❝ လူကြမ်း ❞
( သက်ဦးမောင် )
လူလောက လူမှုပတ်ဝန်းကျင်ထဲမှာ ယေဘုယျ အပေါ်ယံ သဘောမျိုးနဲ့ ပြောမယ်ဆိုရင် အရူးရယ်လို့ နှစ်မျိုးနှစ်စား ပဲရှိလိမ့်မယ်။ တစ်မျိုးက တစ်ကယ်ကို စိတ်ဂယောက်ဂယက် ဖြစ်ပြီး မူမှန်တဲ့ ဦးနှောက် မရှိတော့တဲ့ စိတ်ရောဂါ ဝေဒနာရှင် အရူး။
နောက်တစ်မျိုးကအမူ အကျင့်၊ ဒါမှမဟုတ် ဆန္ဒ မျှော်လင့်ချက်တစ် ခုမှာ သာမန်ထက် ပိုမိုလွန်ကျူးနေလို့ ပတ်ဝန်းကျင်က ခေါ်ဝေါ်သမုတ်တဲ့ အရူး။ ဘယ်လိုဟာမျိုးလဲဆိုရင် စာရူးပေရူး၊ ဘဝင်ရူး၊ ဥစ္စာရူး၊ ဇာတ်ရူး၊ မယားတရူး စသည်ဖြင့်ပေါ့။ လူ ဆိုတာကလည်း တစ်မျိုး မဟုတ် တစ်မျိုးတော့ ရူးနေကြတဲ့သူတွေဘဲလေ။ မြတ်စွာဘုရား ဟောခဲ့တာပါ။
ပိုက်မောင် ကတော့ ဇာတ်မင်းသားရူး။ ဒီထက် အားမနာတမ်း ပြောရမယ် ဆိုရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပရိသတ်ရဲ့ အချစ်တော် မင်းသားတစ်လက် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ဘယ်တော့မှ မလျှော့ခဲ့သလို တစ်သက်လုံးလည်း ဘယ်အချိန်မှ မင်းသား မဖြစ်ခဲ့တဲ့ လူ တစ်ယောက်လို့ပဲ ဆိုကြပါစို့။
••••• ••••• •••••
ပိုက်မောင်ဟာ ဇာတ်သမားတစ်ယောက် ဆိုပေမဲ့ ဇာတ်သမားမျိုးရိုးတော့ မဟုတ်ဘူး ။ ထန်းသမား မိဘက မွေးဖွားပြီး သမရိုးကျ အတိုင်းဆို ထန်းတက် ၊ မြူအိုးကောက် ဘဝနဲ့ ပြီးရမယ့် သူမျိုး ။ ဒါပေမဲ့ တစ်မိပေါက် တစ်ယောက်ထွန်း ပါလာတဲ့ ဝါသနာပိုးကြောင့် ဘဝတစ်ခုလုံး အဆက်အစပ်မရှိ ပြောင်းလဲသွားခဲ့ရတာလေ ။
ပိုက်မောင်မှာ ဇာတ်နဲ့ ပတ်သက်တဲ့ ဝါသနာတင် မဟုတ်ဘူး ။ ပါရမီ ပါ ပါတာ။ ထန်းပင်ပေါ်မှာ ထန်းနို့လှီးရင်းနဲ့ ဗုဒ္ဓဝင်ဖွားတော်မူခန်းတို့ ၊ ချင်းဖဝေးတို့ကို ဆိုနေပြောနေတာများ သွားနားထောင်ကြည့်လိုက်၊ ကက်ဆက်တိပ်ခွေထဲက သံနေသံထားအတိုင်း ‘ အဟမ်း ’ ဆိုတာတောင် ကျန်စေရဘူး ။ အဲဒါ မင်းသား တစ်နေရာတည်းတင် မဟုတ်ဘူးနော် ။ ဇာတ်ဆောင် အကုန်လုံးရဲ့ စာတွေကို သူ့နေရာနဲ့ သူ ၊ သူ့သံနေသံထားအတိုင်း နေရာစေ့ ရွတ်တာ ၊ ဆိုတာ ၊ ပြောတာ ။
သူ ဇာတ်ထုပ် ခင်းတာကို နားထောင်ချင်တာနဲ့ ထန်းတောကို လာရင်း ထန်းရည်စွဲသွားတဲ့ သူတောင် ရှိတယ် ဆိုပဲ။
သူ့ဘာသာသူ နေရင်းတော့ ဇာတ်သမား ဖြစ်ချင်မှ ဖြစ်မှာပေါ့လေ ။ ထန်းပင်ပေါ်မှာ သူ့ရဲ့ ဇာတ်ထုပ်တွေကို နားထောင်ရတဲ့ သူတွေက
“ ပိုက်မောင်ရာ ၊ ဒီနေ့ လုပ်စားနေတဲ့ မင်းသားတွေထဲမှာတောင် မင်းလို အဆို ၊ အငို ၊ အပြောမျိုး ရှားပါတယ်ကွာ ” .. ဆိုတာမျိုး။
“ ဒီလိုအသံမျိုး တောထဲ ရောက်နေတာ နှမြောလှချည်ရဲ့ ” ဆိုတာမျိုး ။
“ မင်းကိုသာ စင်ပေါ် တင်လိုက်ရင် ပရိတ်သတ်တွေ ငေါင်စင်းသွား မှာပဲ ” ဆိုတဲ့ အပြောမျိုးတွေ ကြားရဖန် များလာတော့ ပိုက်မောင်ရဲ့ မင်းသားရူး ရောဂါက ရင့်သထက် ရင့်လာတော့တာပေါ့ ။
ရွက်ကျပင်ပေါက်လို လျှောက်သွားနေတဲ့ ဇာတ်သမား မစစ်တစစ် တစ်ယောက် သူ့ထန်းတောကို မျက်စိလည်ပြီးလည်း ရောက်လာရော ရင့်မှ ည့်နေတဲ့ အနာ အလိုလို ပေါက်ကျပြီး ပိုက်မောင်တစ်ယောက် အဲဒီ ဇာတ်သမားနောက် ကောက်ကနဲ ပါသွားတော့တာပဲ ။ အဲဒါ ပိုက်မောင် ဇာတ်သမား ဖြစ်သွားတဲ့ သမိုင်းကြောင်း အတိုကောက်ပဲ ။
••••• ••••• •••••
ပိုက်မောင် ဇာတ်ထဲကို စရောက်တော့ အစိမ်းသက်သက်ကြီး မဟုတ်လား ။ အစိမ်းသက်သက် ဆိုကတည်းက ဝင်ဝင်ချင်း ရမယ့်ရာထူးကို ဗေဒင် မေးကြည့်စရာ မလိုအောင် သေချာပြီးသား ။ ဘာဖြစ်ရမှာလဲ။ ကားဆွဲပေါ့ ။ ဒါပေမဲ့ ပိုက်မောင်မှာ ဇွဲရှိတယ် ၊ ဝီရိယ ရှိတယ် ။ ရည်ရွယ်ချက်လည်း ရှိတယ် ။ ဉာဏ်ကောင်းတော့ အတွေးအခေါ်လေး အသင့်အတင့် ရှိတယ်။
ဒီတော့ သူ ဖြစ်ချင်တဲ့ မင်းသားဘဝကို ချက်ချင်းတော့ မရနိုင်ဘူး ။ ခေါင်းဝင်ကိုယ်ဆံ့ တဖြည်းဖြည်းချင်း ကြိုးစားယူရမယ်ဆိုတာ သိထားတယ်လေ ။ အရည်အချင်းကို ကြိုးစားဖြည့်တင်း နေရမှာ ကိုယ့်အလုပ် ။ ကိုယ့်နေရာ မြင့်ခြင်း ၊ မမြင့်ခြင်းက သူ့အလုပ်လို့ သဘောထားလိုက်တယ်။ ဒီတော့ ကားဆွဲဘဝမှာ ပျော်ပျော်ပဲပေါ့ ။
ကားဆွဲသာ လုပ်နေတာ ၊ အလိုက်သင့် ပေါ့တီးပေါ့လျှပ် နေတာတော့ မဟုတ်ဘူး ။ ဇာတ်ပညာနဲ့ ပတ်သက်လို့ ဖတ် ၊ မှတ် ၊ သင် ၊ ကျက် အမြဲတမ်း လုပ်နေတာ ။ အချိန်ရှိသ၍ ဝမ်းစာပြည့်ဝအောင် အမြဲ ကြိုးစားနေတာ ။
( ၃ ) နှစ်လောက် ကြာတော့ ကားဆွဲရင်းကနေ ပြဇာတ်ထဲ ၊ နောက်ပိုင်း ဇာတ်ထုပ်ထဲ တစ်ခန်းထွက် ၊ နှစ်ခန်းထွက်နဲ့ ပိုက်မောင်ရဲ့ အနုပညာဇ ကို ဇာတ်သမားချင်း သတိပြုမိလာကြတယ်လေ ။ လိုအပ်သလို သုံးရင်ဖြစ်တယ် ဆိုတာကိုပေါ့ ။ သုံးဖို့ ကိုလည်း နေရာတွေ ပေးလာတော့တာ ပဲ။ ဘယ်နေရာက ထွက်ခိုင်းလိုက် ၊ ထွက်ခိုင်းလိုက် ၊ ခိုင်းတဲ့သူ အားရကျေနပ်သွားအောင် ပိုက်မောင် က လုပ်ပြနိုင်တာ ချည်းပဲ ။
ခက်နေတာက သူတို့ ပေးတဲ့ နေရာတွေထဲမှာ မင်းသား နေရာတော့ ဘယ်တော့မှ မပါဘူး ။ အဲဒီလို ပြောလို့ ခိုင်းတဲ့ သူတွေကိုလည်း အပြစ်တင် မစောနဲ့ဦး ။ ပိုက်မောင်ရဲ့ ရုပ်ရည်ကိုလည်း သိထားဦးမှ လေ ။ ပါရမီ ၊ အရည်အချင်းဘက်မှာ ထူးထူးခြားခြား ကောင်းလွန်းပေမဲ့ ရုပ်ရည်အကျိုးပေးက နည်းလွန်းလှတာကိုး ။
နည်းတာမှ ရိုးရိုး နည်းတာ မဟုတ်ဘူး ။ မင်းသားဝတ်နဲ့ ဘယ်လိုမှ မအပ်စပ်လောက်အောင်ကို နည်းတာ ။ ခေတ်ကို ကလည်း သရဲလေးအောင်စိန်တို့ ခေတ်လို အဆိုကောင်းရုံနဲ့ နာမည်ကြီးနိုင်တဲ့ ပညာခေတ် မှ မဟုတ်တော့တာ ။ အဲဒီခေတ်လို ဆိုရင်လည်း ဘီလူးပိုက်မောင် ဆိုပြီး နာမည်ကြီးနိုင်သေးရဲ့ ။ ခုတော့ ဇာတ်ပညာ တတ်တတ် ၊ မတတ်တတ် ဖူးနေ ၊ ရွနေမှ ဆိုတဲ့ ခေတ်ကြီးကိုး ။ ဒီတော့ ဘာဖြစ်လဲ ၊ မလွဲနိုင်တဲ့ လမ်းကြောင်းအတိုင်း လျှောက်ရတာကတော့ သူ့ရုပ်နဲ့ အလိုက်ဖက်ဆုံး လူကြမ်း ဆိုတဲ့ လမ်းကြောင်းပဲပေါ့ ။ လူကြမ်း ဆိုတဲ့ နေရာကလည်း ဂုဏ်ငယ်လှတဲ့ နေရာ တစ်ခုတော့ မဟုတ်ပေဘူး ။ ဇာတ်တစ်ဇာတ်ရဲ့ အား ( ၆ ) ခု မှာ လူကြမ်းကောင်းခြင်း ဆိုတဲ့ အချက် တစ်ခုကပါနေတာကိုး ။ ဒီ တော့ အဓိကကျတဲ့ မဏ္ဍိုင်နေရာ တစ်ခုဆိုလည်း မမှားဘူး ။
နဂိုက လေ့လာထားတဲ့ ပညာတွေရယ် ၊ ဇာတ်လောကရဲ့ အဆင့်တွေကို ရသလောက် တက်ပြီး နေရာယူမယ် ဆိုတဲ့ သန္နိဋ္ဌာန်ရယ် ၊ နဂို ပါရမီခံရယ် ပေါင်းလိုက်ရင်တော့ ပိုက်မောင်ဟာ နာမည်ရတဲ့ လူကြမ်းကောင်း တစ်ယောက် ဖြစ်လာရော ဆိုကြပါစို့ ။
ပိုက်မောင်ရဲ့ အကျိုးပေးကလည်း လူကြမ်းလုပ်ဖို့ မွေးလာသလားတောင် အောက်မေ့ရတယ် ။ ရုပ်ရည်နဲ့ ဇာတ်ရုပ်က ဘယ်လောက်လိုက်ဖက်သလဲ ဆိုရင် သူ ထွက်လာလိုက်တာနဲ့ စကား တစ်လုံးမှ မပြောရသေးဘူး ။ ရှေ့ဆုံးတန်းက ရွစိရွစိ လုပ်နေတဲ့ ကလေးတွေတောင် တိကနဲ ငြိမ်သွားတဲ့ အထိပဲ။ ဒီတော့ အောင်မြင်ပြီပေါ့ ။
နာမည်လေး ထွက်လာပြီဆိုတော့ ဇာတ်ဆရာတွေက ပိုက်မောင် နာမည်ကို ကြော်ငြာထဲ ထည့်သုံးချင်လာတယ်လေ ။ ဒီဇိုင်းဆရာက လူကြမ်း နာမည်ရှေ့မှာ ဓါးဘုရင် ကျော်ထိုက် တို့ ၊ အမုန်းတော်ခံ ဂါမဏိ တို့ ၊ ပါပ အောင်ထိုက်တို့ စသည်ဖြင့် ဘွဲ့တွေကို မြင်ဖူးထားတော့ လူကြမ်းပိုက်မောင် ဆိုတာကို တစ်မျိုး ဖြစ်နေတယ် ။ ဒါကြောင့် ဇာတ်ဆရာနဲ့ တိုင်ပင်ပြီး ပါးစပ်ထဲ တွေ့တဲ့ ဧရာဝတီဆိုတာ ကောက်ထည့်လိုက်တော့ လူကြမ်းဧရာဝတီ ပိုက်မောင် ဖြစ်သွားတော့တာပါ။
အဆက်အစပ်ကတော့ မမေးနဲ့ ။ ဘယ်နေရာ၊ ဘယ်အကြောင်းနဲ့ မှ မနီးစပ်ဘူး။ သူ့ဇာတိ ရွာကလည်း ဧရာဝတီ မပြောနဲ့ ၊ သောက်ရေတောင် ကောင်းကောင်း မရှိတဲ့ အညာကျပ်တီးကုန်း ရွာကလေး ။ အိမ်ဝိုင်းတစ်ဝိုင်းစာ သာသာလောက် ကျယ်တဲ့ မိုးရေ အောင်းကန်ထဲက လက်ဖက်ရည်ရောင် ရေကို ကျောက်ချဉ်စိမ်ပြီး သောက်ရလောက်အောင် ရေရှားတာ ။ ကြံကြံဖန်ဖန် မဆိုင်ဆိုင်အောင် ပြောရမယ် ဆိုရင်တော့ မော်တော်နဲ့ ဇာတ်ပွဲကူးတုန်း ဧရာဝတီကမ်းနားမှာ ရေနစ်ဖူးတာ တစ်ခုပဲ ပြောစရာရှိတယ် ။ ဒါပေမဲ့ ဧရာဝတီပိုက်မောင် ဆိုတဲ့ နာမည်လေးကို သူကတော့ အမြတ်တနိုးပါပဲ ။
သူ ဖြစ်ချင်နေတဲ့ မင်းသား မဖြစ်သေးပေမယ့် ရထားတဲ့ လူကြမ်း နေရာကိုလည်း လျှော့ပစ်လို့ မဖြစ်ဘူးလေ ။ ရွာက တက်လာလာချင်း ကားဆွဲ ဆိုတဲ့ အဆင့်နဲ့ စာရင် အများကြီး မြင့်နေပြီ မဟုတ်လား ။ ဒီတော့ လက်ရှိ ရထားတဲ့ နေရာမှာ နာမည်ရဖို့ ကြိုးစားရတော့တာပေါ့ ။ စိတ်ကတော့ မလျှော့သေးဘူး ။ အခွင့်အရေး ပေးတဲ့ တစ်နေ့မှာ မင်းသား ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ အာရုံကတော့ တစ်စက္ကန့်မှကို မပြတ်စေရဘူး။ ဒီအတွက်လည်း ပိုက်မောင်ကို အပြစ်တင်လို့ တော့ မရပါဘူး ။ ဘယ်သူမဆို ဇာတ်ရူးရူးပြီဆို မင်းသားရူး ၊ ဆိုင်းဆရာရူး ၊ တီးဝိုင်းဆရာရူး လို့ပဲ ရှိတာ။ လူကြမ်းရူးရယ်လို့မှ မရှိဘဲနဲ့ ။
လူကြမ်း ဧရာဝတီပိုက်မောင် ဘဝလည်း ရောက်ရော နာမည်က ဝုန်းကနဲ ထိုးထွက်လာတော့တာပဲ။ ပါရမီခံနဲ့ ဝီရိယအားက အတော် ကောင်းခဲ့တာကိုး ။ သူရဲ့ အမူအရာတွေကို ဇာတ်သမားချင်းတောင် ထွက်ကြည့်ရတဲ့ အထိပဲ ။ ဇာတ်လောကမှာ ပရိတ်သတ် လက်ခံနှစ်ခြိုက်ဖို့ ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ ။ အဲဒီထက် ခက်တာကတော့ ဇာတ်သမားချင်း ကြိုက်နှစ်သက်ဖို့ပဲ ။ သာမန် အဆို ၊ အငို ၊ အပြော ၊ အက ၊ သရုပ်ဆောင်ရုံတော့ ဘယ်ကြိုက်နိုင်ပါ့မလဲ ။ ရှားရှားပါးပါး ခဲခဲယဉ်းယဉ်း မြင်တွေ့ ရခဲတာတွေကို လုပ်ပြမှ ကြိုက်တော့မပေါ့ ။ ဧရာဝတီပိုက်မောင်ကတော့ အဲဒီလို ဇာတ်အနုပညာရှင်မျိုး စွမ်းစွမ်းပေါက်ပေါက် ဖြစ်ခဲ့တယ်လေ ။
ပြဇာတ် တစ်ခုထဲမှာ ဆိုရင် အိမ်ထောင်သည် မိန်းမတစ်ယောက်ကို ကြိုက်ပြီး လင်ကိုသ,တ်၊ မယားကို အဓမ္မ ပေါင်းသင်းတဲ့ လူကြမ်းနေရာက သရုပ်ဆောင်ရတယ်။ သူ သိမ်းပိုက်လိုက်တဲ့ မိန်းမမှာ သမီးတစ်ယောက်ရှိတယ်။ အဲဒီ မိသားစုဟာ သူ့ရဲ့ ယုတ်မာမှုကြောင့် တစ်နေရာစီ ရောက်ပြီး တစ်ကွဲ တစ်ပြားပေါ့ ။ နှစ်တွေ ကြာပြီး အရွယ်တွေ ရောက်လာတော့ ပြန်တွေ့ကြရော ။ တစ်ယောက်ကို တစ်ယောက်တော့ မမှတ်မိကြဘူး။ မအေကို အဓမ္မ သိမ်းပိုက်ထားတဲ့ တဏှာရူးကြီး အဖြစ် သရုပ်ဆောင်ရတဲ့ ပိုက်မောင်က အဲဒီသမီးလေးကိုကျ လိုချင်ပြန်ရောလေ ။ ဒီတော့ တပည့်တွေကို ဖမ်းခိုင်းပြီး ချုပ်နှောင်ထားလိုက်တယ် ။
သူ့ရဲ့ ယုတ်မာမှုအောက်မှာ ကစဉ့်ကလျား ဖြစ်နေတဲ့ မိသားစုကို ပရိတ်သတ်က သနားလေ ၊ ပိုက်မောင်က ရွံစရာ ကောင်းလေပဲပေါ့ ။ ဖမ်းချုပ်ထားတဲ့ မယားပါသမီးကို စည်းရုံးကျင့်ကြံတော့မယ့် အခန်းမှာ ဆိုရင်
“ မိန်းမရတော့မယ် .. ။ မိန်းမရတော့မယ် ”
ဆိုတာကို သီချင်းလိုလုပ်ဆိုပြီး ပျော်ရွှင်အူမြူးနေတဲ့ မျက်နှာနဲ့ ထွက်လာပုံများ ပရိတ်သတ်က ဥပဒေ ရှိနေလို့ သာရယ် ၊ နို့မို့ဆို တစ်ခင်းလုံး စင်ပေါ်တက် ရိုက်တော့မလောက်ကို ရွံစရာကောင်းတာ ကလား။ မင်းသမီးနဲ့ လည်း တွေ့ရော သမီးအရွယ်လောက်ကလေးကို ပြီတီတီ လုပ်ပြီး တမင် လုပ်ထားတဲ့ အသံချွဲချွဲကြီးနဲ့
“ မောင့်ရဲ့ နှလုံးသားက မူယာလေးကို တွေ့လိုက်ရတော့မှပဲ အချစ်စစ် ဆိုတာကို နားလည်သွားခဲ့တာပါကွယ် ” လို့ ပြောလိုက်ရင်ပဲ ကြည့်နေတဲ့ ပရိတ်သတ်က အူယားလွန်းလို့
“ အောင်မယ်လေးလေး .. သေနာကျကြီး ” ဆိုပြီး အံကို ကြိတ် ၊ ဘေးက လူကို ယောင် ထုမိသူတွေတောင် ရှိရဲ့ ။ ပရိတ်သတ် ရွံအောင် ၊ မုန်းအောင် လုပ်တဲ့ နေရာမှာတော့ ဧရာဝတီ ပိုက်မောင်ကို မီတဲ့ လူကြမ်း အတော်ကို ရှားလိမ့်မယ်။
အတိုချုံး ပြောရရင် ဇာတ်လောကမှာ
“ လူကြမ်းဆိုရင် ဧရာဝတီပိုက်မောင် လိုမှ လူကြမ်းစစ်တာ ” ဆိုတဲ့ နာမည် လျှမ်းလျှမ်းတောက် ထွက်လာခဲ့တယ် ဆိုကြပါစို့ ။
လူကြမ်းဘက်မှာ ဘယ်လောက်ပဲ နာမည် ထွက်ထွက် ၊ အခွင့်အရေးရရင် မင်းသား တက်လုပ်မယ် ဆိုတဲ့ ပိုက်မောင် မျှော်လင့်ချက်ကတော့ တစ်ပြားသားမှ မပွန်းသေးပါဘူး ။ ဒါပေမဲ့ မျှော်လင့်ချက်က မျှော်လင့်ချက်ပဲ ။ လုပ်နေရတာကျတော့ ဆန့်ကျင်ဖက်လေ ။ မင်းသားဆိုတာ ပရိတ်သတ်ချစ်မှ အောင်မြင်တာကိုး ။ ဒီတော့ ပရိတ်သတ်ချစ်အောင် ဘယ်လိုလုပ်မလဲလို့ အမြဲစဉ်းစား နေရတဲ့ အမျိုး ။ ပိုက်မောင် လက်ရှိ လုပ်နေရတာက ပရိတ်သတ် မုန်းမှ နာမည်ရတဲ့ အလုပ် ။ ဒီတော့ လက်ရှိ အလုပ်ကို အောင်မြင်ချင်ရင် ပရိတ်သတ် မုန်းအောင်၊ ရွံအောင် ၊ ဘယ်လို လုပ်ရမလဲ ဆိုတာပဲ စဉ်းစား တွေးတောနေရတော့တယ် ။
ပိုက်မောင် စဉ်းစားတယ် ။ လက်ရှိ အောင်မြင်မှု ရထားတဲ့ နေရာကို နာမည်ပျက် ခံပြီး နဂို မျှော်လင့်တဲ့ အတိုင်း မင်းသား ဖြစ်အောင် လုပ်မလား။ ဒီလိုမှ မဟုတ်ရင် လက်ရှိ နေတဲ့ လူကြမ်း နာမည်ကိုပဲ ခိုင်မာသထက် ခိုင်မာအောင် ကြိုးစားမလား ။ မသေချာတဲ့ မင်းသား နေရာကို လက်ရှိ အောင်မြင်နေတဲ့ နေရာနဲ့တော့ မလဲနိုင်ဘူး ဆိုတဲ့ အဖြေထွက်လာတယ် ။ ဒါကြောင့် နာမည် ကြီးသထက် ကြီးတဲ့ လူကြမ်း ဖြစ်အောင်ပဲ လုပ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့တယ် ။ ဇာတ်လောကမှာလ ည်း ပိုက်မောင်ကို လူကြမ်းတစ်ယောက် အဖြစ် တရားသေ သတ်မှတ်လိုက်ပြီ ဆိုတော့ မင်းသားဖြစ်ဖို့ ဝေးသွားပြီ ဆိုတာလည်း သူ့ကိုယ်သူ သိနေပြီကိုး ။
ဇာတ်ကရမယ့် နေရာကို ဇာတ်ကားရောက်ပြီ ဆိုတာနဲ့ ပရိတ်သတ်က ဝိုင်းအုံကြည့်ကြလေ့ရှိတာ ထုံးစံပဲ ။ ဘာဇာတ်လမ်း ဇာတ်ကွက်မှ ကြည့်ရသေးတာ မဟုတ်ဘူး ။ “ အဲဒီ လူကြီးက ဧရာဝတီပိုက်မောင်ပေါ့ ” လို့ ဆိုတာနဲ့ တပြိုင်နက် နှာခေါင်းရှုံ့ပြီး မျက်နှာ လွှဲသွားကြတော့တာ ။ ကြည့်ဖူးသေးတာ မဟုတ်ပေမယ့် တစ်ဆင့် စကားနဲ့ ကြားဖူးပြီး အမုန်းကြီး မုန်းနေကြတာကိုး ။
ဘယ်သူမဆို ကိုယ့်ကို မုန်းတယ် ၊ ရွံတယ် ဆိုတာ ဘယ်လိုချင်ပါ့မလဲ ။ ဒါပေမဲ့ ပိုက်မောင် ဘဝက နောက်ဆုတ်လို့ မရတော့ဘူးလေ ။ နောက်ဆုတ်မရမယ့် အတူတူကတော့ လက်ရှိ နေရာလေးမှာ နာမည်ရဖို့ အတွက် ချဉ်သထက်ချဉ် ၊ မုန်းသထက်မုန်းအောင် ဇွတ်တိုးပြီး ကြိုးစားရုံပဲ ရှိတော့တာပေါ့ ။
ပိုက်မောင်လည်း ဇာတ်လောကရဲ့ ပြိုင်ဖက် မရှိ အထင်ကရ လူကြမ်းကြီး ဧရာဝတီပိုက်မောင် ဆိုတဲ့ နာမည်ကို ရယူပိုင်ဆိုင်ရင်း အခု ဆိုရင် ဘပိုက်မောင် ဆိုတဲ့ အရွယ်ကို ရောက်လာခဲ့ပါပြီ ။ လူ့သက်တမ်း အရ တွက်ရင် နေရမယ့် အသက်အရွယ် သိပ်မကျန်တော့ပါဘူး ။ သူ သိပ်မျှော်လင့်ခဲ့တဲ့ မင်းသား ဆိုတာလည်း ဒီဘဝအတွက်တော့ ပြီးပြီပေါ့ ။ အိပ်မက်ထဲ ဝင်မမက်တာတောင် အတော်ကြာပေါ့ပဲဟာ ။ ပရိတ်သတ်က မချစ်ပေမယ့် ဇာတ်သမားချင်းတော့ ဖိန့်ဖိန့်တုန်အောင် လေးစားကြောက်ရွံ့ရတဲ့ ပညာရှင် လူကြမ်း တစ်ယောက်တော့ မိုးကြိုးပစ်စေ့ ဖြစ်ခဲ့ပါရဲ့ ။
ပရိတ်သတ်တွေ ဘယ်လောက်မုန်းမုန်း အခြွေအရံ တပည့်တပန်း တွေက ပေါမှ ပေါပဲ ။ ပေါမှာပေါ့ ။ ဧရာဝတီပိုက်မောင်ကြီး တစ်ဖြစ်လဲ ဘပိုက်မောင် ဆီမှာ တန်ဖိုး မဖြတ်နိုင်တဲ့ ပရိတ်သတ် မုန်းနည်း ပညာတွေကို ဆည်းပူးမယ့် နောက်ပေါက် လူငယ်လေးတွေက ရှိနေတာကိုး ။
တနည်းအားဖြင့် ပြောရရင်တော့ ဇာတ်သဘင်လောကမှာ ဒုတိယ ဧရာဝတီပိုက်မောင် ဖြစ်ရမယ်လို့ အားခဲထားကြတဲ့ သူတွေပေါ့ ။ ဘယ်ဇာတ်လမ်းမှာ မဆို မင်းသားကြီးပဲ ပြီးတာမှ မဟုတ်ဘဲ ။ နောက်တက် တပည့်လေးတွေကို ပညာတွေ လက်ဆင့်ကမ်း ပို့ချရင်းက တစ်ဖက်ကလည်း ပရိတ်သတ် ချဉ်ဖတ် ဖြစ်မယ့် နည်းသစ်တွေကိုပဲ စဉ်းစားအကြံထုတ်နေရတော့တာပေါ့ ။ ပရိတ်သတ်ချစ်အောင် စဉ်းစားစရာ မလိုတဲ့ ဘဝနဲ့ သူက သက်တမ်းကုန်ရတော့မှာကိုး ။
အင်း ..... ဘာပဲဖြစ်ဖြစ်ပေါ့လေ ။ မင်းသားရူး ပိုက်မောင်ဟာ ဇာတ်လောကရဲ့ အောင်မြင်မှု တစ်နေရာကို ရောက်ခဲ့တယ် ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ မရနိုင်တဲ့ အချက်ပဲ မဟုတ်လား ။ သူ သေသွားခဲ့ရင်တောင် ဧရာဝတီပိုက်မောင် ဆိုတဲ့ နာမည်ကတော့ ပရိတ်သတ်ရဲ့ ပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ် ကျန်နေခဲ့မှာပါ။ သူ့ရဲ့ ရက်စက်မှုအနုပညာက ပြောလောက်အောင်ကို ပြောင်မြောက်ခဲ့တာကိုး .. နော့်။
▢ သက်ဦးမောင်
📖 ကလျာ မဂ္ဂဇင်း
ဇူလိုင် ၊ ၂၀၁၂
No comments:
Post a Comment