❝ ဇာတ်ခုံပေါ်က အလွဲများ ၂၁ ❞
( ဌေးကြည် - စလင်း )
လွဲပြန်ပြီ လူဇော်သစ်ရေ ...
‘ဇာတ်ခုံပေါ်က အလွဲများ’ ဆိုမှ ပညတ်သွားရာ ဓာတ်သက်ပါရင်း လွဲမှာပေါ့ လွဲလိုက်စမ်း လွဲလိုက်စမ်း ကြိုက်သလိုလွဲ လွဲရင် ပြန်တည့်လိုက်ရုံပေါ့။ သို့သော် ဘယ်လိုပဲ တည့်တည့် တည့်ရင်း တည့်ရင်း ထပ်၍ လွဲနေသည်ကိုက အလွဲ ထပ်ဖြစ်နေသည်။
ဇာတ်သဘင်လောက မိုးရာသီ တီးလုံးတိုက်ချိန်ဆိုတော့ မန္တလေး၊ ပခုက္ကူ၊ မုံရွာ၊ ချောက်၊ ဇာတ်များကို လွန်းပျံလှည့်လည် သွားလာရင်း တီးလုံးတိုက်ပေးရသည်။ “တစ်ဖက်မှာ သောင်ထွန်းလျှင် တစ်ဖက်တွင် ကမ်းပြိုသည်” ဆိုတဲ့ စကားဥပမာအတိုင်း ဇာတ်ရာသီအတွက် အော်ပရာသစ်၊ ပြဇာတ်သစ်များ ရေးနေရတဲ့ အတွက် ကဗျာများ မရေးဖြစ်၊ အလွဲများလည်း မပို့ဖြစ် ။ စက်တင်ဘာလထုတ်အထိ အလွဲ ၂ဝ သာ ပါသေးသည်။ ဒါကိုတောင် ကျွန်တော်က ကုန်သေးသည် မထင်ဘဲ ဆက်လက် ထည့်စရာ ရှိသေးသည်ဟု အမှတ် လွဲနေပြန်သည်။
မုံရွာမြို့၊ ရဲထက်အောင်ဇာတ်ပွဲ တိုက်ပေးရင်း အားလပ်တဲ့ အချိန်မှာ မိတ်ဆွေ ကဗျာဆရာ မင်းဆွေနှစ်ရဲ့ ချင်းတွင်း စာပေသို့ သွား၍ မင်းဆွေနှစ်နဲ့ စကားပြော၊ စာအုပ်သစ်များ ကြည့်ရှုရာမှ အောက်တိုဘာလထုတ် ရယ်စရာကို ကြည့်ဖြစ်ခဲ့သည်။ ကျွန်တော့်စာမူ ‘အလွဲများ’ ပါမလာတာကို တွေ့တော့မှ “ကိုမင်းဆွေနှစ်ရေ .. ကျွန်တော့်အလွဲတွေ ကုန်သွားပြီ ထင်တယ်။ လူဇော်ဆီ ဖုန်းဆက်ဦးမှပဲ”... ဆိုပြီး ကိုမင်းဆွေရဲ့ ဟန်းဖုန်းနဲ့ လူဇော်ဆီ လှမ်းမေးတော့ “ဆရာဌေး အလွဲတွေ ကုန်သွားပြီဗျ... ရောက်တဲ့ အရပ်က မြန်မြန်ပို့” လို့ လောဆော်သံ ကြားရတော့တယ်။ မြန်မြန် ပြောသော်လည်း မရေးဖြစ်သေး။ အောက်တိုဘာအတွက် အလွဲ မပါလွဲသွားပေမယ့် ယခု ရောက်သည့်မြို့က မုံရွာ ဆိုတော့ မုံရွာစာပေသမားနှင့် တွေ့ဆုံရ၍ အတည့်ကြီး တည့်နေရပြန်သည်။ တစ်နေ့လုံး တီးလုံးတိုက်ပြီးလျှင်လည်း ကျွန်တော့် အမေရွာ (ပွင့်ဖြူမြို့နယ်၊ ကနီရွာ) မှ မုံရွာတွင် အခြေချ လာရောက် နေထိုင်ကြသော သာစည်ဈေး အရှေ့ဘက်ရှိ “ကိုဝင်းဗိုလ်-မနုနုလွင်” တို့အိမ်တွင် ညအိပ်လေ့ ရှိပါသည်။ ကိုဝင်းဗိုလ်က လောကုတ္တရာစာသမားမို့ သူနှင့် စကားပြောဆိုရတာ အလွန် တန်ဖိုးရှိလှ၍ ‘ တည့်’ ရပြန်သည်။ ညဦးပိုင်းတွင်လည်း ကဗျာဆရာ၊ ပြဇာတ်ဒါရိုက်တာ ‘မုံရွာမောင်ဗိုလ်လူ’ နှင့် ကဗျာအကြောင်း ပြောရ၊ တောတန်းအိုင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကဗျာဆရာ ကိုသန်းထွန်း နှင့်လည်း တွေ့ရ၊ တစ်ခါတစ်ခါ ဘာ သာပြန်ရေးသူ မောင်ရဲခိုင် နှင့်လည်း ဆုံရ။ အရင်တုန်းကဆိုရင် မောင်ယဉ်နိုင် (မုံရွာ) နှင့်လည်း ဆုံရ (ယခု မရှိတော့ပါ)။ အားလပ်တဲ့အခါ ‘မုံရွေး ကြေးမုံ’ ရွာမှာ နေထိုင်သောကဗျာ ဆရာ ကိုဆေးရိုး ထံသို့လည်း သွားရပါ သည်။ တစ်ခါက ကိုဆေးရိုးအိမ်တွင် ကိုအောင်ဝေး နှင့်ပါ ဆုံခဲ့ရဖူးသည်။ မုံရွာ ရောက်တော့ ကိုအောင်ဝေး ခဏခဏ ပြောသော ဦးဘထုံး လက်ဖက်ရည်ဆိုင်ကို သွားချင်ပေမယ့် တစ်ခါမှ မရောက်ဖူးသေးပါ။ အလွဲတွေ ဘယ်လို လွဲပေမယ့် ဒေသန္တရာခရီးစဉ်အရ မုံရွာ နှင့်တော့ အတည့်ကြီး တည့်နေပြန်ပါသည်။
မုံရွာသည် ‘မုံရွာဦးလေးခန့်’ တို့ မြို့။ အသက် ၉ဝ ကျော်၊ ထမင်း လုံးဝ မစားတော့ဘဲ မုန့်လေးမျှသာ စား၍ နေထိုင်သော ပြဇာတ်ဒါရိုက်တာ မြင်းခြံ ဦးအောင်နိုင် နေထိုင်သောမြို့။ BED အောင်သိုက်ကို ပြဇာတ်များ ရေးပေးခဲ့သော မုံရွာကိုသစ်ရဲ့ မြို့။ ‘ကြည်အေး’ ရဲ့ မြို့။ လက်ရှိ ရယ်စရာမဂ္ဂဇင်းကို ဖန်တီးနေသော လူဇော်သစ်ရဲ့ အနုပညာ ချက်မြှုပ်မြို့မို့ မုံရွာမြို့ကို တီးလုံးတိုက်ရင်း ရောက်ခဲ့ရသည်မှာ အလွဲထဲမှ အတည့် ဖြစ်နေပြန်သည်။
‘အတည့်’ ဆိုသော်လည်း ထပ်၍ လွဲရပြန်သည်။ ယင်းမှာ လူဇော်သစ်ထံ အလွဲများ ရေးပြီး ပို့ပေးမည်ဟု ကတိခံခဲ့သော်လည်း စဉ်းစား ရေးချတိုင်း လွဲလွဲနေသဖြင့် ရန်ကုန် ရောက်သည်အထိ အချောသပ် အကောင်အထည် မပေါ်။ သို့ဖြင့် ရန်ကုန်၊ ရယ်စရာမဂ္ဂဇင်းတိုက် ရှိရာ လူဇော်သစ်ဆီ ရောက်တော့ “ဆရာဌေး အလွဲပေး” ဟု ပြောသော်လည်း “နောက်နေ့မှ ယူပါ” ဟု ထပ်ချိန်းရင်း ၅ ရက်လောက် ထပ်လွဲရပြန်သည်။
ချက်ချင်း မပေးနိုင်သည့် အတွက် ၂ဝ၁၅၊ ဇန်နဝါရီလ မှပဲ ထည့်လို့ရတော့မယ်ဟု ပြောပါသည်။
သို့သော် ဤသို့ လွဲနေသော အလွဲတွေထဲမှ လူဇော်သစ် က “ဆရာဌေးရဲ့ အလွဲတွေကို စာအုပ် (၁) အုပ် ထုတ်မယ်” ဟု ရောက်ရောက်ချင်း ဝမ်းသာအားရ ပြောပြသည့် အတွက် အတည့်ကြီး ပြန်တည့်ရပြန်သည်။
လူဇော်သစ် ဆီက ပြန်၍ နောက်နေ့ မနက်တွင် ရွှေခေတ်သဘင် အတွက် ပြဇာတ်စာမူများ သွားပို့ရန် ရန်ကုန်မှ ဧရာဝတီတိုင်းဘက် အထွက် ကံကုန်းရွာကို ရောက်သွားရင်း ထိုဇာတ်နဲ့အတူ ‘တွံတေး’ ဘက် ထပ်ရောက်ခဲ့ရပြန် သည်။ ကဗျာဆရာ အောင်ဆု၊ ကိုရင်နှောင်းတို့နှင့် တွေ့ခဲ့ရ၍ တည့်ခဲ့သော်လည်း ‘မောင်စံဗြော’ နဲ့တော့ လွဲခဲ့ရသည်။ ထိုမှတစ်ဆင့် ရွှေခေတ်သဘင် ဇာတ်နဲ့ ခရီးဆက်ရင်း ‘ငါးသိုင်းချောင်း’ ဘက်ရောက်။ ဟင်္သာတကို ရောက်။ ဟင်္သာတ ရောက်တော့ ကိုမြတ်ခိုင်ဦး က “ဟင်္သာတမှာ နေပါဦး” ဟု တားသော်လည်း စတည်းချလို့ မရ။ ရယ်စရာမဂ္ဂဇင်း အတွက် အလွဲများ ရေးသားရန် ကဗျာဆရာ မောင်ခိုင်တည် ရှိသည့် ဓနုဖြူမြို့နယ်၊ တော်ဝရွာလေး သို့ လာခဲ့ရပြန်သည်။ စာမူအတွက် ယခုလိုမှ ကြံဖန်ကြိုးစား အားမထုတ်လျှင် လူဇော်သစ်နှင့် ကျွန်တော် အိုးစား ကွဲတော့မည်။ တော်ဝ ရောက်တော့ မောင်ခိုင်တည် နှင့် တည့်တည့် တိုးခဲ့ရသည်။ ဝါးရုံတောများ စိမ်းမြနေသော ရွာလေး၏ အရိပ်ကို ခိုလှုံရင်း ‘ဇာတ်ခုံ ပေါ်က အလွဲများ-၂၁’ ကို ရေးသားလိုက်ရပေသည်။
㋡ အသက်ဝင်လှတဲ့ နောက်ခံရှုခင်း
မင်းသားကြီး စိန်ကျော်တင့် ဇာတ်အဖွဲ့ ရွာတစ်ရွာတွင် ပွဲ ကပြစဉ် က ဖြစ်ပါသည်။ မင်းသားကြီး ဦးစိန်ကျော်တင့်နဲ့ သူ့သား ဖြစ်သူ ပြဇာတ်မင်းသား ကျော်ဝင်းတို့မှာ ပရိသတ် အပေါ် စေတနာအပြည့် ထားရှိကြသူများ ဖြစ်ကြသည်။ ပရိသတ်ထံမှ ငွေကြေး ရယူထားသည်နှင့် ထိုက်တန်အောင် ပေးဆပ်ကြသူများ ဖြစ်ကြသည်။ အထူးသဖြင့် ပွဲကြည့်ပရိသတ် ထင်မှတ် မထားသော ဆက်တင်ပြကွက် ဆန်းများကို ဆန်းကြယ်အောင် ပြသတတ်ခြင်းဖြစ်သည်။
ပွဲကသည့် တစ်ညတွင် သား ကျော်ဝင်းက ပြဇာတ်အသစ် တစ်ပုဒ် တင်ဆက်ကပြမည် ဖြစ်သည်။ ဖခင် ဖြစ်သူ ဦးစိန်ကျော်တင့် ကလည်း နောက် ပိုင်းဇာတ်ထုပ် ကပြမည် ဖြစ်သည်။ ကပြမည့် ပြဇာတ်နှင့် နောက်ပိုင်းဇာတ်ထုပ် အသီးသီးတွင် ပရိုဂျက်တာနှင့် ထိုးပြသော ဆက်တင်များလည်း ပါဝင်သည်။ ပြဇာတ်၏ ဇာတ်သိမ်းခန်းတွင် မင်းသားဖြစ်သူက သူ့ချစ်သူ ကောင်မလေးနှင့် လမ်းခွဲရမည်ဖြစ်သည်။ ချစ်သူကောင်မလေး ဖြစ်သူ နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွားသဖြင့် မင်းသားဖြစ်သူ ကြေကွဲရမည့်အခန်း ဖြစ်သည်။ ယင်းအခန်းကို ပရိသတ် အံ့ဩ သွားစေရန်အတွက် ကြိုတင်ပြင်ဆင် ထားသည်။ ပိတ်ကား နောက်ခံပေါ်တွင် ဧရာမ ကြီးကျယ်ခမ်းနားသော လေယာဉ်ကွင်းပုံစံကို ပရိုဂျက်တာနှင့် ဆလိုက်ထိုး၍ ပြသမည်။ ထိုလေယာဉ် ကွင်းပုံရိပ် နောက်ခံပိတ်ကား ရှေ့တွင် မင်းသားဖန်တီးထားသော လေယာဉ်ကြီးက ရွေ့လျားရမည် ဖြစ်သည်။ ထိုလေယာဉ်ပေါ်တွင် မင်းသမီးဖြစ်သူ မျက်ရည်ကျပြီး လိုက်ပါသွားရမည်။ မင်းသား ဖြစ်သူကို လက်ပြနှုတ်ဆက်ရင်း လေယာဉ်လှေကား တစ်လျှောက် ဖြည်းဖြည်းချင်း တက်သွားရမည် ဖြစ်သည်။ မင်းသား ခမျာမှာလည်း ထွက်ခွာသွားသော မင်းသမီး၏ ကျောပြင်ကို ကြည့်ရင်း ချုံးပွဲချ ငိုပွဲဆင်ရမည် ဖြစ်သည်။
ထို့နည်းတူ မင်းသားကြီး ဦးစိန်ကျော်တင့် ကလည်း သူ့နောက်ပိုင်း ဇာတ်ထုတ်အတွက် ဆက်တင်တစ်ခု တင်ဆက်ထားသည်။ ကပြမည့် နောက်ပိုင်းဇာတ်ထုတ်မှာ လှည်းသား ငါးရာ။
ယင်း လှည်းသားငါးရာ အတွက် လှည်းများကို မင်းသားကြီး ကိုယ်တိုင် ဆက်တင် ပြုလုပ်ထားသည်။ နောက်ပိုင်း ဇာတ်ထုပ် စတင်သည်နှင့် ယင်းလှည်းများသည် ဇာတ်စင်ထောင့်မှ တရွေ့ရွေ့ ထွက်ခွာလာရမည် ဖြစ်သည်။
ထိုသို့ သားအဖ နှစ်ယောက်၏ အဆန်းတကျယ် ပြကွက်များအတွက် ဆလိုက်ထိုးသူနှင့် ဆက်တင်ကြိုးဆွဲသူတို့ကို ကြိုတင် မှာကြားထားခဲ့ကြသည်။ မင်းသား၏ ပြဇာတ် ဇာတ်သိမ်းခန်းတွင် လေယာဉ်ကွင်းနောက်ခံမီး ထိုးသည်နှင့် လေယာဉ်တစ်စီး ဆိုက်ရောက်လာရန်၊ ထို့ပြင် ပြဇာတ်အပြီး ခဏအကြာ နောက်ပိုင်းဇာတ်ထုပ် စတင်သည်နှင့် လှည်းသားငါးရာ တဖြည်းဖြည်း ထွက်လာရန် စသဖြင့် မှာကြားထားခဲ့ကြသည်။
ထိုသို့ဖြင့် မင်းသားကျော်ဝင်း နှင့် မင်းသမီး ဖြစ်သူတို့ ပြဇာတ်ကို ကပြရာ ဇာတ်စင်အောက်ရှိ ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးကြသည်။ ချစ်သူနှစ်ဦး၏ ကြည်နူးခန်း ရောက်လျှင် ကြည်နူးလိုက်ကြ၊ လွမ်းဆွေးခန်း ရောက်လျှင် လိုက်ပြီး ဝမ်းနည်းလိုက်ကြဖြင့်။ နောက်ဆုံး ဇာတ်သိမ်းခန်း ရောက်သောအခါ ပရိသတ်များမှာ ထင်မှတ် မထားသော ဆက်တင် မြင်ကွင်းကို တွေ့လိုက်ရသဖြင့် အံ့ဩဘနန်း ဖြစ်ကုန်ကြတော့သည်။ နောက်ခံ လေယာဉ်ကွင်းကြီးကို မင်သက်ရှုမောစွာ ကြည့်နေရင်းမှ လေယာဉ်ကြီး ပြေးလမ်းအတိုင်း ထွက်လာသောအခါ ဟန်တောင် မဆောင်နိုင်ကြတော့။ တရွှီရွှီဖြင့် လက်ခေါက်မှုတ် အားပေးကြတော့သည်။ သို့သော် မင်းသမီးနှင့် မင်းသားတို့ လမ်းခွဲရမည့် ဇာတ်သိမ်းခန်းမှန်း သိသွားကြသဖြင့် ဆူညံနေကြသော အသံများ ချက်ချင်းတိတ်သွားကြပြီး တဟင့်ဟင့် တရွှတ်ရွှတ် ဝမ်းနည်းကုန်ကြတော့သည်။ မင်းသား၏ ရှိုက်ကြီးတငင် ဖြစ်နေပုံ၊ လေယာဉ်လှေ ကားပေါ် တရွေ့ရွေ့ တက်သွားသော မင်းသမီး၏ ဝမ်းနည်းပူဆွေး မျက်ရည်ကျနေပုံတို့မှာ အသက်ဝင်လှသည်။ ထိုသို့ ပရိသတ်အားလုံး ဇာတ်သိမ်းခန်းအတိုင်း မိန်းမောနေကြချိန်တွင် ပိတ်ကားကြီးက တဖြည်းဖြည်းကျလာ တော့သည်။ ပြဇာတ်သိမ်းသွားသည်။ သို့သော်...
ပြဇာတ်အပြီး နောက်ပိုင်းဇာတ်ထုပ် စတင်ရာတွင် အလွဲက စတင်တော့သည်။
ဖြစ်ပုံမှာ နောက်ခံ ဆလိုက်ထိုးသူက သူ၏ လေယာဉ်ကွင်းနောက်ခံ ရှုခင်းကြီးကို ချက်ချင်း မဖယ်ရှားခြင်းကြောင့်ဖြစ်သည်။
ထိုသို့ဖြင့် နောက်ပိုင်းဇာတ်ထုပ် စတင်သောအခါ မင်းသားကြီး ဦးစိန်ကျော်တင့်၏ လှည်းသားငါးရာက ဇာတ်စင်တစ်ဘက်မှ အထွက်၊ နောက်ခံ ပိတ်ကား ပေါ်မှာတော့ လေယာဉ်ကွင်း အတိုင်း။ လေယာဉ်ကွင်းကြီးထဲ လှည်းများ ဆက်တိုက် မောင်းဝင်လာသလို ဖြစ်နေသည်။ မင်းသားကြီးဦးစိန်ကျော်တင့်က အလွဲကို သိသော်လည်း ချောလဲရောထိုင် သဘောမျိုးဖြင့် ဆက်လက် ကပြနေရသည်။ ကပြနေရင်း မီးဆလိုက်ထိုးသူကို ရှာနေသော်လည်း မတွေ့။
ထိုအခါမှ ပရိသတ်အားလုံးမှာ သဘောပေါက်သွားကြကာ တဝါးဝါး တဟားဟား ထရယ်ကြတော့သည်။ မင်းသားကြီးဦးစိန်ကျော်တင့် ခမျာ ပရိသတ် ရယ်သံကြားမှာ တရှူးရှူး ဒေါသထွက်ရင်း ဆက်လက် ကပြလို့ မရေတော့သဖြင့် ပိတ်ကား အမြန် ချလိုက်ရလေတော့သည်။
(စာကြွင်း ။ ။ ဤ ‘အလွဲ’ လေး ရေး၍ ပရိသတ်အပေါ် စေတနာထားတတ်သော မင်းသားကြီး ဦးစိန်ကျော်တင့်ကို အလွမ်းပြေ ဂုဏ်ပြုလိုက်ရပါသည်)
••••• ••••• •••••
㋡ ထူးဆန်းတဲ့ တောက်ခေါက်သံ
“တောက်ခေါက်သံ” .. တဲ့။ “တောက်ခေါက်သံ” ဆိုသော စကားကို ကြားရလျှင် ကျွန်တော် အလွန် ရင်ခုန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ငယ်စဉ်ခါက မကွေးတိုင်း မကွေးမြို့ “မြသလွန်” ပွဲတော်သို ကျွန်တော့်ဦးလေး ဦးတင်ကြီးနှင့် အတူ သွား၍ ဇာတ်ပွဲများ သွားရောက်ကြည့် ရှုခဲ့ကြဖူးသည်။ မှတ်မှတ်ရရ ထိုအချိန်က မုံရွာမြို့မှ နိုင်ငံကျော် မင်းသား တစ်လက် ဖြစ်သော “ရွှေမန်းအောင်ဝင်း” ဇာတ်တွင် ဖြစ်သည်။ ပြဇာတ် တာဝန်ယူရသူမှာ ရုပ်ရှင်မင်းသား မြတ်လေး၏ အိုက်တင်ကို ယူ၍ နိုင်ငံကျော်အောင် ကပြခဲ့သော မင်းသား လူငယ်ကြည်ခိုင် ဖြစ်သည်။
ထိုစဉ်အခါက ရုံဝင်ခနှုန်းမှာ လူတစ်ဦးကို ငါးကျပ် ဖြစ်သည်။ ဇာတ်တိုင်းက တစ်ညတာ ကပြမည့် အော်ပရာ၊ ပြဇာတ်၊ နောက်ပိုင်းဇာတ်ထုပ် နာမည်များကို ဇာတ်ရုံဝ ရှေ့တည့်တည့် ဝင်ပေါက်တွင် စာလုံးကြီးများဖြင့် ရေး သား၍ ကြေငြာထားလေ့ရှိသည်။
(မှတ်ချက်။ ။ ယခုခေတ် ဇာတ်သဘင်များတွင် ထိုသို့ ကြေငြာတာမျိုး မရှိတော့။ ရှိရင်လည်း ရှားပါးလိမ့်မည်။ အောက်မေ့ဖွယ်ရာ မှတ်တမ်း တစ်ခုပါ။)
ကြေငြာထားသော ပြဇာတ်မှာ လူငယ်ကြည်ခိုင်၏ “တောက်တချက်ခေါက်၍ ပြန်ရခြင်း” ... ဟူ၍။ ဇာတ်ကွက် တစ်ခုမှာ ကြည်ခိုင်က သူ့မိန်းမ လင်ငယ်နေသည်ကို သိ၍ ပေါက်ကွဲသော အခန်းဖြစ်ပါသည်။ ‘တောက်’ ဟူသော အသံမှာ တော်တော်ပြင်းထန် လှသည်။ ရင်ထဲအထိ လှိုက်ဝင်သွားစေသော အသံဖြစ်သည်။ ထိုအချိန်က ကျွန်တော့်အသက်မှာ ငယ်သေး၍ ‘တောက်’ မခေါက်တတ်သေး။ တောက်ခေါက် ကျင့်နေသော ကာလလည်း ဖြစ်သည်။ ဆက်လက်၍ ထိုမကွေးပွဲတော်မှာပဲ “ဆရာမြို့တော်မောင်ယဉ်အောင်” ရေးသား၍ “မြို့တော်ဦးသိန်း အောင်” ကပြသည့် ပြဇာတ်တစ်ပုဒ်ကို ကြည့်ဖူးသည်။ ပြဇာတ်အမည်မှာလည်း ‘ရိုးပြတ်တောမှ တောက် ခေါက်သံ ...’ ဟူ၍။ ထိုပြဇာတ်ထဲတွင်လည်း တောက်ခေါက်သံ ပါသည်။ မြို့တော်ဦးသိန်းအောင်၏ အာခေါင်ကို လျှာနှင့် ထောက်၍ ခေါက်လိုက်သော တောက်ခေါက်သံကို ယခုအချိန်ထိ ကျွန်တော့် နားထဲက မထွက်။
ယခု ပြောပြမည့် တောက်ခေါက် သံကတော့ ‘အလွဲတောက်ခေါက်သံ’ ဖြစ်သည်။ မအူရွာမှ ရွာသား ပြဇာတ်မင်းသား ‘လင်းစိန်’ ပြောပြသည့်အလွဲ ဖြစ်မည်။
ရေစကြိုမြို့နယ်၊ လင်္ကာတောရွာ (ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ရွာ) တွင် ရွာသားပြဇာတ် ကစဉ်က ဖြစ်ပါသည်။ ရွာသားဇာတ်ပွဲတို့၏ ထုံးစံအရ ပြဇာတ်မင်းသား လုပ်ချင်သူများ အလွန် များပြားလှသည်။ မင်းသား လုပ်ချင်လျှင် ရန်ပုံငွေ ဘယ်လောက် ထည့်ဝင်မှ၊ ဘယ်လောက် များမှဟု သတ်မှတ်ထားသဖြင့် တော်တော်တန်တန် လူငယ်များ သရုပ်ဆောင်ခွင့် မရကြ။
သို့သော် မင်းသား လုပ်မည့်သူ တစ်ယောက်တော့ ပေါ်လာသည်။ ယင်း လူငယ်မှာ မင်းသား လုပ်ချင်လှသဖြင့် ရန်ပုံငွေ ငါးသောင်း ထည့်ဝင်တော့သည်။ ခက်နေသည်က မင်းသား လုပ်မည့်သူမှာ စွယ်စုံ မရ။ လူငယ်သဘာဝ အတိုက်အခိုက်၊ အသတ်အပုတ် ကျွမ်းကျင်သော်လည်း ပြဇာတ်၏ အဓိက အသက်ဖြစ်သော အသံတစ်ခုကို ဘယ်လိုမှ မရ။ ‘တောက်ခေါက်သံ’ ပင်ဖြစ်သည်။ ပြဇာတ် အမည်ကလည်း ‘တောက်ခေါက်သံ ရန်ကြွေး’ ဖြစ်နေသဖြင့် ပြဇာတ်မင်းသား လုပ်မည့်သူသည် မည်သို့သော နည်းနဲ့မျှ တောက် မခေါက်တတ်လို့ မရ။ ထို့ကြောင့် ပြဇာတ်ဒါရိုက်တာလုပ်သူက ထိုပြဇာတ်မင်းသား လုပ်မည့်သူကို တောက်ခေါက် တတ်အောင် ကျင့်ဖို့ မနည်း မောင်းနေရ တော့သည်။ ထည့်ဝင်ထားသော ရန်ပုံငွေ မျက်နှာကလည်း ရှိနေသေးသည် မဟုတ်လား။ ပြဇာတ်မင်းသား လုပ်မည့်သူကလည်း ဒါရိုက်တာ ညွှန်ကြားထားသည့်အတိုင်း တောက်ခေါက်တတ်ဖို့ ကျင့်တော့သည်။
တစ်ရက်။
နှစ်ရက်။
သုံးရက်မြောက်သောအခါ တော်တော် ကျင့်သားရလာပြီဟု ပြောရမည်။ ပြဇာတ်မင်းသား လုပ်မည့်သူ၏ တောက်ခေါက်သံမှာ တော်တော်ပြင်းထန်လာသည်။ ဒါရိုက်တာ လုပ်သူလည်း တော်တော် ပျော်ရွှင်လာသည်။
ထိုသို့ဖြင့် ဇာတ်ကမည့် ညသို့ ရောက်လာသည်။ ဇာတ်လမ်းသဘောအရ ပြဇာတ်မင်းသား ဖြစ်သူနှင့် မင်းသမီးတို့သည် နှစ်ဦးသဘောတူ ချစ်ကျွမ်းဝင်ကြသော်လည်း နှစ်ဖက်မိဘတို့၏ စနက်ကြောင့် လမ်းခွဲခဲ့ရသည်။ မင်းသမီး၏ မိဘများက သူ့သမီးကို မင်းသား လိုက်မရှာနိုင်သော နယ်စပ် တစ်နေရာသို့ ပို့လိုက်သည်။ နယ်စပ် ရောက်သွားသော သမီး ဖြစ်သူမှာ ဘဝကြမ္မာပေး မလှသဖြင့် သောင်းကျန်းသူတို့၏ စော်ကားခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် ကိုယ်ဝန်ရလာသည်။ ထိုအခါမှ မင်းသမီး မိဘများက မင်းသားနှင့် နွားမရွှံ့ပိတ် ပေးစားသည်။ ပေးစားသော်လည်း မင်းသားက လက်မခံ။ အဘယ့်ကြောင့်ဆိုသော် မင်းသမီးကို စော်ကားလိုက်သူမှာ သူနှင့် ငယ်ဘဝတည်းက အစစအရာရာ ပြိုင်ဆိုင်ခဲ့ကြသော ပြိုင်ဘက် တစ်ဦးဖြစ်သူ မင်းသူ ဖြစ်ကြောင်း ကြိုသိနေခြင်းကြောင့် ဖြစ်သည်။ မင်းသူမှာ သူနှင့် ရန်ဖြစ်ပြီး ထောင်ကျ၊ ထောင်ပြေးတစ်ဦး ဘဝမှ တောခိုသွားကာ တောထဲတွင်လည်း ဆက်လက် ခိုးဆိုးနေသည်။ ထောင်ပြေးတစ်ဦး ဘဝ မရောက်ခင်က မင်းသားကို ‘တွေ့ရာသင်္ချိုင်း ဓားမဆိုင်း’ ဟု စိန်ခေါ်ခဲ့ဖူးသည်။ ထို့ကြောင့် မင်းသားက သူ့ချစ်သူကို စော်ကားလိုက် သော သူ့ပြိုင်ဘက် မင်းသူကို ဒေါသ အကြီးအကျယ် ထွက်ကာ မိုက်ခရိုဖုန်းနား ကပ်၍ ‘တောက်’ ခေါက်ရမည်ဖြစ် သည်။ အံကြိတ်ပြီး မာန်ခဲကာ ခေါက်ရမည် ဖြစ်သည်။ သို့သော် ဖြစ်ချင်တော့ မင်းသား ခေါက်လိုက်သော တောက်ခေါက်သံမှာ ‘တောက်’ ဟု မမြည်ဘဲ ‘ကလပ် ... ကလပ်’ ဖြစ်နေသည်။ ထိုသို့ ဖြစ်ရခြင်း အကြောင်း အရင်းကလည်းရှိသည်။ မင်းသား လုပ်မည့်သူသည် ပြဇာတ် မကခင် ညနေက အဖန်စာ ဖြစ်သော သီးသီးစိမ်းကို စားခဲ့ခြင်းကြောင့်ဖြစ်သည်။ သီးသီး၏ အဖန်ဓာတ်က သူ၏ လျှာကို ထုံထိုင်းစေကာ တောက်ခေါက် မရခြင်း ဖြစ်သည်။
ထိုအခါ မင်းသားမှာ ဇောချွေးများ ပျံလာပြီး ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ်ကာ မိုက်ခရိုဖုန်း ရှေ့တွင် ငူငူကြီး ရပ်နေတော့သည်။ တောက်ခေါက်သံ အစား လက်ဖျောက် တီးရအောင်ကလည်း မတီးတတ်ပြန်။ ထို့ကြောင့် ဇာတ်စင်ထောင့်ရှိ ဒါရိုက်တာ လုပ်သူထံ လှမ်းကြည့်ကာ ရှက်ရယ် ရယ်နေတော့သည်။ ဒါရိုက်တာလည်း ပြာယာခတ်သွားသည်။ ယခုအတိုင်းဆိုရင်တော့ သူရော၊ မင်းသားပါ ပရိသတ် ရှေ့မှာ အရှက်ကွဲရတော့မည်။ ထို့ကြောင့် “အသံထွက် ပြီးရော ... မင်း လုပ်ချင်ရာ လုပ်တော့ကွာ” ဟု နှစ်ကိုယ်ကြား ပြောလိုက်သည်။ ထိုအခါမှ မင်းသားလည်း ဉာဏ်အလင်း ပွင့်သွားကာ မိုက်ခရိုဖုန်းနား ကပ်၍ လက်ခေါက်မှုတ်လေတော့သည်။
“ရွှီ ... မင်းသူ မင်း ငါ့လက်က လွတ်အောင် ပြေးထားပေါ့ကွာ ... ရွှီ”
မင်းသားကို ကြည့်ပြီး ပရိသတ်အားလုံး တဝါးဝါး တဟားဟားဖြင့် ပွဲကျသွားကြသည်။ ပွဲကျရုံနှင့် မပြီး။ ယခုလို ထောပနာပြုသံများလည်း ဟိုမှ ဒီမှ ထွက်လာလေသည်။
“ကောင်းလိုက်တဲ့ ဒေါသဖြစ်နည်းအသစ် ... ဒါမှ တို့မင်းသားကွ... ချသာချ”
ဒါရိုက်တာကြီး ခမျာမှာတော့ ဇာတ်စင့်ထောင့်ရှိ တိုင်ဖုံးကြားမှာ တစ်ယောက်တည်း ငုတ်တုတ်။
㋡ နောက်ဆုတ်တဲ့ လေယာဉ်ပျံ
မုံရွာမြို့ ‘နန္ဒဝန်’ ရပ်ကွက်တွင် ဇာတ်ဆရာ ရန်ကုန်ဇော်ဝင်း၏ သား ‘ရဲထက်အောင်’ ဇာတ်ပွဲကို တီးလုံးတိုက်ပေးစဉ်က လူရွှင်တော် မုံရွာရှပ်တေး ပြောပြသည့် အလွဲတစ်ခုကို တင်ပြလိုက်ရပေသည်။
ဒါရိုက်တာကျော်လေး ပြဇာတ် စီးသော မြင်းခြံဇာတ်တစ်ဇာတ် ‘ဂန့်ဂေါ’ ဘက်တွင် ပွဲကစဉ်က ဖြစ်သည်။ ထိုခေတ်မှာ စက်ကရိယာများ မထွန်းကားသေးသော ခေတ်မို့ လျှပ်စစ်ဂစ်တာ မပေါ်သေး။ ပြဇာတ်ကို ‘ဆိုင်း’ ဖြင့် ရှာတာ ပို့ပေးရပါသည်။ စစ်မြေပြင် တိုက်ပွဲပြဇာတ်များ ကပြလျှင်လည်း ယမ်းငွေ့ အစား ဇာတ်ခုံထိပ်ဖျားမှ နေ၍ မန်ကျည်းပြာမှုန့်များ ဖြူးပေးရသည်။
ပြာမှုန့်များများ ဖြူးလိုက်လျှင် အောက်တွင် တီးပေးနေသော ဆိုင်းသမားများ၏ မျက်နှာမှာမှာ ထုံးသုတ်စရာ မလိုဘဲ အလိုလို အဖွေးသား ဖြစ်ကုန်သည်။
တစ်ညတွင် “နွေရယ် မိုးရယ် ဆောင်းရယ်” ဆိုတာ စစ်မြေပြင် တိုက်ပွဲပြဇာတ် တစ်ပုဒ် တင်ဆက်ကပြသည်။ ယင်းပြဇာတ်မှာ သေနတ်သံ များများ တိုက်ပွဲခန်းများများ ပါသော ပြဇာတ် ဖြစ်ပါသည်။
ပြဇာတ်မင်းသားမှာ စစ်ဗိုလ်အဖြစ် သရုပ်ဆောင်ရပြီး တိုက်ပွဲထဲတွင် သေနတ်မှန်၍ ပေါင်တစ်ဘက်ကို ထိသွားသည့် အတွက် သူ့မိတ်ဆွေ ဒေါက်တာ ရှိသည့် နိုင်ငံခြားသို့ လေယာဉ်ပျံဖြင့် သွား၍ ဆေးကုရမည်ဖြစ်သည်။ ယခု ပြဇာတ်တွင်လည်း လေယာဉ်ပျံသန်းခန်း ပါဝင်သည်။
သို့သော် ယခု လေယာဉ်မှာ ဆက်တင်ဖြင့် ပြုလုပ်ထားသော လေယာဉ် မဟုတ်ဘဲ နောက်ခံပိတ်ဖြူ ကားပေါ်သို့ ဆလိုက်မီး ထိုး၍ ပျံသန်း ပြရမည့် လေယာဉ်ပျံ ဖြစ်သည်။
ထိုညက ကပြသူ အားလုံးမှာ ပွဲဆက် များပြီး နေ့ချင်းကူးနေရသဖြင့် အိပ်ရေးပျက် များနေကြပါသည်။ ဆလိုက်မီး ထိုးရမည့်သူမှာလည်း အိပ်ရေးပျက်၍ အိပ်မှုန်စုံမွှား ဖြစ်နေပုံရသည်။ လေယာဉ်ပျံဆလိုက်မီး မှန်ချပ်ကို အတည့်မထိုးဘဲ ဘေးတိုက်ပြောင်းပြန် ထိုးလိုက်သည်။ ထိုသို့ဖြင့် နောက်ခံပိတ်ဖြူကားပေါ်တွင် အရုပ်ထင်လာသော လေယာဉ်ပျံကြီးမှာ ရှေ့သို့ မသွားဘဲ နောက်ပြန်ချည်း သွားနေလေသည်။ နောက်ပြန် ပြေးနေသော လေယာဉ်ကြီးကို ကြည့်ပြီး ပရိသတ်များ တဟားဟား ရယ်ကြတော့သည်။
ထိုပြဇာတ်ကို ဒါရိုက်တာ လုပ်သူ ကျော်လေးလည်း ဇာတ်စင်ဘေးမှာ ထိုင်ရင်း ဇဝေဇဝါ ဖြစ်သွားသည်။ သူကိုယ်တိုင် နောက်ခံပိတ်ကားကို မကြည့်မိ။ “ရယ်စရာအခန်း မဟုတ်ပါဘဲ ပရိသတ်တွေ ဘာကြောင့် ရယ်နေရသလဲ” ဟုလည်း တွေးနေသည်။ ထို့ကြောင့် ရှေ့ဘက်သို့ ထွက်၍ ကြည့်ရာ ပိတ်ဖြူကားပေါ်က အလွဲကို သိမြင်ရတော့သည်။ လေယာဉ်ပျံကြီး နောက်ပြန် သွားနေသည်ကို တွေ့လိုက်ရ၍ ဒေါသထွက်နေသော်လည်း ပရိသတ် ရှေ့မှာမို့ မပေါက်ကွဲရဲ။ ‘ဘယ်လို ပရိယာယ် သုံးလျှင် ကောင်းမလဲ’ ဟု တွေးရင်း ဆလိုက်မီးထိုးသူထံ လျှောက်သွားလိုက်သည်။ ပရိသတ် မမြင်အောင် ဆလိုက်ထိုးသူကို နပန်း တစ်ချက်တီး ပစ်လိုက်သည်။ လေယာဉ် အတည့် ပြန်ထိုးဖို့ မှာကြားခြင်းနှင့်အတူ စင်ပေါ်သို့ တက်လာသည်။ ပြီးနောက် သူ့ကိုယ်သူ ဇာတ်လမ်းထဲက သရုပ်ဆောင်တစ်ဦး အသွင်ယူကာ ပြဇာတ်မင်းသားအနား သွားပြီး “ဟေ့ကောင် ... မင်းတို့ လေယာဉ်ပျံ နောက်ပြန် လိမ့်နေတယ်...ဂျမ်းတုံးခု... ဂျမ်းတုံးခု” ဟု အော်ပြောလိုက်သည်။ တော်သေးသည်။ မင်းသား အလိုက်တသိ ဂျမ်းတုံး သွားခုပေးချိန်နှင့်ဆလိုက်မီးမှန်ချပ် အတည့် ပြန်ထိုးပေးချိန် ကွက်တိ ကျသွားသဖြင့် ဇာတ်လမ်းကို ဟန်မပျက် ဆက်ကလို့ ရသွားသည်။
ရယ်မောနိုင်ကြပါစေ။
▢ ဌေးကြည် (စလင်း)
📖ရယ်စရာ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၅
No comments:
Post a Comment