Tuesday, September 8, 2026

ဆည်းလည်းပြာလေးတွေနှင့် အတူ

❝ ဆည်းလည်းပြာလေးတွေနှင့် အတူ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

နှမ်းပွင့်ရနံ့သည် လေဝှေ့တိုင်း သင်း၏။ ကြူ၏။ ပျံ့၏။ ကြိုင်လှိုင်၏။ သည်ကြူပျံ့သော ရနံ့သည် ရီးဆေးရိုး အသက်ရှူလိုက်တိုင်း ရင်ခေါင်းထဲ အထိ ပြေးဝင်လာ၏။ ငန်းပြားဖြင့် သုံးလေးကော် ကော်ပြီးတိုင်း ရီးဆေးရိုးသည် ခါးတစ်ခါ ဆန့်၏။ ခါးဆန့်လျှင် နှမ်းပွင့်ပြာကလေးတွေက မြင်ကွင်းထဲသို့ ပြေးလာ၏။

ကြူမည့်သာ ကြူသည်၊ သင်းမည့်သာ သင်းသည်၊ နှမ်းပွင့်က များများ မရှိတော့။ ‘သိပ်’ စ ပြုပြီ။ တစ်ပင်မှ တစ်ပွင့် နှစ်ပွင့်၊ အများဆုံးမှာ သုံးလေးပွင့်။ သို့ရာတွင် ရှားရှားပါးပါး ဆည်းလည်းပုံ နှမ်းပွင့် ကလေးတွေကိုမှ ရီးဆေးရိုး ဟဒယက စွဲငြိသည်။ ကြည့်စမ်း မွှေးလိုက်တာ၊ လှလိုက်တာ။ ဆည်းလည်းပြာ၏ အောက်ကို လျှောက်လျှင် အစိမ်းနု ‘နှမ်းအရှဉ်း’ များ။ အပွင့်မဲ့ အပင်များမှာမူ စိမ်းမှောင်နေသည်။ တစ်ရှဉ်း၊ နှစ်ရှဉ်း၊ သုံးရှဉ်း၊ ဟာ... ဟိုအပင်က ဆယ့်ငါးရှဉ်းတောင် ရှိပါကလား။

ပင်စည်ကို ခွပြီး ‘စုံ’ သီးသော နှမ်းရှဉ်းများကို ရေတွက်မိသောအခါ မောဟိုက်ခြင်းသည် မရှိပြီ။ အားသစ် အင်သစ် တိုးလာသည်။ လုပ်ဦးမှ၊ လုပ်ဦးမှ။ ဒါကလေးတွေ ကျွတ်ကျွတ်လွတ်လွတ် အောင်ဖို့ အရေး တူးလိုက်ဦးမှာ ဟူ၍ ငန်းပြားရိုးကို ဆုပ်မိလေ၏။ ဟိုဘက် သုံးကွက်ကျော်တွင် ထွန်နားထားသည်။ ထွန်နှင့် နွား နားနေငြား လူမနားနိုင်။ စည်ဝေသော နှမ်းခင်းက မနားချင်အောင် လှုံ့ဆော်သည်။ နှမ်းခင်းဘေးမှ ဖြတ်သွားသောမြောင်းလက်တံကလေးက သတိပေးသည်။ မနားနဲ့။ ပျိုးခင်း ကန်သင်းဘေးမှ နှမ်းခင်းကလည်း အချက်ပြနေသည်။ တူးထားဦး။ ငန်းပြား တစ်ဆစ်သည် တစ်တောင်ခန့် ရှိမည်။ သည်မျှ နက်၍ ငန်းပြား နှစ်ပြားစာ ကျယ်သော မြောင်းကလေးကို မြောင်းလက်တံဘေးတစ်လျှောက်နှင့် ပျိုးခင်းဘေးတွင် တူးလိုက်လျှင် မည်မျှ ပင်ပန်းမည်နည်း။

ထွန်တစ်ခါနား နည်းနည်းချင်း တူးလိုက်လျှင် ခုနစ်ရက် မတူးရပေ။ သည်မျှကိုပင် အားမစိုက်ချင်လျှင် ပျိုးခင်းရေနှင့် လက်တံရေက နှမ်းခင်းထဲသို့ စိမ့်မည်။ မွရွနေသည့် ထွန်ရေးပြင်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ပျံ့မည်။ ထိုအခါ နှမ်းသီးတွေ မအောင်မြင်မီ ဝါမည်။ ရင့်သောကြောင့် မှည့်ခြင်း မဟုတ်၊ အမြစ် ပုပ်သောကြောင့် ဖြစ်သည်။ မမှည့်ဘဲနှင့် ဝါသော နှမ်းသီးမှ အောင်မြင်သော နှမ်းစေ့များ မရနိုင်ချေ။ သို့ကြောင့် ရီးဆေးရိုး တူးရသည်။

ငန်းပြား၏ ‘မောင်းရင်း’ တွင် ကလတက် သစ်သား အတက်ကလေး ရှိသည်။ သည်ပေါ်မှာ ဖိနင်းလိုက်လျှင် ငန်းပြားသည် မြေအိအိထဲသို့ စိုက်ဝင်သွား၏။ ငန်းပြားကို စောင်းကော်ပြီး မလိုက်ရုံသာ ရှိတော့သည်။ ရှိသော်ငြား ရီးဆေးရိုး မ, မသေး။ ငန်းပြားကို ရှေ့သို့ တွန်းသည်။ ငန်းပြား၏ ကျောနှင့် မြေကြီး ကပ်မနေစေရန် ဖြစ်သည်။

ငန်းပြားအခွက်ထဲက မြေကြီးသာလျှင် ပတ်သက်ကြောင်း၊ စပ်ဆိုင်တော့ကြောင်း သေချာပြီ။ သေချာမှ မသည်။ အတော် လေးပါကလား။ မျက်မှန်းအချိန် အဆအရ သည်မျှ မလေးသင့်။ ထို့ကြောင့် ပြန်ချပြီး ကြည့်သည်။ ‘ကဆစ်’ နွယ် တစ်နွယ်။

နွယ်စိမ်း ရွက်စိမ်းဖြစ်ငြား ရီးဆေးရိုး မမြင်။ ရွှံ့ပေနေသောကြောင့်ဖြစ်၏။ သေသေချာချာ ငုံ့ကြည့်မှ မြင်သည်။ ဆွဲနုတ်၏။ ကျွတ်ပါမလာ၊ လက်နှစ်ဖက်ဖြင့် ဆွဲဖြတ်မှ ပြတ်သော်လည်း ရွှံ့တစ်ခဲက လောက်လွှဲဖြင့် ပစ်သလို မျက်နှာတည့်တည့် ပြေးရိုက်၏။

ရွှံ့တုံး မဟုတ်။ ရွှံ့ပေနေသော ကဆစ်သီး။ ရေချွဲ ရေပျစ်တွင် လှုပ်ပြီး ဆေးသည်။ လက်မအရွယ် ဖရဲသီး အရှည်ကလေး။ ဝင်းသောအရောင်၊ ဝါနေသော အရောင်က မှည့်နေပါပြီဟု ဆို၏။ ရီးဆေးရိုး နမ်းကြည့်၏။ မွှတ်မွှတ် မွှေးမွှေးကလေး။ ရီးဆေးရိုးသည် ပါးစပ်ထဲသို့ အမှတ်မဲ့ ပစ်သွင်း၏။ သွားဖုံးများမှာ ကဆစ်သီးကွဲအောင် ကြိတ်ခွဲနိုင်စွမ်း မရှိကြတော့ပါ။ ထိုအခါကျမှ ရီးဆေးရိုး သတိရ၏။ ဟုတ်သားကပဲ၊ ငါ့မှာ သွားမှ မရှိတော့တာ။ သို့ရာတွင် ကဆစ်သီးကို ရီးဆေးရိုး မပစ်ရက်။ ခါးပိုက်ထောင်ထဲသို့ ထည့်ထားလိုက်မိသည်။

••••• ••••• •••••

“အင်းဟင်းဟင်း .. လုပ်နေပြန်ပြီ၊ နာတော့မှာပဲ။ ဟိုကောင်ကြီးဟာ တယ်လေ ငါရိုက်လိုက်ရ နာပြန်တော့မယ်။ ဒီလို မလုပ်စမ်းပါနဲ့ သားရ၊ ဟာ... ဟို ကောင်ကြီး လုပ်နေပြန်ပြီလား”

အတိုင်နွားက ဖြောင့်လျှင် အလှည့်နွားက ကောက်၏။ တမင်ကောက်ခြင်းကား မဟုတ်။ ခြေကျွံ၍ အသွားရပ်စဉ် တစ်ဖက်နွားမှာ ဆက်သွားသဖြင့် ထွန်ကြောင်း ကောက်၏။ စိမ်းစိမ်းမြင်၍ လှမ်းဟပ်မိသဖြင့် ကောက်၏။

ရီးဆေးရိုးမှာ မာန်သာ မာန်ရငြား ရိုက်မနေအားပါ။ ထွန်ကို ထိန်းရသည်က တစ်မျိုး၊ သူကိုယ်တိုင် ခြေကျွံပြီး မယိုင်လဲအောင် ထိန်းနေ နုတ်နေရသည်က တစ်ဝကြောင့် ပါးစပ်ဖြင့်သာ အသံပေးနေရ၏၊

သည်အရည်ကို မြင်သောကြောင့် အခြောက်ထွန်ဖြင့် သုံးလေးစပ် ကြိုတင် ထွန်ထားခဲ့သေးသည်။ ရေကိုလည်း ၄၊ ၅၊ ၆ ရက် စိမ်ထားသေးသည်။ ဝီရိယနည်းသူများ အတွက်မူ ပြောဖွယ် မရှိတော့ပြီ။ နွားရော လူပါ မသက်သာ။ ထွန်ရေးလည်း မရသော တောရိုင်းခွဲ။ ထွန်ကွေ့သည်။ တစ်စပ် စပ်သွားပြီး နောက်ဆုံး ထွန်ကြောင်းပင်။ အလှည့်နွားကို ကန်သင်းပေါ် တင်ကြည့်သည်။ တင်သော်ငြား ထွန်တုံးက ကန်သင်းခြေသို့ မကပ်။ ထောင့်ကွေ့ထဲမှာ လှည့်ကွေ့ သည်။ ထွန်တုံးမှာ မည်သည့် နည်းဖြင့်မျှ ကွေ့ထဲ မရောက်။ ရီးဆေးရိုး အံကြိတ်ပြီး ထွန်တုံးကို မသည်။ ကြွရုံမျှသော ခွန်အားသာ ရှိသည်။ တစ်လံကွာ နေရာသို့ ဆွဲပစ်သွင်းနိုင်သော ခွန်အား မရှိပါတကား။

ရီးဆေးရိုး ဟင်းချမိ၏။ စိတ်တိုင်းကျ မဆောင်ရွက်နိုင်ခြင်းသည် လုပ်ရကိုင်ရသည်ထက် မော၏။

ကျွံနေသော ခြေကို နုတ်ပြီး ခြေလှမ်းမပျက် ထွန်နောက်က လိုက်ရသည်ထက် ပင်ပန်း၏။ ဟယ်... ကိုယ်မှ မတတ်နိုင်တာ။ နောက်တစ်ခေါက် မောင်းပြီး ထွန်ကြောင်းပိတ်ချိန်တွင် ရီးဆေးရိုး စိတ်လျှော့လိုက်သည်။

သည်တစ်စပ်ပြီးမှ သည်တစ်စပ်ပြီးမှ ဟူသည့် တင်းထားစိတ်ကို ဖြေလိုက်သောအခါ ခွေလဲလုလု ဖြစ်သည်။ နှင်တံကို ကိုင်ထားသော လက်သည်ပင် ပြေလျော့ချင်ချင်။ သို့ရာတွင် အသစ်ခွဲမည့် နောက် လယ်ကွက်ထဲသို့ ထွန်ကို ပို့ထားချင်သည်။ နွားနှစ်ကောင်ကို တစ်ဖက် လယ်ကွက်တွင်း ရောက်အောင် မောင်းသည်။ တဟင်းဟင်း အသံပေး မပျက်စေဘဲ ထွန်တုံးကို မသည်။ ရှည်လိုက်သည့် ထွန်သွား။ တပ်စဉ်က တောင်ဆုပ်။

အဘယ့်ကြောင့် ယခု သုံးတောင်ခန့် ရှည်နေသနည်း။ ကန်သင်းနှင့် ထွန်သွား လွတ်အောင် ပင့်မြှောက်ရသည့် ပင်ပန်းခြင်းမှာ တာရှည်လှ၏။ လာပြန်ပြီ ကန်သင်း။ ကန်သင်းကို ကျော်သည်အထိ ထွန်တုံးကြီးကို ပင့်ထားရသည်မှာ ကြာညောင်းလှ၏။ အို …. ကျယ်လိုက်သည့် ကန်သင်း။ ဘယ်တုန်းကများ ဘယ်သူ လာဖို့သွားပါလိမ့်။ ကျိုးချင်ကျိုး၊ ပဲ့ချင်ပဲ့ ပစ်ချလိုက်သည်။ လူလည်း ကန်သင်းပေါ် ဖင်ထိုင်ကျသွားလေ၏။

သည်ကန်သင်းမျှကို သည်အစိုထွန် ထွန်တုံးမျှဖြင့် လက်တစ်ဖက်တည်း အသာကလေး ကျော်ချသော ငယ်ဘဝကို ရီးဆေးရိုး မလွမ်းပါ။ မတမ်းတပါ။ အသက်ရှူ မှန်အောင် ကြိုးစားရင်း နှမ်းခင်းကို လှမ်းကြည့်သည်။ လေပြည်သွေးတိုင်း ဣန္ဒြေနှင့် လှုပ်နေသော ဆည်းလည်းပြာ နှမ်းပွင့်ကလေးတွေ။ ချွေးမှ ပွင့်သော အပွင့်ကလေးတွေ။ ချွေးမှဖြစ်သော အသီးကလေးတွေကို ကြည့်ရလျှင်ပင် ပီတိဖြစ်ပြီး အမောပြေပြီ။ အားဖြစ်ပြီ။

ပျိုးခင်းအစပ်သို့ ဗျိုင်းနှစ်ကောင် ဆင်းသည်။ ဤသည်ကို မြင်မှ ပျိုးခင်းရေဝင်ကို မကြည့်ရသေးပါကလား။ ရီးဆေးရိုး သတိရသည်။ ထရပ်မည်ဟု ကန်သင်းပေါ် လက်ထောက်သည်။ နေသည် ကျဲကျဲတောက် ပူနေရာက ဖျတ်ခနဲ ကွယ်၏။ ရီးဆေးရိုး မော့ကြည့်သည်။ တိမ်မည်းတစ်အုပ်။ ပျိုးခင်းသို့ မသွားမီ အခြေအနေ စမ်းသည့်အနေဖြင့် သုံးလေးခေါက်ခန့် မောင်းထားချင်စိတ် ပေါ်လာသည်။ နွားနှစ်ကောင်မှာ စားမြုံ့ပြန်နေကြပြီ။ ထွန်ကိုင်းတွင် ပူးတွဲ ချိတ်ထားသော နတံ (နှင်တံ) နှင့် ကန်ကြိုးကို ဖြုတ်ကာမျှဖြင့် တအိအိ ဆွဲရွှေ့ကြသည်။

“ကဲကွာ ... ကဲကွာ သုံးလေးခေါက်လောက် အစမ်းကလေးဟေ့” ပြောနေဆဲတွင် အလှည့်နွားက စိမ်းစိမ်းအရာကို လှမ်းဟပ်သည်။ “လုပ်ပြီလား၊ နာချင်ပြီထင်တယ်” ငေါက်ဆဲ အလှည့်နွားသည် နှုတ်သီးဖျားမှ စိမ်းစိမ်းအဖုတ်ကြီးကို လွှတ်ချ၏။ ဆူးပုံတောင်းပင်ကြီး ဖြစ်နေသောကြောင့်တည်း။

“ဟဲ့... စားလေ၊ ဘာပြုလို့ လွှတ်ချရတာတုံး”

ရီးဆေးရိုး ရယ်မောသံဖြင့် ပြောကာ ဆူးပုံတောင်းပင်ကို နှင်တံဖြင့် ထိုးကော်သည်။ ကန်သင်းပေါ်အထိ ရောက်မရောက် လှမ်းအကြည့်တွင် ရီးကျီးဒန်ကို လှမ်းမြင်ရသည်။ ထမင်းထုပ်ကို ရွက်၊ ရေနွေးအိုး ဆွဲလျက်။

နွားနှစ်ကောင်ကို စုတ်သပ်ကာ ရပ်ပစ်ခဲ့ပြီး ပျိုးခင်း ကတွတ်ဝသို့ လာခဲ့သည်။ ထွန်ဆဲ လယ်ကွက်ထဲက ရေလည်း ရွှံ့ရေ၊ ကတွတ်ဝက ရေလည်း ရွှံ့ရေပင်။ သို့တစေ ထွန်ဆဲ လယ်ထဲက ရေမှာ ကတွတ်ဝက ရေထက် ပျစ်သည်၊ ချွဲသည်။ မျက်နှာသစ်ရင်း၊ လက်ဆေးရင်းက ရီးဆေးရိုး မျှော်ကြည့်၏။ သူ မျှော်ကြည့်ကာမှ ရီးကျီးဒန်မှာ ကန်သင်းပေါ်မှ ချော်ကျ၏။

“ဟယ် … သည်အမေကြီးအိုဟာ” ယောင်ယမ်းရေရွတ်မိသည်။

“သည်အရွယ်ကြီးမှာ ကျိုးရင် ပဲ့ရင် သွားပြီ၊ တစ်သက်လုံး အိပ်ရာထဲမှာ နေရတော့မှာ။ တယ်ခက်ပါကလား၊ ဘာများ ဒါလောက် အရေးကြီးနေရတယ် မသိဘူး”

••••• ••••• •••••

သို့ရာတွင် ညောင်ပင်အောက်သို့ ရီးကျီးဒန် ရောက်လာချိန်တွင်ကား မာန်မဲမြည်တွန်ခြင်း မပြုမိတော့ပေ။ “အလျင်လိုခါမှတော် ချော်ကျရသေး” ဟု ပြောငြား အာရုံမငြိ။ ထမင်းထုပ်ကိုသာ ဖြေသည်။

“ကနေ့တော့ ထမင်း မဟုတ်ဘူးတော့်”

ဖြေနေသောလက် တုံ့သွား၏။

“ထမင်းကမှ အဆာခံတာဟ၊ ထမင်းမဟုတ်လို့ ဘာတုံး”

“မုန့်ဟင်းခါး”

အသံ ကြားကာမျှဖြင့် သွားရည်ကျရပြီ။ ရွာတွင် လည်ရောင်းသော မုန့်ဟင်းခါးတစ်ပန်းကန် နှစ်ကျပ်။ တစ်ခါတစ်ရံ စွန့်စွန့်စားစား ဝယ်စားပစ်မည် စိတ်ကူးပြီး “ဘာဟင်းတုံး” မေးလျှင် “ကြက်သားဟင်း” ဖြေသည်က များ၏။ “တစ်ခါတလေ အမဲသားနဲ့များ ချက်ပါတော့လား” အကြံပေးသောအခါ “အမဲသားကို လူတိုင်း မစားဘူး ဘရ” ဖြေသည်။ သည်သို့ဖြင့် တက်တတ် ချက်တတ်သော ကြက်ဖြင့် ဟင်းချက်သည့် မုန့်ဟင်းခါးကို မစားဖြစ်။

ယခု မုန့်ဟင်းခါး စားရတော့မည်။

“ကိုသာဒွန်းမြေး မွေးနေ့တဲ့တော်၊ အဲဒါကြောင့် မုန့်ဟင်းခါးလုပ်ပြီး ဆွမ်းကပ်သတဲ့၊ အဲဒါ လျှောက်ဝေတာ”

“ကြီးကျယ်လိုက်တာ၊ မွေးနေ့၊ ဘာမွေးနေ့တုံး”

မြန်မာကြီး နားထဲသို့ မြန်မာမှု မဟုတ်သော မွေးနေ့ မင်္ဂလာ အထိမ်းအမှတ်သည် ကန့်လန့်ကြီး ဝင်သွားဟန် ရှိသည်။ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီးမှ ပုဆိုးစုတ်ကို ဆက်လက်ဖြေသည်။ ထောင်းခနဲထလာသော ဟင်းနံ့သည် ရီးဆေးရိုး၏ အလိုမကျမှုကို ချေဖျက်ပစ်လေ၏။

“မုန့်တွေပွပြီး ဟင်းတွေ အေးသွားမှာ စိုးလို့ မြန်မြန်လာတာတော့်”

“ပွလည်း ဘယ်တတ်နိုင်မလဲဟာ။ ဟင်းရည်အေးတာ၊ မုန့်ပွတာထက် ကန်သင်းရိုးက ချော်ကျပြီး ကျိုးမှာ ပဲ့မှာက အရေးကြီးသဟ၊ မကျိုးမပဲ့ဘဲ ‘မျက်’ သွားဦးတော့ သည်အရွယ်မှာ မသက်သာဘူးဟ”

ရီးကျီးဒန် ခေါင်းညိတ်ရ၏။ ဆေးလိပ်တိုကို မီးညှိပြီး မီးညီအောင် မှုတ်နေရာက ကြည်ညိုစွာ လှမ်းကြည့်၏။ သူ ဆာလောင်တာထက် ငါ နာမှာကျင်မှာကို အရေးထားပါကလား။

ညောင်ပင်ရိပ်တွင် အတန်ကြာမျှ ငြိမ်သက်၏။ ရီးကျီးဒန်က ဆေးလိပ်ထိပ်ကို တံတွေးဖြင့် ဆွတ်လိုက်၊ ချွန်သောနေရာကို ပါးစပ်ဖြင့် မှုတ်လိုက် အလုပ် များနေ၏။ ရီးဆေးရိုးကား ဇွန်း မပါသဖြင့် လက်ငါးချောင်းဖြင့် ကော်စားလိုက်၊ ဟင်းရည်ကို ဇလုံစောင်းပြီး မော့သောက်လိုက်ဖြင့် အပြေးအလွှား ဝမ်းဖြည့်နေ၏။ လယ်ကြားမြောင်းထိပ်မှ ရေဝဲလှည့်သံ ကလုံ ကလုံ သည် နဘူးချုံကြားမှ ဗွတ်ချွဲမြည်သံနှင့်အတူ ဝေ့လွင့်လာချိန်တွင် တစ်စုံတစ်ရာကို ရီးကျီးဒန် သတိရ၏။

“မေ့တော့မလို့ တော်ရေ့၊ စားတုန်းသောက်တုန်း ပြောရဦးမယ်”

ရီးဆေးရိုး လှည့်မကြည့်ပါ။

“ဘာများတုံးဟ

“တော့်မြေး ခင်မောင်ငြိမ်း”

ကိုဘညိန်း၊ မလှမေတို့တွင် သားချည်း သုံးယောက် ရှိသည့်အနက် အကြီးဆုံးသား။ ၁၈ နှစ်သား ရှိပြီ။ ခင်မောင်ငြိမ်း ဆယ်တန်း တစ်ကြိမ် ကျပြီးပြီ။ ကျောင်းတွေ ပြန်ဖွင့်သည်အထိ မစောင့်နိုင်။ ဒုတိယအကြိမ် ဖြေဆိုပြီးသည်အထိ သူ မဆိုင်းနိုင်။ မိန်းမ ခိုးပြေးပြီ။

“သေချာရဲ့လားဟ”

ခြေမကို ပုဆိုးစဖြင့် ဖုံးထားပြီး တစ်လမ်းလုံး ဖုန်ထောင်းထောင်းထအောင် လမ်းသွားတတ် လျှောက်တတ်သော မြေးချစ်ကို ရီးဆေးရိုး မြင်ယောင်သည်။

“ဘယ်သူမှ မသိဘူး၊ ပြောင်းခင်း အစောင့် ခိုင်းထားတော့ ပြောင်းခင်းထဲမှာပဲ ရှိလိမ့်မယ် ထင်နေကြတာ”

ပြောင်းခင်းမှာ ရွာနှင့် မဝေးလှ။ အော်ခေါ်လျှင် ကြားနိုင်လောက်သည်။ ရေကလေး မိုးကလေး အဆင် ပြေလိုက်သဖြင့် ဆံမြိတ်တဝေဝေဖြင့် ဖူးစားပြောင်း ခင်းကြီးမှာ မှောင်မှိုင်းနေ၏။ မလှမေတို့ ခေါင်း တမော့မော့ တပြုံးပြုံး။ သို့သော် အစေ့ထည့်စ၊ နို့ရည်ခဲစ ပြုသည်နှင့် ရန်သူတော်များ ပေါ်လာသည်။ ဤသည်တို့မှာ ကျေးနှင့် ခွေးတည်း။ ကျေးသည် အခွံကို ဖြဲပြီး အစေ့ကို စားသည်။ အခွံ ဖြဲပြီးသော ပြောင်းဖူးသည် မကောင်းတော့။ အစေ့လည်း သုံးမရ။ ဖက်လည်း လှီး၍ မရတော့ပြီ။

ခွေး။ ခွေးက ကြက်တူရွေးထက် ဆိုးသည်။ ပတတ်ရပ်ပြီး ပြောင်းဖူးကို ကိုက်၏။ ကိုက်ရင်း ကိုက်ရင်းဖြင့် သူ့ရင်အုပ်နှင့် ဖိမိကာ ပြောင်းဖူးပင် ဘိုင်းဘိုင်း လဲတော့မှ လက်ဖြင့်နင်း၊ ပါးစပ်ဖြင့်ဖြဲကာ စားသည်။ ခွေးလှဲသော အပင်ကား နွားကျွေးရုံမှတစ်ပါး အခြားနည်း သုံးမရပြီ။

သို့ကြောင့် ခင်မောင်ငြိမ်းမှာ လယ်ထဲ၌ ၂၄ နာရီလုံး နေရသည်။ နေ့တွင် ခလောက်တွေ၊ သံပုံးတွေကို ကြိုးဖြင့်ဆွဲလိုက်၊ ဟေးဟူးအော်လိုက်၊ ဝါးလက်ခုပ် တီးလိုက်၊ ခွလောက်လေးဖြင့် ရမ်းသမ်းပစ်လိုက်၊ ပြောင်းခင်းထဲ ဆင်းသွားလိုက်ဖြင့် နားချိန် မရှိပေ။

ခင်မောင်ငြိမ်း နားချိန်မှာ ညနေ ငါးနာရီသာသာမှ ညရှစ်နာရီခန့်အထိသာ ရှိ၏။ ရှစ်နာရီ ထိုးသည်နှင့် ပြောင်းခင်းထဲ ဝင်ရသည်။ ပြောင်းခင်းတွင်း အနှံ့ လျှောက်ရသည်။ ပြောင်းခင်းနှင့် မနီးမဝေးတွင် ယောင်လည်လည် လုပ်နေသော ခွေးပင် ဖြစ်စေ၊ မသက်သာကိန်း ဆိုက်ပြီ။

သို့နှယ် အားလပ်ချိန် မရှိပါဘဲလျက် မည်သို့လျှင် မိန်းမခိုးပါမည်နည်း။ သို့ရာတွင် ငါ့အဖေ အမေရဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း။ သည်ပစ္စည်း မပျက်စီးမှ ငါနဲ့ ငါ့ညီအစ်ကို မောင်နှမတွေ ဝဝစားရမှာ ဟူသည့် ဆွေချစ် မျိုးချစ်စိတ် သူ့မှာ မရှိလျှင်ကား သူသည် ပြောင်းခင်းကို ပစ်ကာ တစ်နေ့လုံး လျှောက်လည်သွားလိမ့်မည်။ တစ်ညလုံး သိုးနေအောင် အိပ်ရန်လည်း သူ ဝန်လေးလိမ့်မည် မထင်။ တစ်သီကြီး တွေးပစ်ပြီးမှ အတွေးစကို ရီးဆေးရိုး သိမ်းသည်။

“ပြောင်းခင်းထဲမှာ ရှိလိမ့်မယ် ထင်ရာက အခု ဘယ်လိုလုပ် သိကြတုံး”

“မိန်းကလေးဘက်က လိုက်လာကြမှ သိတာပေါ့။ ခင်မောင်ငြိမ်းနဲ့ လိုက်ပြေးတယ် ပြောကြလို့တဲ့”

“အင်း… ကျောင်းထားတော့လည်း အသုံးမကျ၊ ကျောင်းပိတ်ခိုက်မှာ လယ်ထဲ သုံးကြည့်တော့လည်း ထွန်တစ်တုံးမှ မနိုင်။ ဖအေ မျက်နှာ လွှဲဖို့ဆိုတာ ဝေလာဝေး။ နို့…. နေပါဦး၊ မိန်းကလေးက ဘယ်ရွာကတဲ့လဲ”

“ရွာသစ်ကြီးက”

ရီးဆေးရိုး၏ မျက်နှာပေါ်က တိမ်ညိုအုပ် ပြယ်စင်သည်။ ရွာသစ်ကြီးက လူများသည် များသောအားဖြင့် ချောင်လည်ကြသည် မဟုတ်လား။ သို့ရာတွင် မိဘမည်ရည်ကို ကြားရပြန်သောအခါ တိမ်မည်း တိမ်ပုပ် လွှမ်းချေ၏။

“ငပြောင်၊ မိမုန်း သမီးတဲ့တော်”

ရွာသစ်ကြီး ဇာတိမဟုတ်၊ ပဝတ္တိ ဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မိုးခေါင်လွန်း၊ လုပ်ငန်း ကိုင်ငန်း ရှားပါးလွန်းသောကြောင့် ပြေးလာသူများ ဖြစ်ရာ လယ်မရှိ၊ ဥယျာဉ်မရှိ၊ ရာသီလိုက် အခစား လုပ်နေရသော မိသားစုပါ။ သို့အတွက် ပြုံးသော ရီးဆေးရိုး မျက်နှာ တည်ရသည်။

“မိန်းကလေးဘက်ကလည်း မသေချာဘဲနဲ့တော့ လိုက်လာမယ် မထင်ပါဘူးလေ”

“ဒါဖြင့် ဘယ်လို လုပ်ကြမတုံး”

“ဟုတ် မဟုတ် တော့်သားရော၊ တော့်ချွေးမရော ဟိုမေးဒီစမ်း လုပ်ကြရတာပေါ့။ ကျုပ်လာတဲ့ အထိတော့ ဘာသတင်းမှ မရသေးဘူး။ ပြောင်းခင်းထဲမှာ တော့်မြေး ရှိ မရှိကို မသိသေးဘူး”

“ဟယ်... ဒါကတော့ဟာ၊ မိန်းကလေးကို တစ်နေရာမှာ သွားထားပြီး သူက ဟန်မပျက် လာနေရင် ရတဲ့ဥစ္စာ”

ရီးကျီးဒန် ငေးငေးကြီး ဖြစ်သွားပြီးမှ တစ်လုံးချင်း မြည်တမ်း၏။

“သူ့နှမဝမ်းကွဲ မင်္ဂလာဆောင်တုန်းကတော့ ကိုယ်က မိန်းကလေးရှင်မို့ မပူရဘူး။ အခု ကိုယ်က ယောက်ျားကလေးရှင် ဖြစ်လာပြီ။ ထောင့်လေးငါးရာနဲ့မှ ဖြစ်ပါ့မလား။ အင်း... လျော်စရာ ဝေးလို့ စားစရာမှ အနိုင်နိုင်”

ထိုအခါ ရီးဆေးရိုး၏ အာရုံသည် သူ့မြေးကို လက်ထပ်မင်္ဂလာကျင်းပပေးသည်အထိ စဉ်းစားရပြီ။ သူ့သားမှာ လင်းဇင်းသောက်လယ်ကို လုပ်သူ။ မြေကို မက်၍ လုပ်နေရငြား ရေမရသောကြောင့် နွားစာ ပြောင်းကြဲပြီး ရိတ်ရောင်း နေရသော လယ်သမား။ သားက မရှိသောကြောင့် ဖအေကို ပြန်ကြည့်ပါဦး။ ဖအေမှာလည်း အဘိုးကြီးအိုနှင့် အမယ်ကြီးအို။ ထိုင်ပြီး စားစရာ မရှိသောကြောင့် လုပ်နေရသူများ။ တွေးရင်း တွေးရင်းက ရီးဆေးရိုး၏ ဦးခေါင်းမှာ ထူပူလာ၏။

“ဟယ်... ရောက်ရားပေါ့ဟာ၊ တွေးပြီး ပူမနေစမ်းပါနဲ့”

ဆေးလိပ်တိုကို လှမ်းဆွဲပြီး ထရပ်သည်။ စိတ်ထဲမှာ အတန်အသင့် ပေါ့သည်။ ညောင်ပင်ရိပ်မှ ခွာလိုက်သော အခါတွင် စိုက်ခင်းခွဲရေးသည်သာ ရီးဆေးရိုး၏ အာရုံထဲ၌ ရှိတော့သည်။

••••• ••••• •••••

သုံးလေးခေါက် မောင်းပြီးသော လယ်ကွက်ထဲသို့ ခြေလှမ်းပြင်ပြီးမှ ပျိုးခင်းဘက်သို့ လျှောက်သည်။ ပျိုးခင်းတွင်းရောင် ရေထွက်ကို ယခုထက်ထိ မကြည့်ရသေးပါ။ ပျိုးခင်းသည် ငှက်ပျောညွန့်ရောင် လှိုင်းအိများနှင့် မြူးတူးနေ၏။

ကောင်းကင်တွင် တိမ်စင်သွားပြီမို့ နေသည် ချစ်ချစ်တောက်အောင်ပူ၏။ တိမ်စင်ပြီ ဆိုလျှင် လေပူကြီးသည် ထုံးစံအတိုင်း တိုက်ခတ်ပြီ။ အရေခွံပူလာအောင်၊ ထူလာအောင် တိုက်လေ့ရှိသောလေ။ တစ်နေ့စာတော့ မိုးရွာဖို့ မျှော်လင့်ချက် ဝေးပြီ။

ပျိုးခင်းတွင်းသို့ ဝင်သောရေကို စမ်းကြည့်၏။ အေးသည်။ ပျိုးခင်းထဲက ရေကို စမ်းရပြန်သည်။ ထိုနည်းလည်းကောင်းပင်။ ပျိုးခင်း ရေငတ်ပြီး အားတိတ်မည် စိုး၍ ရေသွင်းရာတွင် ရေသွင်းရာ မရောက်ဘဲ ရေနွေး ‘ဖျော’ ရာ ရောက်မည် စိုးသောကြောင့် စမ်းကြည့် ငုံ့ကြည့်ရခြင်းပင်။ ပျိုးခင်းတွင်း ‘ရေနေ’ သည် ညီ၏။ ထိုအခါ ရီးဆေးရိုး ကျေနပ်၏။ လယ်ကွက်တွင်း ရေနေ ညီစေရန် အပင်ပန်းခံပြီး ‘ကြမ်းပေါင်’ ရိုက်ခဲ့သည် မဟုတ်လား။ ပျိုးခင်းကို ပီတိမျက်လုံးဖြင့် စိန်းစိန်းကြည့်ရင်း စိုက်ခင်းခွဲလက်စ လယ်ကွက် ဘက်သို့ လျှောက်လာသော ရီးဆေးရိုးသည် နှမ်းခင်း အစပ်သို့ ရောက်လာ၏။ စူးစူးဝါးဝါး တူးတူးခါးခါး အော်လိုက်သော ကြက်တူရွေး တစ်စု။ နှမ်းခင်းထဲတွင် ပါလေကာမျှ ကြဲပက်ထားသော ပြောင်းဖူးပင်များမှ ဖြစ်သည်။ လူရိပ် မြင်သောကြောင့် အော်ဟစ် အချက်ပေးရင်း ထပျံခြင်းဖြစ်မည်။ ထိုအခါ မြေး ခင်မောင်ငြိမ်းသည် အာရုံတံခါးဝသို့ ရောက်လာချင်သည်။

“ဟယ်... ကိုယ် မတတ်နိုင်တာကို ဘာဖြစ်လို့ တွေးပူနေရမှာတုံး”

အာရုံတံခါးကို ရက်စက်စွာ ပိတ်သည်။ တံခါးပတ္တာက သံချေးတက်နေ၏။ ဖြန်းခနဲ အသံကြောင့် လန့်၏။ စိုက်ပစ်ခဲ့သော ငန်းပြား ရေနူးပြီး လဲတာပါတကား အသိဖြင့် နှမ်းခင်းထဲ ဆင်းမိသည်။ ငန်းပြားကို ပြန်စိုက်ရင်းက နှမ်းအုံကြီးဘေးသို့ ကပ်မိလျက်သား ဖြစ်သွား၏။

မဆိတ်မဖဲ့ရဘဲနှင့် အခွံတွေ၊ အခက်အလက်တွေဖြင့် ဝေဆာနေသော နှမ်းပင်ကြီး။ နှမ်းပင်သည် စည်ကား လွန်းသောကြောင့် နှမ်းပင်နှင့် မတူ။ ခရမ်းပင်နှင့်သာ တူနေတော့သည်။ အရှဉ်းလိုက် သီးနေသော နှမ်းသီးများနှင့် ဆည်းလည်း ဆွဲသလို တန်းလန်းကျနေသော အပွင့်ပြာကလေးတွေကြောင့်သာ နှမ်းပင် ဖြစ်ကြောင်း သိသာ၏။ ရီးဆေးရိုး တောက်ခေါက်သည်။

“ကောင်းလိုက်တဲ့ နှမ်းပင်ကွာ၊ တစ်ပင်တည်းကကို တစ်ပြည်ကျော်မလား မသိဘူး”

သူသည် ကြည်နူးစိတ်ဖြင့် နှမ်းပွင့်ကို နမ်း၏။ မွှတ်မွှတ်မွှေးမွှေး အနံ့ကလေးကြောင့် ရင်မှာ ချမ်းမြေ့ရပြန်သည်။ ထိုအခါ ခုနက သံချေးတက်နေသော ပတ္တာသည် သံချေးကွာ၍ တံခါးလုံးလုံး ပိတ်သွားပြီ။ ဆည်းလည်းပြာ နှမ်းပွင့်ကလေးတွေမှာ ရီးဆေးရိုး၏ ရင်တွင်း ဝေဒနာကို မသိငြား၊ လေဝယ် မြူးကြွသည်။ လေနှင့် ဆည်းလည်းပြာတို့၏ ကြားတွင် ရယ်မောသံ ညင်းညင်းကို ကြားရယောင်ရှိ၏။ လေကလော၊ ဆည်းလည်းကလော၊ ရီးဆေးရိုး၏ ဟဒယကလော။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment