Friday, September 11, 2026

မှောင်ခိုမျက်ရည်


❝ မှောင်ခိုမျက်ရည် ❞ 
    ( သက်ဦးမောင် )

ဒီမြို့ကျဉ်းကျဉ်းလေးမှာ ဒေါ်ဇီးကွက် ဆိုရင် ကလေးကအစ မေးလို့ရသည်။ ဘယ် ဒေါ်ဇီးကွက်လဲဟု ပြန်မေးရလောက်အောင် နာမည်တူ တစ်ယောက်မှ မရှိသလို သူကလည်း အိမ်ပေါက်စေ့နီးနီး ရောက်နေသည့်သူကိုး။ ဘာဖြစ်လို့ အိမ်ပေါက်စေ့ ရောက်တာလဲဆိုတော့ သူ့အလုပ်က နတ်ကတော် ဖြစ်နေသောကြောင့်ပင်။

ဒေါ်ဇီးကွက်က နတ်ကတော် ဆိုလို့ အစားရချောင်းတယ် ဆိုပြီး ကမန်းကတန်း ထလုပ်သော ခါတော်မှီ နတ်ကတော် မဟုတ်ပါ။ မျိုးရိုးစဉ်ဆက်ကလို လက်ဆင့်ကမ်း လုပ်လာခဲ့တဲ့ အခြေအမြစ် ရှိရှိ နတ်ကတော် ဖြစ်ပါတယ်။ ဒေါ်ဇီးကွက်ရဲ့ အဘွားလက်ထက်ကတည်းက တစ်မြို့လုံးရဲ့ အသိအမှတ်ပြု နတ်ကတော်ကြီး ဖြစ်၏။ နန်းရရွှေတိုက်စိုး စာရင်းဝင် အဆင့်ပေါ့။ စကားလုံးအရ အဆင့်က ကြီးကြီးကျယ်ကျယ်မို့ စွတ်ရွတ် အထင်မကြီးစေချင်ပါ။ ဒီရပ်ကွက်ထဲမှာ နတ်ကတော် လုပ်ရသည်မှာ သီးသန့်နတ်ကတော် အလုပ်တစ်ခုတည်းနဲ့ ရပ်တည်လို့ ရလောက်အောင် ရသည် မဟုတ်ပေ။ တစ်ဖက်က စီးပွားရေးတစ်ခု အမာခံ ထားပြီးမှ ခရီးသွားဟန်လွှဲ လုပ်ရသေးသည်။ နာမည်ခံ နတ်ကတော် တစ်ယောက်သာ ဖြစ်၏။

နတ်ကတော်တွေ ချမ်းသာနေတဲ့ ခေတ်ထဲမှာ ဘယ်လိုဖြစ်တာလဲလို့ မေးရင် ရပ်ကွက် အနေအထားကြောင့်လို့ ပြောရပေမည်။ သူတို့ နေသော ရပ်ကွက်ထဲမှာ စီးပွားရေးလုပ်ငန်းရှင် ကြီးကြီးမားမား ဟူ၍ ပဲလှော်ဖို လောက်သာ ရှိ၏ ။ စက်မှုလုပ်ငန်းကြီးဟု ပြချင်လျှင် တွင်ခုံ တစ်ခု ရှိ၏။ လက်မှုလုပ်ငန်းကြီးဆိုလျှင် သံသေတ္တာရိုက်သော အိမ်တစ်အိမ် ရှိ၏။ ကျန်သူ အများစုကတော့ ရရစားစား လက်လုပ်လက်စားများပင်။ နတ်ကို အားကိုးတကြီး မ,စစေရန် အားကိုးပူဇော်ပသနေချိန် မရ။ အားကိုးစရာလည်း မလိုပေ။ သူတို့ ဘ၀တွေက ရိုးရှင်းသည်။ ဒီနေ့လုပ်လျှင် ဒီနေ့ စားရမည်။ မနက်ဖြန်စာအတွက် မနက်ဖြန် လုပ်ရမည်။ မလုပ်သည့်နေ့ မစားရ။

သည်တော့ နတ်ကို အပူကပ်၍ မ,စခိုင်းနေချိန်လည်း မရကြပါ။ သည်တော့ ဒီရပ်ကွက်ထဲမှာ နေတော့ နတ်ကတော် ဘယ်လိုလုပ် ငွေရွှင်နိုင်ပါမည်နည်း။ ဝါဝင်လျှင် နတ်အုန်းဆွဲတာလောက်၊ နေမကောင်းထိုင်မသာ ဖြစ်လျှင် ရိုးရာကို တောင်းပန်ရုံလောက်သာ ရှိသည်ကိုး။ သည်တော့ နတ်တင်မှ ရမည့် ဝင်ငွေကို အားကိုး၍ မရ။ ကိုယ်ကိုယ်တိုင်က မုဆိုးမ ဆိုတော့ အားကိုးရာ မရှိ။ အတူနေ သမီးနှင့် သမက်ကို မှီခိုနေရသည်။

ဒေါ်ဇီးကွက်၏ သမီးက ဈေးထဲတွင် ကုန်စိမ်းများရောင်းသည်။ သမက်က ဈေးထဲတွင် အထမ်းသမား၊ အလုပ်နာမည်က နတ်ကတော် ဆိုသော်လည်း တကယ် လုပ်ရသည်က မြေးသုံးဦးနှင့် အောက်ခြေသိမ်း ပြုစု၍ ထိန်းကျောင်းပေးရခြင်းပင်။

“သမီးတော်လေးကို စောင့်ရှောက်ကြကုန်သော ကိုယ်တော်ကြီး၊ ကိုယ်တော်လေး၊ အရှင်ကြီး၊ အရှင်ကောင်းတို့ဘုရား။ သမီးတော်လေးရဲ့ စားဝတ်နေရေး ကျပ်တည်းကျဉ်းမြောင်းနေတာကို မျက်နှာ လွှဲနေတော် မမူကြပါနဲ့ဘုရား။ ကြာ တပေါင်း နှောင်း တန်ခူး ထူးခြားအောင် မ,စစောင့်ရှောက်တော်မူကြပါဘုရား”

“အလတ်ကောင် အခြေအနေ ဘယ်လိုလဲ အမေ။ ပူတုန်းပဲလား။ ဈေးကလည်း မထွက်လို့ မဖြစ်ဘူး။ အမေ့ဟာအမေသာ ကြည့်လုပ်လိုက်ပေတော့။ သမီး ပြန်လာမှပဲ ဆေးဝယ်ခဲ့တော့မယ်”

ဒေါ်ဇီးကွက်၏ ဆုတောင်းသံ နောက်မှာ သမီးဖြစ်သူ၏ အကြောင်းကြားသံက တစ်ထပ်တည်း ကပ်ပါလာခဲ့သည်။ ဒေါ်ဇီးကွက် တစ်ကိုယ်လုံး စိတ်ရော၊ လူပါ ညစ်ညူးပူလောင် သွားရလေသည်။
 
“အေးပါအေ၊ သွေးလွန်တုတ်ကွေးတွေ တော်တော်များများ ဖြစ်နေတာဆိုတော့ သူလည်း သွေးလွန်တုတ်ကွေး ဖြစ်မှာပေါ့။ ညနေ ညည်းပြန်လာမှ ဆေးခန်းသွားကြတာပေါ့အေ”

ဒေါ်ဇီးကွက် အသက်အောင့် ပြောပြီး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ ယခု ဖျားနေသော သက်အောင် ဆိုသည်က ဒေါ်ဇီးကွက်၏ အချစ်ဆုံးမြေး။ ဘုစုခရု ( ၆ ) ယောက်ထဲတွင် တီတီတာတာနှင့် ဒေါ်ဇီးကွက်၏ အသည်းနှလုံးကို ဆုပ်ကိုင်လှုပ်ရမ်းနိုင်ဆုံးသော မြေးအလတ် ဖြစ်၏။ ဖြစ်မယ့်ဖြစ်တော့လည်း ဝါတွင်းကြီး။ ဘယ်အိမ်ကမှ နတ်မတင်သော ကာလ။ ကိုယ်ပေါ်တွင် အနီစက်ကလေးများ ပေါ်၍ နွေးတေးတေး၊ မှိန်းတိန်းတိန်း ဖြစ်နေသည်ကို ဒေါ်ဇီးကွက် သိသည်။ သို့သော် ကွမ်းယာဆိုင်က ဆေးတစ်လုံးစာဖိုးပင် လက်ထဲမှာ မရှိသောကြောင့် ကြံရာမရ ဘုတ်ထိုင်ထိုင် နေခဲ့ရခြင်း ဖြစ်၏။ ဈေးရောင်းရာမှ ပြန်လာသော သမီးကို ပြောမည်လုပ်တော့ အရင်းရအောင် အနိုင်နိုင် ရောင်းလာရ၍ ဆန်ဖိုးပင် မပြည့်ကြောင်း အရင်ဆုံး ကြားလိုက်ရသဖြင့် ဘာမှ မတတ်နိုင်။ ကလေးက မှိန်း၍သာ နေသောကြောင့် ပိုပြီး စိတ်ပူရသည်။

ဘာပဲဖြစ်ဖြစ် ဆေးတစ်မျိုးမျိုး ဝယ်တိုက်လိုက်လျှင် ချက်ချင်း သက်သာသွားမည်ဟု ထင်နေသော ဒေါ်ဇီးကွက် တစ်ယောက် ငါးကျပ်တန် တစ်ရွက်မျှပင် မကိုင်နိုင်သော နတ်ကတော်ဘ၀ကို ပထမဦးဆုံးအကြိမ် စိတ်နာမိလေတော့သည်။

••••• ••••• ••••• 

“ရော့... အမေ၊ ဒီဆေးကို တိုက်လိုက်။ ကုလားလေးဆေးတဲ့၊ တော်တော်ကောင်းတယ်လို့ ပြောတာပဲ အမေ”

ဒေါ်ဇီးကွက် အားရ၀မ်းသာပင် ဆေးကိုယူ၍ မြေးအနှစ်လေးကို ကမန်းကတန်း တိုက်လိုက်၏။ သို့သော် မည်သို့မျှ မထူးခြားပါ။

ထိုနေ့ညတစ်ညလုံး ဖျားလိုက်သည်မှာ ငါးလူးငါးပျံ။ တစ်အိမ်လုံး မအိပ်နိုင်လောက်အောင်ပင် အခြေအနေက ဆိုးဝါးလွန်းလှပေ၏။

“မနက်ခင်းကျရင် ဆေးခန်းသွားမှ ဖြစ်မယ် သမီး။ အဖျား တာရှည်သွားရင် မကောင်းဘူး”

ဒေါ်ဇီးကွက် စိုးရိမ်ပူပန်စွာ ပြောသောအခါ သမီးဖြစ်သူက ငိုတော့မလို မျက်နှာ ဖြစ်သွား၏။

“သမီး ပြန်လာမှ သွားပါလား အမေ။ ဆေးခန်းသွားလိုက်ရင် အရင်းလေး ကုန်သွားမှာ အဲဒါမှ ထမင်း မချက်နိုင်လို့ ကျန်တဲ့ကလေးတွေအတွက် တစ်မျိုး ပူရဦးမယ်။ သမီး ပြန်လာရင် ဒေါ်ခင်ထွေးဆီက နေ့ပြန်တိုးနဲ့ ဖြစ်ဖြစ် ဆွဲခဲ့မယ်အမေရယ် နော်”

ငွေရှာနေသော သမီးဖြစ်သူ၏ အစီအစဉ်ကို ဒေါ်ဇီးကွက် စောဒက မတက်ရဲပါ။ သက်ပြင်းချ၍ ခေါင်းသာ ညိတ်ပြလိုက်ရတော့သည်။ သူ တတ်နိုင်သည့် အလုပ်ကတော့ နတ်ရုပ်တွေနှင့် အလုပ်ရှုပ်ခြင်းပင်။ ရှိသမျှ နတ်ပုံတော်တို့ကို ဦးတိုက်ဆုတောင်းပစ်လိုက်မိတော့လေသည်။

နော်ကထပ် တတ်နိုင်သည့်က ကွမ်းရွက်များကို အများကြီး ချေမွ၍ မြေးငယ်၏ တစ်ကိုယ်လုံးကို လိမ်းချပေးနေမိသည်။ ကွမ်းရွက်ကြောင့်လား။ နတ်မ,၍ လားတော့ မသိ။ မြေးငယ်လေး ထူထူထောင်ထောင် ရွှင်ရွှင်လန်းလန်း ဖြစ်လာသဖြင့် ဒေါ်ဇီးကွက် အူထဲက လှိုက်လှိုက် လှိုက်လှိုက်နှင့် နေအောင် ၀မ်းသာနေမိလေသည်။

“ဒေါ်ကြီးဇီးကွက်၊ ဒေါ်ကြီးဇီးကွက် ရှိလား မသိဘူး”

ခြံပေါက်၀မှ ခေါ်သံကြောင့် မြေးငယ် နားမှ ကမန်းကတန်း ထရပ်ရင်း
  
“ရှိတယ် ဟေ့”

အသံပြုလိုက်ရသည်။ အိမ်ပေါက်ဝမှ လှမ်းကြည့်လိုက်တော့ ကိုယ့်ရပ်ကွက်သူ၊ ရပ်ကွက်သားများ မဟုတ်။ ဟိုး ... မြို့ထဲက ရွှေဆိုင်ပိုင်ရှင် လင်မယားကို မျက်နှာ မသာမယာနှင့် တွေ့လိုက်ရသည်။ ဒေါ်ဇီးကွက် ပျော်သွား၏။ ဒီလို မျက်နှာမသာမယာနှင့် လာပြီ ဆိုကတည်းက အပျင်းပြေ နတ်မေးရန် မဟုတ်တော့။

ကိစ္စကြီးငယ် တစ်ခုကြုံတွေ့၍ လာကြခြင်းဖြစ်ကြောင်း သမ္ဘာက သိလိုက်ပြီ။

“ဪ ... လှဝင်းကြည်တို့ပါလား။ လာဟေ့၊ ဘာကိစ္စများ အရေးတကြီး ပေါ်လို့လဲ”

လှဝင်းကြည်က မျက်နှာကို အစွန်းကုန် ညှိုးထားရင်းက ...

“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ဒေါ်ကြီးဇီးကွက်ရယ်၊ သားလေး နေမကောင်းလို့ပါ။ အဲဒါ ရိုးရာလေး ဘာလေး နည်းနည်းပါးပါး တောင်းပန်ခိုင်းချင်လို့ပါ”

“ဆရာဝန်သွားမပြဘူးလား”

ဟု လွှတ်ခနဲ မေးမိမလို ဖြစ်ပြီးမှ ပါးစပ်ကို မနည်း ဘရိတ်အုပ်လိုက်ရသည်။ စိတ်ထဲတွင်တော့

“တော်တော် အချိုးမပြေတဲ့ဟာတွေပါလား။ ဝမ်းရေးကြောင့်သာ လုပ်စားနေရတာ၊ တော်တော် အကုသိုလ်များတဲ့အလုပ်ပဲ။ ကြည့်စမ်းပါဦး” 

ကလေး နေမကောင်းတာကို ဆရာဝန်ဆီ မသွားဘဲနဲ့ နတ်ကတော်ဆီ ရောက်လာသတဲ့။

ဒေါ်ဇီးကွက် စိတ်ထဲမှ “တော်တော် ရယ်စရာကောင်းသည့် သူတွေပဲ” ဟု ပြောမိလိုက်သော်လည်း ပါးစပ်ကတော့ မထွက်ဝံ့။ ပိုက်ဆံပေးမည့် သူတွေကိုး။ တကယ်တမ်းကျတော့ ...

“ငါ့မြေးလေးလည်း နေမကောင်းလို့ဟေ့။ ဆေးခန်းပြဖို့ ပိုက်ဆံ မရှိလို့ ပိုက်ဆံသာ ရှိလို့ကတော့ ဘယ်နတ်ဆီမှာမှ ဆုတောင်း မနေဘူး။ ဆေးခန်းကို အရင်ဆုံး ပြေးပစ်လိုက်မှာ” ဟု ပြောပစ်လိုက်ချင်သည်မှာ ပါးစပ်တွင်ပင် ယားနေ၏။

ကျန်းမာရေးအတွက် နတ်ကို ဆုတောင်းကြကြေး ဆိုလျှင် ဒေါ်ဇီးကွက် အိမ်မှာ ဘယ်သူမှ အဖျားအနာ ရှိနိုင်မည် မဟုတ်တော့ချေ။ ဆုတောင်းရမည့် နတ်များက အင်အားတောင့်တင်စွာ ရှိနေကြသည် မဟုတ်လား။ သို့သော် ဒါက အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်သည်။ စိတ်ထဲ ရှိတိုင်း ပြော၍ မဖြစ်သေး။ ဒီတော့ အလိုက်အထိုက်ပင် ပြောရပေမည်။

“အေးပါ ... အေး .. စိတ်ချစမ်းပါ၊ ကိုယ်တော်တွေ အုံလိုက်ကျင်းလိုက် မ,စအောင် ငါ တိုင်တည်ပေးပါ့မယ်။ ဟုတ်ပြီလား။ နတ်နဲ့ နဂါး မလှည့်စားနဲ့ဆိုတဲ့ စကားလည်း ရှိသားပဲ။ ညည်းသားလေး နေကောင်းသွားရင် ဘာဆက်မယ် ဆိုတာသာ ကတိပေး။ ငါ ကိုယ်တိုင် အားလုံးအဆင်ပြေသွားအောင် ဆုတောင်းပေးလိုက်မယ်။ ဟုတ်ပြီလား”

“အားကိုးပါတယ် ဒေါ်ကြီးဇီးကွက်ရယ်၊ သားလေးက ပါရဂူဆီမှာ ပြတာကို အဖျားတာရှည်နေလို့ ကြံရာမရ ဒေါ်ကြီးဇီးကွက်ဆီ ထွက်လာတာပါ။ စိတ်ချ ဒေါ်ကြီး။ သားလေး ရှင်းရှင်းပျောက်တာနဲ့ ပဝါတစ်ပိုင်း၊ ငွေစင်က တစ်သောင်း မပျက်မကွက် လာဆက်ပါ့မယ်၊ ကတိမပျက်စေရဘူး”

“ကောင်းပြီလေ၊ ကတိပျက်တာ၊ မပျက်တာကတော့ ညည်းတို့ အပိုင်းပေါ့။ ငါကတော့ အဲဒီအတိုင်း ကတိပေးပြီး တိုင်တည်လိုက်မှာပဲ” 

အဟိန်းအဟောက်၊ အခြိမ်းအခြောက်များဖြင့် နတ်နှစ်ပါးခန့် ဝင်ပေးလိုက်သည်။ စိတ်ဆင်းရဲစရာ မရှိအောင် အကောင်းတွေချည်း ဟောပေးလိုက်သဖြင့် အားရကျေနပ်စွာ ငွေနှစ်ထောင် ထုတ်ပေးပြီး ပြန်သွားကြလေသည်။ သူတို့ ပြန်သွားသည်နှင့် တစ်ပြိုင်နက် ငွေနှစ်ထောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒေါ်ဇီးကွက် တစ်ယောက် မြေးနားလေးသို့ ပြေးတော့သည်။

“မြေးလေး၊ ထ ... ထ၊ ဆရာဝန်ဆီ သွားကြရအောင်။ နင့်အမေကို စောင့်စရာ မလိုတော့ဘူး။ နတ်မ,လိုက်ပြီ မြေးလေးရဲ့”

••••• ••••• ••••• 

“ဆရာဝန်က ဘာပြောလိုက်လဲ အမေ”

သမီးဖြစ်သူက ညစာစားရင်း မေး၏။

အင်းလေ။ သူလည်း မိခင်အရင်းပဲ။ ပူရှာပေမပေါ့။ ဘယ်လိုမှကို လှည့်မကြည့်နိုင်လိုသာ အဘွားနဲ့ လွှတ်ထားရတာ။ ဘယ်မပူဘဲ ရှိပါ့မလဲ။

“အခြေအနေက ချက်ချင်းတော့ ဘာရယ်လို့ မပြောနိုင်သေးဘူး။ ဒီနေ့ ပေးလိုက်တဲ့ ဆေးတွေကိုလည်း မပျက်မကွက်တိုက်။ နောက်ထပ် စိတ်ချရတဲ့ အခြေအနေထိလည်း နေ့တိုင်း လာပြရမယ်တဲ့”

“ဟင် ...”

သမီးဖြစ်သူက ဟင် တစ်လုံးတည်း ရေရွတ်လိုက်သော်လည်း ဒေါ်ဇီးကွက် ကတော့ စကားလုံးပေါင်း မြောက်များစွာကို အဓိပ္ပါယ် ဖော်ပစ်လိုက်နိုင်ခဲ့သည်။ ဟုတ်သည်လေ။ တစ်နေ့လျှင် သုံးထောင် နေ့တိုင်း ကုန်ရမည့် ကိစ္စသည် သမီးဖြစ်သူအတွက် သွေးပျက်ဖွယ် ကိစ္စကြီး မဟုတ်လား။ ဆန်ဖိုးပြည့်အောင်ပင် မနည်း ရှာဖွေနေရသော သမီးအနေနှင့် ချုံးချုံးကျ စိတ်ညစ်ညူးသွားပေလိမ့်မည်။ သမက်လူဖျင်းက ငွေသာကောင်းကောင်း မရှာနိုင်သော်လည်း နေ့စဉ် မူးလာရန်တော့ ဘယ်တော့မှ မပျက်ကွက်တတ်ပါ။ ထို့ကြောင့် အားကိုးရမည့် စာရင်းထဲကို သားအမိ နှစ်ယောက်စလုံး စိတ်ကူးထဲကိုပင် မထည့်မိကြခြင်းဖြစ်၏။

“အဲဒါဆို ဘယ်လို လုပ်ကြမလဲ အမေ။ ဟိုအကောင်ကိုတော့ ခေါင်းထဲ ထည့်မနေနဲ့။ သူက မိသားစုအရေးကို အိပ်မက်တောင် ထည့်မက်တတ်တဲ့သူ မဟုတ်ဘူး။ အမေနဲ့ သမီးနဲ့ပဲ ကြံရမှာ”

“အမေကလည်း ဝါတွင်းကြီး ဘယ်က ရစရာရှိမှာလဲ သမီးရယ်” 

အားမတန် မာန်လျှော့ရသော ဒေါ်ဇီးကွက်၏ စကားအဆုံးတွင် သမီးဖြစ်သူက သက်ပြင်းရှည်ကြီးကို မသက်မသာ ဆွဲချလိုက်ရင်း 

“ပူနေလို့လည်း ဘာမှ ဖြစ်လာမှမှ မဟုတ်ဘဲ အမေရယ်၊ အခြေအနေ ကြည့်ပြီး ကြုံသလို ရင်ဆိုင်ကြရတော့မှာပေါ့”

••••• ••••• ••••• 

မြေးလေးကို အရိပ်တကြည့်ကြည့်နှင့် စောင့်ကြည့်နေရသော ဒေါ်ဇီးကွက် ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေ ဝေစည်နေ၏။ ကြုံသလို ကြည့်လုပ်ကြတာပေါ့ အမေရယ်ဟု ဆိုကာ သမီးကလည်း တကယ်တမ်းကျတော့ ဘယ်လိုမှ မလှည့်သာပါ။ ကိုယ်ပူလိုက်၊ ကျလိုက်နှင့် ငြိမ်ငြိမ်လေး မှိန်းနေတတ်သော မြေးလေးအတွက် အတွင်ကျယ်ဆုံး ဆေးကတော့ ကွမ်းရွက်ရည်ပင် ဖြစ်၏။ ဆရာဝန်က ထပ်လာပြပါ ဆိုသော်လည်း နောက်ထပ် မပြနိုင်တော့ပါ။ ကိုယ့် ဝင်ငွေ မရှိသော ဒေါ်ဇီးကွက် ဘာကိုမှ ဦးဆောင် မပြောရဲ။ ထို့ကြောင့် တတ်နိုင်သမျှ ပြုစုရင်း သုံးရက် ကြာသွား၏ ။ မြေးလေး၏ အဖျားက မပျောက်ပါ။

ဒေါ်ဇီးကွက် ဆုံးဖြတ်ချက် ချလိုက်သည်။

နတ်ပုံတော်တွေ ရောင်းစမ်းပါလို့ ပြောထားသော တက်သစ်စ အခြောက်လေးဆီမှာ နတ်ပုံတော် အချို့ကို ရောင်း၍ မနက်ဖြန်တော့ မြေးလေးကို ဆေးခန်း ပြဖြစ်အောင် ပြမှ ဖြစ်ပေတော့မည်။ ဟိန်းဟောက်၊ ခြိမ်းခြောက်၊ မြူဆွယ်၊ ဖျားယောင်း၍ စားရသော နတ်ကတော် အလုပ်ကိုလည်း စိတ်ကုန်လှပြီ။

ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချပြီးချိန်တွင် စိတ်ထဲ၌ အနည်းငယ် ပေါ့သလိုတော့ ခံစားလိုက်ရသည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်နက် မိုးမြန်မြန် လင်းရန် ဆုတောင်းနေမိပြန်တော့သည်။

••••• ••••• ••••• 

မိုးလင်းသည်နှင့် နတ်ကတော်အခြောက်ကလေးကို ရှာပုံတော် ဖွင့်ရလေသည်။ ယခင်က မျက်စိနောက်လောက်အောင် ဇမ်းခတ်နေတတ်သော ဆတ်စလူး အခြောက်က ဒီနေ့ကျတော့လည်း ရှာလို့ပင် မတွေ့ရပါ။ သူ့အိမ်အထိ လိုက်သွားတော့ ...

“နတ်ပွဲသွားတယ်လေ၊ ညနေကျမှ ပြန်လာမှာ” ဟူသော အဖြေကိုသာ ရခဲ့သည်။

“လာရင် ပြောလိုက်စမ်းပါ၊ ဒေါ်ဇီးကွက် လာသွားတယ် ဆိုရင် ဘာကိစ္စဆိုတာ သူသိပါတယ်။ ဪ ... အရေးကြီးတယ်။ ရောက်ရောက်ချင်း လာခဲ့ပါဆိုတာလည်း ထည့်ပြောလိုက်ဦးနော်”

ဟု မှာခဲ့ပြီး ခြေကုန်လက်ပမ်းကျကာ ပြန်လာခဲ့ရသည်။ အိမ်ရောက်တော့ မြေးအကြီးဆုံးက

“ညီလေးလေ ကော်ဖီတွေလို ညိုညိုအရည်တွေ အန်သေးတယ်အဘွား”

ဟု စကားလုံးနှင့် ရင်ဝကို ဆီးကန်လေတော့သည်။

ကော်ဖီရောင် မကလို့ စတော်ဘယ်ရီရောင်တွေ၊ ဆီးရောင်တွေပဲ အန်အန်၊ ဘာမှ မတတ်နိုင်ပါ။ ဒီအတိုင်းသာ ထိုင်ကြည့်နေရပေတော့မည်။
 
မှောင်ခါနီး လောက်မှ သမီး ပြန်လာသည်။ ခေါင်းပေါ်က ဈေးတောင်းကို ကြည့်ခြင်းအားဖြင့် ထုံးစံအတိုင်း အခြေအနေမကောင်းလှကြောင်း မေးစရာမလိုအောင် သိလိုက်ရ၏။ တော်တော်မှောင်တော့ တွေ့ချင်လွန်းနေသော စကြာမင်းနတ်ကတော်အခြောက် ရောက်လာလေတော့သည်။

အတန်ကြာအောင် ဈေးစကားပြောပြီး ပုံတော်သုံးခု ဈေးပြတ်သွား၏ ။ နတ်ကတော်လေးက စရံတစ်သောင်းကို ဒေါ်ဇီးကွက်လက်ထဲသို့ ထည့်ပြီး ဖင်ကောက်ရင်ကော့၍ ပြန်သွားချိန်တွင် တော်တော်မှောင်နေပြီ၊ ဆေးခန်းကို ဘယ်လိုမှ မမီနိုင်တော့ပါ။ ဒေါ်ဇီးကွက် စိတ်ထဲတွင် ပိုက်ဆံတစ်သောင်းကို လက်ထဲမှာတင် မချတမ်း ဆုပ်ကိုင်ထားရင်က ပီတိတွေ တလိပ်လိပ် တက်၍ နေရလေသည်။ မြေးလေး နေကောင်းတဲ့အထိ ပြတ်ပြတ်သားသား တင်းတင်းရင်းရင်း ဆေးကုနိုင်တော့မည် မဟုတ်ပါလား။

••••• ••••• ••••• 

ညဉ့်နက်လာသည်နှင့်အမျှ မြေးလေး၏ အခြေအနေက တဖြည်းဖြည်း ပြောင်းလဲပျက်ယွင်းလာခဲ့၏။ ညိုညိုအရည်များ အအန်စိပ်လာခဲ့သည်။ ကိုယ်ပူချိန်တို့ များပြီး ကယောင်ကတမ်းတွေ ပြောလာခဲ့၏။

“သမီး ... ဆရာဝန်ဆီ သွားနှိုးမှ ဖြစ်မယ်ထင်တယ်။ အမေ့စိတ်ထဲမှာ ထင့်လာတယ်။ မြေးလေး တော်တော် ခံစားနေရပုံ ပေါ်တယ်။ မနက်အထိ စောင့်နေလို့ မဖြစ်ဘူး”

သားအမိနှစ်ယောက် မြေးငယ်ကို မနိုင်မနင်း ပွေ့ရင်း ဆရာဝန်အိမ်သို့ ပြေးလာခဲ့သည်။ ကလေးအဖေက ဘာမှ မသိလိုက်။ အမူးလွန်ပြီး အိပ်ပျော်နေသည်မှာ လူသ,တ်ခံထားသလားပင် အောက်မေ့ရ၏။ ဆရာဝန်အိမ် ရောက်တော့ သားအမိနှစ်ယောက် တစ်လှည့်စီ ရပ်ကွက်ပျက်မတတ် အော်နှိုးကြသည်။ တစ်ရပ်ကွက်လုံးနီးပါး နိုးကုန်ကြလေသည်။ ဆရာဝန်အိမ်ကတော့ တုပ်တုပ်မျှ မလှုပ်ပါ။ မြေးလေးကတော့ အဘွားဖြစ်သူ၏ လက်ထဲတွင် အန်လိုက်၊ ရုန်းလိုက်၊ ကန်လိုက်နှင့် နောက်ဆုံးတွင် မျက်ကြောလေးစင်း၍ မလှုပ်နိုင်တော့ပါ။ မိုးကလည်း တဖြည်းဖြည်း လင်းလုနီး အချိန်တွင်တော့ ...

“သမီး ... မြေးလေးကို ကြည့်ပါဦးကွယ်”

ဟူသော ဒေါ်ဇီးကွက်၏ ငိုသံပါကြီး ထွက်ပေါ်လာခဲ့လေတော့သည်။

••••• ••••• ••••• 

မြေးလေးကို သင်္ဂြိုဟ်ပြီးချိန်မှစ၍ ဒေါ်ဇီးကွက် တစ်ယောက် ဘယ်သူ့ကိုမှ စကားမပြောချင်သောကြောင့် အိမ်ပေါက်ကို ကျောပေး၍ ဆေးလိပ်ထိုင်ဖွာနေမိ၏။ ကလေးအမေကတော့ နားနား၍ မကြာမကြာ ငိုနေလေတော့သည်။ ဒေါ်ဇီးကွက် မငိုပါ။ ဆေးမကုနိုင်၍ မြေးကို အဆုံးခံလိုက်ရသော ဘဝကို နာကြည်းမှုက ကြေကွဲမှုကို ဖုံးလွှမ်းပြီး ဝမ်းနည်းရမည့်အစား ဘာကိုမှန်းမသိ ဒေါသတွေသာ ဖြစ်နေမိတော့သည်။

ငိုလိုက်၊ နားလိုက် လုပ်နေသော သမီးဖြစ်သူကိုပင် နှစ်သိမ့်မပေးချင်တော့လောက်အောင် အားလုံးကို ဥပေက္ခာပြုထားလိုက်မိ၏။

ထိုအချိန်မှာပင် ...

“ဒေါ်ကြီးဇီးကွက်၊ ဒေါ်ကြီးဇီးကွက် ရှိလား”

အသံကြား၍ ခြံပေါက်ကို လှမ်းကြည့်လိုက်တော့ ...

“ဟင် ... လှ ... ဝင်း ... ကြည်”

“ဟဲ့ ... သမီး... ခင်စောမူ။ ငိုတာကို ချက်ချင်းရပ်ပြီး ညည်းမျက်ရည်တွေကို အမြန်ဆုံး သုတ်ပစ်လိုက်စမ်း။ ဧည့်သည်တွေ ပြန်သွားမှ ဆက်ငို။ သွား ... သွား၊ မျက်နှာသွားသစ်ပြီး ပြုံးပြုံးရွှင်ရွှင် ခဏလောက်နေလိုက်စမ်း”

“ဘာ ... ဘာဖြစ်လို့လဲ အမေ”

ငိုနေသောသမီး မျက်ရည်တို့ တွန်ပခနဲ ဖြစ်သွားပြီး အလန့်တကြား ပြန်မေး၏ ။

“ဘာဖြစ်ရမှာလဲ သမီးရဲ့၊ ခုလာနေတဲ့ လှဝင်းကြည်က သူ့သားလေး ကျန်းမာရေး ကောင်းသွားအောင် နတ်တွေဆီမှာ အမေ တိုင်တည်ပေးလိုက်တာလေ။ သူတို့ ပုံစံကြည့်ရတာ မြေးလေး ဆုံးတာကို သိလို့ နာရေးလာမေးတဲ့ပုံစံ မဟုတ်ဘူး။ ပြုံးပြုံးရွှင်ရွှင်နဲ့ ဆိုတော့ သူတို့ သားလေး ကျန်းမာရေးကောင်းသွားပြီး ကတိပေးထားတဲ့အတိုင်း ပဝါတစ်ပိုင်းနဲ့ ငွေတစ်သောင်း လာဆက်တာနေမှာ။ သူ့သား နေကောင်းဖို့ အမေက ဆုတောင်းပေးပြီးတော့ ကိုယ့်ရဲ့ မြေးကျတော့ သေသွားတယ် ဆိုရင် လူကြားလို့ ဘယ်ကောင်းပါ့မလဲ သမီးရယ်၊ ဒါကြောင့် သူ ပြန်သွားမှ ဆက်ငိုတော့”

နောက်ကို နတ်ကတော် လုပ်မစားတော့ဘူး ဆိုပေမယ့် ခုလာဆက်တဲ့ ပဝါတစ်ပိုင်းနဲ့ ငွေတစ်သောင်းကတော့ မြေးလေးအတွက် ကုသိုလ်ပြုပေးရအောင် ယူထားလိုက်ရမှာပေါ့ သမီးရယ်။

 ▢  သက်ဦးမောင်
📖 ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေးသံစဉ် 

No comments:

Post a Comment