Wednesday, September 2, 2026

ကိုယ့်ကိစ္စ ကိုယ်ရှင်း


❝ ကိုယ့်ကိစ္စ ကိုယ်ရှင်း ❞
           ▢  ကိုလုံ

တစ်ခါက ဌာနတစ်ခုတွင် ဖြစ်၏။ ထိုဌာနတွင် လန်တန်တန် ပျံတန်တန် စာရေးမလေး တစ်ဦးရှိ၏။ ထိုစာရေးမလေးသည် ဦးစီးအရာရှိနှင့် ဒု-ဦးစီးအရာရှိ နှစ်ဦးလုံး၏ တိတ်တိတ်ပုန်း မယားလည်း ဖြစ်သည်။

သို့ဖြင့်... တစ်ရက်တွင် ထိုစာရေးမ၌ မဖုံးနိုင် မဖိနိုင် မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိလာတော့သည်။ မကြာခင် မွေးဖွားရန်လည်း ဖြစ်လာလေသည်။ စာရေးမလေးကလည်း ပွင့်ပွင့်လင်းလင်းပင်။ နှစ်ဦးလုံးနဲ့ အတူ နေလို့ရတာဟု ဆို၏။

အရာရှိ နှစ်ဦးစလုံး မျက်ကလဲဆန်ပြာ ဖြစ်ကြတော့သည်။ ပြီးနောက် ခေါင်းချင်းရိုက် ဆွေးနွေးတော့သည်။ သို့ဖြင့် အာဏာပိုရှိသော ဦးစီးအရာရှိက ဒုဦးစီးအရာရှိနှင့် စာရေးမလေးတို့ကို နယ်တစ်နယ်သို့ စေလွှတ်လိုက်၏။ အစိုးရ တာဝန်အရ စေလွှတ်သယောင်ယောင် ရုံးစာကိုပင် သေချာ ထုတ်လိုက်သေးသည်။ အမှန်တကယ် ရည်ရွယ်ချက်မှာ နယ်တွင် ကလေး သွားမွေးရန် ဖြစ်ပြီး မွေးဖွားခြင်းကိစ္စ ပြီးဆုံးမှ ပြန်လာရန်လည်း မှာကြားလိုက်သည်။ ထိုသို့ဖြင့် စာရေးမနှင့် ဒုဦးစီးအရာရှိတို့ ကိုလည်း ဘယ်လိုမှ မငြင်းသာတော့ဘဲ ကြည်ဖြူစွာ လက်ခံလိုက်ကြ၏။

နှစ်ပတ်ခန့် ကြာသောအခါ ဦးစီးအရာရှိထံ ဒုဦးစီး ပို့လိုက်သော ကြေးနန်းစာ တစ်စောင် ရောက်လာလေသည်။

“ဆရာရေ... အမြွှာလေး မွေးတယ်။ ကျွန်တော့် ကလေးကတော့ မွေးမွေးချင်း သေသွားတယ်။ အခု ကျန်တဲ့ ဆရာ့ကလေးကို ကျွန်တော် ဘာလုပ်ရမလဲ
          ပုံ/ ဒုဦးစီးအရာရှိ”

ဟူ၍။

▢  ကိုလုံ
📖 ရယ်စရာ မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၅

No comments:

Post a Comment