❝ ခေတ်သစ် ခင်ကျပန်း ဖြတ်ထုံး ❞
( တောင်ငူ - လူမော် )
အတန်းထဲတွင် ရန်ဖြစ်နေကြသော ကျောင်းသူမိန်းကလေး နှစ်ဦးကို ‘ဆရာမဒေါ်လဝန်းထိန်’ က ခေါ်ယူပြီး စစ်မေးလိုက်သည်။
“ကဲ ... ပြောကြစမ်း၊ ဘာဖြစ်ကြတာလဲ”
ခင်မြင့်ထက်သာ။ ။ ကျွန်မလက်စွပ်လေးကို ‘ခင်ရိုးမြင့်သူ’ က သူ့လက်စွပ်ပါလို့ ပြောနေပါတယ်။ အဲဒါ မခံနိုင်လို့ ငြင်းကြရင်းက ရန်ဖြစ်ကြတာပါ ဆရာမ။
ခင်ရိုးမြင့်သူ။ ။ မဟုတ်ဘူး ဆရာမ။ အဲဒါ သမီးလက်စွပ်အစစ်ပါ။ သမီးနာမည် အင်္ဂလိပ်စာလုံးတစ်လုံး အတိုကောက် အမှတ်အသားပါတယ်။ မယုံရင် အမေ့ကို ခေါ်မေးကြည့်ပါ။ သမီးလက်နဲ့ ကျပ်နေလို့ ဒီနှစ်အတန်းတက်မှ မဝတ်ဘဲ ချွတ်သိမ်းထားတာပါ။
ခင်မြင့်ထက်သာ။ ။ မဟုတ်ဘူး ဆရာမ။ မေမေ တစ်နေ့ကမှ ဈေးက ဝယ်လာတယ်ဆိုပြီး သမီးကို ဝတ်ပေးထားတာပါ။
ဆရာမ။ ။ ဒီလိုဆိုရင် ‘ခင်ရိုးမြင့်သူ’ ကို သမီးမေမေက သမီးရဲ့ လက်စွပ် ပျောက်သွားတယ်လို့ ပြောသံကြားဖူးလား။
ခင်ရိုးမြင့်သူ။ ။ သမီး မေးခဲ့တုန်းကတော့ အသိမ်းလွန်ရင်း ပျောက်နေတယ်။ နောက်မှ ရှာကြည့်ပေးမယ်လို့တော့ ပြောပါတယ်။
ဆရာမ။ ။ ဒီလိုဆို နေ့လယ် ထမင်းစားကျောင်း ပြန်တက်ရင် သမီး ‘ခင်ရိုးမြင့်သူ’ က သမီးရဲ့ ‘အမေ’ ကို ကျောင်းကို ခဏ ခေါ်လာခဲ့ကွယ်။ ဆရာမ နည်းနည်း မေးမြန်းကြည့်ချင်လို့။ ကဲကဲ သမီးတို့ နှစ်ယောက် ရန်ဆက်မဖြစ်ကြတော့နဲ့။ ဆရာမ နေ့လယ်ကျရင် ပြေလည်အောင်ရှင်းပေးမယ်။
••••• ••••• •••••
၂
နေ့လယ် ထမင်းစားကျောင်းပြန်တက်ချိန်တွင် ‘ခင်ရိုးမြင့်သူ’ ၏ မိခင်နှင့် ဆရာမ နှစ်ကိုယ်ကြား ဆွေးနွေးလိုက်ရာ ပြဿနာ ရှင်းသွားသည်။ ‘ခင်ရိုးမြင့်သူ’ မိခင် ပြန်သွားပြီးနောက် ‘ဆရာမ’ က ကျောင်းသူနှစ်ဦးကို ခေါ်ပြီး “သမီးတို့ ‘ခုံတော်မောင်ကျပန်း’ သင်ခန်းစာကို သင်ဖူးခဲ့ကြတယ်နော်” ဟု မေးလိုက်ရာ နှစ်ယောက်လုံးက “ဟုတ်ကဲ့ သင်ဖူးပါတယ် ဆရာမ” ဟု ဖြေလိုက်ကြသည်။ အေး...အဲဒီသင်ခန်းစာထဲမှာ ‘အိမ်မြှောင်’ လေးဟာ အိမ်မှာ ရှိတော့ ‘အိမ်မြှောင်’ ၊ ကျောင်းမှာရှိတော့ ‘ကျောင်းမြှောင်’ ၊ လက်ပေါ်မှာရှိတော့ ‘ လက်မြှောင်’ လို့ ဆိုခဲ့သလိုပဲ ဒီလက်စွပ်လေးကလည်း ‘ ခင်ရိုးမြင့်သူ’ လက်မှာ ဝတ်တုန်းက ‘ခင်ရိုးမြင့်သူလက်စွပ်’ ၊ အခု ‘ခင်မြင့်ထက်သာ’ လက်မှာ ဝတ်တော့ ‘ ခင်မြင့်ထက်သာ လက်စွပ်’ ၊ အကယ်လို့ ‘ဆရာမ’ လက်မှာဝတ်ထားရင် ‘ဆရာမ လက်စွပ်’ ပေါ့။ ဟုတ်တယ် မဟုတ်လား။ အဲဒီတော့ နောက်တစ်ခါ သမီး ‘ခင်ရိုးမြင့်သူ’ က ပြန်ဝတ်ရတဲ့ အခါကျရင် ‘ခင်ရိုးမြင့်သူ’ ရဲ့ လက်စွပ် ပြန်ဖြစ်ဦးမှာပေါ့။ ကဲ၊ သွားကြ သွားကြ” ဟု ဆရာမက ကျောင်းသင်ခန်းစာနှင့် ယှဉ်၍ ခပ်ပေါ့ပေါ့ ရှင်းပြလိုက်သည်ကို ကျောင်းသူနှစ်ဦးလုံး နားမလည်စွာနှင့် ကိုယ့်နေရာ ကိုယ် ပြန်ထိုင်ပြီး ငြိမ်နေလိုက်ကြရသည်။
••••• ••••• •••••
၃
အမှန်မှာ ‘ခင်ရိုးမြင့်သူ’ ၏ မိခင်ဖြစ်သူက ‘ခင်မြင့်ထက်သာ’ ၏ မိခင်ဖြစ်သူထံ ငွေလို၍ လက်စွပ်ကို ခေတ္တ အပေါင်ထားပြီး ငွေချေးယူထားသည့် အကြောင်းကိုတော့ ကလေးတို့၏ ဂုဏ်သိက္ခာနှင့် အနာဂတ်ကို တွေးပြီး ပြောရန်မသင့်သဖြင့် ခေါင်းထဲတွင် လျှပ်တစ်ပြက် ပေါ်လာသလို ပျော်စေပျက်စေသဘောနှင့် အရွှန်း ဖောက်၍ နောက်လိုက်သည်ကိုသာ ကလေးနှစ်ဦးလုံး ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့မည်ဆိုပါလျှင် ...။ ။
▢ တောင်ငူ-လူမော်
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၈
No comments:
Post a Comment