Thursday, September 24, 2026

အန္ဓပုထုဇဉ်

❝ အန္ဓပုထုဇဉ်❞
( ဆင်ဖြူကျွန်းအောင်သိန်း )

လေးထပ်ကျောင်း ထန်းတော အတွင်း၌ ငှက်ခါးတစ်ကောင် သောင်းကျန်းနေသည်။ အရောင်အဆင်းကသာ ပြာလဲ့စိမ်းညို့သော အသွေးနှင့် နှစ်သက်စရာ ကောင်းငြား၊ သူ့အသံက ခက်ထန်သည်။ ကြမ်းတမ်းသည်။ နည်းနည်းမျှ နားဝင်မချို။

ရီးကျီးဒန်သည်လည်း သည်ငှက်ခါးဓာတ် ကူးစက်လာသည်ထင့်။ လှေကားရင်းတွင် အိပ်နေသော ခွေးကို ငေါက်ငမ်း၏။ လင်းသည်နှင့် ဘတို့ အမေကြီးတို့ အိမ်သို့ တန်းပြီး ပြေးလာသော မြေးတွေကို ဆဲရေး၏။ စောင်းမြောင်း၏။ မန်ကျည်းပင်ရိပ် ခိုလျက် မီးဖိုဘေးတွင် ရေနွေးကြမ်း သောက်လိုက်၊ ဆေးလိပ် ဖွာလိုက် လုပ်နေသော ရီးဆေးရိုးသည် မော့၍ သော်မျှ မကြည့်ပါ။ သူ့နားသည် ထုသားပေသား ရနေပြီမို့ ခွင့်လွှတ်နိုင်သည်။ သည်းခံနိုင်သည်။ အသက်ကလည်း ဆုံးမသောကြောင့် လျစ်လျူရှုနိုင်ပြီ။ တစ်ခါ တစ်ခါတော့ ရီးကျီးဒန် ဆူပူနေသည့် ကြားမှ သည်းခံ တတ်သော သူ့ကိုယ်သူ ရီးဆေးရိုး သုံးသပ်ကြည့်၏။

“ငါဟာ တော်တော် ခွင့်လွှတ်နိုင်ပြီကပဲ။ ငါဟာ သည်းခံနိုင်စွမ်းလည်း အတော် ရှိနေပါကလား။ လောဘ၊ ဒေါသ၊ မောဟကို ကြည့်နိုင်၊ မြင်နိုင်၊ သတိထားနိုင်ပြီ ဆိုတော့ ငါဟာ အန္ဓပုထုဇဉ်တော့ မဟုတ်နိုင်တော့ဘူး။ ပုထုဇဉ်တော့ ပုထုဇဉ်ပဲ”

ယခုလည်း ဆောင်းထဲမှ မထွက်ရသဖြင့် အော်နေသော ကြက်သားအုပ်မကြီးကို ဆဲနေပြန်ပြီ။ ‘ဟဲ့ သူ ထွက်ချင်လို့ လူသိအောင် အသံပေးတာ ဆဲရသလား’ ပြောချင်စိတ် ပေါ်လာသော်ငြား ရီးဆေးရိုး မပြောဖြစ်။ သို့သော်

“နွားစာရိတ်တဲ့။ ထွက်သွားလိုက်တာ၊ မိုးကြီး စုပ်စုပ်ချုပ်မှ ဘယ်က ဖုတ်ဖက်ခါ ထလာတယ် မသိဘူး။ နွားစာ ဝေးလို့ ခြေသလုံးမွေးမှ အနိုင်နိုင်” 

“လက်စသတ်တော့ ငါ့ကို မကျေနပ်တာကိုး” 

ရီးဆေးရိုး အော်ဟစ် ရယ်မောလေသည်။

နန်းတိုင် (နွားစာစဉ်းသော ငုတ်) ဘေးတွင် မြက် အနည်းငယ်သာ ရှိသည်။ ဤသည်ကို စဉ်းခုတ် ကျွေးလိုက်လျှင် ‘နှစ်ခါထည့်’ ဖြင့် တက်တက်ပြောင်သွား မည်။ မြက်နှင့် ရောနှောနေကျ ကောက်ရိုး ကုန်သွားပြီ။

သည်အချိန်တွင် ကောက်ရိုးဟောင်းကလည်း အလွန်မွှေး၏။ သင်း၏။ နှမ်းဖတ်ရည်ကလေး အနည်းအကျဉ်း ဖြစ်စေ၊ ဖွဲနုကလေး ပါလေကာ ဖြစ်စေ ဖျန်းပက်ကာ ကျွေးရုံဖြင့် နွားတွေ ခေါင်းမဖော်ပါပြီ။ သို့ပါလျက်ကို ရွှမ်းဖပ်နုစိုသော မြက်နှင့် ရောကျွေးသော အခါ ပြိုက်ခနဲ ပြိုက်ခနဲ ချောတော့သည်။ ကောက်ရိုး မရှိ၍ မြက်ချည်း ကျွေးရန်မူ မတတ်နိုင်ပေ။ မိမိ လယ်ကန်သင်းမှ မြက်နှင့် မိမိနွားသည် လောက်ငရုံသာ ရှိ၏။ လောက်ငသည် ဆိုရာ၌ ကောက်ရိုး သုံးပုံ နှစ်ပုံ ရောပြီး ကျွေးမှ လောက်ခြင်း ဖြစ်ပေသည်။ မြက်ရှိသည် ထားဦး၊ အလျဉ်မီအောင် ရီးဆေးရိုး မရိတ်နိုင်ပါ။ နွားစာမြက် ရိတ်နေရသည်နှင့် အခြား အလုပ်တွေ ပစ်ထားရတော့မည်။ သို့သော် မြက်နှင့် ရောစရာ ကောက်ရိုးခြောက် ကုန်သော်ငြား၊ ကောက်ရိုးအစို ရပါပြီ။

အသယ်အပိုး အကြည့်အရှု လွယ်ကူစေရန် လယ်ပွဲ၏ ရာဟုထောင့်တွင် ‘တံစဉ်ကိုင် နတ်ပြည်မွှေး’ ဧကဝက် ထည့်ထားခဲ့ရာ ရိတ်သိမ်းနိုင်ပေပြီ။ သည် ကောက်ပင် စိမ်းစိမ်းများကို ရိတ်ယူကာ အနှံကို ပုတ်ခြွေ၊ အရိုးကို နွားစာအဖြစ် စဉ်းကျွေးရသော် အချိုဓာတ်ကလေးနှင့်မို့ နွားများ အလွန် ကြိုက်သည်။ သို့ကြောင့် ရီးဆေးရိုးသည် ယမန်နေ့ ညနေစောင်းက ကောက်ညှင်းရိတ်ရန် ဆိုကာ ဆေးလိပ် တစ်တို၊ တံစဉ် တစ်လက်ဖြင့် အိမ်မှ ထွက်သွား၏။ ဆေးလိပ်မီးပွား တလွင့်လွင့်၊ မီးခိုး တအူအူဖြင့် အိမ်မှ ထွက်လာသော ရီးဆေးရိုးသည် တောင်တံခါးမှ ထွက်မိသော် လယ်ပြင်သို့ တန်းတန်းမတ်မတ် ရောက်တန်ရာ၏။ ယခုမူ မြောက်တံခါးမှ ထွက်မိသဖြင့် လေးထပ်ကျောင်းဆရာ တော်နှင့် ဆုံမိကာ ဖုန်ထဲမှာပင် ပျပ်ဝပ် ဦးချရင်း ဝိပဿ နာကိစ္စများကို မေးလျှောက်မိသည်။ သည်မှတစ်ဖန် ဆက်ခဲ့ပြန်ရာ စက်မှုလယ်ယာ ဝင်းကို ဖြတ်ကာ တာလမ်းသို့ ထွက်၏။ ရီးဆေးရိုးမှာ တာလမ်းမသို့ မရောက်တော့ပါ။ စက်မှုလယ်ယာထဲတွင် တည်လုပ်ထားသော ‘စိမ်းပြာရေညှိ ဇီဝမြေသြဇာ မွေးမြူရေး’ ကန်များကို ဝင်ကြည့်မိသည်။

ဓာတ်မြေဩဇာ လိုအပ်သလောက် မရသဖြင့် အပြင်မှ ဈေးကြီးပေး ဝယ်ကာ သုံးစွဲရသော အဘယ် လယ်သမားသည် ငွေကြေးများစွာ မကုန်ကျဘဲ ထိရောက်သော မြေဩဇာအသစ်ကို စိတ်မဝင်စားဘဲ ရှိပါမည်နည်း။ သို့ကြောင့် ဝင်ကြည့်နေစဉ် ‘ကျေး/ ဂျာ’ ကြီး ရောက်လာရာ အပြောကလည်း ကောင်း၊ ရယ်စရာကလည်း ပြောတတ် ပါဘိသနှင့်။ ရီးဆေးရိုး လယ်ပြင်သွားရန် သတိမရတော့ချေ။ မိုးကြီးစုပ်စုပ် ချုပ်၍ လူချင်း ခွဲချိန်ကျမှသာ ရီးဆေးရိုး ‘ဟာ’ ခနဲ အော်မိလေ၏။

ထိုသို့ ယမန်နေ့က နွားစာ မပါဘဲ အိမ်ပြန်လာမိသည့် အတွက် ယနေ့နံနက်တွင် ရီးကျီးဒန် သောင်းကျန်းနေခြင်းဖြစ်သည်။ ရီးဆေးရိုးသည် မည်သို့မျှ မပြောဘဲ မီးဖိုဘေးမှ ထသည်။ ယမန်နေ့ညက ‘ကပြင်’ တွင် တင်ထားခဲ့သော တံစဉ်၊ ဆေးလိပ်များနှင့် မီးခတ်ကို ယူကာ အသာအယာ အိမ်ဝိုင်းထဲမှ ထွက်လာခဲ့ပေသည်။

••••• ••••• •••••

၂

ဦးငိုက်နေသော စပါးနှံများသည် မကြာမီ ရက်များ အတွင်း၌ စည်စည်ဝေဝေ ရောက်ရှိလာကြတော့မည့် လူသား ကောက်ရိတ်သမားများကို စောင့်မျှော်နေကြ၏။

ကြည့်လေရာတွင် မြအသွေး၌ ရွှေရေးဆင်စ ကောက်နှံ ကော်ဇောကြီးသည် ဆောင်းလေညင်း အောက်ဝယ် လှိုင်းတွန့်ဆင်လျက် လှုပ်ရွဲ့နေကြ၏။ လယ်ပြင်ကြီး၏ အစိမ်းရောင်က ကြည်နူးစရာ ကောင်းသလို ကောင်းကင် အပြာကြီးကလည်း ချမ်းငြိမ်းလှပေသည်။ အပြာပြင်သားကြီးထဲက တစ်မျှင်တည်းသော တိမ်ဖြူစကလေး တငြိမ့်ငြိမ့် တအိအိ ခရီးနှင်နေပုံမှာလည်း ချစ်စရာပင်။ ရီးဆေးရိုးသည် မြောင်းပေါင်အတိုင်း လျှောက်လာခဲ့သည်။ နှင်းပုလဲဥကလေးတွေ ဆင်ယင်ထားသော ဟင်းရမ်းညွန့်၊ ဟင်းရမ်းဖူးများကို မြင်စက ရီးဆေးရိုး ဘာသာလဝါ လျှောက်လာနိုင်ခဲ့၏။ သို့သော် မကြာခဏ တွေ့သောအခါ ခူးမိသည်။ ပုဆိုးခါးပိုက်ထောင်ကြီးကြီး လုပ်ကာ ထည့်သည်။

မြောင်းလက်တံကို ကျော်သော် ‘ထန်းသားရေတံလျှောက်’  သို့ ရောက်လာ၏။ ရေတံလျှောက်ထဲတွင် ရေများ တသွင်သွင် စီးဆင်းနေသည်။ အောက်က ကန့်လန့်ခံနေသော မြောင်းထဲသို့လည်း တဖြောဖြော ယိုကျနေ၏။ ရေတံလျှောက်သည် အိုမင်းဆွေးမြည့်နေပြီ။

ရီးဆေးရိုးသည် ရေညှိဖြင့် ချော်မလဲစေရန်၊ ထန်း သားငြောင့် မစူးစေရန် သတိထားလျက် ရေတံလျှောက် ထဲမှ လျှောက်ပြီး ဖြတ်ကူးသည်။ နဘူးချုံအုပ်ကို လွန်လျှင် မိမိလယ်ပွဲကို အောက်လယ်တစ်ပွဲကျော်တွင် ထင်းခနဲ လှမ်းမြင်ရပေပြီ။

အာရုံက လယ်ပွဲဆီ ရောက်နေသည်။ သည်အခိုက် အကောင် တစ်ကောင်၏ တောင်ပံရိုက်သံ ဖြုန်းဖြုန်း ဖြန်းဖြန်း ကြားလိုက်ရကာ ဟူးခနဲ ထပျံသွားပြန်သည့် အတွက် ရီးဆေးရိုးမှာ တုန်ခနဲ ဖြစ်သွား၏။ လိပ်ပြာ လွင့်မသွားအောင် ‘ကလူကလူ’ ခေါ်ရင်းက လှမ်း ကြည့်သည်။ စွန်ခေါင်းဖြူ တစ်ကောင်။

ရီးဆေးရိုးမှာ ရပ်နေရာမှ မရွေ့နိုင်သေးပေ။ စွန် ကို ငေးကြည့်နေမိ၏။ စွန်သည် အတောင်ခတ်လျက် ပျံသွားရာက ထိုးတက်သွားသည်။ နောက် သုံးလေးပတ် လှည့်ဝဲပြီး ဘေးတိုက် စောင်းတက်သည်။ သုံး လေးခါ စောင်းတက် အပြီးတွင်ကား ကောင်းကင်ပြာ ထဲ၌ လှည့်ဝဲနေကြသော စွန်လော၊ လင်းတလော မသဲကွဲသည့် မည်းမည်း အကောင်များနှင့် ရောနှောသွားချေပြီ။

ထိုအခါကျမှ ရီးဆေးရိုး လှုပ်မိသည်။ ထိုအခါကျမှလည်း သွေးတိုးမြန်နေသော သူ့ရင်သည် ပုံမှန် ပြန်ဖြစ်လာသည်။ အမွေးစုတ်ဖွားနှင့် ပဲငါးပိရွက်များသည် ပဲယဉ်းလောက် မစိမ်းမှောင် မသန်စွမ်းချေ။ သို့ကြောင့် ကန်သင်းတစ်လျှောက် ဖြတ်သန်းလာသော ရီးဆေးရိုး အတွက် အလှမ်း မခက်၊ အလျှောက် မခက်။ သို့သော် သူတစ်ပါးပစ္စည်းပဲဟု ရီးဆေးရိုး အရမ်း မနင်း။ ပိုင်ရှင် မမြင်သကောဟူ၍ ပစ်တောင်းစကာ မလုပ်။ ပုဆိုးကို မလျက် လွတ်အောင် ရှောင်သည်။ သို့ပါလျက်နှင့် နှင်းရွှဲသော ပဲငါးပိရွက်များနှင့် တစ်ချက်တလေ တိုက်မိသည်။ စူးခနဲ အေးပြီးနောက် စပ်လာသည်။ ယားယံလာသည်။

“ဗျို ရီးဆေးရိုး”

လယ်ထိပ် ညောင်ပင်ရင်းသို့ ရောက်ကာ ရှိသေး၏။ မြောက်ဘက်မြောင်းကို ဖြတ်ကျော်ပြီး လူတစ်ယောက် မြောင်းပေါင်ထိပ်မှ ပေါ်လာ၏။ ပုဆိုးစုတ် တစ်ထည်ကို ကျောပေါ်လွှားပြီး ခြုံထားပါလျက်က ချမ်းလွန်းသောကြောင့် ကုပ်ချောင်းချောင်းဖြစ်နေသော အရှေ့စုရွာမှ မြတ်ကွန်း။

“ဘယ်က လာတာလဲကွ”

မေးသာမေးရငြား လက်ထဲတွင် တံစဉ် တစ်ချောင်း ကိုင်ထားလျက် မြင်ရရာ မြက်ရိတ် ထွက်လာကြောင်း အသိသားပင်။

“အရီးတို့ ကောက်ညှင်းတွေ ရိတ်ရင် နွားစာ တစ်ပွေ့လောက် လိုချင်လို့ဗျ”

ရီးဆေးရိုး အံ့သြရ၏။

မိမိရိတ်မည့်အချိန်နှင့် ကိုက်အောင် ကွက်တိ ရောက်လာနိုင်သော မြတ်ကွန်းကို သူ တအံ့တသြ ကြည့်သည်။

“ငါတောင် အခုမှ ရိတ်မလို့ဟ၊ ငါ ကောက်ညှင်း ရိတ်မှာကို မင့် ဘယ်သူ ပြောလိုက်လဲဟေ”

“သလိုပေါ့ အရီးရာ၊ တောင်းတဲ့ရမ်းတဲ့လူဆိုတာ ဘယ်အိမ်က စေတနာကောင်းသလဲ လေ့လာရတာပေါ့”

မြတ်ကွန်း သူ့ဘာသာသူ ပြောပြီး သူ့ဘာသာ ရယ်၏။ ရီးဆေးရိုးလည်း ရောနှော ရယ်မောရသည်။ 

“နိုင်သလောက် ရိတ်သွားလကွာ” 

“ဟုတ်ကဲ့ အရီး”

“အေးနော် ပုတ်တဲ့အခါ ကျရင်တော့ စင်အောင် ပုတ်သွားပါ မောင်မင်းကြီးသားရာ”

“စိတ်ချပါ အရီးရ”

ရီးဆေးရိုးသည် သည်ကောက်ညှင်းစပါး ရိုက်ခြွေရန်အတွက် အိမ်ရှေ့တွင် ရိုင် ကာထားခဲ့၏။ ရိုင် အလယ်တွင် လှည်းဘီး တစ်ဖက်ကိုလည်း ချွတ်ပြီး ချထားပြီးပြီ။ မြတ်ကွန်းသည် ရွာထဲမှ ဖြတ်သွားရင်း သည် ရိုင် ကာထားသည်ကို မြင်သွားသောကြောင့် ယခုကဲ့သို့ အပ်ကျမပ်ကျ လာတောင်းနိုင်ခြင်းဖြစ်ပေမည်။

မြတ်ကွန်းကို မှာကြားပြီးနောက် အောက်ဘက်သို့ ရီးဆေးရိုး လျှောက်ခဲ့၏။ မိမိလယ်ကို တစ်နေ့ တစ်ကြိမ် ကြည့်ရှုစစ်ဆေးလေ့ရှိသည်မှာ ရီးဆေးရိုး၏ အကျင့်ဖြစ်သည်။ သို့လျှင် ကြည့်မှသာ ကောက်ပင် ကောက်သား အခြေအနေ၊ ကန်သင်းပေါ်မှ မြက်နှင့် ပဲယဉ်းပင်များ အခိုးခံရခြင်း ရှိ၊ မရှိ သိနိုင်ပေမည်။ လယ်ပွဲအောက်ဆုံး ကန်သင်းအထိ လျှောက်ပြီးမှ ရီးဆေးရိုး ပြန်လှည့်လာသည်။ ကောက်ညှင်းကွက်တွင် မြတ်ကွန်းကား ရိတ်ဆဲပင်။

“ဟကောင်ရေ၊ လောဘတကြီး ရိတ်နေလို့ ရွက်နိုင်ပါဦးမလား”

“ရွက်နိုင်ပါတယ် အရီးရ၊ အခု အရီးဖို့ ပို ရိတ်နေတာပါ”

“နေပါစေ မောင်ရာ၊ ကျေးဇူးကြီးလှပါပြီ၊ ကဲကဲ မင်းဟာမင်း ရွက်ပြီး သွားနှင့်ပေတော့” 

မြတ်ကွန်းသည် စည်းကြိုးအတွက် ကောက်ပင်ဖြင့်ပင် ‘ ဘွဲ့’  လုပ်သည်။ သူ ရိတ်ထားသော ကောက်လှိုင်းကို သူ့ဘာသာသူ မပင့်နိုင်။ ရီးဆေးရိုးပင် ကူပင့် ပေးရင်း “လောဘကလည်း ကြီးပါ့ကွာ၊ အနည်းဆုံး တစ်ခွဲ မရှိတောင် ခြောက်ပြည်တော့ ထွက်မှာဟေ့၊ စင်အောင် ပုတ်နော်” ပြောရင်း မှာကြားသည်။ မြတ်ကွန်း ကလည်း “ဟုတ်ကဲ့၊ စိတ်ချပါ အရီး” အာမဝန္တံ ခံသွား၏။ သို့ပါလျက်ကို...။

••••• ••••• •••••

၃

ရီးဆေးရိုးသည် အေးအေးလူလူ ရိတ်ကျန်ခဲ့သည်။ အောက်ခံမြေမှာ ခြေနင်း၍ မရတတ်သေး။ သို့ကြောင့် နင်း၍ ရသည့် နေရာများသာ ကွက်ပြီး မြတ်ကွန်း ရိတ်သွား၏။ အပင်နှင့် အနှံကပင် မွှေးတေးတေးဖြစ်နေသော ကောက်ညှင်းခင်းသည် မသပ်ရပ်။ အတွင်းသို့ စွပ်ကြောင်းကြီးသဖွယ် ဝင်ရိတ်ထား၏။

ထိုအခါ မသေသပ်သမျှကို ရီးဆေးရိုး ပြုပြင်ရသည်။ လဲပြိုနေသည်များ၊ ကန်သင်းနား ကပ်ကျန်ခဲ့သည်များကို တစ်ပင်မကျန် သိမ်းသည်။ မရိတ်ရသေးသော အပင်များ တစ်ဖြောင့်တည်း ကျန်ခဲ့စေရန် စနစ်တကျ ရိတ်သည်။ သို့မှသာ သူခိုး ဝင်ခိုးဦးတော့ မည်မျှ အခိုးခံရသည်ကို ခန့်မှန်းနိုင်မည်။ သေသပ်အောင် ပြုပြင်ပြီးချိန်တွင် ရီးဆေးရိုး တစ်ရွက်စာ ရပြီ။ မြတ်ကွန်း ရိတ်ယူသွားသမျှ၏ ထက်ဝက်ပင် မရှိချင်။ အဘိုးကြီးဆိုတော့လည်း သည်မျှသာ ရွက်နိုင်မည်ကိုး။

သူသည် ကောက်ညှင်းလှိုင်းထုံးကို ရွက်ကာ မြောက်ဘက်မြောင်းကိုကျော်ပြီး ချုံကွယ်တွင် ထားသည်။ တမေ့တမော ဆေးလိပ်သောက်ပြီးမှ နွားချေးချပ် ခပ်ကြီးကြီး နှစ်ချပ် ရှာလာကာ လယ်ပွဲထဲ ပြန်ဝင်သည်။ နွားချေးချပ်ကို မီးစွဲအောင် လုပ်ကာ နှစ်ချပ် ဆင့်တင်သည်။ သည်နှစ်ချပ် ဆိုလျှင် နေဝင်ပြီးသည် အထိ မီးခိုးတအူအူ ရှိနေမည်။ သည်မီးခိုးသည် လယ်ပိုး၊ လယ်မွှားများကို အတန်အသင့် နှောင့်ယှက်မှု ပြုနိုင်သည်။ ကောက်ညှင်းခင်းကို ဖြစ်စေ၊ မြက်နှင့် ပဲကို ဖြစ်စေ ခိုးယူလိုသူသည်လည်း လူရှိသည် ထင်ပြီး ရှောင်ရှားသွားနိုင်သည်။ ခေါင်းလောင်းထိုးသံသည် လေနှင့် လွင့်ပျံလာ၏။ ဆွမ်းစားခေါင်းလောင်း ဖြစ်သည်။ အောက်ထစ် ၁၁ နာရီတည်း။ ထိုအခါကျမှ ရီးဆေးရိုး ဆာလောင်ရန် သတိရသည်။ နံနက်က ထန်းပင်မြစ် သုံးချောင်းသာ စားခဲ့ရပါကလား အမှတ်ရသည်။ ရီးဆေးရိုး တစ်ချိုးတည်း သုတ်လာ၏။

အုတ်ပေါင်းအနီး လက်ပံပင်ရိပ်တွင် တစ်ထောက်နားကာ ဇက် (ဆက်) အညောင်း ဖြေလိုသေးသော်ငြား အောင့်ပြီး ရွက်လာသည်။ အံကြိတ်ထားသည်။

ခေါင်းပေါ်က ကောက်လှိုင်းထုံးကို ပစ်ချပြီးလျှင် ပြီးချင်း ရီးဆေးရိုး၏ မျက်လုံးများ ဦးစွာ ရောက်သွားသော နေရာမှာ ရိုင်ပတ်တွင်းရှိ လှည်းဘီး ဖြစ်သည်။ လှည်းဘီးပတ်ပတ်လည် မြေတလင်းတွင် ကောက်ပင်ကျိုး အနည်းငယ်နှင့် စပါးစေ့များ ပြန့်ကျဲနေသည်။

စပါးကို ရီးဆေးရိုးတို့ နွားဖြင့် မနယ်သည်မှာ ကြာပြီ။ ကြာဆို ချည်မျှင်ရှည်ဝါ ပေါ်ပြီး သုံးလေးနှစ် ကတည်းက ဖြစ်၏။ ဝါထရေး (ထွန်ရေး) အတွက် နွားကို အားအမွေးခိုင်းကာ စပါးကို ရိုက်ပြီး ခြွေခဲ့ကြသည်။ သို့အတွက် ရိုက်ခြွေထားသော စပါးစေ့ အပြန့်အကျဲကို မြင်ကာမျှဖြင့် ခန့်မှန်းတတ်သည်။ ခန့်မှန်းနိုင်သည်။

ရီးဆေးရိုးသည် မြတ်ကွန်း ရိုက်ခြွေပစ်ခဲ့သော စပါးစေ့များ မည်သည့် နည်းနှင့်မျှ ခြောက်ပြည် ခုနစ်ပြည် မရှိဟု သိသည်။ ပိုပြီးသေချာစေရန် ကောက်ညှင်းစပါးစေ့များကို တံမြက်စည်းဖြင့် စုသည်။ လှည်းဘီး အောက်ပါ မကျန် သိမ်းစုသည်။ လေးပြည်ပင် မပြည့်ချင်။

“ဟေ့ ကျီးဒန်”

ခက်ထန်မာကျောသည့် အသံ၊ အရိုးအကြောများကို ဒေါသမီးတဖျစ်ဖျစ် လောင်ကျွမ်းဝါးမျိုသောအသံ။ ရီးကျီးဒန် ကပြင်ထိပ်မှ ခေါင်းပြူလာ၏။ 

“မြတ်ကွန်း ပြန်တော့ ညည်း ထွက်ကြည့်သေးလား”

“ထမင်းအိုး ငှဲ့နေတာနဲ့ ထွက်တော့” 

“တော်”

တော် ဟု ဆိုပြီးနောက် အဆဲမျိုးစုံတို့ ရီးဆေးရိုး ပါးစပ်တွင်းမှ ခုန်ထွက်လာကြသည်။ တောက်တစ်ချက်ခေါက်ပြီး အရှေ့စုသို့ သုတ်ခြေတင်ခဲ့သည်။ ဝမ်းထဲမှ အစာ မရှိသော အူများမှာ ရီးဆေးရိုး၏ ဒေါသကို ကြောက်ရွံ့သောကြောင့် တကြုတ်ကြုတ် မြည်ကာ ဆန္ဒ မပြဝံ့ကြပြီ။ ကုပ်နေကြ၏။ ငြိမ်နေကြ၏။

ရီးဆေးရိုးသည် လမ်းတွင် တွေ့သူများ၏ မျက်နှာကို မမြင်ပေ။ နှုတ်ဆက်သံများကိုလည်း မကြားပေ။ ကောက်ညှင်း၊ ကောက်လှိုင်းထုံးကြီးကိုသာ မြင်နေ၏။ ကုက္ကိုကိုင်းများ ကကျိုးကကျဲ ကာထားသော အိမ်ဝိုင်းထဲသို့ တန်းဝင်လာသည်။ မြတ်ကွန်း ကိုလည်း ကုန်းကုန်းကြီး မြင်ရသည်။ ခွေးတစ်ကောင် တစ်ရှူးထိုး ပြေးလာသည်။ မြတ်ကွန်း ခွေးကြည့်ပါဦး မပြော။ ဆောင့်ကန်ပစ်လိုက်သည်။ ခွေးဟောင်သံ ပေါ်လာချိန်၊ မြတ်ကွန်း လှည့်ကြည့်ချိန်နှင့် ခွေး၏ နာကျင်စွာအော်သံ ပေါ်လာချိန်တို့မှာ ရှေ့ဆင့် နောက်ဆင့် ဖြစ်သည်။ မြတ်ကွန်းမှာ ဆီးရွက်မျှသာ ရှိတော့သော မျက်နှာငယ်ကလေးဖြင့် ငုတ်တုတ် အမိခံရ၏။ ရီးဆေးရိုးသည် ဖြေထားသော ကောက်ပင်များကို ကျုံးယူပြီး ထောင်လိုက်သည်။ ညွတ်ငိုက်နေသော စပါးနှံဆန်သီးများ။ လုံးဝ မပုတ်မခြွေရသေးသော စပါးများ။

“မင်းရဲ့နွားစာ အခက်အခဲကို ကူညီတဲ့ လူကို ဒီလိုပဲ လုပ်ရသလားကွ၊ ကဲ လုပ်ဦးကွာ လုပ်ဦး လုပ်ဦး” 

ရီးဆေးရိုးသည် ဦးစွာ လက်ဝါးဖြင့် ရိုက်သည်။ ဒေါသကို မထိန်းနိုင်ပြီ။ ဖြန့်သောလက်ဝါး ဆုပ်မိသည်။ လက်သီးဖြင့် ချက်ရေ မည်မျှ ထိုးမိသည်ကို မမှတ်မိ။ မြတ်ကွန်း အော်သံကြောင့် အိမ်နီးချင်းများ ပြေးလာကာ ဆွဲကြတော့မှ ရပ်သည်။ 

“မင်း ခွေး၊ ခွေး... ခွေး၊ သားရေပေါ်အိပ် သားရေနားစားတဲ့ခွေး”

မစင့်တစင် ရိုက်ခြွေပြီးသား ကောက်ပင်များရော၊ လုံးဝမခြွေရသေးသည်များကိုပါ စုရုံး ထုံးနှောင်ကာ ရီးဆေးရိုး ရွက်သည်။ သာမန် အချိန်တွင် မရွက်နိုင်မည် မသေချာသော အလေးချိန်ကြီးကို ရီးဆေးရိုး ရွက်နိုင် သယ်နိုင်သည်။

ဒေါသတည်းဟူသော ပယောဂကောင်သည် ရီးဆေးရိုးကိုယ်စား ဝင်ထမ်းပေးထား၏။ မြတ်ကွန်းသည် ရီးကျီးဒန် ထွက်မကြည့်နိုင်သည်ကို အခွင့်ကောင်းယူသည်။ မစင့်တစင် ပုတ်ကြွေသည်က အနည်းစု၊ လုံးဝ မပုတ်မခြွေဘဲ ပြန်ယူခဲ့သည်က အများစု။ သူသည် အူလိမ်နေသော နွားများအတွက် နွားစာ မစဉ်းနိုင်သေး။ မခြွေရသေးသော ကောက်ပင်များမှ စပါးစေ့များကို အလျင်အမြန် ခြေဖြင့် နင်းခြေသည်။ စပါးစေ့ တစ်လမယ်စာပင် မရသေးမီ ရီးဆေးရိုး ရောက်လာခြင်းဖြစ်၏။

ခိုးထုပ်ခိုးထည်နှင့် ကားခနဲ မိသည်။ အိုးတိုးအမ်းတမ်း ဖြစ်နေစဉ် အရိုက် ခံရသည်။ အပြစ်ရှိသူမို့ ပြန်လည် တွန်းထိုးရန်ပင် သတိမရ။ ပါးပြင်ကို လက်ဝါးဖြင့် အုပ်ရင်း ခေါင်းငိုက်စိုက်ကျလျက် ကျန်ခဲ့သည်။ သူ မျက်နှာ အပ်ထားသော မြေပြင်တွင် ကောက်ညှင်းစပါးများ၊ ရီးဆေးရိုး၏ ခါးပိုက်ထဲမှ ကျကျန်ခဲ့သော ဟင်းရမ်းဖူး၊ ဟင်းရမ်း ညွန့်များ ပြန့်ကျဲနေ၏။

••••• ••••• •••••

၄

အရှေ့စုနှင့် ရမ်းဘိုကုန်းသည် မဝေးလှ၊ နှစ်ဖာလုံမျှသာ ရှိမည်။ မြတ်ကွန်းအိမ်နှင့် ရီးဆေးရိုးအိမ်ကား သုံးဖာလုံခန့် ဝေးမည်။ ရီးဆေးရိုးသည် သည်ခရီးကို ဒေါသဖြင့် ပြန်လာ၏။ သူ့ခေါင်းပေါ်တွင် အလွန် လေးလံသော ကောက်ပင်စည်းကြီး ပါသေးသည်။ စိတ်ထဲကရော ပါးစပ်ကပါ အယုတ္တ အနတ္တမျိုးစုံ ဆဲဆိုရေရွတ်လာသော ရီးဆေးရိုး၏ ဒေါသသည် ခရီးတစ်ဝက် အရောက်တွင် အရှိန်လျော့စပြုပြီ။ တဟုန်းဟုန်း တောက်လောင်နေသော မီးပုံကြီးမှ မီးညွန့်ကျိုးသည်သို့ပင်။

“ကြည့်စမ်း၊ မြတ်ကွန်း ခံလုပ်ရင် ငါ သေမှာပါကလား”

ရီးဆေးရိုး၏ ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာသော အတွေး။

“သူဟာ သူ့အပြစ်ကြောင့် ငါ့ကို ဘာမှ ပြန်မလုပ်ပါကလား။ အို သူဟာ သူခိုးပဲ။ နွားစာလည်း ပေးရသေး၊ အခိုးလည်း ခံရသေး။ အို မဟုတ်သေးပါဘူးလေ။ အခုလို မတောင်းဘဲ အလစ်မှာ ခိုးရိတ်မယ်တဲ့၊ ဘာတတ်နိုင်မှာလဲ။ ဟုတ်သားပဲ”

ဒေါသ လျော့လာသည်နှင့်အမျှ ခေါင်းပေါ်တွင် ပါလာသော အရာကြီးကား လေးလံစွဟု သတိထား မိပြီ။

“ထားပါလေ၊ သူ မကောင်းလို့ မတော်တာ လုပ်ပြီ။ မပုတ်ရသေးတာတွေ ပြန်ယူခဲ့ရင် တော်ရောပေါ့။ ဘာဖြစ်လို့ ပါးရိုက်ရတာလဲ၊ ဘာပြုလို့ လက်သီးနဲ့ ထိုးရတာလဲ။ သူ့ဆီက မကောင်းတာကို အတုယူပြီး ငါကပါ လိုက်ပြီး မကောင်းတာဘဲ”

ရီးဆေးရိုး ဆက်လက် မတွေးနိုင်တော့ပါ။ လည်ကုပ်က အောင့်လာပြီး ကျောက ကိုက်ခဲ၊ ခါးက နာကျင်လာပြီ။ သည်ကြားထဲမှာပင် ‘လက်စသတ်တော့ ငါ့ကိုယ်ငါ အထင်ကြီးခဲ့တာ အလကားပါကလား၊ ငါဟာ အလကား ကောင်ပါကလား’ ဟု တွေးဖြစ်အောင် တွေးမိသည်။ မြတ်ကွန်းကို ထိုးကြိတ်ရိုက်နှက်ခဲ့မိခြင်း အတွက် စိတ်မကောင်းတော့ချေ။ သည်နှယ် ပုံမှန်စိတ် ဝင်လာချိန်တွင် အိမ်ဝိုင်းထဲ ဝင်လာမိပြီ။ ရိုင်ကာထားသော နေရာသည် ဝေးလှမ်းလွန်းသည် ထင်၏။ ရီးဆေးရိုး မလှမ်းနိုင်တော့ပါ။ မသယ်နိုင်တော့ပါ။ ရိုင်အဝ မရောက်မီပင် ပစ်ချလိုက်မိသည်။ ခေါင်းပေါ်မှ ဧရာမ အလေးအပင်ကြီး ကျသွားသော် ငြား ရီးဆေးရိုးမှာ သက်သာ မသွားပါ။ နေသာထိုင်သာ ဖြစ်မလာပါ။ တင်းထားသည့် စိတ်ကို လျှော့ချလိုက်သဖြင့် မြေပြင်ပေါ်သို့ ခွေခနဲ ပုံကျသွားချေပြီ။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment