❝ အမောကို ပြေစေပါသည်❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
ဒေါသဖြစ်ခြင်းသည် မကောင်း။ ဤသည်ကို ရီးကျီးဒန် သိပါသည်။ သိပါလျက်နှင့် ဒေါသကို ချုပ်တည်း၍ မရ၊ နားထင်နားရင်း ထူလာအောင် ဒေါသထွက်ခဲ့ရသည်။ ယမန်နေ့ ညနေက ဖြစ်ခဲ့ရသော ဒေါသသည် သည်ကနေ့ နံနက်အထိ အငွေ့ မသေချင်သေး၊ ဒေါသရွေ့ တလူလူလွင့်ချင်ချင်ဆဲ ဖြစ်ပေ၏။
နေသည် မထွက်ခင်က ပူချင်နေသည်။ ငါးကြင်းကွက်တိမ်ပဝါများ လယ်ပြင်တစ်ခွင် တစ်ကျင်းလုံးကို လွှမ်းထားငြား အိုက်စပ်စပ်ကြီး။ လေပြည်ကလေး သွေးသော်လည်း သွေးလာခိုက်သာ နေသာသယောင် ရှိ၏။ လေငြိမ်သည်နှင့် ချွေးစက်များသည် မွေးညင်းပေါက်မှ ခေါင်းပြူလာပြီ။ ရီးကျီးဒန့် မျက်နှာသည် ယခုအထိ တင်းမာနေဆဲ၊ ခက်ထန်နေဆဲ ရှိသေး၏။ ဒေါသဆောင်နေသောကြောင့် ပျိုးစည်းသည် မလေးလံပါ။ တစ်စည်းပြီး တစ်စည်း ပစ်ချသည်။ ကြိုးတန်းကို ဆိုးဆိုးဆတ်ဆတ် တန်းသည်။
ပြောတော့သာ ကြိုးတန်း။ ကိုယ်တိုင် လုပ်ကြည့်သောအခါ လက်ဝင်လှသည်။ အချိန်ကုန်လှသည်။ ကန်သင်းတစ်ဖက်တွင် တစ်ယောက်စီ နေပြီး ကြိုး တန်းစဉ်က လွယ်သည်ထင်၏။ တစ်ယောက်တည်း လုပ်သည့်အခါတွင် တစ်စစိုက်ပြီးမှ တမန်းပြင်ကို နင်းလျှောက်ပြီး တစ်ဖက်ကန်သင်းသို့ လာရသည်။ ရီးကျီးဒန် ကိုယ်တွင် ချွေးစို့လာပြီး ကောက်ပင်ကား တစ်ပင်မျှ မထိုးရသေး။ သို့ကြောင့် ‘ တောက်’ တစ်ချက် ခေါက်မိသည်။ သည်မျှဖြင့်လည်း ဒေါသမပြယ်နိုင်သေးပါ။ ‘ပုမရယ်၊ ထင်းခွေ မကြုံရင် ရေခပ်တော့ ကြုံဦးမှာပါ’ အသံထွက်ကာ အငြိုးအတေးပြုသည့် တိုင်အောင် ဒေါသ မပြေပါ။ ပြေနိုင်ပါမည်လား။ ခြေဖဝါးနှယ် တည်မှန်သူကို လက်ဖဝါးကျင့်ဖြင့် ဆက်ဆံ ပြောဆိုခဲ့ပေသည်ကိုး။
ရီးကျီးဒန် ထဘီ ပြင်ဝတ်သည်။ ပျိုးစည်းကို ဖြေသည်။ ပျိုးဖတ်တစ်ဖတ် ယူပြီး အဖျားဖြတ်လိုက်စဉ် စူးရှတောက်ပသော မျက်လုံးများသည် ငြိမ်နေသော လယ်ပြင်ကွင်းကြီးပေါ် တစ်ချက်ဝေ့ဝဲ၏။ မြလယ်ပြင်၊ ရွှေလယ်ပြင်ကြီး။
ထွန်တုံး ပိတ်ကြပြီး စိုက်ရက်စောသော လယ်ပွဲများမှာ ရွှေရောင်မှ မြရောင်သို့ ပီပီသသ ရောက်ရှိနေကြသည်။ လှန်ခါစ ကောက်ပင်များသော်ကား ရွှေရောင်တွင်သာ ရှိနေသေးသည်။ လေဝှေ့သော်ငြား တေးမသီနိုင်သေး။ လှုပ်ယိမ်းရုံသာ လှုပ်ယိမ်းနိုင်ကြသေးသည်။
ရီးကျီးဒန်တို့ လယ်ပွဲမှာလည်း ထွန်တုံးပိတ်သလောက်ရှိသွားပြီ။ မြစိမ်းရောင်တစ်ဝက် ရွှေရောင် တစ်ဝက်နှင့် လှစည်စပြုပြီ။ သည်ပျိုးခင်းကျွတ်ကလေး တစ်ကွက်သာ ကျန်တော့သည်။ ပျိုးခင်း ကျွတ်ပေမယ့် မစိုက်ဘဲ ချန်ထား၍ မရ။ တော်စွလျော်စွ စိုက်၍လည်း မဖြစ်။ စိုက်ကြပ်က ချေးအများသား။ စိန်နားပန် မရ၊ ဖိုခနောက်ဆိုင် မရ။ အတန်းလိုက်ဆို အတန်းလိုက်။ သို့အတွက် ရီးကျီးဒန်သည် ပုမကို ကြိုပြောထား၏။ ပုမမှာ အများကြားတွင် ဗရုတ် ဗရက်ပေမယ့် ‘ခေါ်ကောက်’ တွင်မူ သပ်ရပ်၏။ မြန်လည်းမြန်၏။
••••• ••••• •••••
၂
သို့သော် ယမန်နေ့ညနေတွင်မူ တစ်မျိုး ဖြစ်သွားခဲ့လေ သည်။
ရီးကျီးဒန်မှာ လယ်ပြင်မှ ပြန်ရောက်လျှင်ရောက်ချင်း ထမင်းထုပ်နှင့် ခမောက်၊ ရေချိုင့် စသော တိုလီမိုလီများကို ‘ကပြင်’ တွင် တင်ထားခဲ့သည်။ အိမ်ပေါ်သို့ပင် မတက်နိုင်ခဲ့။ လယ်ပြင်တွင် ရီးကျီးဒန် ဘာလုပ်ခဲ့ပါသနည်း မေးသည်ရှိသော် ဖြေစရာ မရှိ။ မြက်ဖတ်ကလေး ကောက်လိုက်၊ ပျိုးပင်ကလေး ဖာလိုက်၊ ပုစွန်တွင်း ပိတ်လိုက်၊ ကန်သင်းပေါ်တွင် ပဲမျိုးစုံကို စူးထိုးချလိုက်နှင့် မည်မည်ရရ မရှိလှ။ သို့ရာတွင် သူ့တစ်ကိုယ်လုံးတွင် ရွှံ့စက်တွေ ပြောက်ကျားနေသည်။ အချို့နေရာတွင် ရွှံ့ခဲတွေ ကပ်နေသည်။ မျက်နှာတွင်လည်း သနပ်ခါးအစား ရွှံ့စက်ရွှံ့ခဲများသာ။ သည်ပုံဖြင့်ပင် ပုမတို့ အိမ်ရှေ့သို့ ရောက်လာ၏။
“ပုမရေ၊ မနက်တော့ စောစောလေးဟေ့”
“မနက်တော့ မလာနိုင်ဘူး အရီးရဲ့”
ရီးကျီးဒန်မျက်လုံးက အိမ်ကလေးဆီသို့သာ ရောက်နေ၏။ အသံထွက်လာသောအခါ အိမ်ရှေ့ မြေကြီးထဲက ဖြစ်၏။ ထိုအခါကျမှ ‘စောင်ရန်းတန်း’ ဘေးရှိ ‘မီးဖိုကျင်း’ ထဲသို့ လှမ်းကြည့်ဖြစ်သည်။ ထမင်းအိုး ငှဲ့နေဟန်တူသော ပုမ။
“ပုမ ဘာရယ်ဟ”
ဘာရယ်ဟ အော်ကာ မီးဖိုကျင်းဘေးသို့ ကပ်သွားမိငြား၊ ပုမ အပြောကို ရီးကျီးဒန် နားလည်လိုက်သည်။ နားလည်သည့်အလျောက် ခေါင်းတစ်ခုလုံး ထူပူနေပြီးဖြစ်သည်။ ချိုင့်ခွက်တွင်းက ကြွေပန်းကန် ကွဲနှယ် မျက်လုံးအစုံကလည်း မပြူးသာ ပြူးသာဖြင့် ပြူးထွက်နေပြီဖြစ်ပေသည်။
ခေါင်းမထူ၊ မျက်လုံးမပြူးဘဲ နေပါမည်လား။ နက်ဖြန် ပျိုးခင်းကျွတ်စိုက်၊ သန်ဘက်ခါတွင် ယာထဲတွင် ထွန်ကူချမည်ဟု စီစဉ်ပြီးသားပေကိုး။
“ဘယ်လိုဖြစ်နေတာလဲ ပုမရယ်”
မီးဖိုကျင်း၏ သုံးဖက်လုံးတွင် မြေစာများဖို့ မြှင့်ထားသည်။ သည်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရီးကျီးဒန် ညည်းညည်းညူညူ မေး၏။
ပုမသည် ထမင်းအိုးကို မွှေနေရာ မေးတစ်ချက် ထိုးလိုက်ရာက “နေမကောင်းလို့” ဟု မပွင့်တပွင့် ဖြေ၏။ အသွေးနှင့်ကိုယ်၊ အသားနှင့်ကိုယ်သည် နာဖျားမကျန်း ရှိမည်သာဖြစ်၏။ နာဖျားမကျန်း ဖြစ်ရကောင်းလားဟု ရီးကျီးဒန် အပြစ်မတင်နိုင်။ သို့သော် မေးထိုးပုံကို မကြိုက်။ မထိတရိ မခန့်တရန့် အပြုအမူသာ ဖြစ်သည်။ ‘ဟယ် ... သူ့ဝသီထင်ပါရဲ့’ အတွေး က ရီးကျီးဒန်၏ ထင့်စိတ်ကို ချေဖျက်သည်။
“ကိုယ်ထဲလက်ထဲက ဘယ်လိုနေလဲ၊ ဘာဆေးမှ မသောက်ဘူးလား။ ငါ့ဆီမှာ သဗ္ဗဇေယျရော၊ သွေးဆေးရော ရှိတယ်”
ပုမ ထံမှ အဖြေမရ။ ထမင်းရည်အိုးပေါ် တင်ထားသော ယောက်မကို လှမ်းယူနေသဖြင့်“ဘာမှ မသောက်ရသေးရင် ငါ သွားယူလိုက်မယ်၊ ကောင်းချင်လည်း ကောင်းသွားမှာပေါ့အေ” ပြောပြီး ထလိုက်စဉ် ကျောဘက်မှ အသံတစ်သံပေါ်လာသဖြင့် ပုမမျက်နှာ မည်းခနဲ ဖြစ်သွား၏။
ညောင်ပင်ပိုင်းမှ မမယ်သ အသံ။
“ပုမရေ မနက်ကို စောစောလာဟေ့၊ ညည်း ရောက်မှ ငါတို့ သွားမှာ၊ ကြားလားဟေ့”
ရီးကျီးဒန် ‘ဟင်’ ခနဲ ဖြစ်သွားသည်။ မမယ်သကို တစ်လှည့်၊ ပုမကို တစ်လှည့် ကြည့်သည်။ မမယ်သကား ရီးကျီးဒန်နှယ် သူ့အပူနှင့် သူမို့ ပုမ၏ အဖြေကိုပင် မစောင့်နိုင်။ ဒေါင်းတင်မောင်းတင်ဖြင့် ထွက်သွားလေပြီ။ မျက်နှာငုံ့ထားရုံမှ တစ်ပါး ဘာမျှမတတ်နိုင်သူကား ပုမ။
“ညည်း ဘယ်လို လုပ်လိုက်တာလဲ ပုမ၊ ငါ့ ပြောတော့ နေမကောင်းလို့ ငါ့လယ်ကို နက်ဖြန် စိုက်မပေးနိုင်ဘူးဆို”
ပုမသည် မီးတောက် ရှိနေပါလျက် ဖိုခနောက် သုံးလုံးကြားသို့ ထင်းတွေ ထပ်ထိုးနေ၏။
“ဟဲ့ ... ပုမ၊ ငါ မေးနေတာ ဖြေပါဦး၊ ညည်း ဘယ်လိုလုပ်လိုက်တာလဲ”
ပုမ မျက်နှာ လွှဲထားသည်။
“လုပ်ရက်တယ် ပုမရယ်၊ အစကမှ စိုက်ရက် နောက်ကျရတဲ့အထဲမှာ ညည်းမို့ ကောင်းပြီကောင်းရဲ့ ပြောပြီး အခုတော့ ငါ့မှာ ဘယ်လို လုပ်မလဲ။ ငါ့မှာတော့ သရက်တောက သီသီ လာပြောတာတောင် ညည်းကို အားကိုးနဲ့ ခေါင်းခါ လွှတ်လိုက်တယ်”
သည်မျှအထိ ဒေါသမြွေဆိုးသည် ပခြုပ်တွင်းမှာသာ အခွေလိုက် ရှိနေခဲ့လေ၏။ သို့ရာတွင် ရီးကျီးဒန် ဒူးပေါ်လက်ထောက်ကာ ကုန်းထရင်း “ငါ့မှာတော့ တစ်ရွာတည်းသားချင်း ရပါစေတော့ရယ်လို့။ ညည်း လုပ်ပုံ ရက်စက်တယ်အေ” ပြောအဆုံး၌ “အရီး မကျေနပ်ရင် ကြိုက်ရာတိုင်” ဟူသော စကားလုံးဖြင့် ပုမက ပခြုပ် အဖုံးကို ထိုးလှန်လိုက်လေ၏။
“ညည်းက ငါ့ကို သည်လို ပြောသလား၊ ဟုတ်လား။ ကျီးဒန်ကို ခေါင်းဖြူစွယ်ကျိုးဆိုပြီး စော်ကားသလား”
မီးဖိုကျင်း၏ တောင်ဘက်တွင် စောင်ရန်းတန်း အသစ်လဲရန် ပုံထားသော သန်းသားပုံကြီးရှိ၏။ ရီးကျီးဒန် အတွက် အသင့် ပုံထားပေးဘိသို့ရှိ၏။ အပေါ်ဆုံးက တစ်ချောင်းကို ဆွဲယူပြီး ရိုက်၏။ သို့သော် သူ ဆွဲမိသော သန်းသားမှာ အရင်းပင် လက်ကောက်ဝတ် တုတ်၏။ အရှည်မှာ လေးတောင်ခန့် ရှိသည်။ စိုကလည်း စိုသေးသည်။ ရီးကျီးဒန် မနိုင်မနင်း ဆွဲရိုက်ခြင်းဖြစ်ရာ အားလွန်ပြီး ခွေခနဲလဲသွားလေ၏။ ပုမမှာ လက်ညှိုးနှင့် ထိုးရုံဖြင့် လဲလောက်သော အမယ်ကြီးအိုကို မယှဉ်ရဲ။ ထမင်းအိုး ငှဲ့ထားခဲ့ပြီး အိမ်ပေါ် တက်ပြေးသည်။ “အရပ်ကတို့ လာကြပါဦး၊ ရီးကျီးဒန် ကျုပ်ကို သ,တ်နေပါပြီ” ကုန်းအော်၏။
နွားရိုင်းသွင်းချိန်ဖြစ်သည်။ ရွာထဲတွင် လူမစုံသေးငြား အတော်အသင့် ပြန်ရောက်လာကြပြီ။ သို့ကြောင့် ရှေ့ဆုံးမှ ပြေးလာသူမှာ မလှမေ။ မလှမေ ပြေးလာချိန်တွင် ရီးကျီးဒန် ကုန်းထကာ မိန်းမရွှင်တွေ၊ အပျက်တွေ မိုးမွှန်အောင်ဆဲလျက် ပုမအိမ်ဘက်သို့ ပြေးလာ၏။ သန်းသားအစိုကြီးကို ကိုင်မြှောက်ထား၏။
“ဆင်းခဲ့၊ နင် ဆင်းမလာရင် ငါ တက်လာခဲ့ရမလား”
အစချီကာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် မြေလှန်ကာ ဆဲနေပြန်၏။ ပုမမှာ ရမ်းဘိုကုန်းဇာတိ မဟုတ်။ သူ့ဆွေ သူ့မျိုးဟူ၍ ရမ်းဘိုကုန်းတွင် တစ်ယောက်မျှ မရှိသည့်အတွက် ပုမဘက်မှ ‘အာ’ မည့်သူ တစ်ယောက်မျှ မပေါ်လာ။
“မလှမေ၊ တော် ကျုပ်ဝိုင်းထဲ မဝင်နဲ့”
ယောက္ခမ ကူညီရန် ဝင်လာသော မလှမေအား ပုမ လှမ်းအော်သည်။ မလှမေကလည်း မခံပါ။
“အလိုလေး၊ အားအားစားစား ညည့်အိမ်ဝိုင်းထဲ ရွှေထွက်မယ် ဆိုတောင် မဝင်ပါဘူး၊ ကြီးကျယ်လိုက်တာ”
ထိုအချိန်တွင် ရီးကျီးဒန်သည် သန်းသားကို ချထားပြီး ခြေနိုင်လက်နိုင် ပေါ့ပါးသော တုတ်တစ်ချောင်း လိုက်လံရှာဖွေနေ၏။ ရှာဖွေရင်းကလည်း အယုတ္တအနတ္တတွေ အရွယ်နှင့် မလိုက်အောင် ဆဲခန်း ဖွင့်နေသေး၏။
ပုမမှာ ထမင်းအိုးကို ယခုမှ သတိရသည်။ ထမင်းရည်အိုးပေါ်တွင် စလောင်းဖုံးနှင့် ‘အံချ’ ပြီး တင်ထားခဲ့ရာ ထမင်းရည်စစ်လောက်ပြီ။ ထမင်းရည် စစ်ပြီးနောက် အပူငွေ့ မရရှိပါက ‘နပ်’ တော့မည် မဟုတ်။ သို့ဖြင့် ခြေရင်းအိမ်မှ ဒေါ်သာနုကို အကူအညီ တောင်းရတော့သည်။
“အရီးရေ … ထမင်းအိုး ငှဲ့ထားတာ နှပ်ပေးလှည့် စမ်းပါ”
ဒေါ်သာနုသည် သုံးခွန်းအထိ မကြားယောင် ပြုနေပြီး၊ လေးခွန်းကျမှ ဗျစ်တောက်ဗျစ်တောက် မြည်လျက် ရောက်လာ၏။ သူ လာခဲ့ရရင်းမှာ မကောင်းတတ်၍ လာ၍ဖြစ်ငြား ရီးကျီးဒန် ဖြစ်နေပုံကို မြင်သောအခါ မနေနိုင်တော့ချေ။
“မကျီးဒန်၊ တော့်ကိုယ်တော်လည်း ပြန်ကြည့်ပါဦးတော်၊ သွားပါတော့။ ဖက်ပြီး ရန်ဖြစ်မနေပါနဲ့”
ရီးကျီးဒန်သည် အားရအောင် ထပ်မံဆဲနေပြီးနောက် ပြန်ထွက်လာခဲ့သည်။ ဒေါသ မပြေငြား မှောင်ပြီကို သတိထားမိ၏။ ထိုအခါ အဘိုးကြီးအို ဆာဆာမွတ်မွတ်ဖြင့် လယ်ပြင်မှ ပြန်ရောက်လာပြီဟု သတိရသောကြောင့် ဖြစ်ပေ၏။
••••• ••••• •••••
၃
နေ့ကူးခဲ့ပြီ။ သတိရလျှင် ရီးကျီးဒန် ဒေါသဖြစ်ရပြန်သည်။
“ဖအေကြီး ထတော့လေ၊ ကျုပ် လယ်ပြင်သွားတော့မလို့”
“ညည်းက ဘာကိစ္စ သွားမှာလဲ၊ ငါ သွားလည်း ပြီးတဲ့ဟာကို”
ရီးဆေးရိုးက အိပ်ချင်မူးတူးဖြင့် အမေးအမြန်း ထူနေသေးငြား ရီးကျီးဒန်က အသင့်ပြင်နေပြီ။
“ဟဲ့ … မေးတာ ပြောပါဦး”
မဖြေ၍ မဖြစ်ပြီ။ မဖြစ်သောအခါ “ဟို ကျေးဇူးရှင် မပေါ့တော်” အစချီကာ ပုမ ကတိပျက်ပုံကို ဇာတ်စုံ ခင်းပြီး “ကောင်းစားမယ့် ဟာမ၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟု အဆုံးသတ်၏။
“အေးလေ၊ ကိုယ့်ကိုယ်နဲ့ သူများစိတ် ဆိုတော့လည်း သည်လိုပေါ့အေ၊ ဘယ်တတ်နိုင်မလဲ”
“ငရုတ်သီးချက်အိုးနဲ့ နဖတ်ချဉ်ချက်အိုးတော့ မီးဖိုဘေးမှာ ရှိတယ်။ ညဦးကတည်းက ချက်ထားတာ။ ထမင်းအိုးတော့ တော့်ဘာသာပဲ တည်ပေတော့”
ဒေါသကို ချုပ်ထားရသဖြင့် တိုတိုပဲ ပြောခဲ့သည်။ မချုပ်၍မဖြစ်။ ဒေါသက ရီးဆေးရိုးကို ကူးချင်ချင် မဟုတ်လား။
နံနက်ဦးပေမယ့် လေက မအေးချင်။ ရီးကျီးဒန့် ရင်မှာလည်း ဒေါသဖြင့် ပူနေသည်။ အရုဏ်ငှက်ကလေး တစ်ကောင်သည် သန်းသတ်ချုံ အကြိုအကြားတွင် ထွက်ဝင်ဆော့ကစားရင်းမြည်ကြွေးနေ၏။ သူ၏ မြည်ကြွေးသံက တွတ်တီးတွတ်တာ ခရာတာတာနှင့် ဖွဲ့ဖွဲ့နွဲ့နွဲ့မို့ ချစ်စရာ။ ရီးကျီးဒန်ပင် ဒေါသပြေစ ပြုလာ၏။ မှောင်ထဲမှ ပျိုးခင်းကျွတ် တမန်းပြင်သည် ပြောင်လက်သော ရေပြင်ဖြင့် ကြိုလင့်သည်။ ရီးဆေးရိုး ပစ်ချထားခဲ့သော ပျိုးစည်းများသည် မည်းမည်း သစ်ငုတ်ကြီးတွေအလား မှောင်မိုက်ထဲမှာ တိုးထွက် နေကြ၏။ သည်အခါတွင် ပြေစဒေါသသည် ပြန် လည် အငွေ့ လူလာကာ ‘တောက်’ ခေါက်သည်အထိ လွန့်လူးခဲ့ရလေ၏။
“ကောက်စိုက်တာလေးများ သူများကို ခယရတာ နာလိုက်လေ”
သည်အတွေးဖြင့် ‘လက်ဆ’ ကို ဆွဲသည်။ လက်ညှိုးနှင့် လက်မကြားတွင် ထားလျက် တမန်းထဲသို့ ထိုးသည်။ အတန်းလိုက် အစိုက်ကောင်း၏ အင်္ဂါရပ်တွင်၊ အပင်ထောင်မတ်၍ နေခြင်းသည်လည်း တစ်ချက် မဟုတ်လား။ ထို့ကြောင့် လက်ညှိုး လက်မက ‘တမန်း’ ဖြင့်ပင် ပြန်ညှပ်ထိန်းပစ်ခဲ့၏။ ကြိုးတန်း တစ်လျှောက် လက်ဆ မှန်မှန်၊ ကောက်ချက် မှန်မှန်ဖြင့် စိုက်သည်။ အဆင်ပြေဆဲပင်။ ကြိုးတန်းနှင့် ကန်သင်း ကြားတွင် ခြောက်ပင်ကို အကွက်ကျကျ စိုက်သောအခါ အဆင်မပြေချင်တော့ပေ။ ပထမတစ်ကြိမ် လက်ထိပ်တွင် စူးခနဲ ဖြစ်သွား၏။ ရေနူးနေသော လက်သည် ထိလွယ်၏။ ရှလွယ်၏။ တုတ်ချောင်းမာမာ ဖြစ်ပါက သိသိသာသာနာ၏။ ကြွေပန်းကန် မြေအိုး မြေခွက်ကွဲ အစအန ဆိုပါမူ တွန့်ခနဲ ဖြစ်အောင် နာကျင်သည်။ ယခု လက်ညှိုးထိပ်ကို ထိုးသောအရာမှာ သစ်ဆွေး ဖြစ်ပေမည်။
ဒုတိယအချက်တွင်မူ ရီးကျီးဒန် အားခနဲ အော်မိ၏။ ထိလွယ်မှု နာကျင်လွယ်မှုတွင် လက်ချောင်းထိပ်ထက် ပိုကဲသော ‘ပန်းကုံး’ နေရာဖြစ်သည်။ လက်သည်းခွံ၏အဆုံးတွင် မသိမသာ ရစ်ဆိုက်ထားသော အရည်ပါးကလေးသည် လက်ညှိုးပန်းကုံး၊ လက်မပန်းကုံး စသည်ဖြင့် လက်ငါးချောင်းလုံးတွင် ရှိကြပေသည်။
ကျောက်ခဲ အပဲ့အဖွဲ့၊ အိုးကင်းပဲ့၊ သစ်တိုသစ်စ မဆိုထားဘိ သဲကြမ်းကလေးတစ်ပွင့်နှင့် ထိုးမိခါမျှဖြင့် ပဲ့နေသောနေရာဖြစ်သည်။ ယောင်ယမ်းပြီး လက်ကို ဆွဲနုတ်ပြီးကာမှ ရီးကျီးဒန် ပြန်ထိုးသည်။ ကြည့်မနေတော့ပါ။ ကြည့်နေ၍လည်း အမျှင်ကလေးတစ်မျှင် လန်ထွက်နေသည်ကို မြင်ရရုံသာ ရှိချေမည်။ သို့အတွက် မာန်တင်းသည်၊ အံကြိတ်ထားသည်။ အံကို ကြိတ်ခဲလိုက်သည်တွင် သွားဖုံးအသားချင်း ပွတ်ကြိတ်မိသည်။ သွားမရှိတော့သော အမယ်ကြီးအိုဘဝကို ချက်ချင်း သတိပြုမိသည်။ သည်သတိကို ‘အို... ငယ်ငယ်တုန်းက ရွာရိပ်ရွာစပ်က မသန့်မပြန့် လယ်တွေမှာတောင် စိုက်ခဲ့သေးတာပဲ’ ဆင်ခြေဖြင့် ခြေဖျက်သည်။
ရွာရိပ်ရွာစပ် လယ်များသည် မသန့်ပြန့်ချေ။ အကွဲအရှ အစအနနှင့် ဆူးငြောင့်ခလုတ်ကလည်း ပေါပါဘိ။ အဆိုးဆုံးကား ပုလင်းကွဲ ဖန်ခွက်ကွဲပေတည်း။ ခံတွင်းချဉ်သည်၊ ရီးကျီးဒန် ဆေးလိပ် မသောက်ရဲပါ။ ခါးဆန့်ပြီး ပျိုးစည်း ဖြေရုံ၊ ပျိုးဖတ် ခွဲရုံ အချိန်များတွင်သာ တန့်နားသည်။ ကြာကြာ နားပါက လက်ပန်းကုံးတွေ နာလာမည်ကို စိုးရိမ်သည်။ နာကျင်မှုကို သိသာလာပါက ဆက်မစိုက်ရဘဲ ရှိမည်။ အလုပ်မပြီးဘဲ ရှိမည်။ ထိုအခါ ပုမ စိုက်မပေးသော ကြောင့် ရီးကျီးဒန် လယ်မပိတ်နိုင်ဘဲ ရှိလေသည် ဖြစ်ချေမည်။ သည်သို့ အဖြစ်မခံနိုင်။ စီးကျလာသော ချွေးကို တံတောင်ဆစ်ဖြင့် သုတ်ပစ်ရင်း အံကြိတ်ထားသည်။
••••• ••••• •••••
၄
နေပြင်းသည်နှင့်အမျှ ရီးကျီးဒန်၏ လက်များ နှေးသည်။ ခြေနုတ်ရာတွင်လည်း မသွက်လက်တော့ပါ။ ခါးက ကိုက်သည့် နည်းတူ ရင်ထဲက တလှပ်လှပ်ပါ တကား။
“အမယ် တယ်ဟုတ်ပါကလားဟ၊ အမယ်ကြီးအိုက လုပ်လှချည်ကလား”
ကျောဘက်မှ ပေါ်လာသော ရီးဆေးရိုး၏ အသံသည် ရီးကျီးဒန်အတွက် အားဆေးဖြစ်၏။
“မနက်က ထမင်းကြမ်း စားခဲ့သေးလား”
“မစားခဲ့ပါဘူးတော်... နေမြင့်မှာ စိုးလို့”
“ထင်သားပဲ၊ ကဲ … လာ၊ ငါ ဗယာကြော်နှစ်ခု ဝယ်လာတာနဲ့ အတော်ပဲ”
ရီးကျီးဒန်သည် ဟန်ဖြင့် လှမ်းလျက် ကန်သင်းပေါ်သို့ တက်လာရာက စိုက်ပြီးသမျှကို ပြန်ကြည့်နေ၏။ ယခုမှ ကြိုးတန်း ခြောက်တန်းမျှသာ စိုက်၍ ပြီးပါသေးတကား။
“လာစမ်းပါဟာ၊ ပြီးတဲ့အခါ ပြီးလိမ့်မပေါ့၊ ငါပါ ကူစိုက်မယ်ဟာ”
ရီးကျီးဒန်သည် ရွှံ့စဉ်သည် ဆိုရုံမျှ လက်ဆေးသည်။ ဗယာကြော် တစ်ခုကို ဖဲ့ဝါးပြီး မျိုချသည်။ လည်ချောင်းထဲတွင် တစ်နေသဖြင့် ရေနွေးကြမ်းဖြင့် မျှောချရသည်။ မည်မျှ ပင်ပန်းသည်ကို နားနေခါမှ သိ၏။ ပင်ပန်းလွန်းသောကြောင့် ထမင်းကိုပင် စားမနေချင်။ ထိုင်ပြီးတော့သာ တွေ့ရာနေရာတွင် လှဲပြီး အိပ်ပစ်လိုက်ချင်သည်။ သို့သော် အိပ်၍ မဖြစ်သေး။ သည်ပျိုးခင်းကျွတ် ‘ ပိတ်’ နိုင်ရေးအတွက် ခါးသန်ဖို့ ကြိုးစားရပေဦးမည်။ မျို၍ မကျသည်ကို ရေနွေးကြမ်းနှင့်ချည်း မျှောမျှော ချနေရသောအခါ ဒေါသဖြစ်လာသည်။
“ဒင်းကြောင့် ... ဒင်းကြောင့် မှောက်ချည်လှန် ချည်လုပ်လို့ သည်လို ဖြစ်ရတာ”
ပင်ပန်းမှု ပေါ့လျော့သွားသည်။ လည်ချောင်းလည်း ရှင်းလင်း ချောမောနေပြီ။ သည့်အတွက် သွေးပူမပျက်မီ လင်းတမျို မျိုကာ ဆေးလိပ် အံမှာခဲလျက် ထလာခဲ့သည်။
ရီးဆေးရိုးသည် ‘ရေကြည့်’ ရန် မသွားတော့ပါ။ ရီးကျီးဒန်အား ကြိုးကူတန်းပေးသည်။ ကြိုးတန်း တစ်လျှောက် ကူစိုက်ပေးသည်။ ကြားကြောင်းများကို ရီးကျီးဒန် စိုက်နေစဉ် သူ တစ်ယောက်တည်း ကြိုး တန်းပြီး စိုက်နေသည်။ သည်မျှသော အကူအညီသည် ရီးကျီးဒန်အတွက် များစွာတာ သွားလှသည်။ ပင်ပန်းငြား အလုပ်တွင်သည်။ အလုပ်တွင်ခြင်းသည် ပင်ပန်း အားတက်စရာ ဖြစ်လာပြန်သည်။
ရွှေသမင်ဆန်စက်မှ မွန်းတည့် ဥသြဆွဲပြီ။ ရီးကျီးဒန် ခါးဆန့်ပြီး ရီးဆေးရိုးကို လှမ်းကြည့်သည်။ ရီးကျီးဒန် ဝမ်းသာလှသည်။ ကြိုးတန်းတစ်တန်းစာသာ ကျန်တော့သည်တွင် ရီးဆေးရိုး ဝင်စိုက်နေချေသည်။
“တော်တော့လေ၊ တော် နားချင် နားချေတော့”
ရီးဆေးရိုးသည် ကန်သင်းပေါ်သို့ တက်လာကာ ရေနွေးအိုးတည်ပစ်ခဲ့ပြီးမှ မြောင်းထဲ ဆင်းပြီး ရေချိုးသည်။ ရီးကျီးဒန် တက်လာလျှင် စားနိုင်ရန် ထမင်းပူကို အသင့်ပြင်သည်။ လက်ဖက်အုပ်ကိုလည်း ဆီဆား နှံ့စေရန် အဆင်သင့် နယ်ထားသည်။ ရေနွေးအိုး ဆူချိန်တွင် ရီးကျီးဒန် ကန်သင်းအတိုင်း လျှောက်လာသည်။ သို့ရာတွင် ခြေကျ မမှန်တော့ချေ။ ညောင်ပင်အောက် ရောက်သည်နှင့် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေ၏။
“ဖြည်းဖြည်း ထိုင်မှပေါ့ဟာ၊ ကျိုးပဲ့ နာကျင်သွားမှဖြင့်”
ရီးကျီးဒန်ထံမှ တုံ့ပြန်သံ မလာပါ။ ညောင်မြစ်ပါးပျဉ်းပေါ်ကို ခေါင်းတင်အိပ်ရန် ဟန်ပြင်သဖြင့် ရီးဆေးရိုးမှာ ကမန်းကတန်း ဆွဲထားရ၏။
“မလုပ်နဲ့၊ ထမင်းလွတ်သွားမယ်၊ အိပ်ရာက နိုးမှ စားပြန်တော့လည်း ရင်ခံနေပြီး စားနိုင်မှာ မဟုတ်ဘူး။ ထ ထ... ခြေလက်ဆေးဟ”
ရီးဆေးရိုးသည် ကန်သင်းအစပ်သို့ အတင်းဆွဲခေါ်၏။ ရီးကျီးဒန်မှာ အားရပါးရ အိပ်ပစ်ခြင်းမှတစ်ပါး အခြားဆန္ဒ မရှိ။ သို့အတွက် နှမ်းဖတ်ချဉ်ချက်နှင့် ငရုတ်သီးချက်ကိုလည်း သွားရည် မယိုတော့ပါ။
“စားစမ်းဟာ၊ သွက်သွက် စားလိုက်ရင် အိပ်ရမှာပေါ့”
အကွင်းလိုက် လှီးထားသော ငရုတ်သီးနီနီများမှာ ရီးဆေးရိုး၏ ဇလုံထဲတွင် ရဲတွတ်နေ၏။ သူသည် ထမင်းတစ်လုတ် ခွံ့လိုက်၊ ရီးကျီးဒန်အား တိုက်တွန်းလိုက် လုပ်နေရာက ထမင်းတစ်လုတ်သည် ရီးကျီးဒန့် မျက်နှာနား ဝဲလာ၏။
“နင် စားနေပုံနဲ့ ကနေ့ စားလို့ ပြီးမှာ မဟုတ်ဘူး၊ ဟစမ်း”
ရီးကျီးဒန် ပါးစပ် ဟပေး၏။ ပါးစပ်ထက် ကြီးသော ထမင်းလုတ်ကြီးက တိုးတိုက်ဝင်၏။ သို့ဖြစ်ငြား သည်ထမင်းလုတ်ကို စားရသည်မှာ ကိုယ့်လက်ဖြင့် နယ်ပြီး ကိုယ့်ဘာသာကိုယ် ခွံ့သော ထမင်းလုတ်များထက် အရသာရှိသည်ကား အမှန်ပင်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment