Friday, September 4, 2026

ဘ၏ ချစ်သောမြေး ဖြူကြီး

❝ ဘ၏ ချစ်သောမြေး ဖြူကြီး ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ရီးဆေးရိုး၏ ရင်ဘတ်နှင့် ပူးတုံခွာတုံဖြစ်နေသော ထွန်ကြီးသည် လွင့်ပျံ့လူးလှိမ့်နေ၏။ ထမ်းပိုးတုံးတွင် တပ်ဆင်ထားသည့် နွားနှစ်ကောင်လည်း ကျွမ်းသဒ္ဓါ လန်အောင် ခုန်ပေါက် လူးလှိမ့်နေချေ၏။ ဟိုဘက် လယ်ပွဲ အတွင်းရှိ ထန်းပင်တန်း ညောင်ပင်အုပ်မှာလည်း ကျန်မနေခဲ့ပါ။ ဇောက်ထိုးမိုးမျှော် ဖြစ်လျက် လွင့်တက်သွားရာက အရှိန်ပြင်းစွာ ပြုတ်ကျသဖြင့် တစ်စစီ တစ်မျှင်စီ ကြေပြတ်လွင့်စဉ်သွားကြလေတော့၏။ သို့ကြောင့် ကန်ကြိုးကို အသာဆွဲလိုက်ရာ သခင်၏ တုံ့ဆွဲချက်ကို စောင့်နေသော နွားနှစ်ကောင်မှာ တုံ့ခနဲ ရပ်သွားလေ၏။ ထုံးစံအတိုင်း ဆိုလျှင် အစနှစ်စ ပူးထားသည့် ကန်ကြိုးကို ထွန်ကိုင်းတွင် တစ်ပတ်ပတ်သည်။ နတံ (နှင်တံ) ကို ဇောက်ထိုးစိုက်လျက် ကြိုး ကွင်းထဲသို့ ထိုးပစ်ခဲ့လေ့ရှိ၏။

ရီးဆေးရိုးမှာ ကြိုးကို မပတ်နိုင်တော့ပါ။ နှင်တံနှင့် ထိုးချိတ်ရုံသာ ချိတ်လျက် နီးရာကန်သင်းပေါ် ပစ်ထိုင်ချမိ၏။ သို့စဉ်တွင် ရီးကျီးဒန်က တစ်စုံတစ်ရာ ဆက်ပြောသည်။ ရီးဆေးရိုး နားအူနေသည်။ နား မရှင်း။ ရပ်သွားသောသွေးများ ပြန်လည်လှုပ်ရှားကြပြီ။ ပြန်လည် လည်ပတ်ကြပြီ။ ကြွေကွဲခြင်းဝေဒနာသည် လှိုက်တက်လာ၏။ မြစ်ပင်လယ်မှ ရေပွက်နှယ် ရင်တွင်း၌ လှိုက်ပွက်သော ဝေဒနာကို ခံစားလာရပြီ။

“ကျော်မကောင်း ကြားမကောင်းတော့ ဖြစ်ကုန်ပါပြီတော်”

ရီးကျီးဒန်သည် မောပန်းဟိုက်နွမ်းသံကို ငိုသံဖြင့် ဖုံးအုပ်ကာ အနားသပ်လိုက်လေ၏။ မမောလျှင် ခံနိုင်ပါရိုးလား။ ထမင်းထုပ်ကို ခေါင်းပေါ်မှ ချပြီးကတည်းက မနားတမ်းပြောနေခဲ့ရာ၊ ဒေါသဖြစ်ခြင်း၊ ရှက်ရွံ့ထိတ်လန့်ခြင်းတို့နှင့် စရနယ်ပြန်သည့်အတွက် တုန်ယင်ဟိုက်နွမ်းရပါပြီ။

“လှနွယ် … နေပါဦး၊ ဘယ်သူ့ သမီးပါလိမ့်”

ရီးဆေးရိုးလည်း ထမင်းထုပ်ကို မဖွင့်နိုင်သေး။ ငုံ့ပြီး စဉ်းစား၏။

“သောင်းလှိုင်၊ မယ်မှုန့် သမီးတော်”

“အင်း ... ဟုတ်ပြီ၊ သောင်းလှိုင်က သာဒွန်းရဲ့မြေး ဆိုတော့ ဟဲ့.. လက်စသတ်တော့ သာဒွန်းရဲ့ မြစ်ပါကလား”

ရီးသာဒွန်းကား ရီးဆေးရိုးနှင့် သက်တူရွယ်တူ တေဖော်တေဖက် ဖြစ်၏။ အဆဲလည်း သန်၏။ သူ့ မြစ်ကို ကိုယ့်မြေးက ကာယိန္ဒြေပျက်အောင် လုပ်သောကြောင့် ဒေါသတကြီး ဆဲနေပြီလော။ ဘိုးအေ ဘွားအေကိုလည်း မဲချည်တင်နေချေပြီလော။

“ကျုပ်တောင် ကြားကြားချင်း သတိလစ်သွားတယ် ထင်တာပဲ။ လက်ထဲက ရေမှုတ် လွတ်ကျသွားတာ မသိလိုက်ဘူး”

“အင်း… ဒုက္ခပါကလား”

ရီးဆေးရိုး စိတ်ထိန်းနိုင်ပြီ။ ထမင်းထုပ်တွင် ပတ်ချည်ထားသော ပုဆိုးစုတ်ထောင့်စများကို ညင်သာစွာ ဖြေသည်။ ထမင်းဇလုံပေါ်တွင် မှောက်ဖုံးထားသော ဇလုံဖင်တွင် မောင်ကိုကြီး၏မျက်နှာသည် ထင်းထင်းကြီး ပေါ်လာ၏။ သပ်ရပ်သော မြေး၊ မွန်ရည်သော မြေး၊ မေးမြန်းစပ်စုမှု ထူပြောရုံမက လူကြီး သူတော် လုပ်လေ့ရှိသော မြေး၊ ရီးဆေးရိုး ဂုဏ်ယူဝင့်ကြွားရသော မြေး၊ ရံဖန်ရံခါတွင် လူကြီးတွေကို လျှာနှင့် ခံတွင်း ကင်းမဲ့အောင် ဝင်မေးတတ် ပြောတတ်သော မြေး။

‘မြေးရယ်၊ သားရယ်’

ထမင်းဇလုံကို လှန်ရင်း ရီးဆေးရိုး ရင်ထဲမှ ညည်း တွားသည်။

‘ငါ့မြေး ဘယ်လိုဖြစ်တာလဲ၊ ငါ့မြေးဟာ လူကို အပေါင်းအသင်း ဖျက်တတ်တယ် ဆိုတာကို သိတဲ့ မြေး၊ သူငယ်ချင်းတွေကို ကိုယ်ပေါင်း စိတ်ခွာပဲ ပေါင်းခဲ့တာပါ။ အခုတော့ ငါ့မြေးရဲ့ အကျင့်သီလတွေကို ဘယ်သူက သွေးဆောင်ဖျက်ဆီးခဲ့ပြီလဲ သားရယ်’

ခွံ့ပြီးသော ထမင်းလုတ်ကို ရီးဆေးရိုး မဝါးမိ။ သူ့ရင်ထဲမှ ငိုမြည်သံက ကျယ်လောင်လာ၏။

••••• ••••• •••••

ခရုပိန်းရွာမှ ညတစ်ည။ ထိုညက အကြောင်းသည် ရီးဆေးရိုး အာရုံ၌ ဖျတ်ခနဲ ပေါ်လာ၏။

နှမ်းကြဲ ရေသွင်းပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ မိုးက မြေကြီး ‘ ဝမ်းရောင်’ ရုံကလေးသော်မျှ မရွာ။ တစ်နေ့ပြီးတစ်နေ့ မိုးကို စောင့်လာကြရာ မစောင့်နိုင်သည့်အဆုံးတွင် မြောင်းရေကို သွင်းရပြီ။

ရီးဆေးရိုး၏ ရေယူလှည့်မှာ ညဦးကျလိုက်၊ အရုဏ်တက် ကျလိုက်၊ နေ့လယ်ကျလိုက်ဖြင့် ရရာ အချိန်တွင် တပင်တပန်း သွင်းယူရ၏။ ရေယူပြီးချိန်တွင် လူမှာ ယဲ့ယဲ့သာ ကျန်တော့သည်။ သို့စဉ်တွင် လှည်းငှားလိုက်ရန် ပေါ်လာသည်။ ခရုပိန်းရွာမှ ကုလားပဲအိတ်များ တင်ဆောင်ကာ သင်္ဘောဆိပ်သို့ ပို့ပေးရမည်။ လှည်းခ အစိတ်။

၂၅ ကျပ် ဟူသော ငွေသည် ရီးဆေးရိုး ကဲ့သို့သော အဘိုးကြီး၊ အမယ်ကြီး လင်ကိုယ်မယားအတွက် မက်စရာကြီးဖြစ်၏။ ရမ်းဘိုကုန်းမှ နေအေးချိန်တွင် ‘လှည်းကောက်’ ပြီး ထွက်သွားပါက ခရုပိန်းရွာသို့ ညဦးပိုင်းမှာပင် ရောက်သွားမည်။ တင်စရာရှိသည်များကို တင်ပြီးနောက်တွင် တစ်ရေးတမော အိပ်ဦး၊ အိပ်ရာက နိုးမှ မောင်းလာလျှင်ပင် သင်္ဘောဆိပ်သို့ နေထွက်တစ်ပြူတွင် ရောက်မည်။

သို့ကြောင့် ရင်အောင့် ကျောတောင့်သည်ကိုမှ မဖြေနိုင်။ လှည်းပေါ်သို့ ကောက်ရိုးတင်ကာ ဂုန်အိတ် ခင်းပြီး အမယ်ကြီးအို လှမ်းပေးသော ရေဘူး၊ ထမင်းထုပ်၊ ဆေးလိပ်၊ ခမောက်၊ စောင်နှင့် ဓားမကို လှမ်းယူလျက် အခြားလှည်းများ ကြားမှ လိုက်ပါလာခဲ့သည်။ နွားနှစ်ကောင်မှာ နားနေ အားမွေးထားရသဖြင့် သွက်နေ မြူးနေကြ၏။ မြူးနေကြငြား ရှေ့က လှည်း ခံနေသဖြင့် ခြေစွမ်း မပြနိုင်။ ရှေ့လှည်းပေါ်မှ ကောက်ရိုးများကို မစားချင် စားချင် ဆွဲဝါးရင်း မှေးလိုက်နေရ၏။ လမ်းဘေးတွင် ဟပ်စရာ စားစရာမြင်ငြား သဝေထိုးပြီး ကျန်နေခဲ့၍ မရ။ နောက်လှည်းတွေ ရှိသေးသည်။

ရီးဆေးရိုးကား မိုးဝန်းလွန်သည်နှင့် အိပ်ပျော်ပြီး ကောက်ရိုးထူထူ ခင်းထားသဖြင့် တော်ရုံတန်ရုံ လှည်းဆောင့်ကာမျှဖြင့်ကား မနိုးပါ။ လေးညနှင့် သုံးရက် ပင်ပန်းထားသည်လည်း တစ်ကြောင်းမို့ တခေါခေါ ဟောက်လျက် လိုက်ပါလာလေ၏။ ခရုပိန်းရွာထဲသို့ လှည်းတွေဝင်မိမှ ရီးဆေးရိုး နိုးသည်။ လှည်းဝင်ရိုးစွန်းနှင့် တံခါးတိုင်နှင့် ချိတ်မိသည့်အတွက် လန့်နိုးခြင်း ဖြစ်ပေသည်။

“ဟ.. ရောက်ပြီလားဟ”

အိပ်ချင်မူးတူးဖြင့် ထမေးရင်း ကျီးကြည့် ကြောင်ကြည့် ကြည့်၏။ အနက်ထည်ကြီးပေါ်မှ ရွှေပွင့်ပြောက်များအလား မှေးမှုန်သော မီးရောင်များ ကြဲပက်ထားသည့် ညပိန်းပိန်းကြီး။

“ရောက်ပြီပေါ့ဗျာ၊ လှည်းပေါ်မှာ လူသေကောင်ကြီး ပါလာသလား မှတ်ရ။ ဟိုဘက်လိမ့်လိုက် သည်ဘက် စောင်းလိုက်နဲ့။ လေတိုက်တဲ့အခါ ဟိုးလိုး ဟောင်းလောင်းက ဖြစ်လိုက်သေး”

“ရှက်လိုက်တာကွာ”

“ခုမှ ရှက်နေလို့ အပိုပေါ့”

နောက်လှည်းက လူမှာ သူ့သားနှင့်မှ မတိမ်းမယိမ်း ဖြစ်သည်။ သူက လေအေးနှင့် ပြောနေသဖြင့် ရီးဆေးရိုး ရှက်မိသည်။ လှည်းအစီး နှစ်ဆယ် အတွက် ကုလားပဲအိတ်များ တင်ဆောင်ချိန်မှာ မကြာမြင့်လိုက်ပေ။ ပါလာသော ထမင်းထုပ်များကို နားနေရင်း ဖြေစားမိချိန်တွင် အုတ်အုတ်ကျက်ကျက်အသံများကို သတိထားမိသည်။

“ဟကောင် ကျော်ဇင်ဦး ဘာသံတွေလဲဟ”

“ဗီဒီယို ပြတာတဲ့ဗျ”

“ဘုရားပွဲ ရှိတယ်လည်း မကြားဘဲနဲ့ကွာ”

“ဘုရားပွဲရှိမှ ပြရမှာလားဗျ၊ လာပြတဲ့လူ ရှိရင် ကြည့်မှာပေါ့”

ထွန်းမှုံ၏ ဖြေသံမှာ ခပ်ဆတ်ဆတ်ရှိသည်မို့ ငဲ့စောင်းကြည့်မိ၏။ မီးရောင်မှိန်လွန်းသဖြင့် ထွန်းမှုံ မျက်နှာထားကို မမြင်ရ။

“ဟ ... မသိလို့မေးတာ၊ ကောင်းကောင်းဖြေပါ ခွေးကလေးရ”

ဝေါခနဲ ရယ်သံများ ပေါ်လာ၏။ ထိုအခါ ရီးဆေးရိုး ရှက်၏။ သူတို့သည် ရီးဆေးရိုး မဆဲ ဆဲအောင် တမင် ငေါက်ဆတ်ဆတ်ပြောခြင်း ဖြစ်ပေ၏။ သူတို့ စကြနောက်ကြလျှင် ကိုယ်က တည်နေ၍ မရတော့ပြီ။ ကိုယ်က ရွှင်နိုင် ရွှတ်နိုင် သွက်နိုင်မှ တန်ကာ ကျချိမ့်မည်။ ထို့ကြောင့် သူက ဦးအောင်ထသည်။

“ဒါဖြင့် ကြုံတုန်း သွားကြည့်ရအောင်ကွာ၊ ကျော်ဇင်ဦး ထဟေ့”

ပြောပြောဆိုဆိုနှင့်ပင် ရီးဆေးရိုး စောင်ဆွဲခြုံသည်။“ကျုပ်တော့ မလိုက်ဘူးဗျာ” ပြောသူမှာ ထွန်းမှုံ ဖြစ်၏။ သူသည် လှည်းပေါ်တက်ပြီး လှဲအိပ်ရာက အတွန့်တက်၏။ “ဒါပဲဗျာ၊ ကျုပ်တို့ကတော့ ရွာပြန် ရောက်ရင် ရီးကျီးဒန်ကို ပြန်ပြောမှာပဲ။ ခင်ဗျာ့အဘိုးကြီးကြောင့် ကလေးတွေ ပျက်ကုန်ပြီလို့”

သည်အထိ ရီးဆေးရိုး မရိပ်မိသေး။ “မင့်ဖေက လွှားမို့ ငါ့ကြောင့် ပျက်ရမှာလား။ မင်းတို့အမေ မွေးကတည်းက မင်းတို့ဘာသာ ပျက်လာတာပဲ” တိုင်းထွာ ချေပမိသေး၏။

သူတို့ လှည်းသမားများထဲမှ လူဆယ်ယောက်သာ ထွက်လာခဲ့ကြသည်။ ပြသသောနေရာမှာ ဇရပ် တစ်ဆောင်ပေါ်တွင် ဖြစ်၍ ရိုင်ပတ်သုံးပုံနှစ်ပုံ ကာထားသည်။ သိုင်းကားကို ပြသနေငြား၊ ကြည့်သူ တစ်ရာခန့် ရှိသောကြောင့် ညတွက်ကိုက်မည်မှာ သေချာနေပေပြီ။ ရီးဆေးရိုးတို့မှာ ပိုက်ဆံ မပေးရပါ။ ပြနေဆဲ ကားမှာ သူတို့ ရောက်သွားပြီး မကြာမီပင် ပြီးစီးသွားသည် ဖြစ်၏။ ပြီးစီးသွားငြား၊ မိန်းမတွေနှင့် အချို့အဝက်သာ ပြန်ကြ၏။ အချို့ အဝက်မှာ ထိုင်မြဲ ထိုင်ကျန်ရစ်ခဲ့ကြ၏။

“မင်းတို့ဟာကလည်း မစို့မပို့နဲ့ကွာ”

ညည်းညည်းညူညူဖြင့် ရီးဆေးရိုး ထသောအခါ ကျော်ဇင်ဦးက ဆွဲထား၏။

“ပြီးပြီ မဟုတ်လားဟ”

“ဘယ်က ပြီးရဦးမှာလဲ၊ ဟိုမှာ မမြင်ဘူးလား၊ ရိုင်ပတ်တွေ ထပ်ပြီး ကာနေတာကို”

သုံးဖက်ကာပြီး တစ်ဖက်ကို တန်းလန်းချလျက် ဖွင့်ထားခဲ့၏။ ယခု အလုံပိတ်နေပြီ၊ တစ်ယောက်ကလည်း ပိုက်ဆံ လိုက်လံ ကောက်ခံနေပြီ။ တစ်ယောက် ငါးကျပ် ပြောသံလည်း ကြားရ၏။ ရီးဆေးရိုး မျက်လုံး ပြူးရပြီ။ သူ့တွင် ပါလာသည်ကမှ ငါးကျပ် တည်းသာ။ သည်ငါးကျပ် ပေးလိုက်ပါက ပုစွန်လုံး ခြေကျိုး ဖြစ်တော့မည်။

“ငါ့မှာ ငါးကျပ်တည်း ပါတာကွ”

“နှစ်ကျပ်ပေးဗျာ”

ကျော်ဇင်ဦးသည် ဆယ်ယောက်တွက် စုပေါင်းပြီး မည်သို့ပြောကာ ပေးသည်မသိပါ။ ငွေကောက်သူက ရေပင်မရေဘဲ ယူသွားသည်။

“ငါးကျပ်ကြီးများတောင် ဘာကားမို့လဲကွာ”

ပြောသူ မရှိ၊ လင်းလက်လာသော မှန်ချပ်ပေါ်သို့သာ အာရုံရောက်နေကြပြီ။ ရီးဆေးရိုးကား ဟင်ခနဲ အော်ပြီး မျက်စိမှိတ်ထားလိုက်သည်။ အမယ်လေး ဘုရား ဘုရား ဘယ်လို ရုပ်ရှင်ပါလိမ့်။ မျက်စိကို မရဲတရဲ ဖွင့်ကြည့်မိပြန်ရာ တစ်ကိုယ်လုံး အေးစက် တောင့်ခဲ သွားလေ၏။ ရီးဆေးရိုး၏ တစ်သက်နှင့် တစ်ကိုယ် သည်မျှ ရှက်ရွံ့ဖွယ်ကောင်းသည့် အရာကို မကြုံဖူးပါ။ အသက်ရှူ ရပ်သွားလုလု ခံစားရသည်။ သတိလွင့်စဉ်ပြီး ကြက်သေ သေသွားရာက သတိပြန်ဝင်လာချိန်ဝယ် သူသည် ရိုင်ပတ်ကို တိုးပြီး ထွက်ပြေးခဲ့လေ၏။ ခလုတ်အတိုက်တိုက်၊ အလဲလဲအကွဲကွဲဖြင့် လှည်းဝိုင်းသို့ ပြန်ရောက်သည်အထိ ရီးဆေးရိုး အရှက် မပြေပါ။ အကြောက် မပြေပါ။ ရင်ထဲတွင် တစ်ဆို့ပူလောင်နေဆဲသာ။

••••• ••••• •••••

ဆက်ရက်ညို တစ်ကောင်သည် မြောင်းပေါင်ပေါ်မှ စူးစူးဝါးဝါး အော်လိုက်၏။ ရီးဆေးရိုးသည် သက်ပြင်း တစ်ချက် ချလိုက်ပြီးမှ ထမင်းလုတ်ကို ပါးစပ်ထဲ ထည့်သည်။ ငါးပိဖုတ်နှင့် ထမင်းကြမ်းခဲသည် မောမောပန်းပန်းနှင့် အလွန်စားကောင်းစမြဲ ဖြစ်ပါလျက် ရီးဆေးရိုး ခံတွင်းမတွေ့ပါ။ ခါးသယောင် သက်သယောင်နှင့် အရသာ မပေါ်။ မည်သို့ဖြစ်စေ သူသည် ထမင်းကြမ်းကို အတွင် ဝါးပြီး အတွင် မျိုချ၏။

ရီးကျီးဒန်ကို မော့ကြည့်၏။ မရှိပါ။ ဘယ်သွားပါလိမ့် အတွေးဖြင့် မျှော်ကြည့်သည်။ တမန်းပြင်ထဲ ဆင်းပြီး မြက်ကောက်နေ၏။

“ကျီးဒန်ရေ … ညည့်မြေးရဲ့ ပျောက်သွားတဲ့ ဖောင်တိန်ဟာ အသစ်မဟုတ်လားဟေ့”

“ဟုတ်ပါ့တော်၊ သည်နှစ်မှ ဝယ်တာ၊ အစိတ်တောင် ပေးရဆိုလားပဲ”

ရီးဆေးရိုး ထမင်းစားရင်း စိတ်တွက် တွက်ကြည့်၏။

“အစိတ်တန် ဖောင်တိန်ကို ရောင်းစားရင် မရပါဘူးဆို တစ်ဆယ်တော့ ရမယ်။ ကျောင်းသုံးစာအုပ်တွေ တော်တော်ကြာ လမ်းမှာ ကျတယ်၊ တော်တော်ကြာ အတန်းထဲမှာ အခိုးခံရတယ် ပြောတာတွေဟာလည်း ရောင်းစားပစ်ပြီး ဟိုဟာ ကြည့်တာ ဖြစ်ရမယ်။ ဟိုဟာက တစ်ခါကြည့် တစ်ပွဲ ငါးကျပ်ဆိုတော့၊ အင်း..”

စိတ်ဖြင့် တွက်ချက်နေခြင်းဖြစ်ငြား ‘အင်း’ မှာမူ အသံထွက်သွားလေသည်။ သူ့အသံကို ရီးကျီးဒန် ကြားများ သွားလေသလား လှမ်းကြည့်ရသေးသည်။ ရီးကျီးဒန်ကား တနဲ့နဲ့ ဖြင့် တစ်ဖက် ကန်သင်းဘက်သို့ ရောက်သွားပြီ။

‘ငါ့မြေးကလေးရဲ့ အကျင့်သီလကို ဖျက်တာ သည်ဟာပဲ ဖြစ်ရမယ်။ အင်း …. ကျောင်းဆင်းမှ ဝင်ကြည့်တာ မဟုတ်ဘဲ ကျောင်းမတက်ဘဲ ဝင်ဝင် ကြည့်နေမှဖြင့် ဘုရား ဘုရား’

တစ်ဖက် လယ်ကွင်းတွင်းမှ ရေသည် နောက်ကျိနေ၏။ ထွန်ဝင်ဆဲမို့ ဖြစ်ပေသည်။ အခြားတစ်ဖက် လယ်ကွက်မှ ရေမှာမူ ကြည်လင်နေ၏။ နှမ်းငုတ်များ ထိုးထိုးထောင်ထောင် ရှိနေဆဲသာ။

ရီးဆေးရိုးသည် ကြည်သော ရေဖြင့် ဇလုံဆေးသည်၊ လက်ဆေးသည်။ ထမင်းထုပ်ကို နေရာတကျ ပြန်ထုပ်ပြီးနောက် ပြောင်းဖူးဖက်လိပ်ကို အံမှာ ခဲလျက် တမန်းပြင်ထဲသို့ ဆင်းသည်။ နွားနှစ်ကောင်သည် အမြီး တယမ်းယမ်း၊ စားမြုံ့ တခတ်ခတ်ဖြင့် တစ်ချီတစ်လား ရုန်းရန်အသင့်ဖြစ်နေပြီ။ သို့ရာတွင် ရီးဆေးရိုး စိတ်မပါပါ။ မထွန်ချင် မယက်ချင်ပါ။ ထွန်တုံးကြီးကို ကန်သင်းထောင့်သို့ ဆွဲပစ်သော အားတွေ၊ သည် တမန်းမှာ စိုက်သမျှ စပါး အထူးအထွက် တိုးရမည် ဟူသော မာန်တွေ ပျောက်လွင့်ကုန်ပြီ။ သို့အတွက် သူသည် သူ့ကိုယ်ကို ပြန်ပြီး ဒေါသထွက်သည်။ တောက် တစ်ချက် ပြင်းပြင်းခေါက်ရာက ကန်သင်းပေါ်သို့ ပြန်လာသည်။ ဆောင့်ကြီး အောင့်ကြီး ထိုင်ချသည်။

‘ ဟုတ်တယ်၊ ငါ့မြေးဟာ ဒီလောက် ယုတ်မာအောင် ဖြစ်ရတဲ့ အကြောင်းဟာ ဒီအကြောင်းကြောင့်ပဲ ဖြစ်ရမယ်။ ငါ့မြေးဟာ အညွန့်တလူလူနဲ့ အလွန်မွန်ရည်တယ်။ မဟုတ်တာ မမှန်တာကို အလွန် မုန်းတီးတဲ့ သား၊ ကြည့်စမ်း ဗိုလ်ထွန်းအောင် အကြောင်း ပြောတုန်းက...’

••••• ••••• •••••

ရွှေယုန်နှင့် ရွှေကျား အကြောင်း ပြောရသည်မှာ ဖန်တစ်ရာတေနေပြီ။ ကမ္ဘာလိပ်မကြီး၏သမီး မထွေးလေး၊ မြွေမင်းသား၏ မထွေးလေး တို့ကိုလည်း မြေးတွေ အလွတ်ရနေပြီ။ လူမိုက်ကြီးလေးယောက်၊ သသေမိယျ၊ ဝေဿန္တရာဇာတ်တို့လည်း ညက်ညက် ကျေနေပြီ။ ရီးကျီးဒန်မှာ မြေးများအား ရှေးစကား ပြောရန် စဉ်းစားရသည်ကိုက အလုပ် တစ်ခု၊ တာဝန်ကြီး တစ်ခု ဖြစ်နေသည်။ ပြောစရာရှိတိုင်း ခေါက်ထစ်လွှတ်၊ ငေါက်ငမ်းလွှတ်ရန်မှာ တစ်ခါတစ်ရံသာ ကောင်း၏။ သို့ဖြင့် တစ်ညသော အခါတွင် ဗိုလ်ထွန်းအောင် အကြောင်း ပြောမိ၏။

နတ်မောက်ဘက်တွင် မင်းကြီးရွှေလရောင်၊ မင်းလှဘက်တွင် ဗိုလ်ရွဲ၊ စလင်းလယ်ကိုင်းတွင် မင်းကြီး ဗိုလ်ဥတ္တမ၊ ကျပင်းတွင် မြတောင်ဗိုလ် ဗိုလ်သိန်းတို့သည် ဗြိတိသျှနယ်ချဲ့သမားအား ထောင်ထားခြားနားကြ၏။ ရင်ဆိုင်တိုက်သည့်အခါ ရှိသည့်နည်းတူ၊ ပြောက်ကျားလည်း တိုက်၏။ ထွက်ပြေးရသည့် အကြိမ်ရှိသည့်နည်းတူ၊ နင်းခုတ် နင်းတက်ရသည့် အခါများလည်း ရှိကြ၏။ ကျေးရွာများကို ဗြိတိသျှ တပ်များက မအုပ်စီးနိုင်။ ထို့အတူပင် မြန်မာမျိုးချစ်များကလည်း အုပ်ချုပ် မထားနိုင်ပေ။ ထိုအချိန်တွင် လူအများမှာ နီးရာ ဓားကို ကြောက်နေရ၏။ နေ့ထွက် ပြီး ညတွင် ပုန်းနေရ၏။

ထိုအချိန်တွင် ရမ်းဘိုကုန်းရွာထဲသို့ လူစွမ်းကောင်းတစ်ယောက် ရောက်ရှိလာ၏။ ကျေးတစ်ရာ ပဝါကို လှလှပပပေါင်းပြီး ကတ္တီပါဘောင်းဘီ ဖော်လျက် အောက်ပိုးကျိုက်ကာ ကျောက်စီဓား တစ်လက်ကို လွယ်ထား၏။ သူကား ဗိုလ်ထွန်းအောင် ပေတည်း။

ဓားကို ထင်းခုတ်ရာ သစ်ပင်ချိုင်ရာတွင်သာ ကိုင်တတ်ကြရာ ဗိုလ်ထွန်းအောင်ကား မြင်ရုံဖြင့် ခံ့ညားပြီးသား ဖြစ်၏။ ဓားပြီးသည်၊ သေနတ်ပြီးသည် ဆိုပြန်သောအခါ ကြောက်ရွံ့မှုပါ ဖက်လာကြသည်။ သူသည် ဓားကြီးကို လွယ်ထားငြား ကု,လားဖြူ ကု,လားနက်ကို မတိုက်ခိုက်၊ မနှောင့်ယှက်။ ကျေးရွာသူ ကျေးရွာသားများကိုသာ နှောင့်ယှက်သည်။ အနီးအနားတွင် ကွမ်းခြံတွေ ရှိသည်။ ကွမ်းခူးသောအခါ မြေပြင်မှ လက်လှမ်းမမီရာကို သုံးချောင်းထောက် လှေကားဖြင့် တက်ခူးရသည်။ လှေကားပေါ်တက်ပြီး အလုပ်တွင် အာရုံရောက်နေသော မိန်းမပျိုများမှာ လှေကားလှုပ်ချ ခံရ၏။ လှုပ်ချသူမှာ ဗိုလ်ထွန်းအောင်။

သူသည် တစ်နေ့တခြား သောင်းကျန်းလာသည်။ မိန်းမပျိုများမှာ သတိနှင့် နေကြရသည်။ တစ်နေ့သော အခါ သူသည် မမင်းအုံတို့ အိမ်သို့ ‘စက်’ ကျပြန်သည်။ မိန်းမပျိုကလေးအား အနင်းအနှိပ် ခိုင်းသည်။ ထိကပါး ရိကပါး ပြော၏။ သူ အိမ်သို့ လာဖန်များလျှင် သူ့ မောင်ကြီးက သစ်ဖျဉ်းသော ဓားကြီးကို သွေးတော့သည်။ သူ မေးသောအခါ ‘တောတက်မလို့ပါ’ ဖြေငြား၊ ခြေသလုံးမွေးကျအောင် မြည့်နေသော နေ့တွင် ပက်လက် အနှိပ်ခံနေသော သူ့အား ထခုတ်လေ၏။

“ကောင်းတယ်... ကောင်းတယ်” ဟု ထိုနေရာ အရောက်တွင် ထအော်သူမှာ ကိုကိုကြီး ဖြစ်၏။ “သည်လိုလူသာ မလုပ်ရင် အမေကြီးတို့ကို သူတစ်သက်လုံး ဗိုလ်ကျနေတော့မှာပေါ့။ အင်္ဂလိပ်ကိုတော့ မတိုက်ဘဲ ရွာတွေ လိုက်ပြီး သောင်းကျန်းနေရတယ်လို့၊ တွေ့ချင်တယ်ဗျာ သည်လို လူမျိုးကို”

လူက ခွေးပစ်သည့် တုတ်လောက်ဖြင့် ကြုံးဝါးနေပုံကို ရီးဆေးရိုးသည် ယခုထက်တိုင် မြင်ယောင်သေး၏။ မဟုတ်လျှင် မခံ၊ မမှန်လျှင် မခံသော စိတ်ဓာတ်ရှိသော အာဂမြေးပါလားဟု မိမိကိုယ်တိုင် နှစ်ထောင်းအားရ ဖြစ်ခဲ့မိသည်ကိုလည်း ရီးဆေးရိုး သတိရမိ၏။

‘သည်ငါ့မြေးရဲ့ အကျင့်သီလ ဖြူစင်နေတာကို ဖျက်ဆီးတာဟာ ဟိုဟာပဲ ဖြစ်ရမယ်။ ဒင်း လက်ချက်ပဲ ဖြစ်ရမယ်’

ရီးဆေးရိုးသည် တမန်းပြင်ထဲသို့ ဆင်းလာကာ ထွန်ကို ဖြုတ်ပြီး နွားနှစ်ကောင်ကို ဆွဲလျက် တက်လာသည်။ ရီးကျီးဒန်မှာ အံ့အားကြီး သင့်နေ၏။

“အစောကြီး ရှိသေးတာ၊ ဘာပြုလို့ ဖြုတ်တာလဲ”

ရီးဆေးရိုး ပြန်မဖြေပါ။ ပစ္စည်းပစ္စယများကို လွယ်ပိုးလျက် သုတ်သုတ် နှင်လာပါသည်။ သူ့မျက်နှာသည် စနေထောင့်က မိုးရိပ်မိုးသားလို ညို့မှိုင်းနေပါသည်။ အံကို ကြိတ်ထားပါသည်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment