Thursday, September 24, 2026

အကျိုးထူး ပေးတော့မည်တဲ့ဗျ


❝ အကျိုးထူး ပေးတော့မည်တဲ့ဗျ ❞
          ( ညိုမင်းဝေ )

ပါးစပ်ထဲမှ ဆားများကို ရေနှင့် ပလုတ်ကျင်းလိုက်ပြီး မျက်နှာကို ရေဖလားနှင့် တစ်ခွက် ကမန်းကတန်း သစ်လိုက်သည်။ ရေစို နေသော မျက်နှာကို ခါးမှ ခါးပုံစ ဖြုတ်ကာ ပုဆိုးနှင့် ဖြစ်သလို သုတ် လိုက်သည်။ အဖေ့ကို နောက်ဖေး အဖီထဲတွင် ထမင်းကြမ်းကြော်လျက် တွေ့ ရသည်။ ဒါက အဖေ့ရဲ့ နိစ္စဓူဝတရားလေ။

“မောင်သန်းဆွေရေ၊ ထမင်းကြမ်းကြော်နဲ့ စားသွားဖို့ အဖေ ဘူးသီးကြော် နှစ်ခု ဝယ် ထားတယ်၊ တစ်ခု စား သွား၊ တစ်ခုကို အငယ်ကောင်ဖို့ ထားလိုက်”

သေတ္တာ ဘဝ တစ်ဖြစ်လဲ ကြောင်အိမ် ခေါ်လည်း ရ သော ထမင်းစားပွဲ ခေါ် လည်း ရသော မှောက်လျက်သား သေတ္တာပုံးခွံကို လှန် လိုက်ပြီး ဇလုံ တစ်ချပ်ကို ယူလိုက်သည်။ သေတ္တာဘေးမှာ ဇော်ဝမ်းကို ငုတ်တုတ် ထိုင်လျက် အကြော် တစ်ခုကို ကိုက်စားနေသည်ကို တွေ့ရသည်။ သူ့ကို မြင် လိုက်တော့ ဇော်ဝမ်းက မျက်နှာကလေးကို အောက်ချကာ ကိုယ်နေဟန် ယို့ လိုက်သည်ကို မြင်ရသည်။ သူ မျက်လုံးဖြင့် တစ်ချက် စိုက်ကြည့်လိုက်သည် တွင် ဇော်ဝမ်း လက်မှ အကြော်ပိုင်းကလေး အောက် လွတ်ကျသွား သည်။ သည်လိုတော့ လည်း ဇော်ဝမ်းက သနားစရာ ကောင်း စရာပေပဲ။ အေးလေ တကယ်တော့ ဇော်ဝမ်းက ဘာမှ အပြစ်မရှိပါဘူး။ အဖေ့ကိုတော့ နှုတ်က ဖွင့်မပြောတတ်။

“ဇော်ဝမ်းက လိုက် ချင်တယ်၊ ဖေဖေကြီးနဲ့ အတူ အိပ်ချင်တယ် ဆိုလို့ ညက အဖေ ခေါ်လာတာ သားရဲ့၊ ဒီကောင် သူ့ အမေ အိမ်မှာ ချမ်းဟန်တူပါရဲ့ကွယ်”

အဖေက သူ မမေးဘဲနှင့် ဖာဖာထေးထေး ဖြေရှင်း နေသည်။ သူက အင်းမလုပ် အဲမလုပ် ထမင်းကြမ်းကြော်ကို အချိန်ကြာကြာ စေ့စေ့ဝါးစား နေလိုက်သည်။ အဖေ ဘာမှ ဆက်မပြောတော့။ စစ်ဂျာကင် အင်္ကျီအတု ဖိုသီဖတ်သီနှင့် သန်းဝေ ဝင်လာပြန်သည်။

“အဖေ ဆာတယ်ဗျာ၊ ဒီနေ့ လည်း ထမင်းကြမ်းကြော် ပဲလား၊ တစ်ခါတလေ အီကြာကွေးလေး၊ ပဲနံပြား လေးများ လုပ်စမ်းပါဦး အဖေကလဲ၊ ထမင်းကြမ်း ကြော်က ရင်ခံတယ်ဗျ၊ ကျုပ် လေအောင်တဲ့ ရောဂါ ရှိလို့ ထမင်းကြမ်း မတည့်ဘူးလို့ အဖေ့ဆေးခန်းက ဆရာဝန်က တစ်နေ့က  ပြောထား လျက်သားနဲ့ အောင်မယ်၊ ခွေးသူတောင်းစား ဇော်ဝမ်း၊ စောစောစီးစီး ရောက်နေပါလား။ လက်ထဲက အကြော် ငါ့ကို ပေးစမ်း”

အဖေက သန်းဝေ၏ သံပန်းကန်ပြားထဲကို ထမင်းကြမ်းကြော် ထည့်ပေးရင်း ...

“ကဲ …. ဒီနေ့တော့ ရှိတာပဲ စားဦး၊ နောက်နေ့ကျမှ အဖေ မင်း စားချင်တဲ့ အီကြာကွေး ဝယ်ထားမယ်၊ မင်း တောင်ညိုကို ကောင်းကောင်း လိုက်သွား၊ ကားကိုတော့ မကလိနဲ့နော်၊ တော်တော်ကြာ မင်း တက် မောင်းလို့ ကိုယ့်ဒုက္ခ ကိုယ် ရှာသလို ဖြစ်နေမယ်” 

အဖေ သည်ထက်လည်း ပို မပြောနိုင်ချေ။ ပြောလည်း လိုက်နာမည့် ကောင် မဟုတ်။ သူက အိတ်ထောင်ထဲမှ ငွေကျပ်တန် စက္ကူအနွမ်း ငါးရွက်နှင့် ငါးကျပ်တန် တစ်ချပ်ကို ထုတ်ပြီး အဖေ့လက်ထဲသို့ ထည့် လိုက်သည်။

“မနေ့က ဆယ့်ရှစ်ကျပ် ရတာ အဖေ၊ အုံနာခ ခြောက်ကျပ်ပေးပြီး စပုတ်တံ နှစ်ချောင်း ကျိုးတာ လဲလိုက်ရလို့”

“အေး … အေး၊ ရသလောက်ပေါ့ သားရယ်၊ အဖေလည်း မနေ့က တစ်နေ့လုံးမှ သုံးကျပ်လောက် ရတယ်၊အခု မီးသွေး တစ်ပုံး ဝယ်ရမယ်၊ ဆန်ကလေးလည်း ပြေးဝယ်ရဦးမယ်”

အဖေ အစောင့်တာဝန်ကျသည့် ရုံး၏ ဘေးဘက် အဖီဆွယ်ရှိ သူတို့ ညီအစ်ကို နှစ်ယောက် အိပ်နေကျ အလုပ်တဲ ဆီသို့ သူ ထွက်လာခဲ့သည်။ ဆိုက်ကားကူရှင်ခုံကို ဖုန်ခါပြီး သူ့ဆိုက်ကား ထွက်လာချိန်တွင်တော့ အဖေသည် ဇော်ဝမ်း တန်းလန်းနှင့် ရုံးခန်း တံခါးများ ဖွင့်ခြင်း၊ တံမြက်စည်း လှည်းခြင်း စသည့် သူ့ ရုံးတာဝန်များကို လုပ်ပြီး လမ်းဘေးရှိ သူ့ ကိုယ်ပိုင် စက်ဘီးပြင်ဆိုင်သို့ သွားပေလိမ့်မည်။ အဖေ့ စက်ဘီးပြင်ဆိုင်မှာ ဆိုင်နှင့် ကနားနှင့် မဟုတ်။ လမ်းဘေး တွင် စက်ဘီး လေထိုးပြွတ်တံ တင်သော သစ်သားစင်သာ ဖြစ်လေသည်။ အစောင့် တာဝန်ချိန် ဝင်သည့် ညနေ တွင် အဖေသည် သူပိုင် ပစ္စည်းကိရိယာ ဖြစ်သည့် ကော်ဘူး၊ နံပါတ်ပြား၊ ကတ်ကြေး၊ ကျွတ်စ၊ တာယာ၊ လီဗာ တို့ ထည့်သည့် သစ်သားသေတ္တာလေးကို တစ်ဖက် ဘက်ထရီဆိုင် တွင် သိမ်းထားခဲ့ရုံနှင့် ဆိုင်သိမ်းခြင်း မည်သည်။ ညနေ လေးနာရီ အစောင့် တာဝန်ချိန် ရောက် သော်လည်း အဖေသည် ရုံးဆင်းခါနီး ရုံးတံခါး ပိတ်ရုံမျှ ပြန်လာကာ သူ့ စက်ဘီးပြင်ဆိုင်သို့ လစ် ပြန် စမြဲ။ သို့တိုင်အောင် သူ့ ဆိုင်သည် အလုပ် ဖြစ်ချင်မှ ဖြစ်သည်။

••••• ••••• •••••

( ၂ )

ဆောင်းနှင်းမြူများ ဝေသီ နေသဖြင့် ထွက်လာစ နေ၏ အလင်းရောင်သည် လိမ္မော်ရောင် ဖျော့ဖျော့မျှ ရှိနေသည်။ မြူငွေ့တို့သည် ရထားတွဲ ပက်လက်ပေါ် သို့ ပုံချလိုက်သော ကျောက်တုံးများမှ အမှုန်များနှင့် ရောထွေးကာ ပိုမိုသိပ်သည်း နေသည်။ ရထားတွဲ ပက်လက်ဆီသို့ ကျောက်ပုံခြင်း၊ ကြိမ်ခြင်းများ ရွက်လျက် သွားသူ တချို့၊ ကြိမ်ခြင်းလွတ်များကို သယ်လျက် ကျောက်ပုံဆီသို့ ပြန်လာ ယူသူများ တချို့ကို မြင်ရသည်။ ခြင်းလွတ်များကို ရွက်လျက် ရထားဆီမှ ပြန်လာကြသော မိန်းမအဖွဲ့ ထဲတွင် လုံချည် အဝါရောင်လေးကို မြင်ရသည်။

“ကလင် … ကလင်”

ဆိုက်ကားဘဲလ်ကို တီးလိုက်သည်တွင် အဝါရောင် တပတ်နွမ်းကလေး သူ့ဆီသို့ ပြေးလာသည်။

“အေးပုံ၊ အလုပ်သမားခေါင်း လာ ရင် ညည်း အလုပ် မလုပ်ဘူး၊ ရည်းစားနဲ့ ချိန်းတွေ့ နေတယ်လို့ ငါတို့ ပြောလိုက်မယ်”

မိန်းမ တစ်သိုက်ဆီမှ ခပ်စွာစွာ အသံများ အန်ထွက်လာသည်။ အေးပုံက ကျောက်ခဲ ထည့်သည့် ခြင်းလွတ်ကို ခါးစောင်းတင်ကာ ခပ်ပြုံးပြုံးဖြင့်

“ပြောလိုက်ပါလား ညည်းတို့ လင်ကို ငါက နေရာတကာ ကြောက် နေရမယ်၊ ငါ့ဟာ ငါ ရည်းစားနဲ့ ချိန်းတွေ့ ရော ညည်းတို့ အပူလား၊ တကတည်း ကောင်မတွေကိုက မနာလိုတိုရှည် ဖြစ်နေလိုက်တာ”

အေးပုံက သူ့အုပ်စုကို ခွန်းတုံ့ပြန် ရင်း သူ့ ဆိုက်ကားနား ရောက်လာသည်။

“ငါ နင့်အတွက် မိတ်ကပ်ဘူး ဝယ်လာလို့ လာပေးတာ”

သူက ဆိုက်ကား ထိုင်ခုံအောက် သိမ်းထားသော နှစ်ကျပ်တန် မိတ်ကပ်ဘူးလေးကို ထုတ်ပေးသည်။

“ကျုပ်တော့ မိတ်ကပ် လိမ်းချင်ပါဘူးတော်၊ ကျောက်မှုန့်မျက်နှာခြေတွေ နေ့တိုင်းလိမ်း နေရတာနဲ့ပဲ အချိန်ကုန် နေပါပြီ”

ပြောသော်လည်း အေးပုံက သူပေးသော မိတ်ကပ်ဘူးလေးကို ခုံခုံမင်မင် ယူ၍ ဘော်လီအင်္ကျီ အိတ်ထဲ ထည့်လေသည်။

“တပေါင်းဘုရားပွဲကျမှပဲ လိမ်းတော့မယ်တော်၊ အခုတော့ သိမ်းထားမယ်”

“မဟုတ်ဘူး၊ နင်နဲ့ ငါ မင်္ဂလာဆောင်တော့ လိမ်းတာပေါ့”

အေးပုံက မျက်စောင်း တစ်ချက် သူ့ဆီကို ပစ်လိုက်လေသည်။

“ဟင်း လူကြီးကိုက ဘယ်မှာလဲ မင်္ဂလာဆောင် ရအောင် တော့်မှာ ပိုက်ဆံ စုမိပြီးလို့လား”

“အဖေ စက်ဘီးပြင်ဆိုင် ကောင်းကောင်း ထိုင်နိုင်ဖို့ ငွေ စုထားဦးမယ်၊ အဲဒါ ပြီးရင် နင့်ကို ငါ ယူမယ်လေ”

“ဟာ ဟ၊ ရယ်ဖို့ ကောင်း သေးတော့၊ တွက်ရေး ကတော့ တကယ် စက်သူဌေးပဲ”

သူရော အေးပုံပါ ရယ်မိကြသည်။

“နင့် အဖေရော အခု တလော နေကောင်းရဲ့လား”

“အခုတော့ ဖူလုံရေးဆေးခန်းက ဖြူရိုမဇင်း ဆိုလား အဲဒီ ဆေး ရတာနဲ့ နည်းနည်း အတက်က သက်သာသွားပါပြီ၊ တလောကဖြင့် အလုပ်ထဲ ခဏခဏ တက်နေလို့ စက်က မန်နေဂျာက လွှစက်ထဲ ပါသွားလိမ့်မယ်၊ အလုပ် ထွက်ပါလို့ ပြောရတာ၊ ဟိုကောင် သိန်းမြင့် သွားတွန်းလို့ နေမှာပေါ့၊ ဒါနဲ့ အခု ဒရဝမ်ဘက် ပြောင်းထားရတယ်၊ ဒါတောင် ဖူလုံရေးဆရာဝန်က လိုက်ဂျူတီ ဆိုလား ဘာလား၊ အဲဒါတော့ ထမ်းဆောင်နိုင်ပါတယ် လို့ ထောက်ခံထားလို့၊ အဲဒီကောင် သဘော အတိုင်းသာ ဆိုရင် အဖေလည်း အလုပ်ပြုတ်၊ ကျုပ်တို့တော့ ဒုက္ခရောက်မှာ ဒီကောင် သိန်းမြင့်က ကျုပ်ကို မရတာနဲ့ မစားရတဲ့ အမဲ သဲနဲ့ ပက်တာလေ၊ ကျုပ်ကလည်း သူ့မျက်နှာ မကြည့်ချင်တာနဲ့ စက်ရုံမှာ သယ်မယ့် အစား ကျောက်ပဲ သယ်မယ် ဆိုပြီး သယ်နေတာ၊ ဟင်း သူ့လို မိန်းမနဲ့ အကောင် ရဲ့ ခြေတော်တင်တာများ ကျုပ်က ခံမယ် အောက်မေ့နေသလား၊ ဝေးသေးရဲ့”

အေးပုံက ပြောတော့ သူ့ ရင်ထဲ မကောင်းမိ။

“ကောင်မရေ၊ ငါတို့ အခေါက် နှစ်ဆယ်ပြည့် သွားပြီ”

သူ့ အဖွဲ့သားတွေ လှော်သံ ကြားတော့ အေးပုံက “ကျုပ် သွားမယ်၊ သိပ် ကြာရင် မကောင်းဘူး” ဆိုကာ သူ့အဖွဲ့တွေဆီ ပြန်သွားသည်။ သူက ဆိုက်ကားကို အမှတ် ၁ ဂိတ်ဘက် ဆက်ထွက်ခဲ့သည်။ ဗိုလ်ချုပ်လမ်း ထိပ်ရှိ အကြော်ဆိုင် အသံချဲ့စက်မှ ‘ မောင်ဒေါနနှင့် ကွမ်းတောင်ကိုင်ရယ် မင်္ဂဆောင်ရင် တစ်ရွာလုံး ဖိတ်ကြားမယ် ’ သီချင်းသံကို ကြားရသည်။

ဖြစ်နိုင်လျှင် သူနှင့် အေးပုံ မင်္ဂလာ အကြီးအကျယ် မဆောင်ရရင် နေပါစေ၊ မိသား ဖသား ပီပီ တောင်းရမ်း ယူချင်ပါသည်။ အေးပုံတို့ မှာက မောင်နှမ ၇ ယောက်တွင် အေးပုံက အကြီးဆုံး။ အဖေက သစ်စက် တစ်ခုမှ ဝက်ရူးပြန် ရောဂါသည် လွှဆွဲ အလုပ်သမား တစ်ဦး။

အမေ လုပ်သူက မုန့်ပျစ်သလက်သည်။ ဒါကလည်း မရောင်းရ တစ်ချက်၊ ရောင်းရ တစ်ချက်။ ဒီကြားထဲ နို့ညှာလေးက မွေးရာပါ နှလုံးရောဂါသည် ဆိုတော့ သူ့အတွက် ဆေးဖိုးဝါးခက စားစရိတ်ထဲက တက်လိုက်သေး။ ဒါတောင် အေးပုံ အောက် မောင်လေးက ရုပ်ရှင်ရုံ တစ်ရုံမှာ နို့အေးချောင်း ရောင်းလိုက်၊ မြေပဲဆားလှော် ရောင်းလိုက်နှင့် စီးပွား ထွက် ရှာတတ်နေပြီ။ ကျန် ကလေးတွေက စားရုံအပြင် မရှာတတ် မဖွေတတ် အရွယ်တွေ ရှိသေးသည်။ ဤသို့သော အေးပုံ ဘဝက ကယ်တင်ချင်သူ ကရော။

စင်စစ် အေးပုံ ထက် သူ စာနာရမည့် သူမှာ အဖေ ဖြစ်သည်။ အဖေသည် ကနေ့အထိ သားသမီး ရှစ်ယောက်ကို လုပ်ကျွေးရသော ရုံးအဖွဲ့ တစ်ခုမှ ဒရဝမ်ကြီး။ သူ့အထက် အစ်မ အကြီးဆုံး ယောက်ျားက တပ်မတော်သား တစ်ဦး ဖြစ်၍ သူ့ တာဝန်ကတော့ အဖေ့ ခေါင်းပေါ် တယ် မပိလှ။ အဖေ့ ဒုတိယ သမီး ယောက်ျားကတော့ သစ်ထုတ်ရေးက ကားသမား။ ဟိုတစ်လောက မူးပြီး ကားမောင်းသဖြင့် ယာဉ်တိုက်မှု ဖြစ်ကာ ရာထူးချထားသဖြင့် ကလေး လေးယောက်နှင့် ကသီလင်တ။ တတိယ သမီး တစ်ယောက်ကတော့ အိမ်ထောင်နှင့် ကွဲကာ တလောဆီက မြိတ် မှာလို ထားဝယ် မှာလိုလို မရေမရာ သတင်းသာ ကြားရသည်။ သူ့ ထက် အကြီး မြင့်ခိုင် ကလည်း စစ်ထဲ လိုက်သွားသည်။ မြင့်ခိုင် အောက်ကမှ သူ။ သူ့ အောက် သန်းဝေ။ သည်ကောင်ကတော့ အလုပ်ကို လက်ကြော တင်းအောင် လုပ်ချင်စိတ် မရှိပေ။ ဆိုက်ကား နင်း၍ ရသည့် ပိုက်ဆံကို အဖေ့အား မှန်မှန် ပေးချင်မှ ပေးသည်။ ဂျင်းအင်္ကျီပွတွေ ဖိနပ်အထူကြီးတွေ ဝယ် ဝတ်ချင် ဝတ်ပစ်သည်။ သန်းဝေ အောက် အပျို ပေါက်စ နှစ်ယောက်ကို တစ်နှစ်က အဖေ့အစ်မ မှော်ဘီ မှ အစ်မကြီးထံ ပို့ထားသည်။

အဖေသည် သားသမီးတွေကို အလွန် ချစ်ခင် သံယောဇဉ် ကြီးလေသည်။ အဖေက ကြက်မကြီးက ကြက်ကလေးတွေကို ရင်အုပ်သားမကွာ စောင့်ရှောက်သလို ရှိ သော်လည်း အမေက သည်မျှ ရိုးသားသော အဖေ့ကို ပစ်ကာ မြင့်ခိုင်၏ သူငယ်ချင်း တစ်ယောက်နှင့် လိုက်သွားသည်။ မကြာပါဘူး ‘ ဇော်ဝမ်း ’ ကို ကိုယ်ဝန်ရှိ၍ တစ်နေရာမှာ သွားမွေးသည်။ အမေ တစ်ယောက် ကလေး အငယ် တွဲလောင်းနှင့် ဆင်းရဲနေသည် ကြားတော့ အဖေ့မှာ စိတ်မချမ်းမသာနှင့် ပြန်စရိတ် စုဆောင်းပို့ ပြန် ခေါ်သည်။ အဖေသည် ဆယ့်ရှစ်နှစ် အရွယ်က ချစ်ခဲ့သော ငယ်ချစ်မို့ အမေ့ အပြစ်ကို ခွင့်လွတ်နိုင်သည်တဲ့။ “ဦးလှရွှေ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ” ဟု ကြုံ၍ ဆုံ၍များ မမေးလိုက်နှင့် အဖေက “သားသမီး ကိုးယောက် ရှိပါတယ်” ဟု ဇော်ဝမ်းကို သားသမီး အရာသွင်းကာ ပြောတတ် စမြဲ။ သူသာ ဆိုလျှင်တော့ အဖေ လောက် သဘောကောင်း နိုင်လိမ့်မည် မထင်။

မကြာပါဘူး။ အမေ ဒုတိယ အကြိမ် ခြံခုန် ပြန်လေသည်။ သည်တစ်ခါလည်း သားကြီး မြင့်ခိုင် နှင့် မတိမ်းမယိမ်း ဆိုက်ကားသမား ကောင်ကလေး တစ်ယောက်။ ဇော်ဝမ်း က အဖေ့ကို “ဖေဖေ” ခေါ်၍ ဒုတိယ ပထွေးကို “ဦးဦး” ခေါ် လေသည်။ ဘာလိုလို နှင့် ဇော်ဝမ်းတောင် ငါးနှစ် ရှိပေပြီ။

အဖေကတော့ ရှားမှ ရှား၊ အခုထက်ထိ အမေနှင့် မိတ်ဆွေရင်းချာလို ဆက်ဆံ၍ အခေါ်အပြော မပျက်။ အဖေ့ ဝဋ်ပဲ ထင်ပါတယ်လေ။ တစ်နည်းကြည့်လျှင်လည်း အဖေ့ကို မေတ္တာဓာတ် ကြီးမားသည်ဟု ဆိုနိုင်သည်။ အဖေ့မှာ သမီး နှစ်ယောက် ပို့ထားသော သမီးကြီးကို ထောက်ပံ့ရ၊ သမက် အလုပ် ပြုတ်နေသော သမီး အလတ်ကို ကြည့်ရှု ပံ့ပိုးရနှင့် အမေနှင့် နောက် ယောက်ျား ပြတ်လပ် နေလျှင်လည်း ချေးငှားရ နှင့် လုံးချာလိုက် နေသည်။ သားသမီးထဲမှာ အဖေ့ စေတနာ မေတ္တာကို နားအလည်နိုင်ဆုံးက သူ တစ်ယောက် ထင်လေသည်။ အဖေ စိတ်ချမ်းသာအောင် အဖေ့ကို မည်မည်ရရ စက်ဘီးပြင်ဆိုင်လေး ပီပီသသ ထောင်ပေးချင်သည်။ ပြီးမှတော့ အေးပုံနှင့် သူ ဘဝလေး တစ်ခု ထူထောင် ချင်သည်။ အခု သည်ဘဝ ထဲမှာ သူသည်လည်း အဖေ့လို ယောက်ျားမျိုး မဖြစ်ချင်သလို  အေးပုံလည်း အမေ့လို မိန်းမမျိုး မဖြစ်စေချင်ပေ။

••••• ••••• •••••

( ၃ ) 

”ဆိုက်ကားဆရာ အားသလား”

သူက ခေါင်းညိတ်ပြ လိုက်သည်။ တီရှပ်အင်္ကျီ အပြာရောင် အနားဖွာနေသော ဂျင်းဘောင်းဘီ၊ နေရောင်တွင် မည်းနေသော နေကာမျက်မှန် အကြီးကြီး တပ်ထားသော ဆယ့်ရှစ်နှစ်ခန့် လူတစ်ယောက်။ ဖိနပ်က ဝပ်ကင်းရူး ဆိုသော သုံးရာကျော်တန်နှင့် လွယ် ထားသော ရာမည လွယ်အိတ် အစိမ်းထဲတွင် ကျောင်းစာအုပ် တစ်အုပ်နှစ်အုပ်မျှသာ ပါဟန် တူလေသည်။ လည်ပင်း ဆွဲထားသော ဆွဲကြိုးနှင့် ပေါင်းလိုက်လျှင်တော့ သူ့ တစ်ကိုယ်လုံး ငါထောင် ကျော်မျှတော့ တန်မည် ထင်သည်။ ကျူရှင် သင်တန်းမှ သူ တစ်ယောက်တည်း ထွက်လာဟန်တူသည်။

“ဟို ရှေ့က ပန်းကမ္ဘာ စက်ဘီးအစိမ်းနဲ့ ကောင်မလေး မီအောင် နင်းစမ်းပါဗျာ၊ အတန်းထဲမှာ ကျွန်တော့် ကို စိတ်ကောက်သွားလို့၊ ကိုယ်ကလည်း သည်နေ့မှ ကား မပါလာခဲ့လို့၊ သူငယ်ချင်း တစ်ယောက်ဆီက စက်ဘီး ငှားခဲ့ဖို့ရာလည်း သူငယ်ချင်းက ရှေ့ ထိုင်ခုံ ရောက်နေတော့ မလွယ်ပြန်ဘူး”

သူ့ ဆိုက်ကားကို ရှေ့ ခပ်ဝေးဝေးတွင် ရောက်နှင့်သော မိန်းမစီး စက်ဘီးလေး ဆီသို့ မီအောင် လိုက်ရသည်။ ဈေးနား အရောက်တွင် စက်ဘီးကို မီလာသည်။ သူတို့ ဆိုက်ကားက စက်ဘီးရှေ့တွင် စက်ရပ်သည်။ စက်ဘီး နင်းသည့် မိန်းမပျိုကလေးက ဘရိတ်အုပ် လိုက်သည်။ ဆိုက်ကားပေါ် မှာ လူရွယ်က ကပျာကယာ ဆင်းလျက် မိန်းကလေး၏ စက်ဘီး လက်ကို ဆွဲကိုင်သည်။

“ဖယ်ပါ၊ ဘာလို့ သူများ သွားမယ့် လမ်းကို ရှေ့က ပိတ်ထားတာလဲ”

“ညီမရယ် တို့ ရှင်းပြပါရစေဦး၊ တို့ သူ့အိမ် သွားလည်တာ မဟုတ်ပါဘူး၊ သူက တို့အိမ် လာလည်တာကို တို့ အဘိုးကြီးက ကားနဲ့ ပြန်ပို့ပေးခိုင်းလို့ ပို့ပေးရတာပါ၊ ညီမ မယုံရင် တို့ သစ္စာရေ သောက်ပါမယ့်”

ဆီမန်း မန်းသလို တတွတ်တွတ်နှင့် တီရှပ်အင်္ကျီ ဆရာက ဘာတွေ ပြောသည် မသိ။ အသံက တိုးလွန်း သဖြင့် မသဲကွဲလှ။ သည့် နောက်တော့ ဒိုင်ယာနာ ဆံပင်နှင့် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း ကောင်မလေး၏ ခပ်တင်းတင်း မျက်နှာထားမှာ ပြေလျော့ သွားသည်။ နီရဲသော အရောင်မှသည် ပန်းနုရောင်ဘက်သို့ ရောက်လာသည်။ သူက လမ်းမဘေး တွန်းပို့ထားသော သူ့ဆိုက်ကား လက်ကိုင်မှ ဘဲကို တီးလိုက်သည်။

“ကလင် ကလင်”

လောကကြီးကို မေ့နေသူ နှစ်ဦး ခုမှ သူ့ကို သတိရသွားဟန် တူသည်။

“ဟာ ဆိုက်ကားဆရာ ကျေးဇူးပဲ မေ့နေလိုက်တာ၊ အခုတော့ ပြေလည်သွားပါပြီ၊ ရော့ရော့ ပိုက်ဆံ”

လူရွယ်က ငါးကျပ်တန် စက္ကူတစ်ရွက်ကို ကပျာကယာ ထုတ်ပေးသည်။ သူက “ကျွန်တော် ပြန်အမ်းရဦးမယ်” ဆိုလျက် ဆိုက်ကားကူရှင် ထိုင်ခုံကို ဖွင့်မည် လုပ် စဉ် “နေပါစေ၊ အမ်းမနေနဲ့တော့” ပြော၍ သူ့ ကောင်မလေးဆီ ကပျာကယာ ပြန်သွားသည်။ လေးညှို့မှ လွတ်သော မြှားကဲ့သို့ သူသည် ဆိုက်ကားခြေနင်းကို အားကုန်နင်းကာ အရှိန်ပြင်းပြင်း ထွက်ခဲ့သည်။

သမီးရည်စား စိတ်ကောက် စိတ်ဆိုးပြီး ပြန်လည်ကာ စိတ်ဆိုး ပြေသွားလျှင် လွန်စွာ ပျော်စရာ ကောင်း သည်။ သူ တွေ့ဖူးပေပြီ။ နောက်တစ်ခါ အေးပုံ စိတ်ဆိုးအောင် စိတ်ကောက်အောင် သူ ‘ စ ’ ရဦးမည်။ ပြီးမှ စိတ် ကောက်ပြေအောင် ပြန် ချော့ရမည်ပေါ့။ သိပ် ပျော်စရာ ကောင်းမှာပါပဲ။

••••• ••••• •••••

( ၄ )

ဒီနေ့ အဖေ့မျက်နှာ မကောင်း။ အုံနာခ နုတ်ပြီး လက်ကျန်ငွေ အဖေ့လက်ထဲ ထည့်တော့ “အဖေလည်း စက်ဘီးပြင်ဆိုင်လေး ဖျက်ရလိမ့်မယ် ထင်တယ်၊ ဂဠုန်စီမံ ချက်တွေ ဝင်နေလို့ ပလက်ဖောင်းပေါ် မှာ ရှိတဲ့ ဆိုင်ကလေးတွေ ဖယ်ပေးရမယ်တဲ့ မောင်သန်းဆွေရဲ့ ဝင်ငွေ မဖြစ်လောက်ဘူး ဆိုပေမယ့် ဆီဖိုး ဆန်ဖိုး မီးသွေးဖိုးလေးတော့ အတော်အတန် ဖာမိတယ် အောက်မေ့တာ” အဖေက ပြောလေသည်။ စက်ဘီးပြင်ဆိုင် တစ်ခု မည်မည်ရရ ထောင်ရအောင် ဆိုင်ခန်း ငှားရမည့် စပေါ်ခက ထောင်ချီ နေတော့ ခက်လေသည်။ အဖေ့လက် ထဲမှာ စုပြီးဆောင်းပြီးသား ငွေက မရှိ။ မှော်ဘီက အစ်မကြီးထံ ပို့ထားသော ညီမငယ် တစ်ယောက် တိုက်ဖွိုက် ဖြစ်၍ ဆေးရုံ တက်ရသည့် အတွက် ငွေကုန်ကြေးကျ များသည့် အကြောင်း စာ လာ၍ အဖေက လက်ထဲ ရှိသည့် ငွေလေးနှစ်ရာကို မန်နီအော်ဒါနှင့် ပို့လိုက်ရသည်မှာ မကြာသေး။ အဖေက မျက်နှာ မကောင်းသည်ကို မြင်၍ သူ ရင်ဆိုင်ခဲ့ရသော ပြဿနာကို အဖေ့အား အသိ မပေးချင်ပေ။

“မနေ့ကကွ ငါ့ ဦးလေးရဲ့ အသုဘ အိမ်မှာ ဘူကြီး ရှုံးလိုက်တာ ငါ့ ဆိုက်ကားကို ထောင့်နှစ်ရာနဲ့ မြမောင် ဆီမှာ လက်လွှဲ ရောင်းခဲ့ရတယ်၊ မြမောင်က ဆိုက်ကားကို သူ့ သား ငတိုးကို အနင်းခိုင်းမယ် ပြောတယ်၊ ငါ စိတ်မကောင်းပါဘူး သန်းဆွေ ရယ်၊ ဒီတစ်ပတ်အတွင်း မင်း အုံနာ အသစ် တစ်ယောက် ရှာပေတော့ကွာ”

မနေ့ ညနေက သူ့ဆိုက်ကား အုံနာ ကိုစိုးကြီးရဲ့ အရက်မူးသံနှင့် ပြောလိုက်သော စကားကို ကြားမိသည်။ စိတ်ထွေထွေနှင့် ညက ဘက်ထရီဂျွိုင်းဖို့ မေ့နေ၍ မီးမလင်းသည် ကို ပတ်တရောင် မိကာ လိုင်စင်သိမ်း ခံလိုက်ရသည်။ ဒဏ်ငွေ အစိတ် ဆောင်ရမည်။ ညက သိမ်းသွားသော လိုင်စင် ပြန်ရွေးရဦးမည်။

ငွေ အစိတ်သာ အိတ်ထဲက ထွက်သွားသည် ဒီနေ့ တစ်မနက်လည်း တစ်ခေါက်မှ မဆွဲရသေး။ ဘူတာမှာပဲ ဂိတ်ထိုး လိုက်သည်။ နေ့ခင်း အမြန်ရထား ဝင်လာပြီ။ လိမ့်လိမ့် လိမ့်လိမ့်နှင့် မိန်းမဝဝကြီး တစ်ယောက်နှင့် မိန်းမ ရွယ်ရွယ် တစ်ယောက် သူ့ ဆိုက်ကားဆီသို့ တည့်တည့်လာသည်။ သူ့နောက်မှ ခြင်းအကြီးကြီးနှင့် သေတ္တာ တစ်လုံး ထမ်းလျက် အလုပ်သမား တစ်ယောက် လိုက်လာသည်။

“သင်တန်းကျောင်း ဘက် လိုက်မလား”

“လိုက်ပါမယ်၊ တစ်ယောက် နှစ်ကျပ် ကျမယ်”

ပစ္စည်းပစ္စယတွေနှင့် ပေါင်နှစ်ရာ့ငါးဆယ် လောက် လေးမည့် ဝန်ထုပ်ကြီးကို ချွေးပြိုက်ပြိုက် ကျအောင် နင်းရသည်။

“ဒီ တစ်ခေါက်လောက် အဖမ်းအဆီး များတာ မပြောပါနဲ့တော့၊ ညည်း က ပိန်တော့ တော်သေးတယ်၊ ငါ့လို ဝတဲ့ သူကို ခါးမှာ အဝတ်စတွေ ပတ်ထားရတာ ဖော‌ယောင် နေတဲ့ ကိုယ်ဝန်ဆောင် ကျနေတာပဲအေ၊ နောက်တစ်ခေါက်လည်း ညည်းပဲ ခေါ်သွားမှ ဖြစ်မယ်”

အမျိုးသမီးငယ်က ကယ်ရီယာ ခေါ် အသယ်သမား ဖြစ်ဟန် တူသည်။

“အစ်မ မျက်နှာကြောင့်သာ သိရဲ့လား၊ ဟို ရှာဖွေသူ တစ်ယောက်က ကျွန်မကို သူတို့ နဲ့ အတူ လက်ဖက်ရည် သောက် လိုက်ခဲ့ပါဦးလို့ ခေါ်နေသေးတယ်”

“အဲဒါ ညည်းကို မျက်နှာစိမ်းမို့ စမ်းတာအေ့၊ ဒီကောင်က ငွေ မမျိုရရင် လူ မျိုချင်တဲ့ ကောင်”

ကိုယ်ကျိုးရှာသော ရှာဖွေရေးနှင့် တွေ့ခဲ့ပုံရသည်။ အကွေ့အကောက် များသော လမ်းခရီးတွင် စိန်ပြေးတမ်း ကစားနေသော အပြေးသမားနှစ်ဦး၏ အမောများပါ လား။

ဆိုက်ကားကို ဂိတ်ဝတွင် ရပ်လိုက်သည်။ အထုပ်များကို ချပေးသည်။ ကုန်းပေါ် ထိ ဆိုက်ကား မတက်နိုင်။ မိန်းမဝဝက ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကို ဖွင့်သည်။

“ဟောတော့ အစိတ်တန်တွေနဲ့ ကျပ်တန် နှစ်ရွက်ပဲ ပါတယ်၊ မင်း အစိတ်တန် အမ်းနိုင်ရဲ့လား”

ချီကတည်းက ယဉ်သကို လေ။ သူ့ အိတ်ထဲမှာ ခုထိ ငွေ တပြားမှ မကပ်နိုင်သေး။ ရိုးသားစွာပဲ ဒီရောက်မှ သိသလား။ သူကိုယ်တိုင်က မရိုးသားသော လမ်းကို လျှောက်လာခဲ့သူများ ဖြစ်မှန်း သိထားတော့ စိတ်ထဲက အောင့်သက်သက်။

“ခင်ဗျားတို့ အစကတည်းက ဆိုက်ကားစီးရင် အကြွေတို့၊ ကျပ်တန်တို့ လက်ထဲ ဆောင်ထားဖို့ ကောင်းတယ်ဗျ၊ ကျုပ်တို့က ဆိုက်ကား နင်းနေတာ ဘယ် အစိတ်တန် ရှိပါ့မလဲ”

“အေးပါ မောင်လေးရယ်၊ မင်း မကျေနပ်ရင် လည်း ကုန်းပေါ် လိုက်ခဲ့ပါ၊ အစ်မ အကြွေလဲ ပေးလိုက်ပါ့မယ်”

“နေပါစေတော့”

သူက ဆိုက်ကားကို မြို့ဘက်ကို ပြန် လှည့်လိုက်သည်။ ကုန်း ပေါ် လိုက်၍ ငွေနှစ်ကျပ် ယူနေတုန်း ဆိုက်ကား လူ မ , သွားတော့ ဘယ့်နှယ် လုပ်မလဲ၊ ဆိုက်ကား သော့အိမ်က သိပ် ကောင်းတာ မဟုတ်။

ဒီနေ့လောက် လောကကြီးကို မကျေနပ်တာ မရှိ။ ကတ္တရာစေးပြင် လမ်းမကို ဟိုမိန်းမကြီး မျက်နှာ လို မှတ်ယူကာ ခပ်ဆောင့်ဆောင့် နင်းလိုက်သည်။ ရှေ့ဆီမှ လာ သော ဓာတ်ဆီတင် ကားကြီးကို ရှောင်ရင်း ဆိုက်ကားကို လမ်းဘေး ချလိုက်သည်။ ဂျစ်ဂျစ် မြည်ကာ ချိန်းကြိုး အောက် ပြုတ်ကျသည်။

ချိန်းကြိုးကို ပြန် တပ်ရ ပြန်သည်။ စပုတ်တံများ ကျိုးသွားသလား။ အို နှစ်ချောင်းတောင် ကျိုးသွားတာကိုး။ ဈေးဦးပေါက်ထားသော ငွေနှစ်ကျပ်ထဲမှ စပုတ်တံ လဲ ထည့်ရဦးတော့မှာပဲ။

ဘဝကို မကျေနပ်တာလား။ လောကကြီးကို မကျေ နပ်တာလား။ ညက ကိုစိုးကြီးကို မကျေနပ်တာလား။ ဟို အမျိုးသမီးကြီး နှစ်ယောက်ကို ပဲလား။ ဒီနေ့တော့ ဘာတစ်ခုမှ အဆင်မပြေသေး။ ဒီနေ့မှ မဟုတ်ပါဘူးလေ။ ကနေ့ထိ နှစ်သိမ့်ကျေနပ်စွာ နေခဲ့ရသော ကာလရယ် လို့ မှတ်မှတ်ရရ ဘယ်မှာ ရှိလို့လဲ။ ငယ်ရွယ်စဉ်က သူ ကြီးလာရင် စာရေးစာချီ လုပ်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ ဖြစ်နိုင်ရင် တက္ကသိုလ် ဆိုတာ တက်ချင်ခဲ့သည်။ ဒါပေမဲ့ ခြောက်တန်း အောင်ပြီး ကတည်းက ဘဝတက္ကသိုလ်သို့ သူ တက်ခဲ့ရသည်။ အဖေက ပဲ သားသမီး များသော ဒရဝမ်ကြီး ဖြစ်နေလို့လား၊ အဖေကပဲ အုပ်ထိန်းခြင်း မဲ့ခဲ့ လို့လား။ သူ ကိုယ်တိုင်က ပဲ အကျိုးပေး နည်းခဲ့လို့လား။ ဘယ်အရာကို တရားခံ သတ်မှတ်ရပါမည်လဲ။ မဝေခွဲနိုင်။ တွေဝေနေဆဲ တစ်ဖက်ဆီ မှ အရှိန်နှင့် ဝင်လာသော ကုန်ကားကြီးကို လမ်းဖယ် ပေးချိန် မရလိုက်ပါချေ။

“ဝုန်း ဒိုင်း ကျွိ”

ကျယ်လောင်သော အသံနှင့် အတူ ဘရိတ် အုတ်လိုက်သည်။ အနီးအနား တစ်ဝိုက် ဆူညံသွားလေသည်။ လက်ဖက်ရည်ဆိုင်ထဲမှ လူအများ ပြေးထွက်လာကြသည်။ ကုန်ကားအောက် တုံးလုံးလဲ နေသော သူ့ကို ဆွဲပွေ့ ကြသည်။ ကြေမွတွန့်လိမ်နေသော သူ့ ဆိုက်ကားလေးကို ဆွဲ ထုတ်ကြသည်။

••••• ••••• •••••

( ၅ )

ဂျင်းဘောင်းဘီနှင့် တီရှပ်အင်္ကျီ အဝါကို သူ့ကိုယ်သူ ဆင်ယင်ထားသည်ကို တွေ့ရသည်။ အောင်မယ် သူ့ ဘေးက ဘယ်သူပါလဲ။ ဒိုင်ယာနာဆံပင်နှင့် စပို့ရှပ်အင်္ကျီအပွ ဝတ်ထားသော အမျိုးသမီးမှာ အေးပုံ ဖြစ်နေလေသည်။ သူ့ဘေးက တောင်ရှည်ပုဆိုး နှင့် တိုက်ပုံအင်္ကျီ ဝတ်ကာ ဘိုကေအကျအန ဖြီးထား သူက အဖေပါလား။ အေးပုံ ဘေးက အချိတ်လုံချည်၊ စုံချပဝါ၊ ဘီးပြန်ပတ်နှင့် အမျိုးသမီးကြီမှာ သူ မုန်းသည်ဟု ထင်သော်လည်း သူ တောင့်တခဲ့သော အမေ ဖြစ်နေလေသည်။ လက်စသတ်တော့ သူနှင့် အေးပုံ မင်္ဂလာဆောင်နေတာပါလား။

ပုံများ အားလုံးက ရောကာ ဝေဝါးသွားကြသည်။ ဘာမျှ မမြင်ရတော့ချေ။

“လူနာ အခြေအနေ မကောင်းဘူး၊ သွေး မြန်မြန် သွင်းရအောင် လုပ်ပါ၊ အိုတီထဲ ပို့ပါ”

ဆေးရုံမှ ဆရာဝန်များ၊ ဆရာမများက ပြေးလွှား အလုပ်ရှုပ်နေကြသည်။

“ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်၊ လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်၊ တို့နဂါးနီ သိဒ္ဓိတန်ခိုးနှင့် ဆင်းရဲသားတို့ မညှိုးမီ အကျိုးထူး ပေးတော့မည်တဲ့ဗျ။ ခေတ်သစ် တည်ထောင်မည်၊ အေးချမ်းသာယာစည် ဟေ့ နဂါးတန်ခိုးနှင့် အမျိုးဂုဏ် တက်စေမည်”

“ဝတ်ရေးနှင့် စားသောက်ရေးကို မနှေးအောင် ခုကြံ ဆောင်မည်၊ လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်ပေမည်၊ တို့နဂါးနီ”

မနီးမဝေးရှိ သွေးဆေး ကြော်ငြာကားဆီမှ သီချင်းကို ဆရာဝန် ဆရာမတွေက အာရုံ မစိုက်နိုင်ဘဲ သူ့ကို ခွဲစိတ်ခန်းထဲ ရောက်ဖို့ ပြင်ဆင်နေကြသည်။ သူရော ကြားမှ ကြားနိုင်ပါမည်လား။

◾ညိုမင်းဝေ
📖 မိုးဝေ မဂ္ဂဇင်း
      စက်တင်ဘာ၊ ၁၉၈၄

No comments:

Post a Comment