❝ ခင်မ ဝမ်းမြောက်ပါလေတော့ ❞
▢ မောင်သာရ
မနာလိုသည်၊
နားမသည်းနှင့်၊
နာကျည်းဟောင်းရက်၊
လွမ်းကြောင်းခက်သည်၊
နှောင်းသက် မျက်မည်း၊
ကျောင်းဘက်ရည်း။
သည်ဇာတ်လမ်း၏ အစကိုမူ ဆေးလိပ်ခိုးဖြင့် ပျိုးရပေမည်။ သည်ဇာတ်လမ်း၌ ဆေးလိပ်ခိုးသည် အရေးပါသောကြောင့်တည်း။
ငယ်ကတည်းက ဆေးလိပ်ကို ကျွန်တော် ကြိုက်သည်။ ငယ်ကတည်းကပင် ကျွန်တော် ဆေးလိပ်သောက်ခဲ့တုံ၏။ အိမ်ကမူ ဆေးလိပ်သောက်သည်ကို မကြိုက်ပေ။ ဆေးလိပ်သောက်သူကို မကောင်းမှု၌ ယစ်မူးစွဲလမ်းနေတတ်သူဟု ယူဆ၏။ အိမ်၌လည်း ဆေးလိပ်ဆို၍ ဧည့်သည်တည်ရန်ပင် မထားတတ်ချေ။
အိမ်နှင့် ဆန့်ကျင်သော အမှုကို ပြုဘို့ဆိုသည်မှာ ကျွန်တော့်အဖို့ မလွယ်ကူချေ။ လှမောနုနယ်သော မိန်းမငယ်တယောက်ကိုမှ ဖေဖေသည် ရွေးယူတတ်၍ အိမ်၌ အုပ်ချုပ်စေသောအခါ ကျွန်တော်သည် အလိုအလျောက်ပင် အငြင်းပယ်ခံဘဝသို့ ရောက်လာခဲ့ရချေ၏။ မေမေ ဆုံးပါးသည်ဆိုကတည်းက ကျွန်တော့်မှာ မျက်နှာငယ်ခဲ့ရသည်။ ကျန်ရစ်သော မောင်နှမ ၂- ယောက် အနက် ကျွန်တော်က အလျှင် မွေးသူ ဆိုတော့လည်း ကျွန်တော့်ကို ပို၍ ငြိုငြင်မည်မှာ ဓမ္မတာတည်း။
ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်သောအခါ တပါးသူများနှယ် ကျွန်တော် မပျော်နိုင်ချေ။ အလုပ် တခုခု ဝင်ရောက်လုပ်ကိုင်ရန် ဖေဖေမှ တဆင့် စေပြောလာသည်ကိုလည်း မျက်ရည်နှင့် ရင်း၍ မေတ္တာရပ်ခဲ့ရသည်။ တက္ကသိုလ်သို့ ပို့နိုင်ပါလျက် မပို့သောကြောင့်လည်း ကျွန်တော့်မှာ ယူကျုံးမရဖြစ်ခဲ့ရ၏။
သို့သော် ကံအားလျော်စွာ ပြည်နယ်က ပေးသော ပညာသင်ဆုကို ကျွန်တော် ရခဲ့သည်။ သည်ကတည်းက အသည်းနာနာဖြင့် ဖေဖေနှင့် ထွေးဖြူတို့ကို ထားရစ်ခဲ့ရတော့၏။ ဘွဲ့တစုံတရာ မရလျှင် သည်အိမ်၌ ပြန်၍ မနေနိုင်တော့သော အဖြစ်ကိုလည်း ကျွန်တော် နားလည်ရတော့သည်။ နှမကလေး ထွေးဖြူကိုမူ ဖေဖေသည် စောင့်ရှောက်ပါစေသတည်း။
ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါ အခန်းနံရံ၌ ဖေဖေ့ မိန်းမသစ်၏ ပုံကို ကပ်ထားလိုက်သည်။ ဖေဖေ့မိန်းမသစ်၏ ပုံကို မြင်တိုင်း စိတ်နာသည်။ ယူကျုံးမရလည်း ဖြစ်ရသည်။ ထို့ကြောင့်လည်း သည်ပုံကို မြင်လျှင် ကျွန်တော် ပို၍ စာကြည့်ဖြစ်ချေ၏။
တခု ပြောရဦးမည်။ ရန်ကုန်သို့ ရောက်ကတည်းက အိမ်နှင့် ကျွန်တော် အဆက်အသွယ်ပြတ်ခဲ့ရသည်။ တခါတရံ ထွေးဖြူထံမှ စာများကိုမူ ရတတ်ပါ၏။ ထွေးဖြူထံသို့ စာပြန်လိုသော်လည်း ထွေးဖြူက စာမပြန်ရန် အတန်တန် မှာသည်။ အိမ်သို့လာသော စာ ဟူသမျှ သူ့လက်ထဲသို့ အကုန်ရောက်ရသည်ဟု ဆို၏။
တက္ကသိုလ် ဆိုသည်မှာ သိသည့်အတိုင်းပင် အပေါင်းအသင်း များသည်။ အဆွဲအငင် ထူထပ်သည်။ သို့သော် ကျွန်တော့်ကိုမူ နံရံထက်မှ ပုံတပုံက အစဉ် ဆုံးမတတ်ချေ၏။
အပေါင်းအသင်းတို့က ကျွန်တော့်ကို မလျော်မတရား စွပ်စွဲကြသော်လည်း ကျွန် တော့်စိတ်ကို ကျွန်တော် ထိန်းနိုင်ခဲ့သည်။ အချို့က ပုံသည်ပင်လျှင် ကျွန်တော့်မိန်းမဟု ထင်၏။ ဖေဖေ့မိန်းမသစ်သည် ကျွန်တော့်ထက် လေးနှစ်သာ ကြီးသဖြင့်လည်း ကျွန်တော်သည် ကိုယ့်ထက် ကြီးသောမိန်းမကို ငွေကြေးအတွက် ယူခဲ့ရကာ ထိုမိန်းမ၏ အထောက်အပံ့ဖြင့် ပညာလာသင်နေသူဟု အောက်မေ့ကြသည်။ ကျွန်တော်ကမူ မည်သို့မျှ မချေပခဲ့ချေ။
ကျွန်တော့် ကိုယ်ကိုသာ ကျွန်တော် အရိပ်ကြည့်ကာ ဆင်ခြင်နေခဲ့ရသည်။ ပညာ သင်ဆုဖြင့် လာသူ ဆိုတော့လည်း ကျွန်တော့်မှာ ချို့တဲ့သည် မဟုတ်လော။ စာကိုသာ ကျွန်တော် ကြည့်သည်။ အချိန်ကိုလည်း ကျွန်တော် ရသော ထောက်ပံ့ကြေးနှယ် ခြိုးခြံ၏။ ကျွန်တော် နေရသောအခန်း၏ ပတ်ဝန်းကျင်မှာ မကောင်းချေ။ သောက်တတ် ပျော်ပါးတတ်သည်။ သို့သော် သူတို့နှင့် ကျွန်တော် ခွဲနေနိုင်ခဲ့ချေ၏။
အခါခပ်သိမ်း စာကြည့်ဖြစ်ခြင်းသည် ကောင်းသော်လည်း ကျွန်တော့်ကျန်းမာရေးမှာ စာမေးပွဲရက်ကို သိရချိန်တွင် အနည်းငယ် ချွတ်ယွင်းလာသည်။ စာကို ထိုင်ကြည့်ရာမှ အိပ်၍ ကြည့်လာရတော့သည်။ အိပ်၍ ကြည့်သောအခါ ပြဿနာတခုနှင့် ကျွန်တော် ရင်ဆိုင်လာရပြန်သည်။ ဆေးလိပ်မီးဖွားများက ကျွန်တော့်အင်္ကျီ၊ အိပ်ရာခင်း စသည်တို့ကို ရန်မူသည်။ သို့သော် စက္ကူဆေးလိပ်ကို ကျွန်တော် ပြောင်း၍ ဝယ်မသောက်နိုင်ချေ။ ထိုအခါ ဆေးပြင်းလိပ် သာလျှင် တခုတည်းသော တပ်မက်စရာ ဖြစ်လာလေ၏။
အစ၌ မူးသော်လည်း နောင်အခါ ကျွမ်းဝင်လာတော့ ပို၍ အကုန်သက်သာသည်မို့ ပို၍ပင် ကျွန်တော် နှစ်သက်ခဲ့မိသည်။ သင်တန်းများတက်ရာတွင်လည်း တနေကုန် တလိပ်တည်းနှင့် လုံလောက်၏။ သို့သော် မိန်းမငယ်များကမူ ကျွန်တော့်ကို အကြီးအကျယ် ခါသတည်း။
••••• ••••• •••••
ကျောင်းပိတ်သော်လည်း ကျွန်တော် အိမ်သို့ မပြန်ဖြစ်ချေ။ ပြည်နယ်အစိုးရ၏ အကူအညီ ဖြင့် ပြည်နယ်ရုံး၌ အလုပ်လုပ်ခွင့် ရသည်။ အောင်စာရင်း၌လည်း ကျွန်တော့်အမည် ပါလာ၏။
ကျောင်းသို့ တဖန် ပြန်ခဲ့ရပြန်သည်။ မျက်နှာဟောင်းများနှင့် မျက်နှာသစ်များကို တွေ့ရပြန်၏။ ညှိုးသောမျက်နှာနှင့် လန်းသောမျက်နှာတို့ ရောယှက်သန်းနေသော တက္ကသိုလ် ပညောင်ပင်ဝယ် နှမကလေး ထွေးဖြူကိုလည်း ပုရစ်ညွန့်ကလေးအဖြစ် ကျွန်တော် ပြန်လည် တွေ့ရသည်။ စေတနာ ဟူ၍ကား ကျွန်တော် မယူဆလိုချေ။ တက္ကသိုလ် တောထဲသို့ လွှတ်လိုက်ခြင်းသည် အိမ်၌ သောင်တင်မည် စိုးသောကြောင့် ဖြစ်တန်ရာ၏။
ထွေးဖြူကို ကြည့်ရသည်မှာ ပါလျနွမ်းနယ်နေချေသည်။ မည်ရွေ့မည်မျှ အညှဉ်းပန်း အနှိပ်စက်ခံခဲ့ရသည်ကို ထွေးဖြူ၏ မျက်နှာက သက်သေခံ၏။ သို့သော် ကျွန်တော်တို့ မောင်နှမ အနှောင်အဖွဲ့မှ လွတ်ချေပြီ။ ကျွန်တော် ဘွဲ့ရ၍ အလုပ်ရလျှင် နှမကလေး၏ နောက် ဆုံးနှစ် ကျောင်းစရိတ်ကိုပင် ကျွန်တော်က ပေးမည်ဟု ပိုင်းဖြတ်မိ၏။
ကျွန်တော်တို့မှာ သည်နှစ်ယောက်သာ တွယ်တာစရာရှိသည်။ သည်တော့ ကျွန် တော် ကြိုးစားရမည်။ သို့သော် တနေ့သော သောကြာတွင် ကျွန်တော့်ဘဝ၌ လမ်းကွေ့တကွေ့ သို့ ရောက်ခဲ့ရသည်။
တက္ကဗေဒသင်ခန်းစာအတွက် စင်္ကြံ၌ ကျွန်တော်တို့ စုရုံးနေကြ၏။ အခန်း မအား၍ ရပ်စောင့်နေစဉ် ကျွန်တော်လည်း ဆေးပြင်းလိပ်ကို မီးညှိမိသည်။ အားရပါးရ ရှိုက်မည် ပြုစဉ် အတန်းဆင်းသော် နေရာလုရ၏။
သောက်၍မှ မဝမီ ဝင်ခဲ့ရသည်မို့ ဆရာ မရောက်မီ သောက်ဦးမည် အကြံနှင့် ဆေးလိပ်ပါ လက်ထဲ၌ ပါခဲ့၏။ ဆေးပြင်းလိပ်ခိုးများက ရှေ့မှ မိန်းမငယ်များကို နှောက်ယှက် နေချေပြီတကား။
မိန်းမငယ်များက အမည်ကိုကြည့်၍ သိမည်စိုးသောကြောင့် မှောက်ထားသော စာအုပ်များဖြင့် ယပ်ခပ်ကာ မလိုဟန် ဆန္ဒပြကြ၏။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည်။ ကျွန်တော် မတတ်နိုင်ချေ။ သို့သော် ဆင်ခြင်ပါ၏။ မကောင်းတတ်၍လည်း ရပ်တော့မည်ဟု ကြံမိ၏။ ထို့ကြောင့် နောက်ဆုံးအနေနှင့် ဆက်၍ ဆက်၍ အမြန်ရှိုက်ကာ ဆေးလိပ်ကို ချတော့မည်အပြု ရုတ်တရက် ဆရာ ဝင်လာသည်။ ဆေးလိပ်ခိုးများကလည်းအထွက်၊ ဆေးလိပ်ကလည်း လက်မှာ ကိုင်လျက်မို့ ဆရာကပင် ကျွန်တော့်ကို သတိပြုမိ၏။
ဆရာက ကျွန်တော့်ကို ကြည့်၍ “ဆေးလိပ်သောက်လို့ ဝပြီလား” ဟု မေး၏။ အားလုံးက ဝိုင်း၍ သရော်သည့်နှယ် ရယ်ကြကုန်သတည်း။ သည်တော့ သူကပါ နောက်သို့ လှည့်ကြည့်လာသည်။ သည်တော့မှ သူ့ကို ကျွန်တော် မြင်၏။ သူကား နယ်မိမယ်တမျှ လှပါဘိတောင်း။
သည်ကတည်းက ကျွန်တော် ပျက်လာ၏။ ဆရာ ပြနေသော သင်ခန်းစာ၌ စိတ်က မဝင်နိုင်တော့ချေ။ နားရွက်နားပန်းစမှ ဆရစ်ခွေကလေးက ကျွန်တော့်ကို ဆွဲဆောင်နေ၏။ နှင်းနှယ်ဖြူ မြူနှယ်ပါးသော အသားအရေမှ မြစိမ်းလဲ့ကြည် ပယင်းရည်ကြောကလေးတို့ ကလည်း ကျွန်တော့်ရင်ကို အနိုင်ယူလေ၏။
ထိုအခိုက် ဆရာက ကျွန်တော့်ကို ပုစ္ဆာတခု မေးလှာသည်။ ကျွန်တော့်ကို မေး နေသည်ဟုပင် ကျွန်တော် မထင်မိ။ ဆရာ့ပုစ္ဆာကိုလည်း ကျွန်တော် မကြားမိချေ။ သို့သော် ဆရာက “ဘယ့်နှယ် ဆေးလိပ်ဆရာ” ဟု ဝိသေသန တပ်၍ ခေါ်ကာမှ ကျွန်တော်လည်း သူ့အလှကွန်ယက်ထဲမှ လန့်ဖျပ် ရုန်းထွက်ခဲ့ရတော့၏။ ကျွန်တော် ရပ်လိုက်မိ၏။ သို့သော် ဘဇာ မေးသည်ကို မသိ၍ တခွန်းမျှ မဖြေနိုင်ချေ။ သည်တော့မှ ဆရာက အနားလာဟန်ဖြင့် ပုစ္ဆာကို ပြန်ပြောချေသည်။
“ကြည့်၊ သည်သင်ပုန်းပေါ်မှာ ဆရာ အစက်ကလေးတွေ မညီမညာ ချထားတယ်၊ အခုတော့ မင်းတို့ ဘယ်မြင်ရမလဲ၊ ဆရာက စာအုပ်နဲ့ ဖုံးထားတာကိုး၊ သေသေချာချာကြည့်နော်”
ကျွန်တော်လည်း သေသေချာချာ ကြည့်၏။ ဆရာသည် စာအုပ်ကို ရုတ်တရက် ဖယ်လိုက်ကာ ချက်ချင်းပင် ပြန်၍ ဖုံးလိုက်၏။ လျှပ်တပြက်ခန့်မျှပင် ကြာမည် မထင်ချေ။
“ကဲ... အစက်ကလေးတွေ ဘယ်လောက်ရှိသလဲ”
ရုတ်တရက်သော် ကျွန်တော် မည်သို့ ဖြေရမည် မသိနိုင်ချေ။ ဝေနေမိ၏။ ၁၅ စက်ခန့် ရှိလိမ့်မည်ဟုလည်း ထင်မိ၏။ သို့သော် ထိုဖွင့်ပြသောလျှပ်တပြက်ခန့် အချိန်ကလေး အတွင်းတွင် ကျွန်တော် မည်သို့ ရေတွက်လိုက်နိုင်ပါမည်နည်း။
အခြား အခြားသော ကျောင်းသားများလည်း အဖြေကို ရှာနေကြဟန် တူ၏။ ကျောင်းသား ကျောင်းသူအားလုံး၏ မျက်စိတို့သည် ကျွန်တော့်ကို အထူးအဆန်းသဖွယ် စိုက်ကြည့်ကာ ကျွန်တော် မည်သို့ ဖြေရမည်ကို စောင့်ငံ့နေကြပုံ ရ၏။
ကျွန်တော် မလိမ်လိုချေ။ ကျွန်တော် အဖြေမှန်ကို မသိသည်မှာ အမှန် ဖြစ်၏။ သိဟန် မဆောင်လိုချေ။ ထို့ကြောင့် “ကျွန်တော်မသိဘူး ဆရာ၊ ဆရာက ကြာကြာဖွင့်မပြတော့ ကျွန်တော် မရေလိုက်နိုင်ဘူး” ဟုသာ ဖြေရတော့သည်။
တခန်းလုံး ဝါးလုံးကွဲ ရယ်ကြ၏။ သို့သော် ဆရာက လက်ကာ၍ အရပ်ခိုင်းကာ ကျွန်တော့်ကိုပါ ထိုင်စေ၏။
“မင်းတို့ မရယ်ကြနဲ့၊ မင်းတို့အားလုံး မှားတယ်၊ သူတယောက်ဖဲ မှန်သောစကားကို ဆိုတယ်၊ မင်းတို့ မင်းတို့က ဆရာ့ကို လိမ်ပြောကြတယ်၊ တယောက်က ၁၅၊ တယောက်က ၁၆ နဲ့ တယောက်တမျိုး ဖြေကြတော့ မှန်တဲ့လူလဲ မှန်မှာပေါ့၊ ဒါပေမယ့် အဲဒါက ရမ်း ဖြေတာဘဲ၊ ရမ်း မှန်သွားတာဘဲ၊ တကယ်တော့ ဘယ်သူ ရေလိုက်နိုင်မလဲ၊ သူကတော့ မင်းတို့လို မဟုတ်ဖူး၊ စိတ္တဗေဒသဘောမှာ သူဟာ မင်းတို့အတွက် သင်ခန်းစာဘဲ”
တခန်းလုံး ငြိမ်သက်ကုန်၏။ သူသည်သာ ကျွန်တော့်ကို လည်ပြန်လှည့်ကာ ကြည့် လှာ၏။ ဪ... ရင်မှာ ခုန်ရလှချေ၏တကား။
••••• ••••• •••••
သည်ကတည်းက ကျွန်တော်၏ ‘ရင်’ နိုင်ငံဝယ် သူက စိုးမိုးစ ပြုလှာသည်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ပြန်၍ ကြည့်လာမိ၏။ ကျွန်တော်သည် ကျွန်တော်သာတည်း။ သို့သော် ယခုအခါ၌မူ ကျွန်တော်သည် ရံဖန်ရံခါ၌ သူ ဖြစ်နေ၏။ ကျွန်တော် အစစ် မဟုတ်တော့ချေ။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်၍ ကြည့်ရာ၌လည်း သူ့အနေနှင့် သူ့နေရာမှ ကြည့်တတ်လာ၏။ သူ လက်ခံနိုင်မည့်၊ သူ ကြည်ဖြူနိုင်မည့် ပုံစံမျိုးဖြင့်လည်း နေတတ် လာသည်။
ဆိုလိုသည်မှာ ကျွန်တော် ပြင်တတ်လာ၏။ အဝတ်ဝတ်ရာမှာလည်း ရွေးလာသည်။ တိုသော၊ ခွဲမရသောဆံပင်သည် ရှည်သော၊ ခွဲ၍ရသောဆံပင် ဖြစ်လာ၏။ နံနက်တွင် ရေ မချိုးတတ်ရာမှလည်း ရေချိုးတတ်လာသည်။
သူ့ကိုလည်း တနေ့ မတွေ့ရလျှင် တနေ့ မနေနိုင်ချေ။ သူ ပြုံးနေသည်ကို မြင်ရလျှင် ကျွန်တော် ရွှင်၏။ သူ့ဘက်ကလည်း ကျွန်တော်နည်းနှယ်ပင် ပြင်လာသည်ကို တွေ့ ရသည်။ ပို၍ ပို၍ အလှခြယ်လာ၏။ ပို၍ ပို၍လည်း လှလာ၏။ တက္ကသိုလ်၌ လှသော သူတို့ များပါ၏။ သို့သော် သူကား အလှဆုံးပါတည်း။
သို့သော် ဘဇာကြောင့်ကား မသိ၊ သူ့အလှကို ကြည့်ရသည်မှာ ရင်မောဘွယ်ရာ တည့်။ သူက လှသော်လည်း နွဲ့နှောင်းသည်။ သူ့မျက်နှာမှာ အားနည်းပုံဆောင်သည်။ ကြည့်မိလျှင် သနားမိတော့သည်။
သူကလည်း အာကာ့သူတည်း။ ကျွန်တော့်ကိုမို့ မြင်လျှင် သူ့မျက်နှာ ပို၍ရွှင်လာ တတ်သည်။ ပြုံးတော့မည့်နှယ်တည့်။
အခန်း မအား၍ စင်္ကြံမှ ရပ်စောင့်ကြရပြီ ဆိုတော့လည်း သူက ကျွန်တော့်နားမှာ ရစ်ဝဲသည်။ ကျွန်တော်ကလည်း သူ့အပါးမှာ ရစ်ဝဲသည်။ မိန်းမတကာက ကျွန်တော်၏ ဆေးပြင်းလိပ်ခိုးကို ဆန့်ကျင်ခိုက်၊ သူက နံ့သာနံ့နှယ် နှစ်နှစ်ခြိုက်ခြိုက် ရှိုက်တတ်သည်။
ကျွန်တော်က ဆေးပြင်းလိပ်ကို လက်သန်းနှင့် လက်သူကြွယ်၏ အကြား အရင်း ကျကျမှာ ညှပ်တတ်သည်ကိုလည်း သူ သတိပြုမိသည်။ သူကလည်း ခဲတံကို ကျွန်တော့်နည်းတူ ညှပ်သည်။ ကျွန်တော်က လက်ဖဝါးဖြင့် ပါးစပ်ကို ပိတ်၍ သောက်သကဲ့သို့ သူ ကလည်း သောက်ဟန် ပြုသည်။
စင်္ကြံမှာ မျက်နှာချင်းဆိုင် ဆုံလျှင်လည်း၊ ကျွန်တော့်ကို မျက်စိတဆုံး လည်ပြန် ကြည့်တတ်သည်။ ကျွန်တော်နှင့် အကြည့်ချင်းဆုံလျှင်လည်း နှုတ်ခမ်းအစုံက သိသာရုံမျှ ပြုံးပြတတ်သည်။
ကျွန်တော် သူ့ကို သိလိုသည်။ ခင်မင်ကျွမ်းဝင်လိုသည်။
ထွေးဖြူက သီရိမှာ နေရသည်။ သူကား အင်းလျားသူတည့်။ ထွေးဖြူ ကျွန်တော့်ကို မကူနိုင်ခဲ့ချေ။ ထို့ကြောင့် ကြာခဲ့ရ၏။ နောင်သောအခါ သူ့အမည်ကို သိခဲ့ရသည်။ သူ့အမည် မှာ မကြင်စု ဟူ၏။
မကြင်စုကို မကြင်စု ဟူ၍ သိသောအခါ ကျွန်တော့်၌ တာဝန်တခု ပိုလာသည်။ တာဝန်ကား မကြင်စုထံ စာရေးရန်တည့်။
မကြင်စုထံ ရေးသောစာကို မကြင်စု ဖတ်ရသောအခါ မည်သို့ နေလိမ့်မည်နည်း။ ကျွန်တော် တွေးကြည့်မိသည်။ အနေအထိုင် အမူအရာ ပြောင်းရမည် မုချဟုလည်း တွက်ထား မိ၏။ သို့သော် ကိုယ့်အပြစ်နှင့် ကိုယ်မို့ ကျွန်တော်ကသာ ရဲရဲ မကြည့်ဝံ့သော်လည်း မကြင်စုက စိုးစဉ်းမျှ အနေအထိုင် အမူအရာ မပြောင်းခဲ့ချေ။
ရောက်မှ ရောက်ပါလေစ ဟူသော သံသယဖြင့် ဒုတိယမြောက် ရေးပြန်၏။ တတိယမြောက် ရေးပြန်၏။ စတုတ္ထမြောက် ရေးပြန်၏။ ဤသို့အားဖြင့် စာများသာလျှင် ၃၆ ကြိမ်မျှ ဆင့်ကာဆင့်ကာ ရေးခဲ့ရ၏။ ဤသို့အားဖြင့် ကျောင်းသာလျှင် တနှစ်လည်ကာ ပိတ်ခဲ့ရ၏။ မကြင်စု၏ အမူအရာသည် လည်းကောင်း၊ မကြင်စု၏ အနေအထိုင်သည် လည်းကောင်း၊ စိုးစဉ်းမျှ မပြောင်းလဲခဲ့ချေ။
တွေ့လျှင် ရွှင်မြဲ၊ ပြုံးရုံမျှ ပြုံးမြဲ၊ ရစ်ဝဲမြဲတည်း။
••••• ••••• •••••
စိန်ပန်းပွင့်များ ကြွေတည့်၍ အခက်အရွက်များ စိမ်းလန်းစိုပြေလာသောအခါ တက္ကသိုလ်သို့ ကျွန်တော်တို့ တခေါက်ပြန်၍ ရောက်ခဲ့ကြရပြန်ချေသည်။ စာအုပ်ဟောင်းများကို ပေးကမ်း၍ စာအုပ်သစ်များ ဝယ်ခြမ်းကာ အခန်းသစ်များ၌ အတွေ့သစ်များဖြင့် မွေ့လျော်နေကြရပြန်၏။
ထွေးဖြူ တယောက် သည်နှစ်တော့ အင်းလျားဆောင်သို့ ရောက်လာသည်။ ကျွန် တော့်ဆန္ဒအရ ပေါင်းကာသင်းကာဖြင့် မကြင်စု ရှိရာသို့ ပြောင်းလာရသည်မှာ စင်စစ်မလွယ် ကူချေ။ သို့သော် ထွေးဖြူ ကလည်း မကြင်စုကို ချစ်၏။ မကြင်စုကလည်း ထွေးဖြူကိုတော့ ချစ်သည်ဟု ဆို၏။ သို့သော် ထွေးဖြူသည် ကျွန်တော်၏ နှမ ဆိုသည်ကို မကြင်စု မသိချေ။
တနေ့သော် မကြင်စုကို ကျွန်တော် တွေ့၏။ ကျောင်းတနေရာမှာ မျက်နှာချင်းဆိုင် ဆုံသည်။ သူတယောက်တည်းမို့ ကျွန်တော် သူ့ကို ပထမသော် ပြုံး၍ နှုတ်ဆက်မိ၏။ သူ ကလည်း သိမ်မွေ့စွာ ပြန်လည်နှုတ်ဆက်၏။
သူ ယူထားသော ဘာသာတွဲသစ်နှင့် ကျွန်တော်၏ ဘာသာတွဲက ခြားနားပေပြီ။ သိသည်။ သိလျက်နှင့် ကျွန်တော်က သူ၏ ဘာသာတွဲသစ်ကို မေးကြည့်မိ၏။ သူကလည်း ပြုံး၍ ဖြေသည်။ ကျွန်တော် မနေနိုင်တော့ချေ။ မဝံ့သော်လည်း စွန့်ရချေပြီ။
ကျွန်တော့်ပြဿနာကို ကျွန်တော်ပြန်၍ ယူလာရပြန်၏။ ဘဇာ့ကြောင့် စာမပြန်ရသနည်း၊ မကြင်စု၏ သဘောထားက အသို့နည်းဟူ၍လည်း မေးရတော့သည်။ ကျွန်တော်၏ ရင်သည် ခုန်လျက်၊ ကျွန်တော်၏ လက်များသည်လည်း တုန်လျက်တည်း။
“မကြင်စု နောက်မှ ဖြေပါရစေ ကိုအေးသန့်”
ကျွန်တော် ကျေနပ်၍ ကျန်ရစ်ခဲ့၏။ ဘဇာမျှ ကျေနပ်စရာ မရှိပါလျက်နှင့် ကျွန်တော် မည်သို့ ကျေနပ်ခဲ့သည်ကို မတွေးတတ်နိုင်ချေ။ သို့သော် ကျွန်တော့်စိတ်၌ ကျေနပ်သည်။
ထိုနေ့က ကျေနပ်စွာဖြင့်ပင် ရွှင်ပျသော မျက်နှာဖြင့် အင်းလျားဆောင်သို့ ကျွန် တော် ရောက်၏။ တခေါက်သာ ရောက်ဖူးသူမို့ ထွေးဖြူကို ပထမတွေ့ရသည်။ နောက်မှ ထွေးဖြူနှင့် တိုင်ပင်ကာ ထွေးဖြူကို အခေါ်ခိုင်းရ၏။ ထွေးဖြူ ကျွန်တော့်အနားမှ ထွက်က တည်းကပင် မယုံမရဲနှင့် မကြင်စုကို မျှော်ခဲ့ရသည်။ မကြင်စုသည် ယဉ်ကျေးသိမ်မွေ့ ပါဘိ၏။ ထွေးဖြူကို ထွေးဖက်လျက် ကျွန်တော့်ထံ ရောက်လာသည်။
သည်တော့မှ ကျွန်တော့်ကို ထွေးဖြူ၏ အကို အဖြစ် သိတော့သည်။ ထိုအခါ မကြင်စု၏ မျက်နှာသည် ရုတ်ခြည်း ညိုလာဘူး၏။ မိုးပြေးကဲ့သို့ ဖြူသောမျက်နှာ၌ အညိုက ဖြတ်သန်းချေသည်။ သည်အခိုက်အတန့်ကလေးမှာပင် မကြင်စုသည် မြောက်မြားစွာကို နားလည်လာ၍လည်း ကျွန်တော့်ကို ကရုဏာသက်လာပုံရ၏။ သို့သော် မကြင်စုက ဣန္ဒြေဆည်သည်။ အနေတတ်သည်။
သည်တော့မှ မကြင်စုက သနားဟန်၊ ကရုဏာသက်ဟန်ဖြင့် “ကိုအေးသန့်ရဲ့ရင်မှာ ပူရရင် မကြင်စုလည်း ပူရပါတယ်ရှင်။ ကိုအေးသန့် မပူရပါစေနဲ့လို့ မကြင်စု ဆုတောင်းချင်ပါတယ်။ သို့ပေမယ့် မကြင်စု မဖြေတတ်ဖူး” ဟူ၍ ဖြေလှာ၏။
••••• ••••• •••••
နောက်တနေ့ ညနေတွင် မကြင်စုထံမှ ပြန်စာကို ကျွန်တော် ရသည်။ အင်းလျားဆောင်သို့ ပြန်ရောက်လာသောအခါ ထွေးဖြူ ပြေးဆင်းလာကာ သည်စာကို ပေးသည်။ ထွေးဖြူက ငိုလျက်နှင့် သူ့ကိုလည်း ဆဲဆိုသည်ဟု တိုင်၏။ ကျွန်တော်ပင် နားမလည်နိုင်ချေ။
စာကို ဖွင့်ဖတ်မိ ကြည့်မိပြန်၏။ စာ၌လည်း ကျွန်တော့်ကို ပုတ်ခတ် ရှုတ်ချထားချေသည်။ မုန်းသည်၊ မုန်းသည်။ တွေ့လျှင်ပင် နှုတ်မဆက်နှင့်ဟူသော အမုန်းစကားများကား စာနှင့်အတိ ပြွမ်းဘိ၏။
မကြင်စုသည် မျိုးစေ့ကလေးတစေ့ကို မြေ၌ ပျိုးခဲ့သည်။ အပင်လည်း မြင့်ပါပြီ။ အပွင့်လည်း ပွင့်ပါပြီ။ သည်အခါကျမှ အပွင့်က မပန်ကောင်းဟု ဆိုကာ မြေကအပင်ကို အမြစ်ပါမကျန် ဆွဲနုတ်ပစ်ခဲ့ရက်ချေပြီ။
ကျွန်တော့် ပတ်ဝန်းကျင်က မကောင်းသဖြင့် ကျွန်တော်သည် ပတ်ဝန်းကျင်နှင့် မပတ်သက် မသင့်မြတ်ခဲ့ချေ။ သူတို့နှင့် မပတ်သက် မပေါင်းသင်းသဖြင့် ကျွန်တော့်အကြောင်းကို သူတို့ ဘဇာမျှ မသိခဲ့ချေ။ သည်ပတ်ဝန်းကျင်ထဲမှာ မကြင်စု၏ အကိုအရင်းခေါက်ခေါက် တယောက်လုံး ရှိနေသည်ကိုလည်း ကျွန်တော် မသိခဲ့ချေ။ မကြင်စုက ကျွန်တော့်မှာ မိန်းမရှိသည်ဟု ယုံကြည်နေ၏။ မကြင်စု၏ အကိုက သတင်းအမှားကို ပို့သည်။
ကျွန်တော် မှန်သောစကားကို ဆိုပါသည်။ သို့သော် မကြင်စုက လက်မခံတော့ချေ။ ကျွန်တော် ကြိုးစား၍ ချဉ်းကပ်ကြည့်သည်။ မကြင်စု၏ အကိုက ပြန်၍ ရန်မူလာသည်။
••••• ••••• •••••
ယခုသော် အောင်စာရင်းမှာ အခါခါ မပါလာ၍ ကျွန်တော့်ဘဝသည် ပျက်ပြားခဲ့ရပေပြီ။ ကျွန်တော် မြှော်လင့်ရည်ရွယ်ခဲ့သော အဆောက်အဦတို့သည်လည်း ပြိုလဲခဲ့ရချေပြီ။ ကျွန်တော့်ကို မုန်းခဲ့သော မကြင်စုသည် ကျွန်တော့်ကို မြင်ပါလိမ့်မည်။
ရော်ရွက်ငယ်ကို လိပ်ပြာမယ်က ပရိယာယ်ဖြင့် သွေးဆောင်သည်။ ရော်ရွက်ငယ်က အပင်မှ သံယောဇဉ်ဖြတ်ကာ ယုံမှတ်၍ လိပ်ပြာမယ်နောက် လိုက်သည်။ လေ၌ လွင့်ဝဲ ပျော်ပါးသည်။ လိပ်ပြာမယ်က အကိုင်းသစ်၌ နားသည်။ ရော်ရွက်ငယ် ဘယ်မှာ နားရပါ့မည်နည်း။
ကျွန်တော့်ကို မုန်းသည်ဆိုလျှင် ကျွန်တော့်အဖြစ်ကို ကြည့်ကာ မကြင်စု ဝမ်းသာ ပေလိမ့်မည်မည်။ ဪ... ရွေသုံးရံခြယ်၊ ကြာရိပ်လယ်မှာ၊ ရယ်ကာမောကာ၊ မျက်နှာငွေလ၊ ရွှင်ပပနှင့်၊ ခင်မ ဝမ်းမြောက်ပါလေလော့။
▢ မောင်သာရ
📖မြဝတီ မဂ္ဂဇင်း
၁၉၆၂ ခု၊ ဧပြီလ
No comments:
Post a Comment