❝ သည်အသံ သာယာလှပါဘိ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
ဆွမ်းစားခေါင်းလောင်း ထိုးပြီးရုံသာ ရှိသေးသည်။ နေက ကျောကွဲမတတ် ပူလှပြီ။
သည်နှယ် ပူလောင်သောအခါ မိမိထွေးတို့ ကလေးတစ်သိုက် ခိုကိုးစရာ နေရာရှာသည်။ ဘတို့၊ အမေကြီးတို့ အိမ်အောက်သာတည်း။ အိမ်ကလေးက တောင်မရောက် မြောက်မကျ လူ့ခါးသာသာမျှသာ မြင့်ငြား သူတို့ ခေါင်းနှင့် လွတ်သည်။ မိုးမအုံ့၊ မိုးသား မတက်ပါဘဲနှင့် တဝေါဝေါအသံများ ကြားရ၏။ ကလေးတွေ ပြိုင်တူအော်ရင်း ပြေးထွက်လာကြ၏။
“အမေကြီး၊ မိုးတွေလာနေပြီ... မိုး... မိုး”
ရီးကျီးဒန်သည် ကလေးတွေနှင့် မနီးမဝေးတွင် မန်ကျည်းပင်ရိပ်ကို ခိုကာ ထိုင်နေ၏။ ခေါင်းတွင် ပုဆိုးစုတ် တစ်ထည် တင်ထား၏။ သူ့ရှေ့တွင်ကား ပြောင်စင်နေသော မြေတလင်း။ သည်တလင်းပေါ်တွင် ငါးစပ်စောင်၊ ခေါက်ချိုးစောင်များ ဖြန့်ခင်းကာနေလှန်းထားသော နှမ်းပြန့်။
“အမေကြီး.. မိုး၊ အမေကြီး... မိုး”
နှမ်းပြန့် ကူသိမ်းရန် ကလေးများ ပြေးလာသည့် နည်းတူ ရီးကျီးဒန်လည်း ရောယောင် လှုပ်ရှားသွား ၏။ တဝေါဝေါအသံကြီးကလည်း နီးသထက် နီးလာ၏။ သို့သော် … နေရောင် မညှိုး၊ ကျဲကျဲတောက် အပူမပျက်။ သို့ကြောင့် ထရန် ဒူးပေါ် လက်ထောက်မိပြီး ဖင်ကြွပြီးမှ ရီးကျီးဒန် ပြန်ထိုင်၏။ ညိုညစ်သော သွားဖုံးတွေပေါ်အောင် ပြုံး၏။
“မိုး မဟုတ်ပါဘူး... ထန်းရွက်လှည်းပါ”
မှန်ပေသည်။ လှည်းနောက်မြီးတွင် တန်းလန်းကျနေသော ထန်းရွက်များသည် လှည်းသွားရာ နောက်သို့ မြေကြီးနှင့် ထိပွတ်လျက်ပါလာသည်။ နွားများကလည်း ဝမ်းဟာဟာတွင် အိမ်အပြန်လမ်းမို့ သွက်သွက်လှမ်းလာကြရာ တဝေါဝေါ အသံမြည်ကာ စနေထောင့်မှ မိုးနှင့်လေ အော်ဟစ်ပြီးလာသော အသံနှင့် တူနေတော့သည်။
“ဟေး... ထန်းသီး စားရတော့မယ်ဟေ့”
ကလေးများသည် ထန်းရွက်လှည်းကို မမြင်ရသေးခင်ကပင်အတွေးနှင့် မြူးပြီး အော်ဟစ်ကြသည်။ ကကြ ခုန်ကြသည်။ လက်ခုပ်တီးကြသည်။
တဝေါဝေါနှင့် အသံကြီးက နီးသည်ထက် နီးလာပြီ။ မကြာမီဝိုင်းဝတွင် လှည်းတစ်စီး ရောက်လာ၏။ လှည်းပေါ်မှာ စိမ်းလန်းသော ထန်းရွက်များ၊ ဝင်းအိသော ထန်းလက်များ၊ သည်အရာများပေါ်တွင် အင်္ကျီချွတ်ထားသော အထက်ပိုင်းကို ပုဆိုးဟောင်း တစ်ထည် ပခုံးသိုင်းထားသော ရီးဆေးရိုး။ လှည်းရပ်သော်ငြား ရီးကျီးဒန် မလှုပ်၊ ငေးကြည့်နေ၏။ ကလေးတွေ လှည်းဆီသို့ ဆူညံစွာ အော်ဟစ်ပြေးသွားကြ၏။ ထန်းရွက်ကို ဆွဲပြီး နောက်မြီးမှ ခိုတက်သူတက်၊လှည်းဘီးထောက် (ဒေါက်) ကို နင်းပြီးတက်ရန် ကြိုးစားသူ ကြိုးစား။
“တယ်…. ကလေးတွေ၊ ရှကုန်တော့မှပဲ၊ သွားကြ”
ဒေါသဖြစ်ခဲသော၊ ကလေးများကို အလိုလိုက်လေ့ရှိသော ရီးဆေးရိုး ဒေါသမဖြစ်စဖူး ဖြစ်နေ၏။ ကလေး တစ်သိုက်ကို ဒေါသသံဖြင့်အော်ငေါက်ရင်း နှင်တံဖြင့် လှမ်းရိုက်၏။ ကလေးတွေ အလန့်တကြား ရှဲသွားသည်။ သူတို့ အဘိုးအား တအံ့တသြ ငေးကြည့်နေကြသည်။ သို့တစေ ရီးဆေးရိုး၏ ဒေါသသံသည် ဆက်လက် ဟိန်းပျံ့သွားပြန်သေး၏။
“ဟဲ့ ကျီးဒန်၊ ဘာငေးနေတာလဲ၊ နှမ်းပြန့်နဲ့ လှည်းနဲ့ မလွတ်တာ မသိဘူးလား”
သည်အခါကျမှ ရီးကျီးဒန် ပျာပျာသလဲ ထ၏။ စောင်များကို အနားသိမ်းကာ ဆွဲခေါက်၏။ သို့လျှင် လှည်းသွားသာအောင် လုပ်ပေးရသော်ငြား ရီးကျီးဒန် မှာ အပြောမလွတ်သေး။ “ဘာတွေ စိတ်ကူးနေမှန်းမှ မသိတာ” ဟု လှည်းမောင်းသွားရင်း ရီးဆေးရိုးက ပြောသွားသေး၏။ သို့တစေ ရီးကျီးဒန် စိတ်မဆိုး။ အဘယ်ကြောင့် သူ့အဘိုးကြီး ‘တို’ နေကြောင်း ရီးကျီးဒန် သိသည်။ ရီးဆေးရိုး တိုနေရခြင်းမှာ အစီအစဉ်များ ပျက်ရ၊ ကိုယ်တိုင် အပင်ပန်းခံခဲ့ရ၍ ဖြစ်သည်။ သူတို့ လယ်ပွဲတွင် နောက်ဆုံးစိုက်ရန် ကျန်သော နေရာမှာ နှမ်းကြဲသော လယ်ကွက်များ ဖြစ်၏။
သည်နှစ်တော့ ဝါလည်း မဆိုးလှ။ မိုးကလေး လိုက်လာသဖြင့် ဟန်သွား၏။ အဘိုးကြီး အဘွားကြီး သည်တစ်နှစ်တော့ ပင်ပန်းရကျိုးနပ်ချေပြီ။ သို့သော် နှမ်းရပြီးပေမဲ့ စပါးလည်း ရချင်သေးသည်။ အထူး အထွက်တိုးစာရင်း မဝင်သော်ငြား အထွက်တိုးစာရင်းတော့ ဝင်နေသေးသည်မဟုတ်လား။ သည်တော့ ‘နှမ်းထောင်’ တွေ ခြောက်သည်အထိ လယ်ကွက်ထဲ တွင် ‘ထောင်’ မထားနိုင်။ အပင်ပန်းခံပြီး အိမ်သို့ သယ်ရ၊ နေလှန်းရ၊ ထောင်ရသည်။ သည်တစ်ချက်ဖြင့်ပင် ပင်ပန်းလှပြီ။
အမှန်မှာမူ ရီးဆေးရိုး၊ ရီးကျီးဒန်ပါ မမောနိုင်သေး၊ မပန်းနိုင်သေး။ နှမ်းခင်းကျွတ်လယ်ပွဲကို ထယ်ထိုးရသေးသည်။ ထယ်ထိုးပြီးမှ ရေသွင်း၊ ရေသွင်းပြီးမှ ထွန်ဖြင့် နှစ်စပ်မွှေပေးကာ တမန်းပုပ်အောင် စောင့်သည်။ ယခုရက်ကား တမန်း ‘ပြန်’ ရန် စောင့်နေသော ရက်အားပေတည်း။ ရက်ကလည်း ရက်အား၊ လယ်ကွက်ထဲတွင်လည်း ပျက်စီးစရာ အပင်မရှိသေးမီ လယ်ကွက်ဘေးက ထန်းပင်များကို ချိုင်ချင်သည်။
ထန်းပင်ကို ချိုင်ရခြင်းမှာ နွားတင်းကုပ် အသစ် မိုးရန်အတွက် ထန်းရွက်လို၍ ဖြစ်သည်။ နောက်တစ်ကြောင်းမှာ စပါးပင်တွေပေါ်သို့ ထန်းသီးမှည့် ကြွေကျလျှင် ထန်းငါးပင်မှ ကြွေကျသော ထန်းသီးဒဏ်ကြောင့် အနည်းဆုံး စပါးတစ်တင်းထွက်မျှ ပျက်စီးနိုင်သောကြောင့်ဖြစ်၏။ သို့ကြောင့် ထန်းပင်ချိုင်မည့် ငလူးကို တစ်ပင်လျှင် တစ်ကျပ်နှုန်းဖြင့် ငှားသည်။ နေ့ရက်နှင့် အချိန်ကိုလည်း သတ်မှတ်သည်။
ထန်းပင်ချိုင်မည့် နေ့မှာ သည်နေ့။ နေထွက်သည် အထိ ငလူး ပေါ်မလာခဲ့။ ရီးဆေးရိုး လိုက်သွားသော အခါ စောစောစီးစီး မူးပြီး လဲနေသည်။ ရီးဆေးရိုး စိတ်မထိန်းနိုင်တော့၊ ဆဲဆိုပြီး ပြန်လာ၏။ လမ်းတစ်လျှောက်လုံးဆဲရေး တိုင်းထွာလာ၏။ အိမ်ရောက်သည်အထိ ဆဲတုန်း။ ဆဲဆဲဆိုဆိုဖြင့် လှည်းပြင်သည်။ ဓားကို လှည်းဦး ‘ဓားစွပ်’ တွင် စွပ်သည်။
“ကနေ့ မရလည်း နောက်နေ့မှ ချိုင်ပေါ့တော်၊ သွားမနေပါနဲ့”
ဒေါသတကြီးဖြင့် ထန်းပင်တက်လျှင် အသက်ကလည်းကြီးပြီဖြစ်၍ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်မှာစိုး၍ ရီးကျီးဒန် တားဆီးသည်။
“မသွားလို့ ဖြစ်မလားအေ့၊ နက်ဖြန်ကျတော့လည်း နက်ဖြန်အလုပ်က ရှိသေးတာ”
ရီးကျီးဒန် ဆက်မပြောနိုင်တော့ပေ။ သည်မှာ ကလည်း နှမ်းလက်ကျန်ကလေးတွေ ‘ခါ’ စရာ ကျန်သေးသည်။ နှမ်းခါပြီးလျှင် ပြာရတီးရဦးမည်။ နေလှန်းရဦးမည်။ သည်တော့ သွားပစေ သဘောထား လိုက်ရတော့သည်။ သည်ပုံ စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားခဲ့သော ရီးဆေးရိုးသည် ထန်းပင်ချိုင်သူ ငလူးကို မခံချင်စိတ်ဖြင့် ထန်းပင်ကို ကိုယ်တိုင် တက်ခဲ့သည်။ သည်အသက် သည်အရွယ်ကြီးဖြင့် ထန်းပင် တက်သည်မှာ နည်းနည်းနောနော ပင်ပန်းခြင်းလား။
ခြေထောက်တွင် ထန်းလျှော်ဖြင့် လုပ်သော ‘ထွန်ညှင်းကွင်း’ ပါသောကြောင့် ထန်းပင်ပင်လုံးကို ညှပ်ထားနိုင်သည် ထား၊ အထက်သို့ တက်သောအခါ ညှပ်အားကို လျှော့ရသည်။ ညှပ်အားကို လျှော့ပြီဆိုမှတော့ လက်နှစ်ဖက်ဖြင့် ပင်စည်ကို ဖက်ထားရုံမက၊ စန့်နေသော ကိုယ်ကို ကွေးသွားအောင်အပေါ်သို့ မ ယူပြီး ခြေနှစ်ဖက်က ပင်စည်ကို ညှပ်ထားရပြန်သည်။ သည်အချက်ကပင် ပင်ပန်းလှပြီ။ ကွေးနေသော ကိုယ်ကို စန့်သွားအောင် ခြေညှပ်အားကို အားပြုလျက် ကိုယ်ကို အပေါ်သို့ ဆန့်ထုတ်ရာတွင် အားစိုက်ရသော ပင်ပန်းမှုက အပင်ပန်းဆုံး။ အပင်ပေါ်တွင် ပုရွက်ဆိတ်အုံ တွေ့လျှင် ကိုက်သေးသည်။ ကျီးသိုက် ရှိနေလျှင် ဝိုင်းပြီး အာကြ၊ ထိုးကြ၊ ဆိတ်ကြနှင့် မလွယ်ရေးချ မလွယ်။
ထန်းပင် တက်ရာတွင် သည်မျှ ပင်ပန်းသလောက်၊ အဆင်းတွင်လည်း ခက်ခဲပင်ပန်းသည်။ ပြီးတော့ တစ်ပင်တည်းမဟုတ်၊ ငါးပင်ကြီးများဆိုတော့ ပင်ပန်းပေမည်။ စိတ်တိုပေမည်။ သို့အတွက် ရီးကျီးဒန် စိတ်မဆိုးနိုင်ခြင်းဖြစ်ပေ၏။
••••• ••••• •••••
၂
ရီးဆေးရိုးပင် ထမင်းစား၍ မပြီးသေး၊ အိမ်ရှေ့ မန်ကျည်း ပင်ရိပ်သို့ လူတွေ ရောက်လာကြပြီ။ အခြား သူများကား မဟုတ်၊ သားနှင့် ချွေးမ၊ သမီးနှင့် သမက်တို့ ဖြစ်ကြချေ၏။ ထန်းရွက်ပေါ်တွင် တင်လာသော ထန်းသီးခိုင်များကို ဦးစွာချကြသည်။ သည် ထန်းသီးခိုင်များကို ကလေးတွေအုံနေကြ၏။ ရွာလယ်ဈေးသည်ကို အုံသည့်နှယ် အုံဝိုင်းနေကြသော ကလေးများကား မချောစိန်နှင့် မလှမေ နှစ်မိပေါက်သာမက အိမ်နီးနားဝန်းကျင်မှ ကလေးတွေလည်းပါကြ၏။ အခြားမှ ကလေးတွေအပေါ်တွင် မိမိထွေးတို့ အစွမ်းပြပြီ။
“မကိုင်နဲ့ ဒီနားမကပ်နဲ့” စသည်ဖြင့် သူ့အသံချည်း။ သို့သော် လူကြီးတွေမှာ ထန်းသီးခိုင်ကို မတို့ထိနိုင်သေး။ ဦးတည်လာရင်းမှာပင် ထန်းသီးခိုင် ဖြစ်ငြား လုပ်သင့်လုပ်ရာကို ချန်ထား၍ မသင့်။ သို့ကြောင့် ထန်းရွက်များကို လှည်းပေါ်မှချပြီး ထန်းရွက်မှ ထန်းလက်ကို ဖြတ်တောက်သည်။ ထန်းရွက်ကို သင့်ရာနေရာတွင် အမြီးပြန် ခေါင်းပြန် စီတန်းထပ် ၏။ သစ်တုံးဖိ၏။
ထန်းရွက်၏ အပင်ပေါ်က လာစဉ်က အခြေအနေမှာ အချို့ ပြန့်ပြန့်ကားကား ညီညီညွတ်ညွတ် ရှိသလို၊ အချို့မူ လုံး၍၊ အချို့မူ ကော့နေ၊ ခုံးနေ၊ ခွက်နေကြသည့်အတွက် နွားတင်းကုပ် မိုးချိန်တွင် ညီညွတ်ပြန့်ကားနေစေရန် တုံးဖိပေး၏။
ထန်းလက်များကို တစ်နေရာတွင် စုပုံထားပြီးသောအခါ သူတို့ လာရင်းအလုပ်ကို စကြပြီ။ ထန်းသီးခိုင်များကို လူကြီးတစ်ရပ် မလွတ်သော အိမ်အောက်သို့ ရွှေ့သည်။ ဖျားခင်းသူ ခင်း၊ ဂုန်အိတ် ခင်းသူ ခင်းကာ ထန်းသီးကြီးကြီးတစ်လုံးကို မျက်နှာဝ ညီအောင်လှီးပြီး ‘စဉ်းတီတုံး’ အဖြစ် တည်သည်။ ထန်းခိုင်မှ ထန်းသီးများကို တစ်လုံးချင်း ခြွေသည်။ သည်ထန်းသီး စဉ်းတီတုံးပေါ်တင်ပြီး ပါးပါးပါးပါး လွှာသည်။ မျက်နှာပြင်ခြောက်ဖက်ကို စဉ်းလွှာ လိုက်သည့်အခါ ထန်းစေ့အိမ်အမြှေး ပေါ်လာသည်။ ထန်းသီးတစ်လုံးတွင် အများအားဖြင့် ထန်းစေ့အိမ် သုံးအိမ်ရှိ၏။ တစ်ခါတစ်ရံတွင်ကား နှစ်အိမ်၊ လေးအိမ်လည်း ရှိတတ်၏။ ကလေးများကား ဝိုင်းအုံနေ၏။ စဉ်းသည့်သူက စဉ်းဆဲ၊ သူတို့က စားချင်လှပြီ။ ပါးစပ် တပြင်ပြင်ဖြင့်။
စားချင်စိတ် ပြေပျောက်စေရန် အချို့ကလေးက ‘ပီပီ’ မှုတ်၏။ ပီပီကလည်း ခက်ခက်ခဲခဲ မဟုတ်ပါ။ ထန်းသီး၏ ထိပ်တည့်တည့်တွင် ကြာပွင့်သဏ္ဌာန် ထန်းသီးဖတ်များ ဖွဲ့ယှက်လျက် ဖုံးအုပ်ထားသော ထန်းသီးဦးထုပ် ပါရှိ၏။ အဖတ် တစ်ဖတ်၏ အနား နှစ်ဖက်ကို ဖဲ့၊ အစွန်းနားချင်းညီအောင် ထပ်ပြီး မှုတ်လျှင် ‘ပီပီ’ ဖြစ်တော့သည်။ တစ်ယောက် ပီပီ မှုတ်လျှင် ကျန်ကလေးများလည်း ပီပီ လုပ်၍ မှုတ်ကြတော့၏။ တစ်ယောက်နှင့် တစ်ယောက် အားကျမခံ။ အိမ်အောက်တွင် ညံနေတော့သည်။
“ဟဲ့... နားငြီးလွန်းလို့ တော်ကြစမ်း”
“သွား... သွား၊ တော်ရာ သွားမှုတ်ကြ”
ကလေးတွေ ဝေးရာသို့ ရှဲမသွားကြပါ။ စဉ်းတီတုံးဘက်မှ ဘေးသားများ စဉ်းလွှာပြီးသော ထန်းသီးတွေ သည်ဘက်သို့ ရောက်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် လက်ထဲက ပီပီကို လွှင့်ပစ်ကြသည်။ သူ့ထက် ငါ လက်ပြင်ကြသည်။ ပါးစပ်ပြင်ကြသည်။
မချောစိန်သည် တွဲနေသော အိမ်သုံးအိမ်ကို ခွဲထုတ်နေလိုက်၏။ ခွဲထုတ်ပြီးပေမင့် စားရန် အသင့် မဖြစ်သေး။ ထန်းသီးအသားများကို ဖယ်ပြီး ကော်ထုတ် လိုက်တော့မှ လေးထောင့်လည်း မကျ၊ ရှည်လမျောမျောလည်း မဟုတ်၊ မြီးညောင်းရိုးလိုလို ကျောရိုးလိုလို အမြှောင့်တန်းလေးပါသော ထန်းသီးစေ့ကို ရလေ၏။ ရာသီဥတု မမှန်သောကြောင့် အသီးအနှံများကလည်း ဖောက်ပြန်၏။ ဖောက်ပြန်ပုံကို ကြည့်။ မချောစိန် ဦးစွာ ကော်ထုတ်ပြီး မောင်ထွေးအား ပေးလိုက်သော အစေ့မှာ မာနေပြီ။ အကာမြှေးကို သွားနှင့် ခြစ်ပစ်ပြီး စားသောအခါ အချိုရည် မရှိတော့ပြီ။
ဟော ... မိမိထွေးကို ပေးသော အစေ့။ ပျော့စိ ပျော့စိနှင့် ပေါက်သွားမလား၊ ကွဲသွားမလား ထင်ရသည်။ အကာမြှေးမှာ ဖြူဖြူကလေး၊ နုနုကလေးသာ ရှိသေးသဖြင့် ဖယ်ရန် မလို။ မိမိထွေးသည် သူ ခွဲတမ်းရသော အစေ့ကို ပါးစပ်နားတေ့ပြီး ဆွဲခွဲ၏။ ကွဲလျှင် ကွဲချင်းမျက်နှာကို မော့လိုက်၏။ ချိုလိုက်သည့် အရည်တွေ။ သည်အရည်တွေ ကုန်သွားသောအခါ စားစရာ အသား ဟူ၍ မည်မည်ရရ မကျန်တော့သလောက် ဖြစ်သွားပြီ။ ထန်းသီး တစ်လုံးမှ နှစ်လုံး၊ နှစ်လုံးမှ သုံးလုံး အထိကား စားသူက နိုင်နေသေး၏။ ဆယ်လုံးခုတ် စဉ်းပြီးချိန်တွင်ကား အစားသမားများ ဆိုင်းသွားကြပြီ။
“သိပ်မစားနဲ့၊ ဗိုက်နာနေလိမ့်မယ်”
“တော်ရုံသဖြင့် စား၊ နေက ပူသနဲ့”
သည်ပုံ ထိန်းချုပ် သတိပေးသည့်ကြားမှ “ဒီတစ်လုံးတည်းပါ” ဆိုကာ စားကြ၏။ စားသော်ငြား ကလေးတစ်ယောက်ကို ငါးစေ့ထက် ပိုမစားနိုင်ကြပါလေ။
အစားတွင် တန့်သွားသောအခါ ကစားဘက် လှည့်ကြသည်။ အရိပ်ထဲတွင် အေးအေးလူလူဖြင့် တိုင်ဦးတမ်း ကစားမလား၊ ဘုတ်ကေဆီဆမ်း၊ လိပ်ဥ ဝှက်တမ်း၊ ထွေပတ်တမ်းကစားမလား၊ အိမ်ပေါင်း ကွပ်တွင် ကြိုးချည်ပြီး ဆင်ထားသော ဒန်း ရှိသေး၏။ ဒန်း စီးမည်လား။
သည်ထန်းသီးဆန်တွေကို ကလေးတွေ မစားနိုင်တော့လျှင် လွှင့်ပစ်ရတော့မည်လား၊ မပစ်ရပါ။ လူကြီးလည်း ကြိုက်သည်။ နွားလည်း ကြိုက်သည်။ လူကြီးလည်း တော်ရုံသာ စားနိုင်၏။ အရည်တည်ကလေး ဆိုလျှင် သောက်မည်။ ဇွန်းခြစ် အနေဆိုလျှင် ထန်းလျက်နှင့် စားမည်။ သည့်ထက်မာလျှင်ကား မစားနိုင်တော့ပြီ။ ထန်းသီးမှည့်၏ အစေ့ထဲမှ ထန်းသီး ဆန်ကား စား၍ မရတော့ချေ။
သို့တစေ ယနေ့ ချိုင်လာသည့် အခိုင်များထဲ၌ အမှည့်မပါချေ။ အမှည့် မပါသောကြောင့် လူစားနိုင်သည်။ လူစားမကုန်သော် နွားကျွေးနိုင်ငြား၊ နွားမကျွေးပါ။ လူစား၍ မနိုင်သော် ထန်းသီးဆန်ကို အချဉ် ထည့်ထားမည်။ ထန်းသီးဆန်ကို ဝက်ဆီနိုင်နိုင်ကလေးနှင့် ချက်မည်လား၊ နှမ်းဖတ်ချဉ်နှင့် ချက်မည်လား။ ချဉ်လည်း ချဉ်၊ ဆိမ့်လည်း ဆိမ့်သော ထန်းသီးချက်။ ဟင်းလျာဖိုး ငါးကျပ်၊ တစ်ဆယ် ကောင်းကောင်း ထေနိုင်သော ထန်းသီးချဉ်။
••••• ••••• •••••
၃
ကလေးတွေ ထန်းသီးဆန် အစားဆိုင်းသွားချိန်တွင် ရီးဆေးရိုး အိမ်ပေါ်မှ ဆင်းလာသည်။ ပြောင်းဖူးဖက် ဆေးလိပ်ကြီး ငေါ့နေအောင် ဖွာလျက် မန်ကျည်းချိုပင်ရိပ်တွင် ထိုင်သည်။ မျက်နှာထား သုန်သုန်မှုန်မှုန်နှင့်။
သုန်မှုန်ရပေမပေါ့။ ထန်းပင် အငှားချိုင်သူ ခေါ်၍ မရကြောင်းကို သင်းတို့ အသိသား။ သိလျက်နှင့် “အဖေ… ကျုပ် လိုက်ချိုင်ပေးမယ်” ပြောလာမည့်သူ မရှိခဲ့။ သည်အဘိုးကြီး တုန်ချည့်တုန်ချည့်နှင့် တက် ချိုင်လာသော ထန်းသီးကျတော့ တစ်ဖြဲ နှစ်ဖြဲ လာစားနေကြသည်ကို အဘယ်မှာ ကြည်ဖြူနိုင်ပါမည်နည်း။ သည်အခါမျိုးတွင် မလှမေတို့က ‘နပ်’ သည်။ အဘိုးကြီး သုန်မှုန်နေသည်ကို ကွက်ခနဲ တစ်ချက် လှမ်းကြည့်မိသည်နှင့် တစ်ပြိုင်နက် ထန်းခေါက်တောင်း တစ်လုံးကို ပျာပျာသလဲ ပြေးဆွဲ၏။ ထန်းသီးစဉ်း ဖတ်တွေ ကျုံးထည့်ကာ နွားစာခေါင်းထဲ ပြေးလောင်း၏။ နွားများမှာ တစ်နွေလုံး ကောက်ရိုးနှင့် နှမ်းဖတ်နုနှင့် ကောက်ရိုးကိုရေလဲနှင့် စားလာရာက စိမ်းစိမ်းစိုစို၊ မွှေးမွှေးပျံ့ပျံ့ ထန်းသီးစဉ်းဖတ်ကို တွေ့ရသောအခါ အလုအယက် စားကြတော့သည်။
မလှမေ လေးတောင်းတိတိ သွားထည့်သော်ငြား ရီးဆေးရိုး အခြေအနေ ထူးခြားမလာ။ ဆေးလိပ်ကို မန်ကျည်းပင်ရင်းတွင် ကပ်ချထားပြီး ထန်းပလပ်တစ်ပြားကို ယူကာ ချောပြေနေသော ဝမ်းဘက်သို့ လှည့်ကာ ထိပ်မှ ခွဲချလိုက်၏။ ဤသည်ကို ‘ဝမ်းသား’ ခွာသည် ခေါ်၏။
ဓားသည် ဒုတ်ဒုတ်ထိ မြေကြီးသို့ ရောက်မသွားချေ။ ထန်းပလပ်ပြား၏ ထက်ဝက်နေရာတွင် တစ်နေတော့၏။ သည်အခါ ထန်းပလပ်မှ ကွာလာသော အဖတ်ကို ရီးဆေးရိုးက ဘယ်လက်ဖြင့် ခေါက်တွန့် ပေးလိုက်ရာ ဓားသွားရာ လမ်းသည် ကျယ်လာ၏။ သည်ကျယ်လာသော လမ်းကြောင်းအတိုင်း သုံးလေးချက် ခပ်ဆဆ ခုတ်ပေးလိုက်လျှင် အသုံးဝင်လှသော ဝမ်းသားသည် ထန်းပလပ်မှ ကွာထွက်သွားလေ၏။
ကွာသွားသော ဝမ်းသားအပြားကြီးကို နေပူပြင်သို့ ပစ်လိုက်ကာ ကျန်နေသော ထန်းပလပ်ပြားကို အထောင်မပျက် ဝမ်းသားခွာသည့်နည်းအတိုင်း ထိပ်မှ ခွဲချ၏။ အလယ်တွင် ဓားထစ်နေချိန်၌ အဖတ်ကို ခေါက်တွန့်ပေးကာ ခပ်ဆဆ ခုတ်ချပေးလိုက်၏။ ။
ပထမ ခွာသောအရာမှာ ဝမ်းသား။ ဒုတိယ ခွာသော အရာမှာ အူသား။ ဝမ်းသားသည် တစ်ဖက်မျက် နှာပြင်တွင် ကြွေသားအလား ချောညက်နေကာ၊ တစ်ဖက် မျက်နှာပြင်တွင် အမျှင်တွေချည်း။ အူသားကား ဝမ်းသားနှင့် အရွယ်တူ သော်ငြား၊ မျက်နှာပြင် နှစ်ဖက်လုံးမှာ ရှည်လျားသော အမျှင်စင်းများဖြင့် ဖွဲ့စပ်ထား၏။ သည်နှစ်ခုလုံးသည် ‘လျှော်’ အဖြစ် အသုံး ချခံရမည်ဖြစ်ပေမယ့် အသွင်မတူသည့်နည်းတူ အရည်အချင်းလည်း မတူချေ။
ဝမ်းသားမှာ ခိုင်ခိုင်ခံ့ခံ့ တုပ်ရန် နှောင်ရန် နေရာမှန် သမျှ အားကိုးတကြီး အသုံးပြုခံရသည်။ အူသားလျှော်ကား တော်စွလျော်စွ ‘တည်း’ ရန်၊ စောင်ရန်းတန်း ချည်ရန်ထက် အသုံးမတည့်။
ဝမ်းသားနှင့် အူသား အဖတ်လိုက် ခွာပြီး ပစ်လိုက်သော ထန်းပလပ်များကို ကလေးများ ကောက်ယူကြသည်။ ကိုထွန်းရတို့၊ ကိုဘညိန်းတို့ အလုပ်များ ရပြီ။ ထန်းပလပ်ပြား အရင်းပိုင်းကို ထိပ်ချွန်သည်။ တစ်ထွာကွာခန့် နေရာတွင် ခပ်စောင်းစောင်းကလေး နှစ်ဖက်ညှပ်ပြီး ထစ်ကာ ဇက်ချိုးပေးလိုက်လျှင် ထောင်နေသော မြင်းနားရွက်လည်း ပုံပေါ်လာ၏။ မြင်းခေါင်းလည်း ပေါ်လာ၏။
သည်ထန်းပလပ်မြင်းကို ပါးချပ်ကြိုး တပ်ပေး၊ ဇက်ကြိုး တပ်ပေးလိုက်သောအခါ ယောက်ယက်ခတ်မျှ မြင်းစီးကြတော့သည်။ သူ့မြင်းနှင့် ငါ့မြင်း အမြီးချင်း ရိုက်မိကြ၊ သူ့မြင်းအမြီးက ကိုယ့်ခြေထောက်ကို လာ ရိုက်လို ရိုက်နှင့်။
လှုပ်ရှားသည်နှင့်အမျှ အတိုင်အတော ထူလာ၏။
“အရီး.. အရီး ခင်ခင်ကြီး ကျုပ်ခြေထောက် လာရိုက်တယ်ဗျ”
မချောစိန်ကို တိုင်သူတိုင်။
“ခင်မောင်ငြိမ်းရယ် ကျုပ်ကို ရိုက်တယ်”
မလှမေထံ လာတိုင်သူက တိုင်နှင့် အလုပ်ရှုပ်နေကြစဉ် ရီး ဆေးရိုးကား အလုပ်လုပ်လိုက်၊ ထိုင်နားပြီး ရေနွေး ကြမ်းသောက်လိုက်နှင့် မြေးများကို လှည့်မကြည့်ပေ။
“လာကြစမ်း၊ မြင်းတွေ အကုန်ယူခဲ့။ ဒါလောက် ဇာတ်ရှုပ်လှတာ”
ကြာတော့ ရီးကျီးဒန် သည်းမခံနိုင်တော့ပါ။ ဆေးလိပ် လိပ်နေရာမှ မြင်းတွေကို ခေါ်သိမ်းသည်။ “ငတက်ပြားနော်.. သတိထား... ဟင်း” ဟူ၍လည်း အံကြိတ်ကာ ကြိမ်းလိုက်သေးသည်။
မြင်းတွေကို မသိမ်းပါနှင့်ဟူ၍ မချောစိန်ရော မလှမေပါ မပြောရဲပေ။ ထန်းလျှော် ခွာနေသော ရီးဆေးရိုး သုန်မှုန်နေဆဲရှိသေးသည် ထင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကြည့်၍သာ နေရ၏။
ကလေးတွေမှာ မြင်းမရှိလည်း ကစားစရာ မရှားပါ။ “ဘုတ်ကေဆီဆမ်းကစားမယ်ဟေ့” ဟု တစ်ယောက်က စလိုက်လျှင် အရေးကြီးဆုံး ဘုတ်ကို ရှာကြတော့သည်။ ဖုန်ချိုင့်ကလေးတွေ တွေ့နိုးဖြင့် မြေပေါ်တွင် လေးဖက်ထောက် သွားနေကြ၏။
နေ့တိုင်း ဘုတ်ကေဆီဆမ်း ကစားကြရာ ကစားတိုင်း ဘုတ် (ဖုတ်) ကောင်ကလေးတွေ လိုက်ဖမ်းသဖြင့် ရှားပါးနေပြီ။ ဟော မိမိထွေးတော့ ဖုန်ချိုင့်ကလေးတစ်ခုတွေ့သဖြင့် ဖြည်းဖြည်းကလေး ဖုန်တွေ လွင့်ကုန်အောင် မှုတ်၏။ ဖျတ်ခနဲ ဘုတ်နှစ်ကောင် မြင်လိုက်ရငြား၊ နောက်အဆုတ်နှေးသော တစ်ကောင်သာ မိသည်။ ကျန်တစ်ကောင်ကား ဖုန်ထဲသို့ နောက်ဆုတ်ဝင်ပြေး၏။ မိမိထွေး ထပ်မှုတ်၏။ ဖုန် မကုန်၊ ဧရာမ ဖုန်ထုကြီး ဖြစ်နေ၏။ ကျန်တစ်ကောင်ကို မိမိထွေး လိုချင်သေးသည်။ သည်အတိုင်း ထားခဲ့လျှင် ဖုန်အများကြီးထဲတွင် ပျောက်သွားနိုင်သည်။
“အငယ်၊ ရလားဟေ့”
အနားသို့ ရောက်လာသူမှာ ခင်မောင်ငြိမ်း။
“တစ်ကောင် ကျန်သေးတယ်ဟ၊ ဖမ်းပြီး တိုင်ခြေရင်းမှာ မွေးထားရအောင်လို့”
“အေး..ကောင်းတယ်၊ ဒါပေမဲ့ ဖုန်တွေက အများကြီးဟ၊ မှုတ်မနေနဲ့။ ဘုတ်ဘုတ်ချင်း မျှားရအောင်”
ဘုတ်ကို ဘုတ်နှင့် မျှားပုံမှာ ဘုတ်ကို ဆံချည်မျှင်ဖြင့် ချည်ပြီး ဘုတ်တွင်းထဲ ချပေး၍ နောက်ဆုတ် ဝင်သွားလျှင် ရှိနှင့်သော ဘုတ်က ဆီးကိုက်စဉ် ဆံပင်ကို ဆွဲလိုက်ပါက မပိုင်သေးသော ဘုတ်ပါ တန်းလန်းကြီး ပါလာတော့သည်။
သို့ဖြင့် မိမိထွေး ဆံပင်အရှာထွက်၏။ မလှမေက လည်း မပေး၊ သူ့အမေ မချောစိန်က ငေါက်လွှတ်၏။ အမေကြီးထံ ရောက်သွားသောအခါ၌ “အံ့ရောတော်၊ အထွတ်အမြတ်ထားတဲ့ ခေါင်းမွေးနဲ့မှ ဆော့ချင်ရ သလားဟဲ့”
ကတ်ကြေးဖြင့် ခေါက်လွှတ်၏။
အမေ မိမိထွေး ငိုမဲ့မဲ့ဖြင့် သူ့ဘအနား ကပ်သွား၏။ သူ့ဘ ကတုံးထံတွင် ဆံပင်တောင်းရန် မဟုတ်။ အမေကြီး ခေါင်းဖြီး အပြီးတွင် ဆံပင်ကို လုံးပြီး သစ်ပင်ရင်းတွင် ပစ်တတ်၍ ဖြစ်၏။
“အငယ်... ဘာရှာလဲဟင်”
“ဆံပင် ဘ”
အရေးတယူ မေးသူ ရှိလာသဖြင့် ငိုသံကလေးဖြင့် ဖြေမိ၏။
“ဘုတ်ချည်ဖို့ မဟုတ်လား၊ ဘမှာ ရှိပါတယ်။ လာလာ”
ရီးဆေးရိုးသည် အမွေးများ ယှက်လိမ်နေသော ခြေသလုံးကြီးကို မြေးရှေ့သို့ ဆန့်ထုတ်ပေးလိုက်သည့် ခဏ၌၊ မိမိထွေးသည် ကျီစယ်မှန်း သိသည့်အလျောက် ဝါးခနဲ ငိုချလိုက်လေ၏။
ရီးဆေးရိုးလည်း မြေးမကို ကြည့်ကာ တဟားဟားရယ်နေမိလေ၏။ သည်ရယ်မောသံသည် အဖိုးတန်လှ၏။ သည်အခါကျမှသာ ရီးကျီးဒန်၏ ပုပ်နေသော မျက်နှာ ကြည်လာသလို သားသမီး၊ ချွေးမနှင့် သမက်တို့လည်း ကုပ်နေရာမှ ခေါင်းထောင်လာဝံ့ကြလေတော့၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment