Monday, September 20, 2021

ကရင်း သေတဲ့ ကိုတင်မောင်


 

❝ ကရင်း သေတဲ့ ကိုတင်မောင် ❞

“ ရွှေမန်းကိုတင်မောင် ဆုံးလို့တဲ့ ” ဆိုတဲ့သတင်းကြောင့် ၈၄ လမ်း လက်ဆည်ကန်မှာ လူတွေဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ် ။ ကိုတင်မောင့် တိုက် နဲ့ ကျွန်မတို့ အိမ်နဲ့ ငါးအိမ်သာ ခြားတာမို့ ကြားကြားချင်းပဲ သူတို့တိုက်ဘက်ကို လာခဲ့တယ် ။ လမ်းမှာ “ အရင်တစ်ခါလိုပဲ တုံးကျော်တာဖြစ်ပါစေ ၊ မဟုတ်ပါစေနဲ့ ၊ ဒီသတင်းမမှန်ပါစေနဲ့ ” လို့လည်း ဆုတောင်းလာခဲ့ရတယ် ။

သူ့တိုက်ပေါ်မှာတော့ ဇနီး မသိန်းညွန့် မျက်ရည်စက်လက်နဲ့ ဇဝေဇဝါ မရေမရာကြီး စိုးရိမ်ပူပန်နေတာကို တွေ့ရပါတယ် ။

ကိုတင်မောင် ရဲ့ ဇာတ်အဖွဲ့ကြီးက သရက် ခရိုင်ထဲက မဟာပိန္နဲ ဘုရားပွဲကို ကနေကြတာပါ ။ ပွဲကရင်း သွေးတိုးရောဂါ နဲ့ ရုတ်တရက် ကွယ်လွန်တော့ ဇာတ်အဖွဲ့နဲ့အတူ ပါသွားတဲ့ တူတော်သူ က မန္တလေးအိမ် ကို လှမ်းပြီး ဖုန်းဆက်တယ် ။ အဲဒီအချိန်မှာ ဇနီး မသိန်းညွန့် က ကလေးတွေ ဆံပင်ညှပ်ပေးချင်လို့ ဆံပင်ညှပ်ဆိုင်မှာ သွားနေတယ် ။ ဒါကြောင့် တူမလေး တစ်ယောက်က ဖုန်းကို နားထောင်တယ် ။ ဦးလေး မရှိတော့ဘူးလို့ စကားစပြီး သတင်းပေးတဲ့လူက သတင်း မဆုံးသေးဘူး ၊ သတင်း ယူတဲ့လူက ငိုတယ် ။ ဒါကြောင့် ဘာမှလိပ်ပတ်လည်အောင် မပြောနိုင် မကြားနိုင်လိုက်ဘူး ။ ဒီကလေးမ သိတာက အလောင်းကို ယူလာပြီ ။ အိမ်မှာ ဈာပနလုပ်ဖို့ အားလုံး အသင့်ပြင်ထားပါ ဆိုတာပဲ သိလိုက်တယ် ။ ဒါကြောင့် မသိန်းညွန့် မှာ သူလည်း ကိုယ်တိုင် မကြားရတဲ့ သတင်းအတွက် ဟုတ်သလိုလို မဟုတ်သလိုလို ဇဝေဇဝါကြီး ဖြစ်နေတယ် ။ အရင်တစ်ခါက သာစည် မှာ အသည်းအသန် မမာတော့ အိမ်ယူလာလို့ အိမ်က ဆီးပြီး ဆေးကုပေးခဲ့ရသေးလို့ အဲဒီလိုပဲ ဖြစ်တာ ထင်ပါရဲ့လို့လည်း အောက် မေ့နေတယ် ။ သား မောင်ညွန့်ဝင်း ရှိရာ ရန်ကုန် ကို လှမ်းပြီးဖုန်းဆက်တော့ မောင်ညွန့်ဝင်း တို့က သူတို့ သတင်းစုံ ကြားရပြီးပြီ ၊ မန္တလေးကို နေ့ရထားနဲ့ လိုက်ခဲ့မယ်လို့ အကြောင်း ပြန်သတဲ့ ။

ဒီအတောအတွင်းမှာ သတင်းက ချက်ချင်း ပျံ့နှံ့ကုန်လေတော့ တယ်လီဖုန်းနဲ့ မေးကြတာတွေက မစဲတော့ဘူး ။ ဒါကြောင့် သတင်း တိတိကျကျ ရမလားလို့ ပေါင်းတည် ရဲဝန်ထောက်ဆီ ဖုန်းဆက် မေးရတယ် ။ ပြည် က ကျားပျံမကောက် တို့ဆီ ဖုန်းဆက် မေးရတယ် ။ ပြည် နဲ့ ပေါင်းတည် ကလည်း ဘာမှ မပြောနိုင်ဘူး ။ ဘယ် ပြောနိုင်မလဲ ၊ ကိုတင်မောင် ရဲ့ ရုပ်အလောင်းက အောင်လံမြို့ ကနေပြီး ကားနဲ့ သယ်ဖို့ စီစဉ်နေပြီကိုး ။

ဖြစ်ပုံက ဒီလိုတဲ့ ၊ သရက်ခရိုင် ထဲက မဟာပိန္နဲ ဘုရားပွဲကို ကိုတင်မောင် တို့ဇာတ်က တစ်နှစ်ခြား လိုက်ပေးနေတာ လေးကြိမ် ရှိပြီတဲ့ ။ ဒီနှစ်လည်း ဘုရားပြိုတာကို ပြုပြင်ချင်လို့ ဇာတ်ဆရာ လာကပေးပါဆိုတော့ ကနေကျ သံယောဇဉ်ကလေးနဲ့ ကိုတင်မောင် က အဲဒီပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့က ၃၀ ရက် နေ့ အထိ လေးည ကပေးဖို့ ကတိပေးလိုက်တယ် ။ အဲဒီမှာ ကပြီးရင် ပေါင်းတည် မှာ ကမယ် ၊ ပေါင်းတည် က လက်ပံတန်း ကူးမယ် ၊ လက်ပံတန်း ကပြီးရင် ရန်ကုန် ကမ္ဘာအေး မှာ ကမှာ ၊ ပြီးတော့ ဗိုလ်တထောင် မှာ ကမယ် ၊ ပြီးတော့ လွတ်လပ်ရေးပွဲ ရန်ကုန် မှာ ကမယ်ပေါ့ ။

ဒီအစီ အစဉ်အတိုင်း မဟာပိန္နဲ ပွဲမှာ ကတော့ လူသိပ်စည်လာတဲ့ တတိယည ( ၂၉ - ၁၁ - ၆၉ ) မှာ ပထမဆုံး “ သေလပတ္တ ” ပြဇာတ်ကို ကတယ် ။ အဲတာက ပြီးတော့ “ အိပ်မ က် လေလား ပုံပြင်လား ” ဆိုတဲ့ အော်ပရာကို သားလေး ဆန်းဝင်း နဲ့ ကတယ် ။ အဲဒီ အခန်းပြီးတော့ ကိုတင်မောင် က နှစ်ပါးသွား ထွက်တယ် ။ ခါတိုင်းလိုပဲ လှလို့ ၊ ပလို့ ၊ မြူးလို့ ၊ ရွှင်လို့ ။ နေမကောင်းဘူးရယ်လို့လည်း မပြောဘူး ။ အဲဒီနေ့က ထမင်းလည်း စောစော ၄ နာရီက စားထားတယ် ။

နှစ်ပါးသွား ထွက်လို့ သီချင်းနှစ်ပိုဒ် ဆိုအပြီးကျတော့ ငါ့ မျက်စိတွေ ဘာဖြစ်မှန်း မသိဘူး ၊ မျက်လုံးထဲ မီးပွင့်သွားသလိုပဲ ပြောလာတယ် ဆိုတာနဲ့ ကနေရင်း တန်းလန်း မင်းသမီးတွေ နဲ့ လူပြက်တွေ က ကိုတင်မောင် ကို ဝိုင်းတွဲတော့ သူက ပွဲကြည့်ပရိသတ်ကို လက်အုပ်ချီ ကန်တော့ခဲ့ပြီး ကားကြားထဲ ဝင်လာတယ် ။ ဇာတ်ခုံထောင့်မှာပဲရှိတဲ့ သူ့ အလှပြင်တဲ့ နေရာကို ရောက်တော့ ဇာတ်သူဇာတ်သားတွေက တတ်သလောက် မှတ်သလောက် ဝိုင်းနှိပ်ကြ နယ်ကြတယ် ။ တိုနာ ဖြစ်လိမ့်မယ်လို့ ပြောတဲ့ လူကပြောတော့ ကိုတင်မောင် က မဟုတ်ဘူးလို့ လက်ဝါးကာပြသေးတယ် ။ သည့်နောက်တော့ ဘုရား ... ဘုရား လို့ လက်အုပ်ချီ ဘုရားတရင်း သတိမရဘဲ ဖြစ်သွားပါတော့တယ် ။

မဟာပိန္နဲဘုရား ဟာ ဆရာဝန်ရှိတဲ့အရပ် မဟုတ်ဘူး ။ ဒါကြောင့် ဆေးမှူးကို ပွဲခင်းက အသံချဲ့စက်ကနေပြီး ခေါ်ရတယ် ။ ဆေးမှူးလာတော့ ဒီဝေဒနာက ကြီးပါတယ် ။ ဆေးရုံတင်ပါလို့ ဆိုသတဲ့ ။ ဆေးရုံတင်မယ်ဆိုရင် အောင်လံ ဆေးရုံ သွားရင် မြစ်ဆန်ရမယ် ။ သရက်ဆေးရုံသွားရင် မြစ်စုန် ရမယ် ။ အောင်လံ နဲ့ သရက် ၊ သရက် က ဆေးရုံ ပိုကြီးတယ်ဆိုပြီး မော်တော်တစ်စီးနဲ့ ကိုတင်မောင် ကို ပွေ့ခေါ်လာကြတယ် ။ တကယ်ကတော့ ဇာတ်ခုံပေါ်မှာပဲ မနက် ၃ နာရီ သာသာ ကတည်းက အသက် မရှိတော့ပါဘူး ။ သွေးတိုးရောဂါ နဲ့ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးရှာပါပြီ ။ သရက် မရောက်ခင် လမ်းမှာ အသက်ကုန်တာ သိပ်သေချာနေလို့ ဆက် မသွားတော့ဘဲ မော်တော်ကို ပြန်လှည့်လာခဲ့ကြတယ် ။

ပြီးတော့ ရှေ့ဘာဆက် လုပ်မလဲဆိုတာကို တိုင်ပင်ကြတယ် ။ တချို့ က မဟာပိန္နဲမှာ အနိစ္စရောက်တာမို့ မဟာပိန္နဲမှာပဲ သဂြိုဟ်ရမလား စဉ်းစားသေးတယ် ။ ဒါပေမဲ့ မန္တလေး သူ့အိမ်ကို အလောင်းပြန်ယူမှ ကောင်းမယ်လို့ အများ သဘောကြိုက်ညီကြတာကြောင့် ကိုတင်မောင့် အလောင်းကို အောင်လံ ဘက် ပြန်လှည့်ပြီး မော်တော်ကို ဆန်လာခဲ့တယ် ။

ဇာတ်သူ ဇာတ်သားတွေကိုတော့ ဇာတ်ဆရာ ရုတ်တရက် အနိစ္စ ရောက်တာနဲ့ ဇာတ်ခေါင်း မကွဲသေးဘူး ။ ဒါကြောင့် ဇာတ်ပစ္စည်းတွေကို လူလေးယောက်က တာဝန်ယူပြီး ရန်ကုန်ပို့ ၊ ဇာတ်သူဇာတ်သားတွေ အားလုံး ကားတွေငှားပြီး မန္တလေး ဇာတ်ဆရာ ဈာပနရှိရာကို လိုက်ခဲ့ကြလို့ စီစဉ်ရတယ် ။ သူတို့ ဇာတ်ဆရာ့အလောင်းကိုတော့ လော်လီကားကြီးတစ်စီး ငှားပြီး အောင်လံ က မန္တလေး အရောက် ဆောင်ကြဉ်းလာပါ တော့တယ် ။

လမ်းမှာ သတင်းကြားကြားသမျှက သူတို့ ချစ်တဲ့ ရွှေမန်းကိုတင်မောင် ရဲ့ ရုပ်အလောင်းကို နောက်ဆုံးကြည့်ခြင်းနဲ့ ကြည့်ပါ ရစေလို့ တားကြတာ အနေရာရာကပဲ ။ ဒါပေမဲ့ မေတ္တာရပ်သူတွေရဲ့ အလိုကို မဖြည့်နိုင်တော့ဘဲ မန္တလေး ကို အမြန်ဆုံးရောက်အောင် ယူလာပါတယ် ။

ကိုတင်မောင် ရဲ့ ရုပ်အလောင်းဟာ သူ့အိမ် ကို မနက် ၄ နာရီ မထိုးခင် ဆိုက်ရောက်လာပါတယ်။ သူ့ခမျာ ဇာတ်ခုံပေါ် ကနေရင်း ရုတ်တရက် ဖြစ်ပွားရတာမို့ ဇာတ်အဝတ်အစားတွေအတိုင်း ပုဆိုးရော ၊ ထိုင်မသိမ်းရော ၊ ဝတ်လျက် ၊ မိတ်ကပ်လိမ်းလျက် ၊ နှုတ်ခမ်းနီပါးနီဆိုးလျက်ပဲ ။ ဒါကို ပြင်ဆင်မယ့်လူများက ဇာတ်ဝတ် ဇာတ်စားတွေ ချွတ်ပစ်ပြီး အလောင်းပြင်ရပါတယ် ။ အမရပူရ ပိုးပုဆိုးအဝါနု အဝါရင့် ချိတ်ကို လွှမ်းထားတဲ့ ရုပ်ကလာပ်ဟာ ကနေရာမှာ သူ့ပွဲကြည့်မြင်နေကျ ၊ တွေ့နေကျအတိုင်းပါပဲ ။ ဖြီးဖြီး ၊ လိမ်းလိမ်း ၊ လှလှပပမို့ ကြည့်လိုက်ရင် သေတယ်လို့လည်း မထင်ရ ၊ သေတာပဲဆို တော့လည်း ကြည့် ရက်စရာမရှိပါဘူး ။

အလောင်းရောက်လာမှ သေမှန်း တိတိကျကျသိ ရှာတဲ့ ဇနီးဒေါ်သိန်းညွန့် ကတော့ သူ့ခင်ပွန်း ကရင်း ဆိုရင်း ဇီဝိန်ချုပ်ရမှာကို စိုးနေတယ် ။ “ သားရေ .. မောင်ဆန်းဝင်း ၊ အမေ့ပြောစမ်း ၊ နင့် အဖေသေခါနီး ဘာမှာသလဲ ။ ဘာပြောနိုင်သလဲ ၊ ကရင်း အသက်ကုန်တာလား ” လို့ သနားစရာ တစ်လုံးချင်း မေးကြည့်နေတယ် ။

သူ့သားကြီး မောင်ညွန့်ဝင်း နဲ့ မောင်ဝင်းဗိုလ် ကတော့ သူတို့ အဖေ အနုပညာထမ်းပိုး မချွတ်ဘဲ သေသည်အထိ ကပြသွားတဲ့အဖြစ်ဟာ အဖေကြိုက်တဲ့ အဖြစ်ပဲဆိုပြီး နှစ်သိမ့်ကြတယ် ။

ကိုတင်မောင် ရဲ့ကျန်းမာရေး နည်းနည်း ချို့တဲ့လာတာ ကြာပါပြီ ။ ဒါကြောင့် ဇနီး နဲ့ သားသမီးတွေက မကစေချင်တော့ဘူး ။ နို့ပေမယ့် သူ့ ကို မကပါနဲ့တော့ ပြောလို့ မရကြဘူး ။ တစ်ခါကတော့ မသိန်းညွန့်က “ အစ်ကိုရယ် .. အမေမြိုင် လည်း လူကျန်းမာတုန်း ပရိသတ်က ချစ်တုန်းမှာ ဇာတ်သဘင်အလုပ်က နားလိုက်တာပါပဲ ၊ အစ်ကိုလည်း အမေမြိုင် လိုနားပါ ” လို့ ပြောသတဲ့ ။ သူ့ဆရာရဲ့ သာဓကကို ပြပြီး တောင်းပန်ပေမယ့်လည်း ကိုတင်မောင် က နားမထောင်ဘူး ၊ " ငါက တော့ ငါ့အတွက်ချည်း မဟုတ်ဘူး ၊ ငါ့မှာ တာဝန်တွေ အများကြီး ရှိတယ် ” လို့ ပြောသတဲ့ ။

သူ့ အစ်မလို ၊ အမေလို နေတဲ့ ရွှေကုန်သည် ဒေါ်မြခင် ကိုတော့ ရွှေရတုသဘင်လုပ်တဲ့နှစ်က “ ကျွန်တော် နောက်ကို ( ၁၀ ) နှစ် ကဦးမယ် ” လို့ အသက် ( ၆၀ ) အထိ သူ ကဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြောသတဲ့ ။

သားကြီးတွေက “ အဖေ မကပါနဲ့တော့ ကျွန်တော်တို့ လုပ်ကျွေးပါ့မယ်ဆိုရင်လည်း သူက မင်းတို့ လုပ်စာ မစားချင်ပါဘူး ၊ ငါ့ အတွက်ချည်းလည်း မဟုတ်သေးဘူး ” လို့ ပြောတာပဲတဲ့ ။ မောင်ညွန့်ဝင်း က ကိုတင်မောင် ရဲ့ မွေးနေ့ တစ်နေ့မှာ ဘရိုကိတ် ပုဆိုး တစ်ထည် ကန်တော့လက်ဆောင်ပေးပြီး “ အဖေ ဒါပဲနော် ၊ ဒါပြီးရင် ပြီးတော့ ... ” လို့ ပြောတဲ့အခါ ကိုတင်မောင် က “ မောင်ညွန့်ဝင်း ပြောတဲ့ အဓိပ္ပာယ် သိကြရဲ့လား ၊ ဒီပုဆိုးတစ်ထည် ဟောင်းအောင် ဝတ်ကပြီးရင် နောက်ထပ် မကနဲ့တော့လို့ ပြောတာ ၊ ဒီပုဆိုးဟောင်းရင် ငါ မကရတော့ပေဘူး ၊ ဒါကြောင့် မဟောင်းအောင် မဝတ်ဘဲထားမှ ” လို့ ပြောပါသတဲ့ ။ သူက ဒါလောက် ကချင်တဲ့လူပါ ။

ကိုတင်မောင် က ငယ်ငယ်ကလေးထဲက လူတွေ ကို သူ့ပညာ နဲ့ ဖြေဖျော်လာခဲ့တာဆိုတော့ သူက ဒီအလုပ်က သူ နားလိုက်ရမယ်ဆိုတာကို စဉ်းစားလို့ ရဟန် မတူဘူး ။ တစ်နှစ်မှာ တစ်လ ပွဲနားကြတယ် ဆိုပေမယ့် အဲဒီတစ်လ ကို သူက အိမ်မှာနေပြီး အချိန် မကုန်တတ်ဘူး ။ ဟို .. ခရီးထွက်တာပဲ ။ မန္တလေးမြို့မှာ ပွဲကလို့မှ အိမ်ပြန်အိပ်တာ မဟုတ်ဘဲ ။ ဇာတ်ရုံထဲမှာပဲ အိပ်တဲ့ လူပါ ။

သူ့အလုပ်ဟာ ကလား ၊ ခုန်လား ၊ ဆိုလား ၊ ငိုလား ၊ ပြောလား ၊ ဆိုလားနဲ့ အင်မတန် ပင်ပန်းတဲ့ အလုပ်ပါ ။ ရှေးကတော့ မင်းသားဆိုတာ နှစ်ပါးသွားမှ ထွက်ကြတာပဲ ။ သန်းခေါင်မတိုင်ခင် မင်းသားအခန်း မပေါ်တော့ အိပ်နေလို့ ရတယ် ။ ခုခေတ်တော့ ယိမ်းတောင် မရှိဘူး ။ အော်ပရာ တဲ့ ၊ ပြဇာတ် တဲ့ ဆိုတာတွေကို ပွဲဦး ကတည်းက ထွက်ရတာဖြစ်တော့ မင်းသား က ည ၉ နာရီ ခွဲ ထွက်ရင် ၉ နာရီ က စပြီး ထွက်ရတယ် ။ အဲဒီ အချိန်ကနေ မိုးသာလင်းရော မင်းသား နား ရတယ်ပဲ မရှိဘူး ။ သူ့ အခန်း ချည်းပဲ ။ ဒါလည်း သားတွေနဲ့ လုယက် ကရတာကိုလည်း သူက ပျော်နေသေးတယ် ။ ဒါကြောင့် ရွှေမန်းတင်မောင် အလုပ်ဟာ အင်မတန် ပင်ပန်းပါတယ် ။ ပွဲတွေကလည်း အမြီးဆက် ခေါင်းဆက် ၊ ဗမာပြည် တနံတလျား လှည့်ပြီး ပွဲကူးလွယ်သလို လက်ခံ ကကြရတာ ဖြစ်လေတော့ အိမ်မှာ နားရတယ်ပဲ မရှိဘူး ။ မြို့ငယ်ရင် လေး , ငါး ည ကလိုက် ၊ နှစ်ရက် နားပြီး ဇာတ်ရွှေ့ လိုက် ၊ နေရာသစ်မှာ တစ်ခါ လေး,ငါးည ကလိုက်နဲ့ တစ်နှစ်ပေါက်တာပါပဲ ။

ဇာတ်ရုံထဲမှာ အိပ် ၊ ဇာတ်ရုံထဲမှာ စား ၊ ဟိုမြို့ပြီး ဒီမြို့ လှည့်သွား ၊ ပွဲကြည့်တွေကို ရယ်အောင် ၊ ငိုအောင် ၊ သာယာကြည်နူးအောင် ၊ ဆွေးအောင် လွမ်းအောင် အမျိုးမျိုး ဇာတ်ခုံပေါ်ကနေပြီး ပြုစားလာတဲ့ သံသရာမှာ အနှစ် ( ၄၀ ) နီးပါး ကျင်လည်ခဲ့ရတော့ ဒီဘဝက နားဖို့ဆိုတာကို သူက စဉ်းစား မရတော့ဘူး ။ ဒါကြောင့် သူ့ကျန်းမာရေး ချို့တဲ့လာတဲ့ကြားက မနားနိုင်ဘဲ က ၊ ကရင်းပဲ သူ့ဘဝကို နိဂုံးချုပ်သွားတာ ဖြစ်ပါတယ် ။

ကိုတင်မောင် အနိစ္စရောက်တဲ့အတွက် ဗမာ ဇာတ်သဘင်ရဲ့ ဆုံးရှုံးမှုဟာ တိုင်းတာ မရအောင် ကြီးမားလှပါတယ် ။

◾ လုထု ဒေါ်အမာ

📖 ဟံသာဝတီသတင်းစာ ၊ ၂ - ၁၂ - ၁၉၆၉

koaungnaingoo.blogspot.com

.

No comments:

Post a Comment