါ့သားလေးလည်း ခေတ်မီလာပြီဆိုတဲ့ အတွေးနဲ့ ကျိတ်ပြီးတောင် ကျေနပ်နေမိသေးရဲ့။ တစ်ခါတစ်ခါ ကျုပ်ဆီက၊ တစ်ခါတစ်ရံ သူ့အမေဆီကနေ သူ့ဖုန်းထဲကို ထည့်ဖို့ ဆိုပြီး တောင်းတောင်းသွားတတ်တဲ့ ပိုက်ဆံကလည်း ကျုပ်တို့လင် မယားနှစ်ယောက် ပေါင်းလိုက်ရင် သူ့ ဝယ်ပေးတဲ့ ဖုန်းတစ်လုံးဖိုးလောက်တော့ မနီးယိုးစွဲ ရလောက်ပြီ ထင်တာပဲ။ ညညတွေ ဆိုလည်း သူအိပ်တဲ့ ခြင်ထောင်ထဲကနေ မီးရောင်မှုန်ပျပျလေးက အမြဲလိုပဲ တွေ့တွေ့နေရတယ်။ သူ့ကို ကျုပ် မေးကြည့်မိတော့ ဖေ့ဘုတ်က လာတဲ့ ကားခွေကို ဒေါင်းလုပ်တယ်ဆိုလားပဲ။
ကျုပ်လည်း နောက်တော့ သိပ်မမေးဖြစ်တော့ပါ ဘူး။ သူ့ဘာသာ ဒေါင်းပဲ လုပ်လုပ် ခိုပဲ လုပ်လုပ်လေ။ ထိပ်နီတို့ အုပ်စုနဲ့ စာရင် ကျုပ် သားက ခြေငြိမ်တယ်ပဲ ပြောရမှာ။ ဟိုကောင်တွေလို ရွာရိုးကိုးပေါက် လှည့်ပြီး သန်းခေါင်သန်းလွဲ ဟိုလူအိမ်က ကြက်ဝင်ဆွဲ၊ ဒီလူအိမ်က ကြက်ဝင်ဆွဲ လုပ်တာထက် စာရင် ကျုပ်နဲ့ ကြမ်းတစ်ပြေးတည်းမှာ မိဘစိတ်ချမ်းသာ အောင် နေပေးတဲ့ သားကို ကျုပ်လည်း ဖုန်းတစ်လုံးနဲ့ လွှတ်ထားလိုက်မိတော့တယ်။
••••• ••••• •••••
၃။
ကျုပ်မိန်းမ မိဂျမ်း ဖောက်တိုက်တဲ့ ရွှေမန်းတောင် တစ်ထုပ်ကြောင့်လား တော့ မသိဘူး၊ ကျုပ်တစ်ကိုယ်လုံး ပေါ့သွားပြီး ချွေးတွေလည်း ရွှဲလာတာနဲ့ ကိုယ်ပေါ်က စောင်ထူထူကို ခွာချပြီး ထ,ထိုင်ရင်းက ကျုပ်သားဆီကို စိတ်က ရောက် သွားတယ်။ ရေတောင် အတော်တက်နေလောက်ပြီ ဆိုတော့ ဒီကောင် အခုလောက်ဆို စက်မောင်းနေလောက်ရောပေါ့။
ဒီနှစ် နွေကလည်း ကျုပ်အထင် ပိုပူသလိုပဲ။
ကျုပ်ကပဲ အသက်ကလေး နည်းနည်း ရလာလို့လား၊ ရာသီဥတုကပဲ တစ်နှစ်ထက် တစ်နှစ် ဖောက်ပြန်လာတာလား ဆိုတာတော့ ကျုပ် မပြောတတ်ဘူး။ ခုဆို ကျုပ် လယ်ထဲက နွေစပါးခင်းတွေကလည်း စပါးနှံတွေ နဲ့ ညွတ်ကွင်းထနေကြပြီလေ။ ဒီလိုအချိန်ဆိုတာက အောင်ရေ အတွက် ရေနည်းနည်းမှ ပျက်လို့ မဖြစ်တဲ့အချိန်။ ရေ ပျက်တာနဲ့ မအောင်သေးတဲ့ စပါးခင်းတွေ အဖျင်းဘက်ကို များသွားမှာ ကျုပ် အစိုးရိမ်ဆုံးကိစ္စပဲ။ တစ်ရာသီလုံး ဂရုစိုက်လာခဲ့သမျှ ပါးစပ်ဝ ကျမှ အဆုံးခံလို့ ဘယ်ဖြစ်ပါ့မလဲ။
အဲဒါကြောင့်လည်း ကျုပ် ဒီရက်ပိုင်းအတွင်း လယ်ထဲက သိပ်ပြန်ရတယ်ကို မရှိဘူး။ နေ့နေ့ညည စက်ဘေးနားက မခွာဘဲ ရေကို အမြဲမောင်းတင် ပေးနေရတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ ကျုပ်ခန္ဓာကိုယ်က ဆန္ဒပြချင်လာသလိုပဲ။ တစ်နေ့လုံး အပူထဲမှာ လှုပ်ရှား၊ ညရောက်တော့ အအေးထဲမှာ အိပ်ပါများတော့ အပူအအေး မမျှဘူးထင်ပါရဲ့ အကြောအခြင်တွေက ဟိုကတက်၊ ဒီကတက်၊ ဟိုကနာ၊ ဒီကနာ နဲ့ လူတစ်ကိုယ်လုံးဆိုတာ ကိုင်ရိုက်ခံထားရသလိုပဲ။
ဒီနေ့ မနက်တော့ ကျုပ် ပူလိုက်ချမ်းလိုက်နဲ့ ဖျားချင်သလို ဖြစ်လာတာမို့ ကျုပ် သားကိုပဲ လယ်ထဲလွှတ်ပြီး ရေစက် အမောင်းခိုင်းလိုက်ရတာ။ စိတ်တော့ သိပ်မချချင်ပေမဲ့ နေ့ခင်းဘက်ဆိုတော့ နည်းနည်းတော့ စိတ်ဖြောင့် ရသေးတာပေါ့။ သူကတော့ ပြောရှာသား “အဖေ နေမကောင်းရင်လည်း နားပါလား” တဲ့။ သူ့ဘာသာ စက်သွားစောင့်ပြီး မောင်းမယ်တဲ့။ ကျုပ် သူ့ကို တစ်ယောက်တည်း ဘယ်လွှတ်ရက်ပါ့မလဲ။ ဒါပေမဲ့ ဒီစကားမျိုး ပြောဖော်ရတာနဲ့တင် ကျုပ်ရင်မှာ အတော်လေး ကျေနပ်ချင်နေပါပြီ။
ပြီးတော့ ကျုပ် လုပ်ရတဲ့ လယ် ဆိုတာကလည်း ရွာနဲ့တော့ အလှမ်းသား။ ကျုပ်တို့ ရွာနဲ့ ပျဉ်းမပင် ဆိုတဲ့ ရွာကို ဆက်ထားတဲ့ ဆက်သွယ်ရေး လမ်းတာရဲ့ဘေးမှာ ဆိုတော့ နေ့အခါ လူသွားလူလာ ရှိတတ်သလိုပဲ။ တစ်ခါတစ်ရံ ညအခါလည်း တစ်ရွာနဲ့ တစ်ရွာ ကူးကြတဲ့ အမူးသမားတွေကလည်း ရှိတတ်လေတော့ ဒီကောင့်ကို လယ်ထဲက တဲမှာ ညဘက် စက် အစောင့် ခိုင်းဖို့ဆိုတာ ကျုပ် ဘယ်လိုမှ တွေးမရတဲ့ ကိစ္စ။ ကျုပ်ကတော့ ဘာအကြောင်းလဲ၊ ထွန်တုံး မနိုင့်တနိုင် ကတည်းက ဒီလယ်မှာ လုပ်လာခဲ့တဲ့ ကောင်ပဲ။ အခုဆို ထွန်တုံးတွေ တောင်မှ ပျောက်သွားလို့ ထွန်ကိုင်းတွေ လယ်ထဲ ရောက်ကုန်ကြပြီလေ။ ကျုပ် ဒီလယ်ကို လုပ်ခဲ့တဲ့ နှစ်တွေက နည်းတော့တာမှ မဟုတ်ဘဲ။ ပြီးတော့ ဒီရွာနီးချုပ်စပ်မှာ ကျုပ်နဲ့ မသိတဲ့ သူက အရှားသား ဆိုတော့။ ကျုပ်ကိုယ် ကျုပ်တော့ စိတ်ချနိုင်တာပေါ့။
••••• ••••• •••••
၄။
အိမ်ရှေ့ဆီက ရုတ်ရုတ်သဲသဲ ဆူဆူညံညံ အသံတွေကြောင့် အဖျားကျပြီး အိပ်ပျော်သွားတဲ့ ကျုပ် ဖျတ်ခနဲ လန့်နိုးသွားခဲ့တယ်။ နိုးနိုးချင်းမှာပဲ ကျုပ် နားထဲကို “ခင်ဗျားတို့သား လူယုတ်မာ” ဆိုတဲ့ ဒေါသတွေနဲ့ ထုံမွမ်းနေတဲ့ စကားတစ်ခွန်းက အလုံးအရင်းနဲ့ ဆောင့်ထိုးလိုက်သလိုပဲ။ ဒီအထိကိုပဲ ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ကျုပ် စိတ်ထဲမှာ မသဲကွဲသေးပါဘူး။
အဲဒီ ခဏလေးမှာပဲ ကျုပ်မိန်းမ မိဂျမ်း တစ်ယောက် ကျုပ်ရှိရာ အိမ်ပေါ်ကို အပြေးတစ်ပိုင်းနဲ့ တက်လာခဲ့တယ်။ ရပ်ထဲရွာထဲမှာ အရင်က မဟုတ်ရင် မခံတတ်တဲ့ ဆတ်ဆတ်ကြဲ ကျုပ်မိန်းမရဲ့ အမူအရာက ဒီတစ်ခါ တစ်မျိုးပဲလို့ ကျုပ် ထင်လိုက်မိတယ်။ ကြောက်လန့်တုန်လှုပ်နေတဲ့ မျက်နှာပေါ်မှာ သွေးရောင်မရှိတော့သလို ဖြူရော်ရော်ဖြစ်နေသလားလို့။ ပြီးတော့ ကျုပ်ကို အလောတကြီးနဲ့ ပြောနေတဲ့ သူ့စကားတွေကလည်း တုန်ယင်ထစ်ငေါ့ နေကြပြီး ဆုံးခန်းမတိုင်ခဲ့ဘူး။
ဘာတွေ ဖြစ်ကုန်ပြီလဲ၊ ကျုပ်သား ... ကျုပ်သား ဟုတ်တယ်၊ ကျုပ်ရဲ့နားထဲကို အထစ်ထစ်အငေါ့ငေါ့နဲ့ ဝင်ရောက်လာတဲ့ မိဂျမ်းရဲ့စကားတွေထဲမှာပေါ့။
“ကိုအေးမောင်၊ ရှင့်သား ရှင့်သားလေ ဟိုဘက်ရွာကနေ ပန်းရောင်းပြီး ပြန်လာတဲ့ ရွာတောင်ပိုင်းက ဖိုးထွန်းရဲ့သမီး မိနှင်းလေးကို လယ်ထဲမှာ ဟိုဒင်း ... ဟိုဒင်း ....”
မိဂျမ်းရဲ့ စကားက ရှေ့ကို မရောက်တော့ဘဲ ဟိုဒင်း ဆိုတဲ့ နေရာမှာသာ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပေမဲ့ ကျုပ်ကတော့ သဘောပေါက်လိုက်ပါပြီ။ ကျုပ်ရဲ့ လက်တွေက ခွေးကတက် အောက်မှာ ချထားတဲ့ ကိုင်းခုတ်ဓားဆီ ရောက်သွားခဲ့တယ်။ အဲဒီနောက်မှာ ကျုပ်စိတ်ရဲ့ ခေါ်ဆောင်ရာနောက်ကို ပါလာခဲ့ရတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်က လေအဟုန်ကို ခွင်းပြီး ကျုပ်သား ရှိရာ လယ်တဲလေးဆီကို ခရီးပြင်း နှင်နေပါတော့တယ်။ ဘာတွေပဲဖြစ်ဖြစ် ဒီအချိန်မျိုးမှာတော့ ကျုပ် သားအတွက် နောက်ကျနေခဲ့ရင် ကျုပ် ခြေထောက်တွေဟာ ကျုပ်အတွက် သစ္စာဖောက်ပဲ မဟုတ်ပါလား။
••••• ••••• •••••
၅။
“ခေတ်ကာလ ဆိုတော့လည်း ပြောရတာတော့ အခက်သားပေါ့ဗျာ။ တကယ်တော့ အသိဉာဏ်အားနည်း မဆင်ခြင်နိုင်သူတွေ၊ အထူးသဖြင့် လူငယ်တွေပေါ့ဗျာ။ သူတို့တွေရဲ့ လက်ထဲမှာ ကောင်းတာဆိုးတာ မှန်သမျှ ဖန်တီးလို့ ရနိုင်တဲ့ ဒီလိုပစ္စည်းမျိုးတွေ ရှိနေကြတာဟာ တကယ်တော့ မျောက်တစ်ကောင်ရဲ့လက်ထဲက သေနတ်တစ်လက်နဲ့ အတူတူပဲဗျ။ အဆင်မသင့်ရင် ပတ်ဝန်းကျင် အတွက်လည်း စိတ်မချရသလို သူ့အတွက်လည်း အန္တရာယ်တစ်ခုလိုပဲ” တဲ့လေ။
ရွာမှာ တာဝန်လာကျတဲ့ ကျောင်းဆရာလေး ကိုကြည်ခိုင်ရဲ့ စကားတွေကို ကျုပ် နားထဲမှာ ပြန်ကြားနေမိတယ်။ ခေတ်ပညာတတ် လူငယ် ကျောင်းဆရာတစ်ဦးရဲ့ စကားတွေက သွေးထွက်အောင် မှန်နေပါလားဆိုတာကို တွေးရင်း ကျုပ် ရင်တွင်းမှာ ခံပြင်းမိတာ အမှန်ပါပဲလေ။ တကယ်တော့ ခေတ်ရေစီးကြောင်းအတွင်းက မမြင်နိုင်တဲ့ ခလုတ်ကန်သင်း တွေရဲ့ အကြောင်းကို ကောင်းကောင်းမသိခဲ့တဲ့ ကျုပ်က အဟုတ်တောင် မှတ်ခဲ့မိသေးရဲ့။
ဒီတုန်းကတော့ ဖြစ်မလာသေးတဲ့အချိန်မှာ ဆရာလေး ကိုကြည်ခိုင် ပြောခဲ့တဲ့ စကားတွေအတွက် နည်းနည်းလေးတောင်မှ နားလည်အောင် မကြိုးစားခဲ့မိတဲ့ ကျုပ်၊ ခုအချိန်မှာတော့ ဆရာလေးရဲ့ ကျေးဇူးတရားနဲ့ ကျုပ်သား ဖိုးတာရဲ့အဖြစ်ကို ရင်နင့်နင့်နဲ့ သိလိုက်ရပါပြီ။ ဖိုးတာကို ကျုပ် ဝယ်ပေးခဲ့တဲ့ မှန်သားပြင်နဲ့ ဖုန်းကလေးထဲမှာ ဖိုးတာ ကိုယ်တိုင် ဒေါင်းလုပ်ပြီး ယူထားခဲ့တဲ့ ဟိုကားခွေတွေရဲ့အကြောင်းကိုပေါ့။ တကယ်တော့ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားတတ်တဲ့ သွေးသားတက်ကြွစ ဒီလိုအရွယ်မှာ အလွယ်တကူ ဒေါင်းယူလို့ရနေတဲ့ ဒီလို ကားတွေရဲ့ ဆိုးကျိုးနဲ့ပဲ ကျုပ်သားရဲ့ အနာဂတ်မှာ ပြင်မရတော့တဲ့ အမည်းစက်ကြီးတစ်ခု ထင်ခဲ့ရသလို အချိန်မတန်ခင် ညှိုးနွမ်းခဲ့ရတဲ့ မိနှင်းဆိုတဲ့ ဖူးငုံစ ပန်းလေးရဲ့ အကြောင်းကို တွေးမိတိုင်း ကျုပ်ရဲ့ ရင်ထဲမှာ လောင်မြိုက်နေတဲ့ မီးက ခုထက်ထိကို မငြိမ်းနိုင်ခဲ့ဘူးလေ။
သေချာပါတယ်လေ။
ဒီနှစ် ကျုပ်ရဲ့ လယ်က ဟိုးတမြန်နှစ်ကလိုတော့ စပါးအထွက်မတိုးနိုင်တော့ဘူး ဆိုတာကိုပေါ့။ စပါး ဆိုတဲ့ အမျိုးကလည်း ဒီလို အနှံ မအောင်သေးတဲ့ ရာသီမှာ အစေ့အဆန် ပြည့်ဖြိုးဖို့ အတွက် အောင်ရေ တစ်ချက် ကို အမြဲမပျက် တင်ပေးနိုင်မှသာ စပါးနှံတွေမှာ အဖျင်း နည်းပြီး အထွက်တိုးနိုင်တဲ့ ကိစ္စဆိုတာ ကျုပ်က မသိဟန် ပြုပြီး လျစ်လျူရှုနေခဲ့မိတာကိုး။
အင်း ဘာလိုလိုနဲ့ မုဒိမ်းမှုနဲ့ ထောင်ကျသွားရတဲ့ ကျုပ်သား ဖိုးတာကို ထောင်ဝင်စာ သွားတွေ့ရမယ့် ရက်တောင်မှ တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပြီပဲလေ။
▢ စာကလေး ၊ မော်ကျွန်း ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၂၀၁၉
No comments:
Post a Comment