Showing posts with label မင်းတဲမောင်မောင်. Show all posts
Showing posts with label မင်းတဲမောင်မောင်. Show all posts

Thursday, July 25, 2024

တောင်ပီစူးငှက် နှင့် ဠင်းတ


 ❝ တောင်ပီစူးငှက် နှင့် ဠင်းတ ❞


ရှေးရှေးတုန်း က ပါလက်စတိုင်း ဆိုတဲ့ တိုင်းပြည် မှာ စူလေမန် ဆိုတဲ့ ဘုရင်ကြီး တစ်ပါး ရှိ သတဲ့ ။ ဒီ ဘုရင်ကြီး ဟာ သိပ်ပြီး ပညာ ရှိတယ် ။ ငှက်တိရစ္ဆာန် တွေ ရဲ့စကား ၊ သားရဲတိရစ္ဆာန် တွေ ရဲ့ စကား ကို သူ ပြောနေကျ လူ့ စကား အတိုင်း ရေရေလည်လည် ပိုင်ပိုင်နိုင်နိုင်ကြီး ပြောနိုင် သတဲ့ ။ 


တစ်နေ့ တော့ ဒီ ဘုရင်ကြီး ဟာ တိုင်းခန်း လှည့်လည် ထွက်တော် မူတယ် ။ အဲဒီလို တိုင်းခန်း လှည့်လည် ထွက်တော်မူ တော့ သဲကန္တာရကြီး တစ်ခု ကို ရောက်ရော ။ သဲကန္တာရ ဆိုတာ အရိပ်အာဝါသ ကင်း တဲ့ နေရာ ဆိုတော့ ပူပြင်းတာပေါ့ ။


စူလေမန် ဘုရင်ကြီး ဟာ လူ လေးယောက် ထမ်း ရတဲ့ ဝေါယာဉ်ကြီး ပေါ် မှာ ထိုင် နေရ ပေမယ့် ပူပြင်းတဲ့ နေဒဏ် က တော့ ခံရတာပေါ့ ။ နေ မြင့် လေ အပူ ရင့် လေ ဖြစ်လာတော့ ဘုရင်ကြီး ဟာ ခရီး ဆက် မထွက် ချင် လောက် အောင် ဖြစ် သတဲ့ ။ သူ့ ရဲ့ ကျေးကျွန် တွေ က လည်း ရေကြည်တော် ဆက်ကြ ၊ ယပ်တော်များ ခတ်ကြ ပေါ့ကွယ် ။


အဲဒီလို နေတုန်း ဘုရင်ကြီး ဟာ ဝေါယာဉ် ပေါ် က ကောင်းကင် ကို မော့ ကြည့်တဲ့ အခါ ဠင်းတ တစ်အုပ် ဟာ ပျံသန်း နေတာ ကို တွေ့မြင် တော့ ၊ သူ ဟာ သူ့ လူတွေ ကို “ ရပ်ကြစမ်းဟေ့ ” လို့ အမိန့်ပေးပြီး “ ဟေ့ ... ဠင်းတငှက် တွေ ငါ့ နား ကို လာစမ်းကြ ဟေ့ ။ ငါ့ ရဲ့ဝေါယာဉ် ပေါ် က နေပြီး ပူလောင် တဲ့ နေရောင် ကို ကာကွယ် ပေးကြစမ်းကွယ် ” လို့ အော် ပြော သတဲ့ ။


ဠင်းတ တွေ ဟာ ဘုရင်ကြီး ပြောတဲ့ စကား ကို နားလည် ပေမယ့် အလှမ်း မကွာ လှတဲ့ နေရာ မှာ ရှိတဲ့ ကုလားအုပ် တစ်ကောင် ကို မြင်တာ  နဲ့  နား မထောင် ဘဲ ဆက်ပြီး ပျံသန်း သွားကြတယ် ။ 


ဒီတော့ ဘုရင်ကြီး ဟာ စိတ် ဆိုး ပြီး “ ဒီလို လောဘကြီး ပြီး သနားကြင်နာမှု ကင်းမဲ့တဲ့ အကောင် တွေ ငါ့ အား ခဏတာမျှ အကူအညီ မပေးလိုတဲ့ အကောင် တွေ ဒီနေ့ က စပြီး မင်းတို့ ရဲ့ လည်ပင်း က အမွေး တွေ ဟာ နေလောင် ပြီး ပြောင်ပါစေ ။ ရှက်စဖွယ် လည်း ဖြစ်ပါစေ ” လို့ ကျိန်ဆဲ လိုက် သတဲ့ ။


အဲဒီလို ဘုရင်ကြီး ကျိန်ဆဲ လည်း ပြီးရော ဠင်းတ တွေ ရဲ့ လည်ပင်း က အမွေး တွေ ဟာ ပြုတ်ကျကုန် ရော ၊ ယနေ့ ငါတို့ မြင်ရတဲ့ အတိုင်း ပေါ့ကွယ် ။


••••• ••••• •••••


စူလေမန် ဘုရင်ကြီး ဟာ ဠင်းတ တွေ ကျိန်ဆဲ ပြီး ခရီး ဆက် ထွက် လာခဲ့ သတဲ့ ။ နေရောင် ဟာ လည်း ပို မြင့် လာ လေ အပူရှိန် ဟာ လည်း ပို ရင့် လာလေ ပေါ့ ကွယ် ။ 


ဘုရင်ကြီး ဟာ ကောင်းကင်  မော့ ကြည့် ပြန်တော့ တောင်ပီစူး ငှက်ကလေး တစ်အုပ် ပျံလာ တာ ကို မြင်ပြန် သတဲ့ ။ ဒီတော့ “ ဟေ့ ... တောင်ပီစူး ငှက်အလှကလေး တွေ ရေ ... ငါ့ ကို ပူလောင် တဲ့ နေရောင် ကို ကာကွယ် ပေးကြစမ်း ကွယ် ” လို့ အော် ပြောတော့ တောင်ပီစူး ငှက်ကလေး တွေ ဟာ ဘုရင်ကြီး နား လာပြီး “ အို ... ဘုရင်မင်းမြတ် ကျွန်ုပ်တို့ ကိုယ်ခန္ဓာ ဟာ သေးငယ်လှပါတယ် ။ ဒါပေမယ့် အစွမ်းကုန် အတတ်နိုင်ဆုံး ကာကွယ် ပေးပါ့မယ် ” ပြောပြီး ဘုရင်ကြီး ပေါ် က မိုးပြီး လိုက်ကြ သတဲ့ ။


ညနေ နေကလေး စောင်း အပူရှိန် လည်း လျော့ လာတော့ မှ တောင်ပီစူးငှက်ကလေး တွေ ဟာ ဘုရင်ကြီး ထံ ပြန်ခွင့် တောင်းကြ သတဲ့ ။


ဒီတော့ ဘုရင်ကြီး က ဒီလို သူ့ကို ကူညီ တဲ့ အတွက် ကျေးဇူး တင်လွန်း လို့ “ ကဲ ... မပြန် ခင် မင်းတို့ ဟာ ငါ့ ကို ကြင်နာစွာ နေရောင် မှ ကာကွယ် ပေးတဲ့ အတွက် ဘာ ဆုများ အလို ရှိသလဲ လို့ မေးမြန်းတော့ ... ။


တောင်ပီစူးငှက် တွေ ထဲ က ငှက်ဘုရင်ကလေး က “ ကျွန်တော်မျိုး ဘာ ဆုမျှ အလို မရှိပါ ။ ဒီလို ဘုရင်မင်းမြတ် အမှုတော် ထမ်းရတာ ဟာ ပဲ ဆုတော်လာဘ်တော်ကြီး တစ်ခု ပါ ပဲ ” လို့ ပြန် လျှောက်ထား သတဲ့ ။


ဒါပေမယ့် ဘုရင်ကြီး ဟာ အလိုရှိ တဲ့ ဆု ကို တောင်းဖို့ ဇွတ် တိုက်တွန်း နေ ပြန် တော့ ငှက်ဘုရင်ကလေး က ပထမ ပြန်ပြီး သူတို့ ၏ ဇနီးသည်များ နှင့် တိုင်ပင်ပါရစေဦး လို့ လျှောက် ထား ပြန်တော့ “ အေး ... ကောင်းပြီ ပြန်ကြပေတော့ ” လို့ ပြောပြီး လွှတ်လိုက် သတဲ့ ။


တောင်ပီစူး ငှက်ဘုရင်ကလေး ဟာ သူ့ နေရာ ပြန်ပြီး ဖြစ်သမျှ အလုံးစုံ ကို သူ ၏ ဇနီးသည် ကို ပြန် ပြောတော့ သူ ၏ ဇနီးသည် က အတော်အတန်ကြာ စဉ်းစားပြီး မှ “ ရွှေသရဖူ ကလေး ကျွန်ုပ်တို့ ဆင်မြန်း ပေးရန် တောင်းရအောင် ။ တောင်းလို့ ရ ရင်ဖြင့် ငှက်တကာ ထဲ မှာ အလှဆုံး ငှက် ဖြစ်မှာပဲ ” လို့ပြော သတဲ့ ။


ငှက်ဘုရင်ကလေး က လည်း သည် အကြံ ကို သိပ် သဘော မကျဘူး ။ ဒါပေမယ့် ပြောပါများ မယားစကားပါ ဆိုတာ လို သဘော တူ ပြီး စူလေမန် ဘုရင်ကြီး ၏ နန်းတော် ရှိရာ ဆီ ပျံသန်း သွားတယ် ။


နန်းတော် ထဲ ရောက် လို့ ဘုရင်ကြီး ဟာ ငှက်ငယ် ကို မြင် လျှင် မြင်ခြင်း “ ငါ့ ရဲ့ အင်မတန် လှပတဲ့ ငှက်ငယ် ။ ဘာ ဆုများ မင်း သဘောကျ သလဲဟေ့ ” လို့ မေးတော့ ငှက်ငယ် ဟာ ပထမ သူ့ ဇနီးသည် လိုလားတဲ့ ဆု ကို လျှောက်ထားဖို့ ရာ ကြောက် နေ သတဲ့ ။ ဒါပေမယ့် ဘုရင်ကြီး ပြုံးရွှင်တဲ့ မျက်နှာထား သာယာချိုအေးစွာ မေးတဲ့ အတွက် သူ့ ဇနီးသည် လိုလားတဲ့ ဆု ကို လျှောက်ထား သတဲ့ ။


ဒီတော့ စူလေမန် ဘုရင်ကြီး ဟာ “ ဒါ ဟာ မင်း အလိုလားဆုံး ဆုလား ကွယ် ” လို့ မေး တော့ ငှက်ငယ် က လည်း သူ့ ဇနီးသည် အလိုလားဆုံး ဆု ကို သူ တောင်းခံရပါတယ် လို့ လျှောက်ထားတော့ ဘုရင်ကြီး က ကောင်းပြီ ။ ဒီ ဆု ကို ငါပေးမယ် ။ အကယ်၍ မင်း ဒီဆု ကို မလိုချင် တော့ပါဘူး ဆိုတဲ့ အခါ လည်း လာပေါ့ကွယ် ”  လို့ ပြောပြီး ဆု ကို ပြည့်စေလို့ ပေးလိုက် သတဲ့ ။ 


တောင်ပီစူးငှက်ကလေး ဟာ သူ့ နေရာ ဌာန ကို လည်း ပြန် ရောက်ရော ၊ ရွှေသရဖူ ဆောင်း ထားတဲ့ သူ့ ဇနီးသည် ကို ကြည့်ပြီး သဘောကျ နေ သတဲ့ ။ နောက် သူ့ မှာ လည်း ရွှေသရဖူကလေး နဲ့ ဖြစ် နေကြောင်း သိရတယ် ။ အခြား သူ နဲ့ အမျိုးတူ ငှက်တွေ မှာ လည်း ရွှေသရဖူကလေး တွေ နဲ့ ဆိုတာ ကို သိရတော့ “ ဒို့ ဟာ အလှဆုံး ငှက်ကလေး တွေ ဖြစ်နေပြီ ” လို့ တောင် ပြောလိုက် သေး သတဲ့ ။


အဲဒီလို ဝမ်းသာကြတာ ဟာ တစ်ခဏ ပါပဲ ။တစ်နေ့ တော့ ငှက်ဖမ်းသမား တစ်ယောက် ဟာ တောင်ပီစူး ငှက်ငယ် တစ်ကောင် ကို မိ လို့ မြို့ တက် ရောင်းတဲ့ အခါ ရွှေသရဖူ ကြောင့် ငွေ များစွာ ရ သတဲ့ ... ။ ဒီ သတင်း ကို လူတွေ ဟာ ကြား တော့ တောင်ပီစူးငှက်ကလေး တွေ ကို တော တွေ တောင် တွေ ချုံပုတ် တွေ မကျန် လိုက်လံ ရှာဖွေပြီး ဖမ်းယူ သ,တ်ဖြတ်ကြ သတဲ့ ။ 


တောင်ပီစူး ငှက်ကလေး တွေ ဟာ လည်း ရွှေသရဖူ ကြောင့် များစွာပဲ သေဆုံး ကြရတယ် ။


နောက်ဆုံး တော့ တောင်ပီစူးငှက် ဘုရင်ကလေး ဟာ သူ တောင်းတဲ့ ဆု ကြောင့် သူတို့ အမျိုးသား ဒုက္ခ ဖြစ်နေပြီ ။ ဘုရင့် ထံ ပြန် သံတော်ဦး တင် မှ ပဲ ဆိုပြီး နေ့ အခါ လွတ်ရာ ချုံပုတ် တွေ ထဲ ဝင်ပုန်း ။ ည အခါ ပျံသန်းပြီး ခဲယဉ်းစွာ စူလေမန် ဘုရင်ကြီး ရဲ့ နန်းတော် ကို ရောက် သတဲ့ ။ 


စူလေမန် ဘုရင်ကြီး ဟာ လည်း အံ့အားသင့်စွာ နှင့် ပဲ “ ဘယ့်နှယ် ... ငါ့ ရဲ့ အင်မတန် လှပတဲ့ ငှက်ငယ် ဘာကိစ္စ နဲ့ လာပြန်သလဲ ကွယ် ” လို့ မေးတော့ ...


“ မှန်လှပါ အရှင်မင်းမြတ် ။ အရှင်မင်းမြတ် ထံ တောင်းယူ တဲ့ ဆုကြောင့် အားလုံး ဒုက္ခ ရောက် ကုန်ရပါပြီ ။ ဒါကြောင့် ဘုရင်မင်းမြတ် ရဲ့ ဆု ကို ပြန် ယူတော်မူပါဦး ” လို့ လျှောက်တော့ စူလေမန် ဘုရင်ကြီး က “ ဒါဟာ မင်း တောင်းတဲ့ ဆု ထဲ မှာ ပါတဲ့ သရဖူ ကြောင့် မဟုတ်ပါဘူး ။ ရွှေ ကြောင့် ပါ ။ သရဖူ ကို တော့ မင်း တို့ ကို ကျေးဇူး တင်တဲ့ အနေနှင့် ချီးမြှင့် ပါရစေ ယူပါ ။ ဒါပေမယ့် ရွှေ တော့ ယနေ့ က စ မပါဘဲ လှပတဲ့ အမွေးသရဖူ ဖြစ်စေ ” လို့ မိန့်တော် မူလိုက်တယ် ” 


ငှက်ဖမ်းသမား တွေ လည်း တောင်ပီစူး အမောက် မှာ ရွှေ မပါကြောင်း သိတော့ မှ မဖမ်းကြဘူးကွယ် ။ ဒီတော့ မှ တောင်ပီစူးငှက်ကလေး တွေ လည်း အေးချမ်းစွာ နေရ သတဲ့ ။ 


◾မင်းတဲတင်မောင်


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၉ ၊ ဖေဖော်ဝါရီ


#ကိုအောင်နိုင်ဦး


.

Thursday, February 1, 2024

ရှင်ဘုရင် ဖြစ်ချင်တဲ့ သမင်မိုက်


 

❝ ရှင်ဘုရင် ဖြစ်ချင်တဲ့ သမင်မိုက် ❞

ရှေးရှေးတုန်းက တောကြီး တစ်ခု အတွင်း မှာ ရှိတဲ့ ဂူကြီး တစ်ဂူ အတွင်း မှာ မကျန်းမမာ ဖြစ် နေတဲ့ ခြင်္သေ့ကြီး တစ်ကောင် ရှိသတဲ့ ကွယ် ။

အဲဒီ ခြင်္သေ့ကြီး နေတဲ့ ဂူ ရဲ့ အနီး မှာ နေတဲ့ မြေခွေး တစ်ကောင် ဟာ တစ်နေ့ တော့ ခြင်္သေ့ကြီး ရဲ့ ဂူတွင်း ကို ဝင်သွားပြီး ခြင်္သေ့ကြီး ကျန်းခန့်သာလို့ မာပါစ လို့ နှုတ်ခွန်းစကား နဲ့ မေးမြန်း သတဲ့ ။

ဒီတော့ ခြင်္သေ့ကြီး က လည်း သူ ဟာ အားအင် ဆုတ်ယုတ်ပြီး မကျန်းမမာ ဖြစ်နေတဲ့ အကြောင်း တတ်ကျွမ်းတဲ့ သမားတော်များ က သမင်ဦးနှောက်များ စား ပေးရင် အားအင် ပြည့်ဖြိုး ပြီး ကျန်းမာ လာနိုင်တဲ့ အကြောင်း ပြောလို့ သူ့ အား သမင် တစ်ကောင် လောက် ရှာ ပေးဖို့ မြေခွေး ကို ပြော သတဲ့ ။

မြေခွေး က လည်း “ အရှင် ခြင်္သေ့မင်း ကျွန်တော်မျိုး မှာ သမင် ကို ချီယူ လာနိုင် လောက် တဲ့ အားအင် လည်း မရှိပါ ။ သမင် လောက် အပြေး လည်းမမြန်ပါ ” လို့ ခြင်္သေ့ကြီး ကို ပြန် ပြော တော့ ခြင်္သေ့ကြီး က “ မင်း ကို ချီလာဖို့ ၊ ဖမ်းလာဖို့ ပြောတာ မဟုတ်ပါဘူး ။ မင်း ဟာ ကောက်ကျစ် လိမ်ညာ တဲ့ အရာ မှာ အတော်ဆုံး သူ တစ်ယောက် အနေ နဲ့ သမင် တစ်ကောင် ကို ဖျားယောင်းသွေး ဆောင် ခေါ်ခဲ့ဖို့ ပြောတာ ... ” လို့ ပြောတော့ မြေခွေး က လည်း “ ကောင်းပါပြီ အရှင် ... အစွမ်းကုန် ကြိုးစားပါ့မယ် ” လို့ ပြောပြီး ဂူ ထဲ မှ ထွက်လာခဲ့ပါ သတဲ့ ။

မြေခွေး ဟာ ဒီလို ထွက် လာလို့ ခြင်္သေ့ကြီး နေတဲ့ ဂူ နဲ့ အတော် လှမ်း တဲ့ ရေအိုင် တစ်အိုင် နား ရောက်တော့ မြက်ပင်ကလေးတွေ ကို စား နေတဲ့ သမင် တစ်ကောင် တွေ့သတဲ့ ။

မြေခွေး ဟာ သမင် ကို တွေ့တယ် ဆိုရင်ပဲ ... “ ဘယ့်နှယ့် မိတ်ဆွေ သမင်လှ ၊ အခု တလော ဖြစ်နေတဲ့ သတင်း ကို ကြားပါစ ... ” လို့ မေးလိုက် သတဲ့ ။

သမင် က လည်း “ ဘာ သတင်းများ လည်း ငါ့ လူ ။ ငါ တော့ မကြားမိပါလား ... ” လို့ ပြန် ပြောလိုက် သတဲ့ ။ ဒီတော့ မြေခွေး က “ ဒီ တော တစ်ဝိုက် မှာ ဘုရင် တစ်ဆူ စိုးမိုး နေတဲ့ ခြင်္သေ့ကြီး ဟာ မကျန်းမမာ ဖြစ်ပြီး သေဖို့ ဖက် နီး နေပြီ ။ ဒါကြောင့် သူ မသေခင် သူ့ ထီးမွေနန်းမွေ ကို ဆက်ခံဖို့ သင့်တော်တဲ့ သူ ကို ရှာဖွေ နေတာလေ ” လို့ပြန် ပြောလိုက် သတဲ့ ။

သမင် ဟာ မြေခွေး သတင်းစကား ကို ကြား တော့ စိတ်ဝင်စား လာပြီး  “ ဘယ်သူ့များ ခြင်္သေ့ကြီး က သူ ရဲ့ ထီးမွေနန်းမွေ အပ်ဖို့ ရည်ရွယ်သလဲ ” လို့ မြေခွေး ကို ပြန် မေးလိုက်တယ် ။

မြေခွေး က လည်း “ ခြင်္သေ့ကြီး ဟာ ယခု အချိန် မှာ ရွေးချယ် နေတုန်းပဲ ။ ကျား တို့ ၊ ကျားသစ် တို့ ဟာ ရုပ်ဆင်း က တော့ လှပါတယ် ။ ခွန်အား လည်း ပြည့်ပါတယ် ။ ဒါပေမယ့် စိတ်တို လွန်း လို့ ဘုရင် ပညာ နည်းလွန်း လို့ မသင့်တော်ဘူး ။ ဝက်ဝံ ဟာ လည်း ရဲတော့ ရဲရင့်ပါတယ် ။ ဒါပေမယ့် အင်မတန် နှေးကွေး ပြီး အအိပ် မက် လွန်းတော့ လည်း ဟန် မကျဘူး ။ ဒါကြောင့် သမင် တစ်ကောင် သာ သူ့ ရဲ့ ထီးမွေ နန်းမွေ နဲ့ ထိုက်တန်တယ် ။ သမင် ဟာ အပြေး လည်း မြန်တယ် ။ သူ ရဲ့ ချွန်ထက်တဲ့ ဦးချို ဟာ လည်း မြွေဆိုး ကို အပိုင်းပိုင်း ပြတ်အောင် သ,တ်ပစ်နိုင် စွမ်းတယ် ။ ဒါကြောင့် သူ က သမင် ကို ထီးမွေနန်းမွေ ပေးဖို့ ဆုံးဖြတ်တယ် ။ သင် ဟာ ကျုပ် နှင့် အတူ သူ့ ထံ အမြန်လိုက်ခဲ့ပါ... ” လို့ မြှောက်ပင့်တဲ့ စကားလုံးတွေ နဲ့ သမင် ကို ပြောလိုက် သတဲ့ ။

သမင်မိုက် ဟာ လည်း မြေခွေး ရဲ့ လိမ်ညာ တဲ့ စကား ကို ယုံကြည်ပြီး မြေခွေး နဲ့ အတူ ခြင်္သေ့ကြီး ရှိရာ ကို လိုက်သွား သတဲ့ ။

ဂူ ထဲ ဝင်ခါနီး ကျတော့ သမင် ဟာ ကြောက်ရွံ့ နေ သတဲ့ ။ ဒီတော့ မြေခွေး က  “ ကြောက် စရာ မလိုပါဘူး ။ စိုးရိမ်စရာ မရှိပါဘူး... ” လို့ ပြောပြီး ဂူတွင်း ကို ခေါ် သွားတယ် ။

ခြင်္သေ့ ဟာ လည်း အစာ ပြတ် နေတော့ သမင် ကို မြင်လိုက်တယ် ဆိုရင်ပဲ လောဘ တကြီး နဲ့ ခုန် အုပ် လိုက်တာ သမင် ရဲ့ နားရွက် တစ်ဖက် ကို သာ မိလိုက် သတဲ့ ။ သမင် ဟာ လည်း တစ်ခါ ထဲ ဂူ ထဲ က နေပြီး ထွက်ပြေး ပါရောကွယ် ။

ဒီတော့ ခြင်္သေ့ကြီး က  “ ငါ ဟာ အတော် အားအင် ချိနဲ့ နေပါကလား ။ အစ က ဒီလောက် ချိနဲ့ မှန်း မသိဘူး ။ အခုမှ သိရတယ် ။ ဒါပေမယ့် အခွင့် ကောင်း တစ်ခု ဆုံးရှုံးရပြန်ပြီ ” လို့ ညည်းညူ ပြီး မြေခွေး ကို ပြောတယ် ။

မြေခွေး က လည်း  “ စိုးရိမ်နှောင့် လို့ မကြောင့်ကြပါနဲ့ ။ ဒီလောက် အသိဉာဏ် နည်းတဲ့ သမင်မိုက် ကို ကျွန်တော်မျိုး ရအောင် ခေါ်လာနိုင်ပါတယ် ... ”  လို့ ပြောပြီး ဂူ ထဲ မှ တစ်ဖန် ထွက် လာပြန် သတဲ့ ။

မြေခွေး ဟာ လည်း ဟိုကြည့် ဒီရှာ နဲ့ လာ လိုက်တာ လယ်ကွင်း တစ်ခု အနား ရောက် တော့ လယ်ထွန် နေတဲ့ လူ တစ်ယောက် ကို တွေ့ သတဲ့ ။ မြေခွေး ဟာ လယ်ထွန် နေတဲ့ လူ ကို ရိုသေလေးစားစွာ နှုတ်ခွန်း ဆက်ပြီး “ ဒီနား တစ်ဝိုက် မှာ သမင် တစ်ကောင်များ မမြင်လိုက်ဘူး လား ” လို့ မေးတော့...

“ သမင် က အများကြီးပဲ ကွယ် ။ ဘယ်လို သမင် လဲ ” လို့ အဲဒီ လူ က မြေခွေး ကို ပြန် မေး သတဲ့ ။

“ နားရွက် တစ်ဖက် ပြတ် နေတဲ့ သမင်မိုက် လေ ” လို့ မြေခွေး က ပြန်ပြောတော့ ... “ ဟာ ... ဒါဖြင့် အခုနကလေးတင် သူ ဟာ နားရွက်ပြတ် တဲ့ဖက် ကို ရွံ့ ထဲ လူး ပြီး ငို နေ ရှာတယ် ။ ပြီးတော့ ဟောဒီဘက် တော ထဲ ကို ဝင်သွားတယ် ။ သူ့ ဆီ သွား ရင် သတိနဲ့ သွားနော် ” လို့ မြေခွေး ကို ပြောလိုက် သတဲ့ ။

မြေခွေး က လည်း “ ကျေးဇူး တင်ပါတယ် ခင်ဗျာ ... ကျွန်တော် သတိမူပါ့မယ် ” လို့ လယ်ထွန် နေတဲ့ လူ ကို ပြောပြီး သမင် ဝင် သွားတဲ့ တော ထဲ ကို လိုက်သွား သတဲ့ ။

နာကျင်လွန်း လို့ ညည်းတွား ရင်း ဗွက်တွေ နဲ့ နားရွက် ပြတ်တဲ့ နေရာ ကို လူး နေတဲ့ သမင် ကို မြေခွေး ဟာ မြင်လိုက်ရင် ပဲ အတော် လှမ်းတဲ့ တစ်နေရာ က ရပ်ပြီး “ ဘယ့်နှယ် ဘယ်လို ဖြစ်တာလဲ သမင်လှ ရယ် ” လို့ မြေခွေး က ပြောလိုက် သတဲ့ ။

“ ဟေ့ကောင်စုတ် ၊ အယုတ်ကောင် ၊ သွား ... သွား ... မသွားရင် ... မင်း ငါ့ ချိုဖျား မှာ အသက် ပါ သွားမယ် ” လို့ ပြန် ပြော လိုက်တယ် ။

မြေခွေး က လည်း “ ဘယ့်နှယ့် ... ဘယ်လိုလဲဗျာ ” လို့ ဝေ့လည်လည် လုပ်ပြီး ပြန် မေး လိုက် သတဲ့ ။

“ မင်း ဟာ ...ငါ့ ကို သေတွင်း ထဲ ခေါ်သွားပြီး မင်း က မသိချင်ယောင် ဆောင် မေးရသေး သလားကွာ ” လို့ ပြောတော့ ...

“ မဟုတ်တရုတ် ဗျာ ။ အဲဒါ ခင်ဗျား မှားတာပဲ ။ ကျွန်တော် ဟာ ဒီလို သဘော နဲ့ ဒီလို အနာတရ ဖြစ်စေလိုတဲ့ စေတနာ နဲ့ ခေါ်တာ မဟုတ်ပါဘူး ။ ခြင်္သေ့ကြီး ဟာ လည်း ခင်ဗျား ကို ဒီလို အနာတရ ဖြစ်အောင် လုပ်တာ မဟုတ်ပါဘူး ။ သူ က ခင်ဗျား ကို စေတနာ ရှိလွန်း လို့ ကျွန်တော် မကြားစေ ချင်တဲ့ လျှို့ဝှက် စကားတွေ ပြောချင်လွန်း လို့ ခင်ဗျား ဆီ အလောတကြီး အလာ မှာ ဒီလို မတော်တဆ ထိခိုက်မိခြင်း ဖြစ်ပါတယ် ။ ခြင်္သေ့ကြီး ဟာ လည်း အတော်ပဲ စိတ် မကောင်း ဖြစ်နေပါတယ် ။ ခင်ဗျား လည်း သူ့ ကို အထင် လွဲပြီး လာ မှာ မဟုတ်တဲ့ အတူ ဝံပုလွေ ကို လည်း သူ့ ထီးမွေနန်းမွေ ပေးဖို့ တောင် ပြောနေပါတယ် ” လို့ မြေခွေး က သမင် ကို ထပ် ပြောလိုက် သတဲ့ ။

ဒီတော့ သမင်မိုက် ဟာ “ အဟုတ်ပဲလားကွာ ” လို့ မြေခွေး ကို ထပ်ပြီး မေးပြန် သတဲ့ ။ မြေခွေး က လည်း “ အဟုတ်ပါ ခင်ဗျာ ။ဒီ ထီးမွေနန်းမွေ ဟာ ခင်ဗျား နဲ့ ပဲ ထိုက်တန်တယ် ခင်ဗျ ။ မယူဘူး ဆိုမှ ဝံပုလွေ ကို သာ ပေးရမည် ဖြစ်ကြောင်း ကို လည်း ပြောပါသေးတယ် ။ ဒါကြောင့် ဝံပုလွေ မရောက်ခင် ကျွန်တော်တို့ သွားကြပါစို့ ” လို့ ပြောလိုက် ရင် ပဲ သမင်မိုက် ဟာ မြေခွေး စကား ကို ယုံစားပြီး မြေခွေး နဲ့ အတူ ခြင်္သေ့ကြီး ထံ တစ်ဖန် သွားပြန် သတဲ့ ကွယ် ။

ဒီ တစ်ခါ တော့ ခြင်္သေ့ကြီး ဟာ အရင် က လို မပိုင်တပိုင် နဲ့ မစီးဘူး ။ ပိုင်လောက် မှ စီးမယ် ဆိုတဲ့ အကြံ နဲ့ မြေခွေး နဲ့ သမင်မိုက် လာ တာ မြင်လိုက်ရင် ပဲ “ ဟေ့ ... ဘယ်သူလဲဟေ့ ” လို့ အော် မေး လိုက်တော့ … မြေခွေး က  “ အရှင့် ကျွန်ယုံတော်ကြီး ပါ ” လို့ ပြန် ပြော လိုက်တယ် ။ “ နောက်က ဘယ်သူလဲ ” လို့ မေးတော့ “ အရှင် ထီးမွေနန်းမွေ ပေးအပ်လိုတဲ့ သမင်လှ ပါ ” လို့ ထပ် ပြောလိုက် သတဲ့ ။

ဒီတော့ ခြင်္သေ့ကြီး က “ လာကြဟေ့ ... လာကြ သမင်လှကလေး ရေ ... ဒီနား ကို တိုး ခဲ့ပါကွယ် ။ ငါ ဟာ မျက်စိ လည်း မှုန်တယ် ။ နား လည်း တယ် မကြားဘူး ။ မင်း ကို လည်း တိုးတိုးတိတ်တိတ် မှာစရာတွေ ရှိနေပါတယ် ” လို့ သမင်မိုက် ကို ပြောလိုက် ရင် ပဲ သမင်မိုက် ဟာ ခြင်္သေ့ကြီး အနား တိုးသွား ရှာ သတဲ့ ။

ဒီအခါ ကျ မှ ခြင်္သေ့ကြီး ဟာ သမင်မိုက် ကို တစ်ခါထဲ အပိုင် ဖမ်းပြီး အသားတွေ ဆုတ်ဖြဲ ပြီး စားလိုက် သတဲ့ ။

ခြင်္သေ့ကြီး က သမင် ရဲ့ အသားတွေ စား နေတုန်း မြေခွေး က လည်း သမင်ခေါင်း မှာ ရှိတဲ့ ဦးနှောက်တွေ ခိုးပြီး ဖောက်စား လိုက် သတဲ့ ။

ခြင်္သေ့ကြီး လည်း အသားတွေ စား လို့ ကုန်ခါနီး ကျ တော့ “ ဟေ့ ... ဦးနှောက် ကို မတွေ့ပါကလား ” လို့ မြေခွေး ကို မေးတော့ မြေခွေး က “ မှန်လှပါ ဒီ သမင် ဟာ ဦးနှောက် သာ ရှိခဲ့ ရင် ဒီကို နှစ်ခါ မလာပါဘူး ဘုရား ” လို့ ပြန် ပြောလိုက် သတဲ့ ကွယ် ။

ဒီ ပုံပြင် နားထောင် ပြီး လို့ ဒီ ပုံပြင် ထဲ က သင်ခန်းစာ ယူစရာ က တော့ တစ်ခါ အလိမ် ခံရ ရင် လိမ်သူ အပြစ် ၊ နှစ်ခါ  အလိမ် ခံရရင် အလိမ် ခံရသူဟာ ဦးနှောက် မရှိတဲ့ သမင် လို ပေါ့ကွယ် ။ သူ့ အပြစ် ပဲ ။

◾မင်းတဲမောင်မောင်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၉ ၊ မေလ

#ကိုအောင်နိုင်ဦး

.