❝ ထွန်းလင်းစိုး ❞
▢ မိုးထက်ကျော် ( ကွင်းကောက် )
“ထွန်းလင်းစိုး လာဦး ခဏ”
သူ လှမ်းခေါ်တော့ ဘောကန်နေရင်းကနေ ထွန်းလင်းစိုး လာတယ်။ အနားရောက်တော့ ခပ်တည်တည်ပဲ။ လက်တောင် မပိုက်ဘူး။
“ကလေးတွေကြား ဝင်မကန်နဲ့၊ မင်းနဲ့ ရွယ်တူ မဟုတ်ဘူးနော်”
သူ့စကားအဆုံးမှာ ထွန်းလင်းစိုး ချာခနဲ လှည့်ထွက်သွားတယ်။ လိမ္မာရေးခြား ရှိအောင် အတန်တန် သွန်သင်ဆုံးမခဲ့တာတွေဟာ ဒီကလေး နားထဲ ဘာမှ ဝင်မသွားခဲ့ဘူးလား။ သူ့ရင်ထဲ မကောင်းလှ။ ဒီကျောင်းလေးမှာ သူ တာဝန်ထမ်းခဲ့တာ ငါးနှစ် ငါးမိုး။ ဒါဆို ထွန်းလင်းစိုး ကျောင်းမနေတော့တာ ရာသီကာလ လေးခု ရှိပြီပေါ့ ။
မှတ်မိပါသေးတယ်။ သူ ဒီကျောင်းလေး စ,ရောက်တဲ့ နှစ်က တတိယတန်းကို အတန်းပြတ် သင်ခဲ့ရတာ။
အဲဒီအချိန်တုန်းကတော့ ထွန်းလင်းစိုးဟာ အဖြူအစိမ်းလေးနဲ့ တတိယတန်းက လူစွာလေးပေါ့။ ကလေးချင်း ရန်ဖြစ်ရင် သူမပါဘဲ မနေ။ ကျောင်းခေါ်ကြိမ်က မပြည့်။ စာမရရင် သူသာ ရှေ့ဆုံးက။
စာသင်နှစ် ဆုံးတော့ ပညာရေးစနစ်ရဲ့ မူအရ ထွန်းလင်းစိုးနာမည် အောင်စာရင်းမှာ ပါခွင့်ရတယ်လေ။ ဒါပေမဲ့ စတုတ္ထတန်းတော့ မတက်တော့ပါဘူး။ မွေးကတည်းက အမေဆိုတာ မမြင်ခဲ့ဖူးရှာတဲ့ ဒီကလေးလေးဟာ အဘွား အေ လက်ထဲမှာ ကြီးပြင်းခဲ့ရတာပါ။ အဖေဆိုတာက လည်း သုရာရည်ကို သေ တောင် မပြတ်မယ့် လူ့အန္ဓ။
ထွန်းလင်းစိုး ကျောင်းမတက်တော့ သူ့ဦးလေးက လာခေါ်သွားတယ်တဲ့။ ဘယ်အရပ်မှာ ဘယ်ဇာတ်တွေ က,နေရမလဲ သူ မသိတော့ပါ။ တစ်ခါတစ်ခါ ပြန်လာ တယ် သတင်းရပေမဲ့ သူနဲ့ မျက်မြင် မတွေ့ပါဘူး။
အခု မနက်တော့ ကလေးတွေ ဘောလုံးကန်နေတဲ့ကြား အရပ်ရှည်မားမားနဲ့ ဝင်ဆော့နေတာ သတိထားမိလို့ ပြန်ရောက်နေမှန်း သိရတာ။ အစပိုင်းမှာတော့ ဒီအတိုင်းပဲ ကြည့်နေမိသေးတယ်။ အရွယ်ချင်းမမျှတော့ ဘောလုံးက ကလေးတွေဆီ မရောက်။ ထွန်းလင်းစိုး ဆွဲ ဆွဲ သယ်သွားတဲ့ ဘောလုံး နောက်ကို ကလေးတွေ အမောတကော လိုက်နေရတာ မြင်မကောင်းတော့မှ ခေါ် တားလိုက်မိတာပါ။
လှည့်ထွက်သွားတဲ့ သူ့ခြေလှမ်းတွေမှာ ဘာအရောင်တွေများ စွန်းငြိသွားမလဲလို့တော့ စိတ်ပူမိသေးတယ်။
••••• ••••• •••••
ဟင်...
အောက်ကို ပြုတ်ကျနေတဲ့ ဘောင်းဘီလေးကို ကြည့်ရင်း သူ အံ့သြမှင်တက်သွားတယ်။ ဝါးလုံးတန်းပေါ်မှာ ညနေကမှ လျှော်လှန်းထားတဲ့ ပုဆိုးနှစ်ထည်က မရှိတော့။ ပုဆိုးအောက် ဖိလှန်းထားတဲ့ ဘောင်းဘီလေးကတော့ မြေပြင်မှာ အပုံလိုက်။
“ရေခဲ၊ ကြယ်စင်ထက်”
ကျောင်းမှာ ညအိပ်တဲ့ ကလေးတွေကို လှမ်းခေါ် လိုက်တယ်။
“ဗျာ ဆရာကြီး”
“ဆရာ့ပုဆိုးတွေ မင်းတို့ သိမ်းသလားလို့”
“ဗျာ... ဆရာကြီး သားတို့ မသိမ်းဘူး”
ကလေးတွေ ထိတ်သွားပြီ။
ရုံးခန်းထဲမှာ စာရေးတဲ့ ကလေးတွေပါ ထွက်လာကြ ပြန်တယ်။
“ဆရာကြီး လှန်းထားတာတွေ့တယ်။ သားတို့လည်း မသိမ်းမိဘူး” တဲ့။
ခွေးတွေဘာတွေများ ချီမလားမသိဘူး ပြောပြီး ကလေးတွေ ဟိုဟိုဒီဒီ ရှာနေ ကြတယ်။ လက်ထဲ ကိုင်ထားတဲ့ ဓာတ်မီးနဲ့ လျှောက် ထိုးကြည့်တော့ သော့ခတ်ထားတဲ့ ဝင်းတံခါးက ပုံစံ မပျက်။ တံခါးဘေးက ခြံကတော့ လူတစ်ကိုယ်စာ ဝင်သာရုံ ဟ,လို့။ သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။
“သားတို့ မရှာနဲ့၊ စာကျက်တော့”
ကလေးတွေ ရုံးခန်းထဲ ပြန်ဝင်သွားပြီ။ စာပြန်ကျက်နေကြတယ်။
အဖြစ်က ခဏလေး အတွင်းမှာ ပျက်သွားတာပဲ။ ကျောင်းဘေးက အိမ်မှာ သူ ထမင်းသွားစားနေတုန်းလေးမှာ ဖြစ်သွားတာ။ ရုံးခန်းထဲမှာ စာကျက်နေတဲ့ ကလေးတွေနဲ့ မဆိုင်မှန်း သူ အသိဆုံးပါ။ ဘာတတ်နိုင်ပါ့မလဲ။
စာကျက်ပြီးတော့ ကလေးတွေ အိမ်ပေါ်တက်လာကြတယ်။ ရေခဲက အိပ်ရာခင်းနေရင်းက ဘာပြောတယ်မှတ်လဲ။
“ဆရာကြီး ကိုထွန်းလင်းစိုး ပြန်ရောက်နေတယ်” တဲ့။
“ထွန်းလင်းစိုး လက်ချက်ပဲနေမှာ” လို့ ကြယ်စင်ထက်က ဝင်ထောက်ပြန်တယ်။
“ထင်ရာတွေ ရမ်းမပြောကြပါနဲ့ကွာ၊ တော်တော့”
သူ နှုတ်က ဟန့်လိုက်မိပေမဲ့ အတွေးထဲမှာတော့ ဆရာမ ဒေါ်သူသူလွင့် ပိုက်ဆံအိတ်ကို ပစ်ချလိုက်တဲ့ ကလေးလေးတစ်ယောက်ရဲ့ ပုံရိပ်က ထင်းခနဲ။ စိုးရွံ့လန့် ထိတ်နေတဲ့ မျက်လုံးပြူးပြူးလေးနဲ့။ ပျောက်သွားတဲ့ ဆရာမရဲ့ ပိုက်ဆံနှစ်ထောင်။ တိတ်တိတ်ခေါ်မေးတုန်းက ပြောတဲ့ အဘွားက အိပ်ရာထဲ လဲနေလို့ ဆိုတဲ့ အ,ထစ်အ,ထစ်စကားလေးတစ်ခွန်း။
လုံးဝ မဟုတ်ပါဘူးလို့ သူ ယုံကြည်ချင်ပါတယ်။
“ကံ ကံ၏အကျိုးဆိုတာ ရှိတယ်။ မှတ်ထားကြ။ ကိုယ်ပြုလုပ်တဲ့ ကံတရားရဲ့ အကောင်း၊ အဆိုးက ကိုယ့်ကို ပြန်အကျိုးပေးမှာပဲ။ ဆရာလည်း အတိတ်က သူများ ပစ္စည်းခိုးခဲ့ဖူးလို့နေမှာပေါ့”
သူ့စကားဆုံးတော့ ကလေးတွေ ပြုံးဖြဲဖြဲနဲ့။ သူတို့ ဆရာကြီးရဲ့ အတိတ်က ဆိုတဲ့ စကားကို သူတို့ ယုံဟန်မတူကြဘူးလေ။ ဘာပဲ ဖြစ်ဖြစ် ကလေးတွေ ရင်ထဲ အသိတရားတွေ ထည့်ပေးရမှာ သူလို ဆရာတစ်ယောက်ရဲ့ တာဝန်ပါ။
“ကဲ... အိပ်ကြတော့။ မနက်ကျ ရွာထဲမှာ ဘာမှ မပြောကြနဲ့နော်”
••••• ••••• •••••
“ဆရာ့ပုဆိုးတွေ သူခိုးခိုးလို့ဆို”
မနက် လင်းတာနဲ ကျောင်းသားလာပို့တဲ့ မိဘတွေရဲ့ အမေးတွေကို သူ ရင်ဆိုင်ရပါပြီ။ ဘယ်က ဘယ်လို သတင်းအစအန ရကြတယ် မသိ။ မိဘတွေ စိတ်မကောင်းကြဘူး။
နေ့ခင်း ထမင်းစားကျောင်းဆင်းတော့ ထွန်းလင်းစိုး ရောက်လာပါတယ်။ ကျောင်းခြံထဲ မဝင်ဘူး။ ခြံစပ်က ဝါးတန်းလျားလေးပေါ် ကနေ ကလေးတွေ ကစားနေတာကို ငေးကြည့်နေတယ်။
ဝတ်ထားတဲ့ အဝါရောင် အင်္ကျီလေးက အထင်းသား။ အရင်ကထက် ပိုထွားလာ တယ်။ အရပ်လည်း ထွက် လာတယ်။ အသက်ကလည်း ဆယ့်ငါးနှစ်ကျော်ပြီကိုး။ စာညံ့တဲ့ ကလေးလေးတွေလိုပဲ ဆရာ၊ ဆရာမ အနား မကပ်ရဲတော့ ဝင်နှုတ်ဆက်ရဲမှာလည်း မဟုတ်ပါဘူး။
ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အထိ ထွန်းလင်းစိုး မပြန်သေးပါဘူး။ စတုတ္ထတန်းမှာ လူမှုရေး သင်ပြီးလို့ ထွက်လာတော့ ဝါးတန်းလျားပေါ်မှာ အစန့်သားလေး။ အိပ်နေတာ နေမှာပါ။ ပိတောက်ပင်ကြီးရဲ့ နေပြောက်တောင် မထိုးတဲ့ အရိပ်အောက်မှာ ကလေးတစ်ယောက်လို အိပ်နေရင်း အိပ်မက်တွေ မက်နေမလား။
ကလေးလေး အိပ်မက် လှလှမက်ပါစေလို့ သူ့ရင်ထဲ ဆုတောင်းနေမိတယ်။
••••• ••••• •••••
အိမ်ခြေတစ်ရာကျော်ပဲ ရှိတဲ့ရွာ ဆိုတော့ သူ့ပုဆိုးပျောက်သတင်းက အနံ့ပြင်းပြင်းနဲ့ လွင့်သွားပုံရတယ်။ ရွာထဲက အမျိုးမျိုးသော ထင်မြင်ချက်ပေါင်းစုံက သူ့တပည့်တွေ ညဘက်လာအိပ်တော့ သယ်ရာပါလာပြန်တယ်။
အကုန်လုံးရဲ့ လက်ညှိုးတွေဟာ တစ်နေရာတည်းကို စုပြုံထိုးနေကြတယ်။ မဖြစ် လောက်ပါဘူး။ လုံးဝမဟုတ် ဘူးလို့ သူယုံကြည်ပါရစေ။ ရွာဆီက ဘက်ပြန်လာတဲ့ အသံတွေ မကြားရဖို့ ကလေးတွေကို သူ တားလိုက်ပြီ။ ရေမိုးချိုးပြီးတော့ ဒီနေ့ ဝတ်ထားတဲ့ ကျောင်းစိမ်းပုဆိုးနဲ့ အင်္ကျီကို လျှော်ပြီး လှန်းထားလိုက်တယ်။ အရင့်အရင် နေရာကနေ ဘယ် တခြားမှ မရွှေ့မိပါဘူး။
ကလေးတွေကို အင်္ဂလိပ်စာ ရှင်းပြပြီးတော့ ထမင်းစားရအောင် ကျောင်းဘေးက အိမ်ကို ထွက်လာတယ်။ နောက်ကြောင်းပြန် လှည့်ကြည့်တော့ ဝန်ထမ်းအိမ်ရာတစ်ဆောင်လုံး မီးတွေ ထိန်ထိန်ကြဲလို့။
••••• ••••• •••••
“ဟာ”
အရမ်းကို အံ့သြလွန်းလို့ သူ့ပါးစပ်ကနေ ဟာခနဲ အသံ ထွက်တဲ့အထိ ရေရွတ်မိသွား တယ်။ သူ လုံးဝထင်မထား ဘူးလေ။
“ရေခဲရေ... သားတို့ ဒီလာကြဦး”
သူ လှမ်းခေါ်တော့ ကလေးတွေ စာကျက်နေရာကနေ အပြေးကလေး ရောက်လာကြတယ်။
“ဘယ်သူ လာသေးလဲ”
“ဘယ်သူမှ မလာပါဘူး ဆရာကြီး”
“ဟေ ... ဒါဆို ဒီပုဆိုးတွေက ဘယ်သူ လာထားသွားတာလဲ”
“ဟင်... ဗျာ”
ကလေးတွေလည်း အံ့အားသင့်ပြီး ကြောင်စီစီဖြစ်နေကြတယ်။ ဝန်ထမ်းအိမ်ရာ အစွန်ဆုံးက သူ့အိပ်ခန်းအဝမှာ မနေ့က ပျောက်သွားတဲ့ ပုဆိုးလေးနှစ်ထည်က အထပ်လိုက်ကလေး။ ခေါက်ထားတဲ့ အနေအထားက သေးပြီး ကျစ်နေတော့တယ်။
ဘာပဲဖြစ်ဖြစ် ကလေးတွေကတော့ ကြောက်နေကြပါပြီ။ ကလေးတွေကို ဘာမှ မစိုးရိမ်ဖို့ သူ နှစ်သိမ့်လိုက်တယ်။ ကျန်တဲ့ပစ္စည်း ဘာတွေများ ခြေရာလက်ရာ ပျက်နေဦးမလဲဆိုတာ သူ လုံးဝ မစိုးရိမ်တော့ပါဘူး။
ပျောက်သွားတာကို မနှမြောမိသလို ပြန်ရမယ်လို့လည်း လုံးဝ ထင်မှတ်မထားတဲ့ ပုဆိုးလေးတွေကို ကြည့်ပြီး သူ တစ်ခုခုကို ကျေနပ်နေမိ တယ်။ သေသေချာချာ ခေါက်ပြီး ရိုရိုသေသေ လာ တင်ထားတာပဲ။ အသိတရား တွေ အများကြီး ရှိနေသေးတာကို သူလို ကျောင်းဆရာတစ်ယောက်က ရင်နဲ့ ရင်းပြီး သိနေတယ်လေ။
••••• ••••• •••••
သောကြာနေ့ ညနေ သူ အိမ်ပြန်တော့ တံတားပေါ်မှာ ထွန်းလင်းစိုးကို တွေ့ပါတယ်။ အပေါင်းအသင်း လုပ်မယ့်သူ မပါဘူး။ တစ်ယောက်တည်း။ ကျောက်ခဲလေးတွေ ရေထဲ ပစ်ချနေတယ်။
“ထွန်းလင်းစိုး”
သူ ခေါ်လိုက်တော့ လှည့်ကြည့်တယ်။
“ရော့ ဒီမှာ မင်းဝတ်ဖို့”
တွေ့ရင် ပေးဖြစ်အောင် ပေးမယ်လို့ သူ ရည်မှန်းထားတဲ့အင်္ကျီနဲ့ ပုဆိုးလေးကို ပေး လိုက်တယ်။ တင်ပါး လက် သုတ်ပြီး သူပေးတာကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ယူပါတယ်။
“ဒါက မုန့်ဖိုးပေးတာ”
သူ ထုတ်ပေးတဲ့ တစ်ထောင်တန်လေး နှစ်ရွက်ကို မဝံ့မရဲကြည့်နေတယ်။
“ယူပါကွ၊ ဆရာက မင်းကို ပေးတာပါ” လို့ ထပ်ပြောမှ ယူတယ်။ မျက်လုံးပြူးပြူးလေးက မယုံနိုင်သလို ကြည့်လို့။
“ဆရာ သွားတော့မယ်၊ သား အကူအညီလိုရင် ဆရာ့ကို လာပြောလှည့်။ လိမ်လိမ်မာမာနေနော်”
“ဟုတ်” တဲ့။
အသံက တိုးတိုးလေး။
သူ ဆိုင်ကယ်ကို စက်နှိုးပြီး တစ်လိမ့်နှစ်လိမ့် စ,ထွက် ခါမှ နောက်က အကျယ်ကြီး လှမ်းခေါ်တယ်။
“ဆရာကြီး”
ဆိုင်ကယ်ရပ်ပြီး သူ လှည့်ကြည့်တော့ ထွန်းလင်းစိုး သူ့အနား ပြေးလာတယ်။
“ခုည သားပြန်ရမှာ။ နောက်တစ်ခါ သားပြန်လာရင် ဆရာကြီးဆီ သားလာမယ်” တဲ့။
သူ ပေးတဲ့ အင်္ကျီ၊ ပုဆိုးနဲ့ ရောပြီး လက်ကလေးနှစ်ဖက် ပိုက်ထားတယ်။ မျက်ဝန်းလေး နှစ်ဖက်မှာတော့ နွေးထွေးမှုတွေနဲ့ ရွှန်းလက်လို့….။ ။
▢ မိုးထက်ကျော် ( ကွင်းကောက် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၈
No comments:
Post a Comment