❝ ကျွန်မနှင့် သက္ကရာဇ်ဖြိုသူ ❞
( လုလင်လက်ျာ )
“ခွင့်လွှတ်ပါဆိုတဲ့ စကား ငါ့ကိုယ်ငါ ပြောဖို့ ချန်ထားပါရစေတော့”
ကျွန်မ အရပ်က မမီတမီမို့ ညီမှ ညီပါ့မလားဟု နောက်တစ်လှမ်း ဆုတ်ကြည့်ရင်း ဆိုင်းဘုတ်ပေါ်က စာသားလေးကို တစ်ခေါက် ပြန်ဖတ်ကြည့်မိသည်။ သေသပ်ညီညာသည့် လက်ရေး၊ ဆေးသားလည်း မပြယ်သေးသည်မို့ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ် သဘောကျနှစ်ခြိုက်စွာ ကျွန်မဘာသာ အတည်ပြုလိုက်တော့၏။ ကျွန်မ ပြုံးလိုက်မိသည်လား။ မျက်ရည် ဝဲသွားသည်ကိုတော့ သတိထားလိုက်မိပါ၏။
“နင်ကလေ- အရင်စာတန်းထက် စာရင် ဒီစာတန်းလေးနဲ့မှ ပိုလိုက်တာဟ။ ရဲရဲရ”
••••• ••••• •••••
၁
“ဟောကြည့်”
သည်လေသံ ကြားလိုက်သည်နှင့် ကျွန်မ ဘာဆက်ပြောမည်ကို သူ သိသည်။ အရင်လို မထီတရီ အပြုံးတစ်ဝက်က သူ့ မျက်နှာပေါ် ခုန်တက်လာ၏။ သူ့လက်အစုံ ကတော့ ပြင်လက်စ အလုပ်ကို အသားတကျ ဆက်လုပ်သွားကြသည်သာ။ မီးခြစ်မှာ ဖင်စီခံကို နှစ်ချက်ခေါက်၊ ဘယ်လက်က မြောက်တက်လာပြီး နှုတ်ခမ်းဝအရောက်မှာ ညာလက်က မီးခြစ်ကို ခြစ်ပြီးသား။ အားသွားသည့် ဘယ်ဘက် လက်က မီးတောက်ကို ကာထား၏။ အရမ်းကို တိကျသေသပ်လွန်းသည့် သူ့လှုပ်ရှားပုံများမှာ လွန်ခဲ့သော ဆယ်စုနှစ်များက အတိုင်း တစ်သဝေမတိမ်းပင် ရှိနေသေးကြောင်း ကျွန်မ ဂဃနဏ မှတ်မိနေပါသည်။
“နင်ပြောတော့ ဖြတ်လိုက်ပြီဆို”
“အဟင်း... အေးဟ။ နင် စိတ်ချမ်းသာအောင်လို့ ညာခဲ့တာ”
တကယ်က ကျွန်မ စိတ်ချမ်းသာအောင်ထက် သူ နားအေးဖို့ရာ ပြီးပြီးရော ပြောခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။ သူလား ကျွန်မ စိတ်ချမ်းသာဖို့ဆိုပြီး တကူးတက ညာနေမှာ။ တစ်သက်လုံး စိတ်ဆင်းရဲရမယ့် ကိစ္စမှာတောင် သူ ညာပေးခဲ့လို့လား။
အို ... မဟုတ်သေး။ အဲသည်တုန်းက သူ မညာခဲ့တာ မဟုတ်နိုင်ပါ။ မဟုတ်လောက်ပါ။ သူ...သူ အမှန်အတိုင်း မပြောခဲ့ခြင်း ဖြစ်မည်။ ဟုတ်ပါလိမ့်မည်။ သူ အဲ့သည်တုန်းက ညာခဲ့ပါသည်။
“ကဲ...နင့်စကားကို ဆက်ပါဦး။ အဲဒီတော့ နင်တို့ စိတ်ကူးက ဆရာတော်ကို ကံထပ်ရင်းနဲ့ ရဟန်းခံပါ တွဲလုပ်ချင်တာ ဆိုပါတော့။ အေး တစ်ခုတော့ ကြိုပြောထားမယ်နော်။ နင်တို့ ကုသိုလ်တွေ အထမြောက်ဖို့ရာ ငါ့ကိုတော့ လာဆွဲမထည့်နဲ့”
သူ တမင် စကားပြန်လွှဲနေမှန်း သိလိုက်သော်လည်း ကျွန်မ လာရင်းကိစ္စ ဖြစ်နေ၍ ပြီးမှ စကားလမ်းကြောင်းကို ပြန်ကောက်ဦးမည်ဟု တေးထားလိုက်ရသည်။ သူ လွှဲသည့်စကားထဲ မဝင်ဝင်အောင် အသာလေးတောင် စွက်လိုက်သေး၏။ သည်ကောင့်ကို စကားအရာမှာတော့ ကျွန်မ ဘယ်တုန်းကမှ မနိုင်ခဲ့ပါ။ သူ့ကို နိုင်အောင် ပြောနိုင်သူ ဆိုလို့ ‘အဝေ’ တစ်ယောက်သာ ရှိလိမ့်မည်ထင်သည်။
“အမလေး... နင့်ကို ဆွဲမထည့်ပါဘူး။ ရဟန်းခံမှာက ‘ အဝေ’ ပါ”
ကျွန်မ လတ်တလော ခွင့်မတင်ခဲ့သည့်ကိစ္စနှင့် ရည်မှန်းထားသည့်ရက်အတိုင်း အစအဆုံး အဆင်ပြေပြေ ပြီးမြောက်ဖို့ရာ ကျွန်မ ဖြစ်ချင်သည်များကို ရှင်းပြလိုက်သည်။
“နင် တည်းတာတော့ ငါ့အစ်မအိမ်မှာပဲ တည်းမှာ မဟုတ်လား”
“အေးပေါ့။ ခုတစ်ခေါက်လာရင်းနဲ့ နင့်ကို စောစောကြိုပြောနှင့်တာ။ ရဟန်းဒကာ ကိုယ်တိုင်ပါ ရဟန်းခံမှာဆိုတော့ ပတ်စာခွာ၊ ဖျာသိမ်းအလုပ်တွေက နင်မှ မလုပ် ဘယ်သူ လုပ်မှာလဲ”
“ဝေယံက ဒုလ္လဘဝတ်မှာ ဟုတ်လား။ နေပါဦး။ ဒုလ္လဘလား၊ အပြီးလား။ ဒီကောင်ကြီးကြည့်ရတာ အပြီးဝတ်မယ့်ပုံကြီးနော်။ နင်တော့ နှမလက်လျှော့နေလေတော့ကိန်း ဆိုက်တော့မယ်။ ဒီလိုလုပ်ပါလားဟ”
ပြောရင်းဆိုရင်းကို သူက တစ်လိပ် ကုန်သွားခဲ့လေပြီ။ ပြာခွက်ထဲ ထိုးချေလိုက်သည့် လက်က ပြန်အရုပ်မှာ ဘူးကို တစ်ပါတည်းကောက်ပြီးသား။ ကျွန်မ သတိထား ကြည့်နေမှန်းသိ၍သာ အသစ်ကို ချက်ချင်း မထုတ်သေးဘဲ နေလိုက်ပုံရ၏။
“နင်လည်း နင့်ယောက်ျားနဲ့အတူ သီလရှင်သာ လိုက်ဝတ်ပစ်လိုက်တော့။ အေးရော ဟာဟ”
“ဝတ်နေပါဦးမယ်ကွာ။ မင်းသူငယ်ချင်း အကြောင်း မင်းလည်း သိတာပဲ။ အဲ ခေါင်းတုံးမတုံးရရင်တော့ ဝတ်မယ်ဆိုတဲ့အစား ထဲမှာ သူလည်း ပါတယ် ငရဲရေ။ ပြန်ရှည်လာမယ့် ဆံပင်ကို နှမြောနေတယ်ဆိုတာ တော်ရုံပါရမီတော့ မဟုတ်ဘူးကွ”
လမ်းတစ်ဖက်ရှိ စိန်မြင့်၏ ပုံနှိပ်တိုက်တွင် ဖိတ်စာသွားအပ်ရာမှ ပြန်ရောက်လာသည့် ‘အဝေ’ ကပါ ရောက်ရောက်ချင်းပင် ကျွန်မကို ခနဲ့စကား ဝင်ဆို၏။ သည်ဆံပင်ရှည်ကိစ္စ သူတို့လို ယောက်ျားသားများ နားလည်စာနာနိုင်သည့်အရာ မဟုတ်၍ ခွန်းတုံ့မပြန်တော့ဘဲ နေလိုက်ပါသည်။
“ဖိတ်စာက ဘာတဲ့လဲ အဝေ။ ဒီတနင်္လာ ရမှာတဲ့လား”
“အဲဒီကောင် စိန်မြင့်က အရင်အတိုင်းပဲဟေ့။ အတော် လက်ပေါက်ကတ်တဲ့ကောင်။ ရအောင်တော့ ပြောရတာပေါ့။ အဲဒါကြောင့် မင်းတို့ပါ လိုက်ခဲ့ပါဆို နေခဲ့ကြတာကိုးကွ။ ငါတစ်ယောက်တည်း မနည်း ပြောယူရတယ်”
ကျွန်မ နှာခေါင်းရှုံ့ပြလိုက်ပါသည်။ စိန်မြင့်နှင့် ကျွန်မက ကျောင်းစနေပါပြီ ဆိုကတည်းက သည်နေ့အထိ မျက်နှာကြော တစ်စက်မှ မတည့်ကြ။ အလိုလို ရန်ဘက် ဖြစ်မို့ ဇာတာကို ပါလာကြသည်လို။ သူကတော့ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိဆိုအသည့် ဂန္ထဝင်မျက်နှာဖုံးနှင့် လူတိုင်းကို ပြုံးပြနိုင်သည့်သူလေ။ ကျွန်မ ရှုံ့မဲ့သွားပုံကို ကြည့်ကာ ရယ်လို့သာ နေတော့သည်ပေါ့။
“အမလေး.....ငါပါ လိုက်လာမှ ဒီထက် ပိုပြောနေရဦးမယ်။ ငါတို့မြို့ကလည်း ခေတ်တွေ၊ စနစ်တွေသာ ပြောင်းလာလိုက်တာ တစ်ခုခုဆို ဒီစိန်မြင့်လို အကောင်နဲ့ချည်း ပတ်သက်နေရတော့တာပဲ။ သူနဲ့ လွတ်တဲ့ စီးပွားရေး ဆိုတာကို မရှိဘူး။ တကယ်ပဲ”
ဘယ်အချိန်ကတည်းက အလစ်ချောင်းနေမှန်း မသိ။ သူက လက်ထဲက အသစ်ကို မီးညှိပြီးနေပြီဖြစ်သည်။
“အဝေက ပြောတတ်ဆိုတတ်ပါတယ်။ နင် ပြောရင် မရမရှိပါဘူး။ တစ်လက်စတည်း ဒီကောင် ရဲရဲကိုပါ နင်ပြောပေးစမ်းပါဦးဟာ”
“ဘာလဲ၊ ငရဲက အဲဒီရက်ပိုင်း မအားဘူးလုပ်နေပြန်ပြီလား။ ဟုတ်လား”
‘အဝေ’ က ကျွန်မစကားကို ချက်ချင်း အဓိပ္ပာယ်မပေါက်။ သူကတော့ ဘာကို ရည်ရွယ်သည်မှန်း သိပြီးသားမို့ ရှိုက်ဖွာလက်စနှင့်ပင် ခေါင်းကို တွင်တွင်ခါပြီး ပြုံးနေလေပြီ။
“အဲ့ဒါ ပြောတာ မဟုတ်ဘူး။ ကြည့်လေ အဲ့ဒီမှာ”
ကျွန်မ မေးငေါ့ပြတော့မှ ‘အဝေ’ က သူ့လက်ထဲမှ သောက်လက်စကို ကြည့်ပြီး သဘောပေါက်သွားသည်။ အကြောင်းသိသူ ချင်းမို့ သူ့ကိုမပြောခင် ‘အဝေ့’ မျက်လုံးများက သူ့နောက်ကျောဘက်မှ နံရံကပ်စာတန်းလေးဆီ အရင်လှမ်းကြည့်နေသည်။ သူကတော့ ခေါင်းလေးကုတ်ပြီး မီးပဲသတ်တော့မလိုလို၊ ဆက် ပဲဖွာနေမလိုလိုနှင့် စိတ်ရှုပ်သွားဟန်လုပ်ပြ၏။
“ဟာ့ ... ငရဲစာသားကြီးက ဒီတစ်ခါ ပိုလန်းနေပါလား။ ဖြစ်နိုင်ရင် ကိုယ့်ရာဇဝင် ကိုယ် သက္ကရာဇ်ဖြိုထားလိုက်ချင်ရဲ့ဆိုပဲ။ နေပါဦး။ ဒါ မင်း ဒုတိယနှစ်တုန်းက ရေးခဲ့တဲ့ ကဗျာထဲက မဟုတ်လား။ အဟား... ငါ့ကောင်ကြီး ကိုယ်ပိုင်စာသားတွေနဲ့ကို လှလှပပ ဆက်မိုက်နေပြီကိုး”
“မင်းတို့လင်မယား ငါ့ကို တမင်ချွတ်ဖို့များ ပြန်လာကြတာလားကွ။ ဟမ်”
“မင်း ဟိုတစ်ခါ ဖုန်းထဲမှာ ပြောတော့ ဖြတ်လိုက်ပြီဆို။ လူကိုလည်း ကြည့်ဦး။ စားသမျှ ဘယ်ရောက်ကုန်မှန်းကို မသိဘူး။ ပိန်ချုံးလို့။ ဆေးရုံတစ်ခါပဲ တက်ရသေးတယ် လုံးလုံးကို ရောဂါသည်ပုံကြီးပေါက်နေပြီ ငါ့ကောင်”
‘အဝေ့’ စကားကြောင့် သူ တွန့်လိမ် သွားသည်ကို ကြည့်ပြီး ကျွန်မ ပြုံးမိတော့ မတတ် ဖြစ်ရသည်။ ‘အဝေ’ ပြောတော့မှ ကျွန်မလည်း အဲသည်စာတန်းကို သတိထားမိ၏။ သူ့ကဗျာများကို ကျွန်မထက် ‘အဝေ’ က ပိုမှတ်မိနေတတ်သည်ကတော့ ကျွန်မ၏ ညံ့ဖျင်းမှုတစ်ခုဖြစ်ကြောင်း ဝန်ခံရပါလိမ့်မည်။
“ဟုတ်တယ် အဝေ။ အခုပဲ အဲဒီကိစ္စ သူ့ကို ငါ မေးပြီးပြီ။ ငါတို့စိတ်ချမ်းသာအောင် ညာခဲ့တာတဲ့လေ ကိုယ်တော်က”
သူ တကယ်ပြောစဉ်က ကျွန်မ စိတ်ချမ်းသာအောင်ဟုသာ ဆိုလိုခဲ့သည်မှန်း သိလျက်နှင့် ကျွန်မ ရိုးသားစွာ ‘တို့’ ဟု တမင် ထည့်သုံးလိုက်မိပါသည်။ သည်စကားတစ်လုံးတည်းက အားလုံးအတွက် ပိုလို့ စိတ်သန့်နေစေလိမ့်မည်ဟု ကျွန်မ အကြွင်းမဲ့ ယုံကြည်၏။
“စကားအဟောင်းကြီးနဲ့ပဲ ငါလည်း ပြန်ချေပရမှာပဲ ဝေယံ။ မင်းရော၊ ငါရော ကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ ပါသလိုပေါ့။ တစ်သက်လုံး သောက်လို့မှ လေးငါးရက်လောက်ပဲ အသက်ပိုတိုမယ့်ဟာ ငါက ဖြတ်စရာလား။ ပြီးတော့ ငါက တစ်သက်လုံး အပြည့်အဝ သောက်ခဲ့တာမှ မဟုတ်တာကွာ။ အလွန်ဆုံးရှိလှ ပထမနှစ်ဝက်လောက် ကမှ စတာ ဆိုတော့ ဆယ်နှစ်လောက်လေးပဲ ရှိသေးတာကို။ အသက်တိုလှ နေ့ဝက် လောက်ပေါ့ကွ။ အကြာကြီး နေရမှာလည်း ပျင်းစရာကွာ”
သူ့စကားအတွက် ကျွန်မ ထူးပြီး မအံ့သြတော့ပါ။ စိတ်လည်း မတိုချင်တော့ပါ။ တိုချင်းတိုလျှင် ‘အဝေ့’ ကို ပိုစိတ်တိုရမည်၊ သူက ‘အဝေ’ စကားဆို ပိုအလေးအနက်ထားတတ်မှန်း သိသိလျက်နှင့်၊ မျက်နှာချင်းဆိုင် တေ့တေ့ဆိုင်ဆိုင် ရှိနေချိန်မှာ သူ့ဆီက ကတိ တစ်ခု ရအောင် တောင်းယူနိုင်ပါလျက်နှင့် ရယ်ရယ်မောမော ပြောပြောဆိုဆိုနှင့်သာ ပြီးခဲ့သည်ကို အပြန်လမ်းတစ်လျှောက်လုံး အပြစ်တင်စကား ဆိုဖြစ်ခဲ့ရသည်။
••••• ••••• •••••
၂
“နေပါဦး ကိုရဲရာ။ ကိုရဲ ပြောသလို မဇ္ဈိမဒေသမှာဆို ကံဆောင်သံဃာ ဆယ်ပါး ရှိမှ ဆိုတော့ ကျွန်တော်တို့က မဇ္ဈိမဒေသ ဆိုတာကြီးထဲ မပါဘူးပေါ့။ အဲဒါဆို မဇ္ဈိမဒေသဆိုတာကို ဘယ်လို သတ်မှတ်ကြလဲ။လုပ်ပါဦး”
“အဲဒါကို ပြောရရင် ဇမ္ဗူဒိပ်ဆိုတာက စပြောရမှာကွ။ တို့ကြားဖူးနေတဲ့ ဇမ္ဗူဒိပ် ဆိုတာမှာ ဇုန်ကြီးသုံးခု ပါတယ်။ အလယ်ရယ်၊ ဇုန်ကြီးရယ်၊ အစွန်အဖျားဇုန်ရယ်ဆိုပါ တော့။ အပိုင်းနဲ့ ဆိုရင်တော့ ငါးပိုင်းတဲ့။ အလယ်ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း၊ အဲ ပြီးတော့ အရှေ့ပိုင်းပေါ့ကွာ။ မဇ္ဈိမကတော့ အရှေ့ဘက်ဆို ခုခေတ် ဗီဟာရ်ပြည်နယ်ထဲက ဆံထာလပရဂနာခရိုင်မှာ ရှိတဲ့ ကံကဂျိုလ်ထိရယ်၊ အရှေ့တောင်ဘက်ဆို မေဒိနီပုရ်နဲ့ ဟဂျာရီဗာဂ် ခရိုင်တွေထဲကို ဖြတ်စီးနေတဲ့ ဆိုလာအီမြစ် အထိတဲ့။ အနောက်ဘက်ဆိုရင် ဒေလီ မြောက်ဘက်က ကရ်နာလ်ခရိုင်မှာ ရှိတဲ့ ထာနေဆရ်ရွာ အထိပဲ။ ပြီးတော့ မြောက်ဘက်။ မြောက်ဘက်ဆိုရင်တဲ့ ဟိရိဒွါရမြို့ နားက အရင်အခေါ်ကတော့ ဥသိရဒ္ဓဇ တောင်တဲ့။ ကဲ ... အဲဒီတော့ တို့နိုင်ငံ မပြောနဲ့ သူတို့ဆီက ဂန္ဓာရတို့ ကမ္ဗောဇတို့တောင် မဇ္ဈိမဒေသ ဆိုတာထဲ မပါဘူးတဲ့ကွ”
ကျွန်မကတော့ လိုက်ရှာလိုက်ရသည်မှာ ကျောင်းဝင်းအနံ့ပင်။ သူက သည်နေရာမျိုးမှာ လာပြီး အာရိုက်နေအား၏။ ကြည့် ကောင်လေးတစ်သိုက်ကို ပညာပေးနေသည်လား၊ ရောဂါပေးနေသည်လား မသိ၊ အာရိုက်ချင်သည်ထက် သည်လို ခိုးသောက်ဖို့ သည်ကောင်လေးများကြား ကိုယ်ယောင် ဖျောက်နေသည်က ပိုဖြစ်နိုင်သည်။ ကျောင်းဝင် အပြင်လမ်းချိုးလေးဘေးတွင်ရှိသော ဇရပ်အသစ်လေးထဲမှာ သူနှင့် မြို့ထဲက ဝိုင်းလုပ်နေကျ အဖွဲ့သားများ စုထိုင် နေကြခြင်းဖြစ်သည်။ သိမ်ဆင်းလောင်းဖို့ အတွက် ကျွန်မ ပြင်ဆင်နေတုန်း လစ်ထွက်လာကြခြင်း ဖြစ်မည်ထင်သည်။
“နင် ...ဒီလောက် တဟွတ်ဟွတ်နဲ့ ချောင်းတွေ ဆိုးပြီး တရားပေးတာတောင် ဝင်မထိုင်နိုင်လောက်အောင် ဖြစ်နေတာကို ဒီမှာလာပြီးတော့ ကြည့်စမ်း၊ ကြည့်စမ်း”
“ဟ... ချောင်းဆိုးနေချိန် တိခနဲ ဖြတ်လိုက်ရင် ပိုဆိုးတတ်တယ်ဟ။ နင်က သိလည်း မသိဘဲနဲ့။ အဲဒါ ငါ့ကိုယ်တွေ့”
အငယ်များကြားမို့ ကျွန်မ ထပ်မပြောတော့ဘဲ မျက်စောင်းခဲ၍သာ လှည့်ထွက်လာခဲ့လိုက်သည်။ ကောင်လေးတချို့ဆီမှ ခစ်ခနဲ ကြားလိုက်ရသေး၏။ သူတို့ ဆရာကြီးအငေါက်ခံလိုက်ရသဖြင့် ကျိတ်ရယ်နေကြပုံရသည်။ သူကတော့ သူ့အလုပ်သူ သိပြီးသားမို့ ကျွန်မကို မြင်ကတည်းက ကျောင်းဝင်းထဲ ပြန်လိုက်ခဲ့ဖို့ရာ ပြင်ပြီးဖြစ်သည်။
“ရဲရဲ... နင် ဒီပုံအတိုင်းဆို သေလိမ့်မယ်နော် ကြပ်ကြပ်သတိထား။ ငါ မပြောလိုက်ချင်ဘူး သိလား”
“အေး... ငါလည်း အဲဒါပြောမလို့”
သည်ကောင် စကားကတ်တော့မည်မှန်း သိလိုက်သည်။
“ငါ... လေ့လာကြည့်ပြီးပြီ။ ဒီ သုံးဆယ့်တစ်ဘုံလုံးမှာ အရက်တို့၊ ဘာတို့က တခြားဘုံတွေမှာလည်း ရနိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဟ။ အေး သုံးဆယ့်တစ်ဘုံလုံးမှာလေ ဒီလူ့ဘုံ တစ်ခုတည်းမှာပဲရနိုင်တဲ့ဟာက ဟာ... ဟေ့ဟေ့ နေဦးလေ”
ကျွန်မကို စိတ်တိုအောင် ပြောနိုင်သည့် နေရာမှာတော့ သူ့အပြင် နှစ်ယောက် မရှိ။ ကျွန်မ လှည့်မကြည့်စတမ်း ခပ်သွက်သွက် လှမ်းခဲ့လိုက်တော့သည်။ သူ ကျွန်မကို မမီဘဲ ကျောင်းမုခ်ဝမှာတွင် ကျန်နေရစ်ခဲ့၏။ သိမ်ဆင်းလောင်းပြီးပြီမို့ ပြန်ကြတော့မည့် ဧည့်သည်များက ကျွန်မကို လာနှုတ်ဆက်ကြ၊ သူတို့အိမ်များကိုလည်း ရောက်အောင် ဝင်လည်သွားဖို့ ဖိတ်ကြနှင့် သူ ခပ်ကြောင်ကြောင် ပြောလာဦးမည့် စကားလုံးများရန်မှ ကျွန်မ လွတ်သွားခဲ့သည်။
ကျွန်မတို့သုံးယောက်လုံး၏ ငယ်ဆရာကြီး ဦးစန်းတင် တို့က မိသားစုလိုက် စုံစုံလင်လင် ရောက်လာပေးသည်မို့ နှုတ်ဆက်စကား ဆိုရုံထက် ပိုကြာသွားရ၏။
ကျောင်းပေါ်ကိုတော့ သူက အရင် ရောက်နှင့်နေပြီး ခန်းနေဦးဇင်းလေးထံမှ သန့်ရှင်းရေးပစ္စည်းများ သိမ်းသည့် အခန်းသော့ကို တောင်းယူကာ ခပ်သုတ်သုတ် ပြန်ဆင်းသွားသည်ကို တွေ့လိုက်ရ၏။ သည်မှာတော့ သူ ဘယ်ကြာကြာနေရဲပါ့မည်လဲ။ အထဲမှာ ဆရာတော်ကြီးနှင့် ဦးဝိမလတို့ နှစ်ပါး စကားကောင်းနေကြသည်ကိုး။ ပုံမှန်ဆို သည်လို စကားဝိုင်းကို သူ ရှောင်စရာ အကြောင်း မရှိသော်လည်း ကျွန်မ ရှိနေ၍ ဆင်းပြေးသွားခြင်းဖြစ်သည်။ ဦးဝိမလကို သူ့အကြောင်း တိုင်တော လျှောက်ထားမှာ သေချာနေပြီမှန်း သူ သိနေသည်လေ။
“အေး ... ဒကာမလေး ငြိမ်းငြိမ်းလှိုင်လည်းပဲ ခွင့်ရတုန်းလေးမှာ ရိပ်သာဝင်သွားစေချင်တာကွဲ့”
“ရိပ်သာကတော့ အရင်နှစ်တွေကလို သင်္ကြန်ပိတ်ရက်ရှည်ရတော့မှပဲ စိတ်အေးလက်အေး ဝင်ပါရစေဘုရား။ အခုကတော့ ဘုန်းဘုန်းရဲ့ ဝိဇာတမွေးနေ့မှာ ကံထပ်ချင် တပည့်တော် လိုတဲ့ ဆန္ဒနဲ့ ခွင့်တွေ၊ ဘာတွေ ကြိုမယူဘဲ စီစဉ်လိုက်ရတာမို့ပါ။ ဦးဇင်းဦးဝိမလ ကတော့ ကိုယ်ပိုင်လုပ်ငန်းဆိုတော့ မဟုတ်ဘူးပေါ့။ တပည့်တော်မှာတော့ ကိုယ့် ကိုယ်ကိုယ် မပိုင်ဘူးဖြစ်နေတယ် ဘုရား”
“အေးလေ ... ကိုယ့်ကိုယ်တော့ ဘယ်သူမှ မပိုင်ကြပါဘူး။ အားလုံးက ကိုယ့်ဝန် ကိုယ်ထမ်းနေရတဲ့ ဝန်ထမ်းတွေချည်းပါပဲ”
ကျောင်းမှ အပြန် မြို့ထဲ ဖြတ်ရင်း မဖြစ်မနေ နှုတ်ဆက်ရမည့် အိမ်တချို့ဆီ ကျွန်မ ဝင်ဖြစ်ခဲ့သည်။ သူကတော့ အနောက် ကျောင်းကြီးက ဆရာတော်နှင့် လိုက်သွား သလိုလို၊ လူငယ်အဖွဲ့နှင့် ပါသွားသလိုလို၊ သေချာသည်ကတော့ ကျွန်မကို ရှောင်နေသည်ပဲ ဖြစ်ပါလိမ့်မည်။
ကျွန်မကိုတောင် ရှောင်နေမှတော့ ကျွန်မ ပြန်သွားသည့် နောက်တွင်လည်း ဝေယံ တစ်ဖြစ်လဲ ဦးဝိမလ ရှိရာကျောင်း တိုက်ဆီ သူ ခြေဦးလှည့်လိမ့်မည် မထင်။ ဦးဇင်းကလည်း အချိန်ဇယားနှင့် တရား အလုပ်များ ကြားမှ သူ့ဆီ တကူးတက ကြွနိုင်မည် မဟုတ်။
••••• ••••• •••••
၃
“ငါ့ညီမရေ- ညည်းကိုတော့ မပြောပါနဲ့တဲ့။ ဒါပေမဲ့ ရဲရင့်စိတ်ဆိုးမှာထက် ညည်း စိတ်ဆိုးမှာကို ငါက ပိုကြောက်တော့ ပြောလိုက်ပြီအေဟဲ့။ ဒီရောက်လာရင်သာ ဆရာတော်နဲ့ ဦးဇင်းအတွက် တစ်ခုခု လှူရင်း လမ်းကြုံလို့ ဝင်လာသလိုမျိုး ပြောပေးပေါ့”
သူ့ကို နှုတ်မဆက်လိုက်ရဘဲ ပြန်လာခဲ့ရသည့်အတွက် ကျွန်မ စိတ်ထင့်နေခဲ့သည်။ ထင်သည့်အတိုင်းပင် ကျွန်မ ပြန် ရောက်ပြီး တစ်ပတ်ကျော်ကျော်တွင် သတင်းဆိုးက ရောက်လာ၏။
“ဟုတ်ကဲ့ပါ မမရီ။ ဒါနဲ့ သူ့အခြေအနေက တော်တော်စိုးရိမ်ရလား။ မမရီ နားချလို့ မရရင် ဦးဇင်းကို သွားလျှောက်ပြီး ဆေးရုံရအောင် တက်ခိုင်းလေ။ မမရီရဲ့မောင်က သူ့သူငယ်ချင်းစကားတော့ နည်းနည်း နားထောင်တတ်တယ်”
ဖုန်းပြောရင်းတစ်ဖက် ဖိုင်တွဲများကို အံဆွဲထဲ ထည့်လိုက်သည်။ မျက်လုံးကလည်း ညွှန်မှူး၏ ရုံးခန်းဘက်ကို တစ်ခါတည်း လှမ်းအကဲခတ်ထားလိုက်၏။ ဧည့်သည်တော့ မရှိ။ အစ်မကြီးလည်း ဖုန်းပြောနေ သေးသည်မို့ ဝင်တွေ့လို့ မရနိုင်သေးသည့် အတူတူ မမရီကို မေးခွန်းများ ဆက်တိုက် မေးမြန်းနေမိသည်။
“အေး .. အေး ညည်းလည်း သိပ်ပြီး စိတ်ပူမနေနဲ့။ အခုက ရုံးမှာ မဟုတ်လား။ ကားလည်း ဖြည်းဖြည်း မောင်းဦး။ ခရီးက မဝေးပေမယ့် အနည်းဆုံး နေ့ဝက်လောက်တော့ မောင်းရတာပဲ။ ဖြစ်နိုင်ရင် ကိုယ်တိုင် မောင်းမလာနဲ့အေ။ ကြားလား။ အရင် တစ်ခေါက် ပြန်သွားတုန်းကဆို ငါ့မယ် ညည်းပြန်ရောက်ပါပြီဆို ဖုန်းဆက်မှ စိတ်တုံးတုံးချနိုင်တော့တယ် မိငြိမ်းရယ်”
“ကျွန်မကို မပူပါနဲ့ မမရီရယ်။ ဒီလမ်း ဒီခရီး သွားလာနေကျပါ”
အစ်မကြီးကို လှမ်းကြည့်တော့ သူကလည်း ဂနာမငြိမ်ဖြစ်နေသည့် ကျွန်မကို အကဲခတ်သလို ပြန်ကြည့်နေလေသည်။ မျက်နှာချိုသွေးဖို့ပင် ဟန်လုပ်ပြီး ပြုံးမပြနိုင်ခဲ့ပါ။ ပြောရမှာတော့ ခက်လှ၏။ သူက ဆွေမရှိ၊ မျိုးမရှိ တစ်ကောင်ကြွက်လည်း မဟုတ်။ ငယ်သူငယ်ချင်း ဆိုရုံနှင့်လည်း ခွင့်ယူရမှာ မျက်နှာပူသည်။ အချိန်မီ မသွားနိုင်လျှင်လည်း အရင်တစ်ခါလို ဆေးရုံ အရောက် နောက်ကျနေဦးမည်။ သည်ကောင့် အတွက်နှင့်တော့ ခက်လှပါသည်။
သူ့အစ်မထက် ‘အဝေ’ နှင့် ကျွန်မတို့ စကားကို ပိုနားဝင်တတ်သည့် ငယ်ကျင့်က သူ့ဒုက္ခ သူ ရှာနေသလို ဖြစ်နေပြီလားမသိ။ အမှန်ဆို အရင်တစ်ခေါက် ဆေးရုံဆင်း ကတည်းက သူ့စိတ်သူ နိုင်နိုင်နင်းနင်း ဖြစ်ခဲ့ဖို့ကောင်း၏။
သူ့စိတ်ထက် သူ့ကို ပြဋ္ဌာန်းနေသည်က သူ့ကဗျာများဟု ကျွန်မ ထင်သည်။ ကြေညာချက် တစ်ခုလို သူ့စာကြည့်စားပွဲရှေ့ အုတ်နံရံထက်တွင် ဟိုးကျောင်းသားဘဝ ကတည်းက သူ ကပ်ကပ်ထားတတ်သည့် လက်ရေးဆိုင်းဘုတ်လေးများကိုပင် မြင်ယောင်လာမိရပြန်၏။ သူကတော့ ကြေညာချက်သဖွယ် သုံးသည်။ ကျွန်မကတော့ ဆင်ခြေလို့ပဲ မြင်၏။
“ဖြစ်နိုင်ရင် ကိုယ့်ရာဇဝင်ကိုယ် သက္ကရာဇ်ဖြိုထားလိုက်ချင်တယ်တဲ့လား ရဲရဲရယ်”
“ညည်းကိုယ်တိုင် ကားမောင်းလာမှာ သိနေလို့ သိပ်ပြီး စိတ်မပူရအောင် ငါ ဖော့ပြောခဲ့တာ စိတ်မဆိုးပါနဲ့အေ။ ညည်း အချိန်မီ ရောက်လာလည်း”
ပြောရင်းနှင့် အသံတိမ်ဝင်သွားပြီး တအိအိ ရှိုက်ငိုနေပြန်သည့် မမရီကို ကျွန်မ ဖေးမနှစ်သိမ့်လိုက်ရသည်။ ဦးဇင်း ကတော့ သင်္ကန်းဝတ်နှင့်မို့ စိတ်ကို အတင်းထိန်းချုပ်ထားပုံရသည်။ သူတို့ တစ်တွေကြားမှာ ကျွန်မက စိတ်အမာဆုံးလို ရပ်တည်ပေးနေရသည့် အဖြစ်က ပင်ပန်းကြီးလှပါ၏။
“သေမယ့်သူက သေမှာပါပဲ မိငြိမ်းရယ်။ ဒီကောင် သိပ်မိုက်တယ်။ ငါ့မောင် သိပ်မိုက်တယ်။ ညည်း သူငယ်ချင်း သိပ်မိုက်တယ်အေဟဲ့ သိပ်မိုက်မဲလွန်းတယ်”
မမရီ ငိုသံများကြားမှာ သူ့အသံကိုပါ ကျွန်မ ပြန်ကြားယောင်လိုက်မိပါသည်။
“တစ်သက်လုံး သောက်လို့မှ လေးငါးရက်လောက်ပဲ အသက်ပိုတိုမယ့်ဟာ ငါက ဖြတ်စရာလား။ ပြီးတော့ ငါက တစ်သက်လုံး အပြည့်အဝ သောက်ခဲ့တာမှ မဟုတ်တာကွာ။ အလွန်ဆုံးရှိလှ ပထမနှစ်ဝက်လောက်ကမှ စတာ ဆိုတော့ ဆယ်နှစ်ကျော်ရုံ စွန်းရုံလေးပဲ ရှိသေးတာကို။ အသက်တိုလှ နေ့ဝက်လောက်ပေါ့ကွာ”
“ငြိမ်းငြိမ်းတို့ ရဟန်းခံမှာ လာပိုင်းကူနေတုန်းကလည်း ရဲရင့်ကြည့်ရတာ အားမရဘူး၊ အားမရဘူးလို့တောင် ဆရာတို့ချင်း ပြောနေဖြစ်သေးတာကွာ”
ဆရာကြီးဦးစန်းတင်က တစ်ဖက်ဝိုင်းမှ လှမ်းပြောလာသည်။ ဆရာကြီးတို့ ဝိုင်းကို လက်ဖက်ရည်ဗန်း လာချပေးသည့် ကောင်လေးက ကျွန်မကို ခုမှ မြင်ပုံရ၏။
“ဪ .. အစ်မ ရောက်လာပြီကိုး။ ကျောင်းအပြင်မှာ ကျွန်တော်တို့ စကားဝိုင်းနား အစ်မ ရောက်လာကတည်းက တိုင်မလို့ဗျ။ ကိုရဲက ကျောင်းဝိုင်း အပြင်ဘက် ခိုးထွက်လာတာ မဟုတ်ဘူး။ သူ သလိပ်ခတ်တိုင်း သွေးစတွေပါပါနေလို့ ကျောင်းဝိုင်းထဲ မထွေးရဲလို့ ထင်တာပဲ။ ကျွန်တော်တို့ကိုတောင် မမြင်စေချင်ဘူးဗျ။ အကွယ်မှာ သွားသွား ထွေးပြီး သဲနဲ့ ဖုံးဖုံးနေတာ သတိထားမိတယ်”
ခုတော့ မပုန်းမရှောင်နိုင်တော့ပြီပေါ့။ သူ့ စာကြည့်စားပွဲရှေ့ ကြမ်းပြင်မှာ လာသမျှ လူတိုင်းကို သက်သောင့်သက်သာ အိပ်ပြနေလေသလား။ ဖြူဖပ်ဖြူရော် အသားအရေများက သူချစ်သော ဆောင်းရာသီလို။ ငိုနေသူတွေ ကြားမှာ သူ နားတော့ ညည်းနေရှာမည်ထင့်။
“ဦးဇင်းကို လျှောက်ပါဆိုတာ မမရီ သွားမလျှောက်ဘူးလား”
“သွားပါတယ်အေ။ သူ့အနားက ငါ ပျောက်သွားရင် သူ့သူငယ်ချင်းသွားခေါ်တာမှန်း ရိပ်မိမှာစိုးလို့ကို ကောင်လေးတစ်ယောက် ပြေးခိုင်းလိုက်တာပါ”
စာကြည့်စားပွဲတွင် ထိုင်နေသော ဦးဇင်းက မနေနိုင်တော့သလို ရုတ်တရက် ထထွက်သွားလေသည်။ အိမ်အပြင်ဘက်တွင် ကျွန်မ ရပ်ထားခဲ့သော ကားထဲ ဝင်ထိုင်လိုက်သည်ကို လှမ်းမြင်လိုက်ရ၏။
“ငါ့မောင် ဘဝကူး မကောင်းရှာဘူးအေ ဟဲ့။ ရောဂါက နှိပ်စက်တော့ သူ သူ အသက်ထွက်ခါနီးလေးမှာ ငါ ဘာမှ မပြောပေးလိုက်နိုင်ဘူး။ ပျာယာခတ်နေမိတာနဲ့ပဲ”
မမရီ စကားသံများက တွန့်ခေါက်တုန်ယင်လာပြန်သည်။ မသဲမကွဲနှင့် အဆက်အစပ် မရှိချင်တော့။ သူ့ခြေရင်းမှာ ပြန်ထိုင်ရင်း မမရီကို ဖက်ထားပေးရပြန်သည်။ ကျွန်မကိုယ်တိုင်ကျ ဘယ်အချိန်မှ ငိုရမည် မသိ။
“ဦးဇင်းက ချက်ချင်း မကြွလာဘူးလား။ မမရီ သွားပင့်ခိုင်းတော့”
“အေးလေ... ဦးဇင်းသာဆို စိတ်အေးအေးနဲ့ ပြောသင့်တာလေးတွေ ပြောပြပေးနိုင်မှာပဲနော်။ နောက်ဆုံးအခြေအနေဆိုတာ သိနေမှတော့ ဘဝကူး ကောင်းအောင် နားသွင်းပေးနိုင်ဖို့က အရေးကြီး၊ အင့်...ဟင့်”
“ကျွန်တော်လည်း ဆိုင်ကယ်နဲ့ ချက်ချင်း ပြေးပင့်တာပဲ အစ်မ။ တရားမဖြုတ်သေးတာတောင် ဦးဇင်းက ချက်ချင်း လိုက်လာတာပဲဗျာ”
ကျွန်မတို့ကို ခြေစုံပစ်၍ လဲလျောင်းနေသည့် သူ့ကိုသာ ဝေဝေဝါးဝါး ကြည့်နေလိုက်ရတော့သည်။
“ဪ ... နေ့ဝက်လောက်လေ၊ အသက်ပိုတိုသွားလို့ ဘာမှမဖြစ်ဘူး ထင်နေတုန်းပဲလား ရဲရဲရေ”
ကျွန်မ အကြည့်က နံရံထက်က စာတန်းလေးဆီ ရောက်သည်။ သူ့စာအုပ်များ ကြားတွင် အရင်က ချိတ်ဆွဲခဲ့ဖူးသည့် လက်ရေးဆိုင်းဘုတ်အဟောင်းလေးများကို တွေ့ရ၏။ သူ ညာခဲ့စဉ် တစ်ချိန်က ရေးခဲ့ဖူးသည့် စာတန်းလေးလည်း အဲသည် အဟောင်းအမြင်းများကြားမှာ ရှိနေပါလိမ့်မည်။ ကျွန်မကတော့ ခွင့်လွှတ်ခဲ့ဖူးပါ၏။ သူ့ကိုယ်သူ ခွင့်လွှတ်ဖြစ်ခဲ့သလားတော့ ကျွန်မလည်း တိတိပပ မသိတတ်နိုင်ပြီလေ။
“တကယ်လို့သာလေ နင်တစ်လိပ်တည်း လျှော့သောက်ဖြစ်ခဲ့ရုံနဲ့ သတိပေးတဲ့ စကားလေး တစ်ခွန်းတလေလောက်ပဲဖြစ်ဖြစ် နင် ကြားခွင့်ရချင်ရခဲ့နိုင်တာဟ ရဲရဲရ။ အဲဒီတစ်ခွန်းက နင့်ကို ဘဝကူးပိုကောင်းစေမလား ငါ မသိပေမယ့် ငါရော ကျန်ရစ်သူတွေ အားလုံးရော ဘဝင်လေး ကျပြီး နည်းနည်းတော့ စိတ်သက်သာရာရစေမှာတော့ သေချာပါတယ်ဟာ။ ဒါပေမဲ့ ခုတော့...ခုတော့”
▢ လုလင်လက်ျာ
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၈
No comments:
Post a Comment