Sunday, September 20, 2026

ဗျို့ .. ကျီး အဲဒါ ဆင်သေကြီး


❝ ဗျို့ .. ကျီး အဲဒါ ဆင်သေကြီး ❞
   ▢ ပန်းရေဂျိုး ( မိုးကုတ် )

ကမ္ဘာ့အမှိုက်ပုံကြီးထဲကို သူကိုယ်တိုင် စိတ်လိုလက်ရ ခုန်ချခဲ့တာပါ။ အမှိုက်ပုံဆိုတော့ အင်္ဂါရပ်တွေနဲ့ညီအောင် ညှိစို့စို့ အနံ့အသက်၊ ပုပ်အဲ့အဲ့ မြင်ကွင်းစုံအပါအဝင် ပွင့်လင်းပျော်တစ်သိုက်လည်း အသင်းအဖော်အဖြစ် ဝန်းရံပေးရတာက သဘာဝကျလွန်းနေပြန်ရော။ အမှိုက်ပုံကြီးဟာ နဂို ပကတိအတိုင်း ငြိမ်သက်နေမယ်ဆို ပုံမှန်လို ရှိပေမဲ့ ဖွလိုက်တာနဲ့ တစ်ပြိုင်နက် အနံ့အသက် ပေါင်းစုံက ထောင်းထောင်းထ ပွက်ပွက် ဆူကုန်ကြတော့တာကိုး။ ပညတ်တွေ မြိန်ရေရှက်ရေနဲ့ အမှိုက်ပုံကြီးပေါ်မှာ ပျော်ပါးမြူးထူးနေကြတဲ့ သတ္တဝါတိုင်းဟာ ဝမ်းစာ ကိုယ်ခံအားချင်း၊ ရင်ဘတ်ဓာတ်ခံချင်း ဘယ်လိုမှ တန်းညှိလို့ မရနိုင်တဲ့ ပရမတ်ကို သူ ရိပ်မိထားပြီးသားပဲလေ။

ဒါနဲ့များတောင် ‘အမှိုက်ထဲက ရွှေတစ်စ’ မက်လုံးတမ်းချင်းအတွက် မျှော်လင့်ချက်ကို ဖုန်ခါသုတ်ရင်း မိုးခါးရေ ချိုမြခဲ့ရတာကို အလိုတူ အလိုပါ လိပ်ပြာသန့်ပါတယ်လို့ ဆင်ခြေမြစ်ကြီး စီးဆင်းနေလေသေးရဲ့။

••••• ••••• •••••

ကာလနွမ်းအို ရင်ခွင်ထဲက တောင်ပံစုံဖြန့်ပြေးသွားတဲ့ ငှက်ခါးလေးတွေကို အလွမ်း ပိုသလို ရှိပေမဲ့ ရွှေလက်နဲ့ခေါ် လို့တောင် ပြန်လာဦးမလားရယ်လို့ သံသယနဲ့ ဖြေသိမ့်ရတာပေါ့။ ဆောင့်ကြောင့်ထိုင်နေတဲ့ စာတိုက်ပုံးလေးရဲ့ ကြေကွဲရောင်ဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နှုတ်ခမ်းနီ ဆိုး ထားတာ မဟုတ်မှန်းသိပေမဲ့ ငုတ်တုတ်မေ့ အထီးကျန်နေရရှာတဲ့အဖြစ်ကို ကိုယ်ချင်းစာမိသား။

“ကိုကြံဒိုင်း၊ တော် ဒီလိုပဲ ထိုင်ပွတ်နေတော့မှာလား၊ ဟိုဘက်ဖိုက မီးမလိုက်ဘူး ထင်တယ်။ မီးခိုးရပ်နေပြီ၊ သွားကြည့်လိုက်ဦး”

"လျှာမရှည်စမ်းပါနဲ့ ဟာ၊ ငါ့အလုပ် ငါသိပါတယ်။ ပွတ်ချင်လို့ပွတ်တာ မဟုတ်ဘူး နားလည်လား။ နိုင်ငံသားအခွန်ဆောင်နေတာကွ”

ပါးစပ်ကသာ ပြောနေပေမဲ့ လူကတော့ ဖုန်းပိတ်ပြီး ထလုပ်ရတာပါပဲ။ ဒါပေါ့လေ၊ မိန်းမကြောက်ရတယ် ဆိုတာလည်း ပါရမီ ရင့်သန်မှ ဖြစ်တဲ့ဟာကို။ ပြောရရင် အေးမှီတို့ အမြုံက ရွာမှာတော့ အရှိန်အဟုန်ကြီးတယ်။ သူလိုကောင်နဲ့ အကြောင်းပါပြီ ဆိုတော့ အေးမှီတို့ ဘက်က ချိုတယ်လည်းမပြောဘူး၊ ခါးတယ်လည်း မဆိုဘူး။

သားသမီး သုံးယောက် မြောက်တဲ့အထိ သက္ကရာဇ်တွေ ပြိုဆင်းသွားခဲ့ အပြီးမှာ ကမ္ဘာကြီးရဲ့ အရွေ့တွေနဲ့အတူ ဒီမြို့လေးကို ပြောင်းရွှေ့စီးမျောဖို့ ဖန်တီးလာတော့တာပါပဲ။

အေးရိပ်အာဝါသ လွှမ်းခြုံပေးနိုင်တဲ့ အေးမှီတို့ အဖေ တိမ်းပါး ပြိုလဲရာက စပြီး ကောက်စိုက်ပျိုးနုတ် အလုပ် သမား ရှားပါးလာတာ အလယ်၊ ရေကြီးရေလျှံ ရာသီဥတုဒဏ်တွေက အဆုံး ကုန်းနေအောင် ခံခဲ့ရတာတွေက လယ်မြေကိုတောင်သူတွေ စိတ်ပျက်စေတဲ့ အကြောင်းရင်းအမှန်တွေပဲလေ။ ဒါတောင် သူတို့နယ်ဘက်မှာ တပ်ပိုင်မြေတွေက တိုင်ပတ် မရှုပ်ထားလို့ တော်သေး။

မြန်မာနိုင်ငံရဲ့ ဆုံးရှုံးနစ်နာမှု အနန္တ ပေါင်းစုံထဲမှာ တောင်သူတွေသာ လယ်ယာ မြေကို စိတ်ကုန်သွားမယ်ဆို ရင်တော့ ဘယ်လို နောင်တမျိုးနဲ့မှ ဆေးမမီတော့ဘူးလို့ သူ့ ဉာဏ်လေး မီသလောက် တုန်လှုပ်နေမိတော့တယ်။ သူတို့တွေ တစ်လျှောက်လုံး အသံကောင်း ဟစ်ဟစ်ပြနေတဲ့ “စက်မှုလယ်ယာ” ဆိုတာကြီးကလည်း ဆေးပြယ်ပြီး ရေညှိ တက်နေတဲ့ လေထဲက တိုက်တစ်လုံးထက် မပိုပါဘူး။

ကမ္ဘာကြီးကို ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားပါ သတဲ့လား။ ကြည့်လိုက်ဦးလေ။ “တစ်ရွာမပြောင်း သူကောင်းမဖြစ်” လို့ မြှောက်ပင့် ဖွင့်ပြီးမှ “သေချင်တဲ့ကျား တောပြောင်း” နဲ့ ခြောက်လှန့်ပိတ်ပစ်တာ မြန်မာစကားပုံရဲ့ ပရိယာယ်ကြွယ်ဝမှုပဲ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ ချက်မြှုပ်ထားတဲ့ ဇာတိမြေလေးကို သူတို့တွေ စွန့်ခွာခဲ့ရတာက အရှိတရားစစ်စစ် ဖြစ်နေမှန်း ငြင်းမရတော့ပါဘူး။

တစ်နှစ်ပတ်လုံး ထိုင်နားမနေရတဲ့ လယ်ယာအလုပ် တွေနဲ့ စာရင်တော့ ဒီမှာ ရုန်းကန်ရတယ် ဆိုတာက သက် သောင့်သက်သာ ရှိဦးမှာပေါ့။ ဒါကလည်း ရပ်ဆွေရွာမျိုး ကိုကြီးရှပ်ရဲ့ ကျေးဇူးတွေနဲ့ မကင်းရပါဘူး။ ဒီဒေသကို အခြေချရာကနေ ဝမ်းမီးစီးကြောင်း မှန်ကန်ဖို့အထိ ကိုကြီးရှပ်ရဲ့ အကြံဉာဏ်တွေ ကြားမှာ အစုန်အဆန် ရှင်သန်လာခဲ့ရတာပါ။

ရပ်တည်ရေး အကြောင်းသုံးပါးထဲမှာ နောက်ဆုံးက တန်းစီနေရပေမဲ့ ‘နေရေး’ ဆိုတာက အဓိက ကျလွန်းနေပြန်တာကိုး။ ရောက်စတုန်းက အိမ်ငှားဘဝနဲ့ လှုပ်ရှားရပေမဲ့ ခုတော့ ကွင်းပိုင်းလေးထဲမှာ သုံးပင် နှစ်ပင် ထရံကာ သွပ်မိုးလေးနဲ့တော့ နွေးထွေးရပါပြီ။ မြို့လေးရဲ့ အနံ့အသက်၊ ရာသီဥတုရဲ့ အပွေ့အဖက်တွေ ကြားမှာလည်း ယဉ်ပါးလို့ ကျင့်သားရစပြုနေပါပြီ။

စာကလေး အမွေးနုတ် ထားတဲ့ ‘လော့ဂျားအစုတ်လေး’ နှစ်စီးကိုလည်း ဝမ်းတစ်ထွာ ဇာတ်ဝင်ခန်းပစ္စည်း အဖြစ် ပိုင်ဆိုင်ခွင့်ရခဲ့တာမို့ တရားအားမထုတ်နိုင်သေးပေမဲ့ တရုတ်အားထား နေရတာကို ပီတိ ဖြစ်သလိုတော့ အရှိသားပ။ သူ့ဆိုင်ကယ်မို့ စီးသွားပြီဆိုရင် ဂျက်လေယာဉ်ကြီး ဖြတ်ပျံသွားတာကျနေတာပဲ။ မြို့အနှံ့ ရွာအဆုံး အိတ်ဇောသံ ဗုန်းဗုန်း ညံကရော။

“အမှန်တော့ မီးသွေးဖုတ်၊ ထင်းခုတ်တဲ့လူတွေလည်း ကမ္ဘာဖျက်သူစာရင်းထဲမှာ ပါတာပဲကွ။ တိုင်းပြည်က ဆင်းရဲတော့ ဘာမှ မတတ် နိုင်ဘူး”

ကိုကြီးရှပ် အနေနဲ့ကတော့ မြကျွန်းသာ ပျော်မောဖွယ်ကာလတွေကတည်းက မြို့တက္ကသိုလ်မှာ ဘွဲ့ယူခဲ့သူ ဆိုတော့ ဟုတ်မှာပေါ့။ သူ့လို ဘီနဲ့ အီးနဲ့ မကွဲဘဲ သုံးတန်း တောင် ဖြောင့်ဖြောင့်မအောင်တဲ့လူက ဘာနားလည်နိုင်မတဲ့တုံး။ ဖိုကထွက်သမျှ မီးသွေး ကိုကြီးရှပ်ရဲ့ ကုန်စုံဆိုင်ကို ပို့၊ အသုံးလိုရင် ငွေထုတ် ချေးယူထား။ ကြားပေါက် ဖောက်သည်တွေဆီကို ရောင်း။ ဒါလောက်ပါပဲ။

“အခမဲ့ ပညာရေး” လို့ ဘယ်လောက်ပဲ ကုန်းအော် အော် ကျောင်းသားစရိတ်က တော့ ညက်ညက်ကြေအောင် ထောင်းပြီးသားပဲ။ အနည်းဆုံး တစ်ယောက်တည်းပဲ ရှိဦး မူကြိုက စ၊ ကေဂျီ အလယ်၊ တက္ကသိုလ်ဝင်တန်း အဆုံး သူတို့အလုပ်တွေနဲ့ပဲ တစ်နေ ဝင်သွားရတော့တာ။ ကြိုရ ဟယ်၊ ပို့ရဟယ်နဲ့ လွန်းထိုး မောင်းနှင်ရင်း ဥတုသုံးပါး တွေ လုံးပါး ပါးသွားကရော။

သူ့လို တစ်ပြိုင်နက် ကျောင်းသား သုံးယောက် တာဝန်ကြီးဆိုတော့ တွေးသာ ကြည့်လိုက် အရပ်ကတို့ရေ။ ဒီဝတ္တရားတွေကို တောင်စဉ် ခုနစ်ထပ် ကြားမှာ အချိန်ကုန် နေရတဲ့သူအဖို့ မထမ်းဆောင်နိုင်ဘူး။ ပိုက်ဆံသာလျှင် အမိ၊ ပိုက်ဆံသာလျှင် အဖ လုပ်နေရတာ။ အေးမှီ ကပဲ အိမ်ပြန်စောင့်ရင်း ကျောင်းသားသုံးဖော်ကို ကြက်သားအုပ်မကြီးလို ဝပ်နေရတာပေါ့။ ဒီလိုနဲ့ပဲ နှစ်ထမ်းကြာလာတော့ အေးမှီ ကိုယ်တိုင် လည်း တောင့်မခံနိုင်ပြန်ဘူး။ နောက်ထပ် ညီမဝမ်းကွဲ မိဆောင်းလေးကို လှမ်းခေါ် ထားရတော့တာ။ ဟုတ်ရှာပါတယ်လေ။ အေးဝတီလေးကိုလည်း သနားလှပါပြီ။ အဲ ဟုတ်ဘူးနော်။ “အေးဝတီ” ဆိုတာ အေးမှီရဲ့ “အကောင့်နာမည်” ကို ပြောတာ။

••••• ••••• •••••

“အစ်မ အေးမှီ၊ ဒီမှာ ကြည့်လိုက်။ သမီး ဒီပို့စ်လေးကို ရှဲလ်လိုက်တာ။ ညနေဂဏန်း နှစ်ရာဖိုး ပေါက်တယ်တော့်”

“တိုက်ဆိုင်တာပါ မိဆောင်းရယ် ပေါက်တတ်ကရတွေ လျှောက်လုပ်မနေနဲ့” 

“အဟုတ်ကြီးပါဆို”

မိဆောင်းလည်း အကောင့်ဖွင့်ထားပေမဲ့ ပုံအမှန် မတင်ရဲပါဘူး။ ကိုရီးယား မင်းသမီးတွေကိုပဲ ‘ချီကောက်’ ခေါ်သုံးနေတာ။ အစ်မအေးမှီ ယုံတာ မယုံတာ အပထား အချိန်တန်လို့ လိုင်းပေါ်တက် ရရင် ကျေနပ်ပြီ။ ဖုန်းလေးဖွင့် လိုက်တာနဲ့ လက်တွေတုန်၊ ရင်တွေခုန် နေရတဲ့ အရသာကို ဘိန်းစွဲသလို စွဲနေပြီ။ သူကတော့ ဘာတစ်ခွန်းမှ ဝင် မစွက်ဘဲ ကိုကြီးရှပ် ပြောဖူးတဲ့ စကားတွေကို ပြန်ကြား ယောင်နေမိတယ်။

“သုသာန် ဇရပ်မှာ စတည်းချတဲ့ အတန်းအစားကနေ နိုင်ငံတော် သမ္မတတွေ အထိ သုံးနေကြတဲ့ ကာလပေါ် ယန္တရားကြီးပဲကွာ။ တို့တွေ စာတိုက်ပုံးခေတ်ကလည်း ဒီလို လိုင်းကြောင်တွေ ရှိခဲ့တာပါပဲ။ ရွှေပေလွှာ ဆိုပြီး ဤစာ လက်ဝယ် ရရှိသူက ခုနစ်ရက်အတွင်းမှာ ကိုးစောင် ဝေငှပါ။ ဖြန့်ဝေတဲ့ လူဟာ ဘယ်လို ကောင်းကျိုးချမ်းသာရပြီး မယုံလို့ မဝေတဲ့သူကတော့ ဘယ်လိုအနိဋ္ဌာရုံတွေ ကြုံရတယ်လို့ တံဆိပ်ခေါင်းတွေ ကပ်ပြီး ပို့ကြတော့တာပဲ။ ရေကနေ အသွင်ပြောင်းလို့ရရ၊ ထင်းကပဲဖြစ်ဖြစ် မီးဆိုတဲ့အရာ မှန်ရင် မီး ဂုဏ်သတ္တိတော့ အပြည့် ရှိပြီးသားပဲ။ အသုံးချသူရဲ့ ဉာဏ်စဉ် အပါးအထူပေါ် မူတည်ပြီး ကောင်းကျိုးဆိုးပြစ် ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာကြီး တစ်ခုလုံးက လူတွေ အသွင်တူရာချင်း စုဖွဲ့နေတာကြည့်ပြီး ဇူကာဘတ်လည်း ကျေနပ် ဂုဏ်ယူနေမှာပါကွာ”

ကိုကြီးရှပ်ရဲ့ လေ့လာနိုင်စွမ်းတဲ့ သမ္ဘာကိုတော့ သူ အကြွင်းမဲ့ ယုံကြည်ပြီးသား။ အေးမှီနဲ့ သူ့အကောင့် တွေလည်း ကိုကြီးရှပ်ပဲ ဖွင့်ပေးထားတာ။ သူတို့အလိုဖြင့် ဖုန်းဆိုတာ ဘယ်ခလုတ်နှိပ်ရမှန်းတောင် သိတာမဟုတ်ဘူး။ အဲဒီ ကိုကြီးရှပ်ရဲ့ ကျေးဇူးတော်နဲ့ပဲ ဟိုလက်ခံ ဒီအက် လုပ်ရင်း ‘နန်းရင်မွှေး’ နဲ့ ဆုံစည်းဖြစ်ခဲ့ရတာပေါ့။ ဒါလည်း အငွေ့သက်သက်ဆိုတော့ လူစင်စစ်က နတ်ဖြစ်မှန်း မသိဖြစ်လို့ နေရတာပလေ။

အံမယ်၊ အငွေ့သာဆိုတယ် ရင်ဖိုယစ်မူးဖွယ် အရသာကတော့ ကွီးဖြိုးပြောတဲ့ ‘ပရိုတိုကော’ အရဆိုရင် လွှတ်တော်အမတ်ရာထူးနဲ့ကို မလဲနိုင်ဘူး။ ဖိုးတခေတ်ကြီးကို အားကျတဲ့ ချင်ခြင်းတွေက အိပ်မက်ထဲထိတောင် ဆွဲဆောင်အားပြင်းတာ သူအသိဆုံး။ ခွန်တန်ဆီ ပြေးတဲ့ပြီး တပည့်ခံရကောင်းမလားလို့ ကြံစည်နေမိတာလည်း ခဏခဏပဲ။ အဲ မတင်ညွန့်ကြီးတော့ သူကြောက်တယ်။ ဘာလို့ဆို အကယ်ဒမီ ရွေးရင် ငြင်းစရာ မလိုအောင် မတင်ညွန့် သရုပ်ဆောင်သွားပုံက ပြောင်မြောက်ခဲ့တာကိုး။

“စမီး လှလား” လို့ တစ်မေးတည်း လာမေးနေတဲ့ ပို့စ် လေးတွေကလည်း ချွေးသံရွှဲ ရွဲနဲ့ သူ့အဖို့မတော့ ဘရင်း ကြက်ပေါင်းရည်မော့သောက် လိုက်ရသလိုပဲ။

“ပြိုင်ပွဲဝင်ထားလို့ စမီးရဲ့အောက်က မည်းမည်းလေး ကို လက်နဲ့ ဖိပြီး ...”

ဟာ ဟုတ်သေးပါဘူး။ ပွိုင့်က သေးသေး၊ မျက်လုံးက ဝါးဝါး၊ ဆယ်လီမလေး စာ ရိုက်ထားတာက အဲ့သလို မဟုတ်လောက်ပါဘူး။ အိုး သူတွေးတဲ့ အဓိပ္ပာယ်ကလည်း အဲ့သလောက်ထိ မရောက်ဘဲနဲ့များ ဟူး ရင်မောရပါကလား ဟရို့။ ဝန်းရံလို့ မန်းရှင်း ခေါ် ပြီး အလင်းပြပေးလိုက်ပါဦး မအေးသောင်းရေ။

ဆယ့်သုံးနှစ် သမီးလေးနဲ့ မင်္ဂလာဆောင်သတဲ့။ ဆယ့်လေးနှစ် သတို့သားက တစ်ခုလပ် ဆိုလား။ မြေစာပင် ပုခက်လွှဲကုန်ကြပြီလို့ ပင့်သက်ရှိုက်ရင်း အမေအရင်းရဲ့ လည်ပင်းကို ဓားနဲ့လှီးတယ် ကြားသိရတော့ ဘုရားတ,မိ လိုက်ပြန်ရော။ အဆိုးတကာ့ အဆိုးထိပ်ခေါင်ကတော့ ဖအေအရင်းခေါက်ခေါက် ကိုယ်တိုင် သမီးအရင်းကို အဓမ္မကျင့်တဲ့ တိရစ္ဆာန် ဇာတ်လမ်းတွဲတွေပါပဲ။ ဖိုတိုရှော့လား၊ လုပ်ဇာတ်လားလို့ မျက်လုံးတွေ ပြာဝေသွားတဲ့ အထိ ကျောချမ်းမိတော့တယ်။ ဝရဇိန်လက်နက်လည်း မျက်စိလည်နေလောက်ရောပေါ့။ အင်းလေ၊ ဘုရားတ,လို့လည်း ဘုရားမကြွနိုင်တဲ့ ဆုတ်ကပ်ခေတ်ပျက်ကြီးထဲ ချင်းနင်းဝင်ရောက်နေပြီပဲကိုး။

••••• ••••• •••••

မိဆောင်းကို ရွာမှာ ကတည်းက မျက်စိရှေ့တင် ဆော့ကစားရင်း ကြီးပြင်းလာခဲ့တာ သူ မှတ်မိတာပေါ့။ နှပ်တွဲလောင်းနဲ့ မည်းမည်းတုံးတုံးလေး။

အခု အိမ်မှာ ခေါ်ထားတော့ ကောင်မလေးက ကောက်ကြောင်း မျဉ်းကွေး တွေ စိုစိုပြည်ပြည် ဖြစ်လာပြီ။ တောင်ပေါ်မြေပြန့် ကွာခြားလို့လား၊ သွေးသားပြောင်းလဲတာကြောင့်လား သူ မသိဘူး။ သေချာတာကတော့ ဆယ့်လေးနှစ်ထဲ ဝင်လာတာတောင် မိဆောင်းတစ်ယောက် မင်္ဂလာမဆောင်ဖူးသေးဘူး ဆိုတာပဲ။ သူ့အရွယ် ၄၁ နဲ့ ၁၄ တို့ဟာ မဟာမိတ် ကက်ကင်းတော့ မိနေသားပဲလို့ စိတ်ကူးယဉ်ကြည့်ဖူးပေမဲ့ အေးမှီကို လန့်ရလို့ လှုပ်ရဲပါဘူး။

“မိဆောင်း၊ ညည်း အဝတ်တွေ ထုပ်ထား၊ အမေ ပိုးထိလို့တဲ့။ တို့ မနက်ဖြန် ရွာလိုက်သွားမှ ဖြစ်မယ်”

ဘုရား ဘုရား၊ ပြဿနာပဲ။ ကြီးတော် အသက်မီနိုင် ကောင်းပါရဲ့လို့ ပူပန်စိတ်တွေ ကြားက ကွီးနဲ့ အချိန်းအချက် လွဲမှာကိုလည်း မိဆောင်း စိုးထိတ်မိလိုက်တယ်။ အပြင်မှာ လူချင်းဆုံဖို့ နားပူနားဆာလုပ် နိုင်လွန်းတဲ့ ကွီးကို ရင်ခုန်ပြီး တစ်ကြိမ်တစ်ခါလောက် အရဲစွန့်ကြည့်ချင်စိတ်တွေ ပြင်းပြနေပြီကိုး။

“ကိုကြံဒိုင်းရေ၊ ကျုပ်တို့ စရိတ် မလောက်သေးဘူး။ ကိုကြီးရှပ်ဆီက နည်းနည်းသွားဆွဲပေးပါဦး” 

အေးမှီရဲ့ ပရိဒေဝတွေ အတွက် သူလည်း စိတ်မကောင်းပါဘူး။ ကိုယ်ရော စိတ်ပါ ပြာယာခတ်နေတဲ့ အေးမှီကို ကြည့်ရင်း သနားနေမိတယ်။ ဒါပေမဲ့လို့ အေးမှီတို့ သွားနေတုန်း ပိုပြီး လွတ်လွတ်လပ်လပ် ‘ပွတ်’ ရမှာမို့ ကျေနပ်မိတာ အမှန်ပဲ။ နောက်ရက်တွေမှာ မျောက်လောင်းတွေ ထိန်းကျောင်းရင်း အိမ်စောင့်ရမှာမို့ တောက လက်ကျန် မီးသွေးအိတ်တွေ မြို့ထဲ ရွှေ့ယူထားမယ် စိတ်ကူးပြီး ထွက်လာခဲ့တယ်။ ရောက်တော့လည်း အလုပ်ကို တန်းမလုပ်နိုင်သေးပြန်ဘူး။ စိန်နားပန်ချုံအောက် ဝင်နားပြီး လိုင်းဖွင့်ရတာပေါ့။

“ကတွမ်၊ ခေး စိတ်ညစ်တယ် ကွီးရယ်။ ခေးတို့ ဝေးကြရတော့မယ် ထင်တယ်” 

“ကတွမ် ဘာလို့”

“ကတွမ်၊ အိမ်က ယွကျားပေးစားတော့မယ်တဲ့။ မနက်ဖြန် ပြန်ရတော့မယ်”

မျက်စိထဲမှာ ဘယ်တုန်းကမှ မမြင်မတွေ့ဖူးသေးတဲ့ နန်းရင်မွှေး မျက်နှာလေးကို မှန်းယောင်မိနေတယ်။ အေးမှီကိုလည်း နှစ်ကိုယ်တူချစ်သမျှနဲ့ လက်ထပ်ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီ အကောင့်ပိုင်ရှင် နန်းရင်မွှေး လိုတော့ အီစီကလီ မရိုက်ခဲ့ဖူးတာမို့ သူ့ခမျာ ရင်တွေခုန်၊ လက်တွေတုန်နေခဲ့ရပြီ။

“ကတွမ်၊ ခေးအတွက် အသည်းပုံလော့ကက်သီးနဲ့ ဆွဲကြိုးလေး ပေးလိုက်ချင် တယ်။ ဗိုက်ဘာမှာ ပုံပို့ထား တာ တွေ့တယ်မလား”

“ကတွမ်၊ ခေးအတွက် ရွှေတွေ၊ စိန်တွေဆိုတာ အလုံ အလောက် ပြည့်စုံပြီးသားပါ ကွီးရဲ့။ နွေးထွေးတဲ့ အကြင် နာတစ်ခုပဲ လိုချင်တယ်”

“ကတွမ်၊ နောက်ဆုံး အကြိမ်ပဲဖြစ်ပါစေ၊ ပထမဆုံး အနေနဲ့ ဒီည တွေ့ရအောင် ခေးရယ်၊ အချိန် မရှိတော့ဘူး”

“ကတွမ်၊ ကွီးသဘောပဲ ကွယ်။ စင်ကာပူကို အပြီး လိုက်နေရမှာလား မသိတော့ ခေးလည်း တွေ့ချင်ပါတယ်။ကွီး စီစဉ်လိုက်လေ”

“ကတွမ်၊ စိတ်ချ ခေးရေ၊ ကုမ္ပဏီအလုပ်တွေ ပစ် ထားခဲ့ပြီး ခေးရှိရာ အပြေး လာခဲ့မယ်။ ဒီညနော် အတျဲ လေး”

ကြည်နူးစိတ် အဖိတ်အလျှံနဲ့ ဖုန်းပိတ်လိုက်ပြီး မျက်လုံးအတွေးက နန်းရင်မွှေးကို ပြေးမြင်ယောင်နေပေမဲ့ သောတအာရုံထဲမတော့ ကိုကြီးရှပ် စကားသံတွေပဲ ပဲ့တင်ပြန်ထပ်လာနေတယ်။

“ဟိုတစ်ဖက်က ကိုယ်ပျက်နေလား၊ ဒုက္ခိတလား ဘာတစ်ခုမှ ပိုင်းခြားမြင်ရတာ မဟုတ်ဘူး။ လေထဲလွင့် သာယာတဲ့ အွန်လိုင်းပေါ်မှာ သာယာနေလိုက်ကြတာ၊ တကတဲဗျာ”

“တို့ ကျောင်းသားဘဝတုန်းက ပုံနှိပ်စာနယ်ဇင်းမှာ သုံးကြောင်းကဗျာလေး တစ်ပုဒ်ပါဖို့အရေး လေး,ငါး, ခြောက်လ အနည်းဆုံး စောင့်ရတယ်။ ခု ဆိုရှယ်မီဒီယာများဖြင့် ဟုတ်ပေါင်ကွာ။ EDIT လုပ်ပေးမယ့်သူက မရှိတော့ ဖရုသဝါစာတွေက မြင်မကောင်းအောင်ပဲ။ တာဝန်ခံမှု မရှိရင် တာဝန်ယူမှုလည်း မသိကြတော့ဘူး”

မသိဘူးဗျာ၊ မသိဘူး။ စိတ်တွေက မှုန်ဝါးရှုပ်ထွေးလာပြီ။ ဒီညမှာ နန်းရင်မွှေး နဲ့တွေ့ပြီး အပီအပြင် ရင်ခုန် ပစ်မယ်။ မသိဘူး၊ သူ့အနေနဲ့ ကတော့ အသားတုံးလေးကို တစ်ဖဲ့တစ်ကိုက်ပဲ ဝါးစားမိတာပါ။ ဇော်ဂျီဖိုဝင်သား ဖြစ်နေမှန်း သူ တကယ် မသိလိုက်ပါဘူး။

 ▢ ပန်းရေဂျိုး ( မိုးကုတ် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 
      မတ် ၊ ၂၀၁၈

No comments:

Post a Comment