❝ ကျားဆိုမှ ကျား ယောက်ျား ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
“အမေကြီး၊ ရှေးစကားပြောပါ”
“သွားစမ်းဟယ်...၊ ဒီမှာ မောရတဲ့အထဲ”
မြေးငယ် မောင်မောင်လှသည် မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော ရီးကျီးဒန်၏ ဒူးခေါင်းကို မေးစေ့နှင့် သွားချိတ်လိုက်ရာက ပူဆာသည်တွင် ရီးကျီးဒန်က ခပ်ငေါက်ငေါက်ပြောရင်း တွန်းပစ်၏။ သူသည် နွားစာရေ အခေါက်နှစ်ဆယ်ခန့် ခပ်လိုက်ရသည့်အတွက် အတော်ပင်ပန်းသွားသည်။ မြေးတွေ ကျောင်းဖွင့်သည့် နေ့ရက်ဆိုလျှင် အခေါက်သုံးဆယ်ကျော် ခပ်ရသည်။ ယနေ့ မေကြည်၊ ခင်ခင်ကြီးနှင့် မိမိထွေးတို့ ဝင်ကူသောကြောင့် ဆယ်ခေါက်ကျော်ကျော် သက်သာသွား ခြင်းဖြစ်၏။
သို့ဖြစ်ငြား အသက် ၇ဝ ကျော်စ အမယ်ကြီးအိုတစ်ယောက်မှာ ဝါးတစ်ရိုက်ခန့် မြင့်သော ချောက်ကမ်းပါးကို နှစ်ဂါလံကျော်ဝင်သည့် မြေရေအိုးကြီး ရွက်လျက် အကြိမ်နှစ်ဆယ်ခန့် တက်ရဆင်းရသော အလုပ်မှာ မသက်သာလှပါ။ လုပ်နေကျမို့သာ တော်တော့သည်။ တော်ပေမယ့် မောကား မောသည်။ ပြောင်းဖူးဖက်ဆေးလိပ်တိုကို ကောက်ကိုင်ထားပြီးပါလျက် မီးသော်မျှ မညှိနိုင်သေးအောင် မောသည်။ သည်မျှ မောပန်းနေချိန်တွင် မည်သူသည် ဖွယ်ဖွယ်ရာရာ ဖွဲ့နွဲ့ပြီး ပုံပြင်ပြောချင်ပါမည်နည်း။ သူ့ဘာသာသူ လာနားသော ကျီးကန်း ကိုပင် အမြင်ကတ်နေချိန်၊ စိတ်တိုနေချိန်လည်း ဖြစ်၏။
မောင်မောင်လှနှင့် မနီးမဝေးတွင် မချောစိန်နှင့် မလှမေ နှစ်မိပေါက်မှ ကလေးများသည် မန်ကျည်းစေ့ဖြင့် ဇယ်တောက်ကစားနေကြ၏။ ကလေးတို့ ထုံးစံအတိုင်း ကစားစတွင်သာ သည်ဝိုင်းတွင် မိမိ မပါရသော် ယခုပင် သေရတော့မည်လောက်ဖြစ်ငြား၊ ကြာသောအခါ စိတ်ပါဝင်စားမှု နည်းလာတော့သည်။ ထို့ကြောင့် အမေကြီးထံ သွားကပ်သော မောင်မောင်လှ၏ အခြေအနေကို စောင်းငဲ့ကြည့်သူက ကြည့်၏။ မောင်မောင်လှကို အမေကြီး တွန်းပစ်သောအခါ ခပ်ကုပ်ကုပ်ပင် ဆက်လက်ကစားနေကြသည်။ မောင်မောင်လှကား အမေကြီး ငေါက်လျှင် ဘ ထံသို့ မျက်နှာ မူသည်။ ဘရီးဆေးရိုးသည် ထန်းပလပ်ပြား အခင်းပေါ်တွင် မည်းမှောင်နေသော ပေါင်ကြီးများ ဖော်လျက် တင်ကလိန်ချိတ်ကာ နှုတ်သီးစွပ်များ ဖာနေ၏။
“ဘ… ရှေးစကားပြောပါ”
“ခေါက်လွှတ်လိုက်စမ်းပါတော်”
လက်တစ်ကမ်း ကျော်ကျော်ကလေးသာ လှမ်းသောနေရာမှ ရီးကျီးဒန်က လှမ်းပြော၏။ “ဘယ့်နှယ်တော်၊ အချိန်မဟုတ် အခါမဟုတ်” ဆက်လက် ရေရွတ်နေသေးသည်။ သို့ဖြစ်ငြား ရီးဆေးရိုး မခေါက်ပါ။ မငေါက်ပါ။ ပြုံးများပင် ပြုံးနေကာ “ရှေးစကား ဆိုတာ ညအိပ်ခါနီးမှ အေးအေးလူလူ ပြောရတာ လူကလေးရဲ့” ဟု ရှင်းပြသည်။
မောင်မောင်လှမှာ ပုံပြင်နားမထောင်ရသော်ငြား ညင်သာစွာ ရှင်းပြခံရသဖြင့် ဘ သပ်နေသော ထန်းလျှော်များကို ငေးကြည့်နေ၏။ ရီးဆေးရိုးသည် ထန်းလျှော်ဝမ်းသားများကို လိုချင်သော အရွယ်အစား ရအောင် စိတ်ပြီးနောက် အခွေကလေးတွေ လုပ်ထားခဲ့သည်။ သည်အခွေကလေးတွေကို နှစ်ဆယ် အစိတ် တွဲကာ မီးဖိုအထက်ရှိ ကျပ်ခိုးစင်ပေါ်တွင် တင်ထားခဲ့၏။ ယခု အလိုရှိသော အခါကျမှ နတံ (နှင်တံ) ထမ်းပိုးကျစ် ကြိုးခွေများနှင့် ထွန်ညှင်းကွင်းများ ကြားထဲမှ ထန်းလျှော်ကို ဆွဲထုတ်လာကာ ရေစိမ်ချောသပ်ပြီး နှုတ်သီးစွပ် ဖာထေးနေခြင်းဖြစ်သည်။
နှုတ်သီးစွပ်မှာ ထန်းလျှော်ဖြင့် ရက်လုပ်ကာ လက်နှစ်လုံးခန့် အပေါက်ကလေးများ ပါရှိသည်။ ကျွဲ၊ နွားတို့၏ နှုတ်သီးတွင် စွပ်ရသည်။ နှုတ်သီးစွပ်ကို မြက်ထူသည့် နေရာတွင် ထွန်ယက်သောအခါ အသုံးပြုသည်။ အပင်တွေ ဆွဲစားနေသဖြင့် ခရီးမတွင်၊ ထွန်ကြောင်း မဖြောင့်မည် စိုးသောကြောင့်ဖြစ်၏။ စပါးနယ်ချိန်တွင်လည်း သုံးစွဲသည်။ အလုပ်မတွင်မည် စိုး၍ ဖြစ်၏။
မောင်မောင်လှသည် ပုံပြင်ပြောသော ဘအား ငေးမောကြည့်နေ၏။ ရီးဆေးရိုးသည် ထန်းလျှော်ကို ဓားမောက်ဖြင့် ချောသပ်နေပေ၏။ ထန်းလျှော်၏ ချောပြောင်နေသောဘက်ကို လက်ညှိုးနှင့် လက်ခလယ်ဖြင့် အောက်မှ ထိန်းခံထားကာ လက်မက ဓားမောက်ဦးကို ထိန်းပေးလျက် တရွေ့ရွေ့ ဆွဲသည်တွင် အူသား အဖတ်သည် လိပ်ခွေပြီး ဓားမောက်ကို ရစ်ပတ်တက်လာ၏။ သို့စဉ်တွင် မောင်မောင်လှ၏ မျက်လုံးအစုံသည် ရီးဆေးရိုး၏ နက်ကြုတ်သော ပေါင်ကြီးနှစ်လုံးကို ငေးကြည့်နေရာက စိုက်ကြည့်မိသည်။ သူ အမှတ်တမဲ့ နေခဲ့သော ဘ၏ ပေါင်ကြီးများသည် သပိတ်ကဲ့သို့ မည်းမှောင်နေ၏။ သူ့ ပေါင်တွင် ဘ ပေါင်ကဲ့သို့ အဘယ်ကြောင့် နက်ကြုတ် မနေရပါသနည်း။ သူ့ပေါင်သူ လှန်ကာ ပေါင်ချင်း ယှဉ်ကြည့်၏။ ထိုသို့ ယှဉ်ကြည့်ကာမှ ဘပေါင်သည် ရိုးရိုး မည်းမှောင်နေခြင်းမဟုတ်။ အရုပ်တွေလား၊ ပန်းခက်တွေလား ပါနေပါကလားဟု သိလာလေ၏။
“ဘ...”
“အင်း...”
ရီးဆေးရိုးသည် ဖက်ဖြူလိပ်ကို ဖင်စီခံ ကျွံဝင်အောင် အံတွင် ခဲထားရသဖြင့် အသံသာလျှင် ပေးနိုင်၏။ ဘမျက်နှာကို မောင်မောင်လှ တစ်ချက် မော့ကြည့်ပြီးမှ ထန်းလျှော်အမှုန်အမျှင်များ ဖုံးနေသော ပေါင်ကြီးကို ပါးစပ်ဖြင့်မှုတ်ကာ ကိုင်ကြည့်၏။ ဘ၏ အရေခွံသည် ဆွဲတိုင်း ရ၏။ ရှုံ့တွ၍လည်း နေ၏။ သို့သော် ဘာမှန်း မသိသော အရုပ်လိုလို အရာတွေမှာ မောင်မောင်လှ လက်ထဲသို့ ပါမလာ။
“ဘ အဲဒါ ဘာတွေလဲဟင်”
“ထိုးကွင်းခေါ်သကွ”
“ထိုးကွင်း”
“အေး”
“အမေကြီးကျတော့ ဘာပြုလို့ မရှိလဲ”
“သူက ယောက်ျားမှ မဟုတ်တာဘဲကွ။ ထိုးကွင်း ဆိုတာ ယောက်ျားမှာမှ ရှိတာ။ ထိုးကွင်းရှိမှ ယောက်ျား”
“ဘယ်လိုလုပ်ထားတာလဲဟင် ဘ”
••••• ••••• •••••
၂
ဘနှင့် မောင်မောင်လှတို့ မည်သည့်အရာတွေ ဆွေးနွေးနေကြပါလိမ့်။ ဘ သွားရာသို့ မောင်မောင်လှအား ခေါ်သွားရန် ကျိတ်ပြီး ပူဆာနေခြင်းလော။ တိတ်တဆိတ် မုန့်ကျွေးမည်ဟူ၍များ ကတိပေးနေသလော။ မန်ကျည်းစေ့ ဇယ်တောက်ဝိုင်းသားများ အတွေးဝင်လာကြသည်။ အတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် ဇယ်တောက်သော တလင်းကို တစ်ယောက်ပြီး တစ်ယောက် စွန့်ခွာလာကြရာ ဇယ်တွင်းဘေးတွင် မန်ကျည်းစေ့တွေ စကတ်နှင့် တစ်ထုပ်ကြီးထည့်လျက် ငတက်ပြားမ မိမိထွေး တစ်ယောက်တည်းသာ ကျန်ခဲ့၏။
တစ်ယောက်ပြီး တစ်ယောက် ရောက်လာသော မြေးများသည် ရီးဆေးရိုး ရှေ့တွင် ပတ်လုံးကလေးတွေ စီထားဘိသို့ ရှိနေကြလေပြီ။ ရီးဆေးရိုး၏ မြေးအုပ်မှာ နည်းနည်းနောနော မဟုတ်ချေ။ နှစ်မိပေါက်မှ ကိုးယောက် ရှိသည်။
ကိုဘညိန်း၊ မလှမေမှ လေးယောက်ပေါက်ထား၏။ မေကြည်၊ ခင်မောင်ငြိမ်း၊ မောင်မောင်လှနှင့် ကျော်သူရ ဖြစ်သည်။ အကြီးဆုံး မေကြည် ဆယ်နှစ်၊ အငယ်ဆုံး ကျော်သူရ သုံးနှစ် ဖြစ်ကြသည်။ အားလုံး နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေ။ ကိုထွန်းရ၊ မချောစိန်ကား သားပေါက်ကောင်း၏။ တစ်နှစ်ကြီး တစ်နှစ်ငယ်တွေချည်း ဖြစ်သည်။ ကိုကိုကြီး၊ ခင်ခင်ကြီး၊ မိမိထွေး၊ မောင်ထွေးနှင့် လှအုံးမယ်တို့ ဖြစ်ကြသည်။ လှအုံးမယ် သုံးနှစ်၊ ကိုကိုကြီး ကိုးနှစ်။
“ကြေးနဲ့ လုပ်ထားတဲ့ ဆယ့်နှစ်ခွ စုတ်ကြီးကို ‘မင်’ ထဲမှာ တို့လိုက်၊ အသားပေါ်မှာ ထိုးလိုက် လုပ်တာပေါ့ မြေးရာ။ နာလိုက်တာလည်း မပြောပါနဲ့။ နာပေမယ့် မအော်ရဲဘူး။ အော်ရင် သူရဲဘောကြောင်တယ် ထင်မှာစိုးလို့။ ပြောင်ချောနေတဲ့ ကွမ်းသီး အမာဆုံးကို ရွေးပြီးမှ အံခဲထားရတာ”
သည်ကလေးများမှာ စုတ်ကို မြင်ဖူးကြသဖြင့် ရီးဆေးရိုး အရှင်းရ အလင်းရ သက်သာသွား၏။
“နာရက်သားနဲ့များ ဘရာ”
ကိုကိုကြီးက မျက်နှာငယ်ကလေးဖြင့် ပြောသည်။
“ဟ မြေးရ၊ မင်း နေမကောင်းလို့ ဆရာဝန်နဲ့ ဆေးထိုးတော့ကော မနာဘူးလား။ နာရက်နဲ့ ဘာပြုလို့ အထိုးခံရသလဲ”
“ရောဂါပျောက်အောင်လို့ပေါ့ ဘရ”
မောင်ထွေးက ဝင်ရှင်းခြင်း ဖြစ်ပေသည်။
“အေး၊ ဘတို့ ထိုးကွင်းထိုးတာဟာလည်း ယောက်ျားပီသအောင်လို့၊ လှအောင်လို့ ထိုးတာပေါ့”
“အလကားဟဲ့၊ အသားလည်း နာသေး၊ ပိုက်ဆံလည်း ပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး"
ယင်းသို့ ဝင်ထောက်လိုက်သူကား ဆေးလိပ်ကြီး တငေါ့ငေါ့ဖြင့် ဟင်းရွက်သင်နေသော ရီးကျီးဒန် ဖြစ်၏။
“အောင်မာ၊ ၊ အခုမှ တစ်မျိုး မပြောပါနဲ့အေ၊ ထိုးကွင်းရှိမှ ကြိုက်မယ်ပြောတာ ညည်း မဟုတ်ဘူးလား”
“အမယ်လေးတော်၊ ကျုပ် မဟုတ်ပါဘူး၊ ကိုသာဒွန်းအဆက် မယ်ကွန်းလှပါ။ တော်တို့ ထိုးကွင်းထိုးတာက ပြည်စိုးကုန်းမြောက်ကျောင်းကို မခံချင်လို့ မဟုတ်လား”
ရီးကျီးဒန် စွာစွာတက်သံဖြင့် ရှင်းပြလိုက်ရာ ရီးဆေးရိုးမှာ ပြုံးပြုံးကြီးဖြင့် “သိပါဘူးဟာ၊ ငါ့စိတ် ထဲမှာတော့ ညည်းခိုင်းလို့ ထိုးရတယ်ချည်း ထင်နေတာ” ဟု ဆိုလိုက်လေ၏။
“တော်တို့ လေးထပ်ကျောင်းနဲ့ ပြည်စိုးကုန်းကျောင်းနဲ့က တည့်မှ မတည့်တဲ့ဟာကို”
ထိုအခါ ရီးဆေးရိုးသည် မှတ်မိသယောင်ယောင် ရှိလာသည်။ လူပျိုပေါက်အရွယ်က ဘုန်းကြီးကျောင်းသားဘဝကို သတိရလာသည်။ အတွေးအမြင် အမှတ်အသိများသည် ယနေ့နှင့် အလွန် ခြားနားနေပါပြီ။ ယနေ့ ဆွမ်းခံဝင်ချိန် မြင်ကွင်းမှာ ကိုရင်တစ်ပါးနှင့် ကျောင်းသားသုံးယောက် ဆိုလျှင် အလွန်ကြီးကျယ်သော ကျောင်း ဖြစ်နေချေပြီ။ ကိုရင် မဟုတ်ဘဲ ဦးပဉ္စင်း တစ်ပါး ပါလာလျှင် အလွန်ထူးသော မြင်ကွင်းခေါ် ရချေမည်။ ရီးဆေးရိုးတို့ ကျောင်းသားဘဝက ဆွမ်းခံချိန်မြင်ကွင်းမှာ ရွှေသင်္ကန်းရောင်ဖြင့် ထိန်နေသည်။
တစ်ကျောင်းလျှင် ဦးပဉ္စင်း သုံးလေးပါး ပါရုံဖြင့် မပြီးသေး၊ သာမဏေ လေးငါးဆယ်ပါး ပါသေး၏။ သာမဏေများနောက်တွင် အဖုံးမပါသော သပိတ်ဖြင့် ကျောင်းသားကချည်း နှစ်ဆယ် သုံးဆယ်။
ထိုဘုန်းကြီးကျောင်းသားများသည် ဆွမ်းခံဝင်ရန်အတွက် နံနက်ရှစ်နာခွဲ ကိုးနာရီခန့်တွင် သရက်တောရွာ တာလမ်းဘေးရှိ ဇရပ်တွင် စုရုံးလေ့ရှိကြ၏။ အချိန်မကျသေးမီ ထွေခင်းကစားသူက ကစား၊ ဂုံညင်း ထိုးသူ ထိုး၊ ပေသီးပစ်သူ ပစ်၊ ကိုယ့်ကျောင်းသားချင်း ကစားသည့် နည်းတူ အခြား ကျောင်းသားများနှင့်လည်း ကစားတတ်ကြ၏။
ကစားဝိုင်းတွင် ငြင်းခုံရာမှ တစ်ကျောင်းနှင့် တစ်ကျောင်း ‘စောင်’ ဘက် ရန်ဘက် ဖြစ်သွားလေ့ရှိသည်။ ရန်ငြိုးရန်စမရှိပါဘဲ ‘လယ်ပေါ်ကျောင်းသား သူတောင်း စား၊ ရုပ်စုံကျောင်းသား အကောင်းစား’ စသော သံချပ် ထိုးကာ တစ်ဖက်က စတင် စိန်ခေါ်သောကြောင့် ရန်ဘက် ဖြစ်သွားသော ကျောင်းများလည်း ရှိကြပေ၏။
ကျောင်းသားများမှာ ပုဆိုးမမြဲသော အရွယ်၊ သူငယ်နှပ်စားအရွယ်များ မဟုတ်ကြရကား တစ်ကျောင်းနှင့် တစ်ကျောင်း ရန်ဖြစ်ပြီဆိုလျှင် အစောင်းအချိတ်၊ အဆဲအဆို၊ အထိုးအကြိတ်ဖြင့် မတန့်မရပ်။ ဓားတွေ၊ တုတ်တွေ ပါလာသည်။ ဆွမ်းခံခေါင်းဆောင် ပဉ္စင်းငယ်နှင့် သာမဏေကြီးများပါ ပါဝင်လာလေ့ရှိသည်။ ကျောင်းထိုင် ဆရာတော်ချင်း တွေ့ဆုံ ဖြေရှင်းပြီး မတည့်သော ဆွမ်းခံအဖွဲ့ကို နယ်ပြောင်းပစ်ရသည်။
နယ်ပြောင်းသည် ဆိုခြင်းမှာ ပုံစံအားဖြင့် ထပ်ကျောင်းမှ ဆွမ်းခံအဖွဲ့သည် သရက်တော၊ ရွာသစ်၊ ရမ်းဘိုကုန်းကို တစ်ဖွဲ့၊ ပုရပိုက်တန်း၊ လင်းပင်စု၊ သရက်ချင်ကို တစ်ဖွဲ့ဟုရှိသည်တွင် တောင်မှအဖွဲ့ကို မြောက်သို့၊ မြောက်မှအဖွဲ့ကို တောင်သို့ ပြောင်းပို့ တာဝန်လွှဲပေးခြင်းမျိုးဖြစ်၏။
ရီးဆေးရိုး ပေါင်ပေါ်မှ ထိုးကွင်းများသည် ထိုကျောင်းချင်း ရန်ပွဲမှ စတင်သည်လည်း ဆိုနိုင်၏။ ရွာအပျိုချောတို့၏ မြင်ကွင်းတွင် ခါးတောင်းကျိုက်ကာ ‘ခါးဝန်း ပေါ်စ မင်သေ့မြ’ တပြပြဖြင့် ရေခပ်ဆိပ်၌ ရေခပ်လိုခြင်းလည်း တစ်ကြောင်းပါဝင်၏။
သူတို့ ထိုးကွင်းထိုးသော နှစ်က ပြည်စိုးကုန်းကျောင်းနှင့် လေးထပ်ကျောင်း ဆွမ်းခံအဖွဲ့ချင်း မတည့်သော နှစ်ဖြစ်၏။ မတည့်ရပုံမှာလည်း သရက်တော ရွာသူ ပျိုဖြူတစ်ယောက်ကို ပြည်စိုးကုန်းမှ ကျောင်းသား တစ်ယောက်က စာပေးရာမှ စတင်၏။ ထိုအခါ လေးထပ်ကျောင်းသားက ငါ့နယ်လာကျယ်သူဆိုကာ ပြည်စိုးကုန်းကျောင်းသားကို သပိတ်ဖုံးဖြင့် ခုတ်၏။ ပထမနေ့တွင် ပြည်စိုးကုန်းကျောင်းသား မျက်နှာစုတ်သွားငြား၊ နောက်တစ်နေ့ လေးထပ် ကျောင်းသားရော ပြည်စိုးကုန်းကျောင်းသားပါ ထိပ်ကွဲကုန်ကြလေ၏။ အကြောင်းသော်ကား သပိတ်များတွင် ပါမြဲဖြစ်သော ယွန်းသပိတ်ဖုံးနေရာတွင် ကြေးသပိတ်ဖုံးတွေချည်း ဖြစ်ကုန်ကြသောကြောင့်ပေတည်း။
လေးထပ်ကျောင်းသားဟူသည် သရက်တော၊ ရွာသစ်၊ ရမ်းဘိုကုန်းသားတွေ များရာ နေရာဒေသမှာ လေးထပ် ကျောင်းသားက တစ်ပန်းသာနေ၏။ မည်သည့် အိမ်ထဲမဆို ဝင်ပြေးပြီး ဓားဆွဲလာနိုင်၏။ တုတ်ဆွဲလာနိုင်၏။ ရေရှည်တွင် ပြည်စိုးကုန်းကျောင်းသားများ အရေးနိမ့်စပြုလာသည့်အတွက် ပညာကူလာကြသည်။ သူတို့သည် ဆရာဘုန်းတော်ကြီး မသိအောင် ဓားပြီးဆေး၊ တုတ်ပြီးဆေး၊ တုတ်၊ ဓား၊ အုတ်ခဲ၊ တံတောင်၊ ဖနောင့်၊ လှံ စသည်ဖြင့် စုပေါင်းပြီးသော အပါးသုံးဆယ်ဆေး စသော ကာယသိဒ္ဓိဆေးများ ထိုးနှံလာကြ၏။
ရင်ဘတ်နှင့် ကျောတွင် ဆေးနီဆေးနက်ရုပ်များ ထိုးနှံပြီး နောက်တစ်နေ့မှစ၍ ပြည်စိုးကုန်းကျောင်းသားများ ရင်ကော့လာကြ၏။ ခေါင်းမော့လာကြ၏။ ထိုဆေးများ ပြီး မပြီး၊ စွမ်း မစွမ်းကို မစမ်းရသေးဘဲနှင့် လေးထပ်ကျောင်းသားများ ‘ ရှိန်’ သွားကြလေ၏။
သို့ဖြစ်ငြား သူတို့ ငုံ့မခံပါ။ ဆရာကောင်းကောင်း ရှာပြီး အားကျမခံ ဆေးထိုးကြပြန်၏။ ပါးစပ်ဖြဲထားသော ဘီလူးရုပ်၊ သန်လျက်ကိုင်ထားသော ဘီလူးရုပ်၊ သည်အရုပ်တွေ အချိုးမကျငြား၊ ပါးစပ်ကြီး ဖြဲနေကာမျှ သန်လျက် ကိုင်ထားကာမျှဖြင့် ကြောက်နေကြခြင်းဖြစ်၏။ အမှန် စွမ်း မစွမ်း၊ အဟုတ်ပြီး မပြီးကို မည်သူမျှ စမ်းသပ် မကြည့်ပေ။ သည်အကြောင်းတွေကို ပြန်ပြောင်းပြောရသောအခါ ရီးဆေးရိုး၏ မှေးသီသော မျက်လုံးများက ဝင်းရွှန်းနေလေ၏။ ဇရာ၏ အစင်းအကြောင်းများဖြင့် နွမ်းလျော်နေသော မျက်နှာပြင်သည်လည်း နုသစ်လန်းနေပေ၏။
“ဆေးထိုးလိုက်တာကလည်းဟာ ပူတုန်းကြီး၊ သင်္ကြန်တွင်းမှာပေါ့။ ထိုးချင်တဲ့ ကျောင်းသားက များတော့ ဘတို့ကျောင်းသားငယ်တွေ မထိုးရပါဘူး။ ဒါတောင် သင်္ကြန်နောက်ပိုင်း ခုနစ်ရက်အထိ ဆက်ထိုးမှ ပြီးသွားတာ”
“ပိုက်ဆပ် (ပိုက်ဆံ) ပေးရသေးလား ဘ”
မီးငြိမ်းနေသော ဆေးလိပ်တို မီးညှိနေစဉ် မောင်မောင်လှက မေး၏။
“ပေးရပါသကောကွာ၊ ဒါတင် ဘယ်ကဦးမလဲ၊ ကန်တော့ပွဲဖိုး၊ အမွှေးနံ့သာဖိုးလည်း ကုန်သေးတာ”
“သဂျန်တွင်း (သင်္ကြန်တွင်း) မှာ ဘာပြုလို့ ထိုးတာလဲ ဘ”
အမေးရှင်ကား ကိုကိုကြီး။
“သင်္ကြန်ဆိုတော့ နှစ်ဟောင်းကုန်ပြီး နှစ်သစ် ဆန်းတဲ့အချိန်၊ အချိန်ကောင်း၊ အခါကောင်းဆိုတဲ့ သဘောပေါ့လေ။ နေက ပူနေတော့ သွေးတွေ ရွှဲနေတာပေါ့။ ဒါပေမဲ့ ဘတို့ ထိုးကွင်းထိုးတာလောက်တော့ မနာပါဘူး။ ထိုးကွင်းက စပ်ထိုးတာကိုး”
“ထိုးကွင်းက ဘယ်တော့မှ ထိုးတာလဲ ဘ”
ဖိုးသိချင်ကြီး မောင်မောင်လှက သိလိုရင်းကို ကြားဖြတ်မေးပြန်ပေ၏။
“ဒီလိုကွ လူကလေးရ”
••••• ••••• •••••
၃
လယ်သမားများ ဆူတုန်းဆူဆဲ အချိန်တွင် ကျေးလက်တောရွာများတွင် လူစည်ကားလေ့ရှိ၏။ သေတ္တာပျက်၊ သော့ပျက် ပြင်သူများ၊ ဖဲထီးပြင် ကု,လားများ၊ အထည်ရောင်းသော တရုတ်များ၊ စူရတီကု,လားများ၊ အမွှေးနံ့သာ ရောင်းသော မိန်းမများ၊ ရွာစဉ်လျှောက် မျက်လှည့်သမားများနှင့် မျောက်ပြ ဆန်တောင်းသော မျောက်ဆပ်ကပ်သမားများ ဖြစ်ကြပေ၏။ ထိုသူများ အပြင် ထိုးကွင်းမင်ကြောင်ဆရာများလည်း သည် ရာသီမှသာ လွယ်အိတ်တစ်လုံး၊ ထီးတစ်ချောင်းဖြင့် ရောက်လာတတ်ကြ၏။ အခကြေးငွေအဖြစ် လက်ထဲတွင် ပိုက်ဆံ မရှိစေကာမူ ကျုံးပေးစရာ စပါးက တလင်းထဲတွင် အသင့်မဟုတ်လား။
“မုန်းနားက မင်ကြောင်ဆရာ ပြည်စိုးကုန်းကျောင်းမှာ ရောက်နေသတဲ့ဟေ့”
သည်သတင်း လေးထပ်ကျောင်းသားများ၏ နားဝသို့ ရောက်လာသောအခါ ကိုရင်ကြီးတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေ၏။
“ဟေ့ သူတို့ မထိုးခင် တို့က ဦးအောင် ထိုးကြရအောင်ဟေ့”
မင်ကြောင်ဆရာ ရောက်လာလျှင်လာချင်း မထိုးနိုင်သေးပေ။ ထိုးကွင်းထိုးခ တစ်ပေါင် သုံးမတ်နှုန်း ရှိငြား လူအများမို့ လျှော့ပါ ပေါ့ပါဦးဟု ဈေးဆစ်နေရတတ်သေးသည်။ သိဒ္ဓိဆေး ထိုးစဉ်က ကျောင်းထိုင် ဆရာတော် အသိမခံရဲကြ။ အနောက်ဘက် ကျောင်းကြီးပေါ်တွင် ကျိတ်ပြီး ထိုးခဲ့ကြရ၏။ ထိုးကွင်းကိစ္စတွင်မူ ဆရာတော်အား အသိပေးရဲသောအခါ ဆရာတော်က “ထိုးကွင်းထိုးသော ကျောင်းသား ကျောင်း မလာဘဲ ခုနစ်ရက်နေနိုင်သည်” ဟု ခွင့်ပေးလိုက်လေ၏။ ရည်းစားက ခိုင်း၍ ထိုးရသူ၊ လူလုံးပြချင်၍ ထိုးသူများကြားတွင် စာမအံချင်၊ ကျောင်းမလာချင်သော ကျောင်းသားငယ်များလည်း ဝင်ရောက်ထိုးကြလေ၏။ အနာပြည်ကိုက်၍ နာသော အနာလည်း မမီ၊ ခွေးကိုက်ခံရသော အနာလည်း မမီ၊ ငုတ်စူးစဉ် နာကျင်သော ဝေဒနာလည်း သည်အနာကို မမီ။ ထိုးကွင်းအထိုးခံရသော နာကျင်မှုသည် အနာတကာတို့အနက် အနာဆုံးဖြစ်၏။ ထို့ကြောင့် ရီးဆေးရိုး တစ်သက်မမေ့။ ကျောင်းရှိသံဃာတော်များနှင့် သာမဏေများ၊ အရုဏ်ဆွမ်းဘုန်းပေးပြီးချိန်တွင် ထိုးကွင်းထိုး သည့်လုပ်ငန်း စတော့သည်။ ရီးဆေးရိုးမှာ စောစောစီးစီး ပြာသိုလနံနက်ကြီးတွင် ရေချိုးပြီး မင်ကြောင် ဆရာရှေ့ ရောက်လာရာ ခိုက်ခိုက်တုန်နေ၏။
“ပုဆိုး ချွတ်လကွာ”
“ဟာဗျာ ချမ်းရတဲ့အထဲ”
“ချက်ချင်း အချမ်းပြေပြီး ချွေးသီးချွေးပေါက်တွေ ကျလာစေ့မယ်၊ စိတ်ချ”
မင်ကြောင်ဆရာ၏ လက်ထောက်က ပြုံးဖြဲဖြဲဆို၏။
“ရှက်စရာကြီးဗျာ”
ရီးဆေးရိုး ပါးစပ်မျှ မပိတ်သေး၊ မင်ကြောင်ဆရာက ပုဆိုးဆွဲချွတ်သည်။ “ဟာဗျာ၊ ဟာဗျာ” အော်နေစဉ် အမှောက်ခိုင်းသည်။ သည်အချိန်ထိ ရီးဆေးရိုး ရှက်နေဆဲ။ ပေါင်တစ်လျှောက်တွင် နှီးကွင်းချကာ ထိုးကွင်းရာကို မင်ဖြင့် ‘လျာ’ ထားချိန်တွင်လည်း ရှက်ရန် သတိရကောင်းတုန်း။ သို့သော် ခါးပေါ် လူတစ်ယောက် တက်ခွချိန်၊ ခြေနှစ်ဖက်ကို လူနှစ်ယောက် လာကိုင်ချိန်နှင့် တစ်ပြိုင်နက်တည်း အသားပေါ်သို့ ကျလာသော စုတ်ချက်၏ ဒဏ်ကို ခံလိုက်ရသည့်အခါ ရှက်ရန် မေ့သွားတော့သည်။ “အမယ်လေးဗျ၊ သေပါပြီဗျ” မှစပြီး အမယ်လေးသံတွေသာ အဆက်မပြတ် ထွက်လာလေတော့၏။
“ရော့၊ ရော့ အဲဒါကို ခဲထား၊ မအော်နဲ့။ ထိုးကွင်းထိုးတုန်းမှာ အော်တယ်ဆိုတာ မာတုဂါမတွေ သိသွားမှာ မင်းမရှက်ဘူးလား”
ပဉ္စင်းပျိုတစ်ပါးက အော်နေသော ပါးစပ်ထဲသို့ ကွမ်းသီးတစ်လုံး လာထည့်၏။ ကွမ်းသီးကို တအား ခဲပြီး ကျိတ်ခံ၏။ သို့ပေမင့် နာသည်။ မည်သည့် အနာနှင့်မျှ နှိုင်းမရအောင် နာလှသည်။ ပေါင်တွင်းကြော တစ်လျှောက်လည်း နာသည်။ တံကောက်ခွက်သို့ အရောက်တွင် မျက်ရည်ပေါက်ပေါက်ကျလာသည်။ ပက်လက်လှန်လိုက်သောအခါ သွေးပူလာပြီမို့ သက်သာသည်ထင်ရငြား၊ ဒူးခေါင်းသို့လည်း ရောက်ရော အံစောင်မှ ကွမ်းသီးကြီး ဖြောင်းခနဲ ကြေမွသွားလေ၏။
တင်ပါးတွင် အသားချည်းမို့ အနာလျော့မည် မျှော်လင့်၏။ နာသည်ပင်။ သက်သာသည့်နေရာ တစ်ကွက်မျှ မရှိ။ ထိုးကွင်းဆရာကလည်း ကိုယ်ချင်းစာဟန် တူ၏။ ခေါင်းအုံးပေါ် ဖင်ခုထိုင်ကာ ခြေဖဝါး စောင်းနှစ်ခု တင်ထားပြီး အဆက်မပြတ် ထိုးနှံပေးသည်။ ဆွမ်းခံပြန်ချိန်ရောက်မှ ပေါင်တစ်ဖက်ပြီးသည်။
ရီးဆေးရိုးလည်း သွေးအရွှဲသားဖြင့် လိမ့်နေ၏။ မင်ကြောင်ဆရာမှာလည်း ချွေးတရွှဲရွှဲဖြင့် ဟိုက်နေ၏။ ဟိုက်သော်ငြား ရီးဆေးရိုး၏ ပေါင်ကို မင်ဖြင့် ပွတ်သပ်ပေးပြီးနောက် မဲဇလီရွက်ရည်ဖြင့် ဆေးကြော ဆုပ်နယ်ပေးကာ အနာ မရင်းအောင် နေနည်း၊ ဖန်ရည် ဆေးနည်းများကို ပြောပြသည်။
ရီးဆေးရိုး ထော့ကျိုးထော့ကျိုးဖြင့် အိမ်သို့ ပြန်လာခဲ့၏။ သွေးတစိမ့်စိမ့်ယိုဆဲ ပေါင်မည်းကြီးလှန်ကာ ရွာထဲဝင်လာသော သူ့အား တွေ့သူတိုင်းက ကောင်းချီးပေးကြ၏။ ရီးဆေးရိုး မသာယာနိုင်ပါ။ အိမ် ရောက်သည်နှင့် မည်သည့်အရာမျှ စားလိုစိတ် မရှိ။ ထိုးအိပ်လိုက်တော့သည်။ အိပ်ရာမှ နိုးချိန်တွင် တစ်ပေါင်လုံး အထိမခံနိုင်အောင် နာနေပြီ။ အတော်လည်း ရောင်ကိုင်းနေသည်။ ဖျားချင်သလိုလို နာချင်သလိုလိုလည်း ဖြစ်နေ၏။ သို့တစေ ထမင်းစားချင်စိတ် မရှိသည့် ကြားမှ အဖျားဒဏ် ခံနိုင်စေရန် ထမင်းကို ဖျစ်ညှစ်စားရသည်။ ပေါင်မှာ နောက်တစ်နေ့လည်း နာ နေဆဲပင်။ နာရုံသာမက ပို၍ပင် ရောင်လာချေသေး၏။
မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးရန် မင်ကြောင်ဆရာ မှာလိုက်သောကြောင့်သာ ဆေးရ၏။ ထိလိုက်တိုင်း အသည်းခိုက်အောင် နာသည်။ အား အားရှိလျှင် “အမေ... အမေ” ဟုသာ ညည်းနေချင်တော့သည်။
ဟော ဒုတိယနေ့တွင် အရောင်တန့်သွားပြီး တတိယနေ့တွင် အထိခံနိုင်စပြုပြီ။ စတုတ္ထနေ့တွင် အရောင် လျော့လာကာ ပဉ္စမနေ့တွင် အနာဖေးလေးတွေ ကွာလာသည်။ သတ္တမနေ့တွင်ကား သလင်းတောင်ပေါ်တွင် စိမ်းမြသော ထိုးကွင်းရုပ်ကလေးတွေဖြင့် ရီးဆေးရိုး လူကောင်းပကတိ ဖြစ်သွားပြီ။ သို့ဖြစ်ငြား ပေါင်တစ်ဖက် ကျန်သေး၏။ တွေးလိုက်တိုင်း ကြက်သီး ထစရာ ကိစ္စကြီးပါတကား။ ရီးဆေးရိုးမှာ ထွက်ပြေးရ ကောင်းမည်လား စဉ်းစားနေ၏။ သည်အတွေးကို ချေဖျက်ပစ်လိုက်သော အရာကား ယောက်ျားပီသ စိတ်ပင် ဖြစ်သည်။
“ဒါလောက်ကလေးမှ အနာမခံနိုင်တဲ့ကောင် ယောက်ျား မဟုတ်ဘူး”
ယောက်ျားသနာတို့၏ တွတ်ဝိုင်း၊ ခြင်းဝိုင်း၊ နပန်းဝိုင်းများမှ အကြဉ် ခံရတော့မည်။ မိန်းမသားတွေ၏ ရယ်သွမ်းသွေးခြင်းခံရတော့မည်။ ဤသို့ဖြင့် ရီးဆေးရိုးသည် ကျန်တစ်ပေါင်ကို မချိမဆံ့ နာကျင်သော ဝေဒနာ အလူးအလဲခံကာ ထိုးကွင်း ထိုးလိုက်ရပြန်လေ၏။
••••• ••••• •••••
၄
“ဘဥစ္စာက လှလည်း မလှဘဲနဲ့၊ ဒါလောက်ကြီး အနာခံရတယ်လို့”
ရီးဆေးရိုးကား မောင်မောင်လှ စကားကို ကြားဟန်မရှိချေ။ သူ လူပျိုပေါက်စ ကျောင်းသားဘဝက အကြောင်းများကို ပြန်လည်မြင်ယောင်ကာ လန်းဆန်း တက်ကြွနေသည်။ ပါးကြီး ခွက်နေအောင်ပင် ပြုံးနေလိုက်ပါသေး၏။ တင်ပါး နှစ်ဖက်ပေါ်အောင် တမင် ခါးတောင်းကျိုက်ထားခဲ့ရသော အရသာ၊ ထိုးကွင်း အလှချင်းပြိုင်သော အရသာ၊ ထိုးကွင်းအသစ်ကလေးကို ဝေ့ခနဲ ပျိုမေတို့ ကြည့်သွားသော အရသာသည် ရီးဆေးရိုး ရင်ထဲ၌ ယခုတိုင် ချိုမြိန်နေဆဲ ရှိသေးသည်။
“ဒါလောက် နာတာများ ဘရာ၊ ဘာပြုလို့ နောက်တစ်ပေါင် ထိုးရသေးလဲ ဘရယ်”
မြေးမကြီး မေကြည့်အမေးဖြစ်၏။
“ထိုးဖို့ လိုလို့ပေါ့ မြေးရာ”
“ဘာရုပ်တွေလဲဟင် ဘ”
“ကြောင်၊ ဇော်၊ ကိန္နရာ၊ ဘီလူး၊ မျောက်၊ ငှက်၊ စုံလို့ပါပဲကွယ်။ ဒါပေမဲ့ အရုပ်က အရေးမကြီးဘူး၊ ယောက်ျားပီသစိတ် အုတ်မြစ်ချဖို့၊ ယောက်ျားသိက္ခာ တန်ဖိုးထားစိတ် အခြေတည်ဖို့က အဓိကပဲ မြေးတို့ရေ”
“အလကားဟဲ့၊ အသားကလည်း နာ ပိုက်ဆံလည်း ပေးရသေး၊ ခြေနဲ့လည်း အကျောက်ခံရသေး”
ရီးဆေးရိုး ဆတ်ခနဲ လှည့်ကြည့်၏။
“ညည်း ဒီစကား ပြောတာ နှစ်ခါ ရှိပြီ ကျီးဒန်၊ အခုလိုပြောတာဟာ ထိုးကွင်းထိုးခဲ့တဲ့ ညည့်မောင်တွေ၊ ညည့်ဘဒွေး၊ ဘကြီးတွေနဲ့ ညည့်အဖေတို့၊ ညည့် ဘတို့ကိုပါ အလကားလူတွေလို့ ပြောရာ မရောက်ဘူးလား”
ရီးကျီးဒန် မျက်နှာပိုးသတ်သွားသည်။ ငါတို့ ခေတ်တုန်းက ထိုးကွင်းရှိသော ယောက်ျားကိုသာ စံချိန်မီသော ယောက်ျားအဖြစ် သဘောထားခဲ့ပါကလား ဆိုသော သတိ ဖျတ်ခနဲ ဝင်လာ၏။
ထို့ကြောင့် လေသံပျော့ကလေးဖြင့် လေချိုသွေးလိုက်၏။
“ကျုပ်က အသားနာတာ တစ်ခုတည်း တွေးမိလို့ ကရုဏာဒေါသောနဲ့ ပြောမိတာပါတော်”
“နာနာပေါ့ဟ၊ ဒါလောက်ကလေးမှ အနာမခံနိုင်ရင် လောကဓံတရားရဲ့ အထုအရိုက်ကို ဘယ်လိုလုပ် ခံရဲမလဲ”
“အဖေတို့ တစ်ပေါင်လုံး ထိုးကွင်းထိုးတဲ့ လူကြီးတွေကို ကျုပ်တော့ အံ့သြတယ် အဖေရဲ့”
ရီးကျီးဒန့် နောက်နားတွင် အတန်ကြာကပင် ရပ်နေသော ကိုဘညိန်းက ရှေ့တိုးလာရင်း သူ့လက်မောင်းကို ဆန့်ထုတ်ပြ၏။ သူ့လက်ဖျံပေါ်တွင် “ဗမာ့သတ္တိ” ဆေးနက်နှင့် ဒိုင်းပုံကလေး။
“ကုဿိနာရုံဘုရားပွဲတော်တုန်းက ဘက်ထရီ အပ်နဲ့ ထိုးခဲ့တာ တစ်ကျပ် ပေးရသဗျား။ နာလိုက်တာ အဖေရာ၊ ဓားနဲ့ထိုးပြီး မွှေယမ်းဆွဲဖြဲသလား မှတ်ရတယ်”
သူသည် ဖုန်ထဲတွင် ဆော့ကစားနေသော အငယ်ဆုံးကလေးကို ကောက်ချီလိုက်ရာက
“ကျုပ် ဒီသေးသေးကလေးတောင် မချိမဆံ့နာရင် အဖေတို့ တစ်ပေါင်လုံး ထိုးတဲ့လူတွေ ဘယ်လောက် နာမလဲ တွေးပြီး အံ့တယ်ဗျာ။ တစ်ပေါင်ထိုးလို့ နာတာ သိရဲ့နဲ့ နောက်တစ်ပေါင် ဆက်ထိုးပြန်တော့ အဖေတို့ကို ချီးကျူးလို့ မဆုံးဘူးဗျာ၊ တကယ်ပဲ” ဆိုလိုက်ပြီး ကလေးများကို လှမ်းပြော၏။
“ကဲ သမီးတို့ သားတို့၊ ဘ ထိုးကွင်းကို ကြည့်ပြီး ထမင်းမေ့နေကြသလား၊ ထမင်းစားရအောင် လာကြ”
မလှမေ၏ ကလေးများ ပြန်သွားလျှင် မချောစိန်၏ ကလေးများလည်း ထမင်းစားရန် သတိရကာ ထပြန်သွားလေ၏။ မန်ကျည်းပင်ရိပ်တွင် တိတ်ဆိတ်နေသည်။ ရီးဆေးရိုးနှင့် ရီးကျီးဒန်တို့သည် စကားမပြောမိကြ။ လန်းကြည်သော မျက်လုံးများဖြင့် ငေးမောနေကြဆဲသာတကား။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment