❝ မိန်းမပီပီ ❞
( ဂျာနယ်ကျော်မမလေး )
“စစ်အတောအတွင်းကြီးမှာတော့ ဖြစ်သလိုပဲ နေရမှာပဲကွယ်။ ဒါတွေကို ခုနေခါ တွေးပူလို့ ဘယ်ဖြစ်နိုင်ပါ့မလဲ”
ဒေါ်နှင်းအေးလည်း လေးလေးနက်နက် စဉ်းစားလျက်ရှိ၏။
“သွားချင်လို့ သွားရတာ မဟုတ်တာလည်း မင်းအသိပဲ၊ မလုပ်လည်း တစ်ပြစ်၊ လုပ်လည်း တစ်ပြစ်နဲ့ ဒီတစ်ခါလောက် လူလုပ်ရတာ ကြပ်တာ မတွေ့ဖူးပါဘူး။ ကိုယ့်ဟာနဲ့ ကိုယ် နေရတာပဲကွယ်။ ဗိုလ်တဲကြီးက အကျယ်ကြီးပဲ၊ သူတို့က အပေါ်မှာ နေတာပဲ။ ကိုယ်က အောက်မှာ နေပေါ့၊ တခြားစီပဲ”
“တခြားစီတော့ တခြားစီပဲ၊ ဒါပေမဲ့ လှေကားက အတွင်းကဆိုတော့ တစ်အိမ်တည်း နေကြသလိုမို့ ကိုက်ပါ့မလားဆိုတာသာ ပူတာပါ”
“ဒါကတော့ မနှင်းအေးရယ်၊ သူတို့လည်း မင်းထဲစိုးထဲကပဲဟာ အောက်တန်းစားမှ မဟုတ်တာ၊ ပူမနေပါနဲ့၊ ဒီလိုပေါ့၊ ဖြစ်သလိုပေါ့ကွယ်”
ဦးဘမောင်က မည်သို့ပင် မပူရန် ပြောပါသော်လည်း ဒေါ်နှင်းအေးမှာ ပြောင်းရွှေ့ရခါနီး၌ သောက မအေးဘဲ ဖြစ်၍နေ၏။ မိမိတို့ မရောက်ဖူးသော မြို့တွင် မသိသော သူများနှင့် အတူစပ်၍ တစ်အိမ်တည်း နေရမည်ကို မိမိခင်ပွန်းက လွယ်လွယ်ကလေး သဘောထားနိုင်သော်လည်း မိမိတွင် မူ ဤကိစ္စလောက် အရေးကြီးသော ကိစ္စမရှိဟု ထင်မှတ်မိလေ၏။
ကိုယ့်ဘာသာ သပ်သပ် အိမ်တစ်ဆောင် ငှား၍ နေရန် စုံစမ်းပါသော်လည်း မိတ္ထီလာတွင် ဂျပန် ဝင်လာစက ဗုံးကြဲထားသဖြင့် အချို့ ပျက်စီးကုန်၍ အိမ်အပိုအလွတ်တစ်လုံးမှ ငှား၍ မရခဲ့ပေ။ အရာရှိကြီးများ အတွက် နေထိုင်ရန် ဗိုလ်တဲ တစ်တဲသာ ကျန်ရှိလေရာ ထိုဗိုလ်တဲတွင်လည်း ယခု နေထိုင်လျက်ရှိသော ရာဇဝတ်ဝန်ထောက်ဦးအေးတို့နှင့် မိမိတို့ တွဲ၍ နေရတော့မည် ဖြစ်လေ၏။
ဦးအေး ထံမှလည်း မိမိခင်ပွန်းထံသို့ အမြန်ပြောင်းရွှေ့ လာရန်နှင့် ၎င်းတို့နှင့်ပင် အတူနေရန် စာတစ်စောင် ရေး ပို့ထားလေ၏။
ဦးဘမောင်သည် ဦးအေးထံသို့ ယခုလကုန် အရောက် လာရောက်မည် အကြောင်း ပြန်စာ တစ်စောင်ရေးလျက်နေစဉ် ဒေါ်နှင်းအေးလည်း မသက်မသာ မျက်နှာထားနှင့် ဦးဘမောင် ရှေ့တွင် ထိုင်၍နေ၏။
“ခုနေခါကွယ် လူချင်း အမျိုးမတော်ပေမဲ့ အလုပ်ချင်းက အမျိုးတော်နေတော့ ကျောချင်းကပ်ပြီး နေရတာလည်း တအားပဲကွယ်။ ကာလကြီးက ကောင်းတာ မဟုတ်ဘူး။ ကိုယ့် အလိုကျအတိုင်း ဘယ်နည်းနှင့်မှ မဖြစ်နိုင်ဘူး။ ဒီတော့ အခါကာလကို ကြည့်ပြီး သည်းခံကြရတော့မှာပဲ”
မိမိအား ဖျောင်းဖျောင်းဖျဖျ တရားချနေသော ခင်ပွန်းသည်ကို ကြည့်လျက် ဒေါ်နှင်းအေးလည်း အင်းမလှုပ်၊ အဲမလှုပ် နားထောင်နေလေ၏။
ထိုအတွင်း အသက် ၂၅နှစ် ခန့်ရှိ သူငယ် တစ်ယောက် အခန်းထဲသို့ ဝင်ရောက်လာရာ ဦးဘမောင်က လှမ်း၍ ပြုံးပြီး “မောင်မောင်ရေ၊ မင်းမေမေ ပစ္စည်းတွေ ကူပြီးသိမ်းပေးကွယ်။ ဖေဖေတို့ တနင်္ဂနွေနေ့လောက် ရုံးက ကားစီစဉ်ပေးမယ် ပြောတယ်။ အဆင်သင့် လုပ်ထားမှပဲ”
“ဖေဖေတို့ ဟိုမှာ အိမ်ရပြီလား” ဟု မောင်မောင်က မေးရင်း မိဘနှစ်ဦး နားတွင် ဝင်၍ ထိုင်လိုက်လေ၏။
"အိမ်မရလို့ မင်းမေမေ စိတ်ညစ်နေတာပေါ့သားရဲ့။ ဟိုမှာ ဝန်ထောက်ဦးအေးတို့နဲ့ အတူ နေရလိမ့်မယ်”
"စိတ်မညစ်ပါနဲ့ မေမေရယ်၊ ကျွန်တော်တို့လည်း လူများ တာမှ မဟုတ်ဘဲ၊ သားအဖသုံးယောက်နဲ့ အစေခံလင်မယားနှစ်ယောက် ပဲဟာ၊ ဒီလိုပဲ ကြည့်နေရတာပေါ့”
ခင်ပွန်းသည်တွင်မက သား ဖြစ်သူကပါ ဖျောင်းဖျနေခြင်းကို ဒေါ်နှင်းအေးလည်း ခေါင်းတဆတ်ဆတ် ညိတ်၍ နေလေ၏။
ဖုန်တထောင်းထောင်း ထဲ၌ လူးလှိမ့်၍ ပြေးနေသော ကားကြီးပေါ်တွင် ဒေါ်နှင်းအေးသည် အဝတ်ကို ခေါင်းပေါင်းလျက် လိုက်ပါလာခဲ့လေ၏။
မြို့ထဲသို့ ကားဝင်လာခဲ့သည့်အတိုင်း နှာခေါင်းတွင် ပဝါဖြူနှင့် ပိတ်၍ ထားသဖြင့် ဦးဘမောင်က သားလုပ်သူအား “ဟေ့ မင်းမေမေ အသက်ရှူခိုင်းပါဦးကွယ်” ဟု ရယ်ရယ်မောမော ပြောရလေ၏။
မြို့ထဲတွင် ရုတ်တရက် မျက်စိလည်နေကြ၍ ဟိုဝင်သည်မေးနှင့် တစ်နာရီခန့်ကြာမှ ကန်ကြီးနားရှိ ဗိုလ်တဲဝင်းထဲသို့ ကားဝင်ခဲ့နိုင်လေ၏။
မိတ္ထီလာကန်တော်ကြီးကား ကြည့်လေတိုင်း မဆုံးနိုင်ဘဲ အမှိုက်သရိုက် ကင်းစင်၍ ရေတပြင်လုံး ဖွေးဖွေးကြည်လင်နေလေ၏။ ကန်မှ တသိမ့်သိမ့် တိုက်ခတ်လိုက်သော လေပြည်လေညင်းကလေး၏ အရသာကို သုံးဆောင်ခံစားလိုက်ရခြင်းကြောင့် တစ်လမ်းလုံး ဖုန်တထောင်းထောင်းနှင့် ငြီးစော်နံလာရခြင်းကို ဆီး၍ ယပ်ခပ်ပေးလိုက်သကဲ့သို့ အေးမြကြည်လင်သွားကြလေ၏။
အိမ်ပြင်ဘက်တွင် ကားထိုးဆိုက်လိုက်သော်လည်း တစ်ဦး တစ်ယောက်မျှ ရုတ်တရက် ထွက်မလာကြပေ။ ဟွန်းသံအတန်တန်ပေးမှ အပေါ်ထပ် ဆင်ဝင်တံခါးပေါက်တစ်ချက် ပွင့်လာပြီး အသက် ၄ဝ ခန့်ရှိ မိန်းမ တစ်ယောက် ကိုယ်တစ်ပိုင်း ပေါ်ထွက်လာလေ၏။
အင်္ကျီကြယ်သီးများ ပြုတ်၍ ဆံပင်ဖိုးရိုးဖားရားနှင့် ထိုမိန်းမ၏ အသွင်ကို ဒေါ်နှင်းအေးလည်း လှမ်း၍ အကဲခတ်လိုက်၏။ ပြတင်းပေါက်မှ ခေတ္တမျှ စိုက်ကြည့်နေပြီးမှ “ဪ … ဘယ်သူတွေလဲလို့ လက်စသတ်တော့ ကိုအေး ပြောနေတဲ့ ဝန်ထောက်မင်းတို့ပါလား။ လာပါ ...လာပါ။ ဟဲ့ .. မိ စော၊ ဟုတ်ပေါင်၊ ဟဲ့ ...မိစမ်း .. မိစမ်း၊ တံခါးဖွင့်လိုက်စမ်းပါဟဲ့၊ အောက်က တံခါးတွေ ဖွင့်လိုက်ပါဆိုမှ၊ ဒီကောင်မနှယ် ယောင်တိယောင်တောင်နဲ့ မြန်မြန်လုပ်၊ ဧည့်သည်တွေ ရောက်နေပြီ။ မြန်မြန်ဟဲ့” ဟုပြောလေ၏။
ထိုမိန်းမ၏ အသံမှာ တစ်ပြိုင်နက်တည်း စီစီညံသွားလေ၏။
ဦးဘမောင်၊ မောင်မောင်နှင့် တကွ အစေခံနှစ်ယောက် ပါ ကားကြီးပေါ်မှ ပစ္စည်းများ ကို မြေပေါ်သို့ ပုံချနေကြစဉ် ဒေါ်နှင်းအေးမှာ ပွင့်လာသော အောက်ထပ်တံခါးဝတွင် ရပ်လျက် အခန်း၏ အခြေအနေကို အကဲခတ်၍ နေလေ၏။
အခန်းကို ကြည့်နေစဉ်တွင် လှေကားမှ အပေါ်ထပ်က မိန်းမကြီးလည်း တဖျတ်ဖျတ်နှင့် ဆင်း၍ လာလေ၏။
"ဝန်ထောက်မင်းတို့ လာမယ်ဆိုတာနဲ့ ကျွန်မတို့ အောက်ထပ်ကို ရှင်းထားပါတယ်။ အကျယ်ကြီးပါပဲ။ နေနိုင်ပါတယ်။ ဒီကတော့ ဝန်ထောက်မင်းနဲ့ ဘာတော်ပါသလဲ။ တစ်နေ့တစ်နေ့ မျှော်လိုက်ရတာ မပြောပါနဲ့တော့။ သူကလည်း လာခဲ့လိုက်တာ ဆိုပြီး မျှော်နေတာပါပဲ။ ဒီနေ့မနက်တောင် “ဒီနေ့များ ရောက်ကြမလား၊ မသိဘူးကွယ်” လို့ ပြောသွားသေးတယ်။ ညနေရုံးက ပြန်လာရင်တော့ ဝမ်းသာမှာပဲ”
ခေါင်းတညိတ်ညိတ် လည်တညိတ်ညိတ်နှင့် ကိုယ် အငြိမ်မနေ၊ လက် အငြိမ်မနေ၊ တစ်ကိုယ်လုံး သွက်သွက်လှုပ်ခါ၍ ပြောနေပုံကို ဒေါ်နှင်းအေးတွင် နတ်ဝင်သည်နှင့် တွေ့နေရသကဲ့သို့ မှတ်ထင်နေမိလေ၏။
စကားအဆုံးသတ်၍ ရပ်တည်ရာရသွားပြီး ငြိမ်ငြိမ်သက်သက် ဖြစ်၍ သွားမှပင် ဒေါ်နှင်းအေး က “ကျေးဇူးတင်ပါတယ်၊ ကျွန်မဦးဘမောင် ဇနီးပါပဲ။ တွေ့ရတာ ဝမ်းသာပါတယ်” ဟု တစ်လုံးချင်း ခပ်လေးလေး၊ ခပ်အေးအေးနှင့် သာယာသိမ်မွေ့စွာ ပြန်၍ ပြောလေ၏။
“ဒါကလေ၊ ဒါက အိပ်ခန်းလုပ်နိုင်တယ်။ ဒါက ဧည့်ခန်းနဲ့ ထမင်းစားခန်းရောလုပ်ပေါ့။ ဪ .. မင်းကတော်က သနပ်ခါးလိမ်းခန်း မလိုပါဘူး။ သမီးပျိုမှ မရှိဘဲ၊ အိပ်ခန်းထဲပဲ လုပ်တာပေါ့။ ရေချိုးဖို့တော့ အောက်မှာ အခန်းမရှိဘူး။ နောက်ဖေးဘက်မှာပဲ ကာပြီးချိုးပေါ့။ ထမင်းချက်တာတော့ ဟိုအစေခံတန်းလျားနားမှာ မီးဖို ရှိတယ်။ အဲဒါ အတူတူ ချက်တာပေါ့”
အိမ်ထဲတွင် တောင်လျှောက်မြောက်လျှောက် ဒယိမ်းဒယိုင်နှင့် စာစာစာစာလုပ်နေသည့်အတွက် အိမ်၏ အနေအထားကို ပစ္စည်းများ ချက်ချင်း သွင်းနိုင်ရန် မစီမံမရာထားနိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်လျက် “ဟုတ်ကဲ့၊ ဟုတ်ကဲ့” ဟုသာ ခေါင်းတွင်တွင် လိုက်ညိတ်နေရလေ၏။
ပစ္စည်းများ အိမ်ထဲသို့ သယ်လာလျှင် ဟိုမှာ ထားပါလား၊ သည်မှာ ထားရင် မကောင်းဘူးလားနှင့် မုချပင် ဆရာလုပ်နေဦးမည် ပုံပန်းပဲဟု အကဲခတ်မိပြီးနောက် ပစ္စည်းများ ကို နေရာချ၍ မရွှေ့ဘဲ တစ်နေရာတည်းတွင် စုပုံထားစေလေ၏။
ဦးဘမောင် ဝင်လာလျှင်လာချင်း ဒေါ်နှင်းအေးက “ကိုဘမောင်၊ ဒါ ဦးအေး မင်းကတော် ပဲ” ဟု မိတ်ဆက်၍ ပေးလိုက်သော ဆင်ဝင်အောက်တွင် ခေါက်ကုလားထိုင်များ ကိုဖြန့်၍ ခင်းပေးလိုက်ပြီး နှစ်ယောက်သား စကားလက်ဆုံကျနေစေ၍ ၎င်းတွင်မူ အိပ်ရန်အခန်းကို ရှေးဦးစွာ တွင်တွင်ကြီး သုတ်ခြေတင်၍ ဆေးကြောရှင်းလင်းသုတ်သင်နေလေ၏။
ဦးဘမောင်နှင့် စကားပြောနေရာမှ မိမိအား “ကျွန်မတို့လှည်းထားပါတယ်။ လှည်းပြီသားပါ” ဟု တစ်ချက်တစ်ချက် လှမ်း၍ ပြောသဖြင့် ဒေါ်နှင်းအေးလည်း အားနာသော အသွင်၊ ကျေးဇူးတင်သော အမူအရာ မျက်နှာထားမျိုးပြလျက် “ဟုတ်ကဲ့၊ ဟုတ်ကဲ့” ဟု ပြန်ပြောရင်း ရှင်းမြဲရှင်း၍ နေလေ၏။
“မောင်နီ မင်းက အိုးတွေ ၊ ခွက်တွေ ထုတ်၊ ဆန်တို့ ဆီတို့ ငါးခြောက်တို့ကိုယူ၊ နောက်ဖေးက တန်းလျားမှာ ထမင်းသွားချက်တော့၊ တစ်ဖိုက ရေနွေးအိုး တည်ထားပါ”
“မြမေ ဟိုထောင့်မှာ စုထားတဲ့ အမှိုက်ပုံကြီးကို ကြုံးပြီး ဝင်းထရံ ဟိုတစ်ဖက်မှာ သွားပစ်၊ ပစ္စည်းတွေ စုပုံထားတဲ့နေရာက ရေဖတ် မတိုက်ရသေးဘူး။ ပြီးတော့ သံပုံးထဲက ရှိလက်စ ရေကလေးနဲ့ တိုက်လိုက်”
“မောင်မောင်ရေ၊ မင်းဖေဖေ ရေချိုးပြီး လဲဖို့ အဝတ်အစားတွေ ထုတ်ထား။ မင်းလည်း ခေါက်ခုတင်တွေ ဆင်ပြီးရင် ရေချိုးတော့”
တစ်ယောက်စီ တစ်ယောက်စီ လှမ်း၍ နှုတ်ကလည်း စီမံခန့်ခွဲလျက်၊ လက်ကလည်း ပန်းကန်သေတ္တာများကို ဖွင့်၍ ရှင်းလင်းနေပြီးလျှင် ဒေါက်စားပွဲတွင် ညစာစားရန် ပြင်ဆင်ပြီးနောက် သားဖြစ်သူ ဆင်ထားသော ခုတင်ဆီသို့ သွား၍ အိပ်ရာများ ပြင်ဆင်နေလေ၏။
နှစ်နာရီ၊ သုံးနာရီအတွင်း အောက်ထပ်မှာ နေသားတကျ ဖြစ်သွားလေ၏။ ခရီးရောက်မဆိုက် ခေတ္တ၊ တစ်နေ့တစ်ည နေနိုင်ထိုင်နိုင်ရန် အချိန်လု၍ အပြေးအလွှား စီမံခန့်ခွဲပြင်ဆင် လုပ်ကိုင်နေရသဖြင့် ဒေါ်နှင်းအေးတွင် ချွေးတလုံးလုံးနှင့် ဖြစ်၍ နေ၏။
အိပ်ရာများကို ခင်းကျင်းပြီးနောက် အပြင်ဘက်တွင် မိမိခင်ပွန်းနှင့် စကားလက်ဆုံကျတုန်းရှိသော ထိုမင်းကတော် အား “တော်တော်လည်း စကားပြောနိုင်တဲ့ မိန်းမပဲ၊ နေစောင်းနေပြီ” ဟု စိတ်ထဲတွင် အောက်မေ့လျက် အပြင်သို့ထွက်လာကာ ဗန်းငယ်ကလေးတစ်ချပ် ထုတ်၍ ဖန်ခွက်နှစ်လုံး ဆေးကြောပြီးလျှင် ဆီးဖျော်ရည်များ ဖျော်ထည့်လိုက်ပြီးနောက် ၎င်းတို့ စကားပြောနေရာသို့ မြမေအား သွား၍ ပို့ခိုင်းလိုက်လေ၏။
“ဪ ...နေရာရှာလို့ ပြောင်းတုန်း ရွှေ့တုန်းမှာ ဒုက္ခများ လိုက်တာ။ ထမင်း ညစာမချက်ပါနဲ့ဦး၊ ဒီတစ်ည အိမ်ကပဲချက်ပါ့မယ် ဝန်ထောက်မင်းရယ်”
“သောက်ပါ သောက်ပါ၊ အင်မတန် ခံတွင်းရှင်းပါတယ်။ ထမင်းချက်နေပြီ ထင်ပါရဲ့ ၊ မနှင်းအေးရေ ...မနှင်းအေး၊ မင်းကတော်က ထမင်းမချက်ပါနဲ့တဲ့ကွယ်” ဟု ဦးဘမောင်က လှမ်း၍ ပြောလိုက်သော်လည်း ...
“အို ... နေပါစေ၊ ချက်ခိုင်းထားပါပြီ။ နေပါစေ” ဟု ဒေါ်နှင်းအေး၏ အသံသာ ထွက်လာပြီးလျှင် လူကားထွက်မလာသေးချေ။
“ဝန်ထောက်မင်းက ရုံးပြန် နောက်ကျတယ်နော်” ဟု ဦးဘမောင်က မေးလိုက်ရာ ..
“ဟုတ်ပါတယ်၊ တစ်ခါတလေလည်း ဂျပန်တွေနဲ့ မြင်းစီးသွားနေလို့ နောက်ကျတတ်ပါတယ်။ လာချိန်တန်ပါပြီ” ဟု ပြန်ပြောလေ၏။
“အင်း..မင်းကတော် ခုနက ပြောသလို ဆိုရင်တော့ အခုနေအခါ လူတွေလည်း အရင်လို မဟုတ်တော့ဘူး။ လောဘတိုက်နေကြပြီ၊ ဒီလောက်ပဲ စားကုန်သောက်ကုန် ဈေးကြီးသလား၊ မင်းကတော် ရယ်”
“အဲဒါ ဈေးနှုန်း ကန့်သတ်ထားလို့ ဝန်ထောက်မင်းရဲ့ ၊ လူတွေကလည်း ဂျပန်စစ်တပ်သာ ကန်ထရိုက်သွင်းချင်တာပဲ၊ ကန့်သတ်တဲ့ ဈေးနဲ့ မရောင်းပါဘူး။ ဝှက်ပြီးရောင်းတော့ မတန်အတန် ပေးဝယ်ရတယ်။ ရတဲ့ လခကလည်း ဆီတစ်ပုံးဖိုးတောင် မရှိတော့ အိတ်ထဲက စိုက်နေရတာပါပဲ။ တစ်လနဲ့တစ်လဟာ၊ ဟော .. မင်းကတော်တောင် ရေချးပြီးပါရောလား။ ဘယ်မှာ သွားချိုးလိုက်သလဲ၊ အပေါ်ထပ် တက်ချိုးရောပေါ့”
“နေပါစေ၊ မြမေနဲ့ ဆွဲခိုင်းပြီး ချိုးလိုက်ပါတယ်” ဟု ဒေါ်နှင်းအေးက ပြန်ပြောပြီး ဦးဘမောင် ဘက်သို့ လှည့်၍ “ကဲ ... ရှင် ရေသွားချိုးတော့လေ” ဟုဆိုကာ ဦးဘမောင် အထတွင် ဦးဘမောင်၏ နေရာတွင် ဝင်၍ တစ်လှည့် ဧည့်ခံရလေ၏။
“အပေါ်ထပ်မှာ လူတော်တော် များ ပါသလား၊ မင်းကတော် ”
“မများပါဘူး။ ကျွန်မတို့ သားအဖသုံးယောက်ရယ်၊ ခိုင်းတဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ ဒါပါပဲ”
“ဪ...သားသမီး ရှိတယ်နော်”
“သမီးပျိုကလေး ရှိပါတယ်။ မင်းကတော် သားရော ကျောင်းမထားခဲ့ဘူးလား”
“ကောလိပ်တော့ ဖွင့်နေပါတယ်။ ဒါပေမဲ့ ဖအေက ကာလဆိုးကြီးထဲမှာ သားကို မထားခဲ့ချင်လို့ ခေါ်လာပါတယ်”
“ဒီလိုပါပဲ၊ မြမြလည်း မိန်းကလေးပဲဆိုပြီး ဆက်မထားပါဘူး။ ခေတ်က ပညာသင်ဖို့ မပြောနဲ့၊ နေဖို့ထိုင်ဖို့တောင် အတော် ဆိုးတဲ့ခေတ်၊ အလုပ်လုပ်ရတာလည်း မင်းကတော်ရဲ့ မာစတာချည်းပဲ၊ အထက်က တစ်မျိုး၊ သခင်က တစ်မျိုး၊ ဓားပြက တစ်မျိုး၊ ဂျပန်က တစ်မျိုး၊ ဘယ်သူ့ ဘယ်သူ ရှိခိုးရမှန်းတောင် မသိဘူး။ ဝန်ထောက်ရယ်လို့သာ ဆိုတယ်။ ဘာသြဇာမှလည်း မရှိဘူး။ ဘာပါဝါမှလည်း မရှိပါဘူး။ အခိုင်းအစေ၊ အစေခံ ပြာတာက စပြီး မနာခံချင်ဘူး။ ဘုရား မထူးချင်ဘူး။ ဒါကြောင့် ပြောလိုက်ရတယ်။ ဟဲ့ မနေ့တစ်နေ့က ဖြစ်တဲ့ လက်သစ်ဝန်ထောက် မဟုတ်ဘူးနော်၊ တို့ကို မင်းတုမင်းယောင်တွေလို မမှတ်နဲ့လို့ပြောရတယ်။ ခရိုင်ဝန် ဆိုတာလည်း မင်းကတော်မို့ပြောရဦးမယ်။ မနေ့ တစ်နေ့ကမှ ခရိုင်ဝန် တက်လုပ်တာလား။ အလုပ်ကို ဘယ်လို လုပ်ရမှန်း နည်းနည်းမှ နားမလည်ဘူး။ ကိုအေးတို့က ကူညီ သင်ပေးနေရတယ်။ ခရိုင်ဝန်ကတော်ကို မင်းကတော် တွေ့ရပါလိမ့်မယ်။ ငါးစိမ်းသည်ပါပဲ၊ အာပေါင်အာရင်းက သန်ပါဘိသနဲ့၊ မာနကြီးနေလိုက်တာ မျက်စိကို မပွင့်ပါဘူး။ ဝတ်စားထားလိုက်တာကလည်း လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်တော့တာပါပဲ။ ဥဿဖရားရော၊ ကျောက်နီရော၊ ကျောက်စိမ်းရော၊ ရွှေရော ပြွတ်သီးထနေတာပဲ မင်းကတော်ရဲ့၊ ဒါကြောင့်မို့ မြမြကို ပြောရတယ်။ ငါ့သမီး စိန်တွေကို ချွတ်ထား၊ မဝတ်နဲ့။ သူတို့လိုပဲ ဥဿဖရား ထင်နေမယ်လို့ ပြောရတယ်။ အရပ်ကလည်း ကောင်းတဲ့ အရပ် မဟုတ်ဘူး။ မျက်ခမ်းစပ်တွေနဲ့ ပြောရဆိုရ ဆက်သွယ်ရတာ လည်း စိတ်ညစ်စရာကြီးပဲ မင်းကတော်ရဲ့ ၊ တစ်နေ့ကလည်း ဈေးထဲမှာ မင်းမှန်းစိုးမှန်း မသိ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောလို့ ကျောင်းမှန်းကန်မှန်း သိရအောင် နန်းမတော် မယ်နုလို မင်းကတော် အစားထဲက မထင်နဲ့လို့ ပြောခဲ့ရသေးတယ်။ မကောင်းဘူး မင်းကတော်၊ ရှေးကလို မဟုတ်ဘူး မင်းကတော်ရဲ့။ သုံးပန်းလှမင်းကတော်တွေနဲ့ ပေါင်းရသင်းရတာ ဘယ်လိုများ ခွကျမှန်း မသိပါဘူး”
ဤကဲ့သို့ ကရားမှ ရေလွှတ်သကဲ့သို့ တတွတ်တွတ် ပြော၍ အဆုံးတွင် ဒေါ်နှင်းအေးက ဖန်ခွက်ကို လက်ညှိုးညွှန်ပြလိုက်တာ “သောက်လိုက်ပါဦး မင်းကတော်” ဟု ဆိုလေ၏။
အသက် ၅ဝ ခန့်ရှိ ထောင်ထောင်မောင်းမောင်း လူကြီး တစ်ယောက် ဝင်းထဲသို့ ဝင်လာသည်ကို မြင်၍ သောက်နေသည့် ဖန်ခွက်ကို လက်ထဲက ချပြီး “ကိုအေးရေ၊ ဝန်ထောက်မင်းတို့ ရောက်နေကြပြီ” ဟု လှမ်း၍ အော်လိုက်လေ၏။
“ဪ .. မျှော်လိုက်ရတာ မင်းကတော် ၊ ဟဲ ...ဟဲ ဝမ်းသာပါတယ်။ ဦးဘမောင်ရော ခင်ဗျာ”
မျက်ထောက်ကြီး နီ၍ တစ်ခွန်းနှင့် တစ်ခွန်း လေမဆက်ဘဲ ခေါင်းကို ရှေ့ထိုးနောက်ငင် လုပ်ကာ အရက်သမားမျက်စိမျိုးနှင့် ကြည့်၍ ပြောနေခြင်းကို ဒေါ်နှင်းအေးက “ရေချိုးနေပါတယ်၊ ဝန်ထောက်မင်းထိုင်ပါ၊ ထိုင်ပါ” ဟု မိမိကုလားထိုင်ကို ထိုး၍ ပေးလိုက်လေ၏။
“အို ..ထိုင်ပါ ...ထိုင်ပါ၊ ကျွန်တော် တစ်နေ့လုံး ထိုင်ရလို့ ညောင်းပါတယ်။ မလှမေ မင်းကတော်တို့ကို ဘာလေးညာလေး ကျွေးပြီးပြီလား။ ထမင်းလည်း ကျွေးပါ၊ ထမင်းကျွေးဖို့ မင်းစီမံပါ။ မင်းကတော် ၊ ကျွန်တော် မိန်းမက စကားသာ ပြောတတ်တယ်။ ဧည့်သည် ဧည့်ဝတ်တော့ နားမလည်ဘူးဗျာ့”
“အို ..ကိုအေး ကလည်း ဘာတွေ လျှောက်ပြောနေပါလိမ့်မလဲ၊ ဒီလိုပဲ မင်းကတော် ၊ ဂျပန်တွေက အတင်း တိုက်လိုက်ပြန်ပြီထင်တယ်။ မသောက်ဖူးတော့ အူရိုင်းနေတယ်” ဟု ဒေါ်နှင်းအေးကို ပျာပျာသလဲ ပြောလိုက်ပြီးနောက် “ကိုအေး ကလည်း ဧည့်သည် ရှိတယ်လေ” ဟု လင်အား စိုးရိမ်ကြောင့်ကြ ဟန်နှင့် ဒေါ်လှမေမှာ မျက်စိမျက်နှာပျက်၍ နေလေ၏။ မိမိအား အားနာနေကြောင်း သိရသဖြင့် ဒေါ်နှင်းအေးက “ကိစ္စ မရှိပါဘူး၊ တခြားလူတွေ မှမဟုတ်ဘဲ ကျွန်မနားလည်ပါတယ် မင်းကတော်” ဟု များစွာ အရေး မကြီးလှသည့် ဟန်ဖြင့် ပြန်၍ ပြောလိုက်ရလေ၏။ ဤသို့ပင် ပြောလိုက်ရစေကာမူ ဦးအေးမှာ အရှိန်မရပ်နိုင်သေးဘဲ...
“အူရိုင်းတယ်၊ အမယ် … ဟေ့ ကျုပ်ကိုလား အူရိုင်းတယ်ပြောတာ၊ ကိုယ့်လင် တစ်သက်လုံး သောက်လာတာ အဆန်းလားကွ၊ မင်းကတော် ကျွန်တော် အများကြီး အားနာပါတယ်။ ဒီမိန်းမ အရှက်အများကြီး ခွဲတယ်။ မဟုတ်တာ အင်မတန်ပြောတယ်။ ကျွန်တော် အရက်သောက်ပေမယ့် သူ့လို မဟုတ်တာတော့ မပြောဘူး” ဟု အာလုပ်သံ၊ လျှာလုပ်သံကြီးနှင့် ယိုင်တိယိုင်တိုင် ဖြစ်နေပြန်ရာ ဒေါ်နှင်းအေးတွင် လင်မယားနှစ်ယောက် ဖြစ်နေပုံကို ကြည့်၍ နားမျက်စိ ရှက်လာသောကြောင့် “ကိုဘမောင်၊ ကိုဘမောင်” ဟု လှမ်းခေါ်လိုက်ရလေ၏။
ဦးဘမောင် ထွက်၍ လာပြီး ဦးအေးအား လက်ဆွဲနှုတ်ဆက်ကာ လွတ်နေသော ကုလားထိုင်များကို ဝင်၍ ထိုင်ကြမှ မိန်းမသား နှစ်ဦးမှာ စိတ်သက်သာရာ ရ၍ သွားကြလေ၏
ညစာ စားကြစဉ်တွင် ဦးဘမောင်က ဦးအေးသည် အရက်သောက်တတ်သော်လည်း စိတ်သဘောကောင်း၍ လူ့ဝတ္တရားအင်မတန် သိသူ တစ်ယောက် ဖြစ်သည်ဟု ပြောပြနေလေ၏။
ဒေါ်နှင်းအေးသည် ဦးအေး၏ မိန်းမအကြောင်းကို တစ်ခွန်းတစ်ပါဒမျှ ထင်မြင်ချက် ဝင်၍ မပေးဘဲ လင်ပြောသည့်စကားများကိုသာ အလိုက်သင့် ပြောကြားနားထောင်ပြီးနေလေ၏။
ထိုအတွင်း လှေကားမှ ‘ဘလပ် ဘလပ်’ နှင့် ဆင်းလာသော အသံကို ကြားကြ၍ အားလုံး လှမ်း၍ လှည့်ကြည့်လိုက်ကြ၏။
အထဲမှ အတွင်းခံဇာဘော်လီကို လက်သုံးလုံးလောက် ဖော်ပြထားသည့် အင်္ကျီတို၊ ကိုယ်ကျပ်နှင့် ထဘီတိုတိုဝတ်ထားသော မိန်းကလေး တစ်ယောက်ကို မြင်ကြရလေ၏။ အသက်အရွယ်မှာ ၁၆နှစ် ၊ ၁၇ နှစ် ခန့်လောက် ရှိလေ၏။ ခေါင်းကဆံပင်များမှာ အဖုအလိပ်အတွန့်အကောက်တွေဖြင့် အမောက်ကြီး လုပ်ထားသဖြင့် ရုတ်တရက် ကြည့်သော် ဆံပင်နှင့် မတူဘဲ ဦးထုပ်ကို ဆောင်း ထားသည်နှင့် တူလေ၏။ မျက်နှာတစ်ပြင်လုံး ဖွေး၍ နှုတ်ခမ်းရဲရဲနှင့် မျက်ခုံးကို အလိုရှိသလို ခဲနှင့် ကောက်ကောက်ဆွဲထားလေ၏။
ထမင်းစားနေကြသည်ကို မြင်လျက်နှင့် ကိုယ်ရှိန်မသတ်ဘဲ ‘ဘလပ်၊ လပ်’ နှင့် ဆင်းခဲ့၍ အောက်ဆုံးအထစ်သို့ ရောက်သော အခါမှ “အန်တီတို့ ထမင်းစားနေပြီကိုး” ဟု ဒေါ်နှင်းအေးအား လှမ်း၍ နှုတ်ဆက်လေ၏။
“ထမင်းစားပါဦးလားကွယ်” ဟု ဒေါ်နှင်းအေးက လှမ်း၍ ပြောလိုက်ရာ ထမင်းဝိုင်းနားတွင် လာရပ်လျက် “မြမြတို့မိုးချုပ်မှ စားပါ့မယ်။ အခုမှ လက်ဖက်ရည်သောက်ကြပါတယ်။ အန်တီတို့ အလကား ချက်စားတယ်။ ဖေဖေက အပေါ်မှာ မေမေ့ကို တဗျစ်တောက်တောက်နဲ့ပြောနေတယ်”
“ဝန်မလေးပါဘူး မြမြရယ်၊ ဒေါ်ဒေါ်တို့ အရန်သင့် ပါလာပါတယ်” ဟု ဒေါ်နှင်းအေးက ပြောရလေ၏။
“အန်တီတို့ လူသိပ်မများပါဘူး”
“အင်း...မြင်တဲ့အတိုင်းပဲ၊ ဒေါ်ဒေါ်တို့ သားအမိ သားအဖသုံးယောက်ရယ်၊ ခိုင်းတဲ့ လင်မယားရယ်၊ ဒါပါပဲ”
မြမြသည် မောင်မောင့်ကို မျက်ထောင့်ကလေးကပ်လျက် ကြည့်လိုက်လေ၏။ မောင်မောင်က ငုံ၍ စားနေသဖြင့် မမြင်ပေ။ ဒေါ်နှင်းအေးက မြင်လေ၏။ ထမင်းစားပွဲနားတွင် လာရပ် စကားပြောနေခြင်းအတွက် သား ဖြစ်သူ အစား ခက်လိမ့်မည်ကို တွေးမိလေ၏။ မောမောပန်းပန်းနှင့် ဝဝမြိန်မြိန် စားပါစေတော့ဟု ထမင်းကို ကပျာကယာ လက်စသတ်ကာ စားပွဲမှ ထ၍ မြမြအား အိမ်ရှေ့သို့ ခေါ်ရလေ၏။
“အန်တီ၊ ကန်မှာ လေညင်းခံရအောင် လာပါ” ဟု မြမြသည် ပြောပြောဆိုဆို အပြင်သို့ထွက်နှင့်သဖြင့် ဒေါ်နှင်းအေးလည်း ၎င်းနှင့်အတူ ကန်ပေါင်ရိုးသို့ ထွက်ခဲ့ရလေ၏။
နေဝင်ရီတရော အချိန်ကလေး ဖြစ်လေရာ ပုပ္ပါးတောင်ရိုးတစ်ခွင်မှ မြူခိုးတွေ ညို၍ နေလေ၏။ သပ္ပာယ်စွာ တည်ရှိသော ကန်လယ်မှ စေတီတော် ဆီသို့ လှေငယ်ကလေးတစ်စီး ဦးတိုက်လှော် ခတ်၍ နေ၏။ ဒေါ်နှင်းအေးသည် စေတီအား လည်းကောင်း၊ အဝှမ်းကျယ်သော ကန်ကြီးအား လည်းကောင်း၊ ခပ်လှမ်းလှမ်းမှ မြင့်မားထိုးထွက်နေသည့် တောင်ရိုး၊ တောင်စွယ်၊ တောင်တန်းကြီးအား လည်းကောင်း၊ ရပ်တန့်ကာ လှမ်းမျှော်ကြည့်ရင်း စိတ်နှလုံးမွေ့ လျော်နေခြင်းကြောင့် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ စူးစိုက်၍ ကြည့်နေမိလေ၏။
“ကန်ကြီးက သိပ်လမ်းလျှောက်လို့ ကောင်းတယ် အန်တီရဲ့ ၊ မြမြတို့တော့ ညနေတိုင်းလမ်း လျှောက်တာပဲ၊ ဒီဘက်မှာ မြို့ ထဲလောက် ဖုန်မထူဘူး အန်တီ”
“ဂျာဒူးကု,လား၊ ငှားလို့ရရဲ့လား မြမြ”
“မရပါဘူး၊ ရှိလား မရှိဘူးလား မသိပါဘူး”
“နွားနို့ရော စစ်စစ်ရမှာပေါ့နော်”
“ရပါတယ်။ မြတို့တော့ ဂျပန်ဆီက သကြားရမှ ကော်ဖီသောက်တာပဲ။ နို့ပဲ သောက်ကြတာပဲ”
“ဂျပန်တွေ အိမ်မှာ အရက်လာမသောက်ဘူးလား”
“တစ်ခါတစ်လေ လာသောက်ပါတယ်။ ဆူနေတာပဲ”
ဒေါ်နှင်းအေးသည် အရက်သမားနှင့် တွဲနေရမည်ကို စိတ်မသက်မသာ ဖြစ်၍ သွားလေ၏။ သားအမိသားအဖသုံးယောက်တို့၏ အကျင့် အမူအရာ စိတ်နေသဘောထားတို့ကို တွေးတောဆင်ချင်၍ ကန်ပေါင်တွင် ငြိမ်သက်စွာ ရပ်လျက်နေမိလေ၏။
“ဟော ... ကိုကိုနဲ့ ဦးတို့ လိုက်လာပြီ” ဟု မြမြက ပြောလိုက်လေ၏။ ဦးဘမောင်က ဒေါ်နှင်းအေးအား “ကန်ကို သဘောမကျဘူးလား” ဟု မေးလိုက်သဖြင့် ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
မောင်မောင်သည် မိဘများ နားသို့ ကပ်မလာဘဲ ခပ်လှမ်းလှမ်း၌ ရပ်ကာ ရေကသိုင်းရှု၍ နေ၏။
ထိုအခိုက် မြမြသည် ကန်စပ်သို့ ပြေးဆင်းသွားကာ ကျောက်စရစ်ခဲကလေးကို ကောက်၍ ကန်ပေါင်ပေါ်သို့ ပြေးတက်လာပြီးနောက် ရေလယ်သို့ လှမ်း၍ ပစ်လိုက်၊ ပြေးဆင်းကာ ကောက်လိုက်၊ ပစ်လိုက်နှင့် လုပ်၍ နေ၏။
ငြိမ်ငြိမ်သက်သက် အများနည်းတူ ရပ်၍ မနေနိုင်ဘဲ မောင်မောင် ခပ်လှမ်းလှမ်းမှ နေခြင်းကို မရိုးမရွ ဖြစ်ဘိသကဲ့သို့ မမြင်မြင်အောင် လှုပ်လှုပ်ရှားရှားဖြင့် ဣန္ဒြေဣန္ဒြောမဲ့၍ နေခြင်းကို မြမြအား သမီးချင်း စာနာကာ သနား၍ သွားလေ၏။
မိမိတွင် သားယောက်ျား ဖြစ်သော်လည်း အစစအရာရာ စနစ်တကျ စည်းကမ်းညွှန်ပြ၍ ပိပိပြားပြား သေသေဝပ်ဝပ် ဖြစ်စေခဲ့၍ ယခုလို သမီးအရွယ် မိန်းကလေးတစ်ဦး၏ ချို့ယွင်းချက်များ ကို တွေ့ မြင်ရသော အခါ၌ကား မိမိသားနှင့် စာနာနှိုင်းယှဉ်ကာ မိန်းကလေးအတွက် သနားသွားခြင်းပင် ဖြစ်လေ၏။
ခရီးရောက်မဆိုက် ည၌ အိပ်မပျော်၍ ယနေ့ တွေ့သမျှ မြင်သမျှတို့ကို မှတ်တမ်းတင်ပြီး ၎င်းတို့ သားအမိသားအဖအတွက် ဒေါ်နှင်းအေးလည်း စိတ်မောမိလေ၏။
နံနက်တွင် ခင်ပွန်းသည်၏ ဝေယျာဝစ္စများကို ဆောင်ရွက်ပြီး၍ ရုံးတက်သွားမှပင် နံနက်စာ စား၍ အကြမ်းရှင်းလင်းသုတ်သင်ထားသော အိမ်ကို အချောပြင်ပြန်လေ၏။ ပင့်ကူမျှင်၊ ကျပ်ခိုး၊ တစိုးတစိမှ မကျန်အောင် အမိုးအထပ်ကို သုတ်သင်ရှင်းလင်းလေ၏။ အတွင်းနံရံများကိုလည်း ရေဖတ်နှင့် အထပ်ထပ် တိုက်၍ ချေးချွတ်ပစ်လေသည်။ တံခါးပေါင်၊ တံခါးရွက်၊ ဟိုထောင့်ဒီထောင့်၊ နောက်ဖေးခန်းမှမချန် တစ်အိမ်လုံး၊ နှံ့နှံ့စပ်စပ် အားရအောင် ဆေးကြောသုတ်သင်ပစ်ပြီးနောက် ပါလာသော စားပွဲကုလားတိုင်ကလေးများကို ဖုန်သုတ်ကာ အရောင် တင်လိုက်လေ၏။
ဧည့်ခန်း၊ ထမင်းစားခန်း၊ ရုံးခန်းတို့ကို နေရာတကျ မွှမ်းမံပြင်ဆင်ပြီးနောက် ပန်းချီကားကို ဧည့်ခန်းတွင် ချိတ်ရန် မောင်နီအား လက်သမားကိရိယာသေတ္တာကို ယူခဲ့ရန်ပြော၍ မောင်မောင်ကို ကားများ ထုတ်ပေးလေ၏။ မောင်မောင်သည် ကားများကို ကိုင်လျက် နံရံအနီး ကုလားထိုင်ပေါ်တွင် ရပ်ကာ စောင့်၍ နေလေ၏။
တအောင့်လော က်ကြာမှ မောင်နီက “သေတ္တာ ပါမလာဘူး မမ၊ ကျန်ရစ်ခဲ့ပါတယ်” ဟု လာပြောသဖြင့် “မင်းတို့ ဂရုမစိုက်ဘူး။ အိမ်ပြောင်းအိမ်ရွှေ့မှာ ဒါ အမြဲယူရမှန်း သိရက်နှင့် ပေါ့ဆတယ်” ဟု မြည်တွန်တောက်တီးနေရင်းက သံ ဘယ်နေရာတွင် ပါလာနိုင်သေးသည်ကို စဉ်းစား၍ နေလေ၏။
အခန်းထဲသို့ ဝင်သွားပြီး အံဆွဲ ဆွဲလိုက်၊ သေတ္တာ ဖွင့်လိုက်နှင့် မကြာမီ ဒေါ်နှင်းအေး လက်ထဲတွင် သံလေးငါးချောင်း ဆုပ်၍ ထွက်လာလေ၏။
“တူ မရှိတာ ခက်တယ်။ ဒီပြင်ဟာနဲ့ ရိုက်ရင် ကောက်ကွေးသွားမှာ စိုးရတယ်။ မြမေ အပေါ် သွားစမ်း၊ တူကလေး ...” ဆိုပြီးမှ သတိတစ်ဖန် ရသလိုဖြင့် “နေ ...နေ ငါသွားမယ်” ဟု ပြောကာ ဒေါ်နှင်းအေးသည် ကိုယ်တိုင်ပင် အပေါ်ထပ်သို့ တက်၍ သွားလေ၏။
လှေကားထိပ်တွင် တံခါးပေါက် ပွင့်နေသဖြင့် ဆင်ဝင်ဧည့်ခန်းကို မြင်လိုက်ရသော အခါတွင် ဒေါ်နှင်းအေးသည် နှစ်မိနစ်ခန့် ငြိမ်သက်ရပ်တန့်၍ သွားလေ၏။
ဧည့်ခန်းတွင် သစ်သားလက်ရမ်း ကြိမ်ထိုးကုလားထိုင်လေးလုံး ဝိုင်း၍ ချထား၏။ အလယ်တွင် စားပွဲကလေး တစ်ခုရှိလေ၏။ စားပွဲကိုခင်းထားသော စားပွဲခင်းမှာ မည်သည့်အရောင်အဆင်း ဖြစ်သည်ကို မခန့်မှန်းနိုင်အောင် ရှိချေ၏။ ယောက်ျားဝတ် လုံချည်တစ်ကွင်းကို ကုလားထိုင်လက် ရမ်းပေါ်တွင် တင်၍ ထား၏။ ဆေးပြာလက်တစ်လုံးထဲ၌ ဆေးလိပ်တိုပေါင်း မြောက်မြားစွာ မြုပ်၍ နေသော ဆေးလိပ်ပြာပန်းကန်မှာ စားပွဲပေါ်တွင် အပေါ်လွင်ဆုံး ဖြစ်၏။ ဖုန်များကို ခြေဖဝါးနှင့် အထပ်ထပ် ပွတ်ထားသဖြင့် ကြမ်းပေါ်တွင် ဖုန်များ သိပ်လျက်နေရာ လျှာထိုးပျဉ်များပင် ရုတ်တရက် မမြင်ရပေ။ လက်ဖက်ရည်ကြမ်းအိုး၊ လက်ဖက်ရည် ပန်းကန်လုံးများမှာ စားပွဲနှင့် ထာဝစဉ် မခွဲသကဲ့သို့ အချိုပန်းကန်လုံးများမှာ လက်ဖက်ရည်ချိုးကပ်ကာ ဝါကြန့်၍ နေ၏။ စိုလိုက်ရ၊ ခြောက်လိုက်ရနှင့်ပင် စားပွဲ၌ အမြဲထာဝစဉ်နေရသည့် ပုံပန်းအသွင်ကို ဆောင်လျက်ရှိကြ၏။ ထိုအတွင်း လေတိုက်လိုက်သဖြင့် တမာရွက်ခြောက်တို့မှာ ကြမ်းပြင်ပေါ်တွင် အလိုက်သင့်လွင့်ကာ ရှရစ် ရှရစ် အသံထွက်လျက်ရှိ၏။ ပွတ်ခြင်း၊ တိုက်ခြင်း မရှိ၍ ဖုန်အလိမ်းလိမ်းနှင့် ညိုညစ်မည်းပေနေသော စားပွဲ၊ ကုလားထိုင်များ အနီး၌ အရောင်အဆင်း ကင်းမဲ့သော အပ်ချုပ်စက် တစ်လုံးရှိ၏။ စက်ပေါ်တွင် သရက်ထည်ထဘီဟောင်းများ ပုံ၍ တင်ထား၏။ ချည်စ၊ ထဘီစ၊ အထက်ဆင် အနက်ကိုက်စတို့မှာလည်း တမာရွက်ခြောက်များ ကဲ့သို့ ကြမ်းပေါ်တွင် ကစဉ့်ကရဲ လွင့်လျက်နေ၏။
ဒေါ်နှင်းအေးသည် တွေ ၍ ရပ်နေရာမှ မည်သည့်အသံမျှမကြားရ၍ အတွင်းသို့ နှစ်လှမ်းသုံး လှမ်းလျှောက်ဝင်လာခဲ့လေ၏။
အပေါ်တွင် အိပ်ခန်းနှစ် ခန်းရှိ၏။ ဆင်ဝင်ဧည့်ခန်းနှင့် အိပ်ခန်းတို့ကြားတွင် အဆောင်တစ်ခုရှိရာ ထိုအဆောင်တွင် ဘုရားစင်ကိုတွေ့ရသဖြင့် ကြက်သီးမွေးညင်းများပင် ထ၍ သွား၏။
စားပွဲခုံကြီးပေါ်တွင် ကျောက်ဆင်းတုတစ်ဆူ တင်၍ ထားပြီး ဆင်းတုဘုရားရှေ့တွင် ဖန်ခွက် သုံးလုံး၊ ဟင်းအစအနနှင့် ဆွမ်းကပ်ထားသည့် ဆွမ်းတော် ပန်းကန်တစ်ချပ် တွေ့ရလေ၏။ ဆွမ်းတော်ပွဲကို ဘေးပြတင်းပေါက်မှ စာကလေးတွေ တရုန်းရုန်းဝင်၍ ထိုးနှိုက်စားနေကြသောကြောင့် ထမင်းလုံးများ စားပွဲပေါ်တွင် ဖွေးဖွေးလှုပ်၍ နေ၏။
မိန်းမလေးယောက် ရှိသော အိမ်၌ ဤမျှ စုတ်ပဲ့ကြရမည် လားဟု ဘုရားစင်ကို ကြည့်လိုက်ရာ ဒေါသများ ပင်ထွက်လာလေ၏။ လူတစ်ဦး တစ်ယောက်မျှ မနေသကဲ့သို့ တိတ်ဆိတ်လှခြင်းကြောင့် “ဘယ်မှလဲ သွားကြတာ မတွေ့ပါဘူး။ အထဲမှာ ထင်ပါရဲ့” ဟုအောက်မေ့ပြီး ညာဘက်အခန်းဝသို့ ကိုယ်ကို ကုန်း၍ ကြည့်လိုက်ရာ ကြမ်းပေါ်တွင် ဖျာတစ်ချပ် ခင်းလျက် ပိုးလိုးပက်လက် အိပ်လျက်ရှိသော ဒေါ်လှမေကို တွေ့ရလေ၏။
အခန်းတွင်း၌ကား အပြင်ထက်ပင် ပို၍ ဆိုးလေ၏။ သံခုတင်နှစ်လုံးပူးတွဲ ၍ ခင်းထားပြီးလျှင် ခုတင်ပေါ်တွင် ကျလျက်ရှိသော ခြင်ထောင်ကို ကြည့်ခြင်းအားဖြင့် ခြင်ထောင်ကို တင်သည့် ထုံးစံ မရှိခြင်းကို ချက်ချင်း သိနိုင်လေ၏။ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တို့ကလည်း အိပ်ရန်ကို မဆိုထားနှင့် ၊ မြင်ရုံနှင့် မသတီစရာ ဟောင်းနွမ်းညစ်ပေလှပေ၏။
ခုတင်ခြေရင်းရှိ ဒေါက်နှင့် သစ်သားတန်းစင်ကလေးပေါ်တွင် ရှပ်အင်္ကျီဟောင်း၊ ယောက်ျားလုံချည်၊ မိန်းမအင်္ကျီ၊ ဇာဘော်လီ၊ မျက်နှာသုတ်ပဝါတို့ကို တစ်ထပ်ပြီး တစ်ထပ် ပြုံ၍ စုပုံတင်ထားပုံ တို့ကို ဒေါ်နှင်းအေးမှာ အော့နှလုံးနာ၍ သွားလေ၏။ ဘယ်ဘက်အခန်းတံခါးမှာ စိ၍ ထားခြင်းကြောင့် ဘာမျှမတွေ့နိုင်ဘဲ စိတ်သက်သာရာ ရသွားရလေ၏။
အသံပြုရ ကောင်း မကောင်း စဉ်းစားပြီးမှ စားသောက်ပြီးမှ စားသောက်ပြီးကြ၍ ကျောခင်းနေကြခြင်းကို မနှိုးလို၍ အောက်ထပ်သို့ ပြန်၍ ဆင်းခဲ့လေ၏။
ထိုနေ့ထိုရက်မှစ၍ တစ်အိမ်တည်း အတူနေကြသော် လည်း ဒေါ်နှင်းအေးမှာ ၎င်းတို့နှင့် စကြဝဠာတံတိုင်း ခြား၍ နေလေ၏။ မိမိနှင့် အစစ ဆန့်ကျင်ဘက်ကြီး ဖြစ်၍ နေသည်ကို တစ်နေ့ထက် တစ်နေ့ ပို၍ သိသာလာလေ၏။
သမီး လုပ်သူကိုမှ နည်းပေးညွှန်ပြ ဆိုဆုံးမရန် သိတတ်သူမဟုတ်၍ ၎င်းတို့၏ အစေခံတို့မှာကား ပြောဖွယ်ရာ မရှိ၊ အောက်မီးဖိုထဲတွင် ဗြောင်းဆန်၍ နေကြ၏။
“အစ်မရဲ့ မီးဖိုပြင်ဘက်ရင်လည်း ထွက်ချက်မှပဲ၊ ဖိုခွဲထားပေမဲ့ ဒီဘက် လှည့်လုပ်နေတုန်း ဖိုပေါ်တင်ထားတဲ့ ယောက်မ ယူသွားလိုက်၊ ဇွန်း ယူသွားလိုက်နဲ့ ယူကိုင်ပြီး ကိုင်တဲ့နေရာမှာလည်း မထားဘူး။ မီးဖိုထဲလည်း ဘယ်တော့မှ မလှည်းကြဘူး။ ကျွန်တော်ပဲ ဒိုင်ခံ လှည်းရတာပဲ။ ဘယ်လို ညစ်ပတ်မှန်းမသိဘူး” ဟု မောင်နီ ခဏခဏ ညည်းလှ၍ တစ်နေ့တွင် မီးဖိုသို့ ခေါက်တုံ့ခေါက်ပြန် ကင်းထောက်၍ ကြည့်လေ၏။
ဆီပုလင်း၊ နနွင်းမှုန့်ဘူး၊ ငရုတ်ဆုံ၊ ဓား၊ စဉ်းတီတုံးတို့ကို ဟင်းအိုးဖိုပေါ် ရောက်သည့်တိုင်အောင် မသိမ်းဘဲ မီးဖိုထဲတွင် ပြန့်ကျဲထားကြလေ၏။
ထမင်းချက်သည့် ကလေးမကလေးမှာ ဟင်းအိုး မီးဖိုပေါ်တင်ထားခဲ့ပြီး ခြံထဲသို့ ဆင်းလိုက်၊ အပေါ်သို့ တက်လိုက်လုပ်နေသဖြင့် မျက်စိအောက်တွင် အမြင်မတော် ဖြစ်နေရာ
“မောင်နီရယ် ဟင်းအိုး တူးနေပြီ၊ ချပေးလိုက်စမ်းပါ၊ မြင်ပြင်းကတ်လှတယ်” ဟု ပြောလိုက်ရသောအခါ “ဒီလိုပဲ အမေရဲ့ ၊ နေ့တိုင်း နေ့တိုင်း သူတို့အလုပ်ကိုပါ အမြင်မတော်တိုင်း ကျွန်တော်က ကြည့်ပြီး လျှောက်လုပ်ပေးနေရတာပဲ။ ကျွန်တော်လည်း စိတ်ညစ်ပြီ” စသည်ဖြင့် တတွတ်တွတ်ညည်း ညူနေခြင်းကို “ခဏကွယ်၊ ခဏပါ၊ သည်းခံပါ” ဟု ဖျောင်းဖျပေးရလေ၏။
နံနက်ခင်း၊ ညနေခင်း၌တွင် မဟုတ်ဘဲ တစ်နေ့ခင်းလုံးလိုလိုပင် အောက်ထပ်သို့ ဆင်း၍ သားအမိနှစ်ယောက် လာလည်နေကြခြင်းကြောင့် အိမ်မှုကိစ္စများကို မလုပ်နိုင်အောင်ဧည့်ခံ၍ နေရသဖြင့် ဒင်းတို့ပဲ အားရန်ကောဟု အောင့်အည်းသည်းခံ၍ အလိုက်အထိုက် လုပ်နေရလေ၏။
အရည်မရ၊ အဖတ်မရ အကျိုးမဲ့ အချည်းနှီး စကားများ သာလျှင် အဖန်တလဲလဲ ကြားနာ၍ နေရသဖြင့် ဒေါ်နှင်းအေးသည် အလွန်အမင်း စက်ဆုပ်လှလျက်နှင့်ပင် ဟန်လုပ်နေရလေ၏။
“ကိုအေး သောက်လိုက်တာဆိုတာ မင်းကတော်တို့ အမြင်ပဲ။ မလင်းဘူး။ စိတ်ညစ်လွန်းလို့ ကျွန်မဖြင့် ဘာမှ မလုပ်ချင်ဘူး။ မင်းကတော်တို့ ကတော့ အေးချမ်းတယ်။ လင်ကောင်းရတယ်။ ကုသိုလ်ကောင်းတယ်” စသည်ဖြင့် အိမ်ထောင်ကို ဇရပ်သဖွယ် လုပ်နေခြင်းကို လင် အရက်သောက်လို့ ဟု လွှဲချကာ ကိုယ့်အပြစ်ကို ဖုံးခါဖိခါပြောလေသေး၏။
၎င်းတို့ သားအမိကား ဧည့်သည်သာလျှင် မျှော်၍ နေကြ၏။ လာသမျှ ဧည့်သည် မင်းကတော်များ နှင့် အပေါ်ထပ်တွင် ပူအိုက်သည်ဟု အကြောင်းပြကာ အောက်ထပ်၌ တရုန်းရုန်း၊ တအုန်းအုန်း လာလုပ်နေခြင်းကြောင့် မျက်စိရှုပ်လှ၍ အိမ်ပြောင်းပြေးချင်သော စိတ်များပင် အခါခါ ပေါ်ပေါက်မိလေ၏။
၎င်းတို့နှင့် ရောနှောကာ ဝိုင်းထိုင်၍ စကားမပြောလျှင်လည်း မကောင်း၊ ပြောရမည် စကားများမှာလည်း မိမိတစ်သက်လုံးက မပြောခဲ့သည့် အတင်းအဖျင်းတို့ကြောင့် ဘာတစ်ခွန်းမှ ဝင်မပြောဘဲ နားထောင်၍သာ နေရလေ၏။
ယောက်ျား၊ မိဘ၊ လင်သား၊ အပေါင်းအသင်း၊ အရပ်သတင်း၊ အတင်းတို့ကို ဝိုင်းဖွဲ့၍ ပြောလိုက်ကြရာ နေကုန်မှပင် ထကြလေ၏။ ၎င်းတို့ကဲ့သို့ တနေကုန် ထိုင်မနေနိုင်၍ အိမ်၏ လုပ်ငန်း ဆောင်တာတို့ကို ထ၍ လုပ်ကိုင်နေမှပင် နားချမ်းသာရာ ရလေ၏။ ဤသို့ နေ့စဉ်နေ့တိုင်း စိတ်မချမ်းသာစရာ တွေ့ကြုံနေရသည့် ကြားထဲမှပင် စိတ်ချမ်းသာစရာ အိမ်၏ သုခကို လင်နှင့် သားအား တစ်နေ့မပျက်ပေးနိုင်အောင် ပေးလျက်ရှိလေ၏။
ယခုလို ကိုယ့်အိမ်ကိုယ့်အိုးနှင့် မလွတ်မလပ် စိတ်ကျဉ်းကျပ်နေရသည့် အထဲ၌ ဒေါ်နှင်းအေးတွင် စိတ်နှလုံးနောက်ကျစရာ အမှု တစ်ခု ကြုံတွေ့လာရလေ၏။ မိမိ၏ သားနှင့် မြမြတို့မှာ တစ်နေ့ထက် တစ်နေ့ ရင်းနှီးသည်ထက် ရင်းနှီး၍ လမ်းလျှောက်အတူ၊ သွားအတူ၊ စားအတူ ဖြစ်နေပုံကို စိတ်မချမ်းသာလျက်နှင့် ဘာမှမဖြစ်ဘိသကဲ့သို့ ဟန်ဆောင်၍ နေရခြင်းကြောင့် ဖြစ်လေ၏။
ကလေးတို့ဘာဝ ရှေ့နောက် ဘာမှမစဉ်းစားဘဲ လျှပ်ပေါ်ပေါ်ကြော့အစားမျိုးနှင့် မိမိသား ဖြစ်ပျက်သွားမည်ကို စိတ်ထဲတွင် မချိတင်ကဲ ဖြစ်၍နေ၏။ နေ့ရှိသမျှ ဤပြဿ နာကို ပြေပျောက်ဖို့ရန်သာ အကြံထုတ်ဉာဏ်ထုတ်ရလွန်း၍ စိတ်ရှုပ်၍ နေ၏။
နေ့နှင့် အမျှ သားစိတ်ကြောင့် မသက်မသာ စိတ်ညစ်၍ နေခဲ့ရာ ယနေ့တွင်မှ သား၏ ပြဿနာအတွက် သက်သာရာရရှိနိုင်မည် လမ်းတစ်ချက်ကို တွေးမြင်လေ၏။ ထိုအကြံအဆအတိုင်း မြမေအား ခေါ်ကာ တစ်စုံတစ်ရာ တီးတိုး မှာကြား ပြောဆိုထားလိုက်လေ၏။
မိမိအကြံမှာ တစ်ရက်၊ နှစ်ရက်သော် ဘာမျှ မထိရောက်သေးသော်လည်း လေး၊ ငါးရက် ကြာသော အခါ၌ ထိရောက်လာခြင်းကိုတွေ့ရလေ၏။
“အိပ်ရာကို မတင်ဘူး မေမေရဲ့ ၊ ဘာဖြစ်လို့ မတင်ပါလိမ့်လို့ အံ့သြပြီး ကျွန်တော်ဟာ ကျွန်တော် တင်ရတယ်။ ကျွန်တော် အိပ်ရာပြင်မှပဲ၊ မပြင်ရင် ဘယ်တော့မှ မပြင်ပေးဘူး။ အခု ဘာဖြစ်နေ သလဲမသိဘူး” စသည်ဖြင့် ဆူသံညံသံကလေးများ ကြားစပြုလာရလေ၏။
“ကြည့်ပါဦး မေမေရဲ့၊ ကျွန်တော် အခန်းကလေးထဲ မေမေ ကြည့်ပါဦး။ အင်္ကျီဟောင်း၊ လုံချည်ဟောင်းတွေကို မေမေရယ် ထိုးထားလိုက်တာ၊ သေတ္တာနောက်မှာ ကျွန်တော် သွားတွေ့တယ်။ ကောင်းသေးရဲ့လား မေမေရဲ့” ဟု ဒေါသအမျက် ထွက်၍ အော်ကြီးဟစ်ကျယ် ပြူးတူးပြဲတဲနှင့် လုပ်လာသည့်အခါ၌ မြမေအား မြည်တွန်ကြိမ်းမောင်း၍ မိမိကိုယ်တိုင် သား၏ အခန်းထဲ ဝင်ပြီး ရှင်းလင်းပေးလိုက်ခြင်းဖြင့် သားအား ကျေနပ်သွားစေလေ၏။
ရက်သတ္တ တစ်ပတ်၊ နှစ်ပတ်အတွင်း၌ ဤအမှု မပေါ်ပေါက်ဘဲ အေးသလိုလို ရှိသွားစေပြန်ပြီး နောက်တစ်နေ့တွင် မောင်မောင် မြို့ထဲမှ ပြန်ရောက်လာပြီး ညနေအေးတွင် မြမြတို့ ပျော်ပွဲစား ထွက်လိမ့်မည်ကို သိသည်နှင့် မောင်မောင် လိုက်မသွားနိုင်ရန် ဒေါ်နှင်းအေးသည် မောင်မောင်အား ခေါ်ကာ ဈေးဘက်သို့ ထွက်၍ သွားပြီးလျှင် နေစောင်းမှ အိမ်သို့ ပြန်ခဲ့ကြလေ၏။
ဒေါ်နှင်းအေးသည် မိမိ၏ အခန်းထဲသို့ ဝင်၍ အဝတ်များ လဲနေရာ တစ်ဖက်ခန်းမှ ဗလောင်ဆန် နေသည့်အသံများ ကြားရပြီးလျှင် မိမိ အခန်းထဲသို့ ရှူး ရှူး ရှဲရှဲနှင့် မောင်မောင် ဝင်ရောက်လာသည်ကို တွေ့ရလေ၏။
“မေမေ ...မေမေ့ကို တိုင်ရမလားလို့ အရွဲ့တိုက်နေသလားမသိဘူး။ ကျွန်တော် အင်္ကျီအဟောင်းတွေကို မလျှော်မဖွပ်ဘဲ အကုန်စုပြီး သေတ္တာထဲ ထိုးထားပြန်ပြီ။ ချဉ်စော်နံနေတာပဲ၊ တစ်ထည်ဆို တစ်ထည်မှ လျှော်ပြီးသား မရှိဘူးမေမေရဲ့ ၊ အခန်းထဲမှာလည်း သဲတရှပ်ရှပ်နဲ့ ဖြစ်ချင်သလို ဖြစ်နေတာပဲ”
“နေထိုင်မကောင်းလို့များ မလုပ်တာလားဟယ်”
“အဝတ်ဟောင်းကို တစ်ထည်က နှစ်ထည် ထားရင် ကျွန်တော် မပြောပါဘူး။ အခု လေးငါး ဆယ်ထည် စုထပ်ထားတာ၊ တမင် လုပ်တာပေါ့မေမေရဲ့။ ဘယ်မိန်းမ ဒီလိုလုပ်ထားမလဲ၊ ဒါ တမင်တကာ လုပ်ထားတာမှ တမင်အရွဲ့တိုက်တာ။ မေမေ လာကြည့်ပါ။ အိပ်ရာဆိုတာ နံနေပြီ။ ဘယ်တုန်းကများ သုံး၊ လေးရက် မလဲဘဲ သူ နေဖူးသလဲ၊ ဒီနေ့မှ သေသေချာချာ ကြည့်မိတယ်။ ဟောင်းလှပြီ။ နံစော်နေပြီ။ သူ ဘာလုပ်နေတာလဲ။ ကျွန်တော် ပြောရလိမ့်မယ်”
“မဟုတ်တာ ဘယ်နှယ့် မင်းပြောရမှာလဲ။ ဒါ မင်းပြောရမယ့်ကိစ္စ မဟုတ်ပါဘူး။ မေမေ မေးရ ပြောရမှာပါ။ နောက် ဒါမျိုး မဖြစ်စေရဘူး။ လာလာ၊ မေမေ မန်ကျည်းသီးထောင်းစားချင်လို့ လာစမ်း၊ လာစမ်း” ဟု မောင်မောင်အား အိမ်ဘေးသို့ ဆွဲ၍ ခေါ်သွားလေ၏။
မောင်မောင်သည် မိမိ စိတ်ဆိုးနေပြီ အထင်ရှိ၍ မိမိအား စိတ်ဆိုးပြေသွားရန် မိခင်က ခိုင်းသည်ဟု အထင်ရှိကာ စိတ်မဆိုးကြောင်း မိခင်အား ပြလို၍ ရယ်ရယ်မောမောလုပ်လျက် သစ်ပင်ပေါ်သို့ တက်သွားလေ၏။
မန်ကျည်းပင်ကြီးမှာ အိမ်နှင့် ကပ်လျက် ပေါက်နေသည့် ဧရာမအပင်ကြီး ဖြစ်လေ၏။ ဒေါ်နှင်းအေးသည် မန်ကျည်းပင်မှ မန်ကျည်းသီးကို မကြည့်ဘဲ တစ်ကိုင်းမှ တစ်ကိုင်းတက်၍ သွားသော သား အားသာလျှင် အောက်က စိုက်ကြည့်နေလေ၏။
လက်လှမ်းထားသော အကိုင်းမှ မန်ကျည်းသီးကို ရုတ်တရက်မခူးသေးဘဲ အပင်နှင့် ကပ်လျက် အပေါ်ထပ် အခန်းသို့ မျက်စိရောက်နေကြောင်းကို ဒေါ်နှင်းအေးလည်း သားအား စူးစိုက်၍ ကြည့်နေလေ၏။
အခန်းကို စူးစူးစိုက်စိုက် ကြည့်နေသည့် မောင်မောင်ကို “ဟေ့ ... ဘာများ မြင်ရလို့လဲကွယ့်၊ ရှုံ့မဲ့နေလိုက်တာ၊ ခူးမှာ ခူးစမ်းပါကွယ်” ဟု အောက်က အသံပေးလိုက်လေ၏။
မောင်မောင်သည် မိခင်၏ အသံကြားမှ မန်ကျည်းသီးများကို လှမ်းဆွတ်ကာ ခါးပိုက်ထောင်ထဲသို့ ထည့်လေ၏။
အခန်းကိုသာလျှင် သမင်လည်ပြန် လှည့်ကြည့် လှည့်ကြည့်လုပ်၍ ခူးနေသည်ကို ဒေါ်နှင်းအေးလည်း ကျေနပ်စွာ ကြည့်၍ နေ၏။
“တော် လောက်ရောပေါ့ကွယ်” ဟု လှမ်း၍ အော်ပြောလိုက်မှပင် မောင်မောင်သည် အောက်သို့ ဆင်းလာခဲ့လေ၏။
“ဘာတွေ မြင်ရလို့လဲ သားရဲ့ ၊ မျက်မှောင်ကြုတ်ကြည့်နေလိုက်တာ၊ သူတို့ မရှိကြဘူး။ အပြင်ထွက်သွားကြတယ်”
“ဘယ်သူ နေတဲ့ အခန်းလည်း မသိပါဘူး မေမေရယ်၊ ဖြစ်နေလိုက်တာ” ဟုပြောပြီး မိခင်အား မဲ့ရွဲ့၍ ကြက်သီးထပြလိုက်လေ၏။
“ဒီဘက်က မြမြ နေတဲ့အခန်းလေ။ ဘာဖြစ်လို့လဲ၊ ဘာတွေ့ခဲ့ရလို့လဲကွ”
“ဟာ ထဘီတွေ ၊ ထဘီတွေ ၊ ကွင်းလုံးချွတ် ပုံထားလိုက်တာ မမြင်ဝံ့၊ မရှုဝံ့ပါပဲ၊ ကြမ်းပြင်မှာ သနပ်ခါးစက်တွေ ကလည်း ဖွေးဖွေးလှုပ်နေတာပဲ။ ခြင်ထောင်ကြီးကလည်း လေနဲ့ လွင့်နေလိုက်တာ မည်းညစ်နေတာပဲ၊ ပင့်ကူအိမ်တွေ ကလည်း ပွလို့၊ ဖုန်တွေ၊ အမှိုက်သရိုက်တွေနဲ့ တစ်ခန်းလုံး ပွေရှုပ်ပြီးကျွမ်းသဒါလန်နေတာပဲ”
“ဟုတ်လား၊ ဪ ... အေးအေး၊ အဲဒီလို မိန်းမနဲ့များ မင်းရရင် ခက်မယ်။ ခဏတဖြုတ် ရှုပ်တာတောင် မင်း မနေတတ်တဲ့အကောင်။ မင်း ယူတဲ့မိန်းမ၊ မင်းနဲ့ကို နှစ်ပြန်လောက်သန့်မှ ကိုက်တော့မှာပဲ” ဟု ရယ်မောကာ မောင်မောင်၏ နားထဲသို့ ထိုစကားများ ပစ်သွင်းလိုက်ပြီးလျှင် ထိုနေ့ညနေတွင် ဒေါ်နှင်းအေး ကိုယ်တိုင်ပင် မောင်မောင်၏ အခန်းကို အထူးစပါယ်ရှယ် ခင်းကျင်းပြင်ဆင် ပေးလိုက်လေ၏။
မောင်မောင်လည်း မိမိ၏ သားနားသပ်ရပ်သန့်ရှင်းလှသည့်အခန်းကို ရေချိုးရာမှ အပြန် တွေ့ရရာ မိခင်အားကျေးဇူးတင်လှ၍ မိခင် ပြောသည့် စကားများကို နားမှ မထွက်နိုင် ဖြစ်၍သွားလေ၏။
ထိုနေ့မှစ၍ ရန်ကုန်သို့ ပြန်မပြောင်းမချင်း ဒေါ်နှင်းအေးသည် မြမြနှင့် မောင်မောင် အတွဲ နည်း၍ မောင်မောင် ရှောင်ဖယ်နေပုံကို မြမေနှင့် နှစ်ယောက်သား ကြိတ်၍ ပြုံး နေကြလေတော့၏။
▢ ဂျာနယ်ကျော်မမလေး
📖 ဂျာနယ်ကျော်
အတွဲ (၄)၊ အမှတ်(၅)
၂၅-မေ-၁၉၄၆
နှင့်
အတွဲ (၄)၊ အမှတ်(၆)
၁-ဇွန်-၁၉၄၆
No comments:
Post a Comment