Sunday, September 27, 2026

ကဗျာမဆန်သော မျက်ရည်


❝ ကဗျာမဆန်သော မျက်ရည်❞ 
      ( ယွန်းမြတ်မွှန်းသျှန် )

မိချိုနှင့် နိုင်လင်းသည် ကျောက်ရှာတူကို ကိုင်ကာ မြေစာပုံများကြား ကျောက်လိုက်ရှာနေသည်။ နေ၏ အပူဒဏ်ကလည်း ဘာပြင်းသလဲ မပြောပါနှင့်။ မြေသယ်ကား ကြီးတွေ မြေစာတွေသွန်ချတိုင်း အပြေးအလွှား၊ အလုအယက် ကောက်ကြရသည်။ မိချိုသည် မိန်းကလေးပေမယ့် ပိုသွက်သည်။ မြေစာပုံချပြီးသည်အထိ မစောင့်ပါ။ နိုင်လင်း သည် မိချိုကို ကြည့်ပြီး စိတ်ပူလာမိသည်။

“မိချိုရေ ... အရမ်းအတင့်မရဲနဲ့ဟ။ ကျောက်မှန်လို့ ဆေးကုရရင် ရတာနဲ့မတန် ဖြစ်နေဦးမယ်”

“ငါ့သမီးလေး နို့မဆာခင် ကောက်ရတာ နိုင်လင်းရယ်။ မှန်လည်း မတတ်နိုင်တော့ဘူး”

မိချို မျက်နှာသည် ချွေးဒီးဒီးကျနေသည့် ကြားမှပင် သမီးအတွက် ပူပင်နေသည့်ပုံ။ မမောနိုင်၊ မပန်းနိုင် မကြောက်မလန့်ကို ရှေ့တိုး ရှာနေသည်။ ရွှံ့မြေတွေ၊ ကျောက်တုံးကြီးငယ်တွေ အရှိန်အဟုန်နှင့် လိမ့်ဆင်းလာနေသည့် ကြားမှ သူ့ထက်ငါ အလုအယက် ကောက်ကြရသည်။ အန္တရာယ်က များပါဘိသနဲ့။ ကျောက်တုံးကျောက်ခဲ မှန်လို့ ဆေးရုံဆေးခန်း ပို့လိုက်ရသူတွေရှိသည်။ ကိုယ်အင်္ဂါ ချို့ယွင်းသွားသူရှိသည်။ အသက်ပင် ဆုံးရှုံးလိုက်ရသူရှိသည်။ သို့သော် နိုင်လင်း တို့လို ရေမဆေးသမားတွေအတွက် ကျောက်မှန်ပြီး သေမှာကို တွေးကြောက်နေလျှင် ထမင်းငတ်တာ ကြာပြီပေါ့။ ဖားကန့်မှာ ရေမဆေးသမားတွေ တစ်နေ့တခြား အရေအတွက် များလာတာမို့ သည်အလုပ်နှင့် ထမင်းနပ်မှန်ဖို့ အသက်ဘေးလည်း မကြောက်တော့ပါ။ နိုင်လင်းတို့က ကျောက်စိမ်းပတ်ဝန်းကျင်မှာက လွဲလို့ အခြားမှာ လုပ်မှ မစားတတ်တော့ဘဲလေ။

မူလက နိုင်လင်းတို့သည် ရေမဆေးသမားများ မဟုတ်ကြပါ။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့် ၂ဝဝဝ ခုနှစ် မတိုင်ခင်က အထိ နိုင်လင်းတို့သည် ကျင်းသား ဖြစ်၏။ ထိုအချိန်က နိုင်လင်းအ သက်သည် ဆယ့်သုံးနှစ်ပင် မပြည့်သေးပါ။ ဘဝအကြောင်းက မကောင်းခဲ့တော့ ငယ်ရွယ်စဉ် ဖခင်ဆုံးပြီး အမေက နောက်အိမ်ထောင်ပြုခဲ့သည်။ မန္တလေးဘက်ကနေ ပြောင်းလာကြပြီး ဒီဖားကန့်မှာ အခြေချခဲ့သည်။ မန္တလေးက အဖေ့အမွေ ဆင်ခြေဖုံးရပ်ကွက်က အိမ်နှင့် ခြံကလေးကို ပထွေးက ရောင်းစားသုံးဖြုန်းပစ်လို့ အပြီးမှာတော့ နိုင်လင်းတို့ ဒီဖားကန့်ကို အပြီး ရောက်လာကြသည်။ နိုင်လင်းနှင့် ဘဝတူ အကျိုးပေးတူသူက မိချိုဖြစ်သည်။ မိချို အမေကလည်း အိမ်ထောင်ကွဲနေသည်။ နိုင်လင်းတို့ အိမ်နီးချင်းတွေမို့ ခင်မင်ရင်းနှီးသည်။ အမေက အိမ်ထောင်ပြုတာ မိမိပင် ကံဆုံးခြင်းထဲ ခုန်ဆင်းသည်မဟုတ်။ မိချို အမေပါ ဆွဲခေါ်သွားသည်။ ပထွေး ဦးနက် ကျော် ကဲ့သို့ အလုပ်မရှိ အကိုင်မရှိ လောင်းကစားသမားတစ်ဦး အိမ်ကို ဝင်ထွက်ရာမှ မိချိုအမေနှင့် အကြောင်းပါခဲ့သည်။ အိမ်လေး၊ ခြံလေး အတူတူ ကုန်သည်။ ဖားကန့်ကို အတူတူ ပြောင်းရွှေ့လာရသည်။

မိချိုအမေကတော့ နောက်အိမ်ထောင်နှင့် ကလေး ထပ်မမွေးတော့။ နိုင်လင်းအမေက ကလေးသုံးယောက် ထပ်မွေးထားသည်။ ပထွေး နှစ်ယောက်စလုံးက တစ်စက်မှ ရှာမကျွေးပါ။ မိန်းမတွေကို နိုင်သည်။ မယားပါ သားသမီးတွေကို နိုင်သည်။ နိုင်လင်းနှင့် မိချိုမှာ ကျွန်ဝယ်ရာ အဆစ်ပါ ဆိုသလို ပညာသင်ရမယ့် အချိန်လည်း မရှိလိုက်ဘဲ လောကဓံမုန်တိုင်းထဲ ဆင်းခဲ့ရသည်။ ပထွေး နှိပ်စက်တာချင်း အတူတူမှာ နိုင်လင်းက ယောက်ျားချင်းမို့ ပထွေးက ရိုက်နှက်ရုံ အပြင် မကြံစည်တတ်ပါ။ မိချိုကတော့ အရွယ်လေး ရလာသည်နှင့် ပထွေးရဲ့ အချောင်းအမြောင်း၊ အကြံအစည်ကို အမြဲ ခံခဲ့ရသည်။ အရာရာမှာ ကြောက်ခဲ့ရသော နိုင်လင်းသည် မိချိုကို ထိလျှင်တော့ ဘီလူး တစ်ကောင်လို သတ္တိပါလာသည်။ ဘယ်သူ ဖြစ်ဖြစ် သတ်ပုတ်ခဲ့သည်။

ထိုခေတ်အခါတွေတုန်းက စက်ယန္တရား ဝင်ရောက်မှုမှာ မဖြစ်စလောက်သာ ရှိသေး၍ သံတိုင်၊ ပေါက်တူးများကို အသုံးပြုပြီး တူးရသဖြင့် ကျင်းသားတွေ အများကြီး လိုအပ်ချိန်ဖြစ်သည်။ တရားမဝင် ခိုးတူးရတာ ဆိုတော့ စက်ယန္တရားကြီးတွေလည်း ဝေးပေါ့။ ယနေ့ခေတ်လို ကြီးမားမို့မောက်နေတဲ့ မြေစာပုံကြီးတွေလည်း မရှိပါဘူး။ ကျင်းသားတွေ ခေတ်ကောင်းချိန်ပေါ့။ ထိုခေတ်က ကျင်းသားများသည်လည်း လောပန်းလောင်းအိပ်မက် မက်နိုင်ကြသည်။ လုပ်ကွက် တစ်ခုလျှင် ကျင်းသား ရာမှ ထောင်ဂဏန်းအထိပင် ရှိကြသည်။ ထို ကျင်းသားများကို တစ်နေ့ ထမင်းသုံးနပ် ကျွေးသည်။ နေမကောင်းလျှင် ဆေးကုပေးသည်။ ကျောက်အောင်လျှင် အစုလိုက် အချိုးကျ ခွဲဝေယူကြသည်။ ခေတ်အခါ အတော်လေး ကောင်းသည့် အချိန်မှာ အလုပ် မလုပ်သူ ဖိုးသမား၊ အရက်သမားများ ရှိသည်။

သူတို့သည် လွယ်လွယ်ရသည့် ကျောက်ကို လိုက်ကောက်၊ ရသည့် ကျောက်ကို ရသည့်ဈေးဖြင့် ရောင်းပြီး အရက်သောက်သည်။ နံပါတ်ဖိုး ရှူသည်။ မြေစာပုံ အချို့မှာ ဖိုးသမားတို့က ကျောက်ရှာတူ တစ်ချောင်းဖြင့် ကျောက်လိုက်ကောက်သည်။ သူတို့ ရှာဖွေ ကောက်ရသော ကျောက်ကို ရေမဆေး ကျောက်ဟု ခေါ်သည်။ ထိုသူတို့ကို ရေမဆေးသမားဟု ခေါ်သည်။ ရေမဆေးသမားများထဲတွင် နိုင်လင်းပထွေး ဦးနက်ကျော်နဲ့ မိချိုပထွေး ကျောက်ခဲတို့က ရှေ့ဆုံးမှ ဖြစ်သည်။ ခုတော့လည်း တဖြည်းဖြည်း နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကွက်များ ခွင့်ပြုလိုက်သော အခါ လောပန်းအကြီးကြီးတွေ ဝင်လာသည်။

သူတို့နှင့်အတူ စက်ယန္တရားကြီးများ ပါလာသောအခါ ကျင်းသားများအရေအတွက် နည်းလာသည်။ ကုမ္ပဏီများ၏ လူလျှော့ခြင်း ခံရသူတို့မှာ နေရပ်သို့ မပြန်နိုင် ရှာသည့် မှော်ကြာ ဖြစ်နေပြီမို့ ဖားကန့်မှာပင် ဖြစ်သလို ကုတ်ကတ်နေရတော့သည်။ ဒီထဲမှာ နိုင်လင်းတို့ ဘဝတွေလည်း အပါအဝင်ပေါ့။ ကျင်းသား အလုပ်လေး နေ့စား ရရင် လုပ်လိုက်။ အလုပ် မရှိချိန် ရေမဆေးကျောက် ကောက်လိုက်နှင့် ဘဝတွေက အသက်ကြီး ကြီးလာသည်။ သူနှင့် မိချို ကြားက ချစ်ခြင်းမေတ္တာ တစ်ခုသည်လည်း ငွေနှင့် ဖလှယ်ခြင်း ခံလိုက်ရသည်။ ဖလှယ်တယ် ဆိုကတည်းက တစ်ခုက တစ်ခုကို ပေးလိုက်ရတာပါ။ မိချို အမေနှင့် ပထွေးက ငွေအချို့ ရလိုက်သည်။ နိုင်လင်းနှင့် မိချို နှလုံးသားနှစ်စုံနှင့် ဘဝနှစ်ခုတော့ စတေးခံ လိုက်ရသည်။

မြေစာကားတစ်စီး ချပြီးလို့ ကျောက် ဝိုင်းရှာပြီး အတော်ကြာသည့်အခါ အချို့က အခြား ကွင်းကိုသွားသည်။ အချို့ကလည်း နားကုန်သည်။ မိချို ကတော့ အိမ်ပြန်ချင် သေးပုံ မပေါ်ပါ။ နေပူပြင်းပြင်း အောက် ခြေစုံ ရပ်ပြီး တစ်စုံတစ်ရာကို မျှော်မှန်းနေသည်။

“နေအရမ်းပူလာပြီ မိချို … ခဏနားပြီး ထမင်းစားရအောင်လား။ ဒါမှမဟုတ် အိမ် ပြန်မလား။ နင့်သမီး ငိုနေလောက်ပြီ

“ကလေးငိုရင် အမေနို့တိုက်လိုက်မယ် ပြောတယ်။ နိုင်နိုင်ရေ ငါကလည်း အိမ် မပြန်ရလေ ကောင်းလေ။ ဟိုလူကြီး မျက်နှာ မြင်နေရရင် တစ်နေ့တခြား အကုသိုလ် တိုးလာတယ်။ ငါ့ပါးစပ် မပိတ်နိုင်ရင် သ,တ်ပွဲ ဖြစ်တော့မှာ”

မိချိုက နာကြည်းစွာ ပြောလာသည်။ မိချို မျက်နှာဖြူဖြူလေးသည် နေလောင်ဒဏ်ကြောင့် အတော်နီညိုရင့်ရောင် ဖြစ်နေပါပြီ။ တစ်ချိန်က နိုင်လင်း မြတ်နိုးခဲ့ရသော ဆံနွယ် ညိုနွဲ့နွဲ့လေးတွေမှာ နီရဲစုတ်ဖွာနေသည်။ နိုင်လင်းသည် မိချိုကို ကြည့်လျက်မှ သက်ပြင်းကို ဘယ်နှကြိမ်မှန်းမသိ ချမိပြန်သည်။ မွန်းတည့်ချိန် ရောက်လျှင် နိုင်လင်းနှင့် မိချို ထမင်းချိုင့်တွေ ဖွင့်စားကာ ဘယ်ကွင်းကိုသွားရင် ကောင်းမလဲလို့ တိုင်ပင်ကြသည်။ အခြား ဖက်စပ်ကွင်းတစ်ခုကို သွားရာ မန်နေဂျာကလည်း အော်ငေါက်နေတာ ကြားသည်မို့ အချိန်စောစောပင် အိမ်ပြန်လာကြသည်။ နိုင်လင်းတို့ မှီတင်းရာ အိမ်စုလေးတွေဆီ ရောက်လျှင် မိချို ကလေးက ငယ်သံပါအောင် အော်ငိုနေသည်။

“ကလေးက ငိုလှချေလား အမေရယ်။ ဘယ်အချိန်ကတည်းက ငိုနေတာလဲဟင်”

“ကြာပါပကောလား မိချိုရယ်။ ညည်းနောက် လိုက်ဖို့ လမ်းလွဲနေမှာ စိုးလို့လေ”

မိချိုသည် လက်ထဲမှ ပစ္စည်းများကို ချကာ အမေ့လက်ထဲမှ ကလေးကို ပြောင်းချီလိုက်သည်။ နောက်အင်္ကျီလှန်ကာ နို့ထိုင်တိုက်နေသည်။ နိုင်လင်းသည် မိချို၏ ရတက်မအေးသော ဘဝကို သနားမိသည်။

ဘယ်လိုများ ဒီဘဝကို ကယ်ထုတ်ရပါ့မလဲ ဟုလည်း မကြာခဏ တွေးမိသည်။ ဒေါ်လေးမြ ချပေးသော ရေနွေးကြမ်းခွက်ကို ထိုင်သောက်နေစဉ် အိမ်ခန်းထဲမှ မိချိုပထွေး အသံ ထွက်ပေါ်လာသည်။

“သောက်ကမြင်းမကလေးက ငိုလိုက်တာ လွန်ရော။ ပင်ပန်းထားပါတယ်ဆိုမှ ကောင်းကောင်း မအိပ်ရဘူး”

“အေး.... ကျုပ် ကမြင်းလို့ ရထားတာလား၊ တော်တို့ ငွေမက်လို့ ရထားတဲ့ ကလေးလားဆိုတာ တစ်ကွင်းလုံးသိတယ် သေနာကောင်ကြီးရဲ့”

မိချိုသည် ကလေးနို့တိုက်ရင်း ကက်ကက်လန် ရန်ပြန်တွေ့လိုက်သည်။ အင်မတန်နူးညံ့ အေးဆေးသော မိချိုသည် ဘဝနာပြီး ကြမ်းတတ်လာ၏။ ရန်နိုင် နေရာမှ အမြန်ထကာ ရန်ပွဲကို အဆုံးသတ်လိုက်သည်။

“ကဲ...လာ အိမ်ကိုသွားမယ် မိချို။ ဒီမှာ ကြာကြာနေရင် ပြဿနာရှည်လိမ့်မယ်။ မတူတဲ့ သူတွေနဲ့ မတုတာဘဲကောင်းတယ်”

ရန်နိုင် ဆွဲခေါ်လာ၍ မိချိုရော၊ ကလေးပါ အိမ်ပါလာသည်။ အမေသည် နိုင်လင်း တို့ကို ကြည့်ကာ မျက်နှာမကောင်းပါ။ ကလေးအိပ်သွားသောအခါ အမေက အိပ်ရာပေါ်သိပ်ပေးထားသည်။ နိုင်လင်းနှင့် မိချို ထမင်းအတူစားသည်။ ထမင်းစားနေစဉ် ပထွေးနက်ကျော်သည် ယိုင်နေသော ခြေလှမ်းများဖြင့် အိမ်ထဲ ဝင်လာသည်။ ပုဆိုးကို မပြီး ဖြစ်ပျက်လာတာ အတော် ကျက်သရေ တုံးပါသည်။ နိုင်လင်း မျိုထားသော ထမင်းလုတ်ပင် အန်ချင်သည်။

“မိညို ... ဟေ့ ... မိညို။ ထမင်း ခူးထားစမ်း အေ့... အေ”

အိမ်ထဲ မရောက်သေးဘူး အမေ့ကို လှမ်းအမိန့်ပေးသည်။ နိုင်လင်းသည် အတော့်ကို အော့နှလုံးနာကာ ဒေါသကို ထမင်းလုတ်နှင့်အတူ မျိုချထားရသည်။ မိချို မျက်နှာလည်း သိပ်မကောင်းတော့ပါ။ နိုင်လင်းကို မော့ကြည့်ကာ စိတ်ညစ်သွားသည့်ပုံပင်။ ပထွေးသည် သူတို့နား ရောက်သည်နှင့် နိုင်လင်းတို့ကို အသေအချာ ကြည့်ကာ ခနဲ့သလိုရယ်သည်။

“ဪ... ဘယ်က ဧည့်သည်တွေလဲမှတ်တယ် နင်တို့ကိုး။ ဟေ့ကောင်မယားပါသား။ မင်းက မိချို လင်ပစ်သွားတော့ ခု အကြိုက်တွေ့သွားတာပေါ့ ဟုတ်လား။ ဘယ်ကတည်းက မင်းတို့နှစ်ယောက် ကျိတ်ကြံနေကြတာလဲဟင်။ ဒီကလေးလည်း မင်းနဲ့ ရတာ မဟုတ်လား”

မိချို မျက်နှာသည် ရဲတွတ်သွား၏။ ထမင်းပွဲကို လက်စသပ်ကာ သိမ်းလိုက်သည်။ နိုင်လင်းသည် အသားများဆတ်ဆတ်တုန်ကာ လူသ,တ်ချင်စိတ်ပေါက်သွားသည်။ အမေသည် အခန်းထဲမှ အမြန်ထွက်လာကာ သူ့ယောက်ျားကို ထိန်းသည်။

“ကိုနက်ကျော်... တော်မူးလာရင် မရစ်နဲ့။ ထမင်းစားမှာဆို ခူးပေးမယ်။ ကလေးတွေကို စိတ်ဒုက္ခမပေးပါနဲ့”

“နင် အသာနေစမ်းပါ မိညိုရဲ့။ ဒီမှာ မချို နင့်ကလေးကလည်း နိုင်လင်းနဲ့ အတော်တူတာ။ ဒီကလေးက လောပန်း ကလေးမှ ဟုတ်ရဲ့လား”

“အေ.. မဟုတ်လား... ဟုတ်လား သိချင်ရင် မင်းပထွေးကို သွားမေးလေ။ မိချိုကို မေးစရာလား။ အေးအေးနေလည်း မရတဲ့လူတွေ သွားစမ်း ခွပ်... ခွပ်”

“အား .. ဒီကောင်... ငါ့ကို ပြန်ထိုး တယ်ကွာ။ အား သေပါပြီ”

“ဟဲ့... ဟဲ့ နိုင်လင်း မလုပ်ပါနဲ့ဟယ်။ လာပါ... တော်ပါတော့”

အမေနှင့် မိချိုက အတင်း ဝင်ဆွဲသည်။ နိုင်လင်းသည် ပထွေးကို ငယ်စဉ် ကတည်းက ကြောက်ခဲ့ရသူ ဖြစ်သည်။ ကြီးလာတော့လည်း အမေ့မျက်နှာ ကြည့်၊ အငယ်ကလေးတွေ မျက်နှာကြည့်နှင့် သည်းခံခဲ့ရတာ မနည်း။ မိချိုနှင့် ပတ်သက်လာရင်တော့ ပြန်သ,တ်တာ နှစ်ခါရှိပြီ။ မိချိုပထွေးကိုလည်း နှစ်ခါမက သ,တ်ထားသေးသည်။ နက်ကျော် ခေါင်းမထောင်နိုင်အောင် ထိုးပြီးမှ နိုင်လင်း မိချို နောက် ပါလာသည်။ မိချိုသည် မှိုင်းညို့ညို့ တောင်တန်းကြီးတွေကို ငေးကာ မျက်နှာလေး နွမ်းဖတ်နေသည်။ နိုင်လင်းသည် အတိတ်အကြောင်း မကောင်းခဲ့သော မိမိတို့ အဖြစ်ကိုပဲ ရင်နာမိသည်။

“ငါတို့နှစ်ယောက်ရဲ့ အတိတ်ကံက မကောင်းခဲ့ပါဘူး မိချိုရယ်။ ငါသာ နင့်ကို ကာကွယ်နိုင်ရန် ဒီလို အဖြစ်မျိုးတွေ ဖြစ်ခဲ့မှာ မဟုတ်ဘူးနော်”

“နင်က ငါ့ကို မချစ်လို့ ပစ်ခဲ့တာမှ မဟုတ်တာ နိုင်လင်းရယ်။ ယုတ်မာတဲ့သူတွေရဲ့ ချုပ်ကိုင်မှုအောက် ငါတို့ ရောက်ခဲ့တာပါ”

မိချိုသည် ဝမ်းနည်းစွာ ရှိုက်ငိုလာ၏။ အတော်လေး နွမ်းပါးမှန်း မြင်ကတည်းက သိသာစေသည့် မိချိုရဲ့ ပုံစံသည် နိုင်လင်း နှလုံးသားမှာတော့ ခုထိ အလှဘုရင်မ တစ်ပါးပဲ။ ပျိုမျစ်မှု မရှိတော့တဲ့ တစ်လင်ကွာ မိန်းမတစ်ယောက်ဖြစ်နေလည်း နိုင်လင်း အတွက် အဖိုးမဖြတ်နိုင်ပါ။ မိချို၏ ဆံကေသာတွေ စုတ်ဖွာနီကျင်နေပေမယ့်၊ အသား အရေတွေ နေလောင်မည်းညစ်လာပေမယ့် နိုင်လင်း မျက်ဝန်းထဲမှာ အလှ မပျက်ခဲ့ပါ။ ဘဝတွေက ကဗျာမဆန်ပေမယ့် သူတို့နှစ်ယောက်ကြား အချစ်တွေက ကဗျာဆန်ခဲ့သည်။ မိချို အတွက်ဆို နိုင်လင်း အသက်လည်း ပေးရဲသည်။ ဒီလောက် ချစ်ခဲ့ပါလျက် လွဲခဲ့ရတဲ့ ကံကြမ္မာကို စိတ်နာသည်။ ငယ်ပေါင်း ချစ်သူနှစ်ယောက် ကွဲခဲ့ခြင်း အဖြစ်ကို စစ်လိုက်ရင် ပထွေးနှစ်ယောက်ရဲ့ ပယောဂ ထိပ်ဆုံးမှပါသည်။

••••• ••••• •••••

နိုင်လင်းတို့ ဖားကန့်မှော်တွင်းသို့ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်တွေ ချပေးလိုက်သော အချိန်သည် နိုင်လင်းတို့ ဆယ်ကျော်သက် အရွယ်သာ ရှိသေး၏။ နိုင်လင်းနှင့် မိချို မွေးရပ်ဇာတိက မန္တလေးမှ ဖြစ်သည်။ ဖခင်များ မရှိသည့်နောက် စရိုက်တူ ပထွေးနှစ်ယောက်ကြောင့် အိမ်ရာမဲ့ဘဝ ရောက်ပြီး ဖားကန့်မှော်တွင်းသို့ ရောက်ခဲ့ကြသည်။ နိုင်လင်းက ကျင်းသား အဖြစ်နဲ့ ရပ်တည်ရသည်။ မိချိုကတော့ တောက်တိုမည်ရ ပျံကျအလုပ်ပေါ့။ ပထွေးများက လုပ်မကျွေးဘဲ ဘိန်းရှူသည်။ သောက်စား မူးရူးသည်။ အမေတို့ လုပ်စာ စားပြီး နှိပ်စက်သည်။ ပိုဆိုးတာက မိချို။ ပထွေးက မဖွယ်မရာပင် ကြံစည်တတ်တာမို့ နိုင်လင်းနှင့် မကြာခဏ ရန်ဖြစ်ရသည်။ နိုင်လင်းနှင့် မိချိုက ဘဝတူ ငယ်ပေါင်းချစ်သူတွေ ဖြစ်နေခဲ့ပြီ။

တဖြည်းဖြည်း စက်ယန္တရားကြီးတွေ ဝင်ရောက်မှု များလာချိန်မှာ နိုင်လင်းတို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ မှော်ထဲကိုလည်း တရုတ်လူမျိုးအများစု ဝင်ရောက်လာသည်။ စက်မောင်းတွေ၊ မန်နေဂျာတွေ၊ လောပန်းတွေကစ တရုတ်စပ်သူများသည်။

မြန်မာမိန်းကလေး ဆင်းရဲသူ အများစုမှာ လူမျိုးခြား မယားငယ်ဘဝ ရောက်ရသည်။ ဒီအချိန်မှာ အချောင်သမား နက်ကျော်နဲ့ ကျောက်ခဲသည် ပေါက်ဖော်လောပန်းများကို ဝင်ရောသည်။

အလုပ် ရှားလာချိန်မှာ၊ နေ့စားအလုပ် ရဖို့အရေးပင် ခက်ခဲနေချိန်မှာ ကျောက်ခဲတို့လို အလုပ်သမားပွဲစားတွေ ပေါ်လာသည်။ ပေါက်ဖော်တွေ အတွက်လည်း အကျိုးဖြစ်၊ သူတို့ အတွက်လည်း အကျိုးဖြစ်သော ဈေးသက်သာနှုန်းနှင့် အလုပ်သမားခေါ်ပေးသည်။ ရေမဆေးကျောက်ကို အပ်ပျောက် ရှာသလို လိုက်ရှာနေရသော အချိန်မှာ အရေးပေါ်ငွေ လိုအပ်သူတို့အဖို့ ကျောက်ခဲ တို့လို ပွဲစားတွေကို ကပ်ရသည်။ လုပ်ခနည်းပေမယ့် ကြိုတင်ငွေ ယူရသည်။ အလုပ်သမားပွဲစားက လုပ်အားခကို ထက်ဝက်မက ခေါင်းပုံဖြတ်ကာ ရိုက်စားလုပ်သည်။ ထိုလို အချောင်သမားတွေအတွက် အတော် တွက်ခြေကိုက်သော အလုပ်ပေမယ့် နေစရာ မရှိ၊ အလုပ်မရှိ လူတန်းစားတွေအတွက် ဆင်းရဲတွင်းက နက်သထက် နက်လာသည်။ နိုင်လင်းသည်လည်း ပထွေးရဲ့ လုပ်ကွက်ထဲမှာ ဝင်လုပ်ရသည်။ သူတို့ကတော့ လောပန်းတွေ ရှေ့မှာ ဟိတ်ဟန် ကောင်းသူတွေပေါ့။ မြန်မာအလုပ်သမားချင်း ကန်ကျောက်ပြသည်။ မာန်ဖီပြသည်။ လုပ်ကွက်ထဲမှာဆို နိုင်လင်းကို ပိုမာန်မဲဟိန်းဟောက်တတ်သည်။ မိချိုသည်လည်း မှော်ထဲမှာ ရရာ နေ့စား အလုပ်ကို အရွယ်နှင့် မလိုက်အောင် ဝင်လုပ်နေရပါသည်။ ထိုမှာ ပြဿနာက ပေါက်ဖော်မန်နေဂျာ တစ်ကောင် က မိချိုကို မျက်စိကျလာခြင်းပင်။

“နိုင်နိုင်ရယ် ငါစိတ်ညစ်တယ်။ တစ်နေ့ တစ်နေ့ ပထွေးရန်က မအေးပါဘူးဆိုမှ ဟိုပေါက်ဖော်က အိမ်အမြဲ ပါလာတယ်။ ငါ့ပထွေးကလည်း သူ့ကို အရမ်းဦးစားပေးတယ်။ ငါ့ကို ထိကပါးရိကပါး အမြဲလုပ်လာတယ်။ ငါ ဘယ်လို နေရမလဲ”

“ငါထင်တယ်။ နင့်ပထွေးနဲ့ ငါ့ပထွေး ခြေလှမ်းတွေ စိပ်ပြီး ဘယ်ကို ဦးတည်နေတယ်ဆိုတာ သိနေတယ်။ နင့် အမေ သဘောထားကရော ဘယ်လိုလဲ။ နင့်အမေကို ပြောထားလေ မလာစေနဲ့လို့”

“ပြောပြီးပါပကောလား နိုင်နိုင်ရယ်။ အမေက ပြောတယ် အခုလို ထမင်းနပ်မှန်နေတာ ပေါက်ဖော်ကျေးဇူးကြောင့်တဲ့။ ပြီးတော့ သူ့ပထွေးက လူရာဝင်လို့ အိမ်ကို အထူး ဧည့်သည် လိုက်လာတာ။ အတတ်နိုင်ဆုံး သည်းခံဆက်ဆံပေးပါတဲ့။ သိတဲ့အတိုင်း အမေတို့က သူတို့ယောက်ျားတွေ စကားကို အသေယုံတာလေ။ တစ်သဝေမတိမ်းလည်း နားထောင်ကြတယ်”

“ဪ... တော်တော်လည်း ခက်ပါလား။ ပြောပြန်ရင်လည်း ပြောင်းပြန်စီးတဲ့ မြစ် ဖြစ်ဦးမယ်”

မိချိုနှင့် နိုင်လင်း စိတ်ပူနေသော ကိစ္စက တဖြည်းဖြည်း ကြီးထွားလာသည်။ အမေ ကလည်း သတိပေးသည်။ မိချိုနဲ့ ကင်းကင်း နေတဲ့။ မိချိုကို လောပန်းနဲ့ ပေးစားတော့မှာလို့ ပြောလာသည်။ မိချိုအမေသည် နိုင်လင်းနှင့် မိချို စကား ပြေတာာပင် မကြိုက်လာသည့်အခါ နိုင်လင်း ခံရခက်လာသည်။

“အဲဒီလူမျိုးခြားမှာ မယားကြီးသားကြီး ရှိမှန်း သိလျက်နဲ့ အမေရာ။ ဒေါ်လေးညို ကိုယ့်သမီးလေးကို ပေးစားချင်တာအံ့ရော။ ဒီနိုင်ငံတွင်းကပဲ လူလွတ်၊ လူကောင်းဆို မိချို စိတ်ချမ်းသာရင် ကျွန်တော်က နောက်ဆုတ်မှာပါဗျာ။ ခုတော့ နောက်မဆုတ်နိုင်ဘူး အမေ”

“ဪ .. အဲဒီ ပေါက်ဖော်က ငွေသိန်း နှစ်ဆယ်၊ သုံးဆယ် တစ်ခါတည်း ပုံပေးမှာတဲ့လေ။ နင်.. အဲလို ပေးနိုင်လို့လား နိုင်လင်း ရယ်။ ပြီးတော့ မညို ခမျာလည်း သူ့ယောက်ျားကို အကြောက်ရသားလေ။ ဘယ်လွန်ဆန်ရဲမလဲ”

နိုင်လင်း သည်းမခံနိုင်ပါ။ မိချိုနှင့် နှစ်ယောက်သား ထွက်ပြေးဖို့ ကြံစည်ကြစဉ် အမေတို့ သိသွားသည်။ မိချိုအမေကလည်း ချော့မော့ပြောသည်။

“ငါ့သားရယ် ... မင်းတို့မှာ ငွေကြေး မပြည့်စုံဘဲ ဘယ်လိုရပ်တည်မလဲ။ ငွေအရင် သွားရှာလိုက်ပါလား။ ပြန်လာရင် လက်ထပ် ပေးပါ့မယ်” ဟု အချိုသတ်သည်။ အမေကလည်း နားချသည်။ ဒီဖားကန့်မှော်တွင်းမှာ သူများအလုပ်သမား လုပ်နေတာထက် စာရင် တရုတ်ပြည်ထဲမှာ အလုပ်တွေ ကောင်းကြောင်း မဲဆွယ်သည်။ အမေနှင့် ဒေါ်လေးညိုက ခရီးစရိတ်ပင် ထုတ်ပေးကာ သူ့ကို အလုပ်ထွက်လုပ်စေသည်။ ထိုသို့သော အချက်တွေကြောင့် သူ ... မိချိုကို ကတိ ပေးတွေ ပေးကာ ထားရစ်ခဲ့ရသည်။ မိချိုက သူ အလုပ်သွားလုပ်မှာကို လုံး ဝသဘောမတူပါ။ အတန်တန် တားသည်။

“ငါတော့... နင့်အမေကိုရော၊ ငါ့ အမေကိုရော မယုံဘူး နိုင်နိုင်။ နင်... လှည့်စားမခံပါနဲ့။ ငါကတော့ နင့်ကို ဘယ်မှ မသွားစေချင်ဘူး”

“မဟုတ်တာ မိချိုရယ်၊ နင့်ကို ဘယ်သူမှ လက်ဖျားနဲ့မထိစေရဘူးတဲ့။ ပထွေးတွေလည်း စိတ်လျှော့သွားပါပြီဟာ... ငါ ကြိုးစားမယ်။ ငါတို့နှစ်ယောက် နောင်ရေး အတွက် နင်သာ ကျန်းမာရေးရော အစစ ဂရုစိုက်နော်”

နိုင်လင်း တရုတ်ပြည်ထဲ ခိုးလမ်းမှဝင်သည်။ အစကတော့ အဆင်မပြေ။ ခြောက်လလောက် ကြာတော့ အဆင်ပြေလာသည်။ အဲအချိန်မှာပဲ သူ... မိချိုကို ဆက်သွယ်တော့ မိချိုက ဖုန်းလုံးဝ မကိုင်ပါ။ ငယ်သူငယ်ချင်း တစ်ယောက်ကို မေးကြည့်မှ နိုင်လင်း အသည်းတွေ ကွဲရတော့သည်။

“မင်း... မသိသေးဘူးလား။ မိချိုကို ပေါက်ဖော်တစ်ကောင်ဆီ ငွေနဲ့ ရောင်းလိုက်သလိုပဲ ယောက်ျားပေးစားပစ်ပြီလေ”

နိုင်လင်း အရုပ်ကြိုးပြတ် ခံစားခဲ့ရသည်။ အမေတို့ တစ်ယောက်မှ မပြောပါ။ မိချို ကတော့ ဒါတွေ ကြိုသိနေလို့ သူ့ကို တားသည်။ အတင်းအကျပ် စီမံမှုကို မလွန်ဆန် နိုင်သောအခါ သူ့ကိုပါ စိတ်နာသွားပုံရသည်။ မိချိုနှင့် ဖုန်းပြောချင်သည်ဆိုတိုင်း တစ်ခါမှ လာမပြောပါ။ နိုင်လင်း ချက်ချင်း ပြန်လာသည်။ မိချိုသည် သူ့ကို အတွေ့မခံပါ။ တွေ့ရင်လည်း တန်းငိုသည်။ မိချိုသည် ရွှေလေးငွေလေးနှင့် ဖြစ်နေပေမယ့် တစ်စက်မှ စိတ်ချမ်းသာပုံ မပေါ်ပါ။ ပေါက်ဖော်ကလည်း နှိပ်စက်သည်ဟု ကြားသည်။ လုပ်ငန်းထဲမှာလည်း အခြားမိန်းကလေးများနှင့် ရှုပ်သည်။

မိချိုနှင့် နိုင်လင်း နှလုံးသားတွေ ကြွေမတတ် ခံစားနေရချိန်မှာ ပထွေးနှစ်ယောက်က ကောင်းစားနေသည်။ မကြာပါ။ မိချို ကလေးရပြီး မိန်းကလေးမှန်း သိကတည်းက ပေါက်ဖော်က ငွေအနည်းငယ်ပေးကာ သူ့ဌာနေ အပြီးပြန်သွားသည်။ စွန့်ငွေ အချို့ ပထွေး လောင်းကစားလုပ်ပစ်သည်။ ဒေါ်လေးညိုသမီး ကလေးတစ်ယောက်အမေ ဖြစ်ကျန်ခဲ့တာပဲ အဖတ်တင်သည်။ နှလုံးကြေကွဲ ခံစားရသည်။ မိချို ကလေး ရလာသည်။ ဘဝက ရေမဆေးသမား ဘဝ ဒုံရင်းကဒုံရင်း ပြန်ရောက်ခဲ့သည်။ မိချိုသည် စကားလည်း အင်မတန် နည်းသွားပြီး အပြုံးအရယ်ဆိုတာ မရှိသလောက် ဖြစ်သွားသည်။ ရေမဆေးသမားတွေရဲ့ ဘဝမလှပေမယ့် ညနေခင်းသည် မှိုင်းပျပျ တောင်တန်းကြီးတွေနှင့် အတော်လှ၏။

“ငါ ...နင့်ကို လက်ထပ်ယူမယ် မိချို”

“ဘာရယ်... အဟတ်... ဟား ဟား မရူးချင်စမ်းပါနဲ့ နိုင်လင်းရယ်”

အိပ်တန်းပျံငှက်တစ်အုပ်သည် သူတို့ နားမှ ဖြတ်ပျံသွား၏။ ပုစွန်ဆီရောင် အလင်းဓာတ်တို့သည် တောက်ပနေလျက်။ မိချို မျက်ဝန်းတွေကတော့ မျှော်လင့်ချက်မဲ့ လွန်းသည်ဟု နိုင်လင်း ခံစားမိလာသည်။

“ငါတို့ နှစ်ယောက်ဟာ အငယ်ကတည်းက သိပ်ချစ်ခဲ့တာပါ မိချို။ ငါ့အချစ်ကို နင် မယုံကြည်တော့ဘူးလား။ ငါ သမီးကိုလည်း ချစ်တယ်”

“အိမ်ထောင်ရေးဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ထင်လဲ နိုင်နိုင်။ ငါ...နင့်ကို ဒုက္ခမပေးချင်ပါဘူး”

“ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ ခုထိ မပြောင်းလဲသေးဘူးဆိုတာ ငါသိတယ် မိချို။ နင်လည်း ငါ့ကို သစ္စာဖောက်ပြီး နောက်တစ်ယောက် ယူသွားတာ မဟုတ်ဘူး။ နင့် ဘဝကို ငါ စောင့်ရှောက်ချင်နေတာကြာပြီ။ ဒီတစ်ခါတော့ ငါတို့ ထပ်မဝေးချင်တော့ဘူး မိချိုရယ်”

ရီဝေဖျော့တော့လွန်းသော မိချို မျက်ဝန်းမှ အလင်းရောင်မှုန်မှုန်လေးတစ်ချက်ကို နိုင်လင်း မြင်လိုက်ရသည်။ သူ့ ရင်သည် တစ်ချက်လှုပ်ခတ်ကာ ပျော်မွေ့ သွားရ၏။ မိချိုလက်ကလေးကို ဆုပ်ကိုင်လိုက်လျှင် မိချိုက ရှက်မျက်နှာနှင့် ခေါင်းငုံ့သွားသည်။ ညနေသည် လှပခြင်းဖြင့် အဆုံးသတ်၏။

••••• ••••• •••••

မိချိုက ချက်ချင်း လက်မထပ်ချင်သေးဘူးဆို၍ နိုင်လင်း စောင့်ဆိုင်းနေရသည်။ အလုပ်ကို ကြိုးစားလုပ်သည်။ ခုတော့လည်း ဒေါ်လေးညိုနှင့် အမေကလည်း ကြည်ကြည် ဖြူဖြူ၊ လက်ခံကြတာမို့ ပွင့်ပွင့်လင်းလင်း ချစ်ပိုင်ခွင့်ပြန်ရသည်။ ပထွေးနှစ်ယောက် ကတော့ မဲ့လားစောင်းလား လုပ်ချင်ပေမယ့် နိုင်လင်းကို ကြောက်လို့ မလုပ်ရဲပါ။ ပထွေးရဲ့ လုပ်ကွက်ထဲမှာ နေ့စားလုပ်လိုက်၊ ကျောက် ကောက်လိုက်နှင့် ငွေကို ရသမျှစုသည်။ ခက်တာက အဖတ် မတင်ပါ။ အမေသည် ကလေးသုံးယောက်နှင့် ပထွေးလုပ်စာကို မစားရပါ။ သူက သောက်စားမူးရူးနေတာ များသည်။ လောပန်းများနှင့် ချိတ်ဆက်ပြီး လူပွဲစားလုပ်ကာ ငွေရှာသည်။ ရသမျှ မူးယစ်ဆေးသုံးသည်။ လောင်းကစား လုပ်သည်။ မိန်းမပွေရှုပ်သည်။

ဒီတော့ နိုင်လင်းမှာ မိသားစု ရှိနေ၍ မိချို အတွက် လုံလောက်တဲ့ ထောက်ပံ့မှု မပေးနိုင်ပါ။ နိုင်လင်းက မိချိုကို ကျောက် မကောက်စေချင်တော့ပါ။ ခုတစ်လော မြေစာ ပုံတွေက ခဏခဏ ပြိုကျနေသည်။ ယခင်က ပေငါးဆယ်သာ သတ်မှတ်ထားသော မြေစာပုံသည် ယခုအခါ ပေငါးရာမက ရှိနေပြီ။ တွင်းတွေက နက်လာသလို မြေစာပုံကြီးတွေကလည်း မို့မောက်ပြန့်ပြူးနေသည်။ သူဌေးများသည် ကျောက်စိမ်းများကြောင့် မြေစာပုံတွေလို ပို၍ပို၍ ပိုင်ဆိုင်မှုတွေ့သွားပေမယ့် ရေမဆေးသမားတွေဘဝက ကျောက်တွင်းတွေလို တဖြည်းဖြည်း ဆင်းရဲတွင်း ပိုပိုနက်လာသည်။ ဒီကြားထဲ ဆန္ဒပြမှုတွေ များလာ၊ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုလာတော့ ဒီဇာတိ မဟုတ်သူများကို ပြန်လွှတ်မယ် ကြားနေရသည်။

“ကိုယ့်ရပ်ကိုယ့်ရွာမှာ နေထိုင်စရာ အိမ်အိုးမရှိ၊ လုပ်ကိုင်စားစရာ အလုပ်မရှိဘဲ ငါတို့ ဘယ်ကို ပြန်ရမှာလဲကွာ"

ငယ်သူငယ်ချင်း မောင်ဦးက ညည်းပြလာသည်။ ဒီပြဿနာက နိုင်လင်းတို့လို မှော်ကြာတွေအတွက် အတော်ခက်ခဲသည်။

“အေးကွာ... ရေမဆေးသမားဘဝကို ခံယူချင်လို့ ခံယူထားတယ် ထင်နေလား မသိပါဘူး။ ကျင်းလုပ်သားဘဝတွေ ပျောက်ကွယ်ကုန်လို့ ငါတို့တွေက ရေမဆေး ဖြစ်ကုန်တာလေ။ ဒီလိုပါပဲ ဘယ်ပြဿနာကို ဖြေရှင်းပါစေ အရင်ဆုံးထိတာက အခြေခံလူတန်းစားပဲလေ”

ဘဝတွေက မွန်းကျပ်လွန်းသည်။ စက်ယန္တရားတွေကြောင့် တထောင်းထောင်း ထနေတဲ့ ဖုန်မှုန့်၊ သဲမှုန့်တွေကြောင့်လား၊ ဆင်းရဲမွဲတေမှု အလုပ်လက်မဲ့များလာမှု ကြောင့်လားတော့ မသိပါ။ နိုင်လင်း အနာဂတ်ကို တွေးရင် ရင်မောသည်။ မိချို ပင်ပန်းနေတာကိုလည်း မကြည့်ရက်ပါ။

“ငါက နင့်ကို ကျောက်မကောက်စေချင်တော့ဘူး မိချို။ ငါ... အခုကြိုးစားနေပါတယ်ဟာ။ တို့ လက်ထပ်ပြီးရင် နင် ဘာမှ မလုပ်ရဘူးသိလား”

“အေးပါ နိုင်နိုင်ရယ်။ ခုတော့ အမေနဲ့ ကလေး စားဖို့၊ ကျန်းမာရေးအတွက် ငါ တစ်နေ့ ကျောက်ရှာ မထွက်ရင် တစ်နေ့ အဆင်မပြေဘူးလေ”

နိုင်လင်းတို့သည် မကြာခင် မိသားစု စုံရာနဲ့ ရပ်မိရပ်ဖရှေ့မှာ ကန်တော့ပွဲနှင့် တောင်းရမ်းယူဖို့ စီစဉ်ထား၏။ နိုင်လင်း ကတော့ ခုတစ်လောမှာ ပထွေးကို ကြည့် မရလည်း သူ့လုပ်ကွက်မှာ နေ့စားဝင်လုပ်နေရသည်။ ဒီနေ့လည်း မနက်အစောကြီး အလုပ်ဆင်းရမှာမို့ မိချိုကို ဝင်နှုတ်ဆက်သည်။ မိချိုသည် သူ့ကလေးကို နှုတ်ဆက်ကာ ကျောက်ကောက်သွားဖို့ ပြင်နေ၏။ မိချို မျက်နှာလေးသည် ဒီနေ့ မလန်းပါ။

“နေမကောင်းဘူးလား မိချို။ နင်၊ မျက်နှာညှိုးလှချေလား”

“မဟုတ်ပါဘူးဟယ်။ ဒီနေ့ ငါ့စိတ်တွေ လေးနေတယ်။ ညကလည်း အိပ်မက်တွေ မကောင်းဘူးလေ”

“အဲဒါဆို ဒီနေ့ ကျောက်ကောက် မထွက်ပါနဲ့လား။ ငါ့မှာ စုထားတဲ့ငွေ ရှိတယ်။ အဲဒါ ယူထားလေ”

“ရပါတယ်ဟာ... လာ သွားကြမယ်”

နိုင်လင်းနှင့်မိချို အတူတူထွက်ခဲ့သည်။ လမ်းခွဲ ရောက်လျှင် မိချိုက သူ့ကို ဂရုစိုက်ဖို့ မှာသည်။ နိုင်လင်းတို့ အလုပ်လုပ်နေစဉ် သတင်းဆိုးတစ်ခုကို ကြားလိုက်ရသည်။ မြေစာပုံ တစ်ခု ပြိုလို့ ရေမဆေးများစွာ ပိနေ သတဲ့။ နိုင်လင်းရင်သည် မီးဟုန်းဟုန်း တောက်သွား၏။ ပြိုကျသော မှော်ကွင်းဘက်ကို မိချို မနက်က ကျောက်သွားရှာမည်ဟု ပြောသွားသည်ကို သတိရမိ၍ ဖြစ်သည်။ နိုင်လင်းသည် ချက်ချင်းပင် လုပ်လက်စ အလုပ်ကို ရပ်ကာ နေရာမှ ပြေးထွက်ခဲ့သည်။ ပထွေးနက်ကျော်သည် နောက်ကနေ အသံဆိုးကြီးနဲ့ အော်လာ၏။

“ဟိတ်ကောင် ... အဲဒါဘယ်လဲ။ အလုပ်လုပ်ရင်းက ထားခဲ့တယ်။ ဒီကောင် ထမင်းငတ်ချင်ပြီ ထင်တယ်”

ပထွေးအသံနက်ကြီး လိုက်လာပေမယ့် နိုင်လင်း နောက်လှည့် မကြည့်ခဲ့ပါ။ မြေစာပုံ ပြိုသည့် နေရာရောက်အောင် မနားတမ်း ပြေးသွားသည်။ လမ်းမှာ လူများ၊ ကားများ၊ ဆိုင်ကယ်များနှင့် ရှုပ်ယှက်ခတ်နေပါသည်။ ထိုနေရာသို့ရောက်အောင် အပြေးတစ်ပိုင်း အနားရောက်တော့ လူတွေလည်း ရှုပ်ယှက်ခတ်ပြီး ငိုသူ ငို၊ အော်သူအော်နေကြသည်။ ခဏချင်း လူအုပ်ကြီး များစွာရောက်လာပြီး ဆူညံပွက်လောရိုက်နေသည်။ မိချို ဘယ်မှာလဲ။ မိချို ဘယ်မှာလဲ။ နိုင်လင်း ယောက်ယက်ခတ်အောင် ရှာနေရသည်။ တွေ့ရာလူကို မေးစမ်းကြည့်မိတော့လည်း မသေချာ။

“ပါသွားသူတွေကတော့ ငါတို့ရပ်ကွက်က ရေမဆေးတွေများတယ်။ နိုင်လင်းရေ...မိချိုတော့ မသိဘူးကွ”

နိုင်လင်း ရင်တွေ အဆမတန်ပူလောင် လှသည်။ မြေစာပုံတွေ ဖယ်သူဖယ်ကြ။ စက်တွေနှင့် ရှာသူရှာနှင့် အချိန်တွေ ကုန်လာသည်။ ဒဏ်ရာများနှင့် ကယ်ထုတ်လာသူတွေလည်း ပါသည်။ သေဆုံးသူက များသည်။ တဖြည်းဖြည်း အလောင်းက များလာရာ မျက်ရည်တွေ လျှံညံနေသည်။ မိချို အမေသည် ကလေးချီလျက် ပြေးလာကာ ဟိုဒီ မေးမြန်း ငိုစမ်းနေသည်။ အမေပေါင်း များစွာ၊ သားသမီးပေါင်း များစွာပေါ့။ မိုးချုပ်သည်အထိ မြေစာပုံပြိုနားမှ မခွာနိုင်ကြပါ။ ဒုက္ခသယ် ကယ်ဆယ်မှုကလည်း သိပ် တိုးတက်သော နိုင်ငံ မဟုတ်၍ ခရီးမတွင်ပါ။ မိချိုကိုတော့ လုံးဝမတွေ့။ အခြား မှော်ဘက်တွေ သွားနိုး မျှော်လင့်ချက်ဖြင့် အိမ်ပြန်စောင့်ကြည့်သော်လည်း မိချိုပြန်မလာပါ။

“အမလေး... ဘဝတစ်လျှောက်လုံး ကံဆိုးခဲ့တဲ့ ငါ့သမီးလေး ဒီတစ်ခါတော့ အသက်ဆုံးပြီလား မောင်နိုင်လင်းရဲ့။ သမီးကို ကယ်ပါ ဟီး”

ဒေါ်လေးညို ငိုတော့ အမေကလည်း ငိုသည်။ ကလေးကလည်း နို့ဆာလာပြီဖြစ်၍ ငိုလာပြီ။ နိုင်လင်းသည် တစ်ညလုံး ဆောက်တည်ရာမဲ့ ခံစားရသည်။ မြေစာပုံက အန္တရာယ်များလှ၍ အနား မကပ်ရတော့သောကြောင့်သာ ပြန်လာရခြင်းဖြစ်သည်။ မနက်လင်းတော့ ကယ်ဆယ်ရေး ပြန်စသည်။ ထွက်လာတဲ့ အလောင်းများ ထပ်လို့။ ပိုင်ရှင်သိလျှင် လာသယ်သွားသည်။ အချို့မှာ ဘယ်အရပ်ကမှန်းမသိသော ပိုင်ရှင်မဲ့ အလောင်းများလည်း ပါသည်။ မိသားစုဝင် ပျောက်ဆုံးသူများမှာ ဘယ်အချိန်များ ထွက်လာမလဲဟူသော အတွေးနှင့် မျက်ရည်စက်လက် စောင့်ဆိုင်းနေရပါသည်။ မကြာခင် အမျိုးသမီးအလောင်း သယ်ချလာသည်။ အင်္ကျီအနီလက်ရှည်လေးကို လှမ်းမြင်လိုက်သည်နှင့် နိုင်လင်း မျက်လုံးတွေ မှိတ်ပစ်သည်။ မိချို။ ဘယ်လောက် နာကျင်သော ဒဏ်ရာများနဲ့ နောက်ဆုံးထွက်သက်ကို ရင်ဆိုင်ခဲ့ရပါသလဲ။

“အမလေး... ကံဆိုးမလေးရယ်။ သေတာတောင် ကောင်းကောင်းမသေရပါလား”

တစ်ဦးတည်းသော ဆွေမျိုးမိခင် ဒေါ်လေးညိုသည် သမီးကို ချီထားလျက် တက်မတတ် ငိုသည်။ နိုင်လင်းသည် မိချို၏ ဖရိုဖရဲဖြစ်နေသာ ကိုယ်ခန္ဓာကိုယ်ကို ပြုပြင် ပေးလိုက်သည်။ ခန္ဓာကိုယ်မှာ ဒဏ်ရာ များစွာနဲ့ပေါ့။ မိချိုအလောင်းကို အိမ်သယ်လာပြီးနောက် သူကိုယ်တိုင် ရေချိုးပေးသည်။ သူ ကြိုးစားဝယ်ချုပ်ပေးထားသော ဝတ်စုံလေးကို နောက်ဆုံး ဝတ်ပေးလိုက်သည်။ သနပ်ခါးလှလှလေး လိမ်းပေးလိုက်သည်။ နောက်ဆုံးခရီးတော့ လှလှပပလေး သွားပါ မိချို။ ပြီးတော့ တမလွန်မှာ ငါနဲ့ သမီးလေး ကို စောင့်နေပါနော်။ နင် ဘယ်မှ မသွားပါနဲ့ဦး။

“နောင်ဘဝမှာတော့ ငါတို့ ပေါင်းဆုံပါရစေ မိချို။ နင် ... ဆက်ဆက်စောင့်နေနော်။ ငါ... ဆက်ဆက်လိုက်လာခဲ့ပါ့မယ်”

နိုင်လင်း အရူးတစ်ယောက်လို တတွတ်တွတ် တောင်းဆိုနေမိသည်။ သမီးသည် ဘာမျှ မသိပါ။ နို့ဆာတိုင်း အော်လို့သာ ငိုနေသည်။ ဒေါ်လေးညိုသည် ဘာမျှ မသိတော့ဘဲ စိတ်နှင့် လူ လွတ်ကာ ထမင်းကို အမေ မနည်းချော့ကျွေးနေရသည်။ မိချို ပထွေးသည် လွန်ခဲ့သော လများစွာကတည်းက ဘယ်ရောက်သွားမှန်း၊ ဘယ်နားမှာ သေသွားမှန်း မသိလိုက်ပါ။ ဒေါ်လေးညိုသည် တိုင်လေးကို မှီလျက် အသုဘလေး ... မိချိုကို ငေးနေသည်။

“ငါ့အပူတွေက တစ်လျှောက်လုံး သမီးလေးကို ကူးစက်ခဲ့တာပေါ့။ ဘယ်တုန်းကမှ မငြိမ်းချမ်းခဲ့တဲ့ သမီးလေး ငြိမ်းချမ်းပါစေ”

တကယ် ငြိမ်းချမ်းရဲ့လား မိချို။ နင့် အမေပြောတာ နင်ကြားနိုင်သလား။ ငါ့ အတွက် စိတ်ပူသလား။ မပူပါနဲ့။ နင့်အမေ အတွက်၊ နင့်သမီး အတွက်၊ ငါ့ အတွက် ဘာမှမပူပါနဲ့။ နင် ငြိမ်းချမ်းစွာ နေပါတော့။ နိုင်လင်းသည် မျက်ရည်မဆည်နိုင်အောင် ကျမိ၏။ ဘယ်လိုမှ မငိုရှိုက်ရပါဘဲ မျက်ရည်ကသာ တွင်တွင်ကျနေသည်။ မိချို အသုဘချ သည့်နေ့မှာ တခမ်းတနား မရှိပါ။ အသုဘ ကမ္မဋ္ဌာန်းရှုသည်ကို မထူးဆန်းသော အရပ် လိုပင်။ ထိုနေ့မှာပင် မှော်ကြာရေမဆေးသမား အယောက်နှစ်ဆယ်လောက် တစ်ပြိုင်တည်း သင်္ဂြိုဟ်ရသည်ကိုး။ မျက်ရည်တွေ၊ မျက်ရည်တွေ... ကောသွားသော ဥရုချောင်းက ရေတွေစီးဆင်းနေသလိုပဲ။ မိဘတွေ။ သားသမီးတွေ မျက်ဝန်းမှမျက်ရည်တွေ.. ။

ဒါပေမဲ့ နိုင်လင်းတို့ရဲ့ ထိုမျက်ရည်တွေက ကဗျာမဆန်ခဲ့ပါဘူး။ ဒီသတင်းဆိုးကြောင့် ဖားကန့်မှော်ဟာ နာမည်ပိုကြီးသွားလိမ့်မယ်။ မြန်မာပြည်သား အချင်းချင်း သနားကြလိမ့်မယ်။ ဒီလောက်ပါပဲ။ ဘယ်သူမှ မခံစားဘူး။ ဒီမျက်ရည်တွေကို ဘယ်သူမှ မှတ်တမ်းတင်မှာ မဟုတ်ဘူး။ ဘဝတွေကိုက ကဗျာမဆန်သည်ပဲလေ။ ဖားကန့်က မှော်ကြာ ရေမဆေးသမားတွေရဲ့ ဘဝတွေ၊ မျက်ရည်တွေက ကဗျာမဆန်ပေမယ့် မိသားစုကို ချစ်မြတ်နိုးခြင်း၊ ချစ်သူတွေကို ချစ်မြတ်နိုးခြင်းတွေကတော့ အခြားသူတွေ နှင့် အတူတူပဲ ဖြစ်ပါသည်။ ။

▢  ယွန်းမြတ်မွှန်းသျှန်
📖 မဟေသီ မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၇

No comments:

Post a Comment