Monday, September 14, 2026

ချက်ချင်းလက်ငင်း မတော်မူ


❝ ချက်ချင်းလက်ငင်း မတော်မူ ❞
( အောင်မြင့်စိုး - ရေစကြို )

“ဒီနှစ်တော့ သားကို ခွင့်ပြုပါအမေ...ဖိုးကျော်တို့ မိသားစုဆိုရင် အခု တော်တော် အဆင်ပြေနေပြီ အမေရ... သူတို့က ဒီပွဲကို နှစ်တိုင်းသွားတာ”

“အင်း ... ငါ့သား သွားချင်နေမှတော့ အမေ ခွင့်ပြုရမှာပေါ့။ ဒါပေမဲ့ သားကို အမေ တစ်ခုတော့ ပြောချင်တယ်။ ကိုးကွယ်ဆည်းကပ်တာနဲ့ တင်မြှောက်ပသတာ မတူဘူးသား။ “ဗုဒ္ဓံသရဏံဂစ္ဆာမိ” ဆိုတဲ့ သရဏဂုံကို လက်လွှတ်ပြီး လောကီကိစ္စတွေ ပြည့်စေဖို့ တစ်ခုတည်းနဲ့ အစွန်းရောက် ကိုးကွယ်ရင် “သရဏဂုံ” ပျက်တတ်သလို၊ သာသနာတော်လည်း ညှိုးနွမ်းစေတယ် သားရဲ့။ အင်း ကံ ကံရဲ့အကျိုးကို တစ်နေ့တော့ ငါ့သား နားလည်လာမှာပါ”

အမေ့ရဲ့ ခွင့်ပြုချက်ရပြီ ဆိုတာနဲ့ ဒီပွဲရှိရာ အရပ်ကို ကျွန်တော် ပျော်ပျော်ကြီး အရောက်သွားခဲ့တယ်။ ငွေစက္ကူအသစ်လေးကို အများနည်းတူ ကန်တော့ထိုးလို့ “နတ်ဒိုး” မြိုင်မြိုင်နဲ့ ဒယိမ်းဒယိုင် ကနေသူရဲ့ ခေါင်းပေါင်း (ပေါင်းတော်စ) အကြား တရိုတသေ ထိုးညှပ်လို့ တင်မြှောက်ပသလိုက်တယ်။ လက်အုပ်ချီကာ လိုရာဆုတွေ တောင်း ရင်း ချက်ချင်းလက်ငင်း ချမ်းသာတော့မယ် ဆိုတဲ့ အတွေးနဲ့ တိုးဝှေ့ကာ လူအုပ်ကြားထဲကပြန်အဆင်း ..

လှေကားခြေရင်းက မြင်ကွင်း...

“ဟိုက်”

ကျွန်တော် ဆင်းရဲတွင်း နက်ပြီဆိုတာ ချက်ချင်းသိလိုက်တယ်။ ကျွန်တော် ချွတ်ခဲ့တဲ့ နေရာမှာ ကျွန်တော့်ရဲ့ “ဖိနပ်” အသစ်စက်စက်လေး မရှိတော့ဘူး... ။

▢  အောင်မြင့်စိုး (ရေစကြို)
📖 မဟေသီ မဂ္ဂဇင်း
      မေလ ၊ ၂၀၁၅

No comments:

Post a Comment