❝ ကိုလင်းချစ်တဲ့ တင်ရီမ ❞
( ချစ်မုန်းငြိမ်း )
လင်းစိန် .. ။
ပညတ်သွားရာ ဓာတ်သက်ပါခြင်း မဟုတ်။ ဓာတ်သက်ပါရာလိုက်၍ ပညတ်ရခြင်း ဖြစ်သည်။ အမှန်က သူ့ကို မိဘနှစ်ပါး ပေးထားသည့် အမည်မှာ ‘စိန်လင်း’ သာ ဖြစ်သည်။ သို့သော်လည်း စိမ်သည့် နေရာမှာ မိုးလင်းသည် အထိ။ ဖခင်ဖြစ်သူ ယာ ထဲသွားဖို့ အဆင်သင့်ဖြစ်နေချိန်မှာ သူက စိမ်ကောင်းတုန်း။ ထိုအခါ ဖခင်က -
“ဟေ့ကောင် စိန်လင်း၊ မင်း ဒီလောက် စိမ်နေမှတော့ ပူနေရောပေါ့”
ဟု ပြောယူရသည်။ ထိုအခါမှ လင်းစိန် ထလာတော့သည်။ စိန်လင်းကလည်း စိန်လင်းပင်။ ညမိုးချုပ်စမှာ နွားစာခွက်အဟောင်းထဲ ရေဖြည့်ထားသည်။ မိဘတွေ အိပ်သည်နှင့် ထိုရေသို့ ဆင်းစိမ်နေတတ်သည်။ ထိုရေထဲမှာပင် အိပ်ပျော် သွားသည်မှာ မိုးလင်းထိ၊ ကြာတော့ ထိုရေများမှာ သူ့ကိုယ်ငွေ့အတိုင်း ပူနေတော့သည်။ ဒါကို ရွာက လူတွေသိတော့ သူ့နာမည် ကိုစိန်လင်း မှ လင်းစိန် အဖြစ် ပြောင်းခေါ်ကြတော့သည်။
လင်းစိန်သည် အညာမှာ မွေး၍ အညာစာ စားနေသော်လည်း အညာ၏ ပြင်းထန်သော အပူဒဏ်ကို သူမခံနိုင်။ အညာစာကို သူ မကြိုက်။ ထန်းတက်၊ ယာလုပ်၊ ထန်းလျက်ချက် စသည့် အညာသူ၊ အညာသားတို့၏ သမားရိုးကျအလုပ် အကိုင်ကိုပင် ပင်ပန်းသည်ဟု သူ ထင်သည်။
သူကလည်း အညာသား ဟုသာ ဆိုသည်။ လူက ဖြူဖြူနွဲ့နွဲ့၊ ပုပုသေးသေးရယ်။ ဝတ်တာစားတာကိုက ရန်ကုန်သူ၊ ရန်ကုန်သားစတိုင်။ ရွာရှိ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်နှင့် ရန်ကုန်မှာ ကျောင်းထားပေးဖို့ မိဘတို့ကို ပြောပြီးသား ဖြစ်သည်။ မိဘများကလည်း တစ်ဦးတည်းသော သားပေမို့ သူ့သဘောကျ ဖြစ်စေသည်။
တစ်ခုတော့ ရှိသည်။ လင်းစိန် အတွက် အညာမှာ ချစ်စရာ ဆို၍ တင်ရီမ တစ်ယောက်တော့ ရှိသည်။ တင်ရီမက သူနှင့် ငယ်စဉ်ကတည်းက ကျောင်းနေဘက်။ ရှစ်တန်းကျမှ မိဘများ၏ စီးပွားရေးအခြေအနေကြောင့် ကျောင်းထွက်သွားရသည်။ ယာထဲကိုင်းထဲ လုပ်နေရသော်လည်း တင်ရီမအလှက ပျက်မသွား။ အသားအရေမှာလည်း အဖြူကြီး မဟုတ်လျှင်တောင် သိပ်အညိုကြီးတော့ မဟုတ်။ ပြီးတော့ တင်ရီမက တခြား အညာသူတွေလို သနပ်ခါးကို ထူလပျစ်ကြီး မလိမ်း။ ရှင်မတောင် သနပ်ခါးကို ဖုံနေအောင် မျက်နှာပေါ်မှာ တင်သူ ဖြစ်သည်။ ဒါကိုပင် လင်းစိန် ချစ်နေရသည်လား မသိ။
လင်းစိန် ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ ကျောင်းဆက်တက်မည် ဆိုတော့ တင်ရီမ မျက်ရည်မဆည်နိုင်။ တစ်ခါမှ ခွဲဖူးသည်လည်း မဟုတ်။ လွန်လွန်ကျူးကျူးသာ မရှိတာ။ အချိန်ရှိသရွေ့ နှစ်အိမ့်တစ်အိမ့် ဝင်ထွက်နေကြသူများ ဖြစ်သည်။
လင်းစိန်ကတော့ သူ့ရည်ရွယ်ချက်ကို အပျက်မခံနိုင်။ ပညာဆုံးခန်းတိုင်ပြီးလျှင် လာခေါ်မည်ဟု ကတိအထပ်ထပ်ပေးခဲ့သည်။ ကတိသာ ပေးသည်။ အညာကိုတော့ လင်းစိန် ပြန်၍ မလာလိုပြီ။ ဒီလိုနှင့် ပညာသင်ဆုံးခန်းတိုင်တော့ အလုပ်ထဲ ရောက်ပြန်သည်။ မိဘတွေကလည်း သားနှင့် ရန်ကုန်မှာ အတူ လိုက်နေကြတော့ လင်းစိန် အတွက် အညာနှင့် အဆက်ပြတ်ခဲ့ရသည်။ ထို့အတူ တင်ရီမ နှင့်လည်း... ။
••••• ••••• •••••
ခေတ်တွေကလည်း အလီလီ ပြောင်းခဲ့ပြီ။ စနစ်တွေလည်း အလီလီ ပြောင်းခဲ့သည်။ လင်းစိန်လည်း စိန်လင်း ဖြစ်ခဲ့ရပြန်သည်။ ယခုဆိုလျှင် စိန်လင်းမှသည် ဦးစိန်လင်း ဖြစ်ခဲ့ပြီ။ ဪ ...အသက်ပင် ခုနစ်ဆယ် ကျော်ပါပေါ့။
ဒီတော့လည်း မွေးဇာတိကို သတိရလာသည်။ မိမိ ချမ်းချမ်းသာသာ ဖြစ်နေချိန်တွင် နိမ့်ကျလှသော မိမိဇာတိကို မြှင့်တင်ချင်သည်။ ဒါမှ တာဝန်ကျေမည် မဟုတ်ပါလား။
“ဪ ... ခုချိန်မှာ တင်ရီမ တစ်ယောက် ဘယ်လိုများ နေပါလိမ့်။ အရင်ကလို ရှင်မတောင်သနပ်ခါးကို ဖုံနေအောင် လိမ်းနိုင်ပါဦးမည်လား”
ဦးစိန်လင်းသည် မှုန်ရီဝါးနေသော မျက်မှန်ကို ချွတ်ကာ လက်ကိုင်ပဝါဖြင့် ပွတ်လိုက်သည်။ သွားတွေကလည်း မကောင်းချင်တော့။ ဒူးက အမြဲ နာနေသည်။ ဒါပေမဲ့ သူ့ကိုယ်သူ အိုသည် မထင်သေးသည်ကတော့ အမှန်။
ဇာတိ အညာမှ ဆွေမျိုးများကို ဆက်သွယ်ကာ ရွာလူကြီးတချို့ကို ဖိတ်ကြားလိုက်သည်။ ရွာမှာ အရေးအကြီးဆုံး လိုအပ်ချက်ကို မေးတော့ စက်ရေတွင်း ရှိလျှင် ပြည့်စုံသည်ဟု ဖြေ၍ အလှူငွေများ တွက်ချက်ကာ ရေတွင်း တူးခိုင်းလိုက်သည်။ ယခု မိမိမှာ မအားသေး။ ခရီးသွားဖို့ ကျန်းမာအောင် ကုရဦးမည်။ ရေတွင်းဖွင့်ပွဲကျလျှင်တော့ လာခဲ့မည်ဟု မှာလိုက်သည်။
မိမိ လုပ်ချင်သော အလုပ်တစ်ခု လုပ်လိုက်ရ၍ ရင်ထဲက အလုံးတစ်ခု ကျသွားပေပြီ။ ဒါပေမဲ့ အညာ ပြန်လျှင် တင်ရီမကို ဘယ်လို မျက်နှာချင်းဆိုင်ရပါ့။ မိမိကို မြင်လျှင် တင်ရီမ ခေါင်းငုံ့သွားလေမည်လား။ မိမိ ရင်ဘတ်ကိုပဲ ပြေးထုကာ ငိုလေမည်လား။ အတွေးမဆုံးခင် ခေါင်းထဲမှာ နောက်လာ၍ သွေးပေါင်ကျဆေး တစ်လုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်ရလေသည်။
“တင်ရီမရယ်... သွေးသား ဆန္ဒပဲဖြစ်ဖြစ်၊ လူကြီးတွေကို မလွန်ဆန်နိုင်လို့ပဲဖြစ်ဖြစ် အိမ်ထောင်ပြုလိုက်ရပေမယ့် ငါကတော့ နင့်ကို ချစ်နေတုန်းပါ။ နင့် ပါးပြင်ပေါ်က သနပ်ခါးဖုံဖုံကို မြင်ယောင်ဆဲပါဟာ”
ရွာရောက်တော့ ရွာလူကြီးအိမ်မှာ တည်းရသည်။ လုပ်ကိုင်မည့်သူ နည်းနေ၍ ရွာလူကြီး၏ အဒေါ်နှင့် မိန်းမကြီးသုံးယောက် လာရောက် လုပ်ကိုင်ကြသည်။ မိမိနှင့် အတူ ဧည့်သည် စာရေးဆရာတွေက ပါလာသေးသည်လေ။
“ဪ ... ခေတ်တွေ ဘယ်လိုပြောင်းပြောင်း အညာသူတို့၏ ပုံစံဟန် မပျောက်။ သနပ်ခါး ထူလပျစ်နှင့် မျက်ခမ်းစပ် မျက်လုံးများ၊ ချည်ကြမ်းလုံချည်နှင့် အညာတဘက် ခေါင်းပေါင်းပေါင်းပုံက နှစ်ငါးဆယ် ခြောက်ဆယ်အတွင်း ဘာမှ မပြောင်းလဲ။ ပြောင်းလဲသည်က တင်ရီမကို မတွေ့ရခြင်းပင်။ မည်သူ့ကိုမှလည်း မမေးဝံ့။
“ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် စားပါဦးရှင့်”
အတွေးစလေးများ ပြိုကွဲသွားသည်။ မကျိုးတစ်ဝက် ကျိုးတစ်ဝက် သွားများက ကွမ်းချိုးများကြောင့် မည်းနေသည်။ နေလောင်ထားသည့် အသားက ညိုညစ်ညစ်။ သူ့ကို မေးကြည့်ရကောင်းမလားဟု တွေးနေချိန်မှာပင် အညာသူကြီးက လှည့်ထွက်သွားပေပြီ။
စက်ရေတွင်းဖွင့်ပွဲ နေရာကတော့ သီချင်းသံများဖြင့် ဆူညံနေပြီ။ အဲဒီမှာ တင်ရီမ ရှိကို ရှိရမည်။ တစ်ရပ်တစ်ကျေးသို့ ပြောင်းရွှေ့မသွားလျှင် တွေ့ရမည်။
“တင်ရီမရယ် ... နင်လည်း ငါ့ကို တွေ့ချင်မှာပါဟာ”
“ဟေ့ကောင် ... လင်းစိန်၊ အဲ ... စိန်လင်း၊ လာ ... ဖွင့်ပွဲလုပ်တော့မယ်”
ငယ်သူငယ်ချင်း တစ်ယောက်က လာခေါ်၍ လိုက်ခဲ့သည်။ ဖွင့်ပွဲမှာ ထင်ထားသည်ထက်ပင် စည်ကားနေသေးသည်။ ဒိုးပတ်ဝိုင်း ပါသည်။ အော်ဂင်ဝိုင်း ပါသည်။ မြို့နယ်မှ လူကြီးများ လာသည်။ သို့သော် ဦးစိန်လင်းမှာ ဂရုမစိုက်အား။ မျက်မှန်ကို ကျော်၍ ဟိုကြည့်သည်ကြည့်။
“ဟော ... ဟိုမှာ ... ဟိုမှာ သနပ်ခါးတွေ ဖုံနေတဲ့ တင်ရီမ။ အရင်လို ဆံရစ်ဝိုင်း မဟုတ်တော့။ ဘီးဆံပတ် ပတ်ထားသည်။ နုပျိုလိုက်တာကွယ်။ အသက်လေးဆယ်တောင် ကျော်တယ် မထင်ရပါလား။ ဘဝပေးကုသိုလ် ကောင်းလိုက်တာ။ ဒါဆို ငါလည်း ကုသိုလ်ကောင်းတာပေါ့”
လူအုပ်ကို ခွာ၍ ဦးစိန်လင်း ခြေလှမ်းသွက်သွက်နှင့် လှမ်းလျှောက်သွားလိုက်သည်။
“တင်ရီမ … တင်ရီမ၊ ဟဲ့.. တင်ရီမ၊ နင် နေနိုင်လိုက်တာ။ ငါ့ တောင် လာမနှုတ်ဆက်ဘူး”
“ရှင် ဦးလေးက”
“တင်ရီမ ... ငါလေ”
“ဦးလေး … ကျွန်မက ဒေါ်တင်ရီ သမီးရှင့်။ ဟိုမှာ ဖဲကြိုးကိုင်ထားတာက ကျွန်မသမီး၊ ဒေါ်တင်ရီမြေး”
“အိုး ... တင်ရီမ မြေးကမှ တင်ရီမ ငါနဲ့ လမ်းခွဲခဲ့တဲ့ အရွယ် ဒီပုံ အတိုင်းပါပဲလား”
“ဒါဆို တင်ရီမက...”
“ဦးလေး တည်းတဲ့ အိမ်မှာ ဦးလေးကို ဝေယျာဝစ္စ လုပ်ပေးဖို့ ရောက်နေတယ်လေ”
“ဟေ...”
ဟု ဆိုကာ ဦးစိန်လင်းမှာ ရေနွေးကြမ်းနှင့် လက်ဖက် လာချပေးသော အဘွားကြီးကို ပြေးမြင်မိလေသတည်း။
▢ ချစ်မုန်းငြိမ်း
📖 သောကြာ စာစောင်
ဒီဇင်ဘာ ၊ ၂၀၁၇
No comments:
Post a Comment