❝ ခံစားသိမှတ် ခံယူတတ်မှ ❞
( စံလှမောင် - တောင်ကုတ် )
“အေး မင်းမိဘတွေကို သိပါတယ်။ တို့ ဆယ်တန်းအောင် ပြီးမှ သုံးလေးတန်းအရွယ်တွေ၊ ငယ်သေးတာပေါ့”
“ဟုတ်ကဲ့ ဆရာ၊ ဆရာနဲ့ နီးနီးကပ်ကပ် မနေဖူးပေမယ့် ကျွန်တော် ငယ်ငယ်လေးကတည်းက သိနေပါတယ်။ ကိုယ့်ရွာက တက္ကသိုလ်မှာ စာပြနေတဲ့ ဆရာတစ်ယောက် ရှိတယ်ဆိုတာ ပြောသံ ကြားနေခဲ့တယ်။ တစ်ခါတစ်ခါ ဆရာ ရွာကို ရောက်ရင်လည်း ခပ်လှမ်းလှမ်းက မြင်နေရတယ်။ ဒါပေမဲ့ လျှပ်ပြက်သလိုပဲ၊ တစ်ရက် နှစ်ရက်ဆို ပြန်ရော။ တက္ကသိုလ်က ကျောင်းဆရာ ဆိုတော့ ကိုယ်နဲ့ မဆိုင်တဲ့ ဒေသတွေမှာ၊ ကိုယ့်ဆွေ ကိုယ့်မျိုးတွေ မရှိတဲ့ နေရာတွေ မှာ အလုပ် လုပ်ရတယ်ပေါ့။ ဆရာ့ကို ဒီရွာမှာ မွေးတယ်၊ ဒီရွာမှာ ကြီးတယ်။ ကိုယ့်ကို လူဖြစ်အောင် လုပ်ပေးခဲ့တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ အတွက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ဆရာ ကူညီခဲ့တာ တစ်ခုမှ မရှိဘူး။ မဆိုင်တဲ့ နေရာတွေမှာပဲ အကျိုးပြုနေခဲ့တယ်။ ဆရာ သင်ထားတဲ့ ပညာတွေက ကိုယ့်မွေးရပ်မြေအတွက် ဘာမှ အကျိုးမဖြစ်ခဲ့ဘူး ... ဆိုတော့ ကျွန်တော် စိတ်မကောင်းဘူး ဆရာ”
“အေးပေါ့၊ အေးပေါ့၊ ဒါနဲ့ သားက ဘာအလုပ် လုပ်တာလဲ”
“ကျွန်တော်က အတန်းပညာ ဖြစ်ဖြစ်မြောက်မြောက် မတတ်ပါဘူး။ သစ်လုပ်ငန်း လုပ်ပါတယ်။ အဆင်လည်းပြေတယ်။ ရပ်ကျိုး ရွာကျိုးလည်း ဆောင်နိုင်တယ်။ ရပ်ရေး ရွာရေးတွေမှာ ကျွန်တော် မပါရင် မပြီးသလောက်ဘဲ”
••••• ••••• •••••
“ကျွန်တော် တောင်ကုတ်ကောလိပ် မြန်မာစာဌာနမှာ နည်းပြ လုပ်နေပါတယ်။ ဆရာကြီး ရောက်နေတယ် ကြားလို့ လာကန်တော့တာ”
“မလိုပါဘူး သားရယ်၊ သားအပေါ် ဆရာ ဘာများ လုပ်ပေးနိုင်ခဲ့လို့လဲ”
“ဪ ရှိတာပေါ့ ဆရာကြီးရယ်၊ ဆရာကြီးက ကျွန်တော်တို့ တစ်ရွာလုံးအတွက် စံပြပါပဲ။ ပါမောက္ခ တစ်ယောက် ဖြစ်ဖို့ဆို လွယ်တာမှတ်လို့။ ကျွန်တော်တို့မြို့နယ်က ပါမောက္ခဆိုလို့ လက်ငါးချောင်းတောင် မပြည့်သေးဘူး။ ကျွန်တော့်ဘဝမှာ ဆရာကြီးကို နမူနာယူပြီး ကြိုးစားခဲ့တယ်။ ဆရာကြီးကို ကြည့်ပြီး အားအင်တွေ ဖြစ်ခဲ့တယ်။ မိဘတွေ နွမ်းပါးလို့ ပညာရေးခရီးကြမ်းမှာ ချို့ချို့တဲ့တဲ့၊ ခက်ခက်ခဲခဲ၊ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တဲ့ ဆရာကြီးရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်တွေကို ကျွန်တော် အရမ်းပဲ သဘောကျခဲ့တယ်။ ရွာမှာ မိဘတွေက သားသမီးတွေကို ဆုံးမတဲ့အခါ၊ ကျောင်းမှာ ဆရာတွေက တပည့်တွေကို ဆုံးမတဲ့အခါ ဆရာကြီးကို စံပြုပြီး ဆုံးမလေ့ ရှိကြတယ်။ ကျွန်တော်လည်း အဲ့ဒီ ဆုံးမသံတွေ ကြားမှာ လူလားမြောက်ခဲ့တယ်။ ကောလိပ်ကျောင်းမှာ ဆရာ တစ်ယောက် ဖြစ်ခွင့်ရခဲ့တယ်။ အဲဒါ ဆရာကြီး ကျေးဇူးတွေပေါ့။ ဆရာကြီး ဘယ်မှာပဲ နေနေ ကိုယ့် ရွာက ပါမောက္ခ တစ်ယောက် ရှိတယ် ဆိုတာနဲ့တင် လုံလောက်နေပြီ။ ဒါကြောင့် ကျွန်တော် ကန်တော့ပါရစေ။ တန်ဖိုး မများပေမယ့် ကျွန်တော့် စေတနာ လက်ဆောင်တွေကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးပါဆရာကြီး”
(သမိုင်းပါမောက္ခ (ငြိမ်း) ဆရာကြီးဦးသိန်းအောင် သို့)
▢ စံလှမောင် (တောင်ကုတ်)
📖 မဟေသီ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၇
No comments:
Post a Comment