Friday, September 18, 2026

ကမ်းလွန် မြစ်တစ်စင်း


❝ ကမ်းလွန် မြစ်တစ်စင်း ❞ 
▢ ချစ်သက်နွယ် ၊ လားရှိုး ၊

တည်ငြိမ်နေတဲ့ မနက်ခင်းတွေမှာ အပြင်အဆင်ကင်းတဲ့ ရင့်ကျက်စ မျက်နှာတစ်ခု ဆွေးမြေ့ ရီဝေလျှက်။ နွေကို ကျော်ပြီး မိုးတွေ လွန်ဖူးခဲ့တဲ့ ဆောင်းအသစ်တွေမှာလည်း နှင်းတွေနဲ့အတူ တအိအိ ပြို ငိုခဲ့ဖူးတယ်။ ဆံနွယ်ရှည်တွေ လေမှာလူးလွန့်ရင်း အသိစိတ် ကင်းမဲ့နေသလို အဝေးကို ငေးကြည့်ပြီး သူ တစ်ကိုယ်တည်း ပြုံးနေတတ်တဲ့ တခါတရံကျတော့ မျက်ရည်တွေ အလိုလိုကျပြီး နာမ်စားတစ်ခုကို တိုးတိတ်စွာ တမ်းတခေါ်နေတတ်ပြန်ရဲ့။ သူက စိန်ပန်းပြာပင် ရှိတဲ့ အဲ့ဒီ နေရာလေးမှာ ထိုင် ငိုင်နေတတ်တယ်။ ထိုင်ခုံ တန်းလျားလေးတောင် အိုမင်းယိုင်နဲ့ လာခဲ့တဲ့ ဒီလို အချိန်ဆို တစ်ရက်မပျက် လာထိုင်နေတတ်တာ သူ့ရဲ့ ဝတ္တရား တစ်ခုများလား။ ဆွေးဆွေးမြည့်မြည့် ကြွေကျနေတဲ့ စိန်ပန်းတွေကို သူ တယုတယ ကောက်တယ်။ ပြီးတော့ ခုံတန်းလျားလေး ပေါ်မှာ နာမ်စားတစ်ခုကို ပန်းကြွေတွေနဲ့ ပုံဖော်ရေးတယ်။ ဒါ သူ့ရဲ့ နိစ္စဓူဝ လုပ်နေကျ အလုပ်တစ်ခုပါ။ အဲ့ဒီ ခုံတန်းလျားလေးပေါ်မှာ အတိတ်တွေ အစီအရီ ချခင်းကြည့်လိုက်တာ ပြက္ခဒိန်တွေတောင် အိုမင်းရင့်ရော် ကုန်ပြီပဲလေ။

နုနယ်ပျိုမျှစ်ခြင်းဆိုတာ လောကကြီးဆီက အခိုက်အတန် ရတဲ့ လက်ဆောင် တစ်ခုပါ။ အဲဒီထဲမှာ မျက်ဝန်းတောက်တောက်လေးရယ်၊ နှုတ်ခမ်းဖူးဖူးလေးရယ်၊ ဘယ်ဘက်ပါးလယ်က မှဲ့ လေးတစ်လုံးရယ်၊ ပြုံးလိုက်တိုင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်ကလေးကတော့ လောကကြီးရဲ့ ဒုတိယ လက်ဆောင်။ သိပ်လှတာပဲလို့ ပြောတိုင်း ဘဝင်လေးချီချီ သွားတတ်တဲ့ သူ့ခန္ဓာကိုယ်ကောက်ကြောင်းတွေဟာ တက္ကသိုလ်နယ်မြေ ကြီးရဲ့ ပူရိသတွေ အတွက် အကြွေဆုံး ကဗျာတစ်ပုဒ်လိုပါပဲ။ သူ့နာမည်က ခေတ်သစ်ပျို၊ တက္ကသိုလ်နယ်မြေကြီးရဲ့ အလှ နတ်မိမယ်တစ်ပါး။

••••• ••••• •••••

ဒီနေ့ဟာ နေနန္ဒ အတွက် မြန်မာ့မြေပေါ် ပြန်ချေချမိခြင်းရဲ့ ဒုတိယ မြောက်နေ့။ နေနန္ဒ တစ်ယောက် ရေခြားမြေခြားကို ထွက်သွားခဲ့တာ ဆယ်စုနှစ် တစ်ခုကို အတော် ကျော်လွန်ခဲ့ပြီ။ ဒီမြေကို ခြေချဖို့ အင်အားတွေ ပြန်လည်မွေးဖွားရတာဟာ ဝဋ်တစ်ခုကို ထမ်းထားရသလို လေးလံ လွန်းခဲ့တာ။ အတိတ်ကို ဖွင့်မဖတ်ဖို့ အကြိမ်ကြိမ်နင်းသိပ်ခဲ့ရတဲ့ သူ့ရင်ဘတ်မှာလည်း ဒဏ်ရာတွေ အနာကျက်ရောပေါ့။ ခုချိန်မှာ ပြန်တွေးမိတဲ့ အတိတ်ရဲ့ ပုံရိပ်ဟာ နာကျင်သံတွေ ရှိတဲ့ အပြုံးတစ်ခုရယ်ပါ။ အချစ်ဦး ဆိုတဲ့ နတ်ဘုရားမကို ရင်တွင်းပြတိုက်မှာ လှိုက်လှိုက်လှဲလှဲ ကိုးကွယ် ထားခဲ့တာ။ ပန်းတစ်ပွင့်ကို အလှကြည့်တဲ့ သူလိုပဲ မထိရက်၊ မနမ်းရက်နဲ့ တန်ဖိုးသိပ်ထားခဲ့တာ။ ဒါတွေအားလုံးဟာ နတ်ဘုရားမရဲ့ ဘိသိက်မင်္ဂလာပွဲအတွက် နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ထွက်ခဲ့တဲ့ ယစ်ပူဇော်ခြင်းတွေအလား။ ပြန်တွေးတိုင်း အောင့်တက်လာတဲ့ ရင်ဘတ်ကတောင် ခုဆိုလှောင်ပြုံး ပြုံးတတ်နေပြီ။ နောက်ဆုံးတော့ အချစ်ဆိုတာ ဘဝတစ်ခုလုံးရဲ့ သတ်ပုံလွှဲ ဖတ်မိတဲ့ ကျမ်းစာတစ်ခုလိုပဲ နာကျင်ခါးသက်တဲ့ စာမျက်နှာချည်းပါပဲ။ ခုတော့ အဲဒီ ရင်ဘတ်မှာ အမာရွတ်တစ်ခုက လွဲပြီး ဘာခံစားမှုမှ ရှိမနေတော့ပါ။

အတိတ်ကို ပြန်တွေးရင်း သူ ခပ်ထေ့ထေ့ ပြုံးပစ်လိုက်တယ်။ ရေချိုးပြီးစ နှာဖူးပေါ် ဝဲကျနေတဲ့ ဆံပင် ခွေလိပ်လိပ်တွေထဲမှာ ငွေချည်ရောင် ဇရာတွေက ကြိုးတို့ကြဲတဲ။ ဆင်းရဲခြင်းတွေ ခဝါချဖို့ သက္ကရာဇ်တွေ သူ အံတုနိုင်ခဲ့ပေမယ့် မျက်နှာပေါ်က ရင့်ရော်မှုတွေကိုတော့ သူ မလွန်ဆန် နိုင်လဲ့ဘူးလေ။ သူက ယောက်ျားပီသတဲ့ အဲဒီမျက်နှာကို မပြုပြင်ဘဲ ပစ်ပယ်ထားခဲ့တာ ကြာပေါ့။ ခုတော့ ဘာရယ်မဟုတ် ခရင်မ်တစ်ခုကို ပွတ်လိမ်းရင်း တီရှပ်ခဲပြာရောင်နဲ့ ဂျင်းပင်တစ်ထည် ကောက်ဝတ်လိုက် တယ်။

ဒီနေ့ သူ သွားမယ့်နေရာက တစ်ဦးတည်းသော ဆွေမျိုးဖြစ်တဲ့ ဦးလေးတစ်ယောက် ဆီကိုပါ။ ကားကို ဖြည်းဖြည်းမောင်းနှင်ရင်း တက္ကသိုလ်ရိပ်သာလမ်းဘက် ချိုးကွေ့ဝင်လာလိုက်တယ်။ လမ်းဘေး မီနီမတ်ရှေ့မှာ ကားရပ်ရင်း ဦးလေး ကြိုက်တတ်တဲ့ ဘလက်လေဘယ်နဲ့ စားစရာ တစ်ချို့ ဝယ်ဖို့ ဝင်လာလိုက်တယ်။ လိုအပ်တာတွေ ရွေးပြီး ကောင်တာမှာ ငွေရှင်းဖို့ လှမ်းလာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက အံ့အားသင့် စရာ။ မီနီမတ်ရဲ့ ဝန်ထမ်းတစ်ချို့ ကြားထဲမှာ နောက်ကျောပဲ မြင်နေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခပ်စွာစွာ ရန်တွေ့သံလေးကို ကြားမိတယ်။

“ ဒီမှာလေ ကတ်ဈေးက ဒီလောက်ရေးထားတယ်၊ ဒစ်စကောင့် ရှိတယ်ပြောပြီး တကယ်တမ်း ငွေရှင်းတော့ ကတ်ဈေးအတိုင်းပဲ ပေးရတာပဲ လား။ ဘာလဲ ရှင်တို့က ဈေးဝယ်သူတွေကို ရိုက်စား လုပ်နေတာလား”

“ဟာ ... မဟုတ်ရပါဘူး ညီမရယ်။ ဒစ်ဒကောင့် ဆိုတာက သူ့လစ်မစ်ကို ပြည့်အောင်ဝယ်မှ ဈေးလျှော့ပေးတာမျိုးပါ၊ ခုဟာက”

“ဟာ ... ဒါဆိုရင် အဲဒီ အလှကုန် ကောင်တာက ဘာလို့ (၂၀) ရာခိုင်နှုန်း ဒစ်စကောင့်ရှိတယ် ပြောလဲ၊ မပြောနဲ့လေ”

ခပ်စွာစွာလေး ရန်တွေ့နေတဲ့ သူ့မျက်နှာလေးကို နေနန္ဒ မြင်ချင်လာတယ်။ ကလေးတစ်ယောက်လို အရှက်သိက္ခာကို မငဲ့ဘဲ ဖြစ်ချင်တာကို ဦးတိုက်ငြင်းနေပုံလေးကို သဘောကျမိလေရဲ့။ နောက်ကျောဘက်ကနေ သူ့မျက်နှာမူရာဘက်ကို လျှောက်သွားပြီး မသိမသာ လှမ်းကြည့်လိုက်တယ်။

“ဟာ ...”

ဟာ ကနဲ ဖြစ်သွားတဲ့ ရင်ဘတ်ကို လက်နှင့်ဖိရင်း ပစ္စည်းခြင်းကို နေနန္ဒ ဆုပ်ကိုင်ထားမိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သူ မက်မောခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သိပ်တူတာပဲ။ ကလေးဆန်နေတဲ့ ဆံပင်ကုတ်ဝဲလေးက လွဲလို့ မျက်နှာပေါက်နဲ့ အသားအရည် ကိုယ်လုံး ကိုယ်ထည်ဟာ သူ့ချစ်ဦးသူ သိမ့်သိမ့်သူ နဲ့ ချွတ်စွပ်ကို တူလွန်းနေတယ်။ အဲဒီ အုပ်စုထဲကို နေနန္ဒ တိုးဝင်လိုက်ပြီး ပစ္စည်းခြင်းကို ကောင်တာပေါ်တင် လိုက်တယ်။ ပြီးတော့ ကောင်တာကစာရေးမကို ငွေထုတ်ပေးရင်း စကား လှမ်းပြောလိုက်တယ်။

“သူ ယူတဲ့ ပစ္စည်းဘယ်လောက်မို့လဲ၊ သူ ငွေမလောက်လို့ ပြဿနာ ရှာနေတာ ထင်တယ်။ သူ့ပစ္စည်းဖိုးကို ကိုယ်ပေးပါ့မယ်။ သူ့ကို ပစ္စည်းပဲ သွားပေးလိုက်တော့ ..”

စာရေးမက “ဟုတ်” ဟုဆိုကာ နားမလည်သလို ကြည့်ရင်း မိန်းကလေးကို ပစ္စည်းသွားပေးလိုက်တယ်။

“ညီမရေ ဒီပစ္စည်းကို ဒီတိုင်း ယူသွားလိုက်ပါ။ ပိုက်ဆံရှင်းစရာ မလိုတော့ဘူး”

“ဘာ... ဒီတိုင်း ယူသွားရအောင် ကျွန်မက အလှူလာခံနေတယ် ထင်နေလား။ တော်ပြီ ... ယူလဲ မယူတော့ဘူး၊ ဝယ်လည်း မဝယ်တော့ဘူး။ နောက် ဒီထဲကို လုံးဝ ဝင်မလာတော့ဘူး”

ဘုဆတ်ဆတ်ပြောပြီး လှည့်ထွက်သွားတဲ့သူ့ကို နေနန္ဒ ငေးကြည့်နေမိတယ်။ ပြီးတော့ ဘာကို သဘောကျမှန်း မသိအောင် ပြုံးရယ်နေမိတယ်။

“ကဲ .. အဲ့ ပစ္စည်းပါ ထည့်လိုက်တော့၊ ကိုယ်ဝယ်သွားလိုက်တော့မယ်”

“ဟုတ် .. ဟုတ်ကဲ့ရှင့်”

နေနန္ဒ ဦးလေးဖြစ်သူ အိမ်မှာ နေစောင်းတဲ့ အထိ နေလိုက်တယ်။ ဦးလေးနဲ့ စကားစမြည် ပြောနေတုန်းတောင် မီနီမတ်က စွာတေးမလေးကို သတိရပြီး ပြုံးမိနေသေးရဲ့။ ဘာရယ်ကြောင့်မှန်း မသိ သူ့ပုံရိပ်နဲ့ သူ့အသံလေးတွေဟာ နေနန္ဒ အာရုံထဲမှာ တရိပ်ရိပ် ပြေးနေတော့တယ်။ နေဝင်ရိုးရီချိန်မှ အိမ်ပြန်လာခဲ့တယ်။

••••• ••••• •••••

မိုးလေးတဖွဲဖွဲနဲ့ မိန်းလမ်းမပေါ် လူရှုပ်နေပြီ။ ဟိုဟိုဒီဒီ ကြည့်နေရင်းက လမ်းဘေးတစ်နေရာမှာ အုံခဲနေတဲ့ လူစုကြီးကို တွေ့တယ်။ နေနန္ဒ ကားကို ဘေးရပ်ခဲ့ပြီး လူအုပ်ကြားကို ဝင်ကြည့်မိတော့ လမ်းပေါ်မှာ လဲကျနေတဲ့ သူ။ နေ့စဉ် ရက်ဆက် လိုက်ရှာမိတုန်းက မတွေ့ခဲ့တဲ့သူ။ ပြန်တွေ့တော့ မိုးရေထဲမှာ ဒဏ်ရာတွေနဲ့။ အပျော်စိတ်ထက် စိုးရိမ်စိတ်က ငယ်ထိပ် တက်ဆောင့်သလို ပူကနဲ။

“ ဘာဖြစ်တာလဲ..၊ ကားတိုက်မိတာလား”

နေနန္ဒ ဘေးကလူတွေကို မေးစမ်းကြည့်တော့ အသက်ကြီးကြီး မိန်းမတစ်ယောက်က သူ သိသလောက်ပြောပြတယ်။

“ကားမဟုတ်ဘူး။ ဆိုင်ကယ်တိုက်မိတာ။ တိုက်သွားတဲ့ လူက ပထမ ဒီမိန်းကလေးနဲ့ စကားရပ်ပြောနေသေးတယ်။ ပြီးတော့ သူထွက်သွားတယ်။ ပြီးတော့မှ ပြန်လှည့်လာပြီး ပွတ်တိုက်သွားတာ ...”

“ဟင် ....”

နေနန္ဒ ဘာမှမတွေးတော့ဘဲ သူ့ကို ချီပြီး ကားဆီပွေ့ခေါ် လာလိုက်တယ်။ နာကျင်မှုကြောင့် ရှုံ့မဲ့နေတဲ့ သူ့မျက်နှာလေးပေါ် မျက်ရည်တွေနဲ့ တရှိုက်ရှိုက်။

“ကဲ အမိ၊ ငိုနေလို့ မပြီးဘူး။ ဆေးခန်းသွားရမယ်။ အဲဒီဆိုင်ကယ် နဲ့ တိုက်သွားတဲ့လူကို သိလား။ အရေးယူချင် ယူလို့ ရအောင် ..”

နေနန္ဒ စကားအဆုံး ငြိမ်နေတဲ့ သူ့အသံလေးက စွာကနဲ ညံလာလေရဲ့။

“သိသိ မသိသိ ရှင့်အပူလားလို့၊ ရှင်ကရော ကျွန်မနဲ့ မသိဘဲ ဘာလို့ ကားပေါ် တင်ခေါ်လာရတာလဲ။ ဆေးခန်း သွားရမယ်လို့ ဘာလို့ ဆရာကြီး လုပ်နေတာလဲ”

နေနန္ဒ ပြုံးပြီလေ။ သူတမ်းတနေတဲ့ အသံလေး ....။

သူ မြင်တွေ့ချင်နေမိခဲ့တဲ့ ပုံရိပ်ကလေး။ ဆေးခန်းတစ်ခုရှေ့ ကားရပ်ပြီး သူ့ကို ပွေ့ချီဖို့လုပ်တော့ တစ်ခါ ထပ်ပြီးရန်တွေ့ ပြန်တယ်။

“ကျွန်မ လမ်းလျှောက်နိုင်တယ်။ ဘာလို့ ချီချင် ပွေ့ချင်နေရတာလဲ။ ဖယ်”

ပြောပြောဆိုဆို နေနန္ဒ လက်တွေကို ဖယ်ထုတ်ပြီး ကားပေါ်ကနေ စိတ်လိုက်မာန်ပါ ဆင်းကာ ဆေးခန်းထဲ ဝင်သွားတော့တယ်။

“ဟောဗျာ ...”

နေနန္ဒ စိတ်လွတ်ကိုယ်လွတ် သဘောကျစွာ ရယ်မောပစ် လိုက်တယ်။ ပြီးတော့ ဆေးခန်းထဲ ဝင်ပြီး သူ့ကို စောင့်ပေးမိတယ်။ အတန်ကြာတော့ သူ စမ်းသပ်ခန်းထဲက ပြန်ထွက်လာပြီး ဆေးကောင်တာမှာ ဆေးစောင့်ယူတယ်။ ကျောပိုးအိတ်လေးထဲကနေ ဆေးဖိုးတစ်ချို့ ထုတ်ပေးပြီး ဆေးခန်းအပြင် ထွက်သွားတယ်။ အဲဒီအချိန်အထိ နေနန္ဒ ကို ရှိတယ်လို့ အောက်မေ့ပုံ မပေါ်။ ခြေထောက်ထော့နင်းထော့နင်း ထွက်သွားတဲ့ သူ့နောက်ကို နေနန္ဒ အပြေးလိုက်ရင်း စကားလှမ်းပြောလိုက်တယ်။

“အမိ ကျုပ် လိုက်ပို့ပေးပါ့မယ်။ ခြေထောက်က လမ်းလျှောက်ရင် ပိုနာ လာမှာပေါ့”

နေနန္ဒကို သူ လှည့်ကြည့်တယ်။ အဲဒီ အကြည့်လေးဟာ တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံစာပဲ ဖြစ်ချင်ဖြစ်မယ်။ ရုတ်တရက် လှုပ်ခတ်သွားတဲ့ ရင်ခုန်သံကို ခေတ်သစ်ပျို အံ့သြနေမိတယ်။ တွဲခဲ့ဖူးသမျှ ပူရိသတွေထဲမှာ သူ့ကို ရင်ခုန်စေတဲ့ နေနန္ဒကို အမှတ်မထင် ငေးနေမိသေးတယ်။ ခေတ်သစ်ပျိုရဲ့ ရွှန်းလဲ့လဲ့ မျက်လုံးတွေက နေနန္ဒ ရဲ့ နှလုံးသား အလယ်ဗဟိုဆီကို မြှားတစ်စင်း ပစ်ခွင်းသလို မူးမိုက်ရစ်ဝေသွားစေရဲ့။ ခေတ်သစ်ပျို ခြေလှမ်းတွေကို ရပ်ပစ်လိုက်ပြီး ကားရပ်ထားရာဆီ လှည့်ပြန် လျှောက်လာတယ်။ ပြီးတော့ ကားထဲ ဝင်ထိုင်လိုက်ပြီး သူ ငြိမ်နေပြန်တယ်။

“ကလေးလေး”

နေနန္ဒ မခေါ်ရဲ ခေါ်ရဲနဲ့ တိုးတိုးလေး ခေါ်ကြည့်မိတယ်။ သူ ငြိမ်နေတုန်းပဲ။ နေနန္ဒ ထပ်ခေါ်ကြည့်တယ်။

“ကလေးလေး”

“ရှင် ကျွန်မကို ကလေးလို့ မခေါ်နဲ့။ ကျွန်မအသက် နှစ်ဆယ်တောင် ပြည့်တော့မယ်။ ကလေး မဟုတ်တော့ဘူး”

“ကိုယ်မှ မင်းနာမည် မသိတာ။ ပြီးတော့ မင်းအသက်အရွယ်နဲ့ ကိုယ့်အသက်အရွယ်နဲ့ ယှဉ်ရင် တစ်ဝက်မက ကွာတယ် ကလေးရဲ့”

သူ အံ့အားသင့်သလို လှည့်ကြည့်လာတယ်။ ပြီးတော့ မဲ့ပြုံးလေး တစ်ချက် ပြုံးပြီး လေသံအေးအေးနဲ့ စကားဆိုတယ်။

“ကျွန်မနာမည် ခေတ်သစ်ချို ပါ။ သင်္ချာ ဒုတိယနှစ်။ နယ်ကနေ ကျောင်းလာတတ်တာပါ”

သူ ပြောသမျှကို ပြုံးကြည့်နေမိရင်း နေနန္ဒ ကားတူးဘောက်စ် ထဲကနေ ပစ္စည်းတစ်ခု ထုတ်လိုက်တယ်။ ပြီးတော့ ခေတ်သစ်ပျိုကို လှမ်း ပေးလိုက်တယ်။ အဲဒီ ပစ္စည်းလေးကို ကြည့်ပြီး ခေတ်သစ်ပျိုက တအံ့တသြ စကားဆိုတယ်။

“ဒါ ... ဒါ ကျွန်မ လိုချင်နေတဲ့ မိတ်ကပ်လေးပဲ။ ဟိုတစ်နေ့က မီနီမတ်မှာ ဈေးမတည့်လို့ ထားခဲ့ရတာ”

“ဟုတ်တယ်လေ၊ အဲ့ဒီနေ့က ကိုယ် အဲဒီနားမှာ တစ်ချိန်လုံး ကလေးလေးကို ရပ်ကြည့်နေခဲ့တာ”

“ရှင် ..”

ရှက်သွေးလေး ဖြတ်ပြေးသွားတဲ့ သူ့မျက်နှာလေးဟာ လေညှင်းရဲ့ ခိုးယူပေါင်းသင်းမှုကို ခံရတဲ့ ပန်းတစ်ပွင့်လို ပန်းရောင်ရိပ်လေး တဖျက်ဖျက်လက်လို့ ..။ သူ့ ကိုယ်သင်းနံ့ကလေးကို ရမိတဲ့ အခိုက်အတန့် ဟာ ကမ္ဘာဦး ဂီတ တစ်ပုဒ်လို ရင်ခုန်လှိုက်မောဖွယ် ကောင်းလွန်းရဲ့။ သူ့မျက်နှာလေးကို မြင်တွေ့ခွင့် ရနေတာဟာ နိဗ္ဗာန်တံခါးဝကို မှားရောက်မိတဲ့ ငရဲသားတစ်ယောက်လို တခမ်းတနား ပြည့်စုံလွန်းနေလေရဲ့။

••••• ••••• •••••

ဆောင်းရာသီရဲ့ တစ်ဝက်အကျိုးမှာ သူ့ကို ချစ်တဲ့ အကြောင်းတွေ ဖွင့်ပြောမိတယ်။ သာယာငြိမ့်ငြောင်းလွန်းတဲ့ အချစ်မြစ်ထဲမှာ သံယောဇဉ်လေးတွေ တသွင်သွင် စီးလို့။ နေနန္ဒရဲ့ ချစ်စကားတွေ အဆုံး သူက ရှက်ရွံ့သလို ခေါင်းကလေးငုံ့ကာ တိုးတိုးလေး စကားဆိုလာတယ်။

“ကလေးလေးကလည်း ဟောဒီလူကြီးကို ချစ်နေပါပြီ”

ဘယ်လောက်တောင် ရင်ခုန်စေတဲ့ ချစ်စကားမျိုးလေးလဲ။ နွေ ခေါင်ခေါင်မှာ ရွာမိတဲ့ မိုးဟာ ရာသီလွန်ဆိုပေမယ့် နေနန္ဒ ရင်တစ်ခုလုံး အပျော်တွေ အေချမ်းစွတ်စိုနေလိုက်တာများ ကိုယ့်ရင်ခုန်သံတောင် ကိုယ် ပြန်ကြားနေမိရဲ့။ လှတယ် ဆိုတာထက် ပိုလွန်းတဲ့ သူ့ရုပ်နာမ် နှစ်ပါးရဲ့ ဖြစ်တည်မှုတွေကို နေနန္ဒ တစိမ့်စိမ့် ကြည့်ရင်း မထိရက် မကိုင်ရက်အောင် ချစ်မိပါပေါ့လား။

သူ့ရဲ့ လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးခွင့်ရတာကိုပဲ လောကကြီးကို ကျေးဇူးတင်မိရဲ့။ နေကောင်းကျန်းမာပါစေ ဆိုတဲ့ မေတ္တာတရားကို အခါခါ ရေရွတ်ရင်း ဒီသံသရာကို ဝဋ်တစ်ခုလို ဆွဲဆန့်ကြည့်မိတယ်။ သမုဒယဟာ သိပ်ပူတာပဲလို့ ဘယ်တော့မှ ငြင်းနေမိမှာ မဟုတ်။

••••• ••••• •••••

ချစ်သူသက်တမ်း ခြောက်လမြောက်မှာ ခေတ်သစ်ပျို သိပ်လိုချင်နေတဲ့ Iphone 6 ဆိုတာကို နေနန္ဒ ဝယ်ပေးခဲ့တယ်။ ဒါဟာ လက်ဆောင်တွေထဲက လက်ဆောင် တစ်ခုပါ။ သူ လိုအပ်တာတွေကို နည်းနည်းလေး ညည်းတွား လိုက်တာနဲ့ နေနန္ဒက ဝယ်လာပေးပြီးသား။ ခုလည်း ခေတ်သစ်ပျို တစ်ယောက် ဖုန်းလေးကို ဖင်ပြန်ခေါင်းပြန် လှည့်ပတ် နေရင်း ကလေးတစ်ယောက်လို ပျော်ရွှင် ရယ်ပြုံးနေတော့တယ်။ ခဏကြာတော့ ခေတ်သစ်ပျို ကားနောက်ခန်းဘက် ကူးပြောင်း ထိုင်လိုက်ပြီး ကိုပါ လာထိုင်ဖို့ခေါ်တယ်။ နေနန္ဒ သူ့ဘေးနားမှာ ခပ်ခွာခွာလေး ဝင်ထိုင်တော့ သူက အတိုးလျဆုံး ခေါ်သံနဲ့အတူ အနားကပ်လာတယ်။

“ကိုကို”

အတိုးလျဆုံး ခေါ်သံနဲ့ အတူ နေနန္ဒ ရင်ဘတ်ဆီကို သူ့ လက်ကလေးတွေ ပြေးလွှားရင်း ပွတ်သပ် ကစားနေတယ်။

“ကိုကို ကလည်း အင်္ကျီဝတ်တိုင်း ဒီအရောင်ပဲ။ အနီလေး အဖြူလေးတွေ ဝတ်ပါလား။ အဲ့ဒီ အရောင်တွေက အသက်ငယ်စေတယ် ကိုကိုရဲ့”

“ကိုကိုက ဒီအရောင်ပဲ ကြိုက်တာလေ။ ကိုကို့အသုံးအဆောင် အားလုံး ခဲပြာရောင်လေးတွေချည်းပဲ”

“အဲ့လောက်ပဲ အစွဲထားရသလား ကိုကိုရဲ”

“အဲ့ဒီ ထက်တောင် ပို စွဲလန်းတတ်တယ်။ ကလေးလေး ရဲ့”

အပြန်အလှန် ပြောဆိုနေတုန်း ခေတ်သစ်ပျို လက်လေးတွေက နေနန္ဒ ပါးသိုင်းမွှေးတွေဆီ ရောက်လာတယ်။ တယုတယ ပွတ်သပ် သွားတဲ့ လေညှင်းလေးတွေကြောင့် ပန်းရိုင်းပွင့်လေတွေ လှုပ်လီလှုပ်လဲ့။

သုံ့ပန်းတစ်ယောက် သေခါနီး ရင်ခုန်သလိုမျိုးတဆတ်ဆတ် တုန်ယင်နေတဲ့ မိမိရဲ့ ခြေလက်တွေကို နေနန္ဒ အားနာလာမိတယ်။ သူ့ လက်သွယ်သွယ်လေးတွေဟာ နေနန္ဒ လည်ကုတ်ကို သိုင်းဖက်ပြီး သူ့ခေါင်းလေးကို ရင်ခွင်ထဲ ဝှက်ထားလိုက်တယ်။ ဒီအချိန်ထိ တုန်ယင်နေတဲ့ လက်တွေဟာ သူ့ ကို ပြန်လည်သိုင်းဖက်ရမယ် ဆိုတာကို မေ့လျော့နေတုန်း။

ချွေးစို့လာတဲ့ နေနန္ဒရဲ့ နဖူးထက်က ဆံစလေးတွေကို သူ တို့ထိ သူ ကစားနေတယ်။ ပြီးတော့ မျက်ခုံးထူထူ၊ နှာတံ၊နှုတ်ခမ်းတို့ကို တို့ထိ ကစားနေပြန်ရဲ့။ အမြင်အာရုံရဲ့ အနီးဆုံးမှာရှိနေတဲ့ သူ့မျက်နှာဆီက မိတ်ကပ်နံ့ဟာ လူကို မရိုးမရွ ဖြစ်လာစေတယ်။ ပြီးတော့ သူဝင်သက် ထွက်သက်ရဲ့ လေနွေးနွေးလေးတွေဟာ နေနန္ဒ ရဲ့ မျက်နှာပြင်ဆီကို ပွတ်သပ်ချော့မြူ နေသလို။ နေနန္ဒ ဟင်းကနဲ သက်ပြင်းကို ချလိုက်ရင်း သူ့ကို ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်မိတယ်။ သူ့လက်လေးတွေဟာ အနီးဆုံးမှာ ရှိနေတဲ့ နေနန္ဒရဲ့ အင်္ကျီကြယ်သီးလေးတွေကို ဖြုတ်လိုက် ပြန်တပ်လိုက်နဲ့ ဆော့ကစားနေပြန်တယ်။

တဖြည်းဖြည်း ဦးမော့လာတဲ့ သူ့နှုတ်ခမ်းဖူးဖူးလေးဟာ ဘယ်တုန်းကမှ ထင်မှတ်မထားတဲ့ အိမ်မက်တစ်ခုဆီ ဆွဲခေါ်သွားတယ်။ မွေးဖွားခါစ သားငယ်တစ်ယောက်ရဲ့အောက်စီဂျင် ငတ်မွတ်မှုလို အချစ် ဆိုတာကို တရှိုက်မက်မက် တောင်းတပစ်လိုက်တယ်။ ကမ္ဘာတစ်ခုလုံးဟာ နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီထက် ပိုစောင်းသွားသလိုပဲ။ ဒါဟာ အချစ်ပဲ ဖြစ်မှာပါ။ နေနန္ဒ တဖွဖွ ရေရွတ်နေမိတာက ချစ်တယ် ကလေးလေးရယ် ဆိုတဲ့ စကားတစ်ခွန်းပါ။

••••• ••••• •••••

တီ .. တီ ...

“ကိုကိုကလည်း မီး ဆင်းဖွင့်လိုက်မယ်လေ ..”

“မဖွင့်ပါနဲ့ ကလေးလေးရဲ့၊ နေပူနေတယ်၊ အောင်စိုး ဆိုတဲ့ ကောင်လေး ရှိတယ်။ ကိုကို့မှာ သူ့ အားကိုးနေရတာ သူချက်ကျွေးတာ စားနေရတာ”

“ဟုတ်လား၊ နောက်ဆို မီး လာချက်ကျွေးမှာပေါ့ .. ကိုကိုရဲ့”

“တကယ် .. အဲ့ဒီ အပြောလေးနဲ့တင် ဗိုက်ဝပါပြီဗျာ။ ကိုကိုက မီး ကျောင်းပြီးလို့ လက်ထပ်ရင်လည်း ဘာမှ မလုပ်ခိုင်းပါဘူး။ ကိုကိုပဲ အလှကြည့်ဖို့ ထားမှာ ...”

“ဟွန်း... ကိုကိုပိုကြီး၊ အာ့ကြောင့် ဒီကလေးက မခွဲနိုင်တော့တာဖြစ်မယ်”

မျက်လုံးလေး ချီပြီး ထောင့်ကပ်ပြောတဲ့ သူ့အမူအရာလေးတွေဟာ နေနန္ဒ နှလုံးအိမ်ထဲ ပျားသကာလောင်းချနေသလို ချိုမြ ရှတလို့။ ချစ်သူ သက်တမ်း တစ်လ မပြည့်ခင်ပဲ ခေတ်သစ်ပျိုကို နေနန္ဒ အိမ်အလည် ခေါ်လာမိတယ်။

ကားပေါ်က ဆင်းလာတဲ့ ခေတ်သစ်ပျိုကို မြင်တော့ အောင်စိုးက အကဲပါးစွာ ဧည့်ခံတယ်။

“ဟာ .. ဆရာ၊ ဧည့်သည် ပါလာတာလား။ ကျွန်တော် အအေး သွားစီစဉ်လိုက်မယ်နော်”

“အေး၊ ကောင်းတယ်ကွာ၊ ရေခဲလျှော့ထည့်။ နေသိပ်ပူတယ်”

ခဏကြာတော့ လိမ္မော်ရည်နှစ်ခွက် ကိုင်ပြီး အောင်စိုး ပြန်ရောက်လာတယ်။

“ကဲ ... အောင်စိုးရေ၊ ဒါ နောက်ဆို မင်း မမလေး ဖြစ်မယ့် မိန်းကလေးပဲ၊ ခေတ်သစ်ပျိုတဲ့ မှတ်ထားနော်။ ငါ့ရဲ့ ဇနီးလောင်းလေး ဆိုပါတော့”

“ဟာ ဆရာကလည်း... ကြွားလိုက်တာ။ ကလေး မုန့်ပေးကြိုက်တော့လည်း ကြွားအားရှိတာပေါ့ဗျာ ဟားဟား..၊ မမလေးရေ ကျုပ်ဆရာက သူ့အိမ်ကို ဒါ ပထမဆုံး မိန်းကလေး ခေါ်လာဖူးတာပဲဗျ။ ကျုပ်ဖြင့် အံ့ဩ နေတာ။ ဝမ်းသာတယ်ဗျာ၊ ဆရာတို့ အတွဲက သိပ်လိုက်ဖက်တာပဲ”

ခေတ်သစ်ပျို ရှက်ကိုးရှက်းကန်းနဲ ခေါင်းငုံ့နေရှာတယ်။ ပြီးတော့ အိမ်ထဲကို လှည့်ပတ်ကြည့်ရင်း သဘောကျနေလေရဲ့ ။ နောက် ... ခြံထဲကို ပြေးဆင်းပြီး မြက်ခင်းပေါ် လှည့်ပတ်ပြေးနေတော့တယ်။ သူသိပ်ပျော်နေတာ မြင်ရတော့ နေနန္ဒ ရင်ထဲ ပြောမပြတတ်အောင် ကြည်နူးနေတယ်။ သူ့ အပျော်၊ သူ့အပြုံးလေးတွေကို ဘဝတစ်သက်တာလုံး မြင်နေတွေ့နေခွင့် ရပါစေလို့ ကြိတ်ဆုတောင်းနေမိတာ သူ မကြားနိုင်ပါဘူးလေ။ ဒါဟာ သူ့အတွက် သီးသန့် ပျိုးမိတဲ့ မေတ္တာတရားတွေပဲ ဖြစ်လိမ့်မယ်။

••••• ••••• •••••

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်”

မနက်မိုးလင်းတိုင်း လှမ်းခေါ်နေကျ ဖုန်းနာပါတ်လေးက စက်ပိတ် ထားတယ်တဲ့။ ဘာမှ မဖြစ်ပါစေနဲ့ ဆိုတဲ့ စိတ်ပူပန်မှုတွေကို နေနန္ဒ ဘယ်လို ချိုးနှိမ်ရပါ့။ နံနက် (၇) နာရီ ထိုးတာနဲ့ သူ့အဆောင်ဘက် လိုက်သွားမိတော့တယ်။ အဆောင်မှူးကို မေးကြည့်တော့ အဖြေက မရေ မရာနဲ့။ သူ့ကျောင်းရှေ့ သစ်ပင်ကြီးအောက်မှာ နေနန္ဒ စောင့်နေလိုက်တယ်။

နေ့လည် (၁) နာရီ အထိ သူ့ အရိပ်အယောင်ကိုပင် မတွေ့ရ။ တဖြည်းဖြည်း ထူပူလာတဲ့ ရင်ဘတ်ကို နေနန္ဒ လစ်လျူရှုပစ်လိုက်တယ်။ ထမင်းစားဖို့ မေ့နေသလို ဒီနေရာက ခွာဖို့ကိုလည်း မေ့နေခဲ့တယ်။ ညနေ (၄) နာရီ အထိ အဲဒီနေရာမှာ ကားရပ်ထားမိတယ်။ သူကတော့ ရောက်မလာ။ ဘယ်ရောက်ပြီး ဘာဖြစ်နေလည်း ဆိုတဲ့ စိတ်နဲ့ ရင်ဘတ်မှာ တဆစ်ဆစ် အောင့်တက်လာတယ်။ မှန်လုံပိတ်ထားမိတဲ့ ကားထဲမှာ နေနန္ဒ အသက်မရှု နိုင်တော့သလို ဖြစ်လာတယ်။ ည (၉) နာရီ အထိ သူ့ဖုန်းကို အဆက်မပြတ် ခေါ်တယ်။ သစ်ပင်ကြီးပေါ်က သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကာ သူ့ကား မှန်ပေါ် ဟိုတစ်ရွက် ဒီတစ်ရွက်နဲ့ ...။ တစ်နေကုန် .. အစားအသောက်နဲ့ အိမ်ပြန်ချိန်ကို မေ့နေလောက်အောင် ပူပင်သောကတွေ ဖြစ်ရတယ်။

“တီ ... တီ ... တီ”

“ဟယ်လို”

“ဆရာ ကျွန်တော် အောင်စိုးပါ။ ညနေအထိ ဆရာ ပြန်မလာလို့။ ခရီးထွက်သွားတာလား ဆရာ”

နေနန္ဒ လက်က နာရီကို ငုံ့ကြည့်မိတော့ မနက် (၁) နာရီ ထိုးနေလေပြီ။ အောင့်နေတဲ့ ရင်ဘတ်ကို လက်နဲ့ပွတ်ရင်း အိမ်ပြန်လာခဲ့တယ်။ ကားပေါ်က ဆင်းတော့ မိုက်ကနဲ ဖြစ်သွားတဲ့ အမြင်အာရုံနဲ့ ကမ္ဘာကြီးက ချာချာလည်လို့။ ဆရာ .. ဆရာ ဆိုတဲ့ အောင်စိုးရဲ့ အသံတွေဟာ နားထဲမှာ မပီမသနဲ့ ဝိုးတဝါး ...။ အဆိုးဝါးဆုံးလို့ ထင်မှတ်မိတဲ့ ဝေဒနာက ရင်ဘတ်ထဲ နေရာ အပြည့်ယူလိုက်သလို။ နေနန္ဒရဲ့ မျက်လွှာတွေ တဖြည်းဖြည်း အမှောင်ကျလာခဲ့တယ် ...။

••••• ••••• •••••

“ ဝိုး ...”

ခေတ်သစ်ပျို ကလေးတစ်ယောက်လို လွတ်လပ်စွာ အော်ဟစ်ပစ် လိုက်တယ်။ ရုပ်ရှင်ထဲမှာ ကြည့်ဖူးတဲ့ စင်ကာပူ ဆိုတာ ဒါလား။ သူနေထိုင်ခဲ့တဲ့ ရပ်ကွက်ကလေးနဲ့ စာရင် ဒါဟာ နတ်ဘုံ နတ်နန်းပေါ့။ လမ်း၊ တံတား၊ အဆောက်အဦ။ ဒါတွေဟာ ထိတွေ့ခွင့် ရဖူးသမျှထဲမှာ အခမ်းနားဆုံးပဲ။ အမက်ချင်ဆုံး အိပ်မက်တစ်ခုကို မြင်မက်နေရသလို တမေ့တမော သာယာပစ်လိုက်တယ်။ ဖြစ်နိုင်ရင် အိမ်ပြန်ချိန် ဆိုတာကို မြေမြုပ်ပစ်ချင်တယ်။ ဒီခမ်းနားမှုတွေကနေ ဘယ်တော့မှ မလွတ်မြောက်ချင် တော့ဘူးလေ။

“ ဦး ဒီ ဟိုတယ်ကြီးက ဦးပိုင်တာလားဟင်”

“ရှယ်ယာပေါ့ ခေတ်ရယ်၊ အကုန် မပိုင်ပါဘူး”

“ဪ.. ဦးက ဒီမှာ အပြီးနေမှာလားဟင်၊ ခေတ်ကရော ဒီမှာ ဘယ်လောက်ကြာကြာ နေခွင့်ရမှာလဲ”

“ဖြည်းဖြည်းပေါ့ကွယ်၊ ခုမှရောက်တာ ပြန်ဖို့ မေးနေရသေးလား။ လည်ဦး ပတ်ဦးမှာဆိုတော့ အေးဆေးပေါ့”

ခေတ်သစ်ပျို ဇတ်ကလေးပု၊ လျှာတစ်လစ်လေးနဲ့ ရယ်သွမ်းသွေးနေလေရဲ့။ ခေတ်သစ်ပျို မပြန်ချင်လို့ မေးမိတာကို သူ မသိပါစေနဲ့။ ဖြစ်နိုင် ရင် ဝင်သက်ထွက်သက်အာလုံးကို ဒီမြေပေါ်မှာပဲ ပန္နက် ချပစ်ချင်တာ။ အတိတ်မေ့ရောဂါသည် တစ်ယောက်လို နုံချာချာ ရပ်ကွက်ထဲက ဗွက်အိုင်တွေကို မေ့ပစ်လိုက်ချင်ရဲ့။ အထည်ကြီးပျက် ဆိုတဲ့ ခေါင်မိုး အောက်က မိုးယိုယိုညတွေကို ခေတ်သစ်ပျို မုန်းတယ်။ ဘာပဲဖြစ်ဖြစ် ဒီမြေပေါ်မှာ အပြီးအပိုင် ခြေချခွင့်ရမယ်ဆို သူ့ကို ခေါ်လာတဲ့ ဦးနိုင်ကျော်ကို ခေတ်သစ်ပျို လက်ထပ်ပစ်လိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ သူ့ တစ်ဘဝလုံး အပြောင်းအလဲအတွက် အရင်းအနှီးလေ။

••••• ••••• •••••

ဆယ်ရက်ကျော် ကာလဟာ ပျော်မွေ့လွန်းတဲ့ နေရာကို ရောက်နေ သူအတွက် တိုတောင်းနေသေးတယ်။ သူ့ပူဆာမှုတွေကို အကုန်လိုက်လျောဖို့ ဦးနိုင်ကျော်က သဘောတူပြီးသား။ စင်္ကာပူမှာ ကျောင်းတက်ပြီး လုပ်ငန်းတစ်ခုမှာ ရှယ်ယာထည့်ပေးမယ် ဆိုတဲ့ အိပ်မက်ဟာ ခေတ်သစ်ပျို အတောင်းတဆုံး အိပ်မက်မျိုးပါ။ အဲ့ဒီ ကတိစကားတွေရဖို့ ကြယ်မစုံတဲ့ ည ဝတ်ရုံအောက်မှာ သူ့အပျိုစင်ဘဝလေး ကျပျောက်ခဲ့ရတယ်။ နာကျင် စရာတွေရဲ့ မျက်ရည်ပေါက်တွေကြားမှာ အဲ့ဒီညကို ခေတ်သစ်ပျို ခပ်ထေ့ထေ့ ပြုံးပစ်လိုက်တယ်။ ဒီလို ငရဲဆန်ဆန် ညတွေကြားမှာ ယောက်ျား တစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေ၊ စာနာ နားလည်မှုတွေနဲ့ သူ့ကို သိပ်ချစ်တဲ့ နေနန္ဒ ကို သတိတရ ရှိနေမိတယ်။ ယောက်ျားတွေကို ရင်ခုန်သံ မပါဘဲ နမ်းခဲ့ဖူးတဲ့ ခေတ်သစ်ပျိုရဲ့ နှုတ်ခမ်းလွှာလေးတွေဟာ နေနန္ဒ အကြောင်းတွေးမိရင် ရင်ဖိုသလိုလို ရှက်ပြုံး ပြုံးတယ်။ ခုလည်း လှိုက်ကနဲ ဖြစ်သွားတဲ့ ရင်ခုန်သံကို သူ သတိထားမိတယ်။ နေနန္ဒကို ချစ်နေမိပြီလား ဆိုတဲ့ အတွေးက သူ့ကို လှောင်ပြောင်နေတုန်း အခန်းတံခါး ခေါက်သံကြောင့် ခေတ်သစ်ပျို အတွေးတွေကို လက်စသတ်လိုက်တယ်။

“ဟာ ... ဦး .. ဒီနေ့ ပြန်လာတာ စောတယ်။ ခေတ်ကို တွေ့ချင်လို့ အလုပ်တွေ ပစ်ထားခဲ့တာ များလား”

စကားပြန် မရဘဲ လှမ်းဝင်လာတဲ့ ဦးနိုင်ကျော် လက်မောင်းကို မှီတွဲခိုပြီး ချွဲနွဲ့မိတော့မှ သူ့မျက်နှာ ပျက်နေတာကို သတိထားမိတယ်။ ဘာဆက်ပြောရမှန်း မသိအောင် တွေဝေနေတုန်းမှာ ဦးနိုင်ကျော်က စာအိတ်တစ်အိတ်ကို ခေတ်သစ်ပျို ဆီ ကမ်းပေးတယ်။

“ဟာ ..”

အံ့သြစွာ ထွက်ကျလာတဲ့ စကားတစ်လုံးရဲ့ နောက်မှာ သူ့ရဲ့ မျှော်လင့်ချက်တွေဟာ အကျိုးကျိုး အပဲ့ပဲ့။

“ဒါ ဘာလဲ ဦး ...။ ကျွန်မကို ဘာကတိတွေ ပေးထားခဲ့တာလဲ”

“ဟုတ်ပါတယ် ခေတ်ရယ်။ ဦး စီစဉ်ပေးဖို့ အားလုံး တွေးပြီးသားပါ။ ခု ဘာမှ မလုပ်ရသေးခင် ဦး မိသားစု ဒီကို လိုက်လာကြပြီ။ ခေတ် ပြန်မှ ဖြစ်မှာမို့ပါ။ ဒီမှာ စီစဉ်ပြီးတာနဲ့ ဦး လှမ်းခေါ်ပါ့မယ်။ ဦးကို နားလည် ခွင့်လွှတ်ပေးပါကွာ”

စာအိတ်လေးကို စားပွဲပေါ် တင်ပြီး သူ ပြန်ထွက်သွားတယ်။ မိသားစု တစ်စုရဲ့ အသိုက်အမြုံလေးကို လှေကားလုပ်ပြီး အမြင့်ကို တက်ဖို့ ကြံခဲ့မိတဲ့ ခေတ်သစ်ပျို။ အကုသိုလ်တွေကို ကိုယ်မှာ အထပ်ထပ် ချယ်သရင်း အနာဂတ်ရဲ့ ညတွေကို အလှဆင်မတဲ့။ ငွေကြေး ရနံ့တွေ ညှီစော်နံနေတဲ့ လူ့ဘောင်ကြီးထဲမှာ ချစ်ခြင်းမေတ္တာရဲ့ တရားအမှန်တွေကို သူ ပန်ဆင်ရကောင်းမှန်း မသိခဲ့ဘူးလေ။ ပေါက်ကနဲ ကျလာတဲ့ မျက်ရည်စက် တို့ဟာ စာအိတ်လေးပေါ်ကို စိမ့်ဝင်သွားခဲ့တယ်။ စာအိတ်လေးထဲက လေယာဉ်လက်မှတ်လေးကို ဆွဲယူထုတ်ကြည့်လိုက်တော့ ဒေါ်လာ တချို့ကိုပါ တွေ့လိုက်ရတယ်။ ဒီ ဒေါ်လာလေး တချို့တဝက် အတွက် သူ့ အပျိုစင်ဘဝလေးကို ကိုယ်တိုင်ပဲ ချရောင်းမိခဲ့တယ်။ မျက်ရည်တွေကို လက်ဖမိုးနဲ့ ဆွဲသုတ်လိုက်ရင်း သူ မြန်မာနိုင်ငံကို ပြန်ဖို့ ပြင်ဆင် လိုက်တော့တယ်။ ညဟာ သာလက်စ လရောင်ကို တိမ်းမည်းနဲ့ ဖုံးပြီး အကျည်းတန် ပစ်လိုက်တယ်။ တအိအိ ပြိုကျသွားတဲ့ သန်းခေါင်ယံ တွေထဲမှာ အိပ်စက်ခြင်းတွေ အခိုးခံလိုက်ရတယ်။

“ကိုကို”

တရှိုက်မက်မက် ထွက်ကျလာတဲ့ နာမ်စားတစ်ခု။ ချစ်ခြင်းမေတ္တာကို ငွေကြေးနဲ့ ချိန်ထိုးပြီး ဈေးကစားမိတဲ့ ခေတ်သစ်ပျို တစ်ယောက် မြန်မာ့မြေပေါ် ခြေချချချင်း နေနန္ဒကို သတိရမိရဲ့။ ဖုန်း Contect ထဲက ကိုကို ဆိုတဲ့ နံပတ်လေးကို ရင်ဖိုစွာ ခေါ်လိုက်မိတယ်။

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင် ...”

ကိုကို ခရီးထွက်သွားတာများလား ဆိုတဲ့ အတွေးက လူကို ယောက်ယတ်ခတ်စေတယ်။ တက္ကစီတစ်စီး ငှါးပြီး နေနန္ဒ အိမ်ကို ပို့ခိုင်းလိုက်တယ်။

“တီ....တီ”

အောင်စိုး အပြေးအလွှား ထွက်လာပြီး ခြံတံခါး လာဖွင့်ပေးတယ်။

“ကိုအောင်စိုး ... ကိုကိုရော ဟင် ...”

“ဗျာ ... မမလေးရယ်.. မမလေး ပြန်လာသေးတယ်နော် ...”

“ ကိုကိုရော ...”

“အစ်ကိုလေးက မမလေးကို သိပ်ချစ်တာပါ။ သူက အစွဲအလန်း ကြီးတယ်။ မိန်းမ တစ်ယောက်အတွက် သူ့ဘဝ သက်တမ်းတစ်ဝက်ဟာ သေလူလို ဖြစ်ခဲ့ပြီးသားပါ ...မမလေးရယ်”

ခေတ်သစ်ပျို စိတ်မရှည်စွာ ထပ်မေးမိတယ်။

“ကိုကိုရော ... လို့”

“မြို့အဝင် တောင်ကုန်းလေးပေါ်က လိမ္မော်ခြံထဲမှာ အစ်ကိုလေး ရှိပါတယ်။ ခြံထောင့်က စိန်ပန်းပြာပင် အောက်မှာ အစ်ကိုလေး လေ ...”

သူ့စကား မဆုံးခင် ခေတ်သစ်ပျို တက္ကစီကားပေါ် ပြန်တက်ထွက်လာခဲ့တယ်။ အဲ့ဒီ ခြံထဲကို နေနန္ဒနဲ့ အတူ သွားဖူးတယ်။

“မြို့ပြင်က သုခမြိုင် လိမ္မော်ခြံဆီ မောင်းပေးပါနော် ”

ခြံရှေ့ရောက်တော့ ကားပေါ်က ဆင်းပြီး ကားကို ပြန်လွှတ်လိုက်တယ်။ စေ့ထားတဲ့ ခြံတံခါးကို တွန်းဖွင့်ဝင်လာခဲ့တော့ ကုန်းမြင့်မြင့်လေးထက်က မြေနီလမ်းလေးကို လှမ်းမြင်လိုက်ရတယ်။ မြေနီလမ်းလေးအတိုင်း ဖြည်းဖြည်းချင်း တက်လာမိတော့ ပြာလဲ့စွာ ဝေနေတဲ့ စိန်ပန်းပင်ကြီးကို လှမ်းမြင်ရတယ်။ တလှပ်လှပ် ခုန်နေတဲ့ ရင်ခုန်သံကို ပြန်ကြားနေ ရင်း ချစ်သူရဲ့ ရင်ခွင်ဆီကို ပြေးဝင်ဖို့ အားခဲပစ်လိုက်တယ်။ ဒီကုန်းမြင့်လေး ကျော်အောင် လျှောက်ပြီး စိန်ပန်းကြွေတွေပေါ် အပြေးအလွှား ဖြတ်သွားဖို့ ခြေအလှမ်း ...

“အို ......”

စိန်ပန်းတွေ တဖြုတ်ဖြုတ် ကြွေကျနေတဲ့ လေလွင့်ရာ အရပ်မှာ လုံးဝ မထင်မှတ်ထားတဲ့ အရာတစ်ခု။ ခြေလှမ်းတွေဟာ ကျော့ကွင်း မိခံရသလို ရှေ့ဆက် လျှောက်ဖို့ အင်အားမရှိ။ စူးကနဲ အက်ကွဲသွားတဲ့ ရင်တွင်း ဝေဒနာရဲ့ အဆိုးဝါးဆုံး နှိပ်စက်မှုတွေ ကြားမှာ ချစ်ခြင်းမေတ္တာရဲ့ ဒဏ်ခတ်မှုတွေကို အလူးအလိမ့် ခံစားရင်း။ တဖြည်းဖြည်း နီးလာတဲ့ အဲ့ဒီ အရာပေါ်မှာ သူသိပ်ရင်းနှီးဖူးတဲ့ နာမည်တစ်လုံး။ ဒူးညွတ် ခွေကျသွားတဲ့ မြေပြင်လေးမှာ စိန်ပန်းပြာတွေက ဟားတိုက် လှောင်ပြောင်နေကြတာ များလား။ တသွင်သွင် စီးကျလာတဲ့ မျက်ရည်တွေကြား ခဲပြာရောင် အုတ်ဂူလေးက မပီ ဝိုးတဝါး။

“ကိုကို .. ကိုကိုရယ် ...”

ယောင်မှားစွာ ကောက်ယူမိတဲ့ စိန်ပန်းပြာလေးတွေကို လက်ထဲမှာ ကျေနေအောင် ချေပြီး လွှတ်ပစ်ကိုင်ပေါက်နေမိတယ်။ တသွင်သွင် စီးကျနေတဲ့ မျက်တွေပူတွေက ရင်ဘတ်ထဲကို သံရည်ပူတွေလို လောင်မြိုက် နေလားမတွေးတတ်။ စိတ်ဟာ အသိသတိရဲ့ ကမ်းအလွန်ဆီ လွင့်ပါး စီးမျောလိုက်ရတဲ့ မြစ်တစ်စင်းလို အနားသတ်ဖို့ မေ့နေလေရဲ့။

▢ ချစ်သက်နွယ် ၊ လားရှိုး ၊
📖တစ်ယောက်တစ်ဘဝ ( ၃ )

No comments:

Post a Comment