Sunday, September 20, 2026

ခြောက်ချက်တဲ့လား


❝ ခြောက်ချက်တဲ့လား ❞
▢ မောင်သုဆွေ ( သပြေရုံ )

“စိန်စိန်ရယ်... ဗုဒ္ဓရုပ်ပွားတော်မှာ... ဘာဖြစ်လို့များ ဇာပဝါဖြူကို ခြုံပဝါစ ဘယ်ညာချပြီး ပူဇော်ထားရတာလဲ... အမြင်မတော်ပါဘူးကွာ...”

“ကျွန်မ ကျန်းမာရေးအတွက်... ယတြာချေထားတာပါတော်... အဲဒီ ဗေဒင်ဆရာက သိပ်တော်တာ... ကျွန်မတို့အိမ် မရောက်ဖူးပေမယ့်... ကျွန်မတို့ အိမ်မှာ... ယိုးဒယားနွေဘုရားမရှိဘဲ... မိုးဘုရားနဲ့ ဆောင်းဘုရား ရှိတာတောင် သိနေတယ်တော့...”

“ဒါများ... ဘာဆန်းလဲကွာ... တို့အိမ် ခေါင်တိုင်မှာ ပိုးပေါက်ဘယ်နှပေါက် ရှိနေတယ်လို့တောင် ပြောနိုင်တဲ့သူတွေ အများကြီးပါ... မျက်လှည့်ဆန်လှပါတယ်... စိန်စိန်ရယ်... မင်းရဲ့ ဗေဒင်ဆရာပေးတဲ့ ယတြာကလည်း ကြောင်တက်တက် ယတြာပါ... သူ့ယတြာကြောင့် ကျန်းမာတာ မကျန်းမာတာက နောက်... လောလောဆယ်... ဘာသာရေး အမြင် ခေါင်းပါးလိုက်တာလို့... မင်း အဝေဖန်ခံရမှာက အရင်ပဲ...”

“ဝေဖန်ပါစေတော်... တော်ဟာလေ .. ကျွန်မကို ဘယ်တော့မှ အကောင်းမမြင်ဘူး .. သူ့ခမျာ..ကျန်းမာရေးကြောင့် လုပ်ရတယ်လို့ နားလည်ပေးမှပေါ့...”

“ဆင်ခြင်စေချင်လို့ ပြောတာပါ စိန်စိန်ရယ်... ကျန်းမာချင်ရင် လွယ်လွယ်လေးရယ်... အချက် ခြောက်ချက်ပဲ လိုက်နာ... ဘာယတြာမှ မလိုဘူး”

“ကဲ... စိတ်ဝင်စားလာပြီ... ပြောပါဦး...”

“ဒေါသဖယ်ကျဉ်၊ မေတ္တာယှဉ်၊ စိတ်တွင်ဖြူအောင်ထား၊
ဆေးလည်းစားနေ၊ လမ်းလျှောက်လေ၊ သောက်ရေခပ်များများ
သက်ရှည်ကျန်းမာ၊ နည်းခြောက်ဖြာ၊ ကျင့်ပါနေစဉ် ပွား... တဲ့ဗျာ... ”

••••• ••••• •••••

သူ့ခန္ဓာကိုယ်ဝကြီးအား မနိုင့်တနိုင် သယ်ရင်း နေ့စဉ်တက်ကြွစွာ လမ်းလျှောက်နေသော ဒေါ်စိန်စိန်ကို ကြည့်လျက် သူမယောက်ျားကြီး ပြုံးနေသည်ကို တွေ့နေရ၏။ ခြေသလုံးကိုက်သည် ဆို၍ ညတိုင်းညတိုင်း နှိပ်နယ်ပေးနေရသည်မှ အကိုက် သက်သာ၍ သူ့လက်မှ လွတ်သွားသဖြင့် ပြုံးသလော၊ သူ့စိတ်ထဲ စနိုးစနှောင့် ဖြစ်ရသော ယတြာကို မလုပ်တော့သောကြောင့် ကျေနပ်ပြုံး ပြုံးနေလေသလောကိုမူ သူကိုယ်တိုင်သာ သိပေတော့မည်။

▢  မောင်သုဆွေ ( သပြေရုံ )
📖 ကလျာ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၅

No comments:

Post a Comment