❝ ရင်မှ လာသော ဒေါသ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အိမ်ရှေ့မှာ ပူနေသည်။ လမ်းမှာ ပူနေသည်။ ရီးကျီးဒန်လည်း ပူအိုက်နေသည်။ ရင်ရှားပါလျက်က ချွေး ပြိုက်ပြိုက် ကျနေသည်။ ရှဲခနဲ အသံကြားသည်။ လေပြည်ကလေး သွေးပြီဟု ရီးကျီးဒန် ဝမ်းသာသည်။ တံစက်မြိတ်များ လှုပ်အပြီးတွင် သုတ်ဖြူးလာသော လေက လေအေး မဟုတ်။ လေပူကြီး ဖြစ်သည်။ ရီးကျီးဒန် ဖျပ်ဖျပ်လူးတော့သည်။
“အမယ်လေး သည်အပူမျိုး ကြုံဖူးပေါင်တော်”
စက္ကူယပ်တောင်စုတ်ဖြင့် တအား ခတ်ရင်း ရီးကျီးဒန် အော်သောအခါ နွားတင်းကုပ်အစပ်မှ ရီးဆေးရိုး၏ အသံ ပေါ်လာ၏။
“ညည်း မေ့နေလို့ နေမှာပါအေ၊ မနှစ်တုန်းကလည်း ပူတာပါပဲ”
“အင်း... ဟုတ် ထင်ပါရဲ့”
စိတ်ကိုဖြေပြီး တွေးပစ်ရ၏။ သို့သော် အပူအလောင်က မသက်သာ။ သည်အထဲတွင် ဖြောင်းခနဲ ဖြောင်းခနဲ အသံများက မန်ကျည်းအချိုပင် အောက်မှ လွင့်ပျံလာသည်။ ရွှမ်းခနဲရွှမ်းခနဲ လျှော် ခွာသံများကလည်း အပြိုင်အဆိုင် သဘောဖြင့် မန်ကျည်းပနီပင် အောက်မှ ပေါ်လာသည်။ ပင်ယံထက်တွင် စိမ်းသစ်သော ရွက်နုများ ဝေစည်ပြီးဖြစ်ငြား မန်ကျည်းပင်များမှာ အရိပ်မကောင်းသေးပါ။ နေမလုံခြုံစေကာမူ ပင်စည်ရိပ်ကို ခိုပြီး ကိုထွန်းရက ဝါးခွဲနေသည်။ ကိုဘညိန်းက လျှော်ခွာနေသည်။
“အရေးထဲမှာ နားညည်းတာက တစ်မှောင့်ဟဲ့”
ပူလွန်း လောင်လွန်းသဖြင့် ဟိုမာန်သည်မာန် မာန်မဲလိုသော အတွေး ပေါ်လာသည်။ တစ်ပြိုင်နက်တည်း အသံလာရာသို့ ရီးကျီးဒန် ကြည့်မိ၏။ ထိုခဏဝယ် ရီးကျီးဒန်မှာ အအေးသင့်လေ၏။ ချက်ချင်း အပူသက်သာ၏။ ချွေးတိတ်မသွား၊ ချွေးခန်း မသွားငြား ရီးကျီးဒန် အမြင်အေး၊ ရင်လည်း အေးငြိမ်း၏ ။ အအေးကို ဆောင်သော အရာများမှာ လှည်းဝါး စိမ်းမြမြတွေ၊ ထန်းလက်စိမ်း လန်းလန်းတွေ။
ကိုထွန်းရသည် ထက်ခြမ်းခွဲပြီးသား ဝါးခြမ်းတွေကို ထိုင်ပြီး စိတ်ပြန်သည်။ ကိုဘညိန်း ကလည်း ခွာပြီးသား ထန်းလက်ဝမ်းသားတွေကို လက်သန်း အရွယ်တွေ ရအောင် စိတ်သည်။ စိတ်ပြီးလျှင် ချောသွားအောင် သပ်ပြန်သည်။ အညောင်းပြေသလောက် ရှိလျှင် ထပြီး ခွာပြန်သည်။ အမြင်ရော ရင်ရော အေးသည့် သည်ဝါး၊ သည်ထန်းလက်များဘက်သို့ အမြင်အာရုံ ရောက်နေရာက ရီးကျီးဒန် ဖျတ်ခနဲ လှည့်ကြည့်မိသည်။ နေပူကျဲကျဲကြီး အိမ်ရှေ့ တလင်းပြင်ထဲသို့ လူတစ်ယောက် ဝင်လာသည့်အတွက် ဖြစ်ပေသည်။ ရီးကျီးဒန် မျက်ခွံ ရှုံ့ကြည့်၏။ မသဲကွဲ။ မျက်ခုံးပေါ် လက်ဝါး တင်ကြည့်၏။ ဘယ်သူပါလိမ့်။
လက်စသတ်တော့ မယ်မင်းကြီးမ ပါကလား။ မလိုတမာ ရှိခြင်း၊ စက်ဆုပ်ခြင်းတို့ကို ကိုယ်စားပြုလျက် ဝမ်းခေါင်းသံဖြင့် မယ်မင်းကြီးမဟု အခေါ်ခံရသူမှာ ‘လှအုံးမယ်’ ဖြစ်သည်။ ကိုထွန်းရ၊ မချောစိန်တို့၏ သမီးထွေး။ သူသည် လမ်းမှ လှမ်းကြည့်သောအခါ ဖအေ ဝါးခွဲနေသည်ကို မြင်ရ၏။ သို့သော် သွားစရာက အမေကြီးအိမ်ပဲ ရှိသည်။ သို့အတွက် ပုဆိုးစုတ်ကို ခေါင်းပေါ်မှာ ခပ်ဖားဖား တင်ပြီး ဇွတ်ဝင်လာခြင်းဖြစ်သည်။ အမေကြီးကလည်း လူလုံးကွဲလျှင် အငေါ်တူးတော့သည်။
“မိဘအိမ်မှာ အကြော့သား နေတုန်းကတော့ ကျောင်းနေပါဆိုလည်း တော်ရိရော်ရိ၊ အိမ်အလုပ် လုပ်ပြန်ပါလည်း ရေလေးတောင်မှ ပြည့်စုံအောင် မခပ်ချင်တဲ့ မိန်းမ၊ အခု နှဲကြီး တက်နင်းမိပြီး မဟုတ်လားဟင်”
အိမ်တိုင်ကို ကွယ်ပြီး ထိုင်နေသော မြေးမ။ မိဘ လက်ထက်က ရုပ်အဆင်း၊ အသားအရေများ မရှိတော့ပြီ။ ပိန်ချုံးမည်းကြုတ်လျက် မျက်ရည်တပေါက် ပေါက်ကျနေသည်။ ခေါင်းငုံ့နေသော မြေးကို ကြည့်ရင်း ရီးကျီးဒန့် ရင်ထဲမှာ ဆို့တက်လာ၏။ “မိုက်လိုက်လေ... မိုက်လိုက်လေ” ယူကျုံးမရ မြည်တမ်းသံသည် အသစ်ဖြစ်လာပြန်၏။
“လူမှာ အမျိုး၊ ကြက်မှာ အရိုးတဲ့။ မျိုးရိုးမကောင်းတဲ့ လူကို မေးထူးခေါ်ပြောထက် မပိုပါစေနဲ့လို့ ငါပြောခဲ့တယ် မဟုတ်လား။ သူ့ဖအေဘက်က ကိုယ်မကောင်းတဲ့လူ ရှိတဲ့အတွက် မျိုးမသန့်ဘူး။ မအေဘက်က သူခိုးမျိုး၊ ဓားပြမျိုးမို့ အမျိုးယုတ်တဲ့ သူငယ်ကို အရောမဝင်နဲ့ ဆိုတာ နားမထောင်ခဲ့တော့ အခု ထိပြီ မဟုတ်လား မရွှေစာ၊ ခလုတ်ထိမှ အမိ ‘တ’ ရပြီ မဟုတ်လား”
လှအုံးမယ်မှာ ခေါင်းမဖော်လာပါ။ ရီးကျီးဒန် မှာလည်း နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ဝမ်းနည်းခြင်း တို့မှ ဖြစ်သော မျက်ရည်ပေါက်များကို သွန်ချနေရာက ဒေါသတကြီး အမြစ်လှန်မိသည်။
“သည်လို အမေရော အဖေပါ ယုတ်တဲ့ အမျိုးက မွေးတဲ့သားဟာ ဘယ်လိုလုပ်ပြီး ဘုရားမှန်း၊ တရားမှန်း သံဃာမှန်း၊ ဆရာသမားမိဘမှန်း သိပါ့မတုံး။ ဘယ်မှာ မအေချင်း၊ နှမချင်း စာနာပါ့မတုံးဟင်။ မျိုး မကောင်းတဲ့ ဖအေ၊ မအေရော ဆုံးမဖို့၊ သွန်သင်ဖို့ သိပါ့မလားဟင် ခွေးမရဲ့၊ အမိုက်မရဲ့”
လှအုံးမယ် လိုက်ပြေးသူမှာ တစ်ဖက်ရွာမှ ဖြစ်သည်။ ဘွားအေနှင့် မအေက တတွတ်တွတ် ပြောပါ လျက်က လိုက်ပြေးသည်။ မိဘက ပြန်အအပ်ခံသည်။ ကန်တော့ခံရာသို့ ရီးဆေးရိုး သွားငြား၊ ရီးကျီးဒန် မသွားခဲ့။ ယခု လင်မယားကွဲသောအခါ ‘အစက ငါ မပြောလား’ ရီးကျီးဒန် ပြောအားရှိပြီ။ မိမိရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်သောအခါ ရီးကျီးဒန်တို့ လည်ပင်းကြောထောင်အောင်၊ အမြှုပ် တစီစီ ထွက်အောင် ပြောလေပြီ။
“လူမဟုတ်ဘူးတဲ့ လူမဟုတ်ဘူး။ ငါးပြားစေ့တောင် မမြင်ဖူးတဲ့ဟာတွေက တစ်ကျပ်တန် အနွမ်းကလေး ကိုင်နိုင်လာလို့ လူယောင်ဆောင်နေတာ။ လူ ဆိုရင် သူ့ကျေးဇူးကို သိတယ်။ ငါ့ဆီ လာလာပြီး ချေးသွားတဲ့ ဆီတွေ၊ ဆန်တွေ၊ ပြန်ဆပ်တာက နည်းနည်း၊ အမေ့ခံတာက များများ။ ခံငြင်းတာက အများကြီး။ အဲသည် ဆန်တွေနဲ့ ဖို့သတ်ရင်တောင် သင်းတို့ တစ်မျိုးလုံး မြုပ်လောက်တယ်။ ခွေးလောက်မှ ကျေးဇူး မသိတတ်တဲ့ အမျိုးယုတ်တွေ”
ဥသြ... ဥသြ။ ချိုကြည်သော ဥဩသံသည် လေးထပ်ကျောင်း ထန်းတောထဲမှ လွင့်ပျံ့လာ၏။ အသံ သာနှင့် အတူ လေပြည်လေအေးကလေး သုန်သုန်ဖြူး၏။ သာယာသောအသံ၊ အေးမြသောအတွေ့မှာ သဘောကျစရာ ကလေးပါ။ သို့ရာတွင် ရီးကျီးဒန် မခံစားနိုင်။ ဒေါသကို သွန်ချနေမိ၏။
“ကျေးဇူးမသိတဲ့ အနူမျိုး၊ သူခိုး ဓားပြမျိုးက အခု ပစ်ထားပြီ မဟုတ်လားဟင်။ လင်အထောင်ကောင်းတဲ့ မိန်းမယုတ်ရဲ့”
လှအုံးမယ် ခေါင်းငုံ့မြဲ ငုံ့နေသည့်အတွက် အကြော ပြိုင်းပြိုင်းထနေသော အရိုးလက်ဝါးကြီးသည် ပါးပြင် နားသို့ဝဲလာ၏။ ‘ပါးကွဲချင်လို့ ရေငုံနေတာလားဟင်’ ဟူသည့် ကျားဟိန်းသံကြီးကလည်း လည်ချောင်းထဲမှ ခုန်ထွက်လာသေး၏။
“ပစ်... ပစ်တာ မဟုတ်ပါဘူး အမေကြီးရဲ့၊ နှင်ချတာ အမေကြီးရဲ့”
လှအုံးမယ်သည် စကားအဆုံးတွင် ရင်ခွင်တွင်းရှိ ကလေးငယ်နှင့် မျက်နှာချင်း ကပ်လျက် ဟီးခနဲ ငိုချလိုက်လေ၏။
“နှင်ချလိုက်တယ်၊ ဟုတ်လား”
ရှိုက်ငိုရင်း လှအုံးမယ် ခေါင်းညိတ်သည်။
“နှင်ချတော့ ညည်းက ဆင်းလာရသလား။ ကျွန်မ အဖေ အမေကို သွားပြောပါ၊ သူတို့ လာခေါ်မှ ကျွန်မ ဆင်းနိုင်မယ်၊ ညည်း မပြောဘူးလား”
ဖြေစရာ မရှိသော အမေးဖြစ်သည်။
“ညည်း မပြောနိုင်ဘူး မဟုတ်လား၊ ဘယ်ပြောနိုင်မလဲအေ့၊ ဂုဏ်မရှိ သိက္ခာမရှိတဲ့ အလုပ်ကို လုပ်ထားမိတယ် မဟုတ်လားဟင်။ ညည်းဟာ ခွေးမဟုတ်ဘူး အေ့။ လူ လူ၊ လူစစ်စစ်က မွေးထားတဲ့လူ။ မျိုးကောင်းရိုးကောင်းက မွေးထားတဲ့ လူအေ့။ ခွေး မဟုတ်ဘူး။ ခွေးများသာ လက်ဖျစ်တီးတဲ့လူ နောက်ကို အမြီးတနန့်နန့်နဲ့ လိုက်သွားတာ။ အေး.. ညည်းလည်း မိဘဘိုးဘွားမျက်နှာ မထောက်ထား၊ ကိုယ့် တန်ဖိုးကို ကိုယ်မသိ၊ ခိုးရာလိုက်ပြေးတာ ဟုတ်လှပြီ ထင်ပြီး အမြီးတယမ်းယမ်းနဲ့ လိုက်ပြေးတော့ အခု ခွေး မောင်းသလို မောင်းချလိုက်ပြီ မဟုတ်လားဟင်၊ ခွေးနာမရဲ့”
တစ်နှစ်ကျော် ‘အုံး’ ထားခဲ့ရသော ရင်တွင်းက ဒေါသမီးခဲကြီးသည် ‘ဝုန်း’ ခနဲ ထတောက်တော့ သည်။ လှအုံးမယ်၏ မျက်နှာ၊ ဇက်ပိုးများ ပေါ်သို့ အရိုးလက်ဝါးကြီး အဆက်မပြတ် ကျရောက်၏။
“ကျီးဒန်နော်… ကျီးဒန်”
ရီးဆေးရိုး လှမ်းပြီး သတိပေးသည်။ သို့သော် ဒေါသကို ရီးကျီးဒန် မထိန်းနိုင်။ မြေးမကို ခြေဖြင့် ကန်သည်။ ဖနောင့်ဖြင့် ပေါက်သည်။ လှအုံးမယ်က ငုံ့ခံသည်။ သို့တစေ ငုံ့ခံသူမှာ ဘာမျှ မဖြစ်။ ဒေါသတကြီးဖြင့် ကန်သူ၊ ဖနောင်ဖြင့် ပေါက်သူသာ အမောဆို့ပြီး ပက်လက်လန်လဲ၏။
ကိုထွန်းရမူ သူ့သမီး၏ သတင်းကို ကြားပြီး ဖြစ်သည်။ သူ့ယောက္ခမ တွတ်ထိုးနေသံကို မသဲမကွဲ ကြားသဖြင့် ခေါင်းငဲ့အကြည့် တစ်စုံတစ်ယောက်ကို မြင်သည်။ သူ့သမီးထွေး လှအုံးမယ်ဟု မသဲကွဲ။ မသဲကွဲငြား သည်ပုံပန်းမှာ သူ့သမီးသာ ဖြစ်ရမည်ဟု ခန့်မှန်းသည်။ ထို့နောက် နွားတင်းကုပ်အတွက် လုပ်ပေးနေသော ခွဲစရာဖောက်စရာများ မပြီးသေးဘဲနှင့် ထွက်သွားခဲ့လေပြီ။ ငဲ့စရာ သမက် မရှိသည့်အတွက် ရီးကျီးဒန် ‘ပွက်သေး’ ကြမ်းသည်။
“မိဘနဲ့ အမေကြီးကို ခြေစုံကန် ထွက်သွားပြီးမှ မျက်နှာပြောင် မျက်နှာမွဲနဲ့ ဘာဖြစ်လို့ ပြန်လာတာတုံး။ နေစရာ မရှိရင် သေလိုက်ပါလား၊ ဧရာဝတီမြစ် ဘယ်လောက် ဝေးတာမှတ်လို့”
အမောပြေသည်နှင့် ဝမ်းခေါင်းသံကြီး ပေါ်လာသည်။
“ညည်းလိုကောင်မမျိုး မရှိတော့မှ အေးလိုက်တာ။ ငါတို့ အိမ်မှာရော၊ ညည်းမိဘ အိမ်မှာပါ ဆန်ကုန်မြေလေး အမှိုက်တစ်ပင် လျော့သွားလို့ အေးချမ်းနေတာ။ အခု ဒုက္ခပေးမလို့ပြန်လာတာ မဟုတ်လား”
“သမီး အခု… အခု နောင်တရပါပြီ အမေကြီးရာ”
“ဟာ ဟာ ဟ”
အနှစ်မပါသော ရယ်သံကြီးဖြင့် ရီးကျီးဒန်က လုပ်ရယ် ရယ်၏။
“နောင်အခါမှ တလို့တော့ အလကားပဲ မကြီးစာ ရေ။ ထမင်းတစ်အိုးတောင်မှ အဖြစ်ရှိအောင် မချက်တတ်၊ ဟင်းအိုးတစ်အိုးတောင် အပေါက်အလမ်း တည့်အောင် မတည်တတ်တဲ့မိန်းမ။ ဘာသွားသုံးမှာတုံးဟင်”
ရီးကျီးဒန်သည် ပြောဆို မြည်တွန်ရင်းက ဆေးလိပ်ခွက်ကို လက်ဖြင့် စမ်း၏။ အကြောစုကြီးနှင့် အရိုး လက်ဝါးသည် ဆေးလိပ်ဘေးတွင် ပွတ်သပ်ဝေ့ဝဲနေသည်။
“အချက်အပြုတ် မတတ်လို့ နွားစာ အစဉ်းခိုင်း လို့ကော လူရာဝင်သလား။ ဝေးပါသေးရဲ့။ နွားစာ တစ်ဖတ် တစ်ဖတ်ဟာ တစ်တောင်လောက် ရှိမှတော့ နွားဝေးလို့ ဆင်တောင် မစားနိုင်ဘူး။ လယ်သမား သားသမီး နွားစာလောက်မှ မစဉ်းတတ်တော့ ဘာ သွားသုံးဦးမှာတုံး”
မှန်တမ်း အခြေအနေသာ ဖြစ်ပါမူ ‘ကောက်ရိုးစဉ်း ဖတ်ကလေး တစ်ဖတ်တလေ ရှည်သွားတာကို မလိုတမာ အကျယ်ချဲ့ပြီး တစ်တောင်လို့ မပြောပါနဲ့ အမေကြီးရဲ့’ ဟု ထ ‘ပက်’ မိမည်။ ယခုသော်ကား ပြောသမျှ ငုံ့ခံရမည့်သူမှာ လှအုံးမယ်သာ။
“မအေ မအားလို့ အဝတ်လျှော်ခိုင်းကြည့်၊ သူများ လျှော်ရင် ဆယ်ထည်လောက် လျှော်နိုင်တဲ့ ဆပ်ပြာ၊ သူလျှော်ရင် သုံးလေးထည်ပဲ။ ချေးပြောင်ရင် တော်သေးရဲ့၊ မလျှော်တာနဲ့ အတူတူပဲ။ အိမ်မှုကိစ္စ မဟန်လို့ လယ်ထဲယာထဲမှာရော ကောက်စိုက်တတ်ဖို့ ဝေးလို့ မြက် မကောက်တတ်၊ မြက် မရိတ်တတ်၊ နှမ်း မခါတတ်၊ ဒါဖြင့် ဘာအသုံးကျသေးတုံး။ လင်ထောင်တယ်လေ၊ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ လင်ထောင်သတော့်”
အာခေါင်ကို ခြစ်ပြီး အော်လိုက်ချိန်တွင် အရိုးစု လက်ချောင်းများက မြေဆေးခံခွက်ကို စမ်းမိသွားပြီး ဆေးလိပ်တိုကို ပါးစပ်တွင် ကိုက်လိုက်ပြီး မီးခြစ်ခြစ်ရန် ဟန်ပြင်နေချိန်သည် လှအုံးမယ် အတွက် အသက်ရှူချိန်ဖြစ်၏။
ရီးကျီးဒန်သည် ယမ်းခိုး မနံအောင် မီးတောက်ကို ခဏခွာထားပြီးမှ ဆေးလိပ်ကို ညှိသည်။ သုံးလေးဖွာ မရပ်မနား ဖွာသည်။ ခံတွင်းထဲသို့ ဆေးလိပ်မီးခိုး အဝင်ညီမှ အဖွာရပ်သည့် ခဏလေးတွင် မျက်လုံးအစုံက နွားတင်းကုပ် အစပ်သို့ ရောက်သွားသည်။ လှုပ်ရှားနေသည့် ကျောမွဲ၊ ကျောပြောင်ကြီး။
ရီးဆေးရိုးသည် ထိုင်လျက်က တလှုပ်လှုပ် ရွှေ့နေ၏။ ကိုဘညိန်း ထန်းလျှော်သပ်ရာမှ ထွက်သော အမျှင်များ၊ ကိုထွန်းရ ဝါးခြမ်းသပ်ရာမှ ဖြစ်လာသော အကြောများ အမျှင်များကို စုဆောင်းနေသည်။ ဘာလုပ်ဖို့ပါလိမ့် တွေးရန် မလို၊ မေးရန်မလို။ ‘ကရွတ်’ လုပ်ရန်ဟု ရီးကျီးဒန် သိပြီး ဖြစ်သည်။ သူ့မျက်လုံးများက ထပ်မံ လှုပ်ရှားသည်။ တိုင်တွင် ထောင်ထားသော ကရွတ်ခွေ အသစ်ကလေးတွေ။ စင်စစ်အားဖြင့် ထန်းလက်ဝမ်းသားလျှော်ကို ချောမွေ့ရာမှ ထွက်လာသော အမျှင်များသည် အမှိုက်သာ ဖြစ်၏။ ဝါးခြမ်းပြား၏ ‘ဇောင်း’ များ လူကို မရှစေရန် ချောရသပ်ရသည်။ သည်က ထွက်လာသော အရာမှာလည်း အမှိုက်မျှသာ။ သို့သော် သည်အမှိုက်သည် အသုံးဝင်သောကဏ္ဍ မရှိပါသလော။
ရှိပါသည်။ ဖင်လုံးသော မြေအိုးအချို့၊ ဒန်အိုး အချို့သည် ကရွတ် မခုလျှင် ဖင်မမြဲ လိမ့်လဲသည်။ မြေအိုးများမှာသော်ကား ကရွတ်ခံမှ ဖင်အနာ သက်သာသည်။ ကရွတ်ခံမှ အလူးအလိမ်း သက်သာမည်။ သည်ကဲ့သို့သော အမှိုက်ကရွတ်သည် မြေအိုးများနှင့် အလိုက်ဖက်ဆုံး။ အမှိုက်သော်မျှ လုံးလုံး အသုံးမကျ။ ပစ်လိုက်ရသည် မရရှိလျှင် လူမှာ မည်သို့ ရှိမည်နည်း။ မြေးကလေး လှအုံးမယ်ရော အသုံးဝင် ကွက် မရရှိသလော။
ရီးကျီးဒန်သည် မြေးမဘက်သို့ လှည့်မကြည့်။ ကရွတ်ခွေ အသစ်များကိုသာ ငေးမော ကြည့်နေမိသည်။ တစ်ပြိုင်နက်တည်းဆိုရမည်သို့ပင် လှအုံးမယ်၏ ချွန်ကွက်များ ‘ပြက်’ ခနဲ ပေါ်လာသည်။ ကောက်စိုက်ရာတွင် ဖျင်းသည်နှင့်အမျှ ကောက်ရိတ်ရာတွင် တော်သော လှအုံးမယ်။ တော်ရုံ ယောက်ျားသားကို ဖြတ်ချန်ထားခဲ့နိုင်သူ။ သည်လှအုံးမယ်သည် ကောက်ရိတ်ရာတွင် တော်သည့်နည်းတူ ကောက်လှိုင်း ‘စည်း’ ရာတွင်လည်း မည်သည့် မိန်းမသားမျှ လိုက် မမီချေ။
ကိုထွန်းရ၊ မချောစိန်တို့၏ သားသမီး ငါးယောက် အနက် အကြီးဆုံးကောင် ကိုကိုကြီးပင် ကောက်ဆွ ဖြင့်သာ ကောက် ‘ပေါက်’ တတ်သည်။ လှအုံးမယ်ကား ‘ထွန်ခြစ်’ ကိုသုံးပြီး ခြေဖမိုးဖြင့် ကျွမ်းကျင်စွာ ကောက်ပေါက်တတ်သဖြင့် ရမ်းဘိုကုန်းမှာသာ မဟုတ်၊ သည်ရွာ တစ်လွှား၌ ‘ကောက်ပေါက်’ အတော်ဆုံးဟု သတ်မှတ်ခံရသူ။ သည်နှယ် သုံး၍ရသော အကွက်များ၊ အချက်များ အာရုံထဲသို့ ဝင်လာသဖြင့် ရီးကျီးဒန် ဆက်ပြီး မှိုချိုးမျှစ်ချိုး မပြောလိုတော့ပေ။ ထိုစဉ် ‘အဲ့’ ခနဲ လှအုံးမယ် ရင်ခွင်ထဲက ကလေး အသံပေး၏ ရီးကျီးဒန်က ဖျတ်ခနဲ အကြည့်၊ လှအုံးမယ်က ပုဆိုးစုတ်ကို အပင့်။ ဝိုင်းဝိုင်းစက်စက် မျက်နှာကလေး။ ကြည်လင်တောက်လွှဲသော မျက်လုံးကလေးသည် ချက်ချင်း မှိတ်ပစ်၏။ မျက်နှာပေါ်သို့ နေရောင် ထိုးနေပေသည်ကိုး။
သည်မျက်နှာဝိုင်းကလေးသည် သူ့အဘိုး ရီးဆေးရိုး နှင့်ပင် တူသလော၊ သူ့ဘ ကိုထွန်းရ နှင့်ပင် ဆင်သလော။ မည်သို့ဖြစ်စေ ရီးကျီးဒန့် ရင်ထဲတွင် အေးခနဲ ဖြစ်သွားရသည်က အမှန်ပင်။
သို့ကြောင့် တစ်ဖက်သို့ မျက်နှာပြန်လွှဲရင်းက
“အသုံးမကျတဲ့ အဖြစ်များတော့ ကလေး မျက်နှာ နေပူ နေတာတောင် အိမ်ထဲ ရွှေ့မထိုင်နိုင်ဘူး၊ အံ့ပါရဲ့” ဟု ပြောလိုက်သော ရီးကျီးဒန်၏ အသံတွင် ဒေါသသံ ပေါ်သော်ငြား ရင်ထဲတွင်ကား ဒေါသပြယ်နေပြီ ဟူသည်ကို ရီးကျီးဒန်သာ အသိဆုံးဖြစ်တော့သည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment