Friday, September 4, 2026

အဆိပ်


❝ အဆိပ် ❞
▢ လွမ်းနောင်

“ဝေါ…”

တစ်ချိန်လုံး တိမ်စတိမ်နတောင်မတွေ့ ရသော မိုးက ဆိုင်းမဆင့်ဗုံမဆင့် သည်းလာသည်။ ထီးဆောင်တတ်သော အကျင့် မရှိတာမို့ ထီးကလည်း ပါမလာ။ လွယ်အိတ်ထဲမှာ ပါလာသော စာအုပ်လေး သုံးအုပ် ရေစိုမှာ စိုးသောကြောင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင် ထဲကို ပြေးဝင်လိုက်မိ၏။ ခေါင်းပေါ်မှ မိုးရေ တချို့ကို သပ်ခါချလိုက်ပြီး လွတ်ရာစားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။ ဆိုင်ထဲကို ဝေ့ကြည့်ရင်းမှ အနားသို့ ရောက်လာသော စားပွဲထိုးလေးကို ဆေးလိပ်တစ်ပွဲနှင့် လက်ဖက်သုပ်တစ်ပွဲ မှာလိုက်သည်။ ကျွန်တော်က လူတစ်မျိုးဖြစ်သည်။ မိုးလေးအေးလာရင် သူများတွေလို ကော်ဖီပူပူ လက်ဖက်ရည်ပူပူ မကြိုက်။ ဆေးလိပ်လေးနဲ့၊ ရေနွေးကြမ်းကျကျလေးနဲ့ လက်ဖက်သုပ်လေးကိုပဲ ကျွန်တော်ကြိုက်သည်။ မှာတာတွေ ရောက်သည်နှင့် ဆေးလိပ်တစ်လိပ်ကို အရင်မီးညှိလိုက်ပြီး တစ်ချက် ဖွာရှိုက်လိုက်သည်။ အပြင်ဘက်မှာ မိုးကတော့ သည်းကောင်းနေဆဲ။ ပျင်းပျင်းရှိသဖြင့် လွယ်အိတ်ထဲမှ စာအုပ်လေး တစ်အုပ် ထုတ်ပြီး ဖတ်ကြည့်သည်။ စာအုပ်က ကဗျာလုံးချင်းစာအုပ်မို့ အေးအေးလူလူ အိမ်ကျမှ ဖတ်ရန် စိတ်ကူးထားသည်။ ယခုတော့ ကိုရွှေမိုး ကောင်းမှုကြောင့် စာအုပ်နှင့် ကျွန်တော် စောစော နှစ်ပါးသွားရလေပြီ။ လက်ဖက်သုပ်လေး စားလိုက်၊ ရေနွေးကြမ်းလေးသောက်လိုက်၊ ကဗျာလေးတွေကို ဖတ်လိုက်နှင့် ကျွန်တော် ဇိမ်ကျနေသည်။ လောကစည်းစိမ် လူ့စည်းစိမ်ဆိုသည်ကို ကျွန်တော်မသိပါ။ သို့သော်ငြား ယခုအချိန်မှာတော့ ကျွန်တော် စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေသည်မှာ အမှန်။ လောရန် မလိုသည်မို့ အေးအေးဆေးဆေးပဲ ကိုယ့်အာရုံနှင့် ကိုယ် ငြိမ့်နေလိုက်သည်။

“တောက် အဲ့ဒါ တမင်လုပ်တာကွ။ သိသိကြီးနဲ့ ဒီကောင် တမင်တကာ လုပ်တာ”

နားထဲသို့ ဆောင့်ဝင်လာသောအသံကြောင့် စည်းစိမ်ပျက်သွားသည်။ သို့သော်ငြား စားသောက်ဆိုင်မှာမို့ ကျွန်တော့်အနေနှင့် ပြောပိုင်ခွင့် မရှိ။ ကဗျာစာအုပ်လေးကို ပိတ်လိုက်ရင်း အသံလာရာ ဝိုင်းကို တစေ့တစောင်းလှမ်းကြည့် အကဲခတ်လိုက် ရင်း နားစွင့်နေလိုက်မိသည်။ တစ်ဆက် တည်း...

“မိုးအေးအေးမှာ ရင်မအေးချမ်းဘဲ ဘာကြောင့်များ ဒါလောက် ပေါက်ကွဲနေပါလိမ့်” ဟုလည်း တွေးနေမိသည်။

စောစောက အသံထွက်လာသော ဝိုင်းမှာ လူသုံးယောက်ထိုင်နေသည်။ တစ်ယောက်က ထိပ်ပြောင်ပြောင် ခပ်ဝဝ၊ ကျန် နှစ်ယောက်ကတော့ သာမန် ကိုယ်နေဟန်နှင့်ပင်။ သို့သော်ငြား တစ်ယောက်က အသား အတော်ဖြူပြီး ကျန်တစ်ယောက်ကတော့ ခပ်ပုပုပင်ဖြစ်ဟန်တူ၏။ ထိုင်နေကြရာမှာ ထိုသူက ကျန်နှစ်ယောက်ထက် အတော်ပင် နိမ့်နေသည်။ စောစောက အသံထွက်လာသည်မှာ ထိုခပ်ပုပု လူ၏ ထံမှ ဖြစ်ဟန်တူသည်။ သူ့မျက်နှာမှာ အတန်ပင် မှုန်မှိုင်းခက်ထန်နေသည်။

“တောက် ငါ့တစ်သက်မှာ ဒါမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ရာဇဝင်ရိုင်းလိုက်တာ”

အသားဖြူဖြူနှင့် လူ၏ ပြောစကားက ကျွန်တော့်သိချင်စိတ်ကို ထိုးဆွလိုက်သ ယောင်။ ထို့ကြောင့် သူတို့ဘက်ကို ပို၍ အာရုံစိုက်နေမိသည်။

“ဘာပဲဖြစ်ဖြစ် မင်းတို့ကို ယုံလို့ ငါအပ်ခဲ့တာကွာ...ခုတော့”

ထိပ်ပြောင်ပြောင်နှင့် လူ၏ စကားအဆုံးမှာတော့ ကျွန်တော့် သိချင်စိတ်က ပိုပြီးပြင်းထန်လာသည်။ ဘာတွေများ ဖြစ်လာကြပါလိမ့်။

“ကျွန်တော်တို့လည်း လူရင်းချင်းဆိုပြီး နည်းနည်းသတိလွတ်သွားတာပါ။ ဒီလို တိုက်ဖူးပြီးသား ကားမှန်း သိရင် ကျွန်တော်တို့လည်း မဝယ်ပါဘူး”

ယခုမှ သူတို့ ဖြစ်အင်ကို အနည်းငယ် သဘောပေါက်သွားမိသည်။ “အင်” အထုခံရခြင်းဖြစ်မည်။ လူတော်တော်များများသည် အစွဲအလမ်း သိပ်ကြီးကြသည်။ တိုက်ဖူးပြီးသား ကားမို့ မစီးချင်ဟု ဆိုကြသည်။ မိမိတို့ ကိုယ်တိုင်ကရော လောကမှာ အထိအခိုက် အရှအနာကင်းသော လူတစ်ယောက် ဖြစ်နေပါ၏လော။ တစ်နေရာ မဟုတ် တစ်နေရာ အထိအခိုက် အရှအနာ ရှိသည်ပင်။ သို့သော်ငြား ကိုယ်နှင့် ပတ်သက်သော ပစ္စည်း ပစ္စယ၊ လူ စသည်တို့တွင် အကောင်းဆုံးဆိုတာကိုသာ တွယ်တာမျှော်လင့်တတ်ကြ၏။ စိတ်ထဲကနေ ကိုယ့်ဘာသာ အတွေးပွားနေမိသည်။ သူတို့ကတော့ ပြောနေဆဲပင်။ ကျွန်တော်က သာ အတွေးတွေနောက် လိုက်နေမိသည်။ အမှန်ဆိုရရင် တစ်ယောက်အပေါ် တစ်ယောက် ကျောတတ်သော၊ “အင်” ထုတတ်သော စိတ်ဓာတ်ကို ကျွန်တော် အင်မတန် မုန်းသည်။ စစ်မှန်သော၊ ရိုးသားသော စိတ်ဓာတ်တွေကို အရောင်ဆိုးသော “အင်” ဆိုတာကြီးကိုလည်း ကျွန်တော် မုန်းသည်။

“တူးတီး လမ်းလျှောက်မယ်ဟေ့”

အနားကနေ ဖြတ်သွားရင်းအော်လိုက်သော စားပွဲထိုးလေး အသံကြောင့် အတွေးလွန် နေရာမှ ကျွန်တော် သတိပြန်ဝင်လာသည်။ အပြင်ဘက်ကို လှမ်းကြည့်မိတော့ မိုးက စဲလေပြီ။ အင်း... သွားဦးမှ ဖြစ်မည်။ ဆက်ရန် ခရီးက ရှိသေးသည်။

••••• ••••• •••••

“အဲဒါ မင်း ညံ့လို့ ဖြစ်တာကွ၊ မင်း ပြောတော့ စိန်ပွဲစားဆို၊ စိန်နဲ့ ပတ်သက်ရင် ကျွမ်းလှချည်ရဲ့၊ သိလှချည်ရဲ့ဆို၊ ခုတော့ ဘယ်လို လုပ်မလဲ၊ ဒါနည်းနည်းနောနော ငွေ မဟုတ်ဘူးကွ”

အိမ်ပေါ် တက်တက်ချင်းကြားလိုက်ရသော အသံကြောင့် ကျွန်တော် တော်တော် စိတ်ပျက်သွားသည်။ အိမ်ရှင်လင်မယား ရန်ဖြစ်နေကြခြင်းဖြစ်သည်။ ယောက်ျားက သာမန် ရုံးဝန်ထမ်းတစ်ဦး ဖြစ်သော်ငြား မိန်းမက လည်လည်ဝယ်ဝယ်နှင့် စိန်ပွဲစားလုပ်သည်မို့ ပိုက်ဆံကတော့ အတော့်ကို ချမ်းသာသူများ ဖြစ်သည်။ ကျွန်တော့်ကိုတော့ ဦးလေးဖြစ်သူ၏ ကျေးဇူးကြောင့် သူတို့ အိမ်လေးပေါ်မှာ ခေါ် တင်ထားခြင်းဖြစ်၏။ အမြဲတမ်း အေးဆေးနေကြသူများမဟုတ်။ တစ်ခုမဟုတ် တစ်ခု စကားများနေတတ်သည်။ သူတို့စကားများတိုင်းလည်း ကျွန်တော့်မှာ အမြဲစိတ်ညစ်ရသည်။ အိမ်ရှေ့ပူမှတော့ အိမ်နောက်ဖေးလည်း စိတ်မချမ်းသာနိုင်တာအမှန်။ ခုလည်း ဖြစ်ပြန်ပြီ။ ဒီတစ်ခါ ယောက်ျားဖြစ်သူ အသံက တော်တော့်ကို ကျယ်သည်။ ကျွန်တော် လှမ်း အကဲခတ်ကြည့်တော့ သူ့မျက်နှာတစ်ခုလုံးက ဒေါသကြောင့် နီမြန်းနေသည်။ သူတို့ ရန်ဖြစ်တာ တွေ့ဖူးပေမယ့် ဒါလောက်ထိ ဒေါသ ထွက်တာကိုတော့ ကျွန်တော် မတွေ့ဖူးပါ။ ပြဿနာက တော်တော်ကြီးပုံရသည်။ မိန်းမ ဖြစ်သူကတော့ ခေါင်းကြီးငုံ့၍ တရှိုက်ရှိုက် ငိုနေသည်။

“ငိုမနေနဲ့ကွ၊ ကျက်သရေ မရှိဘူး။ ငိုနေလို့ ပြီးတာလည်းမဟုတ်ဘူး။ ဘယ်လိုလုပ် မယ်ဆိုတာ စဉ်းစား၊ တောက်...ငါကွာ...”

“ဦးလေး... တော်ပါတော့ဗျာ။ ဘယ်လိုတွေ ဖြစ်လို့လဲ”

မနေသာတော့ပြီမို့ ထုံးစံအတိုင်းပင် ကျွန်တော် ဝင်၍ တားရသည်။ ကျွန်တော့်မေး သံအဆုံးမှာ အိမ်ရှင်ဖြစ်သူက ရင်ဖွင့်စရာ ရသည့်အလား ကျွန်တော့်ကို ကြည့်ကာ...

“စဉ်းစားကြည့်စမ်းပါ ငါ့တူရာ။ စိန်ပွဲစားကြီး တင်မိ ဒီတစ်ခါ “အင်” ထိသွားပြီ လေ။ ခု သူ ဝယ်လိုက်တဲ့ စိန်တွေက အတုတွေ ဖြစ်နေတယ်လေ။ ခု အဲဒါကို ဘယ်လိုမှ သူ မရှင်းတတ်တော့ဘူး ငါ့တူရ။ ဒီဟာတွေ ရဲ့တန်ဖိုးက နည်းတာမဟုတ်ဘူး”

အိမ်ရှင်ဖြစ်သူရဲ့အသံက နောက်ဆုံးတွင် ပျော့ကျသွားတာကို သတိထားမိသည်။ သူ့မျက်ဝန်းမှာလည်း မျက်ရည်စအချို့ကို တွေ့လိုက်ရသည်။ သူတို့ရဲ့အပူတွေကို ကြည့်ရင်း ကျွန်တော်ပင် ရင်ထဲ နင့်သွားမိသည်။ စိန် “အတု” ရောင်းသူကိုလည်း ကြားထဲကနေ ဒေါသဖြစ်မိသည်။ ဘာဖြစ်လို့များ ဒါလောက် သူများကို လိမ်ချင်ညာချင်ကြတာလဲ မသိဘူးဟုလည်း တွေးမိသည်။ တွေးနေရင်းမှပင် ကျွန်တော့် အာရုံဝယ် အတုတွေက တသီကြီးပေါ်လာသည်။ တိုးတက်လာသော ခေတ်ကြီးတွင် ငွေအတု၊ လေအတု၊ ဖိနပ် အတု၊ ပတ်စပို့အတု၊ စိန်အတု၊ ကားအတု၊ ထို့နောက်... လူအတု... အို... စုံလှပါလား၊ တသီကြီးမှ တကယ့်ကိုတသီကြီး...။ ကျွန် တော့် ခေါင်းတွေပင် နောက်ကျိကျိ ဖြစ်လာသည်။ ဆက်ပြောရန်လည်း စကားစ ရှာမရသဖြင့် အသာပင် လှည့်ထွက်လာခဲ့သည်။

••••• ••••• •••••

“တယ် ... ဒီအဘိုးကြီးကတော့ အသက်ကဖြင့် ကျင်းနှုတ်ခမ်းဝ ရောက်နေပြီ။ နွားအို မြက်နုကြိုက်တဲ့စိတ်က မပျောက်သေးဘူး”

“ဗြိ”

အစပျိုးထားသော စာလေးကို ပြန်ဖတ်ကြည့်ရင်း မကြိုက်သဖြင့် စာရွက်ကိုဆုတ်ဖြဲ ပစ်လိုက်သည်။ တိတ်ဆိတ်သော ညအမှောင် ကြားတွင် စာရွက်ဖြဲလိုက်သော အသံက တစ္ဆေညည်းသံအလား “ဗြိ” ခနဲ ထွက်လာ သည်။ စာရွက်ကို လုံးခြေပြီး အမှိုက်ပုံးဆီသို့ လွှင့်ပစ်လိုက်သည်။ ဒီနေ့မှ ခေါင်းကလည်း ဘာမှကို ထွက်မလာ။ ဖြစ်တော့ မဖြစ်သေး။ ဒီည တစ်ပုဒ်တော့ ရအောင် ရေးရမည်။ မနက်ဖြန် ပေးမည်ဟု မဂ္ဂဇင်းအယ်ဒီတာတစ် ယောက်ကို ကတိပေးခဲ့ပြီးပြီ။ မပြီးလို့တော့ မဖြစ်။ ကိုယ်က ကတိပျက်ရာကျပေမည်။ ဒီလိုတော့ ကျွန်တော် အဖြစ်မခံနိုင်ပါ။ ကတိ တစ်ခုကို လွယ်လွယ်နှင့် မပေးတတ်သည်မို့ ကတိပျက်မှာကိုလည်း ကျွန်တော် ကြောက်သည်။ စာကလည်း “ဈာန်” မဝင်သဖြင့် ဘာမှ ရေးလို့မရ။ ဟိုဘက်က လှည့်တွေးကြည့်၊ ဒီဘက်က လှည့်ရေးကြည့်၊ စိတ်တိုင်းမကျ။ ဆုတ်ဖြဲလိုက်သည့် စာရွက်တွေပင် အတော် များနေပြီ။ စိတ်ကလည်း နေ့လယ်က ကိစ္စတွေဆီပဲ ရောက်နေသည်။

အိမ်ရှင်ဦးလေးတို့လင်မယား စိန်ကိစ္စကို ဘယ်လို ဖြေရှင်းမှာပါလိမ့်။ ဟို... ကားပွဲစားတွေကရော... ကားပိုင်ရှင်ကို ဘယ်လို ဖြေရှင်းပေးမှာပါလိမ့်။ စဉ်းစားရင်းနှင့် ကျွန် တော့်ခေါင်းထဲသို့ ကျွန်တော့်အတွက် ထိတ်လန့်ဖွယ်ရာ အတွေးတစ်ခု ရောက်လာသည်။ အတုလုပ်သည့်သူများကို ကျွန်တော် “မုန်း သည်” ဟု ဆိုခဲ့သည်။ ယခု ကျွန်တော်ကိုယ်တိုင်ကရော...။ တစ်ချိန်က နာမည်ကျော် အဆိုတော်တစ်ဦး ဖြစ်သော ဆရာစန္ဒရားချစ်ဆွေက နာမည်ကျော်စာရေးဆရာတစ်ဦး ဖြစ် သော ဆရာချစ်ဦးညိုအား ပြောခဲ့ဖူးသော စကားလေးတစ်ခွန်းကို ပြန်သတိရမိသည်။

“ဝေဒနာကို တချို့က အသိမ်းအဆည်း မတတ်လို့လျော့သွားတယ်။ ဒါမှမဟုတ် ပျောက်သွားတယ်။ အဲဒီလို ဖြစ်ခဲ့ရင် အဲဒီ ဝေဒနာကို အကြောင်းပြုပြီး မင်း အနုပညာပစ္စည်း မထုတ်လုပ်နဲ့။ လျော့... ပျောက်သွားတဲ့ ဝေဒနာကို အကြောင်းခံပြီး အနုပညာ လုပ်လိုက်ရင်.. မင်း သစ္စာမဲ့ရာ ကျသွားမယ် “အင်” ထုရာ ရောက်သွားမယ်ပေါ့ကွာ”

ထိုစကားကို သတိရမိသည်နှင့် တစ်ပြိုင်တည်းပင် “အင်” ထုသော၊ အတုလုပ်သောသူများကို မုန်းသည်ဆိုသော ကျွန်တော်သည် ရေးမရသော စာတစ်ပုဒ်ကို ကတိတစ်ခုအတွက်နဲ့ အတင်းဖျစ်ညှစ်ရေးဖို့ ကြံစည်နေသည်မှာ အနုပညာကို “အင်” ထုရာ ရောက်နေပြီလောဟု အထိတ်တလန့် တွေးမိလိုက် သည်။ ကျွန်တော် စာအုပ်လေးကို ပိတ်လိုက်သည်။ တော်ပါပြီ။ ရင်ထဲမှ အလိုအလျောက် ထွက်ကျလာတာ မဟုတ်သော စာတစ်ပုဒ် ဆိုသည်မှာ အလွဲတွေ၊ အမှားတွေ တသီကြီး ပါလာတတ်သည်။ အဲဒီအလွဲတွေ တသီကြီး ပါတဲ့ စာကို စာဖတ်သူများ ဖတ်လိုက်ရရင် သူတို့၏ နားထဲ၊ အတွေးတွေထဲမှာ ထိုစာက “အဆိပ်” ဖြစ်သွားနိုင်သည်။ ပါးစပ်ထဲကို ထည့်သော အဆိပ်က ထည့်ခံရသူ တစ်ဦးကိုသာ သေစေနိုင်သော်လည်း နားထဲကို၊ အတွေးထဲကို ထည့်လိုက်သော “အဆိပ်” သည် ထည့်ခံရသူ၏ ပတ်ဝန်းကျင်၊ ထည့်ခံရသူ၏ နိုင်ငံ တစ်ခုလုံးပါ ပျက်စီးစေနိုင်သည်။ ကတိတစ်ခု အတွက်နဲ့တော့ စာဖတ်သူများ၏ နားထဲ၊ အတွေးထဲကို “အဆိပ်” တွေ ထည့်မပေးချင်တော့ပြီ။ မီးလေးကို အသာပိတ်ရင်း အိပ်ရာပေါ်ကို ကျွန်တော် လှဲချလိုက်မိပါတော့သည်။

▢ လွမ်းနောင်
📖မဟေသီ ရုပ်စုံမဂ္ဂဇင်း    
     ဖေဖော်ဝါရီ ၊ ၂၀၁၅

No comments:

Post a Comment