❝ တမန်းပြန်ချိန်❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
“ဟင်းဟင်း ဟင်းဟင်း ဟင်းဟင်း”
သည်အတိုင်းသာ တစ်ဆက်တည်း ကြားနေရလျှင် လယ်ပြင်လာရင်း ဘယ်သူများ အဖျားတက်နေပါလိမ့် ထင်စရာ။ သို့သော် “နက်ကျော်၊ ကောင်ကလေး ဘယ်ဆွဲသွားတာတုံး၊ ဟောဗျာ နာတော့မှာပဲ” ငေါက်ငမ်းသံများ ရောဖက်ပါလာတော့မှ “ဪ လယ် ထွန်နေတာပါတကား” ဟု သိရလေတော့၏။
နွားတစ်ရှဉ်း၏ ခြေရှစ်ချောင်းက ရေထဲတွင် တွန်းဝှေ့သံ၊ ရီးဆေးရိုး၏ ခြေနှစ်ချောင်းက တမန်း မရသေးသော ရေထဲတွင် တစွက်စွက် နင်းသံများသည် အဆက်မပြတ် လူးဝေ့နေသည်။ တဟင်းဟင်း သတိပေးသံပါ ရောစွက်လိုက်သောအခါ ရီးဆေးရိုး၏ အာရုံမှာ သည်အသံ သုံးမျိုးထဲတွင် နစ်မြုပ်နေတော့သည်။ သည်အသံမျိုး၏ စည်းဝါးပေါင်အတွင်း၌ ထွန်ကြောင်း မှတ်တိုင်စိုက်သည်။ နုတ်သည်။ ထွန်ချေးစာကို ခြေဖြင့် ကန်ချသည်။ ကန်၍ မရသော အမှိုက်ကို လက်ဖြင့် ဆွဲပစ်သည်။ ကန်သင်းကွေ့နှင့် ကြုံလျှင် လေးလံလွန်းသော ထွန်တုံးကြီးကို မနိုင့်တနိုင်ဆွဲကာ ကွေ့ထဲ ပစ်သွင်းသည်။ သည်အတွင်း သို့ စည်းမပါ ဝါးမပါ ဝင်လာသော အသံမှာ ပျိုးစည်းကို ‘နှီးပတ်’ ဆွဲတင်းသံ ဖြစ်၏။ ကျွိအိအိသံရှည် ဆွဲလျက် နှီးပတ်ဆွဲသံ လေးလျှင် ရီးဆေးရိုး အာရုံ ပျက်၏။
စင်စစ် ပျိုးခင်းနှင့် ရီးဆေးရိုး ကြားတွင် ငါးယောက်စိုက် လယ်ကွက် တစ်ကွက် ခြားနေသေးသည်။ ပျိုးနုတ်သမားများ၏ ပါးစပ်ကလည်း အငြိမ် မနေ။ ရောက်တတ်ရာရာ ပြောသည်။ နောက်ပြောင် ဆဲရေးသည်။ ပြောစရာ ကုန်သွားလျှင် တေးချင်းဟစ်သည်။ သို့ပါလျက်နှင့် ထိုအသံပေါင်းစုံက ရီးဆေးရိုး အား မဖမ်းစား၊ နှီးဆွဲသံကသာ ဖမ်းစားနိုင်သည်။ ရီးဆေးရိုးတို့ ကာလသား ဘဝတုန်းက ပျိုးခင်း တစ်ခင်းသည် တစ်လသေသေ တစ်လဆန်းဆန်း ပျိုးခင်း ဘဝတွင် နေခွင့်ရှိ၏။ ရီးဆေးရိုးတွင် သားသမီး ပွားစီးသည်အထိ ထိုအကျင့် မပျောက်သေး။ သို့ဖြစ်ငြား ခေတ်သည် လည်းကောင်း၊ စနစ်သည် လည်းကောင်း ရေအလျဉ်နှယ် ပြောင်းလွဲလာသည်တွင် မကြားဖူးသော မြေဆီသည် လယ်ထဲ ရောက်လာ၏။ စိတ်မကူးဖူးသည့် အတန်းစိုက် စနစ်သည် ရောက်လာပြန်၏။ ရီးဆေးရိုးတွင် သားမြေးတွေ ခြံရံပွားစီးချိန်တွင်ကား ပျိုးသက် ၄၅ ရက်သည်ပင် ရင့်ချင်ချင် ဖြစ်လာခဲ့ပြီ တည်း။ ယခု နုတ်နေသည့် ပျိုးခင်းမှာ တစ်လသားသာ ရှိသေးသည်။ ရီးဆေးရိုး စိတ်ထဲတွင် နုနေသည်ချည်း ထင်နေ၏။ သည်နုနုကလေးတွေ ပြတ်ကုန်မှဖြင့် ဟူသော ပူပန်စိတ်ကြီးလွန်းသဖြင့် မကြည့်ဘဲ နေပါလျက် သည်ပျိုးနုကလေးတွေ လက်ကိုင်မှ ခံပါ့ မလား၊ ကြောင့်ကြစိတ် ကဲလွန်းသဖြင့် မကြည့်မိ အောင်ကြိုးစားနေပါလျက် ကျွီခနဲ ကျွီခနဲ အသံများက သတိရအောင် လုပ်နေချေပြီ။
“အေးလေ၊ ကိုယ်ကိုယ်တိုင်မှ မလုပ်နိုင်တာ၊ ကမ္မသကာပေါ့” တွေးလျက် စိတ်သက်သာရာ သက်သာကြောင်း ရှာငြား၊ ခဏမျှသာ။ အတန်ကြာ၍ နှီးဆွဲသံ ကြားရလျှင် စိတ်ထင့်ရပြန်ပြီ။ ရီးဆေးရိုး၏ အောက်ပိုင်းတွင် ပေါင်လယ်အထိ ရေစိုရွှဲနေငြား ကျောပြင် မွဲမွဲ တွန့်တွန့်ကြီးတွင် ချွေးပေါက်တွေ သီးစီးနေ၏။ များလာလျှင် ကျောရိုးဘက်သို့ စီးဆင်းစုပေါင်းရာက ခါးဆီသို့ စုန်ဆင်းကြ၏။ သည်ချွေးမြစ်ပြင် ပေါ်သို့ နေရောင် စူးခနဲ ကျလာသည်။ ရီးဆေးရိုး တွန့်ခနဲ ဖြစ်သည်။ သုံးယောက်စိုက်လယ်ကွက်ကို ‘တမန်း’ ပြန်နေသည်မှာ နှစ်စပ်ရတော့မည်။ တိမ်ဖုံး ထားသဖြင့် လေအေးကလေးက ဆော့သွေးသဖြင့်၊ မှန်မှန် လှမ်းသဖြင့် မောသည်မထင်။ ယခု တိမ်ကြား နေ ကျဲခနဲ ထွက်လာသည်နှင့် မောချင်လာပြီ။ ရီးဆေးရိုး မခံနိုင်တော့ပါ။ ဒုတိယအစပ်။ ဇောင်းတစ်စပ် ပြည့်အောင် မနည်းအားခဲပြီး မောင်းရသည်။ ကန်သင်းနှင့် နီးရာသို့ ထွန်ကို မောင်းလာရသည်ကိုပင် အံခဲ ထားရသည်။ ကန်သင်းဘက် ပြန်လျှောက်လာရသည်မှာကား ဆိုဖွယ်မရှိအောင် ပင်ပန်းလှသည်မို့ ကန်သင်းပေါ် ရောက်လျှင်ရောက်ချင်း ရွှံ့ရှိသလား မကြည့်နိုင်ပါ။ ပုစွန်ကျစ်စာခဲ အမာကြီးတွေ ရှိသလား မသိပါ။ ပုစွန်လုံးအသေကောင်မှ အခွံတွေ ရှိနေသလား။ ရှိချင် ရှိပါစေတော့၊ မဟန်နိုင်သော ကိုယ်ကြီးကို ပစ်လှဲချကာ ပက်လက်လှန်နေလေ၏။
••••• ••••• •••••
၂
တိမ်ဖြူတွေ ပြေးနေကြသည်။ နေပါးပါး မှေးမှေးမှိန်မှိန်ပေါ်မှာ တိမ်တွေ ရှပ်တိုက် ပြေးလွှားနေကြသည်။ စွန်ခေါင်းဖြူ တစ်ကောင်သည် ဟိုဘက်ကန်သင်းမှ ပျံတက်လာသည်။ တစ်ပတ်ပြည့်တိုင်း အတောင်ကို စောင်း၍ ထိုးတက်သည်။ ရီးဆေးရိုး ကြည့်နေရင်းမှပင် စွန်သည် တစ်ပတ်ထက် တစ်ပတ် မြင့်တက်သွားသည်။ နေမှေးမှေး၏ ပျပျအလင်းရောင် ပျောက်သွား၏။ တိမ်မည်းတိမ်ပုပ်တွေ စနေထောင့်မှ သိပ်သည်းခဲညှို့လျက် တက်လာကြသည်။ သို့အတွက် ရီးဆေးရိုး လူးလဲထသည်။ အမောမပြေသေးငြား နေသာထိုင်သာ ရှိသွားပါပြီ။ အထက် လယ်ပွဲအလွန် မြောင်းပေါင်ကွေ့သို့ မျှော်ကြည့်သည်။ ရီးကျီးဒန်၏ အရိပ်သော်မျှ မမြင်ရ။ နွားနှစ်ကောင်ကား ‘ဒါလောက်ကလေး ထွန်ရတာများ မောနေလိုက်တာ’ ဟု ရီးဆေးရိုးအား ပြောဘိသို့ စားမြုံ့ပြန်နေကြသည်။
ကျွီအိအိ။
တမန်းပြင်ထဲသို့ ဆင်းမည့် ခြေတစ်ဖက် တန့်သွား၏။ ရီးဆေးရိုးသည် ပျိုးခင်းဘက်ကို မျက်နှာမူသည်။ ရင်ထဲတွင် ဆို့သွား၏။ နားထင်နားရင်း ပူလာ၏။ ‘ငါ့မှာတော့ ပျိုးနုတ်လို့လွယ်အောင် ရေသွင်းရေထုတ် ဂရုစိုက်လိုက်ရတာ၊ သူတို့ကတော့ ပစ်စလက်ခတ်ပါကလား’ ၊ အံကြိတ်သံများက ညည်းတွား၏။ သည် ဒေါမနဿကို ဖန်တီးသူကား ပျိုးခင်းရေပြင်ထဲတွင် ပေါလောမျောနေသော ပျိုးပြတ်အစိမ်းနုကလေးတွေ ပေတည်း။ မကျေမချမ်းဖြင့် လှမ်းလာသော ရီးဆေးရိုး မကျေမနပ်ပြောမိသည်။
“ဟေ့ကောင်တွေ ပျိုးနုတ်တာလား၊ ပျိုးပင်တွေ ဖြတ်ပစ်နေတာလား”
မျက်နှာငါးခုသည် ပြိုင်တူ လှည့်ကြည့်ကြ၏။
ငဦး၊ စိန်လှမောင်၊ ကျော်ခေါင်၊ အောင်ဇော်ဦးနှင့် အောင်ဘာလေ။ တစ်နှစ်လာလည်း သည်မျက်နှာများသာ သူ့ထံတွင် ပျိုးနုတ်ခဲ့သည်။ သို့ဖြစ်ငြား ဟိုကလေးကို ယခင်နှစ်များက မမြင်ဖူးပေ။
“မပြတ်စေချင်ရင်တော့ အဆစ်တက်အောင် နှစ်လသားအထိ ထားပေါ့ အရီးရ”
စိန်လှအောင် ပြန်ပက်သဖြင့် “မင့်အမေကလွှား၊ အဆစ်တက်အောင်ထားရင်၊ စိုက်ကြပ်ကော်မတီနဲ့ ငါနဲ့ နပန်းချရအောင်လို့လား” တစ်ချက်သာ ပြောနိုင်ပြီး အောင်ဘာလေ နုတ်သော ‘ငန်း’ ဘက်သို့ လျှောက်လာ၏။
“အရင်နှစ်တွေက သည်ကလေးကို မမြင်ပါလားကွ၊ ဟေ ကျော်ခေါင်”
“ကိုယ့်ရွာသားများ ကိုယ်မသိတာ အံ့ပါရဲ့ အရီး ရာ၊ မြောက်ပိုင်းက ‘သာအိ၊ မိကြည်’ သားလေ မသိဘူးလား”
သူ့မြေး ကိုကိုကြီး အရွယ်တွေအနက် ရီးဆေးရိုး သိသူ များများစားစား မရှိချေ။ သည်အခိုက်တွင် ငဦးက ဝင်စွက်၏။
“သည်နှစ်မှ လိုက်တာဆိုပြီး အထင်မသေးနဲ့၊ သည်ကောင်က ကျုပ်တို့လောက်နီးပါး နုတ်နိုင်တယ် အရီးရဲ့”
ငဦး မည်သို့မွှန်းစေ ရီးဆေးရိုး နားမဝင်။ သည်နှစ်မှ စတင်ပြီး ပျိုးနုတ်သင်သူသည် မည်သည့် နည်းဖြင့်မျှ မနုတ်တတ်သေး၊ မည်သို့မျှ မစည်းတတ်သေး။ အထင်သေးစိတ် ရှေ့ရွက်ပြုနေသည်။ ပျိုးနုတ်သမားကြီး လေးယောက်တွင် စကားပြောဖော် တစ်ယောက်။ သည်ထက်ပို၍ သဘောမထားကြ။ အောင်ဘာလေ မှာမူ မျက်နှာငယ်လေးဖြင့် ကြည့်နေသည်။ ‘ငါက သည်နှစ်မှ ပျိုးနုတ်သင်တဲ့ လက်သင်ပါလား’ ၊ သိမ်ငယ်စိတ်က မနေတတ် မထိုင်တတ်အောင် ကိုက်ခဲနေသည်။ အောင်ဘာလေ သိမ်ငယ်စိတ် ဝင်သည့် အတိုင်းပင် ရီးဆေးရိုးက အောင်ဘာလေ၏ ကျော ဘက်ရှိ ငန်းထဲသို့ ဆင်း၏။ ပျိုးနုတ်သမား နောက်တွင် ပျိုးစည်းများ အတန်းလိုက် စီနေသည်။ ကြက်တောင်စည်းကလေးတွေ ဝေချနေသည်။
“ကောင်ကလေး၊ ဒါ မင့်အစည်းလားဟေ့”
မေးသံက အပေါ်စီး။ စိတ်ထားကလည်း အထင်သေးစိတ်ဖြင့်။ ပျိုးစည်းတစ်စည်းကို ဆွဲခါသည်။ အလယ်သားက အရှည်ဆုံးပျိုးပင်စုကို ကိုင်ပြီး ဆွဲခါလျှင် ဘေးသွားတွေ ကျွတ်ကာ ဖွာခနဲ ပြေထွက်သွားတတ်၏။ သည်နှယ် ဖြစ်ကရော့ဟု ဆွဲခါငြား၊ ပျိုးသည် မလှုပ်။ အောင်ဘာလေမှာ ခေါင်းညိတ်ပြပြီး နောက် မျက်တောင်သော်မျှ မခတ်ရဲဘဲ ရီးဆေးရိုးအား ကြည့်နေသည်။ ရီးဆေးရိုးသည် အောင်ဘာလေ၏ ပျိုးစည်းကို ဒုတိယအကြိမ် ခါလှုပ်ပြန်၏။ အံမယ် တယ်ခိုင်ပါကလား။ ကျိတ်ပြီး ချီးမွမ်းငြား တတိယ အကြိမ်၊ စတုတ္ထအကြိမ် ခါယမ်းပြန်သည်။ သို့သော် ပဉ္စမအကြိမ်တွင်ကား ဖင်လျှံပြီး ဖွားခနဲ ထွက်သွားလေ၏။
“တွေ့လား”
တွေ့လား၏ နောက်တွင် ပြောရန် ကြံထားသော စကားလုံးတွေ ရီးဆေးရိုး၏ လည်ချောင်းတစ်လျှောက်မှ ရင်ခေါင်းထဲပြန်ဝင်သွား၏။ အကြောင်းသော်ကား အောင်ဘာလေ၏ မည်းခနဲ ဖြစ်သွားသော မျက်နှာတွင် မျက်ရည်လည်လာသဖြင့်တည်း။
သုံးဖက်ချွန် ‘ဆူးလေဆူး’ ပေါ် ဖင်ထိုင်မိဘိသို့ ရီးဆေးရိုး တုံ့ခနဲ ခံစားလိုက်ရသည်။ ရင်ခေါင်း အတွင်းသို့ လျှောကျစီးဝင်လာသော စကားလုံးများသည် နှလုံးသားကို ကိုက်ဖဲ့ကြသည်။ သို့ကြောင့် ချက်ချင်း စကားသွားလာကို ပြင်ပေးလိုက်သည်။
“မကျွတ်မချင်း ဆွဲခါနေမှတော့ ပြေမှာပေါ့ကွ၊ မင်းပျိုးစည်းတွေ ကောင်းပါတယ်ကွ”
သည်စကားသည် ကောင်လေးအား နှစ်သိမ့်မှု ပေးမှ ပေးနိုင်မည်လား။ ရီးဆေးရိုး စိတ်မကောင်းစွာဖြင့် ကျောခိုင်းသည်။ ငါ ဘာပြုလို့ သည်ကလေးရဲ့ ပျိုးစည်းကိုမှ သွားလုပ်မိပါလိမ့်။ တွေးလေတွေးလေ တနုံ့နုံ့ ခံစားရလေလေဖြစ်သည်။
‘ဪ သူ့ခမျာ ပျိုးနုတ်သမား လက်ဟောင်းကြီးတွေလိုလည်း ကျယ်ကျယ် မရယ်ဝံ့၊ ဟေးလားဝါးလား မလုပ်ရဲ။ ငါ နုတ်တာ ဟုတ်မှ ဟုတ်ရဲ့လား၊ ငါ စည်းတာ ခိုင်မှခိုင်ပါ့မလား၊ စိုးရိမ်စိတ်က ခြိမ်းခြောက်နေတာကလား’
စာနာစိတ် ဝင်လာသဖြင့် ဝမ်းနည်းသည်။ ပြောမှ ပြောမိလေခြင်းဟု နောင်တရသည်။ ကိုယ်လည်း ပျိုးနုတ်သမားဘဝကို မသိ မဟုတ်။ တွေးရင်းက လက်ဝါးပြင်နှစ်ဖက်ကို ဖြန့်ကြည့်မိသည်။ ချင်းချင်းနီသော လက်ဝါး၊ ဖူးရောင်နေသော လက်ဝါး။
••••• ••••• •••••
၃
မှိုးမှိုးမှောင်မှောင်မို့ လူလုံးပင် မကွဲချင်သေး။ သို့သော် ဤသည်ကား ပျိုးပင်တွေပေတည်းဟူ၍မူ မြင်ရသည်။ လေနော့ ကျီစယ်သဖြင့် တရှဲရှဲအသံဖြင့် လှိုင်းတွန့်ကလေးတွေ လှုပ်ဆော့ရင်း ပျိုးနုတ်သမားတို့အား သွေးဆောင်နေသော ပျိုးခင်း။
ပျိုးခင်းရှင်သည် ငပျင်း ဖြစ်ဖွယ်ရှိ၏။ လယ်တစ်ပွဲလုံးတွင် အကောင်းဆုံး အသပ်ရပ်ဆုံးအဖြစ် ‘သ’ ထားရမည့် ပျိုးခင်းဘေးမှာပင် ကိုင်းပင်တွေ ရှိနေသည်။ အင်း မမြင်မစမ်းနဲ့ မြွေများ ထွက်ကိုက်လိုက်မှဖြင့်။ တွေးနေဆဲမှာပင် ဇွက်ခနဲဇွက်ခနဲ ဆင်းသွားကြ၏။ သူတို့ ဖင်အပြောင်သားဖြစ်အောင် ‘ပိတုန်းပိတ်’ ခါးတောင်းကျိုက်သည်ကို မြင်၍ ကျိုက်သည်။ သူတို့ကို တုပ၍ နှီးစည်းကို ခါးမှာထိုးသည်။ သူတို့ ဆင်းသည့်အတိုင်း ပျိုးပင်တွေ ကြားထဲ ဆင်းသည်။
ဆင်းသော်ငြား အစ မပေါ်သေးသော ပျိုးပင်များကို မည်သို့ နုတ်ရပါမည်နည်း။ ယောင်နန အကဲခတ်နေစဉ် ပျိုးပင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး နုတ်ကြသည်။ တစ်စည်းစာ ရချိန်တွင် ထိုကွက်လပ်မှာ ပျိုးနုတ်သူအတွက် ဒူးထောက် ထိုင်စရာ နေရာရသွားပြီတည်း။
“ဟုတ်ပေ့ကွာ၊ ကတွတ်ပေါက်နဲ့ မနီးသေးတဲ့ နေရာမှာတောင် အချေးဆွဲသဟေ့”
သေပြီ။ ပျိုးနုတ်သမား သေသည်က နည်းနည်း၊ ပျိုးထမ်းသူသေသည်က ခါးကျိုးလုမတတ်။ ရေပြင်ပေါ်တွင် ပျိုးစည်းကို သုံးလေးချက် ဆောင့်လိုက်လျှင် ပျိုးမြစ်တွေ ဖွေးနေရမည်။ သည်ကဲ့သို့သော ပျိုးမျိုးကို ဝါးလုံးဖြင့် ထမ်းလျှိုပါက လူတစ်ယောက်လျှင် အစည်း လေး ငါးဆယ် ထမ်းနိုင်၏။
နုတ်သမျှ အပင်တိုင်းတွင် နွံခဲကြီးတွေ ကပ်၍ ပါသော် ရေမည်မျှ ဆေးဆေး အမြစ် မဖွေးသော အချေး ဆွဲသည့် ပျိုးကား အစည်း ၂ဝ ပင်လျှင် မနည်း ထမ်းရသည်။ ဤသို့ဖြင့် တစ်နေ့တာ လုပ်ငန်းကို နှစ်နေ့ လုပ်ရပြီ။ လုပ်အားနှင့် အချိန် ပြုန်းတီးရုံသာလော။ မပြီးသေး။ ပင်ကိုက အာကြမ်းသော ကောက်စိုက်မ ပါးစပ်နှင့် တွေ့ပြီ။
“အချေးဆွဲသဟေ့” တစ်ယောက်က အသံဟစ်လိုက်သည်နှင့် ပျိုးနုတ်သမားတွေ ဟစ်ချင်ပြီ။ ဟစ်ချင် ဟစ်ကြရော့၊ နုတ်ရန်လာသည်ကို နုတ်ရမည်။ သူ တစ်ပါး နုတ်သည်ကို လေ့လာထားသည့်အတိုင်း လက်ဝဲဘက်သို့ ရမ်းပြီး နုတ်သည်။
“ဟဲ့ကောင် ဆေးရိုးရ၊ ပါးကို ပျိုးပင်အဖျား လာရိုက်အောင် ဘယ်ဘက်ကို ယမ်းရတယ်ကွ”
ပြောသည့်အတိုင်း ပို၍ယမ်းပါ၏။
“သိပ်မစောင်းနဲ့ကွာ၊ ပျိုးပင်ကို ဆွဲချိုးသလို ဖြစ်မှာပေါ့”
ကိုယ်တိုင် ပင်ပန်းစွာ နုတ်နေရာက အခြားသူအား အပင်ပန်းခံပြီး ပြောပြသင်ကြားချင်သော စေတနာသည် လူတိုင်းတွင် မရှိ။ သို့အတွက် ကျေးဇူးတင် ရသေးသည်။ ဝဲယာညှပ်ပြီး ပြောဖော်ရသဖြင့် ဝမ်းလည်းသာမိပေ၏။
“ခြေဖျားကို ညွှတ်ထားရင်၊ အကျင့်ပါပြီး အကြော သေသွားမယ်။ ခြေဖျားကို ထောင်ထား၊ ထောက်ထား”
တစ်ကိုယ်လုံး၏ အလေးဝန်သည် ဒူးပေါ်တွင် ရောက်ငြား ခါးကော့လိုက်သည့်အခါ ခြေဖျားကပါ ဝန်ကို ခံရ၏။ ထိုအခါ ခြေဖျားက နာကျင်သည်။ နာပေမယ့် အောင့်အီးကာ ညွှန်ကြားသည့်အတိုင်း လိုက်နာရသည်။
“တို့နှစ်ဖတ်ကို တစ်ဆုပ်ရပေမယ့် မင်းက အစ မရှိသေးတော့ လေးဖတ် ဆွဲကွ၊ ဆွဲပြီးသားတွေ ရေထဲ မျောမကုန်အောင် ပျိုးပင်တွေ ကြား ချထားရတယ်ကွ၊ နို့မို့ရင် စည်းခေါင်းက ပျိုးဆုပ်သေးသလေး ဘာလေး ပြောနေဦးမယ်”
သူတို့ ပြောသည့်အတိုင်း နာခံသည်။ သူတို့ လုပ်သည့်အတိုင်းလည်း လိုက်ပြီးလုပ်သည်။ ပျိုးဖတ်လေးဖတ်ကို ရေပေါ်တွင် ဆောင့်ပြီးမှ လှဲချသည်။ လှဲချ ထားသည့်အပေါ်သို့ နှီးစကို တင်သည်။ ဆွဲပတ်သည်။
“နှီးစ မထပ်စေနဲ့၊ ထပ်နေရင် မတင်းဘဲ နေမယ်၊ ဆွဲဆွဲ”
ကျွိကျွိကျစ်ကျစ် အသံမြည်လာ၏။
“ဟုတ်ပြီ၊ ကြက်ချေးစု ‘ပု’ အောင် လိမ်၊ ကြက်ချေးစု မငြိမ်ရင် အစကိုညှပ်ထား၊ ပြေမှန်းမသိ ပြေနေတာ ကိုယ်က မသိပေမယ့် စည်းခေါင်းက အဲဒီ အစည်းကို ဆွဲခါတတ်သဗျာ့”
သင်ဆရာကြီး ကြိုတင် သတိပေးသည့်အတိုင်း စည်းခေါင်းက လှုပ်ပါသည်။ ပျိုးနုတ်သမားများနှင့် လယ်သမားများကြားတွင် သူ့ ကူပေးသော ပျိုးနုတ် စည်းခေါင်းသည် “ဒါ ဘယ်သူ့ပျိုးလဲဟေ့” မေး သည်။
“ကျွန်.. ကျွန်တော့်ပျိုးဗျ”
ဖြေသံ အဆုံးတွင် မြောက်တက်သွားသော ပျိုးစည်း။ အဝတ်စုတ်ကို ခွေးယမ်းပုံဖြင့် ဆွဲခါယမ်းသည်။ နွံနှစ်ရောင်ဖြင့် မှောင်နေသော ရေပြင်သည် မြနုစိမ်းကောက်ပင်များ လွှမ်းသွား၏။
“မိန်းမသာ လိုချင်တာ၊ ပျိုးစည်းတောင် ခိုင်အောင် မစည်းတတ်သေးဘူး၊ ဟင်း ဟင်း”
တစ်ရှက်တွင် နှစ်ရှက် ဖြစ်ရသည်။ မိမိ၏ စွမ်းဆောင်ရည်ညံ့ကြောင်း ဖော်ပြခံရ၍ တစ်ရှက်။ မိန်းမ လိုချင်သူအဖြစ် လူပုံအလယ်တွင် အပြောခံရ၍ တစ်ရှက်။ ပေါင်း နှစ်ရှက်။ မိန်းမ မလိုချင်ဘူးလား မေးလျှင် လိုချင်ပါသည် ပြောမိမည်။ သို့ဖြစ်ငြား၊ လူတိုင်းထံတွင်ကား မဟုတ်။ ရင်တွင်းမှာမူ ကြင်ယာရှာနေပါလျက်၊ ကြင်သူနှင့် ချစ်ပွဲဝင်လိုစိတ် ပြင်းပြနေပါလျက် စွမ်းဆောင်မှု ညံ့ဖျင်းခြင်းနှင့် တွဲပြီး အပြောခံရသည်ကိုကား အလွန်ရှက်သည်။
တစ်ကိုယ်လုံး ညောင်းတောင့်နေပြီမို့ အညောင်း ဖြေမည်၊ ထရပ်ဦးမည် ဟူသော စိတ်ကူးပင် လွင့်ပြေး၏။ မျက်နှာသည် ပျိုးပင်တွေ ကြားထဲတွင် ငုံ့ဝင်၏။ ရေပြင်နှင့်နဖူးနှင့် ထိ၏။
ထိုသို့ စကားဖြင့်ရော အပြုအမူဖြင့်ပါ အရှက်ခွဲခဲ့သော စည်းခေါင်းသည် ငွေကြေးကိုလည်း နှိမ်သေးသည်။ အခြားသူများကို “မင်း ယူထားတာ ဘယ်လောက်၊ မင့်ပျိုးက ဘယ်မျှ၊ အေးဟုတ်ပြီ၊ ညနေ အိမ်လာပြီး ပိုက်ဆံယူလှည့်”
“ကောင်လေး၊ မင်းကော ဘယ်လောက်ရပြီတုံး”
မေးမလား နားစွင့်၏။ လယ်တွေသာ ပိတ်သွား၏။ မမေး။ ပွဲလမ်းသဘင် ရှိသည့် နေ့တစ်နေ့တွင် မရဲတရဲ သွေးတိုးစမ်းသည့် အနေဖြင့် မုန့်ဖိုးပဲဖိုးကလေးပါ တောင်းမိ၏။
“လယ်ရှင်တွေက အသင်ဆို လက်မခံချင်ဘူး၊ ပျိုးနာသတဲ့။ အဲဒါ ငါ မနည်း တောင်းပန်ရတာ၊ အေးလေ ရော့ ရော့”
မည်မျှပေးသည် ထင်ပါသနည်း။ ပျိုးတစ်ရာလျှင် တစ်ပဲနှုန်းဖြင့် အနည်းဆုံး ပျိုးငါးထောင် နုတ်သူဖြစ်ပါလျက် မူးစေ့ တစ်စေ့ (၂ ပဲ) သာ ပစ်ပေးသည်။
“အင်း သူလည်း ငါ့လိုပဲ စည်းခေါင်း အရှက်ခွဲတာ၊ နှိမ်တာ ခံရဦးမှာပါကလား” အတွေးတွင် အတွေး ဆင့်သောအခါ ရီးဆေးရိုး စိတ်မကောင်း။ အခုတော့ ပျိုးနုတ်သမားရှားတော့ စည်းခေါင်းလည်း နှိမ်ချင်မှ နှိမ်တော့မှာပါ။ ပျိုးတစ်ရာ နုတ်ခ သုံးကျပ်၊ မှန်တမ်း နုတ်ရင် တစ်မနက်ကို ပျိုးငါးရာ၊ တစ်နေ့ ၁၅ ကျပ်ကို ဘယ် မက်တော့မတုံး၊ မှောင်ခိုသမားတွေက မစားရ ဝခမန်း သွေးဆောင်နေကြမှကိုး”
••••• ••••• •••••
၄
အတွေး အူချာပေါက်သည် ရီးဆေးရိုးအား ယောင်ယောင်မှားမှား ဖြစ်အောင်လုပ်၏။ ထမင်းပို့သူ မရောက်သေးမီ ရသမျှကလေး ထွန်ဦးမည် အကြံရငြား လယ်ကွက်တွင်း မဆင်းမိ။ ရေနွေးကြမ်း အေးစက်စက်ကို ကောက်သောက်မိသည်။ အူထဲတွင် အစာ မရှိသည့်အတွက် ရေအေးအေးကြီး အူတစ်လျှောက် စီးဆင်းသွားသည်ကို သိနေရသည်။ ဟာနေသော အစာအိမ်ကို ဆွပေးသည်သို့ ဖြစ်ပြီ။ ထိုအခါ လည်ပင်း ရှည်လာချေသည်။ ရီးကျီးဒန်သည် သုတ်သုတ် လာနေ၏။ ရီးဆေးရိုး မျှော်ကြည့်ချိန်တွင် လယ်ပွဲ အစပ် မြောင်းလက်တံကလေးသို့ပင် ရောက်နေပြီ။ ဪ... အမယ်ကြီးနှယ် ဖြည်းဖြည်း လာရောပေါ့။ ကန်သင်းတွေက ရေစိုပြီး ချော်နေတာကိုများ။ စိုးရိမ် စိတ်ဖြင့် လှမ်းအော်သည်။ အင်အား မရှိ၊ အသံ မကျယ်။
“ထမင်း ချက်ခါနီးမှ ဆန်မရှိတာ သတိထားမိတယ် တော်ရေ့”
ရီးကျီးဒန် ကန်သင်းဆုံသို့ ရောက်လာပြီ။
“ကိုယ့် မရှိလို့ လိုက်ချေးတော့ ရမ်းဘိုကုန်း တစ်ရွာလုံးမှာ ဆန်မရှိတော့တဲ့ အတိုင်းပဲတော်၊ ကိုယ့်ဆီက လာချေးသွားတဲ့ သူတွေကလည်း သူတို့ကိုပဲ ကိုယ်က ပြန်ပေးရမလောက်”
ရီးဆေးရိုးကား အင်းလည်း မဆို၊ ဟင့်အင်းလည်း မပြော။ ထမင်းထုပ်ကို အတင်းဖြေကာ လက်မဆေး ဘာမဆေး အတင်း ငုံ့လွေး၏။
“အဲဒါတောင် တော့်ချွေးမဆီက ဆဲဆဲဆိုဆိုနဲ့ တစ်ပြည် တောင်းယူလာလို့ ချက်ရတာတော့်”
တစ်ဖက်လူထံမှ စကားပြန် မရသောအခါ ရီးကျီးဒန် တိတ်၏။ ရီးဆေးရိုး ချထားသော ဆေးလိပ်တိုကို ကောက်ယူမီးညှိ၏။ ရီးဆေးရိုးမှာ ထမင်းတစ်လုတ် ထက် တစ်လုတ် နေသာထိုင်သာ ရှိလာ၏။ ထမင်း ကုန်ခါနီးလေလေ မျက်လုံး ကြည်လာလေလေ၊ ခွန်အား ပြည့်လာလေလေ။ သို့ဖြင့် နောက်ဆုံး ထမင်း တစ်လုတ်ကို ပါးစပ်တွင်း ပစ်သွင်းပြီးမှ အသံထွက်လာ၏။
“အေးလေ လယ်ပိတ်အောင်တော့ သည်းခံဦးဟာ၊ လယ်ပိတ်တော့မှပဲ ကောက်ရိုးထဲက ဟာတွေ နည်းနည်းပါးပါး ထုတ်ပြီး ကြိတ်တန် ကြိတ်တာပေါ့”
ပြောပြောဆိုဆိုပင် တမန်းပြင်ထက်ရှိ ရွှံ့ရောင် ထနေသော ရေထဲသို့ လက်ထိုးနှစ်ကာ မွှေနှောက် ဆေးကြောလိုက်လေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment