Monday, September 7, 2026

ကိုယ့်အလှည့်ကျမှ


❝ ကိုယ့်အလှည့်ကျမှ ❞
( ဝဇီရာဒီဖိုး - တိုက်ကြီး )

ဦးမြင့်မောင်နှင့် ဦးဖိုးထောင်တို့ နှစ်ယောက်သည် တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက် သူငယ်ချင်းများ ဖြစ်ကြသည်။

အမြဲ တတွဲတွဲ။ သွားအတူ လာအတူ။ စိတ်တူကိုယ်တူ။

ရပ်ရေးရွာရေးများတွင်လည်း ရွာမှ အားအကိုးရဆုံး သူငယ်ချင်း နှစ်ယောက် အဖြစ် သတ်မှတ်ထားကြသည်။ ရပ်ရွာတွင် သာရေးနာရေးများ ပေါ်ပေါက်လာလျှင် ဦးမြင့်မောင် နှင့် ဦးဖိုးထောင်တို့ သူငယ်ချင်း နှစ်ယောက်သည် မြို့တက်၍ ဈေးဝယ်ကြရသည်။

ဩဇာညောင်းသော ရပ်ရွာ လူကြီးတွေလည်း ဖြစ်သည့်အတွက် လူမှုရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့ကြသည်မှာ သူတို့၏ သက်တမ်းတစ်လျှောက် အဆင်ပြေကြပါသည်။

ယခုတော့... ဦးမြင့်မောင် တစ်ယောက် ရောဂါဝေဒနာ၏ နှိပ်စက်ခြင်းကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။ အသက်ခြောက်ဆယ်ကျော် ဆိုပေမယ့် ကျန်းမာရေး ကောင်းလျှင် လူလောကတွင် နေနိုင်သေးသည့် အရွယ်။ သို့သော် ... ဦးမြင့်မောင် အခြေအနေက ကိုယ့်အခေါင်းတလားကို ကိုယ် ပြန်စောင့်နေရတဲ့ ကာလ။

ဒီကနေ့ ... ဦးမြင့်မောင် တစ်ယောက် အခြေအနေက သိပ်မကောင်း။ မိသားစုနှင့် မိတ်ဆွေများ လူနာသတင်းမေး လာကြသည်မှာ အိမ်ပြည့်လုနီးပါး။

ဦးမြင့်မောင် တစ်ယောက် သတိတော့ ကောင်းသည်။ မိတ်ဆွေ အပေါင်းအသင်းများ အားလုံးကို မှတ်မိသလို စကားလည်း ပြောနိုင်သေးသည်။

ဦးဖိုးထောင် သည်လည်း သူငယ်ချင်းဖြစ်သူ ဦးမြင့်မောင် ထံသို့ သတင်းမေး ရောက်လာသည်။ အိမ်ပေါ်ရှိ လူနာ သတင်းမေးများ၏ ကြားမှ ဖြတ်၍ လူနာဖြစ်သူ ဦးမြင့်မောင် ထံသို့ သွားသည်။

ဦးမြင့်မောင် ဘေးတွင် ထိုင်ရန် ခါးလေး ညွှတ်၍ ကုန်းနေစဉ် ...

လူနာဖြစ်သူ ဦးမြင့်မောင်က ...

“ဖိုးထောင် ... မင်း ဘာလာလုပ်တာလဲ”

“မင်းဆီလာတာပေါ့... သူငယ်ချင်းရာ”

ဦးမြင့်မောင် တစ်ယောက် သားသမီးများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ပြီးတော့မှ...

“သားတွေ၊ သမီးတွေလည်း ပြောထားရဦးမယ်၊ ငါ သေလို့ နာရေးအတွက် ဈေးဝယ်ရင် ဖိုးထောင်ကို မဝယ်ခိုင်းနဲ့”

ဦးဖိုးထောင်လည်း ဦးမြင့်မောင် စကားကို နားထောင်ရင်း ကုန်းကုန်းကွကွနဲ့ ထိုင်ရမလို၊ ထရမလို၊ မပြုံးသာ မရယ်သာ ရှက်ကိုးရှက်ကန်းနဲ့...။

အားလုံးကလည်း ငိုအားထက် ရယ်အားသန်...။

ဦးမြင့်မောင် ဆက်ပြီး ပြောလိုက်ပုံက...

“ဒီကောင်နဲ့ ငါ စားနေကျ”

▢  ဝဇီရာဒီဖိုး (တိုက်ကြီး)
📖 ရယ်စရာ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၅

No comments:

Post a Comment