❝ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ❞
( မော်မော့်မောင် )
သံလွင်တံတား မဆောက်ရသေးခင် ကာလတုန်းကမို့ ကြာပြီလို့ပဲ ပြောပါတော့။ အဲဒီတုန်းက အခု ဓမ္မဝိဟာရတောရ ကျောင်းဝန်းနေရာဟာ ကူးတို့ဆိပ်။ တရုတ်လှရွာနဲ့ ဘားကပ်ရွာရဲ့ ကူးလူးဆက်ဆံရေးလမ်းကြောင်းပေါ့။ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း အတွက် မရှိမဖြစ် နေရာတစ်ခုလို့ ပြောရမယ် ထင်ရဲ့။
တရုတ်လှရွာဘက်ကမ်းက ကူးတို့ဆိပ်နားမှာ နတ်ရုပ်တု တစ်ခု ရှိတယ်။ လှေသမားတွေ ပြောကြတာကတော့ ဆိုင်ရာ ပိုင်ရာ ဘိုးဘိုးကြီးနတ်တဲ့။ နာမည်ကိုတော့ မသိဘူးဆိုပဲ။ တရုတ်လှရွာကနေ ဘားကပ်ရွာဘက်ကို ကူးချင်တယ် ဆိုရင် ကူးတို့ခ အပြင် ဘိုးဘိုးကြီးနတ် အတွက် ပူဇော်ကြေး ပေးရတယ်။ ပူဇော်ကြေး ဆိုလို့ ငွေလို့ မထင်လိုက်နဲ့ဦး။ ခရီးသည်မှာ ပါလာတဲ့ အပိုပစ္စည်းတွေထဲက တစ်ခုခုကို ထားခဲ့ရတာ။ ရိုးရာဓလေ့ ဖြစ်သလို အရိုးစွဲနေတဲ့ ယုံကြည်မှုဆိုလည်း မမှားဘူး။ တကယ်လို့ မထားခဲ့ရင် တစ်ခုခု ဖြစ်မယ်လို့ အစွဲရှိကြတယ်လေ။ ပယ်ရှားသူလည်း မရှိသလောက်ပါဘဲ။ နတ်ကိုင်မှာလည်း ကြောက်ကြတာကိုး။
တစ်ရက်မှာတော့ ကူးတို့ဆိပ်ကို မောင်နိုင် ရောက်လာတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး၊ နွားသားအမိ နှစ်ကောင်နဲ့။ ထုံးစံအရ ဆိုရင် ဒီဘက်ကမ်းမှာ အပိုပစ္စည်းထဲက တစ်ခုခုကို စတိသဘောမျိုး ထားခဲ့ရမယ်။ ခါတိုင်းလည်း ထားခဲ့နေကျပါပဲ။ ဒါပေမဲ့ ဒီတစ်ခါ ထားခဲ့ရမှာက နွားတစ်ကောင် ဖြစ်နေတော့ မောင်နိုင်က မထားခဲ့ချင်ဘူး။ နှမြောစရာကြီး မဟုတ်လား။ လှေသမားကို ဈေးဆစ်တာလည်း မရဘူး။ မထားခဲ့ရင် ဟိုဘက်ကမ်းကို လိုက်မပို့ရဲဘူးတဲ့။
ဆိုတော့ မောင်နိုင် အကျပ်ရိုက်သွားတယ်။ ဒါပေမဲ့ ခဏပါပဲ။ သူ့ ရွတ်တွတ်တွတ် ဗီဇရဲ့စေ့ဆော်မှုအရ ဆုံးဖြတ်ချက်တစ်ခု ချပြီး ချက်ချင်း အကောင်အထည် ဖော်လိုက်လေရဲ့။ နွားမကြီးရဲ့ နွားဖားကြိုးကို နတ်ရုပ်ရဲ့လက်မောင်းမှာ သွားချည်လိုက်တာပဲ။
“ကဲ ... ဘိုးဘိုးကြီးရေ၊ ကျွန်တော့်နွားကို ထုံးစံအတိုင်း ထားခဲ့ပြီနော်။ သေချာ ခေါ်ထားပေတော့။ ဘိုးဘိုးကြီး အသုံးမကျလို့ လွတ်ထွက်သွားရင် ကျွန်တော်နဲ့ မဆိုင်ဘူး။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ”
အဲသလို ပြောပြီး မောင်နိုင်က လှေပေါ် တက်တယ်။ နွား ပေါက်ကလေးကတော့ ဘေးကနေ ရေကူးပြီး လိုက်ရတာပေါ့။ လှေထွက်ပြီး ဘာကြာလို့တုန်း။ နွားမကြီးက ဝမ်းခေါင်းသံကြီးနဲ့ အော် ဇွတ်ရုန်းပြီး သူ့ ကလေးနောက်ကို လိုက်ဖို့ ကြိုးစားပါလေရော။ အစကတည်းက လျော့တိလျော့ရဲ ချည်ထားခဲ့တာမို့ နွားမကြီး တစ်ချက် ရုန်းလိုက်တာနဲ့ ကြိုးက လွတ်သွားပြီး သံလွင်မြစ်ထဲကို ရောက်သွားတော့တာပဲ။
တော်သေးတာပေါ့။ မောင်နိုင်က ကြိုးကို ချည်တယ် ဆိုရုံလေး ချည်ထားခဲ့လို့၊ မဟုတ်ရင် သားဇော ကပ်နေတဲ့ နွားမ ကြီးရဲ့ ရုန်းအားကို တောင့်ခံနိုင်မှာ မဟုတ်တဲ့ ဘိုးဘိုးကြီး နတ်ရုပ်ခမျာ နွားမကြီး နောက်က တန်းလန်းတန်းလန်းနဲ့ ကပ်ပါပြီး မြစ်ထဲမှာ ပက်လက်မျောပါနေရဦးမှာ..။ ။
▢ မော်မော့်မောင်
📖 မဟေသီ မဂ္ဂဇင်း
မတ်လ ၊ ၂၀၂၀
No comments:
Post a Comment