❝ ညအရေးတွင် လကလေး မစောင်းပါ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ရီးဆေးရိုး၊ အေးအေးဆေးဆေးသာ အိပ်၊ ကျုပ်တို့ ရှိတယ်”
အထက်လယ်ပွဲမှ ထွန်းလှိုင်သည် ငှက်ကြီးတောင် ဓားကြီး တဝင့်ဝင့်၊ ‘တုတ်မီး’ တထိုးထိုးဖြင့် ရောက် လာသည်။ ရီးဆေးရိုးသည် ‘ဘာဘူစောင်’ မည်းမည်းကြီးကို ဖိုသီဖတ်သီပတ်လျက် ကောက်လှိုင်းတွေကို စုထပ်နေရာက လှည့်ကြည့်သည်။
“ချက်ကြီးကော ရောက်ပလားကွ”
“ရောက်ပါပြီခင်ဗျာ။ သူ့လယ်ပွဲဘက်ကို တစ်ခေါက် လျှောက်ချေဦးလို့ ကျုပ် လွှတ်လိုက်လို့ ပြန်သွားတာ”
ချက်ကြီးမှာ မြောက်ဘက်လယ်ပွဲမှ ကိုဘအုန်း၏ သား ဖြစ်သည်။ လယ်နီးချင်း ဆိုရငြား ‘ကန်သင်းတင်’ မဟုတ်၊လယ်ကြားမြောင်း ခြားနေသည်။ မြောင်းပေါင်ပေါ်တွင် နဘူးချုံ၊ ခွေးလှေးယားချုံများ ပိတ်ဆီးထားပြန်သည့်အတွက် တသီးတခြား ဖြစ်နေသည်။ မကြာခဏ လူယောင်ပြ လှည့်လည်မှ ကောက်လှိုင်း သူခိုးများကို ဟန့်တားနိုင်မည်။
ညောင်ရွက်များ အသာအယာ လှုပ်သည်။ လှုပ်တိုင်း တပြောင်ပြောင်ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှင်းကျနေပြီဟု ရီးဆေးရိုး ခန့်မှန်းသည်။ နှင်းကျသော်ငြား လယ်ပြင်ကြီးသည် မှောင်ပိန်း မနေပါ။ ဖြိုးဖြိုးဖြောက်ဖြောက် ကြယ်ရောင်ကြောင့် နေစားသော အနက်ထည်နှယ် ဖျော့တော့နေသည်။ သို့သော် လေကွယ်အောင် ညောင်ရိပ်ခိုထားသည့် ရီးဆေးရိုး၏ နေရာမှာ မည်းပိန်းနေသည်။ ပင်စည်ရင်း၌ ဖိုထားသော မီးဖိုမှာကား ရဲထိန်နေသည့် မီးကျီးသစ်များ လတ်ဆတ်နေသေးသည့်အတွက် မဖြစ်စလောက် အလင်းကလေးပင် ပေးနိုင်သေးသည်။
“လက်ဖက်ခြောက် ခတ်ထားတယ်ကွ၊ ကျလောက်ပြီ”
ရီးဆေးရိုးက ပြောပြောဆိုဆို ကောက်လှိုင်းပုံပေါ်သို့ ထိုင်ချ၏။ ကောက်လှိုင်းပုံကို လေးလှိုင်းဆင့် ထပ်ပုံထားရာ တစ်တောင်ခန့် မြင့်သည်။ လူတစ်ယောက် အိပ်သာရုံမျှ ကျယ်ဝန်းသည်။ ကျောဆန့်ရုံမျှ နားနေရန် ရည်ရွယ်ခင်းကျင်းထားငြား လေကွယ်စေရန် မြောက်ဘက်တွင် ဆယ်လှိုင်းခန့် ဖြန့်ကာထားသည်။
ယခု ညဦးသာ ရှိသေးသည်။ နေ့၏ အနွေးဓာတ် မကုန်သေး။ မကုန်ငြား။ ခိုက်ခိုက်တုန်နေပြီ။ မြောက်လေက ပျော့ချည်တစ်လှည့်၊ ပြင်းချည်တစ်လှည့် တိုက်နေချေသည်ကိုး။ သို့အတွက် ညောင်ပင်ရင်းသို့ ထွန်းလှိုင် ဝင်ကပ်သည်။ ငါးစပ်စောင် အမြိတ်များ မြေတွင် မပုံစေရန် လက်ဖြင့် သိမ်းပြီးမှ ထိုင်သည်။
“ဒါလောက် အေးရင် မလွယ်ဘူး ထင်တယ်ဗျို့”
“အချမ်းသက်သာအောင် ရေနွေးသောက်လေကွာ”
ရီးဆေးရိုးသည် ကောက်လှိုင်းပုံပေါ်သို့ ပက်လက်လှန်ချရင်းက လှမ်းပြောသည်။ ရေနွေးငွေ့သံ ကြားရသည်။ ပူပူလောင်လောင်ကြီးကို ‘ရှုပ်’ သောက်သံ ကြားရသည်။
အနက်ထည် ကောင်းကင်ပြင်ကြီးသည် တင့်တယ်လှပပေစွ။ ကြယ်များသည် လမင်းကို စောင့်ဆိုင်းရင်း စုရုံးနေကြသည်။ ငြိမ်နေသော ကြယ်၊ မျက်တောင်ခတ်သော ကြယ်၊ တောက်တောက်ပပ ကြယ်၊ မွှားမွှားမှိန်မှိန် ကြယ်၊ အမြီးရှည်ကြီးထုတ်ကာ စီးမျောပျောက်ကွယ်သွားသည့်ကြယ်။
“ဟေ့...ကနေ့ ဘယ်နှရက်တုံးကွ”
“မသိပါဘူးဗျာ၊ လတောင် တန်ဆောင်မုန်းလား၊ နတ်တော်လား”
“မင့်အဖေကလွှား၊ ပြာသိုပါဟ ကောင်ရ၊ လပြည့် ကျော်ပြီ”
တေးချင်းဟစ်သံ ကြားရသည်။ တောင်ဘက် လယ်ပွဲမှ ပေသီး၏သား မင်းထွန်းဦးအသံ ဖြစ်သည်။
“သန်းခေါင်ကျော်မှ လ ထွက်မှာ ဆိုတော့၊ ညဦးမှာ ဂရုစိုက်ကြဟေ့၊ အဲ ... ငါ့လယ်ပွဲအောက်ဘက်လည်း တစ်ခေါက်တစ်ကျင်း လျှောက်လိုက်ပါဦးဟ”
“ကိစ္စမရှိပါဘူး ရီးဆေးရိုးရာ၊ ဟိုကောင်လေး၊ အဲသည်ဘက်က လှည့်လာနေပါတယ်။ ခင်ဗျာ့ ကောက်လှိုင်း တစ်လှိုင်းမှ မပျောက်စေရဘူး စိတ်ချ။ တစ်လှိုင်း ပျောက်ရင် ကျုပ်က နှစ်လှိုင်း လျော်မယ်”
ထိုအခါတွင် “ဟေ့ကောင်” ဆိုကာ ရီးဆေးရိုး ထိုင်သည်။
“ငါ့ကောက်လှိုင်းက လယ်နက်ထဲက ကောက်လှိုင်းဟ၊ နင့်နေအောင် လေးတာ။ မင့်ကောက်လှိုင်း ဆယ်လှိုင်းကို ကလေးတောင် ပွေ့နိုင်တယ်”
“အဲဒါတော့ နှိမ်လွန်းသဗျာ” ဆိုကာ ထွန်းလှိုင် အော်ဟစ်ရယ်မော၏။
“ဗျို့ အဘ၊ အဘတို့ ဦးထွန်းလှိုင်တို့”
ရီးဆေးရိုး လည်ပင်းရှည်ကြည့်သည်။ လှုပ်နေသော အရာကို မြင်ရ၏။ လူလော သစ်ပင်လော မကွဲပြားငြား “ဟေး” ဟု အသံပေးပြီးမှ “ငမှုန် မဟုတ်လား” အသံနှိမ့်မေး၏။
ငမှုန်မှာ အောက်လယ်ပွဲမှ ဖြစ်သည်။ ထွန်းလှိုင် နှင့် ရီးဆေးရိုးတို့ လည်ပင်း မတိုမီပင် ငမှုန်သည် ညောင်ပင်အောက်သို့ လေးဖက်မထောက်ရုံ ကျန်တော့သော ကုပ်ချောင်းချောင်းပုံဟန်ဖြင့် ဝင်လာ၏။ ပါးစပ်မှလည်း တရှီးရှီး အသံထွက်နေ၏။ မီးဖိုထဲ ဆင်းထိုင်မတတ် နီးကပ်စွာ ဝင်ထိုင်သဖြင့် ထွန်းလှိုင်သည် ရေနွေးအိုး ဖယ်ပြီး သစ်ရွက်ခြောက် ရောသော ကိုင်းသေးကိုင်းမွှား တစ်ဆုပ် ထည့်ပေးလိုက်သည်။ မီးခိုးနံ့ ဝေ့ဝဲလာသည်။ မီးရောင်လက်လာမှ မီးခိုးနံ့ လျော့သွားသည်။ ဤမျှ အေးသော်ငြား ငမှုန်တွင် အနွေးထည်မပါ။ သို့အတွက် “သည်မသာလေးတော့ သေတော့မှာပဲ” မာန်၏။ ဘာကြောင့်များ မာန်မဲပါလိမ့်ဟု ငမှုန် မော့ကြည့်၏။
“ဖျာပုံထည် အနွေးထည်လေးတောင် မဝတ်နိုင်ဘူးလား ဟကောင်လေးရ၊ မနှစ်တုန်းကလည်း စပါး ရသားနဲ့”
“စပါးတစ်တောင်း တစ်ရာ ဖြစ်တဲ့အချိန်ကတော့ ကျုပ်တို့ လက်ထဲမှာ စပါးမရှိတော့ဘူး ဘရ။ ဒါတောင် ကျုပ်ဝမ်းစာ စပါးထဲက တစ်တောင်း ခိုးရောင်းပြီး အနွေးထည်တစ်ထည် ဝယ်လိုက်သေးဗျ”
“ဒါဖြင့် အဲဒါ ဘယ်မတုံး”
“ညီလေးဝတ်သွားလို့ ဘရ”
ရီးဆေးရိုး ခေါင်းညိတ်သည်။ သူ့ညီသည် အရောင်အသွေးရှိသည့် အင်္ကျီကို ဝတ်ကာ ရွာထဲတွင် လှည့်လည်ပြီး လူလုံးအပြ လွန်နေဟန် တူသည်။ ထို့ကြောင့် ကောက်လှိုင်းစောင့်ထွက်မည့် အစ်ကို့ထံသို့ အချိန်မီ ပြန်မရောက်ခြင်း ဖြစ်မည်။
“ဒီလိုဆိုလည်း စောင်လေး ဘာလေး ခြုံလာခဲ့ပေါ့ကွာ”
“အားလုံးမှ စောင်က လေးထည်၊ လူက ရှစ်ယောက် ဘရ”
“တော်ကွာ၊ တော်ကွာ” ဟု အော်ငြား ရီးဆေးရိုး စိတ်မဆိုးပါ။ ချို့တဲ့ရမည်လော ဟူ၍လည်း အပြစ် မတင်ပါ။ စပါးထွက်အောင် အပြင်မှ ဝယ်ယူ သုံးစွဲရသည့် ဓာတ်မြေသြဇာဖိုးနှင့် ပိုးသတ်ဆေးဖိုးက မြင့်နေသည်ကိုကား မသိကြ။ စပါးတစ်တောင်း တစ်ရာကိုသာ ဟိုးလေးတစ်ကျော် ပြောနေကြသည်။
ရီးဆေးရိုး တိုးတိုးတိတ်တိတ် တွက်ကြည့်၏။ ဂဠုန်ထခါနီး အချိန်တုန်းက စပါးတစ်တောင်း သုံးမတ်၊ တစ်ကျပ်မူးတင်း၊ တစ်ကျပ်ပဲတင်း။ သို့သော် မတ်တတ်စင်း ဘလေဇာအင်္ကျီတစ်ထည် သုံးပဲ၊ အမဲသား တစ်ပိဿာ ငါးမူး၊ သုံးမတ်။ ထိုအခါ “စပါးဈေး၊ ဘယ်လောက်ပဲရရ၊ ကိုယ်ဝယ်ရတဲ့ဟာတွေ ခေါင်ခိုက်နေလည်း မသက်သာပါဘူးကွာ” ညည်းတွားမိလေ၏။ သူ့စိတ်ကူးနှင့် သူ၊ သူ့အတွေးနှင့် သူ လုံးထွေးနေရာ အတွေးအိမ်ထဲမှ လိမ့်ကျလာခြင်းဖြစ်ရာ ထွန်းလှိုင် သဘောမပေါက်။ ငမှုန် မျက်လုံးပြူးနေ၏။
“ဘာပြောတုံး”
ထွန်းလှိုင် လှမ်းမေးစဉ် ချက်ကြီး ပြေးဝင်လာ၏။
“တစ္ဆေခြောက်တယ် အဘ၊ တစ္ဆေ”
“ဘယ်နားမှာတုံး”
“ဘယ်လို ခြောက်လိုက်တုံး”
ရီးဆေးရိုးနှင့် ထွန်းလှိုင်၏ ရှေ့ဆင့် နောက်ဆင့် အမေး။
“မြောင်းပေါင်ဘေးက ထန်းဖိုပင်ပေါ်ကနေပြီး လျှာကြီး ထုတ်ပြတယ်။ လျှာကြီးကလည်း တယမ်းယမ်းနဲ့”
“ဘယ်ကလာ သောက်တစ္ဆေ ရှိရမှာတုံး၊ ငါ တစ်သက်လုံး ညကြီးသန်းခေါင် ရေယူနေတာ ဘာ တစ္ဆေ ဘာသရဲ ဘာအုတ်ဒဇောင့် (ဥစ္စာစောင့်) မှ မရှိဘူး”
ရီးဆေးရိုး ပုတ်ထုတ်ငြား ငမှုန် မျက်နှာပျက်၏။ မြောင်းပေါင်ဘက်သို့ မျက်နှာမူထားရာက ထွန်းလှိုင် ဘက် တိုး၏။
“နေပါဦး၊ မင်းက လျှာကြီးထုတ်ပြတယ် ပြောတော့၊ လျှာဆိုတာ ပါးစပ်ထဲက ထွက်လာတဲ့ ရှည်ရှည် ပြားပြားကြီးကို ခေါ်တာကွ။ ဒီတော့ တစ္ဆေရဲ့ ပါးစပ်ကို မင်း မြင်ရမှာပေါ့”
တွေးတွေးဆဆဖြင့် ပေါ်လာသော ရီးဆေးရိုး၏ အမေး။ ချက်ကြီး ရူးချင်သလို ဖြစ်သွားရသော စကား။
“ကျုပ်.. အဲ... အဝှာ ကြက်သီး ဖြန်းခနဲ ထသွားလို့ ကြည့်လိုက်တော့ လျှာကြီးကို မြင်ရတာ ဘရ”
“ဒါလောက် အေးနေမှတော့ ကြက်သီးထမှာ ပေါ့ဟ။ အေးပါ... လျှာဆိုရင် ပါးစပ်ကိုပါ မြင်ရမယ်။ အဲဒီတော့ မင်းတစ္ဆေရဲ့ပါးစပ် အပေါ်နှုတ်ခမ်းမှာ နှုတ်ခမ်းမွေး ပါသလား၊ ကဲ ဖြေစမ်း”
“အဲဒါကတော့ ဘယ်သိမလဲ”
“ဟုတ်ပြီ... နှုတ်ခမ်းမွေးကို သတိမထားမိရင် အဲဒီ တစ္ဆေမှာ မုတ်ဆိတ်မွေးပါသလား”
“ဘက သိပ်ကတ်သီးကတ်သတ် ပြောတာပဲ”
ချက်ကြီး ပြုံးမလို မဲ့မလိုဖြင့် အဖြေပေးရန် ရှောင်သည်။ ထွန်းလှိုင်ကမူ ရီးဆေးရိုး၏ အမေးကို သဘောတွေ့သည်။
“ဟုတ်တယ်ဟ... ချက်ကြီးရ၊ လျှာကြီးဆိုတာ ပါးစပ်ထဲက ထွက်မှ လျှာဖြစ်မှာပေါ့။ ပါးစပ်ဆိုတာ သိဖို့ဆိုရင် မုတ်ဆိတ်မွေးပါမှ ပါးစပ်ဆိုတာ သိသာတော့မပေါ့”
ပြောပြီး တဟားဟား ရယ်သည်။ သူ ရယ်လေလေ ချက်ကြီး အနေခက်လေလေ။ ငမှုန်က မီးဖိုထဲသို့ ရိုးပြတ်တွေ ထည့်သည်။ မီးတောက်ကြီး ဟုန်းခနဲ ထလာသည်။ သည်တွင် ချက်ကြီး အနေရခက်ပုံမှာ ပို၍ ထင်ရှား၏။
“ဟေ့ ကောင်လေး”
ထွန်းလှိုင်ခေါ်သံက အေးဆေးငြား ချက်ကြီး အထိတ်တလန့် ‘ဗျာ’ ၏။
“မင်း မြင်ခဲ့ရတဲ့ လျှာကြီးကို ရီးဆေးရိုး ‘ပင်းတား’ ချတဲ့နေရာနဲ့ တည့်တည့်က ထန်းပင်မှာ မြင်ခဲ့တာ မဟုတ်လား”
“ဟုတ်... ဟုတ်တယ်ဗျ”
သူ့ဘက်က လိုက်ပြောပါလျက် ချက်ကြီး ဘယ်အတွက် ထစ်နေရသနည်း။ ရီးဆေးရိုးသည် ချက်ကြီး ကို အကဲခတ်ရင်း စဉ်းစား၏။ ထွန်းလှိုင်ကား မေးမြဲ ဆက်မေးနေသည်။
“လျှာကြီးက အနီရောင်ကြီး မဟုတ်လား”
“ဟာ... ဟုတ်... ဟုတ်သဗျ”
ထွန်းလှိုင် ဟက်ဟက်ပက်ပက် ရယ်မောသည်။
“အဲဒီထန်းပင်နားကို မင်း ရောက်ချိန်လောက်မှာ ငမှုန့်အတွက် မီးဖိုမှာ မီးထည့်တော့ ဟုန်းခနဲ တောက်တယ်။ အဲဒီ မီးရောင်က ထန်းပင်မှာ တွဲလောင်းကျနေတဲ့ ထန်းရွက်ခြောက်ကို အရောင်ဟပ်တယ်။ မီးရောင်ကြောင့် နီမယ်၊ လေတိုက်လို့ လှုပ်မယ်၊ ဒါပဲ”
“ငမှုန် ရောက်လာပလားဟေ့”
မင်းထွန်းဦး၏ အဖေ ပေသီး အသံဖြစ်သည်။ ငမှုန် ‘ဗျို့’ သံ ပေးလျက် လည်ပင်းရှည်စဉ် မီးရောင်ထဲသို့ ပေသီး ဝင်လာ၏။
“မင်းက ဒီမှာ လာပြီးနေ၊ ဟိုမှာ မိန်းမနှစ်ယောက် ကောက်လှိုင်းတွေ လာခြွေလို့ ငါ ဆီးငေါက်လိုက်ရသဗျာ”
“ဟင်” ဆိုကာ ငမှုန် ထ၏။ အနွေးဓာတ် ရထားသဖြင့် ထောင်မတ်နေပြီ။ ဓားနှင့် တုတ်မီးကို ကောက်ကိုင်၏။
“အဲဒီကောင်မတွေ နောက်တစ်ကျော့ လာချင် လာလိမ့်မယ်။ အဲသာကြောင့် ငါ့သားကို အချောင်းခိုင်းပစ်ခဲ့တယ်။ ဥနှဲပင် နားမှာ ရှိလိမ့်မယ်။ မင်းရောက်ရင် သူ့ကို ပြန်လွှတ်လိုက်”
သူလည်း အမောတကော ပြောအပြီး မီးဖိုနားသို့ တိုးကပ်၏။
“ဘယ်က ကောင်မတွေတုံးကွ”
“သူတို့ရွာက ဓာတ်သိတွေ နေမှာပါ။ ခပ်ငယ်ငယ် ကောင်မလေးက သူ့ရည်းစားတောင် ဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း မဟုတ်မှ လွဲရော၊ သူနဲ့များ စည်းဝါးကိုက်ထားသလားမှ မသိတာ”
ရီးဆေးရိုးသည် ပူနွေးသော ကောက်လှိုင်းထဲတွင် စောင်ခြုံပြီး အကျအန ကွေးနေရာမှ ‘သေချာလှချည့်လားဟ’ ဆိုကာ ငုတ်တုတ် ထထိုင်၏။
“ရဲလည်း ရဲတင်းတယ်ဗျ။ ဂုန်နီအိတ်နှစ်လုံးနဲ့ အကျအန လာတာဗျ။ သူခိုးဆိုရင် တစ်စိတ်၊ တစ်ခွဲ ရရင် တော်ပြီ၊ ပုဆိုးကွင်းကို စုချည်ပြီး ထည့်သွားမယ်”
ထိုအခါ “တို့လည်း ငယ်ငယ်တုန်းက ကိုယ့်ပစ္စည်း ကိုယ် ပြန်ခိုးခဲ့ကြတာပဲ မဟုတ်လား”
ရီးဆေးရိုး စဉ်းစားမိသော ခဏတွင် ကောက်လှိုင်းပုံပေါ်မှ ခြေတန်းလန်းချ၏။ ယင်းသို့ တွေးမိပြန်သည့်အခါ ခြေကို ပြန်တင်ပြီး တင်ပျဉ်ခွေ၏။ သို့ရာတွင် ရီးဆေးရိုး၏ ရင်ထဲတွင် မတင်မကျ ဖြစ်နေသည်။ ဘာဘူစောင်ကြီး ဖရိုဖရဲခြုံလျက် ထရပ်သည်။
“ပေသီး... ဒီမှာပဲ နေဦးကွာ၊ ထွန်းလှိုင် လာဟေ့”
အမည်တပ်ပြီး ခေါ်ထုတ်သဖြင့် ထလိုက်လာရငြား ထွန်းလှိုင် မသိ။
“အေးအေးဆေးဆေး အိပ်နေပါ ဆိုတာတောင် မနေနိုင်ဘဲကိုး။ ရီးဆေးရိုး အခု ဘာလုပ်ဖို့ ဘယ်သွားမှာတုံး” တသီကြီး မေးသည်။
ရီးဆေးရိုး မဖြေသေး။ ဝါးရင်းတောင်ဝှေး တဒေါက်ဒေါက်ဖြင့် ကန်သင်းရိုးအတိုင်း လျှောက်လာခဲ့သည်။ ကန်သင်းဆုံသို့ ရောက်မှ ကျောဘက်သို့ ပြန်၍ မီးကို ထိုးကြည့်ရင်း စကားစသည်။
“တစ္ဆေကို ငါ မသင်္ကာလို့ကွ”
“အင်း … ဘယ်လို မသင်္ကာတာတုံး”
“ဒီကောင်လေးဟာ ခြောက်နှစ်သား၊ ခုနစ်နှစ်သားကတည်းက ဖအေနဲ့ လယ်ထဲ လိုက်အိပ်တဲ့ကောင်၊ ဘာမှ ကြောက်ရမှန်း လန့်ရမှန်း သိတာ မဟုတ်ဘူး။ အခုမှ တစ္ဆေဆိုတော့ ထူးသလားလို့”
“ဘာလုပ်ချင်တုံး.. ကဲ”
ရီးဆေးရိုးသည် ကုန်းမြင့်လယ်ကွက်ဘက်သို့ ကူးသွားပြီးမှ “ထူးလိုထူးငြား သွားချောင်းချင်လို့ပါကွာ” ဟု ဆိုသည်။ ထွန်းလှိုင်က “ဒါဖြင့်လည်း သွားလေ” ဆိုသော်လည်း နေရာမှ မရွေ့သေး။
“စားကြွေးသောက်ကြွေး ကျေရုံကလေး တစ်တင်းစာ၊ နှစ်တင်းစာ ခိုးရောင်းလို့ကတော့ အကြောင်း မဟုတ်ဘူးပေါ့ကွာ။ လေးငါးဆယ်တောင်း ဆိုရင် သူ့ မိဘတွေ သိသွားချိန်မှာ ဘာပြောမတုံး”
“ဒါပေါ့လေ၊ လူကြီးတွေ ပါတယ်ဆိုလို့ ကျုပ်တို့က စိတ်ချနေတာ၊ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ”
သည်အထိ ထွန်းလှိုင်၏ စကားမှာ ရီးဆေးရိုး နှစ်မြို့ဖွယ်ဖြစ်၏။
“ဒါပေမဲ့ ကျုပ်တို့ ခိုးတာမှ မဟုတ်တာ ရီးဆေးရိုးရာ၊ သူ့မိဘပစ္စည်း၊ သူ့သားသမီး ခိုးတာ ဘာဖြစ်တုံး”
သည်စကားကို ရီးဆေးရိုး မကြိုက်။
“မင်းတို့ လူကြီး ဖြစ်လာမယ့် လူလတ်တွေ တော်တော် အသုံးမကျတဲ့ ကောင်တွေပဲ။ ငါနဲ့ ဘာဆိုင်တုံး ဆိုပြီး ခေါင်းရှောင်၊ လူနပ်ချမ်းသာလုပ်၊ အလကား ကောင်တွေ”
ထွန်းလှိုင် မတိုးမကျယ် ရယ်မောသည်။
လူ မလှုပ်သောကြောင့် ညက လှုပ်၏။ ညမင်းသား လယ်ကြွက်များသည် စပါးနှံများကို ကိုက်ချီလျက် ပြေးလွှားကြသည်။ ခြေထောက်များကို ဝင်တိုက်ကြ တိုးကြသည်။
“ကဲပါဗျာ၊ သွားမှာသာ သွားစမ်းပါ လိုက်ပါ့မယ်”
ရီးဆေးရိုး ရွှေ့သည်။ မှောင်ပြင်ကြီးထဲတွင် မြေကြီးပေါ်မှာသာ အလင်းကွက် ပေါ်နေသည်။ အလင်းကွက်သည် မြောက်ဘက် မြောင်းပေါင်ကို ချုံပါးရာ နေရာမှ ကျော်သည်။ သနပ်ပင်အရိပ်သို့ အရောက်တွင် အလင်းရောင် ပျောက်သည်။ ရီးဆေးရိုးနှင့် ထွန်းလှိုင် သည် အမှောင်ထဲတွင် မျက်စိကျင့်သားရလာအောင် ငြိမ်ငြိမ်ကလေး ရပ်နေ၏။
မှောင်ပြင်ကြီးသည် ပုရစ်မြည်သံ အောက်တွင် ငြိမ်သက်နေသည်။ မျက်လုံး လေးလုံးသည် မှောင်ထဲတွင် မည်းမည်းများကိုသာ မြင်ရသည်။ ကောက်ပွေ့လော၊ ကန်သင်းလော မသဲကွဲ။ ရီးဆေးရိုး၏ တုတ်မီးက စတင် လင်းသည်။ ရွှေ့ခပ်လှမ်းလှမ်း ထန်းပင် ပေါက်စဘေးတွင် တစ်စုံတစ်ရာ။
“ဟေ့ ကြည့်စမ်းပါဦးကွ၊ အဲဒါ”
ထွန်းလှိုင်၏ တုတ်မီးပါ လင်းလာသည်။ ကောက်လှိုင်းလော မြက်ထုံးလော မသဲကွဲ။ တုတ်မီးရောင်သည် အလင်းရောင်ပင်ဖြစ်ငြား၊ အရာဝတ္ထုကို သဲကွဲအောင် မတတ်နိုင်။ ခြေထောက်လေးချောင်းသည် ဘေးဘီနှင့် ခြေထောက်အောက်ကိုပါ သတိထားရင်း ထန်းပင်ပေါက်ဘက်သို့ ချဉ်းကပ်လာကြသည်။ လာရင်း လာရင်းဖြင့် ထွန်းလှိုင်ရင်ထဲ ဒိန်းခနဲ ဖြစ်၏။ အမြင် သဲကွဲပြီလေ။
“လူဗျ၊ လူ လူ”
ပြောလည်း ပြော၊ ရီးဆေးရိုးကိုလည်း လှမ်းဆွဲသည်။
“လူဆိုရင် သူခိုးပေါ့ကွ”
“မဟုတ်ဘူးဗျ၊ လဲနေတာ”
သူတို့ တရွေ့ရွေ့ တိုးကပ်လာသည်။ မိန်းမ တစ်ယောက်။ ထဘီရင်ရှားဖြင့် မိန်းမ။ ဘေးစောင်း လဲကျနေသည်။ နှစ်တင်းဝင် အိတ်တစ်လုံးက သူ့ ခေါင်းကို ပိနေကာ လက်ထဲတွင် ဓားမတစ်ချောင်းကို ဆုပ်ထား၏။
“ရီးဆေးရိုး၊ ဘယ်နှယ့် လုပ်မတုံး”
ရီးဆေးရိုး မဖြေ။ မီးရောင်ကို ဟိုဟိုသည်သည် ကစားသည်။ ခဲတစ်ပစ်သာသာ အဝေးတွင် အစေ့ ခြွေပြီးသား ကောက်ပင် အခြောက်များ။ ထို့နောက် မြွေ တစ်ကောင်။ သို့သော် ရှည်လျားသော အကောင်သည် လုံးလုံးကြီး ဖြစ်နေသည့်အတွက် အလွန်နာကျင်စွာ အသက်ထွက်သွားရပုံ ပေါ်၏။
“သူ ခိုးပြီး အပြန်၊ မြွေထွက်အကိုက်မှာ ဓားနဲ့ ရမ်းသမ်းခုတ်၊ ဒါပေမဲ့ အိတ်ကို စည်းရနှောင်ရနဲ့ ကြာနေတော့ ဒီနား အရောက်မှာ အဆိပ်တက်ပြီး လဲသေတာ ဖြစ်ရမယ်”
“အဆိပ်တက်ပြီး လဲတာ မဟုတ်ဘဲ၊ ခလုတ်တိုက် အလဲမှာ သူ့စပါးအိတ်နဲ့ သူ့ခေါင်းကို ညှပ်ရိုက်လို့ သေတာကော မဖြစ်နိုင်ဘူးလား”
“အေးဗျ”
ထွန်းလှိုင်သည် လယ်ကွက်ထဲသို့ ဆင်းပြီး မြွေကို အသေအချာ ကြည့်သည်။ ဆူဖြိုးသော လယ်ကြွက်များကို စားပြီး သန်မာဝဖြိုးနေသော ငန်းမြွေ။ မီးရောင်အောက်တွင် အရေခွံအကြေးကွက်များကပင် မာန်ဖီနေ၏။
“ချက်ကြီးရေ… ဟေ့ ချက်ကြီး”
ရီးဆေးရိုး၏ ဟစ်အော်သံသည် မှောင်တောကြီးကို ဖြတ်ပြေး၏။ ညမင်းကို စီးပိုးတွင်ကျယ်နေသည့် ဇီးကွက်များပင် အအော်ရပ်၏။
“ချက်ကြီးရေ၊ ဟေ့.. ချက်ကြီး၊ မြန်မြန်လာပါဟ”
ထွန်းလှိုင်လည်း ကူညီဟစ်သည်။
“ဟေ့.. ချက်ကြီး”
“ဗျို့”
တုံ့ပြန်သံကို သဲ့သဲ့ ကြားရသည်တွင် အမြန် ပြေးလာရန် ထွန်းလှိုင် ထပ်ဟစ်သည်။ မြောင်းပေါင်ပေါ်သို့ မည်းမည်းနှစ်ယောက် ပြေးဆင်းလာသည်။ အပိုလူမှာ မင်းထွန်းဦး။
“ဒီမိန်းမကို မင်း သိလား၊ ဘယ်ကတုံး”
အလောင်းပေါ်သို့ မီးရောင်အရောက်၌ ချက်ကြီး နောက်ဆုတ်၏။
စပါးအိတ် ဆွဲဖယ်ကာ အလွန်ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်ဆုံး ထွက်သက်ကို ရှူထုတ်သွားရှာသည့် အသက်လေးဆယ်အရွယ် မိန်းမ။
“ဟာ... အဲဒီမိန်းမကြီးဟာ မင်းတို့ ရွာကပဲကွ၊ နာမည်ဘယ်သူ”
မင်းထွန်းဦး သွက်လက်ငြား ချက်ကြီး တုန်ယင်နေသည်။ ‘ထန်းစစ်ကြော’ နှယ် နက်မှောင်သော အသားသည် ယခုမူ ဖြူဖပ်ဖြူရော်ဖြစ်နေပြီ။
“ပြောလေကွာ၊ သူ့နာမည်”
“ဒေါ် ဒေါ်လှမြင့်”
“ကဲ…. ဒါဖြင့် မင်းနဲ့ မင်းထွန်းဦး ရွာကို ပြေးပြီး လူကြီးတွေခေါ်ချေ၊ ငါတို့ ဒီက စောင့်မယ်။ လူငယ်ပဲကွာ၊ မမောပါဘူး။ ပြေးစမ်းကွာ၊ ဒီမှာ ကြည့်နေတုန်း၊ နောက်ပိုင်းမှာ ဝင်ခိုးမှာလည်း စိုးရသဟ၊ ပြေး... ပြေး”
ရီးဆေးရိုးနှင့် ထွန်းလှိုင်သည် အလောင်းနားမှ ခွာကာ ထန်းငုတ်တိုတစ်ခုကို မီးရှို့ကြသည်။ ထန်းစစ်၊ ရိုးပြတ်၊ ထန်းဖုံးဖတ်များ ရရာကို ကောက်ထည့်ပြီး မီးတောက်ကြီးမားသည်နှင့်အမျှ သူတို့သည် မီးပုံနှင့် ဝေးလာ၏။
ထိုအခါတွင် ထွန်းလှိုင် စကားစ၏။
“သေတာတောင် ဓားကို လက်ဆုပ် မဖြေဘူးဗျ။ ချက်ကြီး ပြေးလာချိန်မှာ ဒီမိန်းမ သေနှင့်ပြီ ထင်တယ်နော်”
“မဟုတ်ပါဘူးကွာ”
လူသေကို မြင်သူချင်း အတူတူတွင် မင်းထွန်းဦး ထက် ချက်ကြီး ပိုမို တုန်လှုပ်နေသည်ကို ရီးဆေးရိုး သတိထားမိ၏။ ထို့ကြောင့် သေသူမိန်းမနှင့် ချက်ကြီးတို့ ပတ်သက်တန်ရာ၏ဟု မသင်္ကာ။ သို့သော် သနားစဖွယ် ကွယ်လွန်သူ၏ ဂုဏ်သရေကို ထိပါးစေမည့် စကားမျိုး မပြောသင့်ဟု သတိရသည့်အတွက် အလောင်းကို ကျောပေးထားလိုက်သည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment