Friday, September 25, 2026

ကြောင်ပန်းစေ့မှ စသော မီး

❝ ကြောင်ပန်းစေ့မှ စသော မီး ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

“အဲဒါနဲ့ ပြည့်ဝဟာ ဒါလောက်လှတဲ့ ငါ့ကို ရေခပ်ခိုင်းရပါမလား ဆိုပြီး ရေအိုးကို ရိုက်ခွဲပြီး အိမ်ပြန်သွားသတဲ့။ အိမ်ကြီးရှင်က ရေအခပ် မခိုင်းဘဲ ဘယ်နေမလဲ။ ရေအိုး ကွဲရမလားဆိုပြီး လှိမ့်ရိုက်တယ်။ ရိုက်ပြီးတော့မှ သားရေရေအိုးကြီး ပေးလိုက်သတဲ့” 

“သနားစရာနော် အမေကြီး”

“ရေတွင်း ရောက်လာတဲ့အခါ သားရေရေအိုးကြီးကို ရိုက်ခွဲပေမဲ့ မကွဲဘူး။ မကွဲတော့မှ ခွေးတွေ ခေါ် ကျွေးသတဲ့။ ခွေးတွေက သားရေ ရေပုံးကြီးကို စားနေတုန်း ရေတွင်းထဲ ငုံ့ကြည့်ပြီး ဒါလောက် လှတဲ့ ငါ့ကို ရေခပ် ခိုင်းရသလားလို့ အော်ပြီး ခွေးတွေကို ရိုက်နေတုန်း ခစ်ခနဲ ရယ်သံကို ခေါင်းပေါ်က ကြားရသတဲ့”

“မင်းသမီးလေးပေါ့နော်”

“အေးပေါ့၊ မင်းသမီးကလေး မာလာငွေဖော့ရဲ့အရိပ်ကို သူ့အရိပ် ထင်ပြီး...”

“ဖြောင်း... ပလုတ်တုတ်”

ဖြောင်းခနဲ အသံနှင့်အတူ တစ်စုံတစ်ရာသည် ရီးကျီးဒန်အား လာရောက် ထိမှန်သည့်အတွက် ရှေးစကား အပြော ပျက်သွားတော့သည်။

တစ်စုံတစ်ခုသည် ကြောင်ပန်းစေ့ဖြစ်၏။ ရီးကျီးဒန်၏ ပေါင်ကို ထိမှန်ကာ မြေပြင်ပေါ်သို့ ကျသွားသည်။ ကြောင်ပန်းစေ့ ထိမှန်သည့်အတွက် နာလှသည် မဟုတ်သော်ငြား စပ်တော့ စပ်သည်။ ဖြောင်းခနဲ မြည်သံမှာ ကြောင်ပန်းစေ့ကို ဝါးဗြောက်ထဲ ထည့်ပစ်ရာမှ ထွက်ပေါ်လာသော အသံဖြစ်၏။

ကလေးများသည် အခါရာသီ ရွေးနေလေ့ မရှိပေ။ ရွာထဲတွင် ကလေး တစ်ယောက်ယောက်က တဖြောင်းဖြောင်း အသံပေးလျက် ဝါးဗြောက် စတင်ကိုင်ပြီ ဆိုလျှင် သုံးလေးရက် အတွင်း ရွာလုံးကျွတ်ရှိ ကလေးများလက်တွင် ဝါးဗြောက်ကိုယ်စီ ရောက်ပြီး လေးထပ်ကျောင်း ပရိဝုဏ်တွင်းက ဝါးရုံအုပ်ကြီးလည်း သေဖို့ ပြင်ပေရော့။ ယခုလည်း ရွာထဲတွင် ဝါးဗြောက် ခေတ်ထနေသည်။ ရီးကျီးဒန်အား ပစ်သူမှာ မချောစိန်၊ မလှမေ နှစ်မိပေါက်မှ တစ်ကောင်ကောင်ဖြစ်မည်။

ရီးကျီးဒန်သည် ကြောင်ပန်းစေ့ကို ငုံ့ကြည့်လိုက်၊ ဟိုဟိုသည်သည် ကြည့်လိုက်ဖြင့် လက်သည်ကို ရှာနေ၏။ ဝါးဗြောက်ဖြင့် ပစ်သူသည် ကောက်လှိုင်းဆိုင်၏ ဟိုဘက်တွင် ပုန်းကွယ်နေ၏။ ကောက်လှိုင်းများ အိမ်ရှေ့ရောက်နေပြီမို့ ရီးကျီးဒန်တို့ အေးအေးလူလူ လုပ်နေ၏။ နွားကိုလည်း ဝါထွန်ရေးငင်ရမည်မို့ အားမွေးထားသည်။ စပါး အနယ်မခိုင်း၊ စပါးစေ့ကို လက်ဖြင့်သာ ရိုက်ပုတ် ခြွေယူသည်။ သို့ကြောင့် သုံးဖက်တွင် ရိုင်ကာပြီး အလယ်တွင် လှည်းဘီးကြီး ချထားသည်။ စပါးပုတ်သော နေရာတွင် စပါးရွှေဝါများ မို့မောက်နေပြီ။ နွားရှိပြီး နွားစာ မရှိသူများအား လည်း “စင်အောင် ရိုက်ပြီးယူသွား” ဟု နွားစာ မျှနိုင်သည်။

ယနေ့ကား ဝါခင်းအတွက် ထွန်စက်အလှည့်ရသောနေ့ ဖြစ်၏။ အများထုံးစံအတိုင်း ထွန်စက်မောင်းသူအား ထမင်းကျွေးရမည်။ သို့ကြောင့် ရီးကျီးဒန် အလုပ်များသည်။ ထွန်စက်ဖြင့် ထွန်ခကို သူ့အလွှာနှင့် သူ့အကျယ် အလိုက် ငွေကြေး ပေးရငြားလည်း ထွန်စက်မောင်းသူမှာ သူ့စက်မှုလယ်ယာက လုပ်ခလစာ ပေးထားငြား ရီးကျီးဒန်သည် တော်စွလျော်စွ မကျွေးလိုပေ။ စေတနာအပြည့် သဒ္ဓါတရား အမောက်ဖြင့် ထမင်းကျွေးချင်သည်။ ထို့ကြောင့် ဝက်သားဟင်း တစ်ခွက်၊ ကြက်သားဟင်း တစ်ခွက် အပြင် ငါးပိချက်၊ မုန်လာချဉ် တို့စရာနှင့် ဘူးရွက်ဟင်းချိုကိုပါ စီမံထားသည်။ အချိန်နာရီများသည် ယနေ့ကျမှ ကုန်လွယ်လှ ၏။ ချက်ပြုတ်ပြီးမှ နွားစာထည့်မည် စိတ်ကူးထားငြား ဆွမ်းခံပြန်ချိန်အထိ ထမင်းအိုးက မကျသေး။ နွားတွေက ဆာလှပြီ။ အိမ်ဆီသို့ မျက်လုံးပြူးကြီးတွေဖြင့် လှမ်းကာလှမ်းကာ ကြည့်နေကြပြီ။

“အေးဟယ်၊ ငါ့မလဲ လက်လှည့်မအား ဗြောသမား ဖြစ်နေပြီဟ”

ရီးကျီးဒန် တစ်ကိုယ်တည်း ရေရွတ်၍ အိမ်ပေါ်မှ ဆင်းလာသည်။ သို့သော် နွားစာကို သည်အတိုင်း ကျွေး၍ မရ။ ရေထည့်ရဦးမည်။ သည်ရေထဲမှာ စဉ်းထားသော ကောက်ရိုးနှင့် ဖွဲနုကို ထည့်ကျွေးမြဲဖြစ်၏။ ဟော ယခု ရေမရှိသေး။ ရွက်အိုးကို ဆွဲကာ ချောင်းထဲသို့ ရီးကျီးဒန် ပြေးဆင်းလာ၏။ ကသီပြီ ဆိုမှဖြင့် လုပ်သမျှတို့ အပေါက်အလမ်း မတည့်ချင်။ ယခုကြည့်၊ ရေအိုးထဲတွင် ရေပြည့်သဖြင့် ခေါင်းပေါ်သို့ မြှောက်တင်မည်ပြုသောအခါ ခေါင်းပေါ်တွင် ခေါင်းဖု (ခေါင်းခု) မရှိ။ မတတ်နိုင်ပြီ။ တစ်ခေါက်တလေတော့ ခေါင်းဖုမပါဘဲ အံခဲပြီး ရွက်လာသည်။ နာလိုက်သည်မှာ ဆံပင်တွေ ကျွတ်ထွက်ကုန်ပြီလား၊ ဦးရေခွံ အချပ်လိုက် ကွာတော့မည်လား ထင်ရသည်။ နွားစာခေါင်းထဲသို့ ရေထည့်ခဲ့ပြီး ထမင်းအိုးကို တက်မွှေရင်း မီးထိုးပေး၏။ တတိယအခေါက် ရအပြီး ထမင်းအိုး တက်ကြည့်နေချိန်တွင် ငတက်ပြားမ ရောက်လာ၏။

“အမေကြီး နွားလည်း မကျွေးရသေးပါလား” 

တမော့မော့ လုပ်နေသော နွားများကို လှမ်းကြည့်ရာက မိမိထွေးသည် နွားစာခေါင်းဘက်သို့ မျက်လုံး ရောက်သွား၏။

“နွားစာရေလည်း မရှိသေးဘဲကိုး၊ ဘယ်နှခေါက် ခပ်ရဦးမှာတုံး အမေကြီး”

ရီးကျီးဒန်မှာ စိတ်တိုချင်ချင် ဖြစ်နေသဖြင့် လှမ်း တုတ်ရန် ပါးစပ် ပြင်မိချိန်တွင် မိမိထွေး ရေအိုးကို ကောက်ကိုင်သည်ကို လှမ်းမြင်ရ၏။ မျက်နှာကြည်လင်လာသည်။ လိမ္မာပါပေသည်။ သိတတ်ပါပေသည်။ စိတ်ထဲက ချီးမွမ်းရင်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ ဟူ၍လည်း တသီကြီး ဆုပေးနေမိလေတော့၏။ ထမင်းအိုးက ငှဲ့ဖို့ရန် လိုသေးသည်ဆိုကာ ထားပစ်ခဲ့၍လည်း မရ။ ရေခပ်ချင်သည်။ မခပ်နိုင်။ ထိုအချိန်တွင် ရောက်လာပြီး အခိုင်း မစောင့်ဘဲ ရေကောက် ခပ်ဖော်ရသော မိမိထွေးအား တစ်သက်လုံး ချစ်ခဲ့သ မျှတို့ထက် ပို၍ပို၍ တိုး၍တိုး၍ ချစ်ခင်သနားကြင်နာမှု ပွားလာမိပေ၏။

မိမိထွေး ဝင်ကူသောကြောင့် ရီးကျီးဒန်မှာ ရေ အခပ်ရ ခုနစ်ခေါက်ခန့် သက်သာသွားသည်။ သည်မျှ မကသေး၊ ထွန်စက်သမားနှင့် အတူ ပြန်လာမည့် ရီးဆေးရိုး အတွက် ရေနွေးတည်ရန် သောက်ရေအိုးကို ဖွင့်သောအခါ ရေမရှိ။

“ဟောတော့်.. အရေးထဲမှာ”

သည်အခါတွင်လည်း မိမိထွေးတို့ ချက်ခနဲ သိသည်။ 

“အမေကြီး နွားကျွေးနှင့်လေ၊ သမီး ခပ်ချေမယ်”

“ဝေးတယ် သမီးရဲ့”

“တစ်ခေါက်တည်းပဲ အမေကြီးရာ၊ ဝေး ဝေး” 

နွားစာရေနှင့် သုံးရေအတွက်မူ ချောင်းကမ်းပါးနှင့် အာလူးခင်းများကြားရှိ လက်ယက်တွင်းများမှပင် ခပ်ယူ သုံးစွဲကြ၏။ သို့တစေ ထိုရေမှာ အာလူးခင်းတွင် ထည့်သော နွားချေး မြေဆွေးနှင့် စမ်းကြောနှင့် ပနံသင့်ကာ နွားချေးစော် နံ၏။ နွားချေးနံ့ မကင်းသော ရေသည် မည်သို့လျှင် သောက်ရေနှင့် ရေနွေးကြမ်းအတွက် ကောင်းပါမည်နည်း။ သို့ကြောင့် အာလူးခင်းများ တည်နေရာထက် ပိုမိုမြင့်၍ ကုန်းကျသော နေရာသို့ သွားရောက် ခပ်ကြရ၏။ နေပူသည်။ အာလူးခင်းများကို တစ်မျှော်တစ်ခေါ်ကြီး ကွေ့ပတ်ပြီး သွားရ၏။ သည်မြေးမ ကူညီသောကြောင့် ရီးကျီးဒန် စောစီးစွာ နားရသည်။ နားရသည့် အတွက်ကြောင့်လည်း ရေနွေးအိုး တည်ကာ ထွန်စက် အလာကို စောင့်ရင်း နေ့ခင်းကြောင်တောင်ကြီးတွင် တဖွဲ့တနွဲ့ဖြင့် ရှေးစကား (ပုံပြင်) ပြောနေနိုင်ခြင်း ဖြစ်ပေ၏။ မြေးအဘွား၏ သည်ကြည်နူးမှုကို ဖျက်ဆီးလာသော အရာကား တဖြောင်ဖြောင် မြည်သော ဗြောက်။

“ဟဲ့.. ဘယ်သူလဲ၊ မတော်တဆ မျက်စိမျက်ဆန် မှန်မှဖြင့်” 

ဝါးဗြောက်ဖြင့် ပစ်သူ ပုန်းစရာ ကွယ်စရာ နေရာမှာ ကောက်လှိုင်းဆိုင်များ အကွယ်မှသာ ဖြစ်နိုင်၏။ ရီးကျီးဒန်သည် ထိုနေရာသို့ ခေါင်းငဲ့ကာ အော်သည်။ အော်နေဆဲ ‘ ဖုန်’ ခနဲ တစ်ချက် မြည်ပြီး ကြောင်ပန်းစေ့ တစ်စေ့ လွင့်လာပြန်သည်။ မည်သူ့ကိုမျှ မထိ။ ဝါးဗြောက်ကို လက်ညှိုး လက်သန်းအရွယ် ထီးဝါး ဝါးဖယောင်းဖြင့် တစ်ဆက်တည်းမှသာ ပြုလုပ်လေ့ရှိ၏။ အဆစ် မပါစေဘဲ အရင်းအဖျား တိထားသော ဝါးဗြောက်တွင် ထိုးတံ ပါရှိသေးသည်။ ထိုးတံသည် ဗြောက်အိုးကိုယ်ထည်အောက် ရွေးသုံးစေ့စာခန့် လျော့သည်။ တိုသည်။ ထိုး၍ ကိုင်၍ ကောင်းစေရန် ဝါးလက်ကိုင် တပ်ထားကြ၏။

ကြောင်ပန်းပင် မသီးသေးသော ရာသီ ဆိုလျှင် စက္ကူကို ညက်အောင်ဝါးပြီး ဝါးဗြောက်တွင်းသို့ ထိုးသွင်းရသည်။ ဦးစွာ ထိုးသွင်းထားသော အရာသည် ‘လောင်ဖော်’ ဖြစ်၏။ သူ မရှိဘဲ ဖြောင်ခနဲ မမြည်၊ ကျည်လည်း မထွက်ပေ။ ရှေ့တွင် အခံတစ်ခု ရှိပြီး မှသာ နောက်တစ်ခု ထည့်ပစ်တိုင်း ရှေ့တွင် ရှိနှင့်သော အရာက အဟုန်ပြင်းစွာ ပြေးထွက်သွားလေ့ရှိ၏။ ဖောင်ခနဲ မြည်သံသည် ကလေးများ၏ နားဝ၌ သာယာ၏။ တစ်စုံတစ်ယောက်အား ထိမှန် ပူစပ်သွားလျှင် ပျော်၏။ သို့သော် ရှေ့တွင် ရှိနှင့်သော အရာဖြစ်စေ နောက်မှ ထိုးသွင်းသော အရာဖြစ်စေ တစ်ခုခုက သေးငယ် ချောင်ချိနေမည် ဆိုလျှင် လေအား မပြင်းတော့ပါ။ ဖောင်ခနဲ မမြည်၊ ဖုန်ခနဲသာ မြည်သည်။ မှန်းရာ သို့လည်း မရောက်တော့ပေ။ ယခု နောက်တစ်ချက် ပစ်လိုက်သော ‘ဖုန်’ ကား ကျည်ချောင်နေ၍ ဖြစ်သည်။ ဝါးဗြောက်ရှင်သည် ဖုန်ခနဲ မြည်သည့်အတွက် မခံချိ မခံသာ ဖြစ်သွားဟန်တူ၏။ နောက်တစ်ချက် ထပ်ပစ်၏။ ဖြောင်ခနဲ မြည်သည်။ ပီတိဖြစ်စရာ ကောင်းအောင် ပီသ မြည်လှပါပေ့။

“အမယ်လေး.. နာတယ် အမေကြီးရဲ့” 

ငတက်ပြားမမှာ လက်မောင်းသားကို မှန်သဖြင့် ငိုသံဖြင့် အော်ရင်း ထခုန်၏။ ထိုအခါ မိမိ လက်စွမ်းကြောင့် တစ်စုံတစ်ယောက် နာကျင်သွားသည့်အတွက် ဝါးဗြောက်ရှင်သည် တဟားဟား ရယ်မောကာ ကောက်လှိုင်းဆိုင် နောက်ကွယ်မှ ထွက်လာ၏။

“တိတ်တိတ် နေလိုက်စမ်း၊ ခဲပူတောင့်ကလေးတွေက နားငြီးရင် ပြောင်းဝက ခုန်ထွက်လာတတ်တယ်”

မည်သည့်ဆိုင်းငြိမ့်ထဲက ပြဇာတ်စကားမှန်း မသိသော စကားကို ရွတ်ဆိုလျက် ဝါးဗြောက်ဖြင့် ချိန်ရင်း ပြေးထွက်လာသော သူကောင်းသားမှာ ကိုကိုကြီး။ မချောစိန် တစ်မိပေါက်တွင် အကြီးဆုံးလည်း ဖြစ်သော ကိုကိုကြီး။

“ဟင် နွားနာကောင်၊ ပြောဆိုနေတဲ့ ကြားက ထပ်ပြီး ချိန်ပြန်ပြီလား၊ မတော်တဆ မျက်လုံး မျက်ဆန် မှန်မှဖြင့်”

“အမယ်ကြီး ဘာစကား များတာလဲ၊ ကဲကွာ၊ ဗိုလ်အောင်ဒင့်အကြောင်း သိသွားပလား”

အမေကြီး အဘယ်မျှ မာန်မဲနေစေကာမူ ပြဇာတ် ဇာတ်လမ်း စိတ်ဝင် ဖမ်းစားခံနေရသော ကိုကိုကြီး မျက်နှာပိုး မသတ်။ ရီးကျီးဒန့် ရင်ဘတ်ကိုပင် ဖြောင်းခနဲ တစ်ချက်ပစ်လိုက်ကာ ပြဇာတ်လူကြမ်းပုံဖြင့် တအား ရယ်မောနေ၏။ သို့စဉ်တွင် ရီးကျီးဒန်ထံမှ “ဒါလောက် မခိုးမခန့်နိုင်တဲ့ ကလေး၊ ကဲဟာ” ရေရွတ်သံ ပေါ်လာသည်။ တစ်ပြိုင်နက်တည်းပင် ရီးကျီးဒန်၏ လက်ထဲမှ တစ်စုံတစ်ရာလည်း လွင့်တက်သွား၏။ ချက်ချင်းပင် ကိုကိုကြီးသည် “အမယ်လေးဗျ၊ အမယ်လေးဗျ” အော်လျက် နဖူးကို အုပ်၍ ပြေးသည်။ ရီးကျီးဒန့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ 

“အငယ်၊ ညည့်အစ်ကို ဘာဖြစ်သွားတာလဲ” 

“အလကား နောက်နေတာပါ အမေကြီးရာ၊ အမေကြီးမြေးက ပြဇာတ်မင်းသာရူး ရူးနေတာ”  

မိမိထွေး ထိုသို့ပြောမှ ရီးကျီးဒန် ရင်ပေါ့သွား၏။ အနားတွင် နွားစာ စဉ်းသော ဓားနှင့် ရှားသား နှစ်ဖက်ချွန်များ၊ ကျောက်ခဲများရှိ၏။ ဒေါသထွက်ထွက်ဖြင့် ကောက်ပစ်လိုက်လိုငြား မတော်တဆ ထိသွားမည် စိုးသဖြင့် မပစ်ရဲ။ သို့သော် ပစ်စရာပေါက်စရာ အများ အပြားထဲမှ ထွန်သွားကျိုး တစ်ချောင်းဖြင့်ကား ဘေးဘက်သို့ လွှဲချော်ပြီး ပစ်လိုက်မိ၏။ မိမိထွေးက မထိ၊ ဟန်လုပ်သွားခြင်းသာ ဖြစ်သည် ဆိုသဖြင့် ရီးကျီးဒန် စိတ်အေးသွားစဉ် မိမိထွေးက ပူဆာ၏။

“ခုနကဟာ ဆက်ပါဦး အမေကြီး”

“အဲဒါနဲ့…”

ချထားသော ဆေးလိပ်တိုကို ကောက်ကိုင်ဆဲ ခဏဝယ် ဆူညံသော အသံများကို ကြားရ၏။ သမီး ချောစိန်၏ အသံဖြစ်၏။ အသံသည် ဝေးရာမှ နီးလာသည်။

“အမေလုပ်တာ ကောင်းသလား၊ ကိုကိုကြီးဟာ အမေ့သမီး ကျုပ်က မွေးတာပါ”

ရီးကျီးဒန်၏ ရင်ထဲတွင် ပူခနဲ ခံစားရသည်။

မျက်နှာလည်း ထူအမ်းသွားသည်။

“ဟဲ့ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမလဲ၊ ကလေးကို အမေ လုပ်လွှတ်လိုက်တာ ကြည့်စမ်းပါဦး၊ ကောင်းသေးလား”

မချောစိန်သည် နောက်မှ ကပ်ပါလာသော ကိုကိုကြီးကို ရှေ့သို့ ဆွဲထုတ်ပြသည်။ နဖူးပေါ်တွင် အုပ်ထားသော လက်ကို အဖယ် ခိုင်းလိုက်၏။

“ဟော့တော်”

မြေးကြီး၏ နဖူးမှာ သွေးပေါက်ပေါက် ကျနေ၏။ နဖူးပေါ်တွင်ကား အဖြူရောင် သန်းနေသော ဟက်တက်ကွဲ ဒဏ်ရာကြီး။

ရီးကျီးဒန်မှာ မျက်လုံးများ ပြာသွားကာ “ဟော့တော်” အပြင်၊ နောက်ထပ် စကားဆက်ရန် စကားလုံး ရှာမရနိုင်အောင် တုန်လှုပ်ထိတ်လန့်သွား၏။ ခဏကြာမှ ခြောက်ကပ်သော အသံထွက်လာနိုင်သည်။

“ဖြစ်ရလေ လူလေးရယ်၊ အမေကြီး ပစ်တုန်းက လူကို ထိမှာစိုးလို့ ဘေးကို ချော်ပြီး ပစ်ခဲ့တာပါ”

ရီးကျီးဒန်သည် အမှန်ပင် ကျီး ကြက် ခြောက်လှန့်သည့်အခါ ဘေးကို ချော်ပြီး ပစ်သည့် နည်းတူ မျက်နှာပြောင်သော မြေးကြီးကိုလည်း ဘေးချော်ပြီး ပစ်ခဲ့၏။ သို့သော် ထွန်သွားကျိုးသည် ကောက်လှိုင်းဆိုင်ကို ထိကာ၊ မော့နေသော နဖူးပေါ်သို့ တည့်မတ်စွာ ကျခဲ့သည်။ အချွန်အစများ ပွေပွနေသော ဘက်နှင့်မှ ကျသည့်အတွက် ကိုကိုကြီး နဖူးကွဲခဲ့ခြင်း ဖြစ်ပေသည်။ မည်သို့ဖြစ်စေကာမူ ရီးကျီးဒန်မှာ ရင်ဆို့သွားရ၏၊ “တော်တော် များသလား” ဟူ၍ အသံတိမ်တိမ်၊ အသံ အက်အက်ဖြင့် ဆက်မေးသည်တွင် မချောစိန်၏ အသံက စူးစူးဝါးဝါး လွှမ်းသွား၏။ ။

“တော်တော်များသလား၊ နည်းသလား အခုမှ မေးနေလို့ အပိုပဲပေါ့ အမေရဲ့”

“မတော်တဆ ဖြစ်တာကို ညည်း ဒီလို မပြောပါနဲ့”

ရီးကျီးဒန်သည် ဆောင့်ပြီး ရပ်မိ၏။

“ပြောရမှာပဲ ပြောရမှာပဲ၊ ကျုပ်ကလေးတွေ ဆိုရင် ဒီလိုချည်းပဲ မတရားသဖြင့် လုပ်တယ်။ သူများ ဝမ်းသာအောင် လုပ်ပါ လုပ်ပါ”

မအေကို ရန်တွေ့နေရာက အနှောင့်မလွတ် အသွားမလွတ်ဖြင့် ယောက်မ မလှမေကို စောင်းမြောင်း ရန်ထောင်သည်။ ထိုအခါ ရီးကျီးဒန်၏ ပါးစပ်မှ ကြမ်းတမ်းသော အသုံးအနှုန်းတွေ တရကြမ်းထွက်လာတော့သည်။

“ငါ့မြေးကို ငါ ဒီလို လုပ်ရက်မလား၊ မတော်တဆ ဖြစ်တာပါ ပြောတာတောင် နားမဝင်တော့၊ နင့်ကို ငါက ကန်တော့ပွဲနဲ့ တောင်းပန်ရမှာလားဟင်”

အမေ ကြမ်းလာသောအခါ မချောစိန် တွန့်သွားသည်။ အိမ်ပြန်ရန် ခြေလှမ်းပင် ပြင်ချေပြီ။ ထိုအချိန်တွင် ဝင်ဆော့သူမှာ ကိုကိုကြီး အောက်မှ ခင်ခင်ကြီး ဖြစ်၏။

“အခုမှ ပလီစိချောက်ချက်တွေနဲ့ အလွမ်းသယ် မနေပါနဲ့၊ လာ အမေ ကောင်စီ သွားတိုင်မယ်”

“တယ် ဒီကောင်မလေး”

မချောစိန်သည် ခင်ခင်ကြီး၏ ကျောကိုသာ ပုတ်လိုက်နိုင်၏။ ပါးစပ်ကိုကား မပိတ်လိုက်နိုင်။

“ဟင် လက်တောက်လောက်က ငါ့ကို ဒီလို ပြောသလားဟင်၊ မိမဆုံးမ ဖမဆုံးမ သမီးက ငါ့ကိုများ” 

“အမေ ဒီလို မပြောပါနဲ့”

“ပြောတယ်ဟဲ့ ပြောတယ်၊ မိမဆုံးမ ဖမဆုံးမ သမီးမို့ ငါ့ကို ဒီလိုပြောတာ။ ခွေးက မွေးတာ”

“ဟော ဘတို့ ပြန်လာပြီ အမေကြီး”

ထွန်စက်သံ ကြားရသည်။ ပြောပြောဆိုဆိုဖြင့် မိမိထွေးသည် မန်ကျည်းပင်ရိပ်မှ ပြေးထွက်သွားသည်။ ထွန်စက်မောင်းသူရှေ့တွင် သားအမိချင်း အချေအတင် ပြောရန်မှာ ရှက်စရာကြီး။ မောမောပန်းပန်း ပြန်လာသော ရီးဆေးရိုး အတွက်လည်း စိတ်မညစ်စေသင့်။ သို့ဖြစ်ငြား ရီးကျီးဒန်မှာ ဒေါသကို ထိန်းချုပ်၍ မရပြီ။ ဖုန်တထောင်းထောင်းဖြင့် ဝင်လာသော ထွန်စက်ပေါ်တွင် မောင်းသူဘေး၌ ရီးဆေးရိုး ထိုင်လျက် ပါလာ၏။ ရီးကျီးဒန်သည် ဆဲရေး၍ ကောင်းဆဲ၊ တိုင်းထွာ၍ ကောင်းဆဲ။ ရီးဆေးရိုးကလည်း သိပါသည်။ သူ့အမယ်ကြီးအိုသည် တော်ရုံဖြင့် သည်မျှ ဒေါသကြီးမနေ ဟူ၍။ သို့ကြောင့် လေပျော့ကလေးဖြင့် ပြောရသည်။

“မမောသေးဘူးလားအေ၊ ငါလည်း ဆာလာပြီ၊ ဧည့်သည်လည်း ဆာလှရောပေါ့”

ရီးကျီးဒန်သည် တစ်ချက် စောင်းကြည့်၏။ တစ်ကိုယ်လုံး ဖုန်တုံး ဖြစ်နေသည်တွင် ချွေးဖြင့်လည်း ရွှဲနေသော ရီးဆေးရိုး။ သို့အတွက် ပါးစပ်ပိတ်ကာ အိမ်ပေါ်တက်သည်။

“ရေတော့ ချက်ချင်း မချိုးကြနဲ့ဦး။ ချွေးတိတ်အောင် စောင့်ရင်း ဟော့ဒီမှာ”

လင်ပန်းဖြင့် ပြင်ထားသော ရေနွေးကြမ်းပွဲတွင် လက်ဖက်၊ ဂျင်းသုပ်အပြင်၊ မြေပဲကြော်နှင့် ပဲလှော်ကြော်သုပ်လည်း ပါဝင်၏။ ဒန်အုပ်ကလေးနှင့် တသီးတသန့် ထည့်ထားသောအရာမှာ အမဲခြောက်ဖုတ်။

“ဟောဒီမှာ” ဆိုကာ တံခါးကြားမှ ဆွဲထုတ်လာသော အရာကို မြင်သည့်ခဏ၌ ထွန်စက်မောင်းရဲဘော် တွန့်သွား၏။

“ဟာ ကျွန်တော် မသောက်တတ်ပါဘူးဗျာ”

ရီးကျီးဒန် ထုတ်ယူ တည်ခင်းသော ပုလင်းသုံးလုံး အနက် နှစ်လုံးမှာ ထန်းရည်၊ တစ်လုံးမှာ ချက်အရက်။ 

“အားမနာပါနဲ့ကွ”

“မသောက်လို့ပါဗျာ၊ ကျွန်တော်ကတော့ သောက်ကို မသောက်လို့ပါ”

“ဒါဖြင့် ရေနွေးသောက်”

ရီးဆေးရိုးသည် ထွန်စက်မောင်းသမားအား ရေနွေး ငှဲ့ပေး၏။

ထိုအချိန်တွင် ရီးကျီးဒန်မှာ မီးဖိုချောင်ထဲ၌ ဟင်းအိုး နွှေးလျက်ရှိသည်။ အသားဟင်း နှစ်အိုး နွေးအပြီးတွင် ဟင်းချိုအိုး မွှေးရင်း ပန်းကန်ဆေးသည်။ မြေးမ ခင်ခင်ကြီး ပြောသွားသော စကားကို ကြားယောင်လာ၏။

“ဟယ်၊ ကလေး အမိုက်အမဲပဲဟာကို ဘာသိမှာလဲ၊ ဘယ်ပြောလို့ ဘယ်ရောက်မှန်း မသိတဲ့ ကလေးတွေပါ”

ရင်ထဲ ကလိကလိ ဖြစ်လာသဖြင့် မိမိဘာသာ ပြန် ဆုံးမ၏။ ခဏသော် စိတ်ပြေသယောင်ရှိငြား၊ ထို မြေးမငယ်စဉ်က အကြောင်းများသည် ကွင်းခနဲ ကွက်ခနဲ ပေါ်လာ၏။

ခင်ခင်ကြီး ကိုးလသမီး အရွယ်က ဖြစ်သည်။ ထိုအချိန်တွင် မချောစိန်မှာ အပြင်းအထန် ဖျားသည်။ ကလေးကို နို့တိုက်ရန် ဝေးစွ၊ အသားချင်းပင် အထိ မခံချင်ပေ။ သို့အတွက် ကလေးကို နို့ဆီ၊ နို့မှုန့်၊ နွားနို့နှင့် ဆိတ်နို့ တိုက်ကြရသည်။ ကလေးမှာ ထိုနို့များကို သောက်ရ၍ ဝမ်းပြည့်ငြား ကိုးလလုံးလုံး ငုံခဲ့ ခဲခဲ့သော အမေ့နို့သီးကို မမေ့ပေ။ တအယ်အယ် တအာအာဖြင့် ချော့မရ၊ မြှူမရ။ ခက်ချေပြီ။ ထို အခက်ကို ဖြေရှင်းရန် ရီးကျီးဒန်သည် ခပ်မှောင်မှောင် နေရာသို့ ကလေးကို ချီသွားကာ သူ့နို့ပျော့ကြီးကို ကလေးပါးစပ်တွင်း ထိုးထည့်ပေး၏။ ကြံရာ မရသဖြင့် ဖြစ်လိုဖြစ်ငြား ကြံစည်ကြည့်ရာ ဟန်ကျသွားတော့သည်။

ရီးကျီးဒန်သည် နို့ရည် မထွက်သော နို့ဖြင့် ကလေးကို ရက်ပေါင်းများစွာ လှည့်စားခဲ့ရာ (၁၅) ရက် မြောက်နေ့၌ မယုံစဖွယ် အခြင်းအရာကို အံ့သြစွာ တွေ့ရလေ၏။ ယင်းကား အဝတ်စုတ်ကြီးပမာ ပျော့ပြဲနေသော နို့မှ နို့ရည်များ ထွက်လာခြင်းပေတည်း။

“ငါ့နို့ကို စို့ပြီး လူဖြစ်လာရတဲ့ ကလေးက ငါ့ကို ကောင်စီ တိုင်မယ်လေး ဘာလေးနဲ့”

ထမင်းပွဲတွင် ထိုင်မိခါစ လူနှစ်ယောက်မှာ ပါးစပ် အဟောင်းသားဖြင့် ကျန်ခဲ့ကြသည်။ ရီးကျီးဒန်မှာ “နင့်ကို နင့်အမေသာ မဟုတ်ဘူး၊ ငါလည်း နို့တိုက်ခဲ့ရသဟဲ့။ အခု ကျေးဇူးဆပ်တာပေါ့လေ။ သွားဟဲ့၊ တိုင်ချေဟဲ့” ပွက်သေးကြမ်းအောင် အော်လျက် ကိုထွန်းရ၊ မချောစိန်တို့ တင်းကုပ်ဘက်သို့ ပြေးလာ၏။

“အရီး၊ အရီး ဒေါသ မကြီးပါနဲ့” "

“ကြီးတယ်ဟဲ့... ကြီးတယ်ဟဲ့”

ဆီးကြို တောင်းပန်သော သမက်အား ကုတ်ဖဲ့ပစ်၏။ တွန်းထိုးပစ်၏။ ကန်ကျောက်ပစ်၏။

“အခုပဲ သူတို့ကို ကျုပ် ဆူနေတာပါ”

“နင် ဆူစရာ မလိုဘူး၊ ငါ ကန်တော့မယ်။ ရှိခိုးကန်တော့မယ်။ မယ်မင်းကြီးမ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ”

နေပူပူ တလင်းပြောင်တွင် ကျုံ့ကျုံ့ထိုင်ကာ ရှိခိုးမည် လုပ်သဖြင့် ကိုထွန်းရမှာ အတင်း ဖက်ထားရာက “ဘညိန်းရေ လာပါဦးဟ” ဟု အော်မိတော့သည်။

“အမေကလည်းဗျာ၊ သတိထားဦးမှပေါ့”

ကိုဘညိန်းမှာလည်း လယ်ပြင်မှ ပြန်ရောက်စ၊ ချွေးတွေ သံတွေနှင့် ဖြစ်၏။

“ငါ့နို့ကို စို့ရလို့ ငါ့ကို စော်ကားတာ”

“တော်ပါတော့ အမေရာ၊ ဟိုမှာ အမေ့ကို ကြောက်လို့ အသံတောင် မထွက်ရဲကြပါဘူး”

“ဟုတ်ပါတယ် အရီးရယ်၊ ကိုယ့်အမေကြီးကို ဒီလို ပြောရမလား ဆိုပြီး ကျုပ် ရိုက်ထားပါတယ်” 

“မဟုတ်ဘူး၊ ငါ ကန်တော့မယ် ” 

ထိုသို့ ကိုထွန်းရနှင့် ကိုဘညိန်းက တောင်းပန်လိုက်၊ ရီးကျီးဒန်က ဇွတ်တိုးလိုက်ဖြင့် ချာချာလည်နေတော့သည်။ မောပန်းလာရသည့် ကိုဘညိန်းလည်း စိတ်ညစ်လှပြီ။

“ပြောမရရင် ကျုပ်ကိုသာ သ,တ်ပါတော့ အမေရာ”

“ငါ့သားကို မသ,တ်ဘူး၊ ဟိုကိုသာ..”

“ဟေ့ အမေကြီး၊ ထမင်းတွေ ဟင်းတွေ အေးကုန်လိမ့်မယ်ဟေ့။ လာဟ၊ ငါတို့လည်း စားပြီးသွားပြီ။ ညည်း မစားရသေးဘူး မဟုတ်လား”

ရီးဆေးရိုးသည် လမ်းမမှ လှမ်းအော်နေ၏။ 

“ဟော အဖေ လိုက်လာပြီ အမေရဲ့၊ သွားရအောင်၊ သွားရအောင်။ ကျုပ်လည်း လိုက်စားဦးမယ်” 

ကိုဘညိန်းသည် သူ့အမေအား ဖက်ကာ မကျယ့်တကျယ် ပြောရင်း အိမ်ပြင်သို့ မသိမသာ ဆွဲခေါ်လာ၏။ အိမ်ဝိုင်းပြင် ရောက်လျှင် အိမ်သို့ ခေါ်လာရန်ကား မခက်ခဲတော့ပြီ။ ပန်းကန်ခွက်ယောက်များဖြင့် အုပ်ဆိုင်းထားသော ထမင်းပွဲသည် ရီးကျီးဒန်အား စောင့်လင့်လျက်ရှိသည်။ ရီးဆေးရိုးသည် တပြုံးပြုံးဖြင့် ထမင်းထည့်ပေး၊ လက်ဆေးရည် ယူပေးပြီးနောက် ယပ်ပင် ခတ်ပေးသေး၏။

“လူလေး စားဟ၊ မုန်လာချဉ်ကလေးက ကြွပ်နေတာပဲ။ ငါတော့ မစားနိုင်ပါဘူးကွာ၊ သွားမရှိတော့ဘဲကိုးကွ။ အင်း... ဒေါသ မောဟတွေ ကြီးလို့များ ဒါလောက်မြန်မြန် သွားကျိုးသလား မသိပါဘူး။ ကျီးဒန် စားဟ၊ ကြက်သားဟင်းရည်က သိပ်ချိုတာပဲ” 

ရီးကျီးဒန်မှာ ရီးဆေးရိုး ခတ်ပေးသော ယပ်လေကို ခံယူရင်း ထမင်းကို သွားဖုံးဖြင့် ကြိတ်လိုက် မျိုချလိုက် လုပ်နေရရာ ဒေါသ တဖြည်းဖြည်း ကျဆင်းလာပြီး၊ ထိုစကား အရောက်တွင် ဟင်း၏ အရသာကို သတိထားမိစ ပြုလာချေပြီတည်း။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment