❝ ခေတ် ❞
▢ မောင်သွေးချစ် ( ရေနံချောင်း )
“ကိုဦးရေ... မြောက်ဘက်လမ်းက ဦးသာလှသမီး ဟိုကောင်မလေးတော့ ပါသွားပြီတဲ့၊ အသက်က ၁၅ နှစ် ကျော်ကျော်လေး ရှိသေးတယ်ဆိုပဲ”
အိမ်လည်လာသော သူငယ်ချင်း သန်းမြင့်ထွန်း၏ ပြောစကားကို နားထောင်လိုက်မိသည်။ ရုံးပိတ်ရက်မို့ အိမ်မှုကိစ္စတွေ လုပ်ရင်း၊ ကလေးထိန်းရင်း ဆိုသလို မအားတဲ့ ကြားက စကားလက်ဆုံကျနေမိသည်။
“ဟုတ်တယ် သူငယ်ချင်းရေ ကောသဠအိပ်မက် (၁၆) ချက်ထဲကလို မြေဇာပင် ပုခက်လွှဲနေပြီကွ။ ခေတ်ကို အပြစ်တင်ရမလား၊ လူကိုပဲ အပြစ်တင်ရမလားပဲ။ တီဗွီက လွှင့်တော့လည်း အချစ်ရေး၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ဇာတ်ကား။ ပိုဆိုးတာက အင်တာနက်၊ ဗဟုသုတ မရှာကြဘဲ ယောက်ျား မိန်းမ ရှာနေကြတာလေ၊ အတုမြင် အတတ်သင် ကလေးတွေ ရှေ့လည်း မရှောင်နဲ့ တော်တော်လေးတော့ ပျက်စီးလာကြပြီကွ”
“သူများ သား၊ သမီး အကြောင်းတွေသာ ပြောနေရတာ၊ ကိုယ့်သားသမီးကျရင် ဘယ်လိုလာမယ် မသိသေးဘူးကွ”
စကား မဆုံးသေးခင်မှာပဲ အိမ်ဘေးက လေးနှစ်ကျော်ကျော် ရှိဦးမယ့် ကလေးမလေးက ငါးနှစ်သာသာ ရှိတဲ့ ကျွန်တော့်သား ကိုခန့်ကို
“တိုထန့် တိုထန့် နင်နဲ့ ငါနဲ့ ရည်စားလုပ်တမ်း ကစားရအောင်၊ ငါက နင့်ရည်းစား လုပ်မယ်လေ” တဲ့။
ကျွန်တော် မျက်လုံးပြူးသွားတယ်။ ကျွန်တော့်သားက
“ဟာ ငါ မလုပ်ချင်ပါဘူးဟာ”.. တဲ့။
တော်သေးတာပေါ့။
“ဒါမှ ငါ့သားကွ”
ပီတိဖြစ်နေချိန် သား ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်ရော၊ သူငယ်ချင်း သန်းမြင့်ထွန်းပါ ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
“မဆော့ချင်ပါဘူးဟာ၊ ငါ့ရည်းစားက နင် မဟုတ်ဘူးဟ၊ ငါ့ရည်းစားက ကျောင်းမှာ၊ သူ့နာမည်က ‘မေချိုခိုင်’ တဲ့...”
“အမလေး ဗုဒ္ဓေါ”
▢ မောင်သွေးချစ် (ရေနံချောင်း)
📖 ကလျာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
No comments:
Post a Comment