Wednesday, September 23, 2026

ကိုးဖြာသော သဲဝဲမှာ နစ်မြုပ် ၊ နုတ်၍မရ ဘဝများစွာ ...


❝ ကိုးဖြာသော သဲဝဲမှာ နစ်မြုပ် ၊ နုတ်၍မရ ဘဝများစွာ ...❞ 
▢ ကိုကောင်းသော် ( ကျောက်ဆည် )

“ဆွမ်းတော်ဗျို့”

မနက် မနက် ဆွမ်းခံထွက်တိုင်း အော်နေကျ ကျုပ်အသံက အခုတလော ဟိုတုန်းကနဲ့ မတူတော့ဘူး။ ဒါကို ဘဘုန်းကြီးက “မင်း ကြီးကောင်ဝင်စ ပြုနေပြီ” တဲ့။ သစ်တန်တွက်နည်း၊ ကိုးကျောင်းတွက်၊ ပရိတ်ကြီး ၁၁ သုတ် စာတွေ ကုန်စင်အောင် သင်ခဲ့ပြီးတဲ့ ကျုပ်ကို တစ်နေ့မှာ ဘဘုန်းကြီးက ကျောင်းက ထွက်စေပြီး ရွာထဲက ဦးစံခ အိမ်မှာ အပ်နှံ အလုပ်လုပ်ခိုင်းတော့တယ်။ ရေထမ်း၊ ထင်းပေါက်၊ မြက်ရိတ်၊ ထွန်ထယ်ရင်း ဦးစံခအိမ်မှာ နှစ်နှစ်လောက် ကြာသွားတယ်။ တစ်နေ့ ကပ္ပိယကြီး ဦးဘငွေက ကျုပ်ကို လာခေါ်လို့ ကျောင်းလိုက်သွားတယ်။ ကျောင်းရောက်တော့ ဘဘုန်းကြီးက-

“ကျောက်ဒိုး မင်းမိဘနှစ်ပါး မျက်စိမှိတ်သွားကတည်းက မင်းကို လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့ပြီးပြီ။ အခု လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် ဆက်ပြီး စီစဉ်ပေးရဦး မယ်။ ကြီးပွားတိုးတက်ဖို့ ကိစ္စမှာတော့ မင်းရဲ့ ကံ၊ဉာဏ်၊ ဝီရိယပေါ်မူတည်တယ်။ ဒီတော့ မြို့ထဲက ငါ့ဆွမ်းဒကာ ပွဲစားကြီး ဦးကြင်မြ ဆိုတာ ရှိတယ်။ သူ့သမက် ပွဲရုံမှာ မင်း အလုပ်လုပ်ဖို့ ငါ ပြောခဲ့ပြီ။ ဒီတော့ အဲဒီ သွားပေတော့။ အထူးမှာချင်တာက ဆရာသမားကို ရိုသေ၊ သစ္စာစောင့်သိ၊ ကံငါးပါး လုံအောင်ထိန်း၊ လောကီအလုပ်ပဲ လုပ်လုပ်၊ လောကုတ္တရာအလုပ်ပဲ လုပ်လုပ် သူတစ်ပါး အကျိုးမဲ့စေမယ့် အပြုအမူ အပြောအဆိုမှန်သမျှ ရှောင်။ ဒါတွေအားလုံး မမေ့နဲ့ ကျောက်ဒိုး ကဲ ကဲ သွားပေရော့”

ကျုပ် ရိုသေစွာ၊ ဝမ်း နည်းစိတ်မကောင်းခြင်း ကြီးစွာနဲ့ ဘဘုန်းကြီးကို ကန်တော့တယ်။

“အေး သာဓု သာဓု သာဓု ငါ့သားကြီး လူတစ်လုံး၊ သူတစ်လုံးဖြစ်ပြီး ကြီးပွားတိုးတက်ပါစေကွယ်”

ဘဘုန်းကြီး ဆုပေးသံ အဆုံး ကျုပ် ကျောင်းအောက် ဆင်းပြေးပြီး ကပ္ပိယကြီး ဦးဘငွေ ရှေ့မှာ ငိုချပစ်လိုက်တယ်။

“အိမ်း သံယောဇဉ်က တယ်ကြီးသကိုးကွယ်။ ငါ့ တူကြီးလည်း တရားသဘောတွေ သိနေတာပဲ။ ဘယ်သူမဆို တစ်နေ့နေ့မှာ သေကွဲ၊ ရှင်ကွဲ ကြုံကြရမှာပဲ။ သတိ လက်လွတ်မဖြစ်စေနဲ့။ ငါ့တူကြီး စိတ်ချလက်ချသာ သွားပါကွယ်။ မင့်ဘဘုန်းကြီး ဝေယျာဝစ္စတွေကို ငါတို့ နှစ်ဆတိုး ပြုစုဆောင်ရွက်ပေးပါ့မယ်”

ကျုပ် ဘာစကားမှ ပြန်မပြောနိုင်တော့ဘဲ ကပ္ပိယကြီးကိုဦးချကန်တော့လိုက်တယ်။

“သာဓု သာဓု သာဓု စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာလို့ လိုအင်ဆန္ဒတွေ ပြည့်စုံပါစေကွယ်”

••••• ••••• •••••

ပွဲရုံ ရောက်စမှာတော့ မျက်နှာငယ်ပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရိုင်းပင်းကြပါတယ်။ အစပိုင်းမှာ အောက်ခြေသိမ်း အလုပ်တွေ လုပ်ရတယ်။ နောက်တော့ သူတို့ လုပ်သလို လိုက်လုပ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ သင့်တင့်တဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ ရလာတယ်။ ကြာတော့ သူတို့၊ အထူးသဖြင့် ပွဲကတော် အခိုင်းကို စောင့်မနေတော့ဘူး။ လုပ်စရာမှန်သမျှ ထလုပ်ပစ်လိုက်တယ်။ ပွဲကတော်ကတောင် ကျုပ်ကို ဖင်ပေါ့လို့တဲ့ ပွဲစားကို ရယ်ရယ်မောမော ပြောနေသံ ကြားရသေးတယ်။

“ကျောက်ဒိုးရေ ငါ့ကို ဝက်အူချောင်း ဝယ်ပေးပါဦး”

“ကျောက်ဒိုးရယ် ငါ့ကို တိုဖူးသုပ်ဝယ်ပေးစမ်းပါကွယ်၊ ချဉ်ငန်စပ်ကလေးနော်”

အဲသလို အဲသလို ပွဲကတော်က ကျုပ်ကို မကြာမကြာ ခေါ်ခိုင်းတတ်တယ်။ နောက်ပြီး-

“ကျောက်ဒိုးရေ ရှေ့မှာ လက်လီတွေ လာဝယ်နေတယ်၊ ချိန်ပေးလိုက်ပါဦး”

ကျုပ်တို့ပွဲရုံက လက်လီ လက်ကား မှတ်ပုံတင်ရထားတော့ လက်လီတွေလည်း ရောင်းတယ်။ သီးနှံမျိုးစုံ ရောင်းဝယ်တော့ တောင်သူသုံး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ငရုတ် ကအစ အစုံရှိတယ်။ ပွဲရုံလုပ်ငန်းအပြင် လက်လီလက်စတွေပါ အကုန်လုပ်ပေးရတာ။ ဖင်ပေါ့တယ် ဆိုတဲ့ ကျုပ် အရှေ့ ပြေးရ၊ အနောက် ဝင်ရနဲ့ ထမင်းစားချိန်လေးမှာပဲ ထိုင်ရတော့တယ်။ ဒါပေမဲ့ ကျုပ် မညည်းဘူး၊ ပျော်နေတယ်။ ဒီလိုနဲ့ ရက်ကာလတွေ ကြာလာတော့ လုပ်ငန်းကျွမ်းကျင်လာတာနဲ့အမျှ ကျုပ်မှာ ရောဂါတစ်ခုလည်း မဝယ်ဘဲ ရလာတယ်။

တစ်နေ့ ကျုပ် ပွဲရုံမှာ နှမ်းတွေ ခေါက်နေတယ်။ နှမ်းအမျိုးမျိုး ရောစပ်ထားတော့ တစ်မျိုးတစ်စားတည်း ဖြစ်အောင် သမနေတာပေါ့။ အင်း ပြောစရာတစ်ခုက ကျန်ခဲ့လို့ ပြောဦးမယ်။ ပွဲရုံကို ဦးစီးတာ ပွဲစား ဆိုပေမဲ့ ပွဲကတော်ရဲ့ ခြေလက်က များတယ်။ အခု ပွဲစားဆိုတာ ပွဲစားမျိုးရိုးထဲက မဟုတ်ဘူး။ ပွဲစားကြီးသမီး၊ အခု ပွဲကတော်နဲ့ ရမှ ပွဲစား ဖြစ်လာတာ။ အချိန် အတွယ်၊ ကတ္တား၊ အလေး တင်း၊ တောင်း ကအစ ပွဲကတော် အလေးဖြတ်၊ ဈေးဖြတ်တာများတယ်။ စာရေးဆိုတာ ကျုပ် မရောက်ခင်က ရှိသေးတယ်တဲ့။ အဲဒီစာရေးက ကုန်သည်တစ်ယောက်နဲ့ ပင်းပြီး အလေးချိန် လိမ်တဲ့ကိစ္စ ပေါ်သွားလို့ ထုတ်ပစ်တယ်လို့ ပြောတာ ကြားရတယ်။ ပွဲစား ဆိုတာက မန္တလေးကို ကုန်ပို့၊ ငွေခံကိစ္စတွေနဲ့ အသွားအလာ များတယ်။ များသောအားဖြင့် ပွဲစားက ပွဲရုံမှာ အထိုင် နည်းတယ်။ ပြောရရင် ပွဲကတော်နဲ့ ကျုပ်တို့ အလုပ်သမားတွေပဲ ပွဲရုံမှာ ရှိနေကြတာ များတယ်။

တချို့ နေရာတွေမှာ ပွဲစားက သြဇာညောင်းတယ်။ ညနေဘက် ရောက်ရင်တော့ ပွဲစားက အာစလျှာစတွေ လေးလာပြီး ပွဲကတော်ကို နိုင်လေ့ရှိတယ်။ ဆူပူကြိမ်းမောင်းလေ့ရှိတယ်။ ဒီအခါမှာ ပွဲကတော်က ကျိတ်ပြီး မျက်ရည်ကျတာ တွေ့ရတယ်။ ကျုပ် ရောက်ပြီးမှ ပွဲကတော် မျက်ရည်ကျတာ နှစ်ခါ သုံးခါလောက်ရှိပြီ။ တစ်ခါမှာတော့ ပွဲကတော်က သူ့ ငွေရှင်းကောင်တာ အခန်းထဲ ကျုပ်ကိုခေါ်ပြီး မျက်ရည်လေး စမ်းစမ်းနဲ့ သူ ပွဲစား အပေါ် မကျေနပ်ချက်တွေကို ရင်ဖွင့်တယ်။ အဲဒီနေ့က ကျုပ် ဘယ်လိုဖြစ်သွားတယ် မသိဘူး။ တစ်နေကုန် အလုပ် လုပ်တာ အယောင်ယောင် အမှားမှားနဲ့ ည ဝတ်တက်နေကျ၊ မေတ္တာပို့နေကျတွေတောင် အမြီးအမောက် မတည့်ချင်တော့ဘူး။ မိန်းမ တစ်ယောက်ရဲ့ မျက်ရည်ဆိုတာ နဖူးတွေ့ ဒူးတွေ့ တွေ့ဖူးတာ ဒါ ပထမဆုံးပဲလေ။

“ကျောက်ဒိုး မင်း သတိထားနော်၊ တစ်ခါက ငမှတ်ဆိုတဲ့ကောင်လေး တစ်ယောက် ဒီပွဲရုံမှာ ရှိခဲ့ဖူးတယ်။ မင်းလိုပဲ၊ မင်းလိုပဲ ဖင်ပေါ့သလောက် လိမ္မာရေးခြားလည်း ရှိတယ်။ မင်းက သူ့ထက် လူရည်သန့်တော့ ပို သတိထားရမယ်။ နောက်တော့ အဲဒီကောင်လေး အလုပ်ထွက်သွားပြီး ဘဝ ပျက်သလောက်ကို ဖြစ်သွားတာ။ အဖတ်ဆယ်လို့ မရ တော့ဘူး။ လူကလည်း ငယ် သကိုးကွ၊ တစ်နေ့ မြို့လယ် ဘားမှာ တွေ့တော့ ငမှတ် ဆိုတာ လူရုပ်ကို မပီတော့ဘူး။ ငါ့မှာ စိတ်မကောင်းလွန်းလို့ မင်းကို ကြိုပြီး သတိပေးရတာ”

နောက် တစ်နေ့ကျတော့ အဘကြယ်က သတိပေး စကား ဆိုတယ်။ ကျုပ် ဘာကို သတိထားရကောင်းမှန်း မသိဘူး။ အဘကြယ် ဆိုတာ ဒီပွဲရုံမှာ လုပ်သက် အကြာဆုံး၊ သမ္ဘာရင့် လေးစားထိုက်တဲ့ ကျုပ်လို အလုပ်သမားပဲ။

••••• ••••• •••••

“ကျောက်ဒိုးရေ ခဏကွယ်”

အသံချိုသလို မျက်နှာလည်း အစဉ်သဖြင့် ချိုနေတဲ့ ပွဲကတော် ခေါ်သံအဆုံးမှာ ကျုပ် ပွဲကတော်ရှေ့ ရောက် သွားတယ်။ သူ့ရှေ့ ရပ်နေပေမဲ့ ဘာမှ မပြောသေးဘဲ သူ့မျက်လုံးရွဲကြီးတွေနဲ့ ကျုပ်ကို မော့ကြည့်နေတယ်။ အကြာကြီးဆို အကြာကြီးပဲ။ ကျုပ်လည်း မျက်လုံး မလွှဲမိဘူး။ ကျုပ် တစ်ကိုယ်လုံး ပူထူသွားတယ်။ ကျုပ် ဒူးတွေ မခိုင်တော့ဘူး၊ ယိမ်းယိုင်လဲမလို ဖြစ်သွားတယ်။

“ရော့ ပိုက်ဆံယူသွား၊ နင့်မုတ်ဆိတ်တွေ ရိတ်ချေစမ်း။ နှင့် မေးလုံးလုံးလေးက လှနေလျက်နဲ့ မုတ်ဆိတ်တွေ ဖုံးနေတော့ ဘယ်ကြည့်ကောင်းမလဲ”

ကျုပ် အခန်းထဲက ထွတ်လာတော့ လက်ထဲမှာ တစ်ထောင်တန်လေး ကိုင်ပြီး တုန်တုန်ယင်ယင် ဖြစ်နေတယ်။ ဒါကို အဘကြယ်က လှမ်းမြင်ဖြစ်အောင် မြင်ပြီး “ရော့ လူလေး ရေသောက်လိုက်” တဲ့။

ကျုပ် အခုတလော အလုပ်လုပ်ရတာ အမြီးအမောက် မတည့်သလို စိတ်လည်း မဖြောင့်တော့ဘူး။ ဒါကို အလုပ်လုပ်ဖော် ကိုခင်မောင်ရင်က “ကောင်လေး ဆေးမိနေပြီ၊ သတိထား” တဲ့။ လာပြန်ပြီ တစ်ယောက်။ ဘာ သတိထားရမှန်းကို မသိဘူး။

တစ်နေ့ ကျုပ် ပဲထည့်ဖို့ သုံးတင်းဝင်အိတ်ခွံတွေ ရွေးထုတ်နေတုန်း ပွဲရုံအနောက်က ပွဲကတော် ခေါ်သံကို ကြားလိုက်ရတယ်။ “ဗျာ” လို့ ထူးသံနဲ့အတူ ကပ်ပါသွားတဲ့ ကျုပ်ကိုယ်ခန္ဓာဟာ ပွဲကတော် ရေချိုးနေတဲ့ ရေကန်ဆီကို ရောက်သွားတယ်။

“ကန်ထဲ ဆပ်ပြာကျသွားလို့ မင်း ဆင်းဆယ်ပေးဦး ဟင်း ဟင်း ဟင်း”

ကျုပ်လေ ကျုပ် ကျုပ် တစ်ကိုယ်လုံး တင်းတောင့်သွားတယ်။ ရေစိုလုံချည်နဲ့ ပွဲကတော်ရဲ့ ဝင်းမွတ်နေတဲ့ အသားအရေဟာ အလှကြီး လှနေတယ်။ ရုတ်တရက် မြင်လိုက်ရတဲ့ ကျုပ် ပါးစပ်ထဲ အာစေးထည့်ထားသလို ဘာမှ ပြန်မပြောနိုင်တော့ဘူး။ ပွဲကတော်ကလည်း မျက်လုံး ရွဲကြီးနဲ့ ပြုံးပြုံးကြီး ကြည့်နေတယ်။ ကျုပ်လေ ကျုပ် မထားစဖူး စိတ်ရိုင်းတွေ ဝင်လာတယ်။ နောက် အဘကြယ်ရဲ့ “လူကလေး သတိထား” ဆိုတဲ့ မျက်နှာ၊ ကိုခင်မောင်ရင်ရဲ့ အာလုတ်သံကြီးနဲ့ ‘ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ’ ဆိုတဲ့ သီချင်းသံကို လှမ်းကြားလိုက်တော့မှ ဘဘုန်းကြီးရဲ့ ကံငါးပါးဆိုတာတွေက ရုတ်တရက် သတိရလိုက်ချိန်၊ စိတ်နဲ့ကိုယ်၊ ကျုပ်စိတ်နဲ့ ကျုပ်ကိုယ် ဆပ်ပြာစမ်းရှာနေတဲ့ ကျုပ်လက်တွေ၊ ကျုပ်လက်တွေ ပွဲကတော် ကိုယ်လုံးလေးဆီ ရောက်လုရောက်ခင်မှာ ရေကန်ပေါင်နဲ့ လွှဲရိုက်ပစ်လိုက်တယ်။

“အား...”

ထုံကျဉ်နာကြည်းသွားတဲ့ လက်က ကျုပ်ရဲ့ မူလစိတ်ကို ပြန်ပြီး တည့်မတ်ပေးလိုက်တယ်။

••••• ••••• •••••

အဲဒီညက ဘုရားဝတ် တက်၊ မေတ္တာပို့ဖို့ကို သတိ မရတော့ဘူး။ အိပ်လို့လည်း မပျော်ဘူး။ ညစာဆိုတာလည်း မေ့သွားတယ်။ ကျုပ်လေ ကျုပ် ကျုပ် ပွဲရုံလမ်းထိပ်က ကိုဘသစ်ဘုံဆိုင်မှာ မသောက်စဖူး အရက် တစ်အာတာ အကုန် မော့ပစ်လိုက်တယ်။ အား မူးလိုက်တာဗျာ။ ကျုပ် မရှက်တော့ဘူး။ ကျုပ် ငိုနေတယ်။ ဘယ်သူ့ကို တိုင်တည်ရမလဲ။ ဘယ်သူ့ကို ရင်ဖွင့်ရမလဲ၊ ကျုပ်ကကော ဘာဖြစ်နေတာလဲ၊ ကျုပ် ကျုပ် ရူးသွားပြီ ထင်တယ်။

ကျုပ် ရောဂါကို ဘယ်လို ကုထုံးသစ်တွေနဲ့ ဘယ်လို ကု၊ ကု ပျောက်မယ် မထင်ဘူး။ ကျုပ်စိတ်တွေ ယိမ်းယိုင်နေပြီ။ ဘယ်သွားသွား၊ ဘာလုပ်လုပ် မျက်စိထဲမှာ ပွဲကတော်မျက်နှာချည်း မြင်နေတယ်။ ကျုပ် အလုပ်လုပ်နေတုန်း ကျုပ် ရှေ့မှာ လာရပ်ပြီး ပြုံးပြနေတဲ့ ပွဲကတော် မျက်နှာကို ကြည့်မဝသလို ဖြစ်လာတယ်။ အဆီပြင်တွေနဲ့ နီရဲပြည့်အင်နေတဲ့ ပွဲစားမျက်နှာကြီးက ကျုပ်နဲ့ ပွဲကတော် မျက်လုံးချင်း ဆုံသွားရင် တစ်ဦးချင်းကို လိုက်ကြည့်လေ့ ရှိတယ်။ ဒီနေရာမှာ ကျုပ် မျက်နှာလွှဲနေလိုက်တယ်။ ဒါပေမဲ့ ကြာကြာနေလို့ မရ ဘူး။ ကျုပ်က မမြင်မြင်အောင် ခိုးကြည့်သလို ပွဲကတော်ကလည်း တစ်ခုခု ခိုင်းသလိုနဲ့ ကျုပ်နဲ့ မျက်နှာချင်း ဆိုင်တယ်။ ဘာလိုလိုနဲ့ ကျုပ် ကံငါးပါးထဲက နှစ်ပါး တောင်ကျိုးသွားပြီပဲ။ တစ်ပါးက သေရည်သောက်မိပြီ။ တစ်ပါးက မကြံစည် မပြစ်မှားအပ်တဲ့ အမှုကို စိတ်ထဲမှာ သိုလှောင်ပိတ်ကျပ်ထားမိပြီ။

အခု ကျုပ် ပွဲကတော်ကို မမြင်ရင် မနေနိုင်တော့ဘူး။ ကျုပ်တို့ လျင်သလို ဗိုက်ရွှဲရွှဲ နဲ့ ပွဲစားကလည်း ခန္ဓာကိုယ်နဲ့ မလိုက်အောင် လျင်ပါ့ဗျာ။ ကျုပ် ခင်းကြီး၊ ခင်းလေး သွားတာကအစ နောက်က ခိုးပြီး လိုက်ကြည့်တယ်။ ကြာ တော့ ကျုပ်အတွက် နေစရာ ကမ္ဘာ ကျဉ်းလာတယ်။ ကျုပ်မှာ ရိုးဖြောင့်မှန်ကန်တဲ့စိတ် တစ်ရွေးသားမှ မရှိတော့ဘူး။ သူတစ်ပါး မပေးတဲ့ ဥစ္စာကို လိုချင်တပ်မက်မှုတွေ ရှိလာပြီ။ ကနေ့လည်း ကုန်ပစ္စည်းကိစ္စနဲ့ ဆိုပြီး ပွဲစား မန္တလေး သွားတယ်။ ကျုပ် မေးစရာ မလိုဘူး။ ပွဲကတော် မျက်လုံးတွေက ပြောနေတယ်။ ဝင်းဝါစိုပြည်နေတဲ့ ပွဲကတော်ရဲ့ အသားအရေဟာ အမြဲဝတ်လေ့ရှိတဲ့ နွေအထည်ပါးပါးအောက်မှာ အလှတွေ ထုတ်ပြနေသလို ဖြစ်နေတယ်။ လက်လီလက်ကား ရောင်းရင်း ငွေအအမ်း အတော လုပ်နေတုန်း ကုန်းလိုက်၊ မော့လိုက်နဲ့ ပွဲကတော်လေ ကျုပ်ရဲ့အရူးစိတ်တွေကို ပိုသွပ် သွားအောင် လုပ်နေသလိုပဲ။

“ဘယ်လောက် ယူရမလဲ ကျောက်ဒိုး”

“သုံးပြည် တစ်ခွက် ဖိုး ယူရမှာ ပွဲကတော်”

“ရော့ အမ်းငွေ” 

ကျုပ် ငွေပေး၊ ငွေယူတဲ့ အခါတိုင်း ဒီလောက်ကြီးတဲ့ငွေစက္ကူကြီး ကြားခံထားတာကိုပဲ ပွဲကတော် လက်နဲ့ ကျုပ်လက်က မကြာမကြာ ထိထိ နေတော့ နွေးခနဲ၊ အေးခနဲ ဖြစ်သွားတဲ့ ကျုပ် အခုမှ မဟုတ်ပါဘူးလေ။ ကျုပ် ရောက်စကတည်းက ဖြစ်ခဲ့တာ ဆိုတော့ ကြာရင် ကျုပ် စိတ်မီးတောင်ကြီး ပေါက်ကွဲ တော့မယ် ထင်ပါရဲ့။

••••• ••••• •••••

ကနေ့ လူသစ်ကလေး ဖိုးချီ ရောက်လာတယ်။ ပွဲစားက လက်ခံချင်ပုံ မရပေမဲ့ ပွဲကတော်က လက်ခံလိုက်တယ်။ နောက်တစ်နေ့မှ ပွဲရုံ မှာ အလုပ်ဆင်းရမှာဆိုတော့ အတူနေဖို့ ပွဲကတော်က ညနေ အလုပ်သိမ်းချိန်မှာ ကျုပ်နဲ့ ထည့်လိုက်တယ်။ သူကလည်း ကျုပ်လို အဝေးကပဲ။ ကျုပ်က ပွဲရုံနဲ့ လမ်းနှစ်ပြလောက် ဝေးတဲ့ ဘောဂဝတီ ရပ်ထဲက ပွဲစားတို့ အမွေရထားတဲ့ အိမ်ကြီးမှာ ရောက်ကတည်းက နေခွင့်ရခဲ့တာ။ ဒီကောင်က ကျုပ်နဲ့ သက်တူ လောက်ရှိပေမဲ့ ကျုပ်ကို “အစ်ကို” တဲ့။ ရတယ်လေ၊ ဘယ်လိုပဲ ခေါ်ခေါ်ပေါ့။

ဖိုးချီ ရောက်လာမှ ပွဲကတော်က ကျုပ်ကို အခေါ် ကျဲကျဲလာတယ်။ “ဖိုးချီရေ ဖိုးချီ ဖိုးချီ” နဲ့။ ကြာတော့ ကျုပ် နားကြားပြင်းကတ်လာတယ်။ ကျုပ်ကို ပွဲကတော်က မျက်နှာချင်းဆိုင်လာတာတောင် ကျုပ် မျက်နှာလွှဲပစ်လိုက်တယ်။ သူ ခိုင်းရင်လည်း အရင်လို မသွက်တော့ဘူး။ ကြာတော့ ဖိုးချီမှ ဖိုးချီ ဖြစ်နေတော့တယ်။ ညဆိုရင် ကျုပ်နဲ့ ဖိုးချီက ကြမ်းတစ်ပြေးတည်း အိပ်ကြတော့ အိပ်ရာချင်းက ကပ်နေတယ်။ တစ်ည။

“ပွဲကတော်က သဘောကောင်းတယ်နော် အစ်ကို၊ ချောလည်း ချောတယ်ဗျ။ ဟိုတစ်နေ့က ဘာခိုင်းချင်လို့လဲ မသိဘူး။ ကျွန်တော့်ကို ခေါ်ပြီး စကားလည်း မပြောဘဲ အကြာကြီး စိုက်ကြည့်နေတယ်။ ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ဘဲ တစ်မျိုးကြီး ဖြစ်သွားတယ်”

ကျုပ် ဒီကောင့်ကို ဒေါပွရမလား၊ ပွဲကတော်ကို သွား သ,တ်ရမလား၊ ကျုပ်စိတ်တွေ ဆူဝေလာပြီ။ ဒါတောင် ဒီကောင်က မလျှော့သေးဘူး။

“ကျွန်တော် ငွေအမ်း၊ ငွေယူရင်း ပွဲကတော်လက်ကလေးနဲ့ ခဏ ခဏ ထိထိနေတယ်ဗျ၊ သိပ် နူးညံ့တာပဲဗျာ” တဲ့ ကွန့်တာလေ၊ ကွန့်တာ ကွန့်တာ။

“တောက်”

ကျုပ် တက်ခေါက် တော့ ကျုပ်ကို နားမလည်သလို ကြည့်ပြီး ဖိုးချီ ကြောင်နေတယ်။ ၄ ပေမီးချောင်း အောက်မှာ ပွဲရုံ ရောက်ပြီး သုံးလလောက် ရှိဦးမယ်။ အရင်က နေလောင်ထားပုံရတဲ့ ဖိုးချီအသားတွေက လတ်လာတယ်။ ရေထမ်း၊ ထင်းပေါက်၊ မြက်ရိတ်၊ ထွန်ထယ်ခဲ့တဲ့ ကျုပ်လောက်တော့ ကိုယ်လုံးကိုယ်ထည်က ဖန့်ဖန့်ရန့်ရန့် မရှိပေမဲ့၊ သူ့ပုံက ယဉ်စစနဲ့တစ်မျိုးကြည့်ကောင်း နေပေမဲ့ ကျုပ် သူ့ကို ကြည့်ပြီး ‘နှစ်တစ်’ နဲ့ ထရိုက်ပစ်ချင်စိတ်တွေ ပေါက်လာတယ်။ ကျုပ် ဘာလုပ်ရမလဲ။ မမေ့ဘူး၊ မမေ့ဘူး။ လမ်းထိပ်က ကိုဘသစ် ဘုံဆိုင် သွားပြီး ကျုပ် စိတ်ထွက်ပေါက်ရှာလိုက်တယ်။

အပြန်လမ်းမှာ ကျုပ်တို့ ပွဲရုံက ‘ခေါက်တို’ ကုန်တင်နေကျ ဆိုက်ကားဆရာ ကိုကျောက်ညိုနဲ့ တွေ့တယ်။ ကျုပ် အမူးလွန်နေလို့ ဆိုပြီး ကျုပ်ကို သူ့ဆိုက်ကားပေါ် တင်ပြီး လိုက်ပို့တာ။ ကျုပ် နေတဲ့အိမ်ကို မပို့ဘဲ၊ ပွဲရုံကို မှားပို့ပေးတယ်။ ပွဲရုံ ရောက်တော့ ပွဲစားနဲ့ ပွဲကတော် စကားများနေသံ ကြားလိုက်ရတယ်။ ပွဲစား မူးနေမှန်း ကျုပ် သိတယ်။ ပွဲကတော်ရဲ့‘အား’ ခနဲ အော်သံကြားတော့ ဘယ်လိုလုပ်ပြီး သူတို့ ကြား ရောက်သွားတယ် မသိဘူး။ ကျုပ် အဲဒီညက အမူးလွန်သွားတယ်ဆိုတာ မနက်ရောက်မှ သိတော့တယ်။

••••• ••••• •••••

မနက်က ပွဲရုံကို ရောက်နေကျ အချိန်ထက် နောက်ကျမှ ရောက်သွားတယ်။ မျက်ထောက်နီနဲ့ ပွဲစားက ပွဲရုံတံခါးဝရှေ့မှာ ခါးထောက်ပြီး ရပ်နေတာကို လှမ်းမြင်နေရတယ်။

“ကျောက်ဒိုး မင်း အလုပ်နားတော့”

“ဗျာ”

“ငါပြောတာက မင်း ငါ့ ပွဲရုံလုပ်နေတာတွေ ရပ်နားပြီး ပြန်တော့လို့ ပြောနေတာကွ”

ကျုပ် ပွဲစားကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ စားရဲ့လက်ဝဲဘက်မျက်ကွင်း တစ်ခုလုံး ညိုမည်းကွက်နေတယ်။

“ပွဲ...စား...ကြီး”

“ဟေ့ မင်းမျက်နှာကို ငါ မမြင်ချင်ဘူး၊ သွားဆိုသွားကွာ”

ကျုပ် ဘာလုပ်ရမလဲ၊ ကျုပ် ဘယ်သွားမလဲ၊ ကျုပ် ပွဲကတော်ကို ရှာကြည့်သေးတယ်၊ လုံးဝမတွေ့ဘူး။ ကျုပ်ရင်ထဲမှာ လှိုက်ခနဲ ဆို့ တက်သွားတယ်။ ကျုပ် ပွဲရုံရှေ့က ချာခနဲ လှည့်အထွက် လွင့်စဉ်ကျသွားတဲ့ ကျုပ် မျက်လုံးထဲက မျက်ရည်တစ်ပေါက်ဟာ ပွဲရုံရှေ့က ပလက်ဖောင်းပေါ်မှာ အခုထိ အရှင်လတ်လတ်ကြီး ကျန်နေခဲ့သေးတယ်။ ကျုပ် အိတ်ကပ်ထဲကို စမ်းကြည့်လိုက်တော့ ကိုယ်နဲ့ မကွာ တမြတ်တနိုးသိမ်းထားခဲ့တဲ့ တစ်ခါက ပွဲကတော်ပေးခဲ့တဲ့ ‘တစ်ထောင်တန်’  ငွေစက္ကူလေးပဲ ပါခဲ့တယ်။

••••• ••••• •••••

နာကြည်းကြေကွဲ၊ ဝမ်းနည်းစိတ်၊ ခံစားရခက်တဲ့ ဝေဒနာတွေ လွယ်ပိုးပြီး၊ မသွားစဖူး မြို့လယ်ဘား ဘက်ကို ကျုပ် ထွက်ခဲ့တယ်။

ဆိုင်ထဲရောက်တော့ အိပ်ကပ်ထဲက တစ်ထောင်တန် ငွေ စက္ကူလေးကို ပုလင်းရှေ့မှာ မရမက ထောင်ပြီး တစိမ့်စိမ့် ကြည့်နေလိုက်တယ်။

“ဟေ့ကောင် ကျောက်ဒိုး”

“ဟာ ကိုခင်မောင်ရင် ခင်ဗျားကော အလုပ်မဆင်းဘူးလား”

“အေး မဆင်းဘူး၊ ယောက္ခမကြီးကို ဆေးခန်း ပို့စရာရှိလို့ နားလိုက်တာ။ မင့်အကြောင်း ကြားရတာ စိတ် မကောင်းလိုက်တာကွာ။ မင်း အဲဒီညက တော်တော် အမူးလွန်နေတာ။ မပြောသင့်တဲ့ စကားတွေ ပြောတော့ ပွဲကတော်လည်း တော်တော်ရှက်သွားတာ”

“ကျုပ် ဘာပြောမိလို့လဲဗျာ”

“မင်းက ပွဲကတော်ကို ချစ်တဲ့အကြောင်းတွေ ပြောတော့ သူ့ခမျာ ယောက်ျား ရှေ့လည်း ဖြစ်ပြန်၊ နောက်ပြီး အော်ကြီးဟစ်ကျယ်နဲ့ ဆိုတော့ မင်းကို တော်တော် မုန်းသွားပုံရတယ်။ မင်းနာမည်နဲ့ စပ်တာမှန်သမျှ ဘာမှ မပြောနဲ့လို့ ပိတ်ထားတယ်”

“ဗျာ”

“ဒါတင် ဘယ်ကမလဲ ပွဲစားက ပွဲကတော်ကို ထပ်ရိုက်ဖို့ လက်ရွယ်နေတုန်း မင်းက ဘာမပြော၊ ညာမပြောနဲ့ ကြားထဲက ဝင်ပြီး ပွဲစားကို ဆွဲထိုးတာ ပွဲစား တစ်ချက်တည်း မှောက်သွားတော့တာပဲ”

“ဗျာ”

“မင်း သောက်နေတာ ကြာပြီလား၊ အကျင့်မလုပ်နဲ့ ငါ့လူ။ အဖတ်ဆယ်မရ ဖြစ်နေဦးမယ်”

“စောစောကပဲ ရောက်တာပါဗျာ၊ ဒါထက် ပွဲ... က... တော် ကော”

“အဲ..ဟိတ်ကောင် ငါလာခါနီး မနက်က ပွဲရုံ ခွင့်သွားတောင်းတော့ ပွဲကတော်က ဖိုးချီကို အနောက်ခေါ်ပြီး ကန်ရေဖြည့်ခိုင်းနေတာ ကြားခဲ့ရသေးတယ်”

“ဪ”

“ဝုန်း ချလွမ်း...လွမ်း”

ကျုပ်တို့ နောက်ကျော ပေးနေတဲ့ စားပွဲဆီက ပုလင်း ဖန်ခွက်တွေနဲ့အတူ လဲပြိုသံ တစ်ခု ကြားလိုက်ရတယ်။ ဆံပင်ညှဉ်းသိုးသိုးနဲ့ လူတစ်ယောက်။ ချည့်နဲ့တဲ့ ကိုယ်ခန္ဓာက ဆိုင်အတွင်း ကြမ်းပြင်သမံတလင်းမှာ တစ်သားတည်းလို ဖြစ်နေတယ်။ တစ်ယောက်တည်း လာသောက်ပုံရတဲ့ ဒီလူကို နံဘေးက လူတွေက ဆွဲထူပေးနေကြတယ်။ မျက်ကွင်းတွေ ညိုမည်းနေပြီး၊ ပါးရိုးတွေချောင်ကျနေတဲ့ သူ့မျက်နှာဟာ တစ်ချိန်က ကြည့်ပျော်ရှုပျော် ရှိခဲ့ပုံရတယ်။

“ဟာ ငမှတ် ညီလေး ဒီလောက်သောက်ရသလား ငါ့ညီရာ”

“အာ ကို.. ခင်.. မောင်.. ရင် ကျွန်တော်.. မမူးပါဘူးဗျ”

“ကျောက်ဒိုး ဒါ ဒါ ငါတို့ ပြော ပြောနေတဲ့ ငါတို့ပွဲရုံက ထွက်သွားတဲ့ ငမှတ် ဆိုတာလေကွာ”

“ဗျာ”

  ▢ ကိုကောင်းသော် ( ကျောက်ဆည် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၄ ၊ ဩဂုတ် 

No comments:

Post a Comment