❝ ဘဝချင်း ယှဉ်၍ ❞
( မပွင့်ခိုင် )
မိထား ယောက်ျားနောက် လိုက်သည့် သတင်းကို ကြားသည့်နေ့က သက် တစ်ယောက် ထခုန်မိမတတ် ဒေါသဖြစ်ခဲ့ရသည်။ လောကအလယ်တွင် ပြေးကြည့်မှ သည် ညီအစ်မနှစ်ယောက်တည်း။ သက် အိမ်ထောင်ကျသည့် အချိန်မှစ၍ အဒေါ်ဝမ်းကွဲ အပျိုကြီးတစ်ယောက်၏ အုပ်ထိန်းမှုအောက်တွင် မိထား နေခဲ့ရသည်။ သက် ခင်ပွန်းက နိုင်ငံခြားသင်္ဘောကုမ္ပဏီ တစ်ခုမှ သင်္ဘောအရာရှိ၊ ခင်ပွန်း၏ မိဘအသိုင်းအဝိုင်းကလည်း ပစ္စည်းဥစ္စာ တောင့်တင်းသည်မို့ သက် ဘဝက ဘာမျှ လိုလေသေးမရှိ။ တစ်ဦးတည်းသော ညီမလေး မိထား ကိုလည်း အစစအရာရာ ပြည့်စုံအောင် ထောက်ပံ့နိုင်ခဲ့ပါသည်။
ယခု မိထား ဘွဲ့ရ၍ အလုပ်ရှာနေသည့် အချိန်။ သည်နှစ်ကုန်လျှင် ကိုကို့ဘက်မှ ဆွေမျိုးနီးစပ်တော်သော သင်္ဘောသား တစ်ယောက်နှင့် မိထားကို နေရာချပေးရန် စီမံကိန်းတွေလည်း ဆွဲပြီးသား။ ဒါကို မိထား သိပါလျက်နှင့် ကိုယ်ထင်ရာစိုင်းသွားသည်က သက် မျက်နှာကို အိုးမဲသုတ်သလို ဖြစ်နေသည်။ သက် ကျင်လည်နေသည့် ဝန်းကျင်အသိုင်းအဝိုင်းနှင့် အခြေအနေ အဆင့်အတန်းကို မိထားလည်း သိမြင်နေသည်ပဲ။ ဒါတောင်မှ သက်ကို အားမကျဘဲ အမြင့်မှ အနိမ့်သို့ ဆင်းချင်ရသလားဟု ဒေါသဖြစ်၍ မဆုံး။ မိထားကို အုပ်ချုပ်သော အဒေါ်ကလည်း တူမ ဖြစ်သူ၏ လျှို့ဝှက် အစီအစဉ်ကို ဘာမျှ မသိလိုက်။
မိထားတို့ကို အလိမ္မာနှင့် ပြန်ခွဲထားရအောင်ကလည်း ငှက်ခြေရာ လေမှာ ရှာရသလို ဘယ်နေရာ ဘယ်ဒေသရောက်နေမှန်း မသိ။ မိထား ရေးခဲ့သော စာထဲမှ “မိထားကို ခွင့်လွှတ်ပါ။ လိုက်လည်း မရှာပါနဲ့။ မိထား ကိုယ့်ဘဝကိုယ် တည်ဆောက်ပါရစေ” ဟူသော အရေးအသားတွေက သက် ဒေါသကို နှိုးဆွသလိုဖြစ်နေသည်။ မိထားကို မရ ရအောင် လိုက်ရှာမည် ဟူသော အစီအစဉ်ကို ကိုကိုက “ခု အခြေအနေကျမှတော့ သက် ရှာမနေပါနဲ့တော့၊ ရှာလို့လည်း တွေ့မှာ မဟုတ်ဘူး” ဟူသော တစ်ချက်လွှတ်အမိန့်ကြောင့် ဖျက်သိမ်းလိုက်ရသည်။
သည်လိုနှင့် မိထားတို့ထံမှ “လက်ထပ်ပါရစေ” ဟု စကားကမ်းလှမ်းလာသည်ကို ခါးခါးသီးသီး ငြင်းပယ်ရင်း သည်တစ်သက် သေခန်းအပြတ်ဟု ကြေညာလိုက်သည်။ မိထားတို့နှင့် အဆက်အသွယ် ပြတ်သွားပြီး ရုံးတက် လက်မှတ်ထိုး၍ ဧည့်ခံပွဲလုပ်သည့် သတင်းကို ကြားရစဉ်က သက် တစ်ယောက် တက် တခေါက်ခေါက် နှင့် “မွဲချင်တဲ့ခွေး ပြာပုံတိုးတယ်” ဟု တဖျစ်ဖျစ် ပြော၍ မဆုံး။ နောက်ဆုံးတော့ အားမတန် မာန်လျှော့သည့် စိတ်နှင့် မိထားကို ဦးနှောက်ထဲမှ လုံးလုံးဖျောက်ပစ်လိုက်သည်။ ဒါတောင်မှ စည်းစိမ်ဥစ္စာနှင့် ပြီးပြည့်စုံအောင် မနေရသော မိထားကို တစ်ချက်တစ်ချက်တွင် နာနာကြည်းကြည်း သတိရနေမိသေးသည်။
တဖြည်းဖြည်းနှင့် မိထားတို့ အခြေအနေကို တစ် ဆင့် စကားတစ်ဆင့်နားဖြင့် ကြားလာရသည်။ မိထား အမျိုးသားက ခေတ်ပညာတတ် ဘွဲ့ရအစိုးရအမှုထမ်း တစ်ယောက်ဖြစ်သည့်အကြောင်း၊ မိထား အပေါ် ကြင်ကြင်နာနာနှင့် အစစအရာရာ နားလည်ခွင့်လွှတ်သည့် အကြောင်း၊ မကြာခင် မိထားလည်း အလုပ်ရတော့မည့် အကြောင်းများကို သက် နားထဲ ပေါက်ပေါက်ရောက်ရောက် ကြားလာရသည်။
သက်စိတ်ထဲမှ “မိုက်လိုက်တဲ့ မိထား၊ နေပေ့စေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေပြီး ထမင်းရည်ကို ဘယ်လောက်ကြာကြာ လျက်နိုင်မှာတဲ့လဲ။ ဒုက္ခရောက်တဲ့ တစ်နေ့ ရောက်လာမှာပဲ” ဟု ကြိမ်းဝါးနေမိသည်။ သည်လိုနှင့် မိထား ကလေး တစ်ယောက် ရသည့်တိုင် သက် ဒေါသက မပြေသေး။ မိထား ထံမှ ကမ်းလှမ်းလာသော “မမသက်ကို လာကန်တော့ချင်တယ်” ဟူသော တောင်းဆိုချက်ကိုတော့ ခါးခါးသီးသီး ငြင်းပယ်လိုက်သည်။
••••• ••••• •••••
ပြီးခဲ့သည့် လကုန်လောက်က ကိုကို သင်္ဘောပြန်တက်ရသည်။ ခုတစ်ခေါက် သုံးလေးနှစ်ကြာမည်ဟုဆို၍ ဝမ်းနည်းအားငယ်စွာ သက် မျက်ရည်ကျမိပြန်သည်။ ကိုကိုက “ငိုမနေပါနဲ့ သက်ရယ်၊ ကိုကိုက အလကား သွားတာမှမဟုတ်ဘဲ။ သက် အတွက် ကိုကို စီးပွားရှာ သွားနေတာမဟုတ်လား” ဟု နှစ်သိမ့်ပါသည်။ ကိုကို ပြောတာ မှန်သင့်သလောက် မှန်ပါသည်။
သက်ဘဝတွင် လူတန်းစေ့နေရုံမက ပိုလျှံလို့တောင်နေသေးသည်။ ဒါ့ပြင် သားသမီးရတနာလည်း တစ်ယောက်တလေမှ မထွန်းကား။ သံယောဇဉ်ကြိုးမျှင်တွေ မရှိ၍များ ကိုကို သက်အနား မကပ်တာလားဟု တစ်ခါတစ်ခါတော့လည်း တွေးမိသည်။ ကိုကို အရှာအဖွေ ကောင်း၍ သိန်းကျော်တန်တိုက်နှင့် ကားနှင့် အပန်းဖြေ ဖို့ တီဗွီ၊ ဗွီဒီယိုကလည်း အဆင်သင့်။ သက် လိုချင်သည့် အဖိုးတန်ပစ္စည်းမှန်သမျှကိုလည်း ကိုကိုက မပြတ် ပို့ပေးနေသည်။ ရတနာဆိုလည်း တစ်ပွဲသွား တစ်မျိုး။ မရိုးရအောင် ဆင်ပေးထားသည်မို့ အားလုံးက သက်ကို လင်ကံကောင်းသည်ဟု ထောမနာ ပြုကြသည်။
ကိုကို့မိဘ အသိုင်းအဝိုင်းကလည်း ကြွယ်ဝချမ်းသာသည့် မျိုးရိုးမို့ သက်တို့ ဇနီးမောင်နှံနှင့် လက်ရည်တစ်ပြင်တည်း တစ်စီးပွားတည်း ဖြစ်ကြသည်။ သို့သော်လည်း အိမ်ထောင်ကျကတည်းက ကိုကိုနှင့် ကြည်ကြည်နူးနူး နေခဲ့ရသည့်အချိန် သိပ်မရှိ။ “သက်ကို ချစ်ရင် သက် အနားမှာ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် နေပါလား” ဟု ပြောမိသည်ကိုပင် ကိုကိုက ရယ်စရာတစ်ခုလို တဟားဟား ရယ်ပစ်ခဲ့သည်။
ကိုကို့ အသိုင်းအဝိုင်းက “အိမ်ထောင်တစ်ခုမှာ ငွေ အရေးကြီးဆုံးပဲ” ဟု တညီတညွှတ်တည်း လက်ခံထားကြသည်မို့ သူတို့ ရှေ့တွင် မေတ္တာစကား၊ သစ္စာစကားတွေ သက် မပြောရဲခဲ့။ သက် နှလုံးသားကို ငွေနှင့် ပိတ်ဖုံးထားရက်ပါလားဟု ဝမ်းနည်းစွာ တွေးမိသည်က အကြိမ်ကြိမ်ပင်။
••••• ••••• •••••
ခုတစ်ခေါက် ကိုကို ပြန်လာလျှင် သက်နှင့် အတူ အိုးမကွာ အိမ်မကွာ နေရအောင်ပါဟု မျက်ရည်လည်ရွှဲ ပြောမိသည်ကိုပင် ကိုကိုက “အောင်မယ်လေး သက်ရယ်၊ သက်ဆန္ဒကို ဖေဖေတို့ မသိစေနဲ့နော်။ အရွယ်ကောင်းတုန်း ဥစ္စာများများ ရှာထားရမယ်လို့ ဖေဖေတို့က ပြောထားပြီးသား။ တော်ကြာ ရှိတဲ့ပိုက်ဆံ ထိုင်ဖြုန်းရ ကောင်းလားလို့ ကိုကို့ကို ပွက်နေဦးမယ်” ဟု မျက်လုံးပြူး မျက်ဆန်ပြူးဆိုသည်။
တကယ်ဆို သက်တို့ ဘဝကို သက်တို့ ဘာသာ တည်ဆောက်တာ မဟုတ်လားဟု မေးလိုက်ချင်သည်။ သည်အိမ်တွင် သက်တို့ ဇနီးမောင်နှံက ကိုကို့ မိဘများ၏ သြဇာခံဖြစ်ပါသည်။ ကိုကို သင်္ဘော ပြန်တက်ပြီး သုံးလေးလအကြာတွင် သက် နေမကောင်း၍ ဆေးရုံတက်ရသည်။ လူမမာဖြစ်သည့် အချိန်တွင် ကိုကို့ကို ပို၍ သတိရသည်က အမှန်ပင်။ ခုနေများ သက် အနား၌ ကိုကို ရှိမည် ဆိုပါလျှင် ရောဂါတစ်ဝက် သက်သာမည်မှာ မုချ။ တိုက်တိုက်ဆိုင်ဆိုင် သက် ဆေးရုံတက်ရသည့်အချိန်တွင်မှ အိမ်တွင် လူစုံတက်စုံ မရှိ။ ကိုကို့အဖေက ခရီး ထွက်နေသည်။ ကိုကို့အမေက သမီးကြီး မီးဖွားနေ၍ ဟိုအိမ်နှင့် သည်အိမ်ကို ကူးလူးနေရသည်မို့ သက် ထံသို့ တစ်ရက်ခြား တစ်ခါပင် မရောက်။ ချွေးမကို သမီးထက် မပိုနိုင်မှန်းတော့ သက် ကောင်းစွာ သိနှင့်နေပါသည်။
သက် အတွက် နေ့ရောညပါ ဆရာမ ငှားပေးထားသော်လည်း အိမ်သားတစ်ယောက်၏ ယုယကြင်နာမှုကို မွတ်သိပ်စွာ တောင့်တနေမိသည်။ အချိန်တန်လျှင် အိမ်ဖော်မလေး လာပို့သော ထမင်းချိုင့်ထဲမှ စားကောင်း သောက်ဖွယ်များ၊ ဓာတ်စာများကိုလည်း သက် ကြည့်ပင် မကြည့်ချင်တော့။ အာဟာရဖြစ်စေသည့် ဟောလစ်၊ ကြက်ဥ၊ ဂိုးဒင်းဘတ် စသည့် အဖိုးတန် အစားအစာများသည်လည်း စိတ်အင်အား ချို့တဲ့သော သက် အတွက် အာဟာရဖြစ်စေသည် မဟုတ်ပေ။ ကိုကို မရှိခိုက် ကိုကို့ အသိုင်းအဝိုင်းသည် ဥပေက္ခာပြုနိုင်လွန်းသည်ဟု တွေးမိတိုင်း သက်မျက်ရည်ကျခဲ့ရသည်။
အကြင်နာတရား ခေါင်းပါးသော ကိုကို့ ဆွေမျိုး အသိုင်းအဝိုင်းသည် လူနာတစ်ယောက် အတွက် အဓိက လိုအပ်သော ပြုစုယုယမှုကို ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။ သက်၏ ခုတင်ဘေးမှ လူနာအမျိုးသမီးကိုတော့ သက် အမှန်ပင် အားကျမိပါ၏။ ငွေကြေး ချို့တဲ့သော်လည်း ခင်ပွန်းဖြစ်သူက အချိန်ပြည့် အနားကပ်၍ ပြုစုယုယနေသည်က ဓာတ်စာကောင်း မှီဝဲနိုင်သော သက် ထက် ပိုမို ပြည့်စုံသည်ဟု သက် ယူဆပါသည်။ ဧည့်ချိန်တန်လျှင် သတင်းမေးလာကြသော လူနာရှင် မိတ်ဆွေများကို ဟိုကြည့်၊ သည်ကြည့် ကြည့်ရင်း သက် တစ်ယောက် အထီး ကျန်ဆန်လွန်းလှပါသည်။ သက် နှုတ်ဖျားမှ “အားငယ်လိုက်တာ” ဟု ပြောမိလျှင် ဦးဆုံး ကိုကို့မေမေက “ဘာ အားငယ်စရာရှိလဲသမီး၊ သမီးမှာ အားဆေးတွေ ပြည့်စုံ နေမှပဲ” ဟု ပြောမည်မှာ မလွဲ။
သက် ဆေးရုံတက် ၅ ရက်မြောက်နေ့တွင် မမျှော်လင့်ဘဲ မိထား ရောက်လာပါသည်။ သက် တအံ့တသြ ဖြစ်နေဆဲမှာပင် “မမသက် သတင်းကြားလို့ မိထား လာခဲ့တာ၊ သက်သာတယ် မဟုတ်လားဟင်။ နေလို့ရော ကောင်းတယ်မဟုတ်လား” ဟု သက် လက်ကို ဖွဖွဆုပ် ကိုင်ရင်း မေးလေသည်။ မိထား၏ စိုးရိမ်ပူပန်သော မျက်နှာ၊ ကြင်နာသော အသံကြောင့် အမျက်ဒေါသတွေ ဘယ်ဆီရောက်ကုန်သည် မသိ။ စကားတစ်ခွန်းမှ ပြန်မပြောမိခင်မှာပင် သက်မှာ မျက်ရည်များက တပေါက်ပေါက် ကျလာသည်။
“အားမငယ်ပါနဲ့ မမသက်ရယ်။ မိထား အနားမှာ ရှိပါတယ်။ မမသက် နေကောင်းတဲ့အထိ မိထား ကြည့်မှာပါ”
မိထား၏ အကြင်နာစကားတွေက သက်ကို အင်အားဖြစ်စေသည်က အမှန်ပင်။ သက် အနားတွင် ဆရာမ မှ လွဲ၍ အိမ်သား တစ်ယောက်မှ မရှိသော်လည်း သက်၏ အိမ်တွင်းရေးနှင့် ပတ်သက်၍ မိထား အလိုက်သိစွာ ဘာမျှမမေး။ ဆီဦးထောပတ် စား၍ အေးချမ်းစွာနေသော သက်က ပိန်လှီခြောက်ကပ်နေသော်လည်း မိထား တစ်ယောက် ယခင်ကထက် ဝဖြိုးစိုပြည်လာသည်။ ဆေးရုံ တက်ရသည့် ကာလအတွင်း မိထား အပြုအစုကောင်းမှုကြောင့် သက် အတော်လေး လန်းဆန်းလာသည်။ ဆင်းခါနီး သုံးလေးရက် အလိုတွင် “မိထား ပင်ပန်းတယ် မလာနဲ့တော့။ ညည်းမှာလည်း ကလေးတစ်ဖက်နဲ့” ဟု ပြောသည်ကို “ရပါတယ်မမသက်။ အစ်ကိုက မမသက်ကို ဆေးရုံက မဆင်းမချင်း ပြုစုဖို့ ပြောပြီးသား” ဟုဆိုသည်။
ဘဝတူချင်း လက်တွဲခဲ့သော မိထားတို့ အိမ်ထောင်ရေးက သက် အကဲခတ်မိသလောက် အတော်လေး အဆင်ပြေပုံရပါသည်။ သက် ဆေးရုံမှ ဆင်းမည့်နေ့က မိထား ထံမှ လိပ်စာ တောင်းထားလိုက်သည်။ မိထားတို့ လိုအပ်သော အကူအညီကို ပေးမည်ဟူသော ဆုံးဖြတ်ချက်နှင့် “အားတဲ့တစ်နေ့ အိမ်လာခဲ့ဦး” ဟု မှာလိုက်မိပါသည်။
••••• ••••• •••••
တစ်နေ့က သက် ထံသို့ မေဦး ရောက်လာသည်။ သက်က “အတော်ပဲ မေဦးရယ် တွေ့ချင်နေတာနဲ့” ဟု ခရီးဦးကြိုပြုသည်။ သင်္ဘောအရာရှိကတော်များဖြစ်သော သက်နှင့် မေဦးသည် ပြောမနာ ဆိုမနာ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းများ ဖြစ်ပါသည်။
မေဦး ယောက်ျား စင်္ကာပူ၌ သေဆုံးကြောင်းကို သက် ဆေးရုံဆင်းမှ သိခဲ့ရသည်။ အမြဲတစေ ပြင်ပြင်ဆင်ဆင်နှင့် လှချင်တိုင်း လှနေသော မေဦး တစ်ယောက် ညှိုးညှိုးငယ်ငယ်နှင့် အတော်လေး ပိန်ကျသွားသည်။
သက်ကို မြင်တော့ မေဦး မျက်ရည်မဆည်နိုင်။ “မငိုပါနဲ့ မေဦးရယ်။ ကံတရားအတိုင်းပေါ့။ သက်လည်း ဆေးရုံ တက်နေရလို့ ဘာမှ မသိလိုက်ရဘူး။ ဘယ်လိုက ဘယ် လိုဖြစ်တာတဲ့လဲကွယ်” ဟု အားပေးနှစ်သိမ့်ရသည်။
အားပါးတရ ငိုပြီးမှ မေဦးက “ကိုဦး ဟိုမှာ အတော် နေမကောင်းဖြစ်လို့ ဆေးရုံ တင်လိုက်ရတယ်တဲ့။ ဆယ့်ငါးရက်လောက်နေတော့ ဆုံးပြီ ဆိုတဲ့ အကြောင်း ကြေးနန်းရောက်လာတာပဲ။ ကံတရား ဆိုပေမယ့် ကိုယ့်မျက်ကွယ်မှာဆိုတော့ ဖြေလို့ မရဘူး။ သက်ရယ် ဒီလိုမှန်း သိရင် ဒီတစ်ခေါက် ကိုဦးကို ပြန်မလွှတ်ပါဘူး။ နောက်ပြီး သက်သိတဲ့အတိုင်း ကိုယ့်မှာ ကလေး လေးယောက်နဲ့ မဟုတ်လား။ ကိုဦး အသိုင်းအဝိုင်းနဲ့ ကိုယ်နဲ့ကလည်း သိပ်အစေးကပ်တာ မဟုတ်တော့ ခု ကိစ္စမှာတောင် ယောက္ခမကြီးတွေက သိပ်မကြည်ချင်ဘူး။ ခု ကိုယ်တို့ မိသားစု မေမေတို့အိမ် ပြောင်းလိုက်ပြီလေ ။ ခုနေများ ကိုဦး အသက်ပြန်ရှင်လာမယ် ဆိုရင် ရှိသမျှ စည်းစိမ် ကုန်သွားစမ်းပါစေကွာ”
မေဦး၏ ဆွေးမြည့်ကြေကွဲဟန်ကို ကြည့်ရင်း ထပ်တူထပ်မျှ သက် ခံစားနေရသည်။ မေဦး အဖြစ်ကို သက် ကိုယ်ချင်းစာမိပါသည်။ စည်းစိမ်ဥစ္စာ အပြည့်အဝစံစား နေရသော်လည်း ဦးစီးဦးရွက် မရှိသော မိန်းမတစ်ယောက်၏ ဘဝသည် အမိုးအကာ မရှိသော အိမ်တစ်အိမ်နှင့် တူသည်ဟု ဆိုရပေမည်။ တစ်ဦးနှင့် တစ်ဦး ရေခြားမြေခြား နေရပြီးမှ ရုတ်တရက်ကြီး သေကွဲကွဲရခြင်းအတွက် မေဦး ကြေကွဲမည်ဆိုလည်း ကြေကွဲလောက်ပါသည်။
သက်နှင့် မေဦး ချမ်းသာကြွယ်ဝပုံချင်း တူသော်ငြားလည်း မပြည့်စုံမှုလေးတစ်ခုစီတော့ သူ့ဘဝနှင့် သူ ရှိကြသည်ချည်းပင်။ သက်က ကိုကို့ အသိုင်းအဝိုင်း၏ သံပတ်ပေးထားသော အရုပ်တစ်ရုပ် ဖြစ်သော်လည်း မေဦး က ပျော်ပျော်နေ၊ ပျော်ပျော်စား၊ သွားချင်ရာသွားမို့ ကိုဦး မိဘအသိုင်းအဝိုင်းနှင့် အစေးမကပ်။ မေဦးက ယောက္ခမ သြဇာမခံ။ ယောက်ျား ရှာဖွေသမျှကို လှလှဝတ်၊ ကောင်း ကောင်းစား၍ ငွေကို ရေလိုသုံးသည့် မိန်းမမျိုး။
သည်လို မိန်းမတစ်ယောက်ကတောင် အသက်နှင့် စည်းစိမ်ကို လဲချင်ပါသည် ဆိုလာသည်မို့ လောကတွင် လူလောက် ဘာမျှ တန်ဖိုးမရှိပါလားဟု သက် တွေးမိလာသည်။ သက်နှင့် မေဦး ဘဝတွင် ရွှေမရှား ငွေမရှား ပြည့်စုံကြွယ်ဝသော်လည်း လိုအပ်ချက် တစ်ခုခု ရှိနေသည်ကတော့ အမှန်ပင်။ မေဦး အကြောင်းကို တစိမ့်စိမ့် တွေးမိရင်းမှ မိထားကို အမှတ်မထင် သတိရလိုက်မိပြန်သည်။ သက် နေကောင်းသည့်တိုင် မိထား အိမ်အလည် မရောက်လာခဲ့။ မိထားတို့ နေထိုင်ကောင်းကြရဲ့လားဟု တွေးမိရင်းမှ မနက်ဖြန် သက် ကိုယ်တိုင် သွားလည်ရန် ဆုံးဖြတ်လိုက်မိသည်။
••••• ••••• •••••
“ဟယ် … မမသက်၊ ဝမ်းသာလိုက်တာ မမသက် ရယ်။ ဆိုင်းမဆင့် ဗုံမဆင့်နဲ့၊ မောင်ရေ လာပါဦး။ ဟောဒီမှာ မမသက် အလည်လာတယ်”
မိထား ပျာပျာသလဲအသံကြောင့် မိထားယောက်ျား နောက်ဖေးမှ ထွက်လာသည်။ မိထားက လက်ထဲမှ ကလေးကို အောက်သို့ချရင်း သင်ဖြူးတစ်ချပ် ခင်းကာ “မမသက် ထိုင်ပါ” ဟု ဆိုသည်။ သက်က ပါလာသော မုန့်ထုပ်တွေကို မိထားထံ လှမ်းပေးရင်း တစ်အိမ်လုံးကို မျက်လုံးဝေ့ အကဲခတ်လိုက်သည်။ မိထားတို့ အိမ်က ဓနိမိုး၊ ဝါးခင်း၊ ကြူထရံကာဖြစ်သော်လည်း သစ်ရိပ်ဝါးရိပ်ကြောင့် အေးချမ်းလှပါသည်။ ခြံထဲတွင် မျိုးစုံအောင် စိုက်ထားသော သစ်ပင်ပန်းပင်များကြောင့် လည်း အိမ်ဝန်းကျင် တစ်ခုလုံး စိမ်းစိုလန်းဆန်းနေသည်။ သက် အလည်လာသည်ကို မိထား အတော်ပျော်နေပုံရ ပါသည်။ မိထား အမူအရာ ဖျတ်လတ်သွက်လက်နေသလောက် သက်က အသက်ကင်းမဲ့သလို အေးတိအေးစက် ဖြစ်နေသည်။
“မမသက်၊ ဒါ မိထား အမျိုးသား ကိုအေးငြိမ်းတဲ့။ ရုံးအားပေမယ့် လူက မအားဘူး။ ရာသီပင်တွေ စိုက်ဖို့ မြေကွက်လပ်မှာ စင်ထိုးနေတယ်လေ။ မောင်ကလည်း မမသက်အကြောင်း မကြာခဏ ပြောပါတယ်”
မိထား အမျိုးသားကို အသိအမှတ်ပြု အပြုံးနှင့် တုံ့ပြန်ရင်း မသိမသာ အကဲခတ်လိုက်မိသည်။ လူပုံပန်းက အမည်နှင့် လိုက်အောင် အေးငြိမ်းပါသည်။ မောင်အေးငြိမ်းက စွပ်ကျယ်အင်္ကျီလက်ပြတ်ပုဆိုးတိုတိုနှင့် လက်နှစ်ဖက်တွင်လည်း မြေကြီးများ ပေကျံနေသည်။ သက် အကဲခတ်မိသလောက် မိထားကို အတော်မြတ်နိုးကြင်နာပုံ ရပါသည်။ မောင်အေးငြိမ်းက သက်ကို တလေးတစား နှင့် ပြုံးကြည့်ရင်းမှ ...
“မမသက် ဘာမှ အားမနာပါနဲ့။ မိထားနဲ့လည်း အေးအေးဆေးဆေး စကားပြောနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်ကိုလည်း မကြာခဏ အလည်လာဖို့ ဖိတ်ပါတယ်။ ဒါနဲ့ မိထားရေ စကားစမြည် ပြောပြီးရင် ထမင်းပွဲပြင်ပါဦး။ ရောက်တုန်းရောက်ခိုက် မမသက်ကို ထမင်းကျွေးရအောင်”
“မလုပ်နဲ့ မလုပ်နဲ့။ မမသက် အကြာကြီး မနေနိုင်ဘူး။ တအောင့်တနား နေပြီး ပြန်မှာ”
မိထားတို့ ဇနီးမောင်နှံ၏ စေတနာမှန်ကို အားနာစွာ ငြင်းဆိုလိုက်မိသည်။ တမင်တကာ လောကွတ်လုပ်ခြင်းမဟုတ်မှန်း သက် နားလည်လိုက်ပါသည်။ မိထား မြေပဲကြော်ပန်းကန်ကို သက် ရှေ့တွင် ချပေးရင်းမှ “ဒီနေ့ အုန်းထမင်းချက်စားကြတယ် မမသက်ရဲ့၊ ကြုံတုန်း မမသက်ကို ကျွေးချင်လို့ စားပြီးမှ ပြန်ပါနော်” ဟု ဆိုသည်။ မောင်အေးငြိမ်းက သက်ကို ခွင့်ပန်၍ အလုပ်ဆက်လုပ်ရန် နောက်ဖေးဘက် ထွက်သွားသည်။ ဟန်ဆောင်မှုကင်းမဲ့သော မိထားတို့ မိသားစုကို ကြည့်၍ သက် ရင်ထဲတွင် ကြည်နူးချမ်းမြေ့နေပါသည်။
သည်မြင်ကွင်းကြောင့် မိထား ယောက်ျားယူစဉ်က ဖြစ်ပေါ်ခဲ့သော ဒေါသအစိုင်အခဲတို့သည် ရုတ်ခြည်း လွင့်ပျောက်ကုန်သလို ဖြစ်သည်။ အနီးတွင် မောင်အေးငြိမ်း မရှိခိုက် မေးချင်တာတွေ မေးလိုသည်မို့ “ဒီမှာ နေတာ ဘယ်လောက် ကြာပြီလဲ” ဟု စကားစလိုက်မိသည်။
“အိမ်ထောင်ကျကတည်းကပဲ မမသက်။ မောင်က မိထားနဲ့ မယူခင်ကတည်းက စုဆောင်းပြီးသား ဖြစ်နေတာ။ မောင်က ပစ္စည်းဥစ္စာ မပြည့်စုံပေမယ့် ခေတ်ပညာလည်းတတ်တယ်။ လက်ကြောလည်း တင်းတယ် မောင်နဲ့ လက်ထပ်ရင် မိထား စိတ်မဆင်းရဲရဘူးဆိုတာ သိပါတယ်။ မမသက်ကို အခြေအနေအားလုံး ပြောပြပြီး ခွင့်တောင်းချင်ပေမယ့် မမသက်တို့ စီစဉ်ထားတဲ့ ကိစ္စက ရှိနေတော့ မပြောရဲခဲ့ဘူး။ ဒီအတွက်တော့ မမသက်ကို မိထား တောင်းပန်ပါတယ်။ မိထား ဘဝမှာ မမသက် ဖြစ်စေချင်သလို စည်းစိမ်အဆောင်အယောင်တွေ မရှိပေမယ့် အစစအရာရာ စိတ်ချမ်းသာခဲ့ပါတယ်။ မောင်ကလည်း မိထား သဘော တစ်ခုတည်းပါပဲ”
သက် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရင်းမှ သက်ပြင်းချလိုက်မိသည်။ မိထား၏ အိမ်ထောင်ရေးသည် သက် စီမံကိန်းဆွဲခဲ့သလို တိုက်နှင့်၊ ကားနှင့်၊ တီဗွီ နှင့် ခြွေရံသင်းပင်း အဆောင်အယောင်ပစ္စည်းတွေ မရှိခဲ့သော်လည်း သူ့ဘဝလေးနှင့် သူ ပြည့်စုံကုံလုံနေသည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီ ဖြစ်ပါသည်။ မိထား ဝဖြိုး စိုပြည်နေသည်ကို ကြည့်၍ စိတ်ချမ်းသာမှု အပြည့်အဝ ရမှန်း သိသာပါသည်။
“နေကောင်းသွားပြီ ဆိုပေမယ့် မမသက် ပိန်သေးတယ်နော်။ ကျန်းမာအောင်နေပါ မမသက်ရယ်။ မိထား ထက်စာရင် မမသက်က နုနယ်တယ် မဟုတ်လား”
မိထားက အလိုက်သိသည်။ သက်တို့ အိမ်တွင်းရေး အကြောင်းတွေ ဘာမျှ မေးလည်း မမေး၊ ပြောလည်း မပြော။ သက် အတွက် ကျန်းမာရေးနှင့် ပတ်သက်၍လည်း ဆေးဝါးကောင်း မှီဝဲ၍ ငွေကုန်ကြေးကျခံနိုင်သော်လည်း မိထားလို ပကတိကျန်းမာရေးကောင်း၍ ပြည့်ပြည့်တင်းတင်းမရှိဘဲ လေတိုးလျှင် ကျိုးတော့မည့်ပုံလို ဖြစ်နေသည်။ “မမသက် ပိန်တာ စိတ်ကြောင့်ပါကွယ်” ဟု ပြောလျှင် မိထား အံ့သြမည်လားမသိ။ “မမသက် နုနယ်ရတာလည်း ကိုကိုနဲ့ ကိုကို့အသိုင်းအဝိုင်းရဲ့ သံပတ် ပေးထားတဲ့ အရုပ်မို့ပါ” ဟု ရင်ဖွင့်ပြလိုက်ချင်သည်။
မိထား ဘဝနှင့် ယှဉ်မိလေမှ စိတ်ချမ်းသာခြင်း၏ တန်ဖိုးကို တစိမ့်စိမ့် နားလည်လာသည်။ သည်လို ဘဝမျိုးကို စည်းစိမ်ဥစ္စာနှင့် လဲယူ၍ရမည် ဆိုပါလျှင် သက် ပိုင်ဆိုင်သည့် တစ်ဆင်စာတွေ၊ အဖိုးတန်ပစ္စည်းတွေ ကုန်လိုက ကုန်ပါစေ၊ သက် ရယူလိုပါသည်။ အပေါ်ယံကြော ကြည့်လျှင် သက်ကို ဘဝအကျိုးပေး ကောင်းသည်ဟု မြင်ကြပေမည်။ သည်လို အကျိုးပေးမျိုး သက် မလိုချင်တော့ပါဟု ဆိုလျှင် ကိုကို ရင်ထုမနာ ဖြစ်မည်လား မသိပေ။ မိထား အတွက် အစိုးရိမ်လွန်ခဲ့သော သက် တစ်ယောက် ကိုယ်ကိုယ်နှိုက်မပြည့်စုံမှန်း သိလာခဲ့ပါသည်။ သက် စဉ်းစားမိရင်းမှ စိတ်ကျဉ်းကျပ်လာသည်မို့ မိထားဘက် လှည့်၍ -
“မောင်အေးငြိမ်းရော၊ မိထားရော အလုပ်ဆင်းရတာ ဝေးလွန်းပါတယ်။ မြို့ထဲဘက် ပြောင်းကြပါလား။ မမသက် စီစဉ်ပေးမယ်လေ”
မိထားက ခေါင်းကို သွက်သွက်ခါရင်း -
“မဖြစ်ဘူး မမသက်၊ မိထားတို့ ဒီမှာ နေသားကျနေပြီ။ ပျော်လည်း ပျော်တယ်၊ စိတ်ရောကိုယ်ပါ လွတ်လပ်တယ်လေ။ မောင်ကဆို သူ့ခြံ သူ့မြေကို သိပ်သံယောဇဉ် တွယ်တာ။ အနေဝေးလို့ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ် မမသက်ရဲ့၊ မိထားတို့မှာ နေရေး စားသောက်ရေးကအစ အစစအရာရာ အဆင်ပြေပါတယ်။ မမသက် စိတ်မပူပါနဲ့။ မိထားတို့ တစ်လမ်းကျော်မှာ ပန်းခင်းတွေ၊ သီးနှံခင်းတွေ ရှိတယ်လေ၊ နွားနို့၊ ကြက်ဥကအစ အသီးအနှံအဆုံး လတ်လတ်ဆတ်ဆတ် စားရပါတယ်။ နောက်ဖေးဘက်က ခြံမှာလည်း နွားတွေ ကြက် ဘဲတွေ မွေးတဲ့ခြံ ရှိပါတယ်။ မမသက် နောက်တစ်ခေါက် လာရင် အေးအေးဆေးဆေး လိုက်ပြရဦးမယ်”
မိထားတို့ ဘဝက ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူ ထက်တောင် ချမ်းမြေ့နေပါလားဟု စိတ်တွင်းမှ မှတ်ချက်ချလိုက်မိသည်။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရသော်လည်း ထမင်းရည် မလျက်ရပါလားဟုလည်း သက် သဘောပေါက်မိပါသည်။ မိထားနှင့် စကားကောင်းနေဆဲ-
“မိထားရေ ထမင်းပွဲ ပြင်ပါတော့ကွာ။ မမသက် လည်း ဆာရောပေါ့။ မောင်လည်း အလုပ်ပြီးပြီ”
ပြောဟန်၊ ဆိုဟန်တွေက သက် နားထဲ သာယာလှ ပါသည်။ မိထားက ကလေးကို ပုခက်ထဲ ထည့်သိပ်ရင်း သွက်သွက်လက်လက်ပင် ထမင်းပွဲ ပြင်နေသည်။ မိထားတို့ ဇနီးမောင်နှံ ဇွတ်အတင်းခေါ်၍ အုန်းထမင်းနှင့် ကြက်သားဟင်းကို သက် မြိန်မြိန်ရှက်ရှက် စားလိုက်ရသည်။ ထမင်းစားသောက်ပြီးသည်နှင့် ဘူးစင်အောက်ရှိ ပက်လက်ကုလားထိုင်တွင် သက်ကို နေရာချပေးပြီး ခြံထွက် ငှက်ပျောသီးတွေနှင့် ဧည့်ခံပြန်သည်။
“မမသက် ထမင်းလုံးစီရင်း ငှက်ပျောသီးချိုချိုလေး စားရင်း အေးအေးဆေးဆေး ထိုင်ပါဦးနော်၊ မမသက်ကို လက်ဆောင်ပေးချင်လို့ မောင်နဲ့ ဟိုဘက်စိုက်ခင်းတွေဘက် ခဏ လိုက်သွားလိုက်ပါဦးမယ်”
သက် ခေါင်းညိတ် ပြလိုက်သည်။ မောင်အေးငြိမ်း က ရှေ့မှ တောင်းတစ်လုံးနှင့်။ မိထားက ပလတ်စတစ်ခြင်း လက်ဆွဲ၍ နောက်မှ ခပ်သွက်သွက် လိုက်သွားသည်။ မိထားကို ကြည့်ပြီး သက် ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းမိသလို ခံစားရသည်။ အိမ်ထောင်ရေး၏ အခြေခံ အုတ်မြစ်ဖြစ်သော သာယာချမ်းမြေ့မှုကို သက် တစ်ခါမှ မရဖူးခဲ့၏။ ကိုကိုနှင့် ကြည်ကြည်နူးနူး နေခဲ့ရသော အချိန်ကာလများကို လက်ချိုးရေလို့တောင် လက်ဆယ်ချောင်း မပြည့်တတ်ပေ။ ကိုကိုက သက်ဘဝ အရောင် လက်စေဖို့ အဖိုးတန်ပစ္စည်းတွေ ပေးပို့ခဲ့သော်လည်း သက် လိုချင်သော အကြင်နာမေတ္တာတွေကိုတော့ ပုံအော မပေးနိုင်ခဲ့ပေ။
သက်နှင့် လက်ထပ်ပြီး တစ်လအကြာတွင် သင်္ဘော ထွက်ရသည်။ သက် တောင့်တခဲ့ရသော ပျားရည်ဆမ်း ခရီးသည် စိတ်ကူးယဉ်အိပ်မက်ထဲမှာပင် ပျက်ပြယ်ခဲ့ရသည်။ နိုင်ငံခြားသင်္ဘောအရာရှိဟူသော ဂုဏ်ပုဒ်နှင့် နိုင်ငံခြားပစ္စည်းတွေကိုမှ အထင်ကြီးတတ်သော ကိုကို့ မိဘအသိုင်းအဝိုင်း၏ သြဇာအောက်ဝယ် ကိုကိုတစ်ယောက် ဦးလည်မသုန် ဝပ်စင်းခဲ့ရသည်ကို လက်ထပ်ပြီးမှ သက်သိခဲ့ရသည်။
“ကိုကို မရှိပေမယ့် ဖေဖေနဲ့ မေမေကို အစစအရာရာ တိုင်ပင်နော် သက်” ဟု မှာခဲ့သည်မို့ ကိုကို့မိဘ နှစ်ပါးသည် ကိုကို မရှိခိုက် သက်၏ အုပ်ထိန်းသူများ ဖြစ်လာသည်။ မကြာခဏ သွားရတတ်သော အလှူ မင်္ဂလာပွဲနေပွဲထိုင်များသို့လည်း ကိုကို့မေမေ၏ အစီမံအတိုင်း ဝတ်ကောင်းစားလှတွေ၊ ရတနာတွေ ဝတ်စားပြီး ကြော့ကြော့မော့မော့သွားရလည်း ကိုကို မပါခဲ့သည်မို့ သက်ဘဝက အထီးကျန်ဆန်လှပါသည်။
မိထားတို့ ဇနီးမောင်နှံလို အေးအတူပူအမျှ ချစ်ချစ်ခင်ခင်နေရသော အိမ်ထောင့်အရသာကို သက် တစ်ခါမျှ မခံစားဖူးခဲ့။ အပေါ်ယံကြော ကြည့်မည် ဆိုပါလျှင် သက် ဘဝအေးချမ်းသည် ထင်ရသော်လည်း ကိုယ့်စိတ် ကိုယ့်ကိုယ် မဟုတ်သော အေးတိအေးစက်ဘဝတွင် သက် မပျော်ပိုက်တော့ပေ။ ခုတော့ မိထားနှင့် နှိုင်းယှဉ်၍ သက် ဘဝ၏ မပြည့်စုံမှု၊ လိုအပ်မှုတွေကို သိမြင်လာခဲ့ပါသည်။
အတွေးတွေ ပျံ့လွင့်နေဆဲ၊ မိထားတို့ ဇနီးမောင်နှံ ခြင်းတွေ၊ တောင်းတွေနှင့် ပြန်ရောက်လာသည်။ မိထားက နွားနို့နှင့် ကြက်ဥ သယ်လာသော ခြင်းကို အောက်ချရင်းမှ ...
“မမသက်ရေ အစုံပဲ။ အသီးအရွက်တွေကလည်း လတ်ဆတ်ပါဘိနဲ့။ ကြက်ဥနဲ့ နွားနို့လည်း ပါတယ်။ ဘုရားပန်းအတွက်လည်း နှင်းဆီနဲ့၊ ဂန္ဓမာလည်း ရခဲ့တယ်။ မမသက် ကားပါလာတော့ အတော်ပဲ။ နောက် တစ်ခေါက် လာရင် မမသက်ကို ခြံတွေထဲ ခေါ်သွားရမယ်”
“များလှချည်လား မိထားရယ်။ ဘာလို့ ဒုက္ခရှာရတာလဲ။ နည်းနည်းပါးပါးဆို တော်ပါပြီ”
“အို … မမသက်ကလည်း မိထားတို့ ဘာကုန်တာ မှတ်လို့၊ ခြံသမားတွေက မိထားတို့နဲ့ ဆွေမျိုးလိုနေကြတာ၊ မောင်က မမသက်ကို လက်ဆောင်ပေးရတာ နည်းတယ်လို့တောင် ပြောနေတယ်။ မမသက် မိထားတို့ဆီ လာလည်တာ ပျော်ပါတယ်နော်”
ပြုံးပြုံးရွှင်ရွှင် ခေါင်းညိတ်ပြလိုက်ရသော်လည်း သက် အမူအရာက ဖျတ်လတ်တက်ကြွခြင်း မရှိ။ ရင်ထဲတွင် အမျိုးအမည် မသိသော ဝမ်းနည်းမှုတစ်ခုကို သက် ခံစားနေရသည်။ ခဏတဖြုတ် လာရန် ရည်ရွယ်ခဲ့သော သက်တစ်ယောက် ညနေဘက် ရောက်မှ အိမ်ပြန်ဖြစ်တော့သည်။ ပြန်ခါနီး မိထားတို့ ဇနီးမောင်နှံကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ရင်း “မိထားတို့ အလိုရှိရာသုံးဖို့ မမသက် ငွေငါးရာ ယူလာတယ်” ဟု ပြောရင်း ငွေစက္ကူ ထည့်ထားသော စာအိတ်ကို မိထား လက်ထဲထည့်သည်။ နှစ်ယောက်လုံးက ဇွတ်ငြင်းဆန်၍ ပြန်ပေးရင်း မောင်အေးငြိမ်းက …
“မမသက်ကို ပြုစုခဲ့တာ ကျွန်တော်တို့ ဘာမှ မမျှော်လင့်ခဲ့ရိုး အမှန်ပါ။ ကျွန်တော်တို့ စေတနာကို မမသက် နားလည်ပါ။ ကျွန်တော်နဲ့ မိထားကို အသိအမှတ်ပြုတဲ့ အတွက် မမသက်ကိုတောင် သိပ်ကျေးဇူးတင်နေတာပါ။ မမသက် စေတနာကို လေးစားပေမယ့် ဒီငွေကိုတော့ မယူပါရစေနဲ့”
“ဟုတ်ပါတယ် မမသက်ရယ်၊ မမသက် မြင်တဲ့အတိုင်း မိထားတို့မှာ အစစအရာရာ အဆင်ပြေပါတယ်။ မိထားတို့ ဘဝအခြေအနေကို မမသက် ကျေနပ်တယ်ဆိုရင် ဝမ်းသာလှပါပြီ။ မမသက် နောက်တစ်ခေါက် လာလည်မယ့်နေ့ကို မိထားတို့ မျှော်နေပါ့မယ်”
ဘယ်လိုမှ ပေး၍ မရသည်မို့ ငွေငါးရာကို လက်ပွေ့အိတ်ထဲ ပြန်ထည့်ရင်း သက် ကားတံခါးပိတ်လိုက်သည်။ ကားထွက်လေသော် မိထားတို့ ဇနီးမောင်နှံ လက်တပြပြနှင့် ကျန်ရစ်ခဲ့ကြသည်။ မိထားတို့ အိမ်အလည်ရောက်ခဲ့ခြင်းအတွက် သက် တကယ် စိတ်ချမ်းမြေ့ခဲ့ပါ၏။ စိတ် ကျဉ်းမြောင်းကျပ်တည်းသော သက် ဘဝကမူ မည်ရွေ့ မည်မျှအထိ အေးစက်စက်နိုင်နေမည် မသိပေ။ သက် သည်လည်း ကိုကိုနှင့် တစ်မြေတည်း၊ တစ်ရေတည်း၊ တစ်အိုးတည်း၊ တစ်အိမ်တည်းတွင် သာယာကြည်နူးစွာ နေချင်စမ်းပါဘိ။
အဆောင်အယောင် ဥစ္စာ စည်းစိမ်နှင့် အဘက်ဘက်က ပြည့်စုံပြီဟု မိမိကိုယ်ကို ထင်မှတ်ခဲ့သော သက်သည် ဘဝ၏ အဓိကကျသော လိုအပ်ချက်ကို သိရှိနားလည်ခဲ့ပြီဖြစ်ပါသည်။ ထိုနည်းတူ လိုအပ်သော မပြည့်စုံမှုကိုလည်း သက် ငတ်မွတ်စွာ တောင့်တနေမိပါတော့သည်။
▢ မပွင့်ခိုင်
📖 ပေဖူးလွှာ မဂ္ဂဇင်း
သြဂုတ်၊ ၁၉၈၇
No comments:
Post a Comment