❝ နတ်ထွင်းတဲ့ ခံတွင်း ❞
( သင်းအောင်သန်း )
ရွှေပြည့်စုံတီးစင်တာ ထဲမှာ ဝင်းချစ်ကို တွေ့လိုက်ရသောအခါ ကိုယ့်ကိုယ်ကို ပြုံးမိသွားသကဲ့သို့ သက်ရှည်ကျန်းမာစွာ တွေ့လိုက်ရသည့်သူ အတွက်လည်း ကျေနပ် ပျော်ရွှင်သွားမိသည်။ ကျွန်တော် မြို့ကြီးနှင့် ခွဲခွာသွားသည်မှာ ဆယ်စုတစ်ခု နီးပါး ကြာခဲ့ပြီ ဖြစ်သည်။ ရာထူးတိုး ပြောင်းရွှေ့ရသည့်အတွက်ဝေးလံခေါင်ဖျား အရပ်ဒေသသို့ ရောက်ရှိခဲ့သည်။ မြို့ကြီးနှင့်တကွ ဝင်းချစ် ကိုလည်း မေ့သွားခဲ့သည်။ သူ့တွေ့ပြီး ပြုံးမိ သွားသည်မှာလည်း အကြောင်းအရာ များစွာ ရှိပါသည်။ အတော်ပင် အိုစာသွားပြီ ဖြစ်သကဲ့သို့ ဖွေးဥနေသည့် တိုနံ့နံ့ကျင်စွယ် မုတ်ဆိတ်နှင့် နှုတ်ခမ်းမွေးတို့သည်လည်း ဇရာကို မကျော်လွှားနိုင်ကြောင်း ပေါ်လွင်နေသည်။ သုံးရက်လ ခုံးမျက်စသဏ္ဌာန် ကွေးကွေးနက်နက် အမာရွတ်သည်လည်း နဖူးဆံစအောက်မှာ ဘွားခနဲတွေ့ရသဖြင့် ပိုပြီးအမှတ်တရရှိကာ အပြုံး ပိုမိပြန်သည်။ သစ်လွင်သောအဝတ်အစားများ ဝတ်ဆင်ထားသည်မှာလည်း နဂိုမူအတိုင်း ရှိနေသည်။ လက်ပြင် ပိုကိုင်းသွားသည်မှာ ထူးခြားမှု တစ်ခုဟု ဆိုရမည်။ လက်ကိုင်တုတ် စားပွဲဘေးမှာ ထောင်ထားသကဲ့သို့ ပွဲဈေးတန်းမှကလေးသူငယ်များ ဆော့ကစားသည့် ဗုံတိုတစ်လုံး ပခုံးမှာ သိုင်းလွယ်ထား သည်ကိုလည်း ထင်းခနဲ မြင်သာသည်။မို့မောက်သော နဖူးပေါ်မှာ ဆောင်းထားသော ဦးထုပ် သည်လည်း အများနည်းတူ ရှေ့ထွက်ဆောင်းရမည့် လျှာ ထိုးပြားမှာ ရှေ့သို့ မထွက်ဘဲ နောက်ဘက်သို့ လှန်ကာ ဆောင်းထားသည်။ ကျွန် တော်နှင့် တွေ့စဉ်က စတိုင် များအတိုင်း ထပ်တူကျနေ သည်မို့လည်း ပြုံးမိတာဖြစ် သည်။ ကျွန်တော့်ကို မှတ်မိ နိုင်ပါဦးမလား စဉ်းစားရင်း သူထိုင်ရာ စားပွဲရှေ့ ရောက် သွားသည့်အခါ –
“မင်း...မင်း... မင်း... ဆိုင်ကယ်... ဆိုင်ကယ်... ဆရာ... ဟား...အေး...အေး...အေး”
ဝင်းချစ် ကျွန်တော့်ကို ကောင်းကောင်း မှတ်မိသွားပါသည်။ စကားလုံးများ ဗလုံးဗထွေး အော်ဟစ်ပြောဆို နှုတ်ဆက်၍ ညာခြေ ထုတ်ကာ ပုဆိုးမ,လျက် ခြေသလုံး ကြွက်သားပြပြီး-
“ဟား... ဟား... ဟား...”
ဦးခေါင်းမော့ကာ တဟားဟား ရယ်မောလျက်ရှိသည့် ဝင်းချစ်နှင့် ကွဲကွာသွားသည်မှာ ဆယ်နှစ်ဆယ်မိုးကျော် ကြာသွားသော်လည်း ကျွန်တော့်ကို မှတ်မိနေသည့် ဉာဏ်ရည်ကို ဘယ်သူကမှ သူ့ကို တစ်ခန်းပျက်လို့ ပြောလို့ မရနိုင်ပါ။
“ဝင်းချစ်က.. ဆရာ့ကို မှတ်မိတယ်နော်”
ကျွန်တော်နှင့်အတူ ပါလာသော မြို့ကြီးသား ကျွန်တော့်တပည့် မောင်မျိုးမှ ဝမ်းသာပီတိစကား ဆိုသည့်အခါ-
“အေးကွ… ငါလည်း သူ့ကို ကြည့်နေတာ မတွေ့ရတဲ့ နှစ်တွေက နည်းမှ မနည်းတော့တာ။ အဲဒါကို မှတ်မိတယ်ဆိုတော့ မောင်မျိုးရေ... ဒီကောင် တကယ့် ဦးနှောက်ပဲကွ”
သည်တစ်ခါ တဟားဟား ရယ်မောရသည်မှာ ကျွန် တော် ဖြစ်နေသည်။ ရယ်ရင်းက အတိတ်ဆီက အရိပ်တွေ ကျွန်တော့်နှလုံးသားမှာ လာပြီး စိုးမိုးနေတော့သည်။
••••• ••••• •••••
ငလိုက်ချောင်းနှင့် ကျွန်တော့်အိမ်က ဝါးလေးငါးရိုက် အကွာမှာ ရှိသောကြောင့် ချောင်းမြောက်ဘက်ကမ်း သွားသည့်အခါ ဝါးဖောင်ကူး၍ ချောင်းဖြတ်ရသည်။ မိုးတွင်းကာလ လွန်လျှင် ချောင်းရေ မရှိတော့ပါ။ မိုးတွင်းချိန်ကာ ကမ်းပြည့်၊ ကမ်းလျှံ ချောင်းရေလာလျှင်လည်း မြောက်ဘက်ကမ်းသို့ ရန်ကုန်- မန္တလေးကားလမ်း တံတားမှ သွားကူးရသည်။ ချောင်းရေ ခြေမျက်စိခန့် ရှိသည့်အခါ ဝါးဖောင်နှင့် ကူးစရာမလိုဘဲ မြောက်ဘက်ကမ်းကို ဆိုင်ကယ် တစ်ရှိန်ထိုး မောင်းတက်သွား၍ ရသည် (ယခုအခါ တံတား ရှိနေပြီဖြစ်သည်။)။ ကျွန်တော့် ရုံးသည်လည်း မြောက်ဘက်ကမ်းတွင် ရှိသဖြင့် ငလိုက်ချောင်း ဖြတ်ပြီး သွားရသည်မှာ အချိန်ကုန်သက်သာသကဲ့သို့ ခရီးလည်း တိုပါသည်။
ဝင်းချစ်နှင့် စ,တွေ့ရသည့် နံနက်ကို ကျွန်တော်ဘယ်တော့မှ မမေ့နိုင်ပါ။ တောင်ဘက်ကမ်းမှ ဖောင်စီးသူများ မြောက်ဘက်ကမ်း ရောက်လျှင် မသယ်နိုင်သော ပစ္စည်းပစ္စယများကို ဝင်းချစ် မှ ကူညီသယ်ဆောင်ပေးပါသည်။ ကျောင်းသားများ၏ စက်ဘီးများ၊ ကလေးအမေ၏ သားသမီး ဝန်စည်စလွယ်များကို တဟားဟားရယ်မောလျက် ဝင်ရောက်ကူညီသယ်ပေးတတ်သည်။ ဖောင်ဆွဲသမားများကို တစ်မတ်၊ ငါးမူးပေးရပြီး ဝင်းချစ်နှင့် မျက်မှန်းတန်းမိသောသူများက သူ့ အတွက် တစ်မတ်၊ ငါးမူးပေးကြသော်လည်း အချို့မပေးနိုင်သောသူများလည်း ရှိသည်။ ဝင်းချစ် အပြုံးမပျက် တဟားဟား ရယ်မောလျက် ကူညီနေမြဲသာ ဖြစ်သည်။
ကျွန်တော့် ဆိုင်ကယ် ဖောင်ပေါ်တင်ပြီး မြောက်ဘက်ကမ်းကူးသည့်အခါ ဝင်းချစ်နှင့် စ,တွေ့ပါတော့သည်။ ဌာနဆိုင်ရာမှ ပံ့ပိုးထောက်ပံ့ထားသော ဆိုင် ကယ် ဖြစ်သကဲ့သို့ တစ်မြို့လုံးရှိ ဆိုင်ကယ်များကို ရေတွက်ကြည့်လျှင် လက်ဆယ်ချောင်းပင် မပြည့်ပါ။ ထိုခေတ် ထိုအခါက ရှားပါးပစ္စည်းဖြစ်သောကြောင့် ကျွန်တော့်မှာ အိမ်က အသစ်စက်စက် မယား ထက် ရိုသေသမှု အထူးဂရု ပြုရသည်။ ဖောင်ပေါ်မှဆင်းလျှင်ဆင်းချင်း ရွှံ့ဗွက်ထဲသို့ ဆိုင်ကယ် ဆင်းရသည့်အခါ ဝင်းချစ် ခြေချော်ပြီး လဲကျသွားသည်။ ကျွန်တော် ဆိုင်ကယ်မထိန်းလိုက်နိုင်သည့် အခိုက် ဝင်းချစ်ပေါ် ဆိုင်ကယ် ပိသွားပါတော့သည်။ ဖောင်ဆိပ်မှာ ရှိနေသောသူများ ဝိုင်းဝန်းထူပေးခဲ့သော်လည်း ဝင်းချစ်ခြေသလုံး အိပ်ဇော အပူလောင်သွားတော့သည်။ လုံချည်တို တိုဝတ်ထားသဖြင့် ခြေသလုံးအရေပြား အိပ်ဇောမှာ ကပ်သွားလောက်အောင်ပင် အပူလောင်သွားခဲ့သည်။ တအားအား အော်ရင်း ခြေ သလုံးက ဒဏ်ရာကို လက်ဖြင့် ပွတ်သပ်ကာ ခါချလိုက်သဖြင့် သွေးသံရဲရဲနဲ့ ခြေသလုံးသားကို မြင်မကောင်းအောင် တွေ့ရှိလိုက်ရသည်။
“ဝင်းချစ်k.. မလုပ်နဲ့၊ မလုပ်နဲ့။ ဆရာကြီး ဆေးထည့်ပေးလိမ့်မယ်၊ မလုပ်နဲ့”
အနီးအနား ရှိသူများက ဝင်းချစ်လက်ကို ဆွဲပြီးတားကာ တစ်ခေါ်ခန့် ဝေးသော သူ့အိမ်သို့ ကျွန်တော်ပါ လိုက် သွားခဲ့ရသည်။ အဆင်သင့်ပါလာသော ဆေးအိတ်ထဲမှ ကီမီစပရေး (Kimi-sparay) ဆေးများ ပက်ဖျန်းပေးကာ သောက်ဆေးများကိုလည်း အစ်ကိုဖြစ်သူ ကိုဝင်းလှိုင်ထံ ပေးခဲ့ပြီးမှ ဝင်းချစ်တို့ မိသားစုရာဇဝင်ကို သိခွင့်ရခဲ့ပါသည်။ ဝင်းချစ် ငယ်နာမည်မှာ ဝိုင်းချစ်လို့ မှည့်ထားသည့်အကြောင်း၊ လူပျိုဖျန်း အရွယ်မှာ ရုပ်ရှင်မင်းသားကြီး ဝင်းဦး၏ စတိုင်အတိုင်း နှုတ်ခမ်းမွေးစစလေးထားပြီး ဝင်းဦးအိုက်တင်ကို အတုခိုးကာ ဝင်းဦးရဲ့ညီ ဝင်းချစ်လို့ သူ့ကိုယ်သူ သမုတ်ခဲ့ကြောင်း အစ်ကိုဖြစ်သူ ကျောင်းဆရာ ကိုဝင်းလှိုင်မှ ပြောပြခဲ့သည်။ အပေါင်းအသင်းမိတ်ဆွေများ ပေါများကြောင်း၊ ရုပ်ရှင် ဝါသနာကြီးကြောင်းနှင့် မိသားစုအပေါ် အထူးသဖြင့် မိခင်အပေါ် အလွန် သနားကြင်နာတတ်ကြောင်း ပြောပြမှ လွန်ခဲ့သော တစ်ပတ်ခန့်က မြို့လယ် ရုပ်ရှင်ရုံတွင် ပြသနေသော ရှိုးလေး (Sholay) အိန္ဒိယအက်ရှင်ဇာတ်ကား ကြည့်ရှုစဉ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သွား သတိရမိသည်။ ရုပ်ရှင်ပြသနေစဉ် ခဏတာ ပြသမှုရပ်ဆိုင်းသွားသဖြင့် ပွဲကြည့် ပရိသတ်များ ဆူညံသွားခဲ့ သည်။ ရုပ်ရှင်ပြီးမှ ပွဲကြည့် ပရိသတ်များ၏ အော်ကျယ် အော်ကျယ် ပြောလိုက်သည့် အသံကြားရသည့်အခါ ကျွန် တော် အတော်ပြုံးမိသွားခဲ့ သည်။
“ရွာကောက်သားပါကွာ၊ အိန္ဒိယကို ဖုန်းဆက်ခိုင်းနေတာဟေ့။ မင်းသား ဓားထိုးခံရတော့မှာမို့ လှမ်းပြီး အသိပေးခိုင်းတာတဲ့။ အဲဒါ ပြစက်မောင်းတဲ့ လူတွေက လည်း လန့်ဖျပ်ပြီး ပြစက် ခဏ နားလိုက်တာပါကွာ။ အတော်ရယ်ရတဲ့ ရွာကောက်သားပါကွာ။ တကယ် ... တကယ်”
ရုပ်ရှင်ရုံ အထွက်ပေါက်မှ ကြားကြသော ပရိသတ် အပေါင်းကလည်း တပြုံးပြုံးနဲ့ အတော်ကြောင်တဲ့ကောင်ပါကွာလို့ ထောမနာပြုသွားကြသည်။ ဝင်းချစ် အလယ်တန်းအဆင့် ကျောင်းတက်ရသည့်နှစ်မှာ အတန်းဖော်များနှင့် မီးရထားရှန်တိန် လိုက်စီးပြီး ဆော့ကစားစဉ် ပြင်းပြင်းထန်ထန် ခေါင်းဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ကျောင်းလည်း ဆက်လက် မတက် နိုင်လောက်အောင် ဦးနှောက် ဖွံ့ဖြိုးမှုအား ပြတ်တောက်ခဲ့ ကြောင်း ထပ်လောင်းသိရ သောကြောင့် လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ တစ်မြို့လုံး ရပ်ကွက်တကာ လှည့်ပတ်သွားလာနေသော ဝင်းချစ်ကို မသိသူ အတော် နည်းကြောင်း ကျွန်တော် ဝင် ထွက်သွားလာနေသည့် ဆိုင် တိုင်း၊ နေရာတိုင်း၊ လူတိုင်းမှ ပြောပြကြသည်။
“ဒီကောင်က သနားဖို့ ကောင်းတဲ့ကောင်ပါကွာ။ မျိုးရိုးမရှိ၊ ဘာမရှိနဲ့ ဒီလိုဖြစ်သွားတာ။ လူတိုင်းကို ကူညီချင်တဲ့ စိတ်စေတနာ အမြဲရှိတဲ့ ကောင်၊ သူ့ကို မတရားလုပ်တာ မခံနိုင်သလို သူများကို မတရားလုပ်တာလည်း မကြိုက်ဘူး။ သာရေး၊ နာရေးဆိုလည်း ထိပ်က ကူညီတတ်တယ်။ အဲ...ကလေးအမေများ ကလေးငိုလို့ နို့မတိုက်ဘဲ ကလေးကို ပစ်ထားပြီဆိုရင် ဝါးခြမ်းပြားနဲ့ ဝင်ရိုက်တဲ့ကောင်။ ကလေးအမေတွေ ကျောစိမ့်အောင် ကြောက်ကြတယ်”
ဝင်းချစ်၏ ဂုဏ်ပုဒ်တွေ ကြားပြီးမှ သူနှင့် မကြာခဏ တွေ့နေရသည်။ တွေ့သည့် လူတိုင်းက ပါလာသည့်အကြွေ ပေးသည်ကို ယူသော်လည်း အိမ်တွင် ထမင်းခေါ်ကျွေးလျှင်တော့ မိုးမွှန်အောင်ဆဲပြီး ခပ်သုတ်သုတ် ပြေးတော့သည်။
••••• ••••• •••••
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ရုံးဆင်းနောက်ကျသည့် တစ်ရက် ဝင်းချစ်တို့ အိမ်ရှေ့မှ ဖြတ်သွားသည့်အခါ ဝင်းချစ်အိမ်နီးနားချင်းများ စုပြုံလျက် အုတ်အော် သောင်းတင်း စကားများ ရန် ဖြစ်သံလိုလို ကြားရသဖြင့် ဆိုင်ကယ်ရပ်ကာ နားစွင့်မိ သည်။
“ငါ… သ,တ်မှာ၊ သ,တ်... သ,တ်... ကို... သ,တ်... မှာ... အီး...ဟီး... ဟီး....”
ဓားမတို တစ်ချောင်းကို ကိုင်လျက် အိမ်ထရံများကို ခုတ်လိုက်၊ ဓားကြိမ်းကြိမ်း လိုက်လုပ်ပြီး ငိုနေပြန်သည်။
“ငါ့သား… မသွားပါနဲ့၊ ဒီကောင်တွေ ယူထားတာတွေ အမေ့ကို လာပေးပြီးပါပြီကွယ်။ မင်း မယုံရင် ကြည့် ဒီမှာ... ဒီမှာ”
အမေဖြစ်သူက ငွေအကြွေများကို လက်ခုပ်ထဲက ဖြန့်ပြလျက်ရှိနေသည်။
“မရဘူး မရဘူး... ငါ့(...)မသားတွေကို သ,တ်ကို... သ,တ်မှာ...”
“သား.. အမေ့ကို မချစ်ဘူးလား၊ အမေ့ကို မသနားတော့ဘူးလား။ ပေးစမ်းပါ မင့်ဓားကြီး၊ ငါ့ကို ပေးစမ်းပါ။ ငါ့သားက လိမ္မာပါတယ်။ ဒီကောင်တွေကို အမေကိုယ်တိုင် ခုတ်မှာ၊ သ,တ်မှာ ငါ့သားဆီက ပိုက်ဆံ လုတဲ့ကောင်တွေ အမေ ကိုယ်တိုင် သ,တ်မှာ”
ရုတ်တရက် ဝင်းချစ် လက်က ဓား သူ့အမေဆီ ပေးလိုက်ပြီး
“အမေ တကယ် ခုတ်မှာနော်၊ ဟားဟား ...သေစမ်း... သေစမ်း၊ ဟိတ်ကောင်တွေ သေစမ်း.. ငါ့ အမေ လာ...ပြီ။ ငါ(...)မသားတွေ”
ဆဲလိုက်ဆိုလိုက်၊ မျက်ရည်တွေသုတ်လိုက်နဲ့ သူ့ အမေကို ပြုံးပြုံးကြီးကြည့်နေ တာ တွေ့လိုက်ရပြီးမှ အိမ်နီး ချင်းတွေ ပြောစကား ကြားရ ပါသည်။
“ဝင်းချစ်အိတ်ထဲက အကြွေတွေ ဆိုက်ကားဂိတ်ကကောင်တွေ ဝိုင်းလုယူလိုက်လို့ဟေ့၊ ယူလိုက်လို့”
ပုပုဝဝ အသားမည်းမည်း ထဘီရင်ရှားနှင့် မိန်းမက ဆက်ပြီး-
“ဒီကောင်က စိတ်မှတ် သိပ်ကြီးတဲ့ကောင်။ အမေ့ကို အရင် လာပေးပြီးမှ၊ အမေ ကျွေးမှ စားတဲ့ကောင်။ အကြွေရရ၊ ကျပ်တန်ရရ ဘယ်သူက ဘာပေးပေး အမေ့ အကုန်အပ်တဲ့ကောင်။ ခုကြည့်လေ... သူ့အကြွေ ဝိုင်းလုလို့ အိမ်ပြန် ဓားယူပြီး သွားခုတ်မလို့ပေါ့။ သူ့အမေ ချော့တော့လည်း သူ့အမေ စကား တကယ် နားထောင်တဲ့ ကောင်ပါအေ”
ဇာတ်ရည်လည်သွား သောကြောင့် ကျွန်တော် ဆိုင်ကယ် အသော့နှင်လျက် ထွက်လာခဲ့သည်။ ကျွန်တော် မြို့ကြီးမှ မပြောင်းခင် ဝင်းချစ်ကို အမှတ်တရ ဆေးရုံ ပို့ခဲ့ရသည့် အကြောင်းမှာလည်း ငိုအားထက် ရယ်အားသန်ခဲ့ပါသည်။ ဝင်းချစ်တို့ အိမ်နှင့် လေး၊ ငါးအိမ် အကွာမှာ နွားတစ်ကောင် စက်တုံးခုတ်မိသဖြင့် ဆေးကုသရန် ကျွန် တော် ရောက်ရှိပြီး မကြာခင်မှာ ဝင်းချစ်လည်း ရောက်လာပါသည်။
“ဆိုင်ကယ်...ဆိုင်ကယ်... ဆရာ... ဘာ... ဘာ... လုပ်မလို့လဲ”
စကားဗလုံးဗထွေး ပြောတတ်သည့် အကျင့်အတိုင်း ကျွန်တော် ဘာဆေးကုမှာလဲ မေးနေခြင်း ဖြစ်သည်။
“ဟိုမှာ မင်းမြင်တယ် မဟုတ်လား။ နွားကြီး စက်တုံးခုတ်မိသွားတာ၊ အဲဒါ ချုပ်မလို့ပေါ့ကွာ”
“ဘာ... ဘာ... ဘာနဲ့ ...ချုပ်... မှာလဲ”
“မင်းကလည်း မူတူးတို့ အိမ်က မြင်းကြီးရဲ့ အမြီးနဲ့ ချုပ်မှာပေါ့ကွ”
ကျွန်တော် အပြောင်အပြက် ပြောလိုက်တော့ အိမ်ရှင် ကိုဖိုးခင်က-
“ဝင်းချစ်ဆိုတဲ့ကောင် ဘာမှနားလည်တာ မဟုတ်ဘူး။ ဆရာ သွားပြောမနေနဲ့။ သွေးထွက်လွန်ပြီး နွားသိုး ဒုက္ခများသွားပါ့မယ်။ ဆရာ ချုပ်ဖို့လုပ်ဖို့ ရေနွေးတို့၊ ဆပ်ပြာတို့ အသင့်ချထားပြီးပါပြီ”
ကျွန်တော်လည်း နောက်တီးနောက်တောက် ပြောရာမှ ဆေးအိတ်ကိုချပြီး လုပ်ငန်းစ,ဖို့ ခွဲစိတ်ကိရိယာများ ရေနွေးစိမ်ခိုက်-
“ ကယ်ကြပါဦး... ကယ်ကြပါဦး”
ကိုဖိုးခင်တို့ အိမ်ကျော ဘက်မှ အော်သံကြားသဖြင့် နွားဆေးကုသရာမှာ ကိုင်တွယ်ဖို့ ကူညီရန်ရောက်ရှိသူ များကလည်း အသံလာရာ အိမ်သို့ အပြေးသွားကြသည်။ မကြာမီ-
“ဆရာ လာပါဗျို့၊ လာပါဗျို့၊ မြန်မြန်လာပါ”
ဘာတွေများ ဖြစ်ကုန်ပြီလဲလို့ တွေးတောရင်း ယင်း အိမ်ပေါက်ဝရောက်မှ ကျွန်တော့်နှုတ်ကြောင့် ကြေသွား သော ဒဏ်ရာတို့ကို တွေ့လိုက်ရပါတော့သည်။ ဝင်းချစ်၏ ညာဘက်လက်ထဲတွင် မြင်းမြီးအဆုပ်လိုက်ကိုင်ထားပြီး ဘယ်ဘက်လက်မှ သွေးယို စီးကျနေသော နဖူးကို ဖိထား ပါသည်။ ကိုယ့်စနက်ကြောင့် ဖြစ်ရသော အမှုဖြစ်သည်မို့ ဒဏ်ရာရထားသော မြင်းကော၊ နွားပါထားခဲ့ပြီး ဝင်းချစ်ကို ထိန်းပေးရန် အကူ တစ်ယောက်ခေါ်ကာ မြို့ကြီး ပြည်သူ့ဆေးရုံသို့ ဆိုင်ကယ်ဖြင့် အမြန်ဆုံးရောက်ရှိခဲ့ရသည်။ စကားနောက် တရားပါ နဂိုကမှ တစ်ခန်းလွတ်သလို၊ နှစ်ခန်းပျက်သလို ဖြစ်နေသည့်သူ့ကို အဆင်း ဘီးတပ်သလို ဖြစ်သွားသည့် အတွက် ကျွန်တော် ကြီးစွာ နောင်တရခဲ့ပါသည်။ ရပ် ကွက်ထဲမှာလည်း ရယ်ပြီး မောရသော ဂန္ထဝင်မှတ်တမ်းကြီး တင်ခဲ့ရသည်။
••••• ••••• •••••
ရွှေပြည့်စုံ တီးစင်တာ ဆိုင်ရှင် ကိုကိုမောင်သည် လည်း ဝင်းချစ်တို့နှင့် တစ်ရပ်ကွက်တည်း နေထိုင်လျက် ရှိသောကြောင့် ကျွန်တော်နှင့် ကွဲကွာသွားရသည့် အတိတ်ကာလကို ပြန်လည်စားမြုံ့ပြန် ကြားနာခဲ့ရသည်။
“ဝင်းချစ်က ဘာမှ မပြောင်းလဲပေမဲ့ အစ်ကိုရေ... သူ့မိသားစုက အပြောင်းလဲကြီး ပြောင်းလဲသွားတယ်”
ကိုကိုမောင်၏ အသံ အတိမ်အနက်မှာ ပူဆွေးဝမ်း နည်းနည်းသံတွေ စွက်နေ သဖြင့်-
“ပြောစမ်းပါဦးဗျ၊ ဘာတွေ ဘယ်လို ပြောင်းလဲသွား တယ်ဆိုတာ...”
သီး ကျွန်တော် သိလိုစိတ်ကို မထိန်းနိုင်ဘဲ အလျင်စလို မေးမိလိုက်သည်။
“သူ့အမေက အရင်ဆုံး ဆုံးပါးသွားပြီး တစ်အိမ်လုံး အားကိုးအားထား ပြုနေရတဲ့ အစ်ကိုကြီးက ကျွန်တော့် အထင် သူ့အမေနဲ့ တစ်နှစ် ခြားလောက်မှာ ရုတ်တရက် ဆုံးသွားတော့ အစ်မဖြစ်သူကလည်း ဈေးတောင်းခေါင်း ပေါ်ရွက်ပြီး မောင်နှမနှစ် ယောက် ရှာဖွေစားသောက် ကြတာပေါ့ဗျာ။ အဲ... ဆိုး တာက ဝင်းချစ်က သူ့အစ်မ ဈေးရောင်းသွားပြီဆိုရင် နောက်က ဆဲဆိုသောင်းကျန်းတော့တာ၊ ဘေးအိမ်က ကိုတင်သိန်းတို့ ခြိမ်းခြောက်ပြီး မနည်းကို ထိန်းထားခဲ့ရတာ။ ဝင်းချစ်ကို ပေးကျွေးတဲ့လူ များပါတယ် အစ်ကိုရာ၊ ဒါပေမဲ့ ကျန်းမာရေး၊ စားရေး သောက်ရေးနဲ့က သူတို့မောင်နှမအဖို့ အချိန်ကြာလာတာနဲ့ အမျှ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတာ။ သူ့အစ်မလည်း အဲဒီစိတ်နဲ့ အိပ်ယာထဲ ဗုန်းဗုန်းလဲပြီး လေး၊ ငါး၊ ခြောက်လ အကြာမှာ ထပ်ဆုံးပြန်တယ် အစ်ကိုရေ”
“ဒါဆို... ဒါဆို”
“ဟုတ်တယ် အစ်ကို၊ ဝင်းချစ် တစ်မိသားစုလုံး ကျိန် စာ သင့်နေသလို တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားကြပြီးတော့ ခု ဝင်းချစ် တစ်ယောက်တည်း၊ တစ်အိမ်လုံး တစ်ယောက်တည်း။ သူ သွား ချင်ရာသွား၊ လာချင်ရာလာ၊ ပေးတဲ့ကျွေးတဲ့ အစာတွေ အရင်ကလို ဆဲဆိုပြီး မစားဘဲ မနေတော့ဘူး။ သူ ကြိုက်တဲ့ နေရာ ယူလာပြီး စားတတ်နေပြီ အစ်ကို။ သူ့အသက်အရွယ်နှင့် ကျန်းမာရေးက အစ်ကိုတို့ တွေ့တဲ့ အတိုင်း...”
ကိုကိုမောင် ခင်းပြလိုက်သည့် ဝင်းချစ်၏ ဘဝဇာတ်စုံအဖုံဖုံမှာ ကျွန်တော် မယုံနိုင်အောင် ဖြစ်ရသည်။ ထိုခဏအတွင်းလည်း စိုးရိမ်စိတ်များဖြင့် ရင်တွေ ပူလောင်သွားတော့သည်။ ကျွန်တော်တို့ တစ်မိသားစုလုံးမှာ လူစုံ တက်စုံ ရှာဖွေ အလုပ်လုပ်နေကြသည့်တိုင် လစဉ် အသုံးစရိတ်များကို အလျဉ်မီရုံမျှသာ ရှိနေသည်။ ယခု ဝင်းချစ် မှာမူ ဝမ်းစာရှာဖွေ စားသောက်ရန်အတွက် အသိဉာဏ် မမီရှာပေ။ သူ့အတွက် လစဉ် စားရန်သောက်ရန်နှင့် နိစ္စဓူဝ လိုအပ်ချက်များကို မည်သို့ရှာမှီးလေသနည်း။ ဝင်းချစ်ဘဝ အရေးကို တွေးရင်း ရင်မောမိသည့် ကျွန်တော့်မှာ ဘဝအတွက် သဲသဲမဲမဲ ကြိုးပမ်းခဲ့ဖူးစဉ် ကာလများ က အမေ အားပေးခဲ့ဖူးသည့် စကားကို ပြန်လည်သတိရမိ ရင်း သက်ပြင်းမောဖြင့်သာ နှစ်သိမ့်ရပါတော့သည်။
“လူထွင်းတဲ့ ခံတွင်းမှ မဟုတ်တာ သားရယ်၊ နတ်ထွင်းတဲ့ ခံတွင်းပါ”
▢ သင်းအောင်သန်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၈
No comments:
Post a Comment