Sunday, September 6, 2026

ဂူဘားမှတ်တမ်း အလွမ်းစာ


❝ ဂူဘားမှတ်တမ်း အလွမ်းစာ ❞ 
  ( လယ်တွင်းသားစောချစ် )

ဝန်ထမ်းဖြစ်ရသည်ကို ကျွန်တော် သဘောကျသည်။ မြန်မာနိုင်ငံ တစ်နံတစ်လျား လှည့်လည်သွားလာရသည်။ ဒေသအစုံသို့ ရောက်ဖူးသည်။ နေဖူးသည်။

ကျွန်တော် ခရိုင်အုပ်ချုပ်ရေးမှူး ရာထူးတိုးရန် လူတွေ့ စစ်ဆေးစဉ် လူကြီးများက မေးသည်။

“နယ်ပို့ရင် သွားနိုင်မလား”

“ဟုတ်ကဲ့၊ သွားနိုင်ပါတယ်”

“လွယ်လွယ် မဖြေနဲ့၊ ပြည်နယ်ပို့မှာ..”

“ဟုတ်ကဲ့၊ ကျွန်တော် ဆန္ဒပြုခွင့်ရှိတယ်ဆိုရင် ပူတာအို သွားချင်ပါတယ်”

မေးသော လူကြီးများ အံ့ဩသွား၍ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်ပြီး ပြုံးကြသည်။

“သူက ပူတာအိုအကြောင်း စာရေးချင်လို့ ဖြစ်မှာပေါ့”

လူကြီးတစ်ယောက်က မှတ်ချက်ပေးသည်။

“အေး.. မှတ်ထား၊ ပူတာအိုမှာ နေရာလပ် မရှိရင် အဲဒီနေရာကလူ တခြားနေရာ ပြောင်းပြီးပို့မယ်”

အကြီးဆုံးပုဂ္ဂိုလ်က မှတ်ချက်ပြုသည်။ သို့သော် တကယ်တမ်း ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သောအခါ ပူတာအိုသို့ မရောက်ခဲ့ရ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်မှ မြစ်ကြီးနားသို့ ရောက်ရသည်။ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊ မြစ်ကြီးနား ခရိုင်တို့မှာ ကျွန်တော် တာဝန်ယူရသည့် နယ်မြေများဖြစ်သည်။ ပူတာအိုသို့ မကြာခဏ ရောက်ရသည်။

မြန်မာပြည်၏ မြေပုံခေါင်းလေးထဲမှာ ရှိသော ပူတာအို။ အေးစိမ့်နေသော ပူတာအို။ ရေခဲတောင်တံတိုင်း ပတ်ဝိုင်းနေသော ပူတာအို။ ရှုခင်းများ အလွန်လှသော ပူတာအိုကို ကျွန်တော် သဘောကျသည်။

အထက် ကောင်းမှုလုံ၊ အလယ် ရွှေစည်းခုံ၊ အောက် ရွှေတိဂုံ ဟု ဆိုသော တန်ခိုးကြီးဘုရား သုံးဆူမှာ ရွှေတိဂုံနှင့် ရွှေစည်းခုံ ကို အခါခါ ဖူးခဲ့ဖူးပြီ။ ကောင်းမှုလုံကို ပူတာအိုခရိုင် ရောက်မှ မချမ်းဘောမြို့နယ်မှာ ဖူးရသည်။

မနက်ကပင် ဖွံ့ဖြိုးရေးလမ်း ကြည့်ရှု စစ်ဆေးရင်း ကောင်းမှုလုံကို ဒုတိယအကြိမ် ထပ်မံဖူးမြော် ကြည်ညိုရသည်။ တောတောင် လျှိုမြောင် မလိခမြစ်ရေကြည်နှင့် လိုက်ဖက် စွာ သာယာရှုမောဖွယ် စေတီတော် ဖြစ်သည်။

ယခု ကျွန်တော်တို့ မချမ်းဘောမြို့သို့ ဆက်ထွက်လာကြခြင်း ဖြစ်သည်။ မနက်ဖြန်မှာ မချမ်းဘောမြို့ ဈေး၊ ဆေးရုံ၊ လက်ဖက်စိုက်ခင်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးသစ် ပြောင်းရွေ့သည်ကို ကြည့်ရှု စစ်ဆေးရန် ယနေ့ည မချမ်းဘော ဂူဘား ဧည့်ရိပ်သာမှာ ညအိပ်မည်ဖြစ်သည်။

နေဝင်တိမ်တောက်သည့် အမှောင် မရောက်မီ အချိန်ကောင်းမှာ မချမ်းဘောမြို့၊ သာယာလှပသော ဂူဘားဧည့်ရိပ်သာသို့ ကျွန်တော်တို့ ရောက်သွားကြသည်။

မရောက်မီကပင် ရောက်ချင်နေသည့် အထင်ကြီးသော ဧည့်ရိပ်သာ။ တကယ် ရောက်သွားသောအခါ အထင်ကြီးခဲ့သည်နှင့်အညီ သာယာလွန်းလှသည်။

ရှေ့ဘက်မှ မလိခမြစ်ကို မျက်နှာမူ၍ ဆောက်ထားသော နှစ်ထပ်ဧည့်ရိပ်သာ ဖြစ်သည်။ နေရာ လှပသည်နှင့်အမျှ အဆောက်အဦကလည်း ခံ့ညား၍ အေးချမ်းမှုကို ခံစားရသည်။

ဂူဘားဧည့်ရိပ်သာဟု အမည် မှည့်ခေါ်ရသောအကြောင်းမှာ ဟိုးမြောက်ဘက်ဒေသ ရေခဲတောင်များ ရှိရာတွင် အလွန်သာယာလှပသော ရွာကလေးတစ်ရွာရှိသည်။ ထိုရွာ လေး၏ အမည်မှာ “ဂူဘား” ဟု ခေါ်တွင်၏။ သို့သော် ထိုသာယာလှပသော ရွာကလေးမှာ သွားရောက်ရန် မလွယ်ကူပါ။

မချမ်းဘောမြို့မှ ဤနေရာသည် ဂူဘားရွာကလေး ကဲ့သို့ သာယာလှပသည်ဟု ထပ်တူပြု၍ ဂူဘားဧည့်ရိပ်သာ ဟု အမည်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ရောက်သွားချိန်မှာ မိုးရာသီ ဖြစ်၍ မလိခမြစ်မှာ ရေများနေသည်။ သို့သော် ရေများသော မလိခမှာ အလှ မပျက်။ ပို၍ပင် ရှင်သန်လှပလျက်။

ဧည့်ရိပ်သာနှင့် မလိခမြစ် ကြားမှာ မြေညီပြင်ကျယ်လေးရှိသည်။ မြေပြင်ကို အနားကွပ်ထားသည်က စိမ်းလန်းနုညက်သော သဘာဝမြက်ခင်းလေးဖြစ်သည်။ မြက်ခင်းကို လွန်လျှင် သစ်သားတန်းလေးများနှင့် သေသပ်စွာ အရံအအတား ပြုထားသည်။ ရှေ့ဘက် လွန်လျှင် မလိခမြစ် ချောက်ကမ်းပါးကြီးဖြစ်၏။

“လှလိုက်တာဗျာ။ အဲဒါ ဘာပင်လဲ”

ချောက်ကမ်းပါးမှာ ကပ်၍ ပေါက်နေသော သစ်ပင်နှစ်ပင်ကို ကြည့်၍ သဘောကျ မိပါသည်။ ပင်စည်မှာ အကိုင်း မရှိ။ ဖြောင့်ချောညီစွာ တက်သွား၏။ ပင်စည်၏ ထိပ်မှာ အကိုင်းအခက်များ ဖြာဝေထွက်နေသည်။ အမြင်အားဖြင့် သင်္ဘောပင်နှင့် ဆင်သည်။ သို့သော် သင်္ဘောပင်ထက် ပို၍ မြိုင်ဆိုင် လှပသည်။ ကျွန်တော် မြင်ဖူးသည့် အပင်မျိုး မဟုတ်။

“သစ်မင်းပင်ပါ ခင်ဗျ”

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းက ဖြေသည်။

“သစ်မင်းပင်”

ကျွန်တော် ကြားဖူးပါသည်။ အပင်ကို ခုမှ မြင်ဖူးသည်။ အပင်၏ ထွက်ပုံ အလှအပကို သဘောကျမိသည်။

“အိမ်မှာ သစ်တောက်ပါရင် ရိုက်သွင်းတဲ့ သစ်မင်းလား …”

“ဟုတ်ပါတယ်။ ပန်းအိုးတို့၊ ဆေးလိပ်ခွက်တို့လည်း လုပ်ပါတယ်”

အရစ် အကွက်များ ပေါ်နေသည် သစ်မင်းပန်းအိုးများ၊ ဆေးလိပ်ခွက်များကို မြင်ယောင်မိသည်။

သစ်မင်းပင် နှစ်ပင်ကလည်း ဂူဘား ဧည့်ရိပ်သာ၏ အလှကို အားဖြည့်ပေးနေကြသည်။

ဧည့်ရိပ်သာရှေ့ မြစ်ကမ်းနဖူးမှာ သစ်သားအမိုးဝိုင်းပါသည့် ထိုင်ခုံအဝိုင်းလေးများကို ဆေးခြယ်ထားသည်။ အပန်း ဖြေ ထိုင်ရင်း၊ နားရင်း ရှုခင်းအလှများကို ကြည့်နိုင်သည်။

ဧည့်ရိပ်သာ အပေါ်သို့ ဘေးဘက်မှာ ရှိသော နှစ်ဆစ်ချိုး လှေကားကျယ်ကြီးဖြင့် တက်ရ၏။

အပေါ်ထပ်တွင် ရေချိုးခန်းနှင့်အိမ်သာ တွဲလျက် အိပ်ခန်းကျယ် နှစ်ခုရှိသည်။ အိပ်ခန်းများတွင် အိပ်ရာခုတင်၊ မွေ့ရာ စသည်တို့မှာ ခေတ်မီကောင်းမွန်ကြသည်။

ရှေ့ဘက် မျက်နှာစာမှ ဝရန်တာမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်၍ ကြိမ်ဆက်တီကုလားထိုင်များ ချထားသည်။ ဝရန်တာမှာ ထိုင်၍ ရှေ့ဘက်ကို ကြည့်လျှင် ရှုခင်းများမှာ သာယာလွန်းလှ၏။ အောက်ဘက်မှာ မလိခမြစ် စီးဆင်းနေသည်။ မြစ်ကမ်းဘေး တစ်လျှောက်မှာ သဘာဝအတိုင်း တည်ရှိနေသည့် သစ်ပင်၊ သစ်တောများမှာ စိမ်းလန်းအုပ်ဖွဲ့ နေသည်။

မြစ်တစ်ဖက်ကမ်းဆီသို့ လှမ်းမျှော်ကြည့်လျှင် အချွန်အထွတ်တို့ဖြင့် မြင့်မားသော တောင်ကြီးက ပန်းချီကားတစ်ချပ်နှယ် ရှုချင်စဖွယ် ဆန်းကျယ်လှသည်။

တုံ...တုံ...တုံ...တုံ...

ပန်းတိမ်ငှက်၏ တူထုသံက အဆက်မပြတ် ထွက်ပေါ်နေသည်။ မြစ်ကမ်းဘေး တောအုပ်ထဲမှ ယောက်ဖခွေးခေါ်ငှက်ကလည်း တကြော်ကြော် အော်သံပေး၍ လွမ်းတေးဆိုနေသည်။

ဂူဘားဧည့်ရိပ်သာမှ မြစ်နှင့် တောရိပ် တောင်ရိပ် သဘာဝရှုခင်းအလှကို မည်မျှ ကြာအောင် ကြည့်၍မှ ငြီးငွေ့သွားစရာ မရှိ။ ကြည့်၍ မဝအောင် ဖြစ်ရသည်။ မြစ်ရေစီးသံ၊ ငှက်ကျေးသာရကာတို့၏ သဘာဝတေးသံသာများကလည်း နားထောင်၍ မငြီး သာယာလှသည်။

ကျွန်တော် အေးချမ်းစွာ နားနေ၍ ဂူဘား၏ အလှအပများကို ခံစားနေသည်။ ကျွန်တော်နှင့် အတူပါသည့် ရုံးအုပ်ကြီးများ ဖြစ်သော ဦးမြင့်အောင်၊ ဦးလှဝင်းတို့က ဒေသခံများနှင့် အတူ ညစာ စီစဉ်ချက် ပြုတ်ကြသည်။

ရှားပါးသောဒေသ ဖြစ်၍ ဌာနေဝန်ထမ်းများကို ဒုက္ခမပေးချင်သောကြောင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် မှစ၍ အပြည့်အစုံ ယူလာကြသည်။

ဒေသခံဝန်ထမ်းများကို ပေးရန်လည်း ဆီ၊ ဆား၊ ငရုတ် ၊ ကြက်သွန်၊ ပုစွန်ခြောက်တို့ကို အထုပ်ကလေးများ လုပ်၍ ယူခဲ့သည်ကို ဝေငှပေးရ၏။ အထူးသဖြင့် အိုင်အိုဒင်း ဆားထုပ် တော်တော်များများ ယူခဲ့သည်ကို မျှဝေပေးရသည်။

“အားနာစရာခင်ဗျာ၊ ကျွန်တော်တို့ဆီ လာတာ ကျွန်တော်တို့ကလည်း ချက်မကျွေးရဘူး။ ကျွန်တော်တို့ အတွက် လက်ဆောင်တွေလည်း ယူလာသေးတယ်”

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ဝန်ထမ်းများ အားနာနေကြသည်။

ကောင်းမှုလုံမှ အပြန် မလိခမြစ်မှာ ပံ့သကူ ဝယ်ယူရခဲ့သော မြစ်ငါးကြီးနှစ်ကောင်ကတော့ ကျွန်တော်တို့အဖွဲ့ ရော ဒေသခံများပါ လုံလောက်စွာ စားရသည်။ ထမင်းစားပြီးသောအခါ မှောင်ရီသမ်းလာသည်။ မချမ်းဘောမြို့၏ ဂူဘားဧည့်ရိပ်သာမှာ တောရိပ်တောင်ရိပ်ကြောင့် အုံ့ဆိုင်းမှိုင်းညို့လျက်။

ညပိုင်းတွင် ဒေသခံဝန်ထမ်းများနှင့် ရေနွေးကြမ်းသောက်ကြရင်း စကားပြောရသည်။ မချမ်းဘောမြို့တွင် ရဝမ်တိုင်းရင်းသား အများစု နေကြသည်။ လီဆူးနှင့် ဂျိန်း ဖောတိုင်းရင်းသားများလည်း ရှိသည်။ ဤဒေသတွင် လက်ဖက်ပင် စိုက်၍ ဖြစ်သည်။ ယခင်က စိုက်ထားခဲ့သော လက်ဖက်စိုက်ခင်း ရှိကြောင်း ဒေသခံများက ပြောကြသည်။ နောက်တစ်နေ့ သွားကြည့်ရမည့် စာရင်းမှာ ပါပြီးဖြစ်သည်။ ပိုးစာပင်လည်း စိုက်၍ရကြောင်း၊ စိုက်ဖူးကြောင်း သိရသည်။ ပတ္တမြား ထွက်သည် ဆိုသော ချောင်းက စိတ်ဝင်စားဖွယ်ရာ၊ ကျောက်နဂါးပုံပြင်က လွမ်းစရာ။

ညဉ့်နက်သည်အထိ ဒေသခံတိုင်းရင်းသားများနှင့် ချစ်ခင်ရင်းနှီးစွာ စကားပြောသည်။ ကြည်နူးစရာ လှပသော ဂူဘားဧည့်ရိပ်သာမှ အမှတ်တရ ညလေး ဖြစ်ပါ၏။

ညဉ့်နက်၍ အိပ်ရာဝင်သော်လည်း အိပ်မပျော်။ ဂူဘားဧည့်ရိပ်သာသည် ညအမှောင်အသံနှင့် သာယာနေပြန်၏။

မလိခမြစ်၏ ရေစီးသံ၊ ဝါးရုံပင်များကို လေတိုးသံ၊ သစ်တောက်ငှက်၏ သစ်ပင် ခေါက်သံ၊ တောအုပ်ထဲမှ ညဥ့်ငှက်တို့၏ ခေါ်သံထူးသံ သဘာဝဂီတသံများကို ကြားနေရသည်။

မနက်လင်းတော့လည်း ငှက်ကလေးများ၏ တေးဆိုသံနှင့် အိပ်ရာမှ နိုးရသည်။ ဂူဘားဧည့်ရိပ်သာ၏ အပေါ်ထပ် ဝရန်တာဆောင်မှာ နံနက်ခင်း၏ မြစ်အလှ၊ တောအလှ၊ တောင်အလှကို ကြည့်မြင်ခံစားရင်း မနက်စာ စားနေစဉ် ဦးသိန်းက စာအုပ်ကြီးတစ်အုပ် လာပေး၏။ သားရေဖုံးနှင့် ဗြက်ကျယ်ကြီးမားသော စာအုပ်ထူထူကြီး ဖြစ်သည်။

“ဪ...ဟုတ်ပြီ...၊ ဒီစာအုပ်ကို တွေ့ချင်နေတာ...”

နာမည်ကျော် ဂူဘားဧည့်ရိပ်သာမှ စိတ်ဝင်စားစရာ ဧည့်မှတ်တမ်း စာအုပ်ကြီး ဖြစ်သည်။

ပူတာအို ရောက်သူ အတော်များများသည် မချမ်းဘောသို့ ရောက်အောင်သွားကြ၏။ မချမ်းဘော ရောက်လျှင်လည်း သာယာလှပသော ဂူဘားဧည့်ရိပ်သာသို့ သွားကြည့်ကြ၏။ ဂူဘားဧည့်ရိပ်သာ၏ သာယာလှပမှုများကို ခံစားပြီးလျှင်လည်း ဧည့်မှတ်တမ်း စာအုပ်ကြီးမှာ အမှတ်တရ စာများ ရေးထားခဲ့ကြ၏။

စာအုပ်ကြီးမှာ ရေးပြီးသားစာမျက်နှာ များစွာ ဖြစ်နေပြီ။ မရေးရသေးသော စာမျက်နှာလည်း များစွာကျန်သေးသည်။ ၁၉၆၂ ခုနှစ်လောက်က စတင်၍ ကျွန်တော် ရောက်သည့်အချိန်မှာ နှစ်ပေါင်း သုံးဆယ်ကျော်ပြီး လေးဆယ် နီးနေပြီ။

ကျွန်တော်လည်း အမှတ်တရ မှတ်တမ်း ရေးခဲ့ရလိမ့်မည်။ ကိုယ်တိုင် မရေးမီ သူများ ရေးခဲ့သည်များကို ဖတ်ကြည့်ချင်သေးသည်။

လူမျိုးစုံ ရောက်ခဲ့ပြီး ခံစားမှုမျိုးစုံ ဖော်ကျူးထားသည်ကို တွေ့ရ၏။ နာမည်ကြီး စာရေးဆရာကြီးများ၊ နာမည်ကျော် အနုပညာရှင်များစွာတို့၏ မှတ်တမ်းများကို ဖတ်ရသည်။

ဆရာဦးသိန်းဖေမြင့်၊ ဗန်းမော်ညိုနွဲ့၊ အထောက်တော်လှအောင်၊ ခင်မောင်ထွေး (ပျဉ်းမနား)၊ ဆရာဦးဆန်းလွင်၊ ဦးလှကြွယ်၊ ပျဉ်းမနားမောင်နီသင်း၊ မောင်သွေးသစ်၊ ပုသိမ်လှထွန်း၊ မင်းခေါင်ဦး၊ စောရွှေဘို၊ ကလျာ (၀ိဇ္ဇာ / သိပ္ပံ) စသည့် စာရေးဆရာများ၏ မှတ်တမ်းစာများနှင့်တကွ လက်မှတ် ရေးထိုးထားသည်ကို တွေ့ရသည်။

ပန်းချီစံတိုး၊ ပန်းချီတင်မောင်မျင့်၊ ကာတွန်းစိန်ကြီး စသည့် နာမည်ကျော် ပန်းချီဆရာ၊ ကာတွန်းဆရာတို့လည်း ရောက်ရှိမှတ်တမ်းတင်ခဲ့ကြသည်။

မျိုးမြင့်လေး၊ ချစ်စံပယ် စသည့် အဆိုတော်များ ရောက်ရှိ မှတ်တမ်းတင်သွားသည်ကိုလည်း တွေ့ရသည်။

ထူးခြားသည်မှာ စာရေးဆရာ မဟုတ်သူများက စာအများကြီး ရေး၍ စာရေးဆရာများက စာနည်းနည်းသာ ရေးကြသည်ကို သတိထားမိခြင်းဖြစ်၏။ အချို့ စာရေးဆရာ မဟုတ်သူများမှာ ငါးမျက်နှာ၊ ခြောက်မျက်နှာ အထိ ရေးသွားကြသည်။ နာမည်ကြီး စာရေးဆရာ ဦးသိန်းဖေမြင့်ကတော့ ရောက်ရှိကြောင်း စာတစ်ကြောင်းမျှနှင့် လက်မှတ်ထိုးခဲ့သည်။

မောင်သွေးသစ်၊ ပျဉ်းမနားမောင်နီသင်း စသည့် ကဗျာဆရာများ ရောက်ရှိမှတ်တမ်းတင်သွားကြသော်လည်း အမှတ်တရ ကဗျာလေးများပင် ရေးမသွားခဲ့ကြပါ။ မယ်သီလရှင် ဆရာလေးက ကဗျာ ရေးသွား၏။ ကျောင်းသူကျောင်းသားများနှင့် အခြားလာရောက်သူ များစွာတို့လည်း ကဗျာများစွာရေးသားခဲ့ကြပါသည်။

“ဟော .. ဒီမှာ”

မောင်ငြိမ်းချမ်း ချစ်ခင်လေးစားသော ရုပ်ရှင်အနုပညာရှင် တစ်ယောက်၏ မှတ်တမ်းနှင့် လက်မှတ်ကို တွေ့ရသည်။ ကောလိပ်ဂျင်နေဝင်း ဖြစ်၏။

“ဪ ... သူလည်း ဂူဘားဧည့်ရိပ်သာကို ရောက်ခဲ့သကိုး...”

လွမ်းဆွတ်သတိရစရာ။ သူမ ရှိတော့သော်လည်း သူ ရေးသည့် မှတ်တမ်းလေးက ဂူဘားဧည့်ရိပ်သာမှ ဧည့်မှတ်တမ်းစာအုပ်မှာ ကျန်နေခဲ့ပါသည်။

“သူ ဘာများ ရေးသွားပါလိမ့်”

ကျွန်တော် စိတ်ဝင်စားစွာ ဖတ်ကြည့်လိုက်ပါသည်။

“အလွန်သာယာသော မချမ်းဘောမြို့နှင့် အလွန်ချစ်စရာကောင်းသော လူမျိုးစုရောင်းရင်းများအား မည်သည့်အခါမျှ မမေ့နိုင်ပါ”

ဟူ၍ ဖြစ်သတည်း။

▢  လယ်တွင်းသားစောချစ်
📖 Eternal Light မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၅

No comments:

Post a Comment